Chapter 1

အပိုင်း ၁ (နန်းကျဧကရီ)
“ကွာရှင်းပြတ်စဲမှုကို သဘောတူလက်ခံပါတယ်။”
‘ငါ့စကား ထွက်သွားတဲ့အခိုက်အတန့်မှာ အဲ့ဒီမိန်းမရဲ့ နှုတ်ခမ်းတွေပင့်ပြီး ခပ်ရေးရေးပြုံးသွားတာကို သတိထားမိလိုက်တာ ငါတစ်ယောက်တည်းလား။’
ဆိုဗီရ်ရှုက စိတ်သက်သာရာရမှုတစ်ဝက်၊ အားနာမှုတစ်ဝက်ပါသည့် မျက်နှာမျိုးဖြင့် ကျွန်မကို ငုံ့စိုက်ကြည့်လာသည်။ ဟန်ဆောင်နေခြင်းလည်းဖြစ်နိုင်သလို၊ တကယ့်စိတ်ရင်းလည်း ဖြစ်နိုင်၏။
ယခုအချိန်အထိတိုင်အောင် ကျွန်မက လက်တွဲဖော်ကောင်းတစ်ယောက်၊ ပြီးပြည့်စုံသော ဧကရီတစ်ပါး ဖြစ်ခဲ့သည်။ ဆိုဗီရ်ရှု ‘သူ့’ ကို ခေါ်လာပြီးသည့်နောက်တွင် ကျွန်မတို့၏ ဆက်ဆံရေးက ဝေးကွာလာခဲ့သော်လည်း ယင်းအချိန်မတိုင်မီက တစ်ခါမှ ရန်ဖြစ်စကားများဖူးခြင်းမရှိခဲ့။ ဆိုဗီရ်ရှုက အချစ်အတွက် ကျွန်မကို ဘေးပို့စွန့်ပစ်ခဲ့သော်လည်း အဆုံးထက်ထိတိုင် ယောက်ျားကောင်းတစ်ယောက်၊ ဧကရာဇ်ကောင်းတစ်ယောက်အဖြစ် ဆက်ပြီးရှိသွားလိုသည်။
သူက ကျွန်မ၊ ကျွန်မ၏မိသားစုနှင့် ကျွန်မတို့၏ လက်ထပ်ထိမ်းမြားမှုကို ခွင့်ပြုပေးခဲ့သော ဘုရားကျောင်းက ဧကရီအရိုက်အရာမှ ဖယ်ပေးရန် ငြင်းဆန်ပြီး ခေါင်းမာနေမည်ကို အလိုမရှိသလို၊ အကျည်းတန်သည့် ကွာရှင်းမှုတရားခွင်ကိုလည်း မလုပ်လိုပေ။ ဆိုဗီရ်ရှုကား ထိုသို့သောယောက်ျား၊ ထိုသို့သောဧကရာဇ်ပင်။
“ဧကရီအရှင်မ။ အဓိပ္ပာယ်မရှိပါဘူး။”
ဖာရ်အန်း မားကီးစ်က ဒေါသတကြီး အော်ဟစ်ကာ ကျွန်မဆီသို့ ပြေးလာရန် ကြိုးပမ်းခဲ့သည်။ သို့သော် ဧကရာဇ်၏ တော်ဝင်သက်တော်စောင့်များက မြန်မြန်ဝိုင်းချုပ်လိုက်ကြသဖြင့် ခြေလှမ်းအနည်းငယ်အပြင် ပိုမလှမ်းနိုင်ခဲ့ချေ။
ဖာရ်အန်း မားကီးစ်၊ အယ်လီဇာ နယ်စားကတော်၊ ကျွန်မကို ကာကွယ်ပေးခဲ့သော ဒုတိယတပ်မှူး အာရ်တီနာ။ အားလုံးက ကျွန်မအတွက် ကျေးဇူးတင်ရသောလူများပင်။ ကျွန်မ နောက်ဆုံးတစ်ခေါက် သူတို့ကို ကျေးဇူးတင်စိတ်အပြည့်ပါသော အကြည့်ဖြင့်ကြည့်ပြီးသည့်နောက် ဂိုဏ်းချုပ်ဘုန်းတော်ကြီးဆီသို့ ခေါင်းပြန်လှည့်လိုက်သည်။
“ဧကရီ နာဗီရယ်။ တကယ်ပဲ ဟောဒီ ကွာရှင်းစာချုပ်ကို ဘာကန့်ကွက်မှုမှမရှိဘဲ သဘောတူပါသလား။”
ဂိုဏ်းချုပ်ဘုန်းတော်ကြီးက အနည်းငယ် ဒေါသစွက်သောမျက်နှာဖြင့် မေးခဲ့သည်။ သူက ကျွန်မကို ပြန်လည်တိုက်ခိုက်စေချင်၏။ လုံးဝ မကွာရှင်းနိုင်ဘူးဟုပြောပြီး၊ ကျွန်မက ဘာကြောင့် ကွာရှင်းရမှာလဲဟုမေးကာ အမှုကို တရားခွင်အထိ တက်စေလိုသည်။
တရားခွင်တွင် ဧကရာဇ်ကို အနိုင်ရနိုင်ခြေက သုညသာ။ သို့သော် တရားရင်ဆိုင်နေစဉ် နှစ်အနည်းငယ်အတွင်း ပြည်သူများက သတင်းကြားကာ ဧကရာဇ်နှင့် သူ၏ အပျော်မယားကို လက်ညှိုးထိုး ရှုတ်ချကြပေလိမ့်မည်။ ဂိုဏ်းချုပ်ဘုန်းတော်ကြီးနှင့် ကျွန်မ၏ မိသားစု၊ ကျွန်မမိတ်ဆွေများ လိုချင်ကြသည်က ထိုအရာပင်။
ကျွန်မ ခေါင်းခါလိုက်သည်။ ကွာရှင်းပြတ်စဲဖို့ တရားရုံးတက်မည်ဆိုလျှင် ဆိုဗီရ်ရှု၏ ဂုဏ်သတင်း ပျက်စီးနိုင်ပေသည်။ သို့သော် ကျွန်မ၏နာမည်လည်း စွန်းထင်ပေလိမ့်မည်။ ကျွန်မက စာရိတ္တပိုင်းအရ ပြစ်ချက်ရှိမည်မဟုတ်သော်လည်း ထိုသို့သော အရှုပ်အထွေးထဲတွင် နှောင်တွယ်ရစ်ငင်ရင်း ကျွန်မ အမှန်တကယ် လိုချင်သည့်အရာကို တောင်းဆိုနိုင်လိမ့်မည်မဟုတ်ပေ။
“ကွာရှင်းပြတ်စဲမှုကို လက်ခံပါမယ်။”
ပြတ်ပြတ်သားသား ပြန်ဖြေလိုက်တော့ ဂိုဏ်းချုပ်ဘုန်းတော်ကြီးက မျက်လုံးကို တင်းတင်းမှိတ်လိုက်သည်။ သနားကရုဏာသက်သော သက်ပြင်းချသံများ တစ်ခန်းလုံးညံ့သွားတော့၏။
“ပြီးတော့ နောက်အိမ်ထောင်ပြုဖို့ ခွင့်ပြုချက်တောင်းခံပါတယ်။”
ဂိုဏ်းချုပ်ဘုန်းတော်ကြီး မျက်လုံးပြူးသွားကာ တစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။ အားလုံး တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဖလှယ်ကုန်တော့၏။ သူတို့မျက်နှာများတွင် ကြားလိုက်ရတာ ဟုတ်မှဟုတ်ရဲ့လားဟူသော မရေရာမှုတို့ကအပြည့်။ ဆိုဗီရ်ရှုဘေး၌ရပ်နေသော မိန်းမတောင်မှ မှင်တက်သွားသည့်မျက်နှာထားမျိုးနှင့်ရှိနေသည်။
ဆိုဗီရ်ရှုဆိုလျှင် မပြောပါနဲ့တော့။ သူက မျက်မှောင်ကြီးကြုတ်ကာ ကျွန်မကို ထူးဆန်းသလို ငေးကြည့်နေသည်။ ဂိုဏ်းချုပ်ဘုန်းတော်ကြီးက ကြောင်အမ်းအမ်းဖြင့်ပင် မေးခဲ့၏။
“ဧကရီ နာဗီရယ်။ နောက်အိမ်ထောင်ပြုမယ်ဆိုတော့….”
ကျွန်မက ပြန်မဖြေဘဲ တစ်နေရာသို့ လက်ညှိုးညွှန်ပြလိုက်သည်။ ဤအခိုက်အတန့်ကိုပဲ စောင့်နေသည့်အလား ကျောက်မျက်ရတနာများသီကာ အလှဆင်ထားသည့် လိုက်ကာအနောက်တွင် ရပ်နေသောလူက ရွှင်မြူးစွာတစ်ချက်ရယ်ပြီး ထွက်လာသည်။ သူ့မျက်နှာတွင် မျက်နှာလွှားဇာပဝါအကြည်တစ်ထည် လွှားထား၏။
“အခု ထွက်လာလို့ ရပြီလား။”
တိတ်ဆိတ်မှု ပြိုကွဲသွားပြီး တီးတိုးတီးတိုးပြောသံများက အစားထိုးနေရာယူသွားတော့သည်။ ထိုလူက လိုက်ကာကိုဖယ်၊ အရှေ့ကိုလျှောက်လာကာ ကျွန်မနံဘေးတွင် ရပ်လိုက်၏။ သူ မျက်နှာလွှားဇာပဝါကို ဖယ်ရှားလိုက်ချိန်တွင် ယခုအချိန်အထိ ကြည့်ရုံသာကြည့်နေခဲ့သော ဆိုဗီရ်ရှုတစ်ယောက် ရုတ်တရက် ဝုန်းခနဲ ထရပ်တော့သည်။
“နာဗီရယ်။ အဲ့ဒီလူက…”
“နောက်အိမ်ထောင်ပြုမဲ့လူပါ။”
ဂိုဏ်းချုပ်ဘုန်းတော်ကြီး၏မျက်နှာက လုံးဝဖျော့တော့သွား၏။ ကျွန်မက ပြုံးပြုံးလေးနှင့် ကျွန်မဘေးတွင်ရပ်နေသည့်လူကို လှည့်ကြည့်လိုက်သည်။ သူက ‘ဘာပဲဖြစ်ဖြစ် ဒီလိုတုံ့ပြန်မှုကို မျှော်လင့်ထားပြီးသားမဟုတ်လား’ ဟူသော မျက်နှာထားနှင့် ပခုံးတွန့်ပြ၏။ ဘာကြောင့်မှန်းမသိ ကျေနပ်ဝမ်းသာမှုကို ခံစားလိုက်ရသည်။ လက်စားချေလို၍ ဆောင်ရွက်ခဲ့သည့်ကိစ္စ မဟုတ်သော်ငြားလည်း….
~~~~~
ကျွန်မ ဆင်းသက်လာရာ ထရိုဗီအိမ်တော်ကား ယခင်ကတည်းက ဧကရီပေါင်းမြောက်မြားစွာကို မွေးထုတ်ပေးခဲ့သည့် အိမ်တော်ဖြစ်ပေသည်။ ဧကရာဇ်နှင့် မှူးမတ်မျိုးနွယ်များကြားတွင် နိုင်ငံရေးအရ အကျိုးတူ ထိမ်းမြားလက်ဆက်မှုများ လုပ်ကြလေ့ရှိ၏။ ထိမ်းမြားလက်ထပ်မှုကို နိုင်ငံရေးအရလုပ်ကာ ချစ်ရေးချစ်ရာကို အပျော်မယားနှင့်လုပ်ခြင်းက သူတို့၏ ဘဝနေထိုင်နည်းဖြစ်ပြီး မှူးမတ်မျိုးနွယ်ယောက်ျားဖြစ်စေ၊ မှူးမတ်မျိုးနွယ်မိန်းမဖြစ်စေ ချစ်သူထားတတ်ကြသည်မှာ သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုပင်။
ယခင်ဧကရာဇ် တတိယမြောက် အိုစစ္စသည်လည်း အိမ်ရှေ့စံအတွက် နိုင်ငံရေးအရ လက်တွဲဖော်ကို စောစောစီးစီးရှာဖွေခဲ့ပြီး ရွေးချယ်ခြင်းခံခဲ့ရသူကား ကျွန်မပင်ဖြစ်သည်။ ငယ်ငယ်ကတည်းကပင် ကျွန်မက ယခင်ဧကရီနောက်လိုက်ကာ ဧကရီတစ်ပါး၏ တာဝန်ဝတ္တရားများနှင့်ပတ်သက်ပြီး လေ့ကျင့်သင်ကြားပေးခြင်းကို ခံယူခဲ့ရသည်။ နန်းတွင်းထုံးတမ်းယဉ်ကျေးမှုများကိုလည်း အကြိတ်အနယ် သင်ယူခဲ့ရ၏။
တော်သေး၍ အိမ်ရှေ့စံ ဆိုဗီရ်ရှုနှင့် ကျွန်မက အင်မတန် တည့်တည့်ရှုရှုရှိပေသည်။ ကျွန်မတို့က သူငယ်ချင်းလို ပေါင်းသင်းဆက်ဆံ၍ရ၏။ တစ်ယောက်ကိုတစ်ယောက် ချစ်သူအဖြစ် တစ်ခါမှ သဘောမထားဖူးသော်လည်း ဒီလောက်အတိုင်းအတာဆိုလျှင် မဆိုးဘူးဟု ပြောရမည်လား။ နိုင်ငံရေးအရ ထိမ်းမြားလက်ထပ်မှုတွင် နှစ်ယောက်သား တစ်ယောက်ဆံပင်တစ်ယောက်ဆွဲပြီး ရန်ဖြစ်နေကြလျှင်တောင်မှ နှစ်ဖက်မိသားစုက စေခိုင်းလာပြီဆိုလျှင် ဟန်ဆောင်အပြုံးများ အားတင်းပြုံးကာ မင်္ဂလာလျှောက်လမ်းထက်၌လည်း လျှောက်ရပေသည်။
ထိုသို့ကြည့်လျှင် တူသည့်အရာတော်တော်များသော ကျွန်မနှင့် ဆိုဗီရ်ရှုက ကံကောင်းသည်ဟု ပြောရပေမည်။ မှူးမတ်များက ကျွန်မတို့ကို ‘နိုက်တင်ဂေးလ်ငှက်ငယ်မောင်နှံလေးလိုပဲ’ ဟုပြောကာ နှစ်သက်အားကျကြသည်။ ကျွန်မက ဆိုဗီရ်ရှုနှင့်အတူ စားပွဲတွင် ခေါင်းချင်းဆိုင်ကာ နောင်တစ်ခေတ်တွင် ကျွန်မတို့ ဖန်တီးတည်ဆောက်သွားမည့် တိုင်းပြည်အကြောင်း ဆွေးနွေးကြလေ့ရှိ၏။
ထီးနန်းအရိုက်အရာစွန့်သွားသည့် ယခင်ဧကရာဇ်က ဆိုဗီရ်ရှုကို ထီးနန်းလွှဲပြောင်းအပ်နှင်းပြီး တရားဝင်နန်းတက်ပွဲ ကျင်းပပြီးသွားသည့်နောက်တွင်လည်း ကျွန်မတို့၏ ဆက်ဆံရေးက တော်တော်လေး ကောင်းခဲ့သည်။ သုံးနှစ်တာလောက်….
~~~~~
နှစ်သစ်ကူးပွဲတော်အတွက် စီစဉ်ရင်း မအားရသဖြင့် အထူးတလည် ပင်ပန်းရသည့်နေ့ပင်။ တစ်နေ့လုံး အမျိုးမျိုးသော ကိစ္စရပ်များကို တာဝန်ရှိသူများနှင့် ဆွေးနွေးပြီးသည့်နောက် အိပ်ခန်းဆောင်သို့ ပြန်လာခဲ့သော်လည်း ရံရွေတော်များ၏ မျက်နှာထားက မကောင်းလှချေ။
“ဘာများဖြစ်လို့လဲ။”
စိုးရိမ်တကြီး မေးလိုက်တော့ ရံရွေတော်များက အင်မတန် စူးရှသောအသံများဖြင့် ပြန်ဖြေကြသည်။
“အရှင်ဧကရာဇ်က အမဲလိုက်ထွက်သွားပြီး ညစ်တိညစ်ပတ် မိန်းမတစ်ယောက်ကို ခေါ်လာပါတယ်။”
“တော်တော်သဘောကျလို့ထင်ပါရဲ့၊ ကျွန်မတို့ကိုခေါ်ပြီး အဲ့ဒီညစ်စုတ်စုတ်ဟာလေးကို ရေချိုးသန့်စင်ပေးဖို့ အမိန့်ပေးတယ်ဆိုတော့လေ။”
ရံရွေတော်အားလုံးက အဆင့်အတန်းမြင့်သည့် အိမ်တော်များမှ လာကြသူများဖြစ်သည်။ သူတို့ ရေကိုင်ရသည့်အချိန်ကား ကျွန်မကို ကူညီပေးရသည့်အချိန်တစ်ခုတည်းသာ။ မိမိနေအိမ်တွင် ရေးချိုးခြင်းအမှုကို ကိုယ်တိုင်ဆောင်ရွက်ခြင်းမရှိသည့် အမျိုးသမီးများဖြစ်ကြသောကြောင့် ဤသည်က သူတို့အတွက် ရုတ်တရက်ဆန်နေပေလိမ့်မည်။
သို့သော် ထူးဆန်း၏။ ဆိုဗီရ်ရှုက သူတို့၏ မာနကို လူတကာထက်ပို၍ ကောင်းကောင်းသိနေသူပင်။ သို့သော် အမဲလိုက်ထွက်ရာမှအပြန်တွင် ခေါ်လာသော မိန်းမကို ရေချိုးပေးဖို့ သူတို့ကို ခိုင်းသတဲ့လား။
“ဘယ်လိုမိန်းမမျိုးလဲ။”
“ရာဇဝတ်သားလား၊ ကျွန်လား မသိပါဘူး။”
“ခြေထောက်က ထောင်ချောက်မှာ မိနေတာပါ။”
“ခြေထောက်လား။”
“ဟုတ်ပါတယ်။ ထောက်ချောက်မိပြီး လဲနေတာကို အရှင်ဧကရာဇ်ကတွေ့ပြီး ကယ်ခဲ့တာဆိုပေမဲ့…”
ရံရွေတော်များက စကားတစ်ဝက်တစ်ပျက်နှင့် ရပ်သွားကြကာ သူတို့အချင်းချင်း အကြည့်ချင်းဖလှယ်နေကြသည်။ ထပ်ပြောချင်တာ ရှိသေးသော်လည်း ကျွန်မအရှေ့တွင်ပြောရမည်ကို တွန့်ဆုတ်နေကြသည့်ပုံပင်။
“ကိစ္စမရှိဘူး။ ပြောပါဦး။”
တိုက်တွန်းလိုက်တော့ အတွန့်တွန့်အဆုတ်ဆုတ်နှင့် တစ်ယောက်က ပြောလာခဲ့သည်။
“ညစ်တိညစ်စုတ်ဆိုပေမဲ့ ရုပ်က ဘောင်ဝင်တန်းဝင်ပါ။ ရေမချိုးပေးခင်က ထင်တော့ထင်ခဲ့ပေမဲ့ ရေလည်းချိုးပြီးသွားရော တကယ် လှလွန်းပါတယ်။”
“မှူးမတ်ကတော်တွေထဲမှာ အလှဆုံးဆိုတဲ့ တူအာနီယာ မြို့စားကတော်နဲ့တောင် ယှဉ်နိုင်လောက်တဲ့အထိပါပဲ။”
ကျွန်မ စိတ်များခုသွားမလား စိုးရိမ်ပြီး ရံရွေတော်များက တစ်ပြိုင်တည်း ဝိုင်းပြီးဖြည့်ပြောကြပြန်သည်။
“ကျိန်းသေပေါက် ဧကရီအရှင်မကိုတော့ ယှဉ်နိုင်စရာမရှိဘူးပေါ့။”
ကျွန်မ၏ မျက်နှာက တော်တော်လှသည့်အထဲပါသည်။ သို့သော် ငယ်ငယ်က အိမ်ရှေ့စံကြင်ရာတော်အဖြစ်၊ ထို့နောက်တွင် ဧကရီအဖြစ် နေထိုင်လာခဲ့သော ကျွန်မ၏ ရုပ်ရည်ကို အားလုံးက ပိုပိုကဲကဲ အကဲဖြတ်ကြလေ့ရှိသည်။ ထို့ကြောင့် ကိုယ့်အလှကိုယ် အရှိအရှိအတိုင်း အကဲဖြတ်ရန်ခက်လှ၏။
ထို့ကြောင့် ကျွန်မကိုဖယ်ပြီး ပြောကြစတမ်းဆိုလျှင် တူအာနီယာ မြို့စားကတော်က လက်ရှိ အထက်တန်းလွှာအသိုင်းအဝိုင်းတွင် အထင်ရှားဆုံး အချောအလှတစ်ဦးပင်။ လူမှုရေးအသိုင်းအဝိုင်းတွင် စတင်ပွဲဦးထွက်သည့် အသက် ဆယ့်ခုနစ်နှစ်ကတည်းကစ၍ ယခု အသက်လေးဆယ်အရွယ်သို့ရောက်သည့်တိုင် သူက မှူးမတ်အသိုင်းအဝိုင်း၏ လိပ်ပြာလေးဖြစ်ပေသည်။
‘ဒါပေမဲ့ တူအာနီယာ မြို့စားကတော်နှင့် ယှဉ်နိုင်လောက်တဲ့ အတိုင်းအတာအထိတဲ့လား။ အဲ့ဒါကလည်း ဒီလို မာနကြီးကြီး မှူးမတ်အမျိုးသမီးတွေကိုယ်တိုင် ပြောနေကြတာလေ။’
ဆိုဗီရ်ရှု အမဲလိုက်ကွင်းမှခေါ်လာသော မိန်းမက တော်တော်လှသည့် မိန်းမလှတစ်ယောက်ဖြစ်မည့်ပုံပင်။ သို့သော် လှရုံတစ်ခုတည်းနှင့်တော့ ရံရွေတော်များက ဤမျှလောက် အရိပ်အကဲကြည့်နေကြလိမ့်မည်မဟုတ်ပေ။
“အဆင်ပြေတာမို့လို့ အကုန်ပြောပြပါ။ ထပ်ပြီးပြောစရာတွေ ရှိဦးမဲ့ပုံပဲဆိုတော့။”
တစ်ခါထပ်မေးလိုက်တော့ နောက်ဆုံးတွင် ရံရွေတော်တစ်ယောက်က သတ္တိမွေးပြီး အကုန်ပြောပြလေတော့သည်။
~~~~~
Miel’s Translations