Part-3
ဇာတ်လမ်းက မပြီးသေးဘူး
(အပိုင်း ၃)
မူရင်း စာရေးသူ – 정으뜸
ဘာသာပြန် – Carmen
Editor – Aurelia
****
ဒန်နီရယ်က အေးတိအေးစက်စကားဆိုလိုက်ပြီး အက်ဇလာရဲ့ရင်ဘတ်ကို ညှစ်ဖောက်ပစ်လိုက်ချင်သလိုမျိုး ဆုပ်ကိုင်ထားလိုက်တယ်။ သူ့ရဲ့ညှာတာမှုကင်းမဲ့တဲ့အထိအတွေ့ကြောင့် နာကျင်လာပေမဲ့ အက်ဇလာကတော့ မျက်နှာလုံးဝပျက်မသွားဘူး။
‘သူ(မ)ကို မနာကျင်စေနဲ့’ ဆိုတဲ့စကားကို အရင်တုန်းကလည်း သူမအတွက်ဆိုပြီး တခြားသူတွေကို ပြောခဲ့ဖူးသလိုပဲ။ ဘာကွာသွားလဲဆိုတော့ ‘အက်ဇလာ့ကို မထိခိုက်စေနဲ့’ဆိုတဲ့စကားမဟုတ်တော့ဘဲ အခုတော့ ‘စလေဗီယာ့ကို မထိခိုက်စေနဲ့’လို့ ဖြစ်သွားခဲ့ပြီလေ။
“မင်းနဲ့မတူတဲ့အချက်က သူကအားနည်းပြီး စိတ်ထိခိုက်ဒဏ်ရာရထားတဲ့ မိန်းကလေးတစ်ယောက်ပဲ။ မင်းကတော့ ကြံ့ခိုင်တယ်။ ငါမရှိလည်းပဲ မင်း အဆင်ပြေနေမှာ။ ဒါပေမဲ့ စလေဗီယာကတော့ ငါမရှိတော့ရင် သူ တစ်ယောက်တည်းပဲကျန်နေခဲ့တော့မှာ”
ဒန်နီရယ်ရဲ့အေးတိအေးစက်လေသံနဲ့ စကားတွေအားလုံးကို အက်ဇလာ ပြန်မချေပနိုင်ခဲ့ပါဘူး။ သူ(မ) တစ်ခုခုပြန်ပြောဖို့ ပါးစပ်ဟလိုက်မိချိန်မှာပဲ ငိုချပစ်မိတော့မလို ခံစားနေရတယ်။ သူ(မ)လုပ်နိုင်တာဆိုလို့ တိတ်တဆိတ်ခေါင်းငုံ့နေလိုက်ရုံပဲရှိပါတယ်။
ပြီးတော့ ဒန်နီရယ်က သူ့ကိုဘာမှမတုံ့ပြန်တဲ့အက်ဇလာ့ကို ရွံရှာစွာစိုက်ကြည့်နေရင်း သူ(မ)ရဲ့ကိုယ်ပေါ်ကနေ ဖယ်ခွာသွားခဲ့တယ်။ ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့အက်ဇလာက ထလာပြီးတော့ သူ(မ)ရဲ့စုတ်ပြဲနေတဲ့ဝတ်စုံကို ဆွဲစေ့လိုက်တယ်။ ဒန်နီရယ်က သူ့အိတ်ကပ်ထဲကတစ်စုံတစ်ခုကို ဆွဲထုတ်လိုက်တယ်။ အဲ့ဒါက စာရွက်ခေါက်လေးတစ်ခုပါ။
“……ဒါက”
“ဖွင့်ကြည့်လိုက်”
သူ့စိတ်ရင်းကိုဖွင့်ဟထားတဲ့ မေတ္တာစာတစ်စောင်များလား။
အက်ဇလာလည်း အနည်းငယ်သောမျှော်လင့်ချက်လေးနဲ့ ခေါက်ထားတဲ့စာရွက်ကို လှန်လိုက်တယ်။ နောက်တော့ စိတ်ပျက်အားငယ်သွားတဲ့အမူအရာနဲ့ပဲ စာရွက်ပေါ်ကို အကြည့်ပို့ထားလိုက်ရတယ်။ ဒန်နီရယ်ကမ်းပေးလာတဲ့စာရွက်က သူနဲ့သူ(မ)တို့ရဲ့ဇာတ်လမ်းအဆုံးသတ်ကြောင်း ကြေညာထားတဲ့ကွာရှင်းစာချုပ်တဲ့လေ။
“လိုအပ်တာအားလုံးရေးပြီး လက်မှတ်ထိုးထားပြီးပြီ။ မင်းဘက်က လက်မှတ်ထိုးပြီးရင်သာ ငါ့ဆီပြန်လွှဲပေးစေချင်တယ်”
“ ဒန်နီရယ်ရာ..”
“ငါ့ဘဝရဲ့လက်ကျန်သက်တမ်းတစ်လျှောက်ကို စလေဗီယာနဲ့ပဲ ကုန်ဆုံးချင်တယ် အက်ဇလာ…။ မင်း နားလည်မယ်လို့မျှော်လင့်ပါတယ်”
ဒီလိုစကားတချို့ပြောပြီးနောက်မှာတော့ ဒန်နီရယ်က အေးတိအေးစက်နဲ့ အိပ်ခန်းထဲကနေလှည့်ထွက်သွားခဲ့တယ်။ သူ(မ)ကတော့ ချောက်ကမ်းပါးစွန်းမှာ ရှင်သန်ရပ်တည်နိုင်ဖို့ မနည်းကြိုးစားနေရတာကို သူက နောက်ဆုံးတော့ သူ(မ)ကို ချောက်ကမ်းပါးပေါ်ကနေ အပြီးတွန်းချလိုက်တာပဲ။ သူ(မ)ရဲ့တစ်ကိုယ်လုံးမှာရှိတဲ့သွေးတွေ စုပ်ယူခံလိုက်ရသလို ခံစားလိုက်ရတယ်။
“သခင်မလေး သခင်မလေး..ဘာလို့ ဒီလိုပုံစံမျိုးဖြစ်နေရတာလဲ”
ဒန်နီရယ်ထွက်သွားပြီးနောက်မှာ အိုင်းရင်းဝင်လာပြီး အက်ဇလာ့ဆီကို စိုးရိမ်တကြီးနဲ့ပြေးလာခဲ့တယ်။ စာရွက်တစ်ရွက်ကိုငေးငိုင်ကြည့်နေတဲ့အက်ဇလာ့ကြောင့် သူ(မ)လန့်သွားခဲ့ရတယ်လေ။ ကွာရှင်းစာချုပ်က မျက်ရည်တွေတောင်ရွှဲနစ်နေပေမဲ့ သူ(မ)နှုတ်ကနေတော့ ဘာစကားတစ်ခွန်းမှ ထွက်မလာခဲ့ဘူး။ သူ(မ)တစ်ယောက်တည်း အသံတိတ်ငိုကြွေးနေခဲ့တယ်။
ဒါက အက်ဇလာရဲ့ နောက်ဆုံးလက်ကျန်မာနပါပဲ။
စုတ်ပြဲနေတဲ့ဝတ်စုံကိုဝတ်ရင်း အက်ဇလာတစ်ယောက် နာနာကျင်ကျင်ငိုကြွေးနေတာကိုမြင်လိုက်ရတဲ့အိုင်းရင်းကတော့ သူ(မ)ကို လက်နှစ်ဖက်နဲ့ထွေးပွေ့ပြီးဖက်ထားပေးလိုက်မိတယ်။ သူ(မ)ရဲ့ဇာတ်လမ်းက ပျော်ရွှင်ဖွယ်ရာအဆုံးသတ်တစ်ခု မဟုတ်ခဲ့ဘူးလေ။
***
စောစောနိုးလာပြီး မနက်စာစားသောက်ပြီးသွားတဲ့အက်ဇလာက မိတ်ကပ်ကို ဂရုတစိုက်လိမ်းခြယ်နေခဲ့တယ်။ နာကျင်ကိုက်ခဲနေတဲ့မျက်ရိုးကို လက်ညှိုးနဲ့ဖိညှစ်လိုက်ပြီး မှန်ပေါ်ကသူ(မ)ရဲ့ပုံရိပ်ကို ကြည့်လိုက်တယ်။
တစ်ညလုံး မနားတမ်းငိုနေခဲ့တာကြောင့် သူ(မ)ရဲ့မျက်လုံးတွေဆိုရင် ဖောင်းအစ်လို့ပါပဲ။ ဒါကို ဘယ်သူကမှဂရုစိုက်နေမှာမဟုတ်ဘူးဆိုတာ သိနေပေမဲ့လည်း သူ(မ)ငိုထားတဲ့အကြောင်း ဘယ်သူ့ကိုမှမသိစေချင်ဘူး။
ဘာလို့လဲဆိုရင် ဒါက သူ(မ)ရဲ့နောက်ဆုံးလက်ကျန်မာနဖြစ်နေလို့ပါပဲ။
“ဒီလောက်ဆိုရင်အဆင်ပြေပြီလား သခင်မ”
“မဟုတ်သေးဘူး။ ဒီထက်နည်းနည်းလောက် ပိုပြီးတောက်ပအောင်လုပ်ပေးပါ”
ဖြစ်နိုင်ရင် စလေဗီယာ့လိုမျိုးပေါ့…။
အက်ဇလာက သူ(မ)ရဲ့မာနကြောင့် အဲ့ဒီစကားတွေကိုတော့ ထုတ်မပြောနိုင်ဘဲ အတင်းမျိုချလိုက်ရင်း နှုတ်ခမ်းကိုပဲ ခပ်တင်းတင်းကိုက်ထားလိုက်မိတယ်။
အမြဲလိုလိုချည်နှောင်ထားတာမဟုတ်ရင် သပ်သပ်ရပ်ရပ်မြှောက်စည်းထားတတ်တဲ့ သူ(မ)ရဲ့ဆံပင်ကို ဖြေချလိုက်တယ်။ မနက်ခင်းရဲ့နေရောင်အောက်မှာ ရောင်ပြန်ဟပ်နေတဲ့ ရွှေရောင်ဆံနွယ်တွေက သိပ်တော့မဆိုးလှပါဘူး။
သူ(မ)အနေနဲ့ ပုံမှန်ဆိုရင် မျက်လုံးညောင်းပြီး လေးလံနေတာကို မကြိုက်တဲ့အတွက် မိတ်ကပ်အလွန်အကျွံမလိမ်းခြယ်တတ်ပေမဲ့ ဒီနေ့ကတော့မတူဘူးလေ။
ကျောက်မျက်ရတနာတွေကိုအမှုန့်ခြေထားတဲ့ပေါင်ဒါမှုန့်ကို ရောင်ရမ်းနေတဲ့ သူ(မ)ရဲ့မျက်ခွံပေါ်မှာ ခြယ်သလိုက်ပြီးတဲ့နောက် ရှည်လျားကော့ညွတ်တဲ့မျက်တောင်တွေ ပေါ်လွင်သွားအောင်လုပ်လိုက်တယ်။
နောက်တော့ ပခုံးထိတိုင်ရှည်လျားတဲ့နားဆွဲကို ဝတ်ဆင်လိုက်တယ်။ သူ(မ)က သေသပ်တဲ့နားကပ်လေးတွေကိုပဲ ဆင်ယင်တတ်ခဲ့သူပါလေ။
ဝတ်စုံဂါဝန်ရှည်က သူ(မ)ရဲ့ရင်ညွန့်ရိုးကို လှစ်ဟပြထားတဲ့အတွက် အတန်ငယ်ကိုးရိုးကားရားနိုင်လှပေမဲ့ ကျက်သရေလည်းရှိနေပြန်တယ်။ ဒီထက်ပိုပြီးမတောက်ပနိုင်တော့ဘူးလို့ သူ(မ)တွေးလိုက်မိတယ်။ စလေဗီယာ့လိုမျိုးပေါ့။
“သ.. သခင်မလေး”
အိုင်းရင်းခမျာ ပုံမှန်နှင့်မတူတဲ့ အက်ဇလာ့ရဲ့အပြင်အဆင်ကို မြင်လိုက်ရတဲ့အခါ စကားတွေတောင်အထစ်ထစ်အငေါ့ငေါ့ဖြစ်ပြီး သတိကြီးကြီးနဲ့ခေါ်လိုက်မိတယ်။ သိပ်လှပတဲ့အဆင်အယင်ဆိုပေမဲ့လည်း ပုံမှန်နဲ့မတူသလိုခံစားနေရတယ်လေ။
အက်ဇလာကလည်း သူ(မ)ကိုယ်သူ(မ) တိတ်တဆိတ်ငုံံ့ကြည့်နေပြီး သူကိုယ်တိုင်လည်းသတိထားမိပုံရပါရဲ့။
တစ်စုံတစ်ယောက်နဲ့သွားဆင်တူနေတဲ့ အပြင်အဆင်ဆိုတာကို သတိရလိုက်မိချိန်မှာ အိုင်းရင်း မျက်ရည်ကျမတတ်ဖြစ်သွားပေမဲ့ တောင့်ခံထားလိုက်ပြီး တုန်ရီနေတဲ့လေသံနဲ့ ပြောလိုက်တယ်။
“အိုး..ဥယျာဉ်ထဲမှာလက်ဖက်ရည်မသောက်ရတာတောင်ကြာပြီ။ သွားသောက်ကြမလားဟင်”
“ဥယျာဉ်ထဲ ဟုတ်လား”
“ဟုတ်တယ်လေ။ နွေဦးပေါက်လာပြီဆိုတော့ ပန်းတွေလည်းပွင့်လိုက်တာမှ လှလို့ပလို့။ ဥယျာဉ်ထဲမှာ ပန်းရနံ့တွေနဲ့ပြည့်နေပြီး မြက်ခင်းစိမ်းနံ့လေးတွေလည်း မွှေးပျံ့နေတာပဲ။ ဥယျာဉ်ထဲသွားပြီး သခင်မလေး အကြိုက်ဆုံးလက်ဖက်ရည်လေးသောက်ကြည့်ရင် ပိုပြီးနေလို့ထိုင်လို့ကောင်းသွားမယ်ထင်တယ်”
အိုင်းရင်းရဲ့အကြံပြုချက်ကို ကြားလိုက်ရတဲ့အက်ဇလာက လက်ချောင်းတွေကို တွန့်လိမ်ကုတ်ဖဲ့နေပြီး ချက်ချင်းပြန်မဖြေနိုင်ခဲ့ဘူး။ တကယ်လို့ သူ အပြင်ထွက်သွားလိုက်လို့ ဒန်နီရယ် ဒါမှမဟုတ် စလေဗီယာနဲ့တွေ့ရင် ဘယ်လိုလုပ်မလဲ။
ယုံကြည်ချက်အပြည့်ရှိနေတတ်တဲ့သခင်မက ဘယ်ကိုပျောက်သွားပြီး ဒီလို အားနွဲ့တဲ့အမျိုးသမီးလေးတစ်ယောက်ဖြစ်သွားရတာလဲလေ။
အိုင်းရင်း ရင်ထဲတင်းကျပ်လာလို့ ရင်ဘတ်ကိုဆုပ်ကိုင်လိုက်မိပြီး အက်ဇလာနဲ့မျက်လုံးချင်းတန်းတူဖြစ်အောင် ဒူးထောက်ထိုင်ချလိုက်တယ်။
“သခင်ကြီးရော အဲဒီမိန်းမရော ဥယျာဉ်ထဲကို မကြာခဏလာလေ့မရှိပါဘူး။ သူတို့နှစ်ယောက်လုံးက အိမ်ထဲမှာ စာအုပ်အတူတူဖတ်ရင်ဖတ် မဟုတ်ရင်လည်း ရထားလုံးနဲ့ နှစ်ယောက်သားအပြင်ပဲသွားနေတတ်ပါတယ်။ အဲဒါကြောင့် စိတ်ပူစရာမလိုပါဘူး”
“တကယ်လား”
“တကယ်ပါ။ ပြီးတော့ ဒီနေ့လည်း ကျွန်မ စံအိမ်အဝင်ဝမှာ စောင့်နေတဲ့ ရထားလုံးကို တွေ့လိုက်သေးတယ်။ သူတို့ ဒီနေ့ အပြင်သွားလောက်တယ်။ အဲဒါကြောင့် ဒီတစ်ခါတော့ သခင်မလေး စိတ်အနှောင့်အယှက်မဖြစ်လောက်တော့ပါဘူး”
အိုင်းရင်းရဲ့စကားကို အက်ဇလာ အချိန်အတော်ကြာအောင် စဉ်းစားနေပြီးတဲ့နောက်မှ သတိကြီးကြီးနဲ့ခေါင်းညိတ်လိုက်တယ်။ အိုင်းရင်းလည်း ပြေလျော့ကျသွားတဲ့ ပခုံးလေးနှစ်ဖက်ကိုကြည့်ပြီး သက်ပြင်းချလိုက်မိတော့တယ်။
သူ(မ)ရဲ့စိတ်ထဲကနေ အက်ဇလာ့အနေနဲ့ အဲဒီသခင်ကြီးကိုစွန့်လွှတ်ပြီး ကိုယ်ပိုင်ဘဝကိုရှာဖွေဖို့ အကြံပေးချင်ပေမဲ့ အခုအချိန်မှာတော့ အက်ဇလာက သူ(မ)ရဲ့ဘဝကိုရှာဖွေဖို့တောင် တအားပင်ပန်းနေရှာလေရဲ့။ သူ(မ)ရဲ့စိတ်အစဉ်က ဒယ်နီရယ့်ကိုချစ်မြတ်နိုးစိတ်၊ မုန်းတီးစိတ်နဲ့ စလေဗီယာ့အပေါ်ထားရှိတဲ့ အမုန်းတရားတွေနဲ့ပဲ ပြည့်နှက်နေရှာတယ်။
အက်ဇလာဟာ သူ(မ)ဆီကို လှိုင်းလုံးတွေအလား တစ်ဟုန်ထိုးတိုးဝင်လာတဲ့ခံစားချက်တွေကြောင့် ပင်ပန်းနွမ်းနယ်နေရပြီလေ။
အိုင်းရင်းလည်း သူ(မ)ရဲ့အမူအရာကို အစွမ်းကုန်တောက်ပသွားအောင်လုပ်လိုက်ပြီး ကိုယ်ကိုလည်းထူမတ်လိုက်ရင်း အသံခပ်ကျယ်ကျယ်နဲ့ပြောလိုက်တယ်။
“ဒါဆို ကျွန်မ သွားပြင်ဆင်ထားလိုက်ပါ့မယ် သခင်မလေး”
နှလုံးသားကိုတလှပ်လှပ်ခုန်လှုပ်စေတဲ့ သခင်မလေးရဲ့အလှတရားက နေရောင်အောက်မှာ ပိုလို့တောင်လှပနေဦးမှာပါ။ အိုင်းရင်းတစ်ယောက် အိပ်ခန်းထဲကထွက်လာပြီးတဲ့နောက် ဥယျာဉ်ထဲသို့ခပ်သွက်သွက်သွားဖို့ ခြေဦးလှည့်လိုက်တယ်။
***
“တကယ်ပဲ နွေဦးရောက်လာပြီကိုး”
“ကျွန်မ သခင်မလေးကြိုက်တဲ့ပန်းတွေ အများကြီးစိုက်ထားပြီးပြီမို့ လာမဲ့နှစ်မှာ ပိုပြီးလှပတဲ့ဥယျာဉ်ကို မြင်ရတော့မှာပါ”
အိုင်းရင်းရဲ့တက်တက်ကြွကြွအသံကြောင့် အက်ဇလာရဲ့မျက်နှာပေါ်မှာ အပြုံးတစ်ပွင့်ပေါ်ပေါက်လာပြီး လက်ဖက်ရည်ကို တစ်ငုံမော့သောက်လိုက်တယ်။ သူ့သခင်မလေးရဲ့အပြုံးကိုမြင်ရတာ ဘယ်လောက်တောင်တန်ဖိုးရှိလဲဆိုတာ တွေးကြည့်ဖို့တောင်ခပ်ခက်ခက်ရယ်ပါ။
ဖြစ်နိုင်ရင် သူ(မ)အနေနဲ့ အက်ဇလာ့ကို ဒီလိုအေးချမ်းသာယာတဲ့နေ့ရက်တွေကိုပဲ ပေးချင်ပါရဲ့လေ။ အိုင်းရင်းခမျာ ငိုချင်လာတဲ့ခံစားချက်တွေကို ဖိနှိပ်ထားပြီး ပြုံးနေလိုက်ရတယ်။
“အမလေး အချစ်ကလေးရယ်”
ဒါပေမဲ့လည်း မြူးကြွကြွအသံတစ်သံကြောင့် တိုက်ခတ်နေတဲ့လေပြေလေးတွေတောင် လွင့်စဉ်ပပျောက်သွားသလိုပါပဲ။ ကော့တက်လာတဲ့ အက်ဇလာရဲ့နှုတ်ခမ်းထောင့်စွန်းလေးတွေကလည်း ချက်ချင်းတင်းမာသွားလေရဲ့။
ခေါင်းလှည့်မကြည့်ရင်တောင် အဲဒီအသံပိုင်ရှင်ကဘယ်သူလဲဆိုတာ သူ သိတာပေါ့။ လက်ဖက်ရည်ခွက်ကိုကိုင်ထားတဲ့ အက်ဇလာ့ရဲ့လက်တွေ မသိမသာ တုန်ယင်သွားတယ်။
“ကျွန်မကလက်ဖက်ရည်သောက်ဖို့ အပြင်ထွက်လာတာ ရှင် ဒီမှာရှိနေတာမသိလိုက်ဘူး”
စလေဗီယာက တောက်ပတဲ့အပြုံးတစ်ပွင့်ကိုဆင်မြန်းရင်း အက်ဇလာနဲ့ မျက်နှာချင်းဆိုင်မှာ တုံ့ဆိုင်းမှုမရှိဝင်ထိုင်လိုက်တယ်။ များသောအားဖြင့်ဆိုရင် ကိုယ်လုပ်တော်တွေက သခင်မကိုတွေ့တဲ့အခါ ရှောင်ထွက်သွားတာတို့ ဦးညွှတ်နှုတ်ဆက်ကြတာတို့ လုပ်တတ်ကြပေမဲ့ သူ(မ)ကတော့ ဒီလိုမဟုတ်ပါဘူး။
သူ(မ) စရောက်လာတဲ့နေ့ကတည်းက ဒီပုံစံပါပဲ။ စလေဗီယာက ယုံကြည်ချက်အပြည့်နဲ့ ဒန်နီရယ့်ကို ပြောင်ပြောင်တင်းတင်းကပ်တွယ်ထားခဲ့တာလေ။
“ကြည့်ရတာ ကျွန်မ ရှင့်ကိုမတွေ့ရတာကြာပြီထင်တယ် သခင်မ တော့ဒ်။ ဒီရက်ပိုင်း မတွေ့ရတော့ စိတ်ပူနေတာ”
“…… ဟုတ်လား”
“ဒီလက်ဖက်ရည်က အနံ့သိပ်ကောင်းတာပဲ။ ကျွန်မလည်း ဒီဟာပဲ လုပ်ခိုင်းလိုက်မယ်”
သူ(မ)က အက်ဇလာ့ကို သူ(မ)နဲ့အတူ လက်ဖက်ရည်သောက်ဖို့တောင်မျှော်လင့်ပြီး မာန်တက်နေတဲ့ပုံနဲ့ဖိတ်ခေါ်နေသတဲ့လေ။ နောင်တတို့ အပြစ်ရှိသလိုခံစားရတာမျိုးတောင် တစ်စက်ကလေးမှမရှိဘဲနဲ့ပေါ့။
စလေဗီယာက အက်ဇလာရဲ့ဘေးမှာရပ်နေတဲ့အိုင်းရင်းကို ပေါ့ပေါ့တန်တန် တွက်ချက်ပြီး ဝမ်းသာအားရအော်ဟစ်ပြောလိုက်တယ်။
အိုင်းရင်းမှာတော့ လက်ဖက်ရည်ပူပူကို သူ(မ)ရဲ့ခေါင်းပေါ်ကနေ လောင်းချပစ်လိုက်ချင်လွန်းလို့ လက်ဖက်ရည်ကရားရဲ့လက်ကိုင်ကိုတောင် ခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်ပေမဲ့ အက်ဇလာက ဒါကို သတိထားမိသွားပြီး မလုပ်ဖို့ မျက်လုံးနဲ့အချက်ပြလာတာကြောင့် သည်းခံလိုက်ရတယ်လေ။
အိုင်းရင်းက လက်ဖက်ရည်ကို စလေဗီယာ့ရှေ့မှာ ဆောင့်ချပေးလိုက်တဲ့အခါ သူ(မ) ပြုံးပြီးတော့ ‘ကျေးဇူးတင်ပါတယ်’ဆိုပြီး ကျက်သရေရှိတော်ဝင်အမျိုးကောင်းသမီးတစ်ယောက်လိုတောင် ပြန်ပြောလာသေးတယ်။ ပြီးတော့ စိတ်ထားကောင်းတဲ့မျက်နှာပေးမျိုးနဲ့ တောက်တောက်ပပပြုံးလိုက်ပါသေးတယ်။
အက်ဇလာရဲ့ ကြမ်းရှရှအသားအရေနဲ့မတူဘဲ စလေဗီယာရဲ့အသားအရေကတော့ စံအိမ်ကိုရောက်ခါစတုန်းကထက်တောင် ပိုချောမွတ်နေလေရဲ့။
“ဒီနေ့ ရာသီဥတုကောင်းတယ်မလား”
“မနေ့က မင်းငိုနေတယ်လို့ငါကြားတယ်”
“အိုး ဘုရားရေ”
စလေဗီယာက အက်ဇလာရဲ့စကားကို အံ့ဩသွားဟန်နဲ့ ထိတ်လန့်တကြားလှည့်ကြည့်လာပြီး ပါးစပ်ကိုလက်နဲ့အုပ်ထားလိုက်တယ်။ နောက်တော့ စိုးရိမ်နေတဲ့လေသံနဲ့ မေးလိုက်တယ်။
“ဒန်နီရယ်က သခင်မတော့ဒ်ကို လာရှာသွားတာလား”
စလေဗီယာက သူ့ကို အမတ်မင်းတော့ဒ်လို့မခေါ်ဘဲ ‘ဒန်နီရယ်’ လို့ခေါ်နေသတဲ့လေ။ ဒါဟာ တခြားဘယ်သူ့ကိုမှခေါ်ခွင့်မပြုထားဘဲ အက်ဇလာတစ်ဦးတည်းသာခေါ်ဆိုနိုင်တဲ့ နာမည်တစ်ခုပါ။
‘ရှင်က စလေဗီယာကိုတော့ခွင့်ပြုပေးလိုက်တာပဲ’
*******
SWARA WEBNOVEL TRANSLATION