Chapter 2

အပိုင်း ၂ (နန်းကျဧကရီ)
“တကယ်တော့…အရှင်ဧကရာဇ်က အဲ့ဒီမိန်းမကို တော်တော်လေး သဘောကျနေတဲ့ပုံပါပဲ။”
ပါးစပ်မှထုတ်ပြောရုံနှင့်ပင် တုန်လှုပ်စရာကောင်းသည့်အလား သူ့မျက်နှာပါ သွေးဆုတ်လာသည်။
“အရှင်ဧကရာဇ်ကလား။”
“ရေချိုးသန့်စင်လို့ပြီးသွားတော့ ကျွန်မတို့က သူ့နဲ့တော်မဲ့ ရံရွေတော်တစ်ယောက်ရဲ့အဝတ်ကို ဆင်ပေးလိုက်ပေမဲ့ အရှင်ဧကရာဇ်က သူ့ကိုလည်းတွေ့ရော မှင်တက်သွားပြီး ဘာဖြစ်လို့ ဒဏ်ရာရတာလဲ၊ ဘာဖြစ်လို့ ဒီလောက်ပိန်နေရတာလဲ၊ မျက်နှာအရောင်အသွေးလည်းမကောင်းဘူးဆိုပြီး….”
“အဲ့ဒီလောက်ကတော့ ဒီအတိုင်း ပြောလို့ရတဲ့စကားပဲမဟုတ်ဘူးလား။”
ကျွန်မစကားကြောင့် ရံရွေတော်များက အကျပ်ရိုက်သွားသလို အကြည့်ချင်းဖလှယ်လိုက်ကြသည်။
“ဧကရီအရှင်မက အရွယ်ရောက်ပြီးတာ ဘယ်လောက်မှမကြာသေးဘဲ သမီးရည်းစားကလည်း မထားဘူးတော့ ကောင်းကောင်းသိလောက်မှာမဟုတ်ပေမဲ့…”
“ထူးခြားတဲ့ မသိမသာအရိပ်အယောင်တို့၊ အငွေ့အသက်တို့ဆိုတာ ရှိပါတယ်၊ ဧကရီအရှင်မ။”
“ကျွန်မတို့က ဧကရီအရှင်မဘက်ကမဟုတ်လားရှင့်။ အခုချက်ချင်းတော့ ကြားရတာ နားဝင်မချိုစရာဖြစ်နေမယ်ဆိုရင်တောင် ပြောပြထားတာ ကောင်းမယ်လို့ထင်ပါတယ်။”
“ကျွန်မတို့ ပူပန်နေတာတွေက အလကားအခြေအမြစ်မရှိတဲ့အရာ ဖြစ်ခဲ့မယ်ဆိုရင်တော့ တကယ် တော်သေးတာပေါ့။”
ရံရွေတော်များထဲတွင် ကျွန်မနှင့်ရွယ်တူဟူ၍ နန်းတွင်းထုံးတမ်းယဉ်ကျေးမှုများကို လေ့လာရန်အတွက် နန်းတော်ထဲတွင် အမှုထမ်းနေသော လေဒီ လော်ရာတစ်ယောက်တည်းသာရှိပြီး ကျန်သည့်သူအားလုံးက ကျွန်မထက် အသက်ကြီးသူများဖြစ်သည်။ ကျိန်းသေပေါက် လူများကြားမှ ပြဿနာများနှင့် ပတ်သက်လာလျှင် သူတို့၏ အမြော်အမြင်က ကျွန်မထက် အများကြီးပို၍ သာလွန်ပေမည်။
“အဲ့ဒီလိုကိုး…”
ကျွန်မ စိတ်ကျဉ်းကျပ်စွာ တီးတိုးမသဲမကွဲပြောလိုက်သည်။ သူတို့၏ အကြံပြုချက်က အမှန်ဖြစ်နေပြီး ဧကရာဇ်က တကယ်ပဲ သူခေါ်လာသည့် သားကောင်လှလှလေးအပေါ် စိတ်ဝင်စားမှုရှိနေသည်ဆိုလျှင် ကျွန်မ ဘယ်လိုလုပ်သင့်သလဲ။ ဧကရာဇ်၏ အိပ်ခန်းဆောင်ထဲသို့သွားပြီး သားကောင်ကို လက်လွှဲခိုင်းရမည်လား၊ မဟုတ်လျှင် အဝေးပို့ဖို့ အမိန့်ပေးလိုက်ရမည်လား၊ ထိုသို့မှမဟုတ်သေးလျှင် နန်းတော်ထဲတွင်ပဲ အလုပ်ခိုင်းရမည်လား။ မည်သို့တုံ့ပြန်ရမည်ကို တစ်ချက် တွေးရကျပ်သွား၏။
ရံရွေတော်မှူး အယ်လီဇာ နယ်စားကတော်က သတိထားပြီး မေးခဲ့သည်။
“ကျွန်မတို့ဆီကနေ ဒဏ်ရာရထားတဲ့မိန်းမကို ခေါ်လာတဲ့အကြောင်းကြားတယ်ဆိုပြီး တစ်ခါလောက် ဘာရယ်မဟုတ်သလို မေးကြည့်မယ်ဆိုရင်ရော။”
အားလုံးက အဲ့ဒါကောင်းတယ်ဟုဆိုကာ တစ်ခါလောက် ကြုံကြိုက်၍မေးသလိုမျိုး အဲ့ဒီမိန်းမအကြောင်း မေးကြည့်ပါလားဟု ပြောကြသည်။
“ဒီအတိုင်း တော်ဝင်နန်းတော်မှာ အစေခံမိန်းကလေးအဖြစ်ထားဖို့ စီစဉ်ထားတယ်ဆိုရင်တော့ ကိစ္စမရှိပေမဲ့…”
“အကယ်၍များဆိုတာအတွက်ပါ။”
ကျွန်မလည်း ခေါင်းညိတ်ပြီး ဘာမှအထွေအထူးမဟုတ်သလို ပြုံးလိုက်သည်။
“အဲ့ဒီလိုလုပ်လိုက်မယ်။ အားလုံးကျေးဇူးပဲနော်။ အရှင်ဧကရာဇ်က ကရုဏာတရားကြီးမားတဲ့ပုဂ္ဂိုလ်ဆိုတော့ ဒီအတိုင်း သနားလို့ ခေါ်လာခဲ့တာနေမှာပါ။”
~~~~~
‘ဧကရာဇ်ကို ‘အမဲလိုက်ကွင်းကခေါ်လာတဲ့ မိန်းမအကြောင်း’ မေးဖို့ ဘယ်အချိန်က ကောင်းလောက်မလဲ။’
အနည်းငယ် တွေးလိုက်ပြီးသည့်နောက် မနက်ဖြန် ညစာစားချိန်တွင် စကားစကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
ဇနီးမောင်နှံဆိုသော်လည်း ဧကရာဇ်နှင့် ကျွန်မတို့နေထိုင်ရာ အိပ်ခန်းဆောင်များက အရှေ့ဘက်အစွန်းနှင့် အနောက်ဘက်အစွန်းတွင် လုံးဝ သပ်သပ်စီရှိနေ၏။ ဧကရာဇ်ရော ဧကရီရောက တိုင်းပြည်ကို နှစ်ဘက်စလုံးမှနေ၍ ပံ့ပိုးပေးနေပါသည်ဟူသော သင်္ကေတဖြင့် ဤကဲ့သို့စီစဉ်ထားခြင်းဖြစ်သည်ဟု အဆိုရှိသည်။ သို့သော် ယင်းအဓိပ္ပာယ် ပျောက်သွားခဲ့သည်မှာ ကြာလှပြီဖြစ်ပြီး ယခုတော့ ဒီအတိုင်း ဧကရာဇ်နှင့် ဧကရီ ဇနီးမောင်နှံတို့ တစ်ယောက်ကိုတစ်ယောက် စွက်ဖက်နှောင့်ယှက်ခြင်းမရှိဘဲ အပျော်ချစ်သူယူပြီးနေနိုင်ဖို့အတွက် ကွက်တိအဆင်ပြေစေသည့်အစီအစဉ် ဖြစ်နေပေပြီ။
ကျွန်မရော ဆိုဗီရ်ရှုပါ ယခုအထိ အပျော်ချစ်သူမထားသေးသော်လည်း နှစ်ယောက်စလုံး အလုပ်များပြီး တစ်ယောက်နှင့်တစ်ယောက် အချိန်ဇယားချင်းမတူသည်က များသောကြောင့် များသောအားဖြင့် သပ်သပ်စီ စားကြ အိပ်ကြသည်။ သို့သော် တစ်ပတ်လျှင်နှစ်ကြိမ် ဆက်ဆက် ညစာကို အတူတူစားကြပြီး ထိုညစာစားရမည့်နေ့ကား မနက်ဖြန်ပင်။
‘ဟုတ်တယ်။ ဒီနေ့ချက်ချင်းကြီးသွားတွေ့ပြီး အမဲလိုက်ကွင်းကနေ ခေါ်လာတဲ့မိန်းမအကြောင်း မေးလိုက်ရင် ဝင်ပါချင်မှန်း တအားသိသာနေမှာ။ တစ်ရက်ထပ်ပြီးစောင့်လိုက်တာပေါ့။’
လက်မထပ်ခင်က အမေ ကျွန်မကို ပြောခဲ့သည့် စကားတစ်ခွန်းကို ယခုအထိ မမေ့သေးပေ။
“နောက်ကျလို့ အရှင့်သား ဆိုဗီရ်ရှုက အပျော်မယားယူခဲ့ရင်တောင် အလကားနေရင်း အဲ့ဒီကြားထဲ ဝင်မပါနဲ့။”
“အဲ့ဒီလိုလုပ်လို့ ဖြစ်ပါ့မလား။”
“သမိုင်းကိုပဲ ပြန်ကြည့်လေ။ အပျော်မယားမယူတဲ့ဧကရာဇ်ဆိုတာ ရှိလို့လား။ ကြီးမြတ်တဲ့ အုပ်ချုပ်သူအဖြစ် ချီးမွမ်းခံရတဲ့ တတိယမြောက် အိုစစ္စတောင်မှ အပျော်မယား အယောက်နှစ်ဆယ် ရှိခဲ့တာလေ။ အဲ့ဒီကိစ္စကို လိုက်ပြီးဒေါသထွက်နေရင် နင်ပဲ နာကျင်ရမှာ။”
“…”
“နာဗီရယ်။ အဲ့ဒီလိုဖြစ်လာတဲ့အခါ နင်လုပ်ရမဲ့အလုပ်က အရှင့်သား ဆိုဗီရ်ရှုထက် ပိုငယ်၊ ပိုချောပြီး…ပိုကျန်းမာသန်စွမ်းတဲ့၊ သိတယ်မဟုတ်လား၊ အမေပြောချင်တဲ့စကားကို။ အဲ့ဒီလိုယောက်ျားကို ခေါ်လာပြီး နင့်ရဲ့အပျော်ချစ်သူလုပ်လို့။”
သာမန်ပြည်သူတွေသာကြားလျှင် ‘ဒါက ဘယ်လို ဆိုးဝါးတဲ့ပြဇာတ်ကြီးလဲ’ ဆိုပြီး မျက်လုံးပြူးသွားနိုင်သော်လည်း အကျိုးအမြတ်အတွက် စီစဉ်ပြီးအိမ်ထောင်ပြုခြင်းက ပုံမှန်ဖြစ်သော မှူးမတ်အသိုင်းအဝိုင်းတွင်တော့ ဤသည်က ထမင်းစားရေသောက်လောက်ပင်။
ကျိန်းသေပေါက် တရားဝင်အိမ်ထောင်မှ မွေးဖွားလာသော သားသမီးများသာ အရိုက်အရာကို ဆက်ခံပိုင်ခွင့်ရှိပြီး မိသားစုမှတ်တမ်းတွင် တရားဝင်စာရင်းသွင်းပိုင်ခွင့်ရှိပေသည်။ ဒီအတိုင်း ဘုရားကျောင်းသို့ သွားလိုက်ရုံနှင့် နာရီပိုင်းအတွင်း ကလေး၏ မျိုးရိုးကို ဆုံးဖြတ်ပိုင်းခြား၍ရ၏။
မှူးမတ်အသိုင်းအဝိုင်းကြားတွင် အမှန်တကယ် ပြဿနာဖြစ်စေသည့်အရာကား ခင်ပွန်းက ဇနီးကို ချစ်နေခြင်း၊ သို့မဟုတ် ဇနီးက ခင်ပွန်းကို ချစ်နေခြင်းပင်။ တစ်ယောက်က အပျော်ချစ်သူယူချင်သော်လည်း ကျန်တစ်ယောက်က လက်မခံနိုင်သဖြင့် တကယ့်ပြဇာတ်က ထိုတွင်စလေသည်။ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းများ၊ သစ္စာဖောက်မှုများနှင့်၊ မကောင်းသတင်းများက ခံစားချက်များ ပါလာသည့်အခါတွင်သာ ဖြစ်တတ်၏။ ကျွန်မအမေ စိုးရိမ်သည်က ထိုအရာပင်ဖြစ်ပေမည်။
ထို့ကြောင့် အမေ့အကြံပေးချက်အတိုင်းလိုက်နာကာ ကျွန်မလည်း ယနေ့ ဆိုဗီရ်ရှုကို သွားမတွေ့ဖို့ ဆုံးဖြတ်လိုက်သည်။ မနက်ဖြန် ညစာစားချိန်ရောက်မှပဲ သူ့ကို မေးကြည့်တော့မည်။
‘ပြီးတော့ တကယ်လို့များ ဆိုဗီရ်ရှုက သူခေါ်လာတဲ့ အမဲလိုက်ကွင်းက မိန်းမကို အပျော်မယားလုပ်မယ်ဆိုရင်လည်း….မသိချင်ယောင်ဆောင်လိုက်မှာပေါ့။’
“…”
‘သူ့ကို ချစ်လည်းမချစ်ဘဲနဲ့။ သူများတွေလည်း ငါ့လိုပဲ နေနေကြတာကို။’
သို့သော် ကျွန်မခင်ပွန်းက တခြားမိန်းမကို အပျော်မယားအဖြစ်ထားမလားမသိဘူးဟု တွေးလိုက်မိသည့်အခိုက်အတန့်၌ နှလုံးသားထောင့်တစ်နေရာတွင် လစ်ဟာသွားသည်ကို ခံစားလိုက်ရသည်။
ကျွန်မ လက်လှမ်းပြီး နှလုံးရှိသည့်နေရာကို ဖိလိုက်သည်။ နှလုံးက မနှေးသော၊ မမြန်သောနှုန်းဖြင့် ခုန်နေလေ၏။
~~~~~
နောက်တစ်နေ့တွင် ‘အမဲလိုက်ကွင်းမှခေါ်လာသည့်မိန်းမ’ အကြောင်း သတင်းများက ပို၍ပင် လျင်မြန်စွာ ပြန့်ခဲ့သည်။ ကျွန်မကို တိုက်ရိုက်ပြောပြကြသူများက ကျွန်မ၏ ရံရွေတော်များသာဖြစ်သော်လည်း လူသူကင်းမဲ့သည့်နေရာတွင် အသာလေးထိုင်နေလိုက်ပါက လူများ တီးတိုးတီးတိုးပြောနေကြသည်ကို နေရာတိုင်းတွင် ကြားနိုင်၏။
နေ့လယ်စာစားချိန်တွင် ရံရွေတော်များက ဒေါသနှင့် ညည်းတွားမြည်တမ်းကြသည်။
“ကြားရသလောက်တော့ အဲ့ဒီ ညစ်တိညစ်ပတ်မိန်းမက ထွက်ပြေးလာတဲ့ကျွန်ပါတဲ့။ အမဲလိုက်ကွင်းအထိရောက်အောင် ထွက်ပြေးလာတယ်ထင်ပါရဲ့။”
“အမဲလိုက်ကွင်းက လိုတယ်ရှု ဗိုင်ကောင့်ရဲ့ နယ်မြေနဲ့ ဆက်နေတာဆိုတော့ အဲ့ဒီဘက်ကနေ လာခဲ့တာဖြစ်မယ်ထင်ပါတယ်။”
“ထွက်ပြေးလာတဲ့ကျွန်ဆိုရင် ချက်ချင်းပြန်ပို့ပေးရမှာကို။ အရှင်ဧကရာဇ်က သနားကရုဏာတွေသက်ပြီး အစေခံမိန်းကလေးတွေကိုတောင် ကြည့်ရှုစောင့်ရှောက်ဖို့ အမိန့်ပေးထားလိုက်ပါသေးတယ်။”
ညစာစားချိန်ရောက်လာချိန်တွင် ရံရွေတော်များက အများကြီးအားပိုစိုက်ကာ ကျွန်မကို ဝတ်စားပြင်ဆင်ပေးကြသည်။ ငွေရောင်ရတနာများဖြင့် တလက်လက်တောက်နေသော ဂါဝန်ကို ဝတ်ပေးကာ နားတွင် ရိုးရိုးရှင်းရှင်း ပုလဲနားဆွဲလေးကို ဆင်မြန်းပေးခဲ့သည်။
ပြင်ဆင်ပေးနေချိန်တစ်လျှောက်လုံးတွင် သူတို့၏ ချီးမွမ်းစကားများက တကယ့်ပုလဲများထက်ပင်ပို၍တောက်ပစွာ ကျွန်မကို ဝန်းရံထား၏။ ပုံမှန်လည်း ကျွန်မကို အမြဲတစေ ဂရုစိုက်ပေးကြသူများဖြစ်သော်လည်း ယနေ့ကျမှ အထူးတလည် ပိုပြီးဂရုစိုက်နေကြသည်မှာ သိသာလှသည်။
“အဲ့ဒီ ကျွန်က ဘယ်လောက်ပဲ လှတယ်ဆိုပါစေ ကျွန်မတို့ရဲ့ ဧကရီအရှင်မကို ယှဉ်နိုင်ရိုးလား။”
“အရှင်ဧကရာဇ်လည်း ဧကရီအရှင်မကို မြင်လိုက်ရတာနဲ့ မျက်လုံးတွေ ကြည်ရှင်းသွားမှာပါ။”
သို့သော် သူတို့၏ ကြိုးစားအားထုတ်မှုက ထူးဆန်းလောက်အောင် လစ်ဟာနေသောကြောင့် နားကိုအပေါ်ယံလေးသာ ဖြတ်သန်းသွားသည်။
‘ဝတ်စားပြင်ဆင်လိုက်ရုံလေးနဲ့ ငါ့ကို ချစ်သွားမယ်ဆိုရင် ဆိုဗီရ်ရှုတစ်ယောက် ဟိုးကတည်းက ငါ့ကို ချစ်သွားရမယ်မဟုတ်ဘူးလား။’
အဓိပ္ပာယ်မရှိသည့်အတွေးသာ ဝင်လာ၏။
သို့ရာတွင် ရံရွေတော်များ၏ အားထုတ်မှုကို အလကားပဲဟုတွေးနေရင်းကပင် ကျွန်မ သူတို့ထံ လုပ်ချင်တာလုပ်ပါစေဟု ခန္ဓာကိုယ်ကို အပ်ထားခဲ့သည်။ ပြီးတော့ ပြင်ဆင်မှုအားလုံး ပြီးဆုံးသွားသည့်နောက်တွင် ဧကရာဇ်နေထိုင်ရာ အရှေ့ဘက်အဆောက်အအုံသို့ ဖြတ်လာကာ နှစ်ယောက်ထိုင်ရန်အတွက် အင်မတန်ကြီးလွန်းသော စားပွဲတွင် ထိုင်လိုက်သည်။
ပထမတော့ ကျွန်မတို့နှစ်ယောက် လတ်တလော နိုင်ငံ့ရေးရာများနှင့် နှစ်သစ်ကူးပွဲတော်အတွက် ပြင်ဆင်မှုများအကြောင်း ဟိုဟိုဒီဒီ ပြောခဲ့ကြသည်။ ဆိုဗီရ်ရှုဘက်မှအရင်စကာ အမဲလိုက်ကွင်းမှခေါ်လာသည့် ဟိုကျွန်အကြောင်းပြောလာဖို့ စောင့်နေခဲ့သော်လည်း သူက ပုံမှန်အတိုင်း တည်တည်ငြိမ်ငြိမ်သာ။ ဘယ်လောက်ပဲစောင့်နေပါစေ ထိုကျွန်အကြောင်း ပြောမလာခဲ့ချေ။
ထိုသို့နေရာက ဆိုဗီရ်ရှု အသားကိုလှီးဖြတ်စဉ် တစ်ချက်စကားစပြတ်သွား၍ တိတ်ဆိတ်သွားချိန်၌ နောက်ဆုံးတော့ ကျွန်မကအရင် ကြုံကြိုက်၍မေးသလို စကားစလိုက်သည်။
“အရှင်ဧကရာဇ်က အမဲလိုက်ကွင်းကနေ ကျွန်ပြေးတစ်ယောက်ကို ခေါ်လာခဲ့တယ်ဆို။ အဲ့ဒါ အမှန်ပဲလားရှင့်။”
ဓားနှင့်ပန်းကန် ထိမိရာမှထွက်လာသော ‘ကလင့် ကလင့်’ အသံက တုံ့ခနဲရပ်သွားတော့သည်။ ဆိုဗီရ်ရှုက အသားလှီးလက်စကိုရပ်ကာ ကျွန်မကို ကြည့်လာ၏။ သူက ကျွန်မကို တစ်ချက်စိုက်ကြည့်နေရာမှ မေးခဲ့သည်။
“ဒီအကြောင်း ဘယ်ကနေကြားတာလဲ။”
သိပ်ပြီး ကျေနပ်ပုံမပေါ်ချေ။ ပြောရလျှင် စိတ်ကသိကအောက်ဖြစ်သလို…သူ၏ မျက်ခုံးများ မသိမသာကျုံ့သွားသည်ကို မြင်လိုက်ရသောကြောင့် ကျွန်မလည်း တမင်ပဲ သတင်းရင်းမြစ်ကို ပြောပြလိုက်သည်။
“ဟိုမှာဒီမှာ အကုန်လုံး ပြောနေကြတာပါ။ တော်တော်လေးကို ပွက်လောရိုက်နေတာပါရှင့်။”
“ဧကရီရဲ့ ရံရွေတော်တွေမဟုတ်လား။”
“ဘယ်သူ့ဆီကပဲကြားကြား အဲ့ဒါက အရေးကြီးလို့လားရှင့်။ အဲ့ဒါထက် တကယ်ပဲလား။”
ထပ်မေးလိုက်သည့် ကျွန်မမေးခွန်းကြောင့် ဆိုဗီရ်ရှုတစ်ယောက် သိသိသာသာ စိတ်မသက်မသာဖြစ်သွားပုံပေါ်လာတော့သည်။
“အရှင်ဧကရာဇ်။”
“အတင်းလာမမေးနဲ့။”
“…”
“ဘာတွေကြားထားမှန်းတော့မသိပေမဲ့ ဒီအတိုင်း အပြင်းအထန် ဒဏ်ရာရထားတဲ့မိန်းမကိုတွေ့လို့ ဆေးကုပေးခဲ့ရုံပဲ။”
ကျွန်ပြေးမဟုတ်ဘဲ ဒဏ်ရာရထားတဲ့မိန်းမပေါ့လေ….
“အဲ့ဒီလိုကိုး။ ဒါဆို အဲ့ဒီမိန်းမက အခု ဘယ်မှာ…”
“ဧကရီ။”
“….ပြောပါရှင့်။”
“တစ်ပတ်မှ နှစ်ကြိမ်လေးတွေ့ရတဲ့ ထမင်းဝိုင်းလေ။ စကားတွေ ပြောမကုန်အောင် အများကြီးရှိတာကို မဖြစ်မနေ အဲ့ဒီလိုစကားကိုမှ ပြောရမှာလား။”
အေးစက်စက်လေသံက ကျွန်မကို ရှင်းလင်းပြတ်သားစွာ သတိပေးနေသည်။ ဤကိစ္စတွင် မည်သည့်နည်းနှင့်မှ ဝင်မပါနှင့်ဟူ၍။
~~~~~
Miel’s Translations
TL/N : Illustration ကတော့ ဧကရီရဲ့ နောက်အိမ်ထောင်ဖက် ခင်ပွန်းလောင်းပါ။