Part-2
ဒီဇာတ်လမ်းက မပြီးသေးဘူး
(အပိုင်း ၂)
မူရင်း စာရေးသူ – 정으뜸
ဘာသာပြန် – Carmen
Editor – Aurelia
*****
သူ(မ) ဒီစံအိမ်ကြီးထဲမှာနေထိုင်ခဲ့တာ နှစ်ပေါင်းအနည်းငယ်ကြာခဲ့ပြီဆိုပေမဲ့ ဒါက သူ(မ)နဲ့အတူယူဆောင်သွားရမဲ့တစ်ခုတည်းသောအရာပါပဲ။ အဲဒါက တော်တော်လေးရယ်စရာကောင်းလှပါတယ်။
အက်ဇလာက သူ(မ)လက်ရာတွေနဲ့ပြင်ဆင်ထားခဲ့ဖူးပြီး ဘယ်တော့မှထပ်တွေ့ရတော့မှာမဟုတ်တဲ့အိမ်ကြီးကို ဝေ့ဝဲကြည့်လိုက်တယ်။ နှုတ်ဆက်ရမဲ့အချိန်တန်ပြီလေ။ သူ(မ) ခန္ဓာကိုယ်ကိုအိမ်ရှေ့တံခါးဘက်ကိုဦးလှည့်ပြီး ပေါ့ပါးတဲ့ခြေလှမ်းတွေနဲ့ လမ်းလျှောက်ထွက်လာခဲ့လိုက်တယ်။
“မင်း ထွက်သွားမယ်ဆိုရင်……”
ခြေလှမ်းသုံးလှမ်းလှမ်းပြီးတဲ့နောက်မှာ ဒန်နီရယ်က အလောတကြီးလေသံနဲ့ သူ(မ)ကို အနောက်ကနေဖမ်းဆွဲထားလိုက်တယ်။ သေချာတာပေါ့။ အက်ဇလာ့အနေနဲ့ သူ့ကိုလျစ်လျူရှုပြီး ရှေ့ကို ဆက်တိုက်လျှောက်သွားနိုင်ပေမဲ့ သူ့အသံကြောင့် တုန်လှုပ်ချောက်ချားစွာနဲ့ ရပ်တန့်လိုက်မိတာများ တုံ့ခနဲ။
“မင်းဒီကထွက်သွားပြီးရင် ဘယ်ကိုသွားမယ်လို့စိတ်ကူးထားလဲ”
“အင်း..အခု ငါက တော်ဝင်မျိုးနွယ်မဟုတ်တော့ဘူးဆိုတော့ ဘယ်မဆိုသွားလို့ရပြီပဲ”
အေးတိအေးစက်လေသံနဲ့အတူ ထွက်လာတဲ့စကားလုံးတွေကို ထပ်မံတုံ့ပြန်ခြင်း မရှိတော့ပါဘူး။ ဒါက မေးခွန်းတစ်ခုသက်သက်ပါပဲ။ ဒန်နီရယ်က အက်ဇလာ့ကို မတားဆီးခဲ့ဘူး။ ခါးသီးလှတဲ့အဖြစ်မှန်က သူ(မ)ကို နက်နက်ရှိုင်းရှိုင်း ထိရှနာကျင်သွားစေခဲ့တယ်။
တစ်ယောက်ကိုတစ်ယောက် တောက်လောင်မတတ် ပြင်းပြင်းရှရှချစ်ခဲ့ကြတဲ့သူနဲ့အက်ဇလာတို့က အခုအချိန်မှာတော့ အေးခဲနေတဲ့သတ္တုအမှုန်တွေလိုပါပဲ။
သူတို့က စာအုပ်ထဲက အဓိကဇာတ်ကောင်တွေလိုမျိုး ခက်ခဲကြမ်းတမ်းတဲ့ မုန်တိုင်းတွေကြားထဲမှာတောင် တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီပြီး ချစ်ခဲ့ကြဖူးတယ်။ ပျော်ရွှင်မှုတွေက သူ(မ)လက်ထဲမှာ တည်ရှိနေခဲ့ဖူးပေမဲ့ တကယ်တမ်းအဆုံးသတ်မှာတော့ ပြိုကွဲခြင်းတွေသာကျန်ရစ်နေခဲ့တယ်။
“ငါ အဆင်ပြေပါတယ်”
အက်ဇလာက ဝေခွဲမရဖြစ်နေသေးတဲ့ သူ(မ)ရဲ့နှလုံးသားကို ကိုယ်တိုင်ဆုတ်ဖြဲပစ်လိုက်ပြီး နောက်ဆုံးသောနှုတ်ဆက်စကားကို ဆိုလိုက်တယ်။ ခေါင်းကိုမော့၊ ရှေ့တည့်တည့်ကိုကြည့်ရင်း ရပ်တန့်ထားတဲ့သူ(မ)ရဲ့ခြေလှမ်းတွေကို စတင်လှုပ်ရှားလိုက်တော့တယ်။
တင်းတင်းကျပ်ကျပ်စေ့ပိတ်ထားတဲ့ အိမ်ရှေ့တံခါးကိုဖွင့်လိုက်တဲ့အခါ လက်နှစ်ဖက်ပိုက်ရင်း အရှေ့ကတိုင်ကို မှီတွယ်ပြီးရပ်နေတဲ့အမျိုးသားတစ်ဦးက သူ(မ)ရဲ့အကြည့်တွေကို ဖမ်းစားသွားတယ်။ သူက အမှောင်ထုထဲမှာ မွေးဖွားလာသူတစ်ယောက်အလား တစ်ကိုယ်လုံးမှာ အနက်ရောင်တွေပဲ ဝတ်ဆင်ထားခဲ့တယ်။
အက်ဇလာထွက်လာတာနဲ့ သူကလည်း သူ(မ)နားသို့ချဉ်းကပ်လာပြီး ဒူးတစ်ဖက်ထောက်ချလိုက်ရင်း ကောက်ကျစ်တဲ့အကြည့်မျိုးဖြင့် မော့ကြည့်လာခဲ့တယ်။ ပြီးတော့ အနက်ရောင်ဇာလက်အိတ်ကိုဝတ်ဆင်ထားတဲ့ သူ(မ)ရဲ့ဘယ်ဘက်လက်ကို ဝမ်းမြောက်ဝမ်းသာအနမ်းခြွေလိုက်တယ်။
“ကြိုဆိုပါတယ် ကိုယ့်ရဲ့အက်ဇလာ”
ထိတ်လန့်အံ့ဩသွားတဲ့ ဒန်နီရယ်က နူးညံ့ချိုမြိန်တဲ့အသံနဲ့ ရယ်ပစ်လိုက်တယ်။ အဲဒီရယ်သံကြောင့် အက်ဇလာရဲ့နှလုံးသားက တစ်ဟုန်ထိုးခုန်ပေါက်သွားရတော့တာပေါ့။ အဲဒီရယ်သံက သူ(မ) ကိုယ့်ကိုယ်ကိုယ်ပြန်ရယ်နေတဲ့ပုံစံ ပေါက်နေတယ်လေ။
အက်ဇလာရဲ့ခံစားချက်တွေကို သတိထားမိသွားပုံရတဲ့ အဲ့ဒီလူက သူ(မ)ရဲ့လက်ကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားလိုက်တာများ ‘ကိုယ်ကဒီမှာ’ လို့ ပြောနေတဲ့အတိုင်းပါပဲ။
“သွားကြရအောင်”
အက်ဇလာက တုန်လှုပ်မှုကြောင့် တဖျပ်ဖျပ်ခတ်နေတဲ့မျက်တောင်တွေကို ညင်သာစွာစေ့ပိတ်လိုက်ပြီး သူ(မ)ရဲ့နှုတ်ခမ်းကို ကိုက်ထားလိုက်တယ်။ အခုတော့ ဒါက တကယ်ပဲ ဒီ ‘တော့ဒ် မိသားစု’နဲ့ ထာဝရနှုတ်ဆက်လိုက်တာပါ။
အသံမတုန်သွားစေဖို့အတွက် သူ(မ) လည်ပင်းကို အားစိုက်ပြီးပြောလိုက်တဲ့အခါ အဲဒီအမျိုးသားက အက်ဇလာ့ကို မျက်လုံးမှေးကျဉ်းပြီးကြည့်လာတယ်။ နောက်တော့ သူ့နှုတ်ခမ်းတစ်ဝိုက်မှာ လခြမ်းကွေးလေးနဲ့အလားသဏ္ဌာန်တူတဲ့ အပြုံးတစ်ခုဆင်မြန်းထားလေရဲ့။
“ခဏ.. ခဏနေဦး”
ပဟေဠိဆန်တဲ့အမူအရာမျိုးနဲ့ အက်ဇလာ့ကိုကြည့်နေတဲ့ဒန်နီရယ်က သူ(မ)ကို အလောတကြီးထပ်ခေါ်လိုက်ပြန်တယ်။ ဒီတစ်ကြိမ်မှာတော့ မယုံကြည်နိုင်ခြင်းများစွာနဲ့ပြည့်နှက်နေတဲ့ အသံမျိုးဖြစ်နေတာပေါ့။
“ဘာလို့များ…နယ်စားမင်းက ဘာလို့ဒီမှာရှိနေရတာလဲ။ မဟုတ်သေးပါဘူး..အခု..အခု မင်းတို့နှစ်ယောက် အတူထွက်သွားမလို့လား..”
ဒန်နီရယ်ရဲ့အသံမှာ ရှက်ရွံ့ခြင်းအရိပ်အယောင်တွေ ကိန်းအောင်းနေတာကြောင့် အက်ဇလာလည်း သူ(မ)ရဲ့အမူအရာကို ခပ်တင်းတင်းထားလိုက်ပြီး ကိုယ်တစ်ပိုင်းပဲလှည့်ကြည့်လိုက်တယ်။ သူ့မျက်နှာပေါ်မှာတော့ အံ့ဩမှုအပေါင်းသရဖူဆောင်းထားရင်း မယုံကြည်နိုင်လောက်အောင်ဖြစ်နေတဲ့အမူအရာမျိုးလည်းရှိပြီး ဘေးနားမှာရှိတဲ့စလေဗီယာကတော့ နေရာမှာတင် ဒေါသတကြီးရပ်နေရှာလေရဲ့။ သူ(မ)က ဗိုက်ပေါ်တင်ထားတဲ့လက်ကိုတောင်ဖယ်လိုက်ပါသေးတယ်။
တစ်ချိန်က သူ(မ)မှာ ရှိရှိသမျှအရာအားလုံးနဲ့ ချစ်မြတ်နိုးခဲ့ဖူးသူတစ်ယောက်။ ဖြစ်နိုင်မယ်ဆိုရင် သူ(မ)ရဲ့နှလုံးသားကိုတောင်ထုတ်ယူပြီး ပေးအပ်ချင်ခဲ့မိသူတစ်ယောက်။ အဲဒီလိုလူမျိုးက သူ(မ)ကို ဆုံးရှုံးခြင်းနဲ့သေခြင်းတရားကိုသာ ပြန်လည်ပေးအပ်ခဲ့လေတယ်။
“ဒန်နီရယ်။ ဒါက နင့်ကိစ္စမဟုတ်တော့ဘူးလေ။ ဘာလို့ဆို နင်နဲ့ငါက အခု သူစိမ်းတွေဖြစ်သွားပြီမဟုတ်လား”
“ဘုရား..ဘုရားရေ..”
“ကျေးဇူးပြုပြီး စလေဗီယာနဲ့ နင့်ကလေးနဲ့သာ အတူပျော်ပျော်ရွှင်ရွှင်နေထိုင်သွားပါ”
အက်ဇလာက သူ(မ)ရဲ့ခန္ဓာကိုယ်အပေါ်ပိုင်းကို တစ်ဖန်ပြန်လှည့်လာတဲ့အခါ ဒူးထောက်ချထားတဲ့ နယ်စားမင်းက မတ်တတ်ထရပ်လိုက်တယ်။ သူတို့နှစ်ဦးက တစ်ယောက်လက်ကိုတစ်ယောက် ဆုပ်ကိုင်ထားကြပြီး နယ်စားမင်းကလည်း အက်ဇလာကို လေတိုက်ရင်ပဲလွင့်သွားတော့မဲ့ ငှက်မွေးလေးလို ဂရုတစိုက်ဆက်ဆံပေးနေခဲ့တယ်။
သူ(မ) လိုရမည်ရကြိုတင်ပြင်ဆင်ထားတဲ့ရထားလုံးပေါ်ကို တက်လိုက်တဲ့အခါ လှစ်ခနဲတွေ့လိုက်ရတဲ့ ဒန်နီရယ်ရဲ့စိတ်ပျက်ကြေကွဲနေတဲ့မျက်နှာက သူ(မ)ရဲ့အကြည့်ကို ဖမ်းစားသွားတယ်။
ဒီဇာတ်လမ်းကမပြီးသေးဘူး။ ‘လက်ထပ်ပြီးနောက် သက်ဆုံးတိုင်အတူတကွ ပျော်ရွှင်စွာနေထိုင်သွားကြလေသတည်း’ဆိုတဲ့ နောက်ကွယ်ကဇာတ်လမ်းလေးက အခုမှအစပဲရှိပါသေးတယ်။
***
တစ်နေကုန် တင်းတင်းကျပ်ကျပ်စေ့ပိတ်ထားတဲ့ အိပ်ခန်းတံခါးက လရောင်ဖျော့ဖျော့တိုးဝင်လာတဲ့ ညချမ်းအချိန်မှာ ပွင့်ဟလာတယ်။ အက်ဇလာခေါင်းမော့လိုက်တဲ့အချိန်မှာ သူ(မ)တွေ့ချင်မြင်ချင်လှတဲ့မျက်နှာကို မြင်လိုက်ရတယ်။ ဒန်နီရယ်ကတော့ ခပ်တင်းတင်းမျက်နှာထားနဲ့ တံခါးရှေ့မှာရပ်လို့ရယ်ပေါ့။
“ဒန်နီရယ်”
သူ အက်ဇလာကို ဒီလိုမျိုးလာရှာခဲပါတယ်။
တောက်ပရွှန်းစိုတဲ့ သူ့ရဲ့ရွှေရောင်ဆံပင်တွေက လရောင်အောက်မှာ ပိုတောက်ပနေပြီး စိမ်းစိုစိုမျက်လုံးလေးတွေကလည်း သဘာဝတရားကြီးအလား သူ(မ)ရဲ့စိတ်အစဉ်ကို အေးချမ်းစေတယ်။ သွယ်လျတဲ့မေးရိုး၊ နူးညံ့တဲ့မျက်ဝန်းတွေနဲ့ သိမ်မွေ့တဲ့ကိုယ်နှုတ်အမူအရာက အက်ဇလာ သူ့ကို ချစ်ရတဲ့အကြောင်းပြချက်တချို့ပါပဲ။
ဒီလိုမြင်လိုက်ရတာက သူ(မ)ရဲ့စိတ်နှလုံးကိုနူးညံ့သွားစေပြီး စိတ်ပေါ့ပါးပျော်ရွှင်စေတယ်လေ။
ဒန်နီရယ်ကိုကြည့်နေရင်းနဲ့ အက်ဇလာ့နှုတ်ခမ်းထောင့်မှာ တောက်တောက်ပပအပြုံးတစ်ခု ဖြစ်ထွန်းလာတယ်။ ဒါပေမဲ့ အဲဒါက ကြာကြာမခံလိုက်ပါဘူး။
“မင်း ဘာသွားပြောလိုက်တာလဲ”
“……ဟမ်”
ဒန်နီရယ်ရဲ့မျက်နှာပေါ်မှာ စိတ်အနှောင့်အယှက်ဖြစ်နေတဲ့အမူအရာမျိုးပေါ်လာတယ်။ သူက သပ်သပ်ရပ်ရပ်ဖြီးသင်ထားတဲ့ဆံပင်တွေကို ပွတ်သပ်လိုက်ပြီး တစ်ဟုန်ထိုးခြေဆောင့်ရင်း လျှောက်သွားပြီးတဲ့နောက်မှာ အက်ဇလာရဲ့မျက်နှာနားသို့ကပ်သွားလိုက်တယ်။ အက်ဇလာကလည်း သူပြောနေတဲ့စကားရဲ့အဓိပ္ပာယ်ကိုမသိဘဲ သူ(မ)နားသို့ကပ်လာတဲ့ဒန်နီရယ်ကိုပဲ ငေးကြောင်ကြောင်နဲ့ကြည့်နေရှာတယ်။
သူ(မ)ကိုနှစ်သိမ့်ပေးခဲ့ဖူးတဲ့ အစိမ်းရောင်မျက်လုံးတွေက ရုတ်ခြည်းအေးခဲသွားပြီး နူးညံတဲ့မျက်ဝန်းတွေကလည်း နေ့ရက်တွေကုန်လွန်လာတာနဲ့အမျှ အေးစက်လာခဲ့တာပေါ့။
“တကယ်ပါပဲ။ ငါမေးနေတာက..မင်း စလေဗီယာကို ဘာသွားပြောလိုက်တာလဲလို့”
စလေဗီယာတဲ့။ သူ(မ)မကြားချင်တဲ့နာမည်တစ်ခုက သူ့နှုတ်ကထွက်လာတဲ့အခါ အက်ဇလာ့ရဲ့ပခုံးနှစ်ဖက် နိမ့်ဆင်းသွားရတယ်။ အနည်းဆုံးတော့ သူ(မ)ရဲ့အိပ်ခန်းထဲမှာ အဲဒီနာမည်ကို ဒန်နီရယ်ခေါ်တာ မကြားချင်လှဘူး။
စိတ်ပျက်အားငယ်နေတဲ့အက်ဇလာက မျက်လွှာချလိုက်ပြီး စိတ်မကောင်းဖြစ်နေတဲ့လေသံနဲ့ ပြောလိုက်တယ်။
“ငါ ဘာမှမလုပ်ခဲ့ပါဘူး။ ဒီနေ့တစ်နေ့လုံး ဒီအိပ်ခန်းထဲကနေတောင် မထွက်ရသေးဘူး”
“အလိမ်အညာတွေလာပြောနေတယ်။ ဘာမှသာမဖြစ်ခဲ့ရင် စလေဗီယာက ဒီလောက်ဝမ်းပန်းတနည်းငိုစရာ ဘာအကြောင်းရှိမှာလဲ”
ဒန်နီရယ်ရဲ့နှုတ်ခမ်းပေါ်မှာ မဲ့ပြုံးတစ်ခုပေါ်ပေါက်လာတယ်။ သူ့အကြည့်ထဲမှာသံသယဆိုတာစိုးစဉ်းမှမရှိ။ သေချာရေရာမှုတွေသာရှိနေခဲ့တယ်။ အက်ဇလာက သူ(မ)မဟုတ်ကြောင်းပြောနေတာကိုတောင် ယုံပုံမရပါဘူး။
“ငါကမဟုတ်ဘူးလို့ ပြောလိုက်ရင်တောင် နင်က ငါ့ကိုယုံကြည်ချင်စိတ်မရှိဘဲနဲ့များ။ ငါ တကယ် ဒီနေ့တစ်နေ့လုံး အိပ်ခန်းထဲကနေကို မထွက်ရသေးဘူး။ နင် မယုံရင် တခြားဝန်ထမ်းတွေကိုသွားမေးကြည့်လိုက်.. သူတို့ သိလိမ့်မယ်”
“လူတိုင်း သူတို့ပါးစပ်တွေကိုပိတ်ထားကြမှာပဲ။ ဒီအိမ်ကြီးရဲ့ဝန်ထမ်းတွေအားလုံးက မင်းဘက်မှာပဲရှိပြီး စလေဗီယာကို မုန်းတီးနေကြတာလေ”
သူက တောင်တန်းတွေကြားကဖြတ်သွားချိန်မှာ ဓားပြတွေဆီက အဖမ်းခံခဲ့ရပြီး အလားတူကြုံတွေ့ခံစားရလုနီးပါးဖြစ်ခဲ့တဲ့စလေဗီယာကို ကယ်တင်လာခဲ့လိုက်တယ်။ ဒါဟာ သူတို့ရဲ့ပထမဆုံးတွေ့ဆုံမှုပါပဲ။ ဒန်နီရယ်က ဖြောင့်မတ်သူတစ်ယောက်ဖြစ်တာကြောင့် သူ(မ)ကို တစ်ယောက်တည်းမထားခဲ့နိုင်ဘူးဆိုတာတော့ အသေအချာပါပဲလေ။
သူ(မ)ခမျာ မိဘတွေကိုဆုံးရှုံးလိုက်ရပြီးတဲ့နောက် အစ်မဖြစ်သူကိုပါ ဆုံးရှုံးလိုက်ရတယ်။ သွားစရာနေရာမရှိတဲ့စလေဗီယာက မြို့ပေါ်ကိုဘေးကင်းကင်းနဲ့ပြန်နိုင်ဖို့ ကြိုးစားပေးခဲ့တယ်။
ကြမ်းတမ်းတဲ့တောင်တန်းပေါ် မှာ အေးခဲတဲ့ညတစ်ညကို ဖြတ်သန်းခဲ့ရချိန် တစ်ယောက်လက်ကိုတစ်ယောက် အားကိုးတကြီးချိတ်ထားရင်း မှီခိုခဲ့ကြရတဲ့ သူတို့နှစ်ဦးဟာ ပိုမိုနီးစပ်လာခဲ့တဲ့အတွက် ဒန်နီရယ်လည်း အက်ဇလာ့ကိုမေ့လျော့သွားပြီး သူ့နှလုံးသားထဲမှာ စလေဗီယာနဲ့ပြည့်နှက်သွားခဲ့တယ်။
ဒီလိုနဲ့ပဲ သူက စလေဗီယာ့ကို စံအိမ်ကြီးဆီကို ခေါ်ဆောင်လာခဲ့ပြီး အက်ဇလာ့အိပ်ခန်းရဲ့ဘေးမှာ အခန်းတစ်ခုပေးထားပြီးတဲ့နောက် သူ(မ)အတွက် အစေခံတချို့ကိုပါ ခစားစေခဲ့တယ်။
တော်ဝင်မျိုးရိုးတွေမှာ ကိုယ်လုပ်တော်ထားပိုင်ခွင့်ရှိတာကြောင့် အက်ဇလာလည်း သူ့ကိုတားပိုင်ခွင့်မရှိခဲ့ဘူး။ အဲဒီအဓိပ္ပာယ်က အက်ဇလာ ဘာမှလုပ်မှာမဟုတ်ဘူးလို့တော့ မဆိုလိုဘူးလေ။ အဲဒါကြောင့် စလေဗီယာ စံအိမ်ကြီးမှာနေထိုင်နေစဉ်အတောအတွင်း သူ(မ)က ဒယ်နီရယ့်ကို တွယ်ကပ်ထားခဲ့တယ်။ သူ(မ)နဲ့သူချစ်ခဲ့တုန်းက အတိတ်အမှတ်တရတွေကို ပြန်လည်ထုတ်ပြခဲ့တယ်။ ဒေါသတွေလည်း ထွက်ပြခဲ့တယ်။
ဒါပေမဲ့ သူ(မ)ပြန်ရလိုက်တဲ့ တစ်ခုတည်းသောအရာကတော့ သူ့ရဲ့အေးစက်စက်အကြည့်တွေပါပဲ။ အဆုံးမှာတော့ အက်ဇလာလည်း ဘာမှမတတ်နိုင်တော့ဘဲ ကြည့်ရုံသာကြည့်နေခဲ့ရတော့တာပေါ့။
“ငါ့ကို သံသယမ၀င်စေချင်တာကြောင့်နဲ့တော့ ဘာမှမလုပ်ခဲ့ဘူးလို့ ပြောမှာမဟုတ်ဘူး ဒန်နီရယ်။ နင်က ငါ့အကြောင်းကို အသိဆုံးပါ။ ငါတစ်ခုခုလုပ်ခဲ့တယ်ဆိုရင်လည်း မလုပ်ဘူးလို့လိမ်ပြောမှာတော့ မဟုတ်ဘူး”
“……”
အက်ဇလာရဲ့စကားကြောင့် ဒန်နီရယ် မျက်နှာပျက်သွားတယ်။ နောက်တော့ ခက်ထန်တဲ့အမူအရာနဲ့ ရှေ့ကိုတိုးလာပြီး သူ(မ)ရဲ့လက်ကောက်ဝတ်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ရင်း ခုတင်ပေါ်ကိုတွန်းလှဲချလိုက်တယ်။ ရုတ်တရက်ဆန်တဲ့သူ့လုပ်ရပ်ကြောင့် သူ(မ)ထိတ်လန့်သွားချိန်မှာ ကိုယ်ပေါ်သို့ ကြမ်းကြမ်းတမ်းတမ်းတွားတက်လာတဲ့ဒန်နီရယ်ကြောင့် သူ(မ)ခမျာ တုန်လှုပ်နေတဲ့မျက်လုံးတွေကို မှိတ်ထားရုံပဲတတ်နိုင်ခဲ့တယ်။
သူ(မ) သူ့ကိုမတားဆီးနိုင်ခဲ့ဘူး။ သူ(မ)က သူ့ဇနီးဖြစ်နေတာကြောင့် ဘာပဲလုပ်လုပ် သူ့လုပ်ရပ်တွေကို ငြင်းလို့မရနိုင်ဘူးလေ။ ဒန်နီရယ်က အက်ဇလာရဲ့ကိုယ်ပေါ်ကဝတ်စုံကို ဆွဲဖြဲလိုက်တဲ့အခါ သူ(မ)ကလည်း အိပ်ရာခင်းတွေကို တင်းတင်းဆုပ်ကိုင်ထားရုံမှတစ်ပါး ဘာမှမတတ်နိုင်ပါဘူး။ ကြောက်စိတ်ကြောင့် သူ(မ)ရဲ့လက်တွေ တဆတ်ဆတ်တုန်ရီပြီး မျက်ရည်တွေစီးကျလာပုံပါပဲ။ ဒါပေမဲ့ စုတ်ပြဲနေတဲ့ဝတ်စုံရှေ့မှာ ဒန်နီရယ်ကတော့ ဘာမှဆက်မလုပ်ခဲ့ပါဘူး။
တိတ်ဆိတ်နေတဲ့ အိပ်ခန်းထဲမှာ အက်ဇလာက စေ့ပိတ်ထားတဲ့ သူ(မ)ရဲ့မျက်လုံးတွေကို ညင်သာစွာဖွင့်လိုက်တယ်။ သူက သူ(မ)ကို အပေါ်စီးကနေငုံ့မိုးကြည့်နေဆဲပါ။
အေးစက်စက်လေထုက စုတ်ပြဲနေတဲ့၀တ်စုံကို ဖြတ်သန်းတိုက်ခတ်လာပြီး သူ(မ)နှလုံးသားကို နာကျင်စေခဲ့တယ်။သူ(မ)ကိုငုံ့ကြည့်နေတဲ့ ဒန်နီရယ်က ရုတ်တရက်ရယ်မောလိုက်တယ်။ သူ ရုတ်တရက်ရယ်မောလိက်တာကိုမြင်တော့ အက်ဇလာလည်း ခေါင်းလေးစောင်းပြီးကြည့်လိုက်မိတယ်။ ဒါဟာ စိတ်လှုပ်ရှားမှုကြောင့် ရယ်တာမဟုတ်တာတော့ သေချာပေါက်ပါ။ ပျော်ပျော်ရွှင်ရွှင်ရယ်မောတယ်ဆိုတာထက် လှောင်ပြောင်ရယ်မောတယ်ဆိုတာကမှ ပိုနီးစပ်ပါသေးတယ်။
“အိုး ဟုတ်သားပဲ..”
ခဏလောက်ရယ်မောပြီးတဲ့နောက် ဒန်နီရယ်ကခေါင်းတညိတ်ညိတ်နဲ့ သူ(မ)ရဲ့မျက်လုံးထဲကမျက်ရည်တွေကို လက်ညှိုးနဲ့သုတ်ပေးလိုက်တယ်။ အက်ဇလာကလည်း ဘာမှပြန်မပြောဘဲ သူ့ကိုပဲစိုက်ကြည့်နေခဲ့တယ်။
“ဟုတ်တာပေါ့။ အက်ဇလာက စလေဗီယာနဲ့မတူဘဲ ခြောက်ကပ်ကပ်နဲ့စိတ်ဝင်စားဖို့မကောင်းတဲ့မိန်းမတစ်ယောက်ဆိုတာ ငါ ခဏလောက်မေ့သွားတယ်”
“!”
“စလေဗီယာနှင့်မတူဘဲ”ဆိုတဲ့စကားကြောင့် အေးမြလန်းဆန်းတဲ့ အက်ဇလာရဲ့အပြာရောင်မျက်ဝန်းတွေ တုန်ခါသွားခဲ့တယ်။ အရင်ကဆိုရင် သူဘာပဲပြောပြော သူ(မ)ရဲ့မျက်နှာအမူအရာကိုထိန်းထားဖို့ ယုံကြည်ချက်ရှိပေမဲ့ ဒီတစ်ခါတော့ သူ(မ)လုံးဝမလုပ်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ နာကျင်သွားတဲ့ သူ(မ)ရဲ့အမူအရာကို မမြင်လိုက်ရသလိုမျိုး ဒန်နီရယ်က သူ့စကားသူဆက်ပြောလိုက်တယ်။
“စလေဗီယာ့ကိုထိခိုက်အောင် ဘယ်တော့မှထပ်မလုပ်နဲ့”
“……”
*******
SWARA WEBNOVEL TRANSLATION