Chapter 3

အပိုင်း ၃ (ဖောက်ပြန်မှု၏ ကနဦးလက္ခဏာများ)
“အဲ့ဒီလိုစကားမျိုးဆိုတာက ဘယ်လိုစကားကိုပြောတာပါလဲ။ ကျွန်မက ထူးဆန်းတဲ့အကြောင်းကိစ္စကို ပြောနေတာလည်းမဟုတ်ပါဘူး။ ဒီနန်းတော်ရဲ့ အရှင်သခင် ဧကရာဇ်မင်းမြတ်က ဒဏ်ရာရထားတဲ့ မိန်းမတစ်ယောက်ကို ခေါ်ဆောင်လာတယ်ဆိုလို့ မေးမြန်းကြည့်ရုံပါ။ အရင်က တစ်ခါမှမဖြစ်ဖူးတဲ့ကိစ္စမို့လို့လေ။”
ကျွန်မ လွန်ကဲစွာ မေးမြန်းအစ်အောက်နေမိပြီလား။
တမင် ပုံမှန်အသံအနေအထားအတိုင်း ပြောဆိုကာ နှုတ်ခမ်းထောင့်စွန်းများတွင်လည်း အနည်းငယ် ပြုံးသယောင်ဟန်ပေါ်နေအောင် ကြိုးစားခဲ့သည်။ ဝင်စွက်ဖက်သည်ဟူ၍ဖြစ်စေ၊ သံသယဝင်သည်ဟူ၍ဖြစ်စေ မထင်မိစေရေးအတွက် စောစောက နှစ်သစ်ကူးအခမ်းအနားအကြောင်း ပြောသကဲ့သို့ ပေါ့ပေါ့ပါးပါးသာ မေးခဲ့၏။ သို့သော် ဆိုဗီရ်ရှုက သိသိသာသာ မနှစ်မြို့သောအမူအရာကို ပြလာသည်။ ထိုမိန်းမနှင့်ပတ်သက်သော အကြောင်းအရာများကို လိုသည်ထက်ပို၍ ရှောင်ဖယ်ပြောဆိုလာသည်နှင့်အမျှ ပတ်ဝန်းကျင် အငွေ့အသက်က တဖြည်းဖြည်း ထူးဆန်းလာတော့၏။
“တကယ်စိတ်ဝင်စားလို့ မေးတာလား။”
ဆိုဗီရ်ရှုက မသင်္ကာသလို ကျွန်မကို ငေးကြည့်လာသည်။ ကျွန်မလည်း မျက်လုံးကို အဖွင့်အပိတ်လုပ်ပြီး ပြန်မေးလိုက်၏။
“စိတ်မဝင်စားဘဲ မေးနေတာမျိုးတော့ ဘယ်ဟုတ်ပါ့မလဲရှင့်။”
“ငါချထားတဲ့ထောင်ချောက်ထဲ မတော်တဆ မိသွားတဲ့ မိန်းမတစ်ယောက်ပဲ။ ကျိန်းသေပေါက် ခေါ်ပြီးဆေးကုပေးရမှာပေါ့။ ဒဏ်ရာက သိပ်မသက်သာသေးတော့ လတ်တလော ငါ့အိပ်ဆောင်အနားမှာထားပြီး အစေခံမိန်းကလေးတစ်ယောက်ကို စောင့်ရှောက်ခိုင်းထားတယ်။”
“…..ဟုတ်ကဲ့ပါ။”
“ဧကရီရဲ့ ရံရွေတော်တွေကို နောက်တစ်ခါ ထပ်ခေါ်စရာ အကြောင်းမရှိတော့ဘူးဆိုတော့ စိတ်မပူနဲ့လို့ပြောလိုက်။”
သစ်တောက်ငှက်ကဲ့သို့ ဒက်ခနဲ ဒက်ခနဲ ပြန်ပြောပြီး စကားစကိုဖြတ်လိုက်သော ဆိုဗီရ်ရှုက ထို့နောက် စတိခ်အသားကို တစ်ဖန်ပြန်လည်၍ စတင်လှီးဖြတ်လေသည်။ ဓားနှင့်ပန်းကန်ပြားတို့ ထိသွားသည့် “ဂျစ် ဂျစ်” အသံများ ကျယ်ဝန်းလှသော ထမင်းစားခန်းမတစ်ခုလုံးအနှံ့ ကြွေးကြော်သံကဲ့သို့ ပဲ့တင်ထပ်သွားတော့သည်။ ထို့နောက်တွင် ‘ပြောစရာစကားတွေ အများကြီးပဲ’ ဟု ဆိုခဲ့သော ဆိုဗီရ်ရှု၏နှုတ်မှ စကားတစ်ခွန်းတစ်ပါဒမျှ ထွက်မလာတော့ပေ။
~~~~~
“အရှင်ဧကရာဇ်က ဘာပြောခဲ့လဲရှင့်။”
ညစာ စားပြီးပြီး၊ မပြီးပြီး အနောက်ဘက် အိပ်ဆောင်သို့ ပြန်လာချိန်တွင် အိပ်ခန်းအနီးတဝိုက်၌ စုဝေးနေကြသော ရံရွေတော်များက စိုးရိမ်စွာဖြင့် ချဉ်းကပ်မေးမြန်းလာကြသည်။ အားလုံးက အနားယူချိန်ဖြစ်သော်လည်း ဤကိစ္စကြောင့် မသွားကြသေးဘဲနေနေကြသည့်ပုံပင်။
“ဒီအတိုင်း….ထွေထွေထူးထူး ဘာမှမပြောပါဘူး။”
ကျွန်မ၏ မရေမရာအဖြေကို ကြားရသည်တွင် နယ်စားကတော် အယ်လီဇာ၏ မျက်လုံးများ စူးရှစွာပြူးသွားတော့သည်။ ယုံမှားသံသယဝင်နေပုံရ၏။
“အဲ့ဒီလိုဆိုရင် ဧကရီအရှင်မအနေနဲ့ ဒီလောက်အထိ စိတ်မကြည်မသာဖြစ်နေမှာမဟုတ်ဘူးလေ။”
“……”
“ကိစ္စမရှိပါဘူး။ ပြောမှာသာပြောပါ၊ ဧကရီအရှင်မ။ အဲ့ဒါမှပဲ ကျွန်မတို့လည်း အဆင်သင့် ပြင်ထားလို့ရမှာပေါ့။”
“အရှင်ဧကရာဇ်က မတော်တဆ ထောင်ချောက်မိသွားတဲ့မိန်းမလို့ပဲ ပြောခဲ့တာ။ ကျွန်ပြေးတို့ဘာတို့ အဲ့ဒီလိုစကားမျိုးတွေမပြောဘူး……”
ထိုအခါမှပင် ထိုမိန်းမ၏ အမည်ကိုတောင် မမေးလိုက်မိသည်ကို သတိရသွားတော့သည်။
“တာဝန်အရ ခေါ်လာပြီး ကြည့်ရှုစောင့်ရှောက်ပေးထားတာဆိုပြီးတော့ ဒီကိစ္စအကြောင်း စကားလည်းဆက်ရော မနှစ်မြို့သလိုလက္ခဏာတွေ ပြလာတယ်။”
ကျွန်မစကားကို ကြားလျှင်ကြားချင်း လော်ရာက “အား” ဟု အသံတစ်ချက်ပြုကာ ခြေကို ဆတ်ခနဲ ဆောင့်လိုက်သည်။ သိမ်မွေ့သော တခြားရံရွေတော်များက သူ့ကို မျက်ရိပ်မျက်ကဲပြနေကြသော်လည်း လော်ရာကား ရှူးရှူးရှားရှား အသက်ရှူကာ တခြားသူများကို ဂရုမစိုက်နိုင်တော့ပေ။
“ဧကရီအရှင်မ၊ အဲ့ဒါ ကျွန်မတို့ အဖေ ဖောက်ပြန်တုန်းကပြခဲ့တဲ့ တုံ့ပြန်မှုနဲ့ အတူတူပါပဲ။”
လော်ရာ အထိန်းအကွပ်မဲ့စွာ ဒေါနှင့်မောနှင့်ပြောနေသည်ကို ကြားလိုက်ရသည်တွင် နယ်စားကတော် အယ်လီဇာက “လော်ရာ” ဟု သူ့နာမည်ကို မာမာတင်းတင်း ခေါ်လိုက်သည်။ သို့သော် လော်ရာက ဒေါင်းချီမောင်းချီနှင့် တားမရသည့်အခြေအနေကို ရောက်နေပေပြီ။
“ပေါ်လာပါပြီ။ ပေါ်လာပါပြီ။ ဖောက်ပြန်မှုရဲ့ ကနဦးလက္ခဏာတွေက အဲ့ဒါပါပဲ။ နည်းနည်းလေးထိလိုက်တာနဲ့ ချက်ချင်းကို ပြတ်ပြတ်သားသား စကားဖြတ်ပြီး အကြောင်းမဲ့ ဒေါသထွက်ပြတာပါ။ တာဝန်အရ စောင့်ရှောက်ပေးရတာဆိုရင် အဲ့ဒီအကြောင်းပြောဖို့ကို ဘာကိစ္စရှောင်နေမှာပါလဲ။”
ရံရွေတော်များက လော်ရာကို အပြောကြမ်းသည်ဟု ဆူငေါက်ကြသော်လည်း သူ့စကားများကိုမူ မငြင်းဆိုကြပေ။ ကျွန်မ ငူငူငေါင်ငေါင်ဖြစ်နေသည်ကို မြင်သော အယ်လီဇာက အဆုံး၌ ရံရွေတော်များကို ထွက်ခိုင်းကာ ကျွန်မကို မှန်တင်ခုံရှေ့တွင်ထိုင်စေပြီး ဘီးကိုယူ၍ ဆံပင်ကို ညင်သာစွာ ဖြီးသင်ပေးရင်း ပြောလာသည်။
“အရှင်ဧကရာဇ်က နဂိုကလည်း အမဲလိုက်ရတာကို နှစ်သက်တဲ့သူပါ။ မိန်းမလှတစ်ယောက် ထောင်ချောက်မိနေတာက စိတ်ဝင်စားစရာဖြစ်သွားလို့ တဒင်္ဂ ဒီလိုဖြစ်သွားတာပဲနေမှာပါ။”
“နယ်စားကတော်ကြီး။”
“ဟုတ်ကဲ့၊ ဧကရီအရှင်မ။”
“အရင်က… အမေ ပြောခဲ့ဖူးတယ်။ အရှင်ဧကရာဇ် အခြားမိန်းမကို ချစ်သူအဖြစ်ထားရင်တောင် ကျွန်မက လုံးဝ စိတ်ထိခိုက်လို့မဖြစ်ဘူးဆိုပြီးတော့လေ။ အဲ့ဒီလိုဖြစ်ရပ်တွေ များလွန်းလို့ အရှင်ဧကရာဇ်တစ်ပါးတည်း ခြွင်းချက်ဖြစ်မယ်ဆိုပြီး မျှော်လင့်မထားနဲ့တဲ့…”
နယ်စားကတော် အယ်လီဇာက နားမလည်နိုင်သလို နဖူးကိုကျုံ့လိုက်သည်။ မှူးမတ်မျိုးနွယ်ထဲတွင်ပင် ရှားရှားပါးပါး အချစ်အတွက်လက်ထပ်ခဲ့သော နယ်စားကတော် အယ်လီဇာက ယနေ့ထက်တိုင် နယ်စားမင်းနှင့် အလွန်ချစ်ခင်ရင်းနှီးသည်ဟု ကြားဖူး၏။ ထိုသို့သော နယ်စားကတော်အတွက် ကျွန်မအမေ၏ အကြံပေးချက်က နားမလည်စရာဖြစ်ကောင်းဖြစ်နေပေမည်။ ကျွန်မ စကားဆက်လိုက်သည်။
“အဲ့ဒါကြောင့် တကယ်တော့ တခြားကတော်တွေအရှေ့မှာ မပြောခဲ့ပေမဲ့… ကျွန်မ နည်းနည်းတော့ စိတ်ပြင်ထားမိတယ်။ အရှင်ဧကရာဇ်က အဲ့ဒီကျွန်ပြေးကို အပျော်မယားအဖြစ် သတ်မှတ်ရင်တောင်မှ သည်းခံဖို့ ဆုံးဖြတ်ထားတာပါ…”
“ဧကရီအရှင်မ……………”
“ဒါပေမဲ့ အရှင်ဧကရာဇ်က ရုတ်တရက်ကြီး အေးတိအေးစက် ဆက်ဆံလာတော့… နည်းနည်း စိတ်မကောင်းဖြစ်မိတာပေါ့။”
နယ်စားကတော် အယ်လီဇာက ဘီးကို မှန်တင်ခုံပေါ်သို့ ဖြည်းညင်းစွာ ချလိုက်သည်။ ကျွန်မ သူနှင့် မျက်လုံးချင်းဆုံအောင် မော့ကြည့်ကာ ပွင့်ပွင့်လင်းလင်း မေးလိုက်၏။
“ဧကရာဇ် ချစ်သူဆယ်ယောက်ပဲထားထား၊ ရာနဲ့ချီပြီးတော့ပဲထားထား သူတို့က ချစ်သူပဲဖြစ်ပြီး ဧကရီကတော့ ကျွန်မပဲလေ။ နောက်ဆုံးတော့ ဧကရာဇ်နဲ့ကျွန်မက အသက်ပေးပြီး ချစ်ခဲ့ကြတဲ့ဆက်ဆံရေးလည်း မဟုတ်တာကို… အဲ့ဒီလို သဘောတရားအတိုင်းဆိုရင် ကျွန်မအနေနဲ့ ဘာမှမဖြစ်သင့်ပေမဲ့… ဒီလိုမျိုး စိတ်ထဲမှာ ဟာသွားရတာက ဘာကြောင့်များလဲဟင်။”
နယ်စားကတော် အယ်လီဇာက သတိရှိရှိနှင့်လက်လှမ်းကာ ကျွန်မ၏ဦးခေါင်းကို ထွေးပွေ့ပြီး ပခုံးကို ညင်သာစွာ ပုတ်သပ်ပေးခဲ့သည်။ အတန်ကြာအောင် အသာလေး ပွေ့ဖက်ထားပြီးသည့်နောက်တွင် သူက ဖြည်းဖြည်းချင်း နောက်သို့ဖယ်ခွာကာ ပြောလေသည်။
“နိုင်ငံရေးအရ လက်ထပ်ထားတဲ့ အိမ်ထောင်ဖက်ဆိုပေမဲ့လည်း ဇနီးမောင်နှံက ဇနီးမောင်နှံပါပဲ။ ကလေးဘဝကတည်းက အတူရှိခဲ့သူတွေ၊ စေ့စပ်ထားသူတွေဖြစ်နေတော့ စိတ်မကောင်းဖြစ်မိတာက သဘာဝကျပါတယ်။ ကိုယ့်သားသမီးက တခြားသူတစ်ဦးတစ်ယောက်ကို အမေကျော်ဒွေးတော်လွမ်းပြီးတော့ ပိုပြီးရိုသေပြနေရင် စိတ်ဆိုးမှာပဲလေ။ ကိုယ့်မိဘတွေက တခြားကလေးကို မွေးစားသားသမီးအဖြစ် လက်ခံပြီး ကိုယ့်ထက် ပိုချစ်နေရင်လည်း စိတ်မကောင်းဖြစ်မှာပေါ့။ အရမ်းရင်းနှီးတဲ့သူငယ်ချင်းက တခြားတစ်ယောက်ကို မိတ်ဆွေအသစ်အဖြစ် ပိုပြီးတရင်းတနှီး ဆက်ဆံလာရင်လည်း စိတ်ထိခိုက်ရမှာပါ။ ဒါက သဘာဝကျတဲ့ ခံစားချက်ပါပဲ။”
“ဒါဆို…..အရှင်ဧကရာဇ်လည်း ကျွန်မက အခြားယောက်ျားတစ်ယောက်ကို အနားမှာထားမယ်ဆိုရင် ဒီလိုပဲ စိတ်မကောင်းဖြစ်မှာလား။”
နယ်စားကတော် အယ်လီဇာက စကားမပြောဘဲ ဘီးကိုပြန်ကိုင်ကာ ကျွန်မ၏ဆံပင်ကို ဖြီးသင်ပေးနေတော့ ကျွန်မလည်း သူ၏နှုတ်ဆိတ်နေမှုမှ “မဖြစ်နိုင်ဘူး” ဟူသော အဖြေကို ဖတ်မိလိုက်သည်။ အတန်ကြာမှ နယ်စားကတော်က အဖြေပြန်ပေးလာ၏။
“ပွင့်ပွင့်လင်းလင်းပြောရရင် မသိပါဘူး၊ ဧကရီအရှင်မ။ တဒင်္ဂချစ်ခြင်းဆိုတာ ပိုပြီးပြင်းထန်တတ်လို့ ပတ်ဝန်းကျင်ကိုလှည့်ကြည့်ဖို့ အချိန်တောင်မရှိတတ်ဘူးလေ။”
‘ငါ ကိုယ့်စိတ်ကိုယ်ထိန်းရုံအပြင်မရှိဘူးကိုး။’
ကျွန်မ အားတင်းကာပြုံးလိုက်၏။
“ဟုတ်ပါတယ်လေ။ ဒါပေမဲ့ ကျွန်မရဲ့ ဒီလိုစိတ်ထဲဟာနေတဲ့ ခံစားချက်ကလည်း မကြာခင်ပျောက်သွားမှာပါ။ အဲ့ဒီမိန်းမနဲ့ ကျွန်မက မျက်နှာချင်းဆိုင်ရမဲ့ ဆက်ဆံရေးလည်းမဟုတ်ဘဲနဲ့…”
“မှန်ပါတယ်။ အဲ့ဒီကျွန်ပြေးက အပျော်မယားဖြစ်လာရင်တောင် ယုတ်ညံ့တဲ့မျိုးရိုးကလာတဲ့သူဆိုတော့ နန်းတွင်းရေးရာတွေနဲ့ လူမှုရေးအသိုင်းအဝိုင်းထဲ ဝင်ထွက်ခွင့်ရှိမှာ မဟုတ်ပါဘူး။”
ကျွန်တို့အတွက် လူတန်းစားအဆင့်အတန်းတက်လမ်း လုံးဝပိတ်နေသည်တော့မဟုတ်။ သို့သော် ထိုအခွင့်အရေးကား မိမိမှီခိုခဲ့ရသူများ၏အပြစ်ကြောင့် ကျွန်ဖြစ်ခဲ့ရသော ဖြောင့်မတ်မှန်ကန်သည့်သူများအတွက်သာ ဖြစ်၏။ နှစ်စဉ် အင်ပါယာက ကန့်သတ်အရေအတွက်ဖြင့် ကျွန်များကို လွတ်လပ်သောသူများအဖြစ် ထောက်ထားသက်ညှာပေးသော်လည်း ကျွန်ပြေးမျိုးကိုမူ ဘယ်သောအခါမျှ လွတ်ငြိမ်းချမ်းသာခွင့်မပေးပေ။ ကျွန်ဘဝဟူသည်မှာ မိမိ သို့မဟုတ် မိမိ၏အထက်မျိုးဆက်တွင် တစ်သက်တစ်ကျွန်း အပြစ်ဒဏ်ခံခဲ့ရခြင်းဟူသောသဘောပင်။ ကျွန်ပြေးများမှာမူ ထိုအပြစ်ကြွေးကို မပေးဆပ်ဘဲ ထွက်ပြေးကြသူများဖြစ်၍ ထောင်ဖောက်ပြေးသူများနှင့် အတူတူဟု မှတ်ယူကာ ပိုမိုကြီးလေးသောပြစ်မှုကို ထပ်မံခံစားရတတ်၏။ ထို့ကြောင့် ကျွန်ပြေးအဖြစ်မှ ဆင်းသက်လာသူဟူသော အမည်းစက်သည် မှူးမတ်အနွယ်ဝင်လောကတွင် အဆိုးဝါးဆုံးသော အရှက်တကွဲအကျိုးနည်းစရာကိစ္စအဖြစ် သတ်မှတ်ခံရပေသည်။
ဆိုဗီရ်ရှုက ထိုကျွန်ပြေးကို သနားကြင်နာ၍ ချစ်သူအဖြစ်ပင်ထားစေကာမူ ထိုမိန်းမအနေဖြင့် လူမှုအသိုင်းအဝိုင်းအတွင်း ဝင်ရောက်နိုင်မည်မဟုတ်ပေ။ ကျွန်မနှင့် မျက်နှာချင်းဆိုင်ရန် အခွင့်အလမ်းလည်း ရှိမည်မဟုတ်သည်မှာ သဘာဝပင်။ ကျွန်မ ခေါင်းညိတ်လိုက်ကာ ရှုပ်ထွေးနေသောစိတ်ကို ငြိမ်အောင်ထိန်းလိုက်သည်။
ဟုတ်ပေ၏။ နယ်စားကတော် အယ်လီဇာ၏ စကားက မှန်ပေသည်။ ကာလရှည်ကြာ ခင်ပွန်းလောင်းအဖြစ်၊ ခင်ပွန်းသည်အဖြစ် အတူရှိခဲ့သူတစ်ဦးက ရုတ်တရက် ချစ်သူသစ်တစ်ဦးကို ခေါ်ဆောင်လာကြောင်း ကြားရသည့်အခါ အံ့အားသင့်ခြင်း၊ စိတ်ထဲတွင် လစ်ဟာသွားခြင်းများဖြစ်သည်မှာ သဘာဝကျ၏။
‘ဒါပေမဲ့ ဒီထက်ပိုပြီး ဆောက်တည်ရာမရမဖြစ်ဘဲ နေရအောင်။’
ထိုမိန်းမက ထိုမိန်းမ။
ဧကရာဇ်က ဧကရာဇ်။
ကျွန်မက ကျွန်မပင်။
‘ယတိပြတ် ဖြတ်လိုက်တော့မယ်။ အရှေ့အင်ပါယာရဲ့ ဧကရီက နောက်ဆုံးတော့ ငါတစ်ယောက်အပြင်မရှိတာမို့လို့။’
~~~~~
Miel’s Translations