Part-4
ဒီဇာတ်လမ်းက မပြီးသေးဘူး
(အပိုင်း ၄)
မူရင်း စာရေးသူ – 정으뜸
ဘာသာပြန် – Carmen
Editor – Aurelia
*****
အက်ဇလာရဲ့မျက်နှာပေါ်မှာ ဝမ်းနည်းရိပ်တစ်ခုဖြတ်ပြေးသွားတယ်။ စလေဗီယာက သူ(မ)ရဲ့အမူအရာကတစ်ဆင့် အဖြေကိုခန့်မှန်းလိုက်ပြီး တောင်းပန်တဲ့လေသံမျိုးနဲ့ ချစ်စရာကောင်းအောင်ပြောလာတယ်။
“ကျွန်မ စိတ်မကောင်းပါဘူး။ ကျွန်မငိုတာ သခင်မတော့ဒ်ကြောင့် မဟုတ်ပါဘူး။ မနေ့က ကျွန်မရဲ့စိတ်ခံစားချက်တွေ ပြင်းထန်နေတာကြောင့်ပါ။ ဒန်နီရယ့်ကို သခင်မကြောင့်မဟုတ်ဘူးလို့ ပြောခဲ့ပေမဲ့ သူက ရှင့်ကိုသွားရှာဖို့ပဲ ခေါင်းမာနေတာ။ ဒန်နီရယ်ရဲ့ပင်ကိုစရိုက်ကို ရှင်လည်းသိတာပဲ”
အက်ဇလာ သိတာပေါ့လေ။ သူ(မ) စလေဗီယာထက်တောင် ပိုပြီးသိပါသေးတယ်။ သူတို့တွေ အချိန်အတော်ကြာအတူနေခဲ့ကြတာမဟုတ်လား။ သူ့ရဲ့ ပြောင်းလဲလွယ်တဲ့စရိုက်၊ ငြီးငွေ့လွယ်တဲ့စရိုက် ၊ အမှန်တရားဘက်မှာ ရပ်တည်တတ်တဲ့စရိုက်၊ ပြီးတော့ သူဒေါသထွက်လာရင် ဘာကိုမှနားမထောင်ဘဲ စိတ်ထင်ရာလုပ်တတ်တာကိုလည်း သူ(မ)သိတာပေါ့။ တခြားလူတွေအားလုံးထက် သူ(မ)က သူ့အကြောင်းကိုအသိဆုံးပါပဲ။
အက်ဇလာ တုန်ယင်နေတဲ့လက်တွေကို တင်းတင်းဆုပ်ထားလိုက်တယ်။ ဒီလိုမှမဟုတ်ရင် သူ(မ) ဒီနေရာကနေ အရှုံးသမားတစ်ယောက်လိုထွက်ပြေးသွားမိတော့မလို ခံစားနေရတယ်လေ။
“ကျွန်မက သခင်မတော့ဒ်နဲ့ သူငယ်ချင်းဖြစ်ချင်တာပါ။ အခုဆို ကျွန်မတို့က အတူတူနေကြရတော့မှာပဲဟာကို”
“……”
“တကယ်လို့ ရှင်သာ အဆင်ပြေမယ်ဆိုရင်ပြောတာပါ။ ဘာလို့လဲဆိုတော့ ကျွန်မတို့တွေ သင့်သင့်မြတ်မြတ်နေပြီး တကယ့်ညီအစ်မတွေလို ပေါင်းသင်းလို့ရတယ်လေ။ ကျွန်မက ယောက်ျားတစ်ယောက်ကိုပဲဖြစ်ဖြစ် ဒီလိုမျိုးအရာတွေကိုပဲဖြစ်ဖြစ် တစ်ယောက်တည်းလက်ဝါးကြီးအုပ်ထားဖို့ စိတ်ကူးမရှိပါဘူး”
သူက ဂရုမစိုက်ဘူးဟုတ်လား။ အခု ဒီလိုသဘောနဲ့ပြောနေတာလား။
ခပ်ယောင်ယောင်လေးပြုံးနေတဲ့အက်ဇလာက သူ(မ)လက်ကို အမှတ်တမဲ့မြှောက်ပြီး ရတနာတွေကြောင့်လေးလံနေတဲ့မျက်လုံးနှစ်ဖက်ကို ပွတ်လိုက်မိတယ်။ ရတနာဖုန်မှုန့်တွေ မျက်လုံးထဲစိမ့်ဝင်သွားသလို ခံစားလိုက်ရပြီးတဲ့နောက် သူ(မ)ရဲ့မျက်လုံးထောင့်မှာ မျက်ရည်တွေစီးကျလာပါလေရော။
“အဆင်ပြေရဲ့လား။ ဒီအတိုင်းဆက်ပွတ်နေရင် မျက်လုံးကိုထိခိုက်လိမ့်မယ်။ သခင်မပြောတဲ့ ‘မိတ်ကပ်လိမ်းတာမကောင်းဘူး’ဆိုတဲ့စကားက အမှန်ပဲနော်”
စလေဗီယာရဲ့စိုးရိမ်နေတဲ့လေသံကြောင့် အက်ဇလာလည်း သူ(မ)ရဲ့မျက်လုံးတွေကိုပွတ်သပ်နေတာကိုရပ်ပြီး စလေဗီယာ့ကိုပြန်ကြည့်လိုက်တယ်။ စလေဗီယာရဲ့မျက်နှာပေါ်မှာတော့ လှပတဲ့အပြုံးတစ်ပွင့်ရှိနေလေရဲ့။
“ဒန်နီရယ်က ဒီလိုပြောတာလား”
“ဟုတ်တယ်။ ဒန်နီရယ်က တစ်ခါတလေ သခင်မအကြောင်းပြောတတ်တယ်။ သခင်မက မိတ်ကပ်ကိုရိုးရိုးပဲလိမ်းတတ်ပြီး ယုံကြည်မှုရှိတဲ့သူတစ်ယောက်လို့ ပြောဖူးတယ်။ ပြီးတော့ ရှင်က အိပ်ရာပေါ်မှာဆို အလွန်ရှေးရိုးစွဲတဲ့လူတစ်ယောက်လို့လည်း ပြောခဲ့သေးတယ်။ အိုး.. ဟုတ်တာပေါ့..။ ကျွန်မကတော့ ဒါကို မကောင်းတဲ့ရည်ရွယ်ချက်မျိုးနဲ့ပြောတာ မဟုတ်ပါဘူး။ အဲဒါကြောင့် စိတ်မပူပါနဲ့။ သူက သခင်မတော့ဒ်ကိုရော ကျွန်မအကြောင်းပြောပြဖူးလားဟင်”
အဆုံးမှာတော့ ဒီသဘောက အက်ဇလာဟာ စလေဗီယာနဲ့မတူဘဲ မိတ်ကပ်ထူထူမလိမ်း၊ ခေါင်းမာတဲ့စရိုက်မျိုးရှိပြီး အိပ်ရာပေါ်မှာလည်း ကျောက်ရုပ်တစ်ရုပ်လို တောင့်ခဲနေတယ်လို့ ပြောနေတဲ့အတိုင်းပါပဲ။ အက်ဇလာက သူ(မ)ရဲ့ အောက်နှုတ်ခမ်းကိုကိုက်လိုက်ပြီး မျက်စိပျက်မျက်နှာပျက်နဲ့ စလေဗီယာကို ကြည့်လိုက်တယ်။ စလေဗီယာကိုကြည့်လိုက်တိုင်း သူ(မ)က နွေးထွေးတဲ့နေရောင်ခြည်လို တောက်ပနေတယ်။ အက်ဇလာက သူ(မ)ကို အချိန်အကြာကြီးစိုက်ကြည့်နေပြီးတဲ့နောက် မသိလိုက်မသိဘာသာနဲ့ပဲ သူ(မ)နှုတ်ခမ်းတွေကို ဖွင့်ဟလိုက်တယ်။
“ဘာလို့ ဒန်နီရယ်မှလဲ”
“ရှင်”
“ရုပ်ရည်အရသာဆိုရင်……”
စလေဗီယာက ပိုကောင်းတဲ့ယောက်ျားတစ်ယောက်နဲ့ တွေ့ဆုံနိုင်ဖို့ ဆုတောင်းမိတယ်။ အက်ဇလာက သူ(မ)ဆက်မပြောနိုင်တဲ့စကားတွေကို မျိုချလိုက်ပြီး နှုတ်ခမ်းကိုကိုက်ထားလိုက်တယ်။
“အိုး.. ရှင်မေးတာက ကျွန်မ ဘာလို့ ဒီထက်ကောင်းတဲ့ယောကျာ်းတစ်ယောက်နဲ့ မတွေ့တာလဲလို့လား”
ဒါပေမဲ့ စလေဗီယာက ခပ်မြန်မြန်ပဲသဘောပေါက်သွားပြီး အက်ဇလာ့ကို ချစ်စရာကောင်းတဲ့ပုံစံမျိုးသဘောထားရင်း အပြုံးလေးနဲ့ တည်တည်ငြိမ်ငြိမ်ပြန်မေးလိုက်တယ်။ အက်ဇလာ့ဘက်က မတုံ့ပြန်တဲ့အခါ စလေဗီယာက သူ(မ)ရဲ့မေးစေ့ကိုကိုင်ရင်း အပေါ်ကိုမော့လိုက်ပြီး ချစ်စရာကောင်းတဲ့ ‘အင်ဟင်း’ ဆိုတဲ့အသံလေးပြုလိုက်တယ်။ မိန်းမတစ်ယောက်ရဲ့မျက်လုံးထဲမှာတောင် ဒီအမျိုးသမီးရဲ့လှုပ်ရှားမှုတိုင်းက တကယ်ချစ်စရာကောင်းနေတယ်လေ။
“သခင်မ ဒီလိုမျိုးခံစားရဖူးသလား။ အောင်မြင်မှုရဲ့ခံစားချက်လေ”
“…… အောင်မြင်မှုရဲ့ခံစားချက် ဟုတ်လား”
“ဟုတ်တယ်။ တခြားမိန်းမရဲ့ယောက်ျားကို ကိုယ့်အပိုင်ဖြစ်အောင် လုပ်ယူလိုက်နိုင်တဲ့ခံစားချက်က အောင်မြင်မှုပဲ”
စလေဗီယာရဲ့စကားကြောင့် အက်ဇလာရဲ့နှလုံးသားလေးခမျာ ကြမ်းပြင်ပေါ်ကို ဘုတ်ခနဲပြုတ်ကျသွားခဲ့တယ်။ သူ(မ)မှာ ဘယ်လိုအမူအရာမျိုးလုပ်ပြီး ဘာဆက်ပြောရမလဲဆိုတာတောင် မသိတော့ပါဘူး။ သူ(မ)ရယ်သင့်လား ဒါမှမဟုတ် သူ့ရှေ့မှာပဲ အရူးတစ်ယောက်လိုငိုလိုက်သင့်လား။
စိတ်ရှုပ်ထွေးနေတဲ့ အက်ဇလာရဲ့အမူအရာကိုကြည့်ပြီး စလေဗီယာက ရယ်စရာကောင်းသလိုမျိုးပြုံးရင်း သူ(မ)ရဲ့စကားကို ဆက်ပြောလာတယ်။
“ဘယ်လောက်ထိစိတ်လှုပ်ရှားစရာကောင်းလိုက်မလဲဆိုတာ မကြုံဖူးတဲ့သူတွေကတော့ ဘယ်လိုခံစားရမယ်ဆိုတာသိမှာမဟုတ်ဘူး။ နောက်ပြီးတော့ သူက စိစစ်ပြီးသားလူပဲလေ.. ဟုတ်တယ်မလား။ တခြားအမျိုးသမီးကတောင် စိစစ်ပြီးတော့မှ အောင်မြင်လို့ယူထားရတဲ့ယောက်ျားဆိုတော့ ဘာလို့များပြန်စဉ်းစားခိုင်းနေဦးမှာလဲ”
ဒါက သူ အက်ဇလာ့ရှေ့မှာတောင် ထုတ်ပြောနိုင်တဲ့စကားမျိုးလား။
အက်ဇလာ သူ(မ)ရဲ့အောက်နှုတ်ခမ်းကို ပြင်းပြင်းထန်ထန်ဖိကိုက်လိုက်တယ်။ သူ(မ)ရဲ့ဘေးနားကနေပြီး အဲ့ဒီဇာတ်လမ်းကိုနားထောင်နေတဲ့ အိုင်းရင်းတောင်မှ စိတ်ဆိုးလွန်းလို့ လက်ဖက်ရည်ခွက်ကိုင်ထားတဲ့လက်တွေ တုန်ယင်လာရတယ်လေ။
“ဒါ့အပြင် ဒန်နီရယ်က ကျွန်မကိုကယ်တင်ပြီးတော့ ကာကွယ်ပေးခဲ့သေးတာလေ။ ဒီလိုယောက်ျားမျိုးကို မကြိုက်သွားတာကမှ ထူးဆန်းတာမဟုတ်ဘူးလား”
“……”
“အဲဒီအပြင် သခင်မလည်း သိတဲ့အတိုင်းပဲ……”
စလေဗီယာက ဘေးပတ်ဝန်းကျင်ကို တစ်ချက်လှည့်ကြည့်ပြီးတဲ့နောက် သူ(မ)ရဲ့ရင်ဘတ်ကို အက်ဇလာ့နားအထိ တိုးလာတယ်။ သူ(မ)ရဲ့ကိုယ်ပေါ်မှာရှိတဲ့ ပြင်းထန်လှတဲ့ပန်းရနံ့တွေကြောင့် အက်ဇလာ့ခမျာ ခေါင်းတောင်မူးသွားရတယ်။ စလေဗီယာကလည်း မျက်နှာနားကိုချဉ်းကပ်လာပြီး သူ(မ)တစ်ဦးတည်း ကြားနိုင်လောက်တဲ့လေသံနဲ့ ခပ်တိုးတိုးလေးပြောလိုက်တယ်။
“ဒန်နီရယ်ရဲ့အနမ်းနဲ့ တခြားဟာတွေရောပဲလေ.. အင်း……”
စလေဗီယာက သူ(မ)ရဲ့လက်ချောင်းတွေကို ဖြည်းဖြည်းချင်းလျက်ပြလိုက်တယ်။ သူ(မ)ကို နားမလည်နိုင်တဲ့အကြည့်နဲ့ကြည့်နေတဲ့ အက်ဇလာလည်း မကြာခင်မှာပဲ ဘာကိုဆိုလိုတယ်ဆိုတာ သဘောပေါက်သွားပြီး မျက်နှာတစ်ခုလုံးနီမြန်းလျက်သားနဲ့ပဲ အမြန်ခေါင်းငုံ့ချလိုက်တယ်။ အက်ဇလာက မေးစေ့ကိုလက်နှစ်ဖက်နဲ့ဆုပ်ကိုင်ထားမိချိန်မှာ စလေဗီယာက အပြုံးလေးတစ်ပွင့်နဲ့စကားပြန်ဆက်လေသည်။
“ဟုတ်တယ်။ အမှန်ပဲ။ ဒန်နီရယ်က အိပ်ရာပေါ်မှာသိပ်တော်တယ်။ ဒီလိုလူမျိုးက ရှားတယ်လေ”
“!”
အက်ဇလာ့တစ်ကိုယ်လုံး တောင့်ခဲနေတယ်။ အခုအချိန်မှာ သူ(မ) ဘယ်လိုအမူအရာမျိုး လုပ်နေမိလဲဆိုတာကိုတောင် မသိတော့ပါဘူး။ အကယ်၍ သူ(မ)သာ စလေဗီယာရဲ့ဆံပင်ကို ဆောင့်ဆွဲတာဖြစ်ဖြစ် ရေနဲ့ပက်တာပဲဖြစ်ဖြစ် ဒါမှမဟုတ်လည်း ဆဲရေးပစ်လိုက်တာဖြစ်ဖြစ် လုပ်နိုင်ခဲ့ရင်ကောင်းမယ်။ ဒါပေမဲ့ သူ(မ) ဘာမှပြန်မပြောနိုင်ဘဲ မျက်ရည်က အရင်ဆုံးကျဆင်းလာခဲ့တယ်။
‘ငါ ဒီမှာဘာလုပ်နေတာလဲ’
သူ(မ)နှလုံးသားမှာ တဒိန်းဒိန်းခုန်လှုပ်နေပြီး လက်ချောင်းတွေကတုန်ယင်နေတယ်။ အေးအေးဆေးဆေးနဲ့ တစ်ခုခုပြောလိုက်ချင်ပေမယ့် ဘာကိုမှမစဉ်းစားနိုင်ခဲ့ဘူး။ စလေဗီယာကတော့ အက်ဇလာ့ကိုကြည့်ရင်း ချစ်စဖွယ်လေးပြုံးနေလေရဲ့။
“ဒန်နီရယ်ပြောတော့ သခင်မမှာ ချစ်စရာကောင်းတဲ့ပုံစံမျိုးမရှိဘူးတဲ့..။ ဒါပေမဲ့ သခင်မက သိပ်ချစ်စရာကောင်းတာပဲ။ အဲဒါကြောင့် ကျွန်မ ရှင်နဲ့ သူငယ်ချင်းတောင်ဖြစ်ချင်လာပြီ”
စလေဗီယာက တောက်ပနေတဲ့နေရောင်ခြည်လေးလို ပြုံးလိုက်တယ်။ နောက်တော့ ချစ်စရာကောင်းတဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေကို ပြူးကျယ်အောင်ဖွင့်ဟပြီး မေးလိုက်တယ်။
“သခင်မတော့ဒ် …. မဟုတ်သေးဘူး။ ကျွန်မ ရှင့်ကို ‘အက်ဇလာ’ လို့ ခေါ်လို့ရမလား”
“!”
“ရှင့်ကို ရှေ့နာမည်နဲ့ခေါ်ရင် ပိုပြီးရင်းနှီးတယ်လို့ ခံစားရတယ်ထင်တယ်”
စလေဗီယာရဲ့ပါးစပ်ကနေ သူ(မ)နာမည်ခေါ်သံကို ကြားလိုက်ရတဲ့အခါ အက်ဇလာခမျာ မျက်လုံးတောင်ပြူးသွားပြီး သူ(မ)ကိုကြည့်လိုက်မိတယ်။ အငယ်အနှောင်းတစ်ယောက်အဆင့်မျိုးနဲ့ မြင့်မြတ်တဲ့မျိုးနွယ်ဝင်အိမ်တော်သခင်မကို အမည်တပ်ခေါ်ဝေါ်ခြင်းက လက်ခံနိုင်စရာမရှိပါဘူး။ အက်ဇလာလည်း စလေဗီယာကို တိတ်တဆိတ်ပဲဆက်ကြည့်နေမိတယ်။
စလေဗီယာက မျက်လုံးအိမ်ကျယ်ပြီး ချောမောလှပတဲ့ပုံပန်းသွင်ပြင်မျိုးနဲ့ တကယ်လှပလွန်းတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်တယ်။ အက်ဇလာက ‘စလေဗီယာ့လိုမျိုး’ဆိုပြီး မရည်ရွယ်ဘဲအတုယူခဲ့မိတဲ့အတွက်တောင် ရှက်မိသွားရတယ်။ အက်ဇလာတစ်ယောက် ပုံတူကူးချပြီး ပြင်ဆင်ထားတဲ့မိတ်ကပ်ကို သူ(မ)တွေ့သွားမှာစိုးတာကြောင့် ခေါင်းကိုငုံ့ပစ်လိုက်တယ်။
“ဒီနေ့တော့ ရှင့်ရဲ့မိတ်ကပ်က ခါတိုင်းနဲ့ မတူဘူးပဲ”
“!”
“ဒါက ခါတိုင်းထက်ပဲ ပိုထူနေလို့များလား… ရှင့်ကြည့်ရတာ ပိုလှနေတယ်နော်”
အက်ဇလာရဲ့အတွင်းစိတ်ကို ဖတ်နိုင်သလိုမျိုး စလေဗီယာက မေးစေ့ကိုတင်းတင်းဆုပ်ကိုင်ရင်း တောက်ပတဲ့အပြုံးတစ်ပွင့် ဆင်မြန်းလိုက်တယ်။
အက်ဇလာကတော့ အသက်ပြင်းပြင်းရှူလိုက်ပြီးတဲ့နောက် ခေါင်းကိုပြန်မော့ပြီး စလေဗီယာ့ကိုကြည့်လိုက်တယ်။
“မင်းက ငါနဲ့သူငယ်ချင်းဖြစ်ချင်တာလား”
“အင်း”
ပြုံးရယ်နေတဲ့ စလေဗီယာ့မျက်နှာကို မြင်လိုက်ရတဲ့အခါ အက်ဇလာခမျာ လက်ဖက်ရည်စားပွဲအောက်မှာ လက်သီးကိုတင်းတင်းဆုပ်ထားလိုက်မိတယ်။
‘မင်းက ငါ့ကိုအထင်သေးနေပြီးတော့ ဘယ်လိုလုပ်ပြီးတော့များ ဒီလိုမျိုးပြောနိုင်တာလဲ’
အက်ဇလာ မျက်ခုံးပင့်ပြီး အသက်ပြင်းပြင်းရှိုက်ရှူလိုက်တယ်။
တခြားအရာအားလုံးအဆင်ပြေပေမဲ့ စလေဗီယာက သူ(မ)ကို နာမည်တပ်ခေါ်ဖို့ကတော့ လုံးဝမဖြစ်နိုင်ပါဘူး။ ဒါ့အပြင် အက်ဇလာက သူ(မ)ပြောသလို သူ(မ)နဲ့ ညီအစ်မတွေလိုမပေါင်းသင်းနိုင်ပါဘူး။ မြင့်တက်လာတဲ့ သူ(မ)ရဲ့စိတ်ခံစားမှုတွေကို ငြိမ်သက်သွားအောင်လုပ်လိုက်ပြီးတဲ့နောက် အက်ဇလာက စိတ်ညစ်ညူးနေတဲ့လေသံမျိုးနဲ့ စကားကိုဆက်ပြောလိုက်တယ်။
“တကယ်လို့ မင်းပျင်းနေတယ်ဆိုရင် အိမ်ကြီးထဲကို လျှောက်ကြည့်ကြည့်ပါလား။ မဟုတ်ရင်လည်း ဒန်နီရယ့်ကို မင်းနဲ့အဖော်ပြုပေးဖို့ တစ်ယောက်လောက် ရှာခိုင်းလိုက်ပေါ့”
“ရှင်”
“တို့ မင်းနဲ့သူငယ်ချင်းမလုပ်နိုင်ဘူး”
“ဘာရယ်……”
“မျိုးရိုးမြင့်တဲ့သူကို နာမည်တပ်ခေါ်တာဟာ မယဉ်ကျေးရာကျတယ်။ အဲဒါကြောင့် တို့ကို နာမည်တပ်ခေါ်ဖို့ မကြိုးစားတာကောင်းလိမ့်မယ်။ တခြားသူတွေမြင်ရင် အမုန်းခံရမှာ တို့မဟုတ်ဘူး..မင်းပဲ”
“!”
နူးညံ့သိမ်မွေ့ပေမဲ့ ပြတ်သားလှတဲ့ အက်ဇလာ့လေသံကြောင့် စလေဗီယာရဲ့မျက်နှာက ခရမ်းချဉ်သီးတစ်လုံးလို နီရဲသွားတယ်။ အက်ဇလာအနေနဲ့ သူ(မ)ရဲ့ရင်ထဲမှာရှိသမျှအားလုံး အိတ်သွန်ဖာမှောက်သွန်ချပြီး ဒါတွေအားလုံး အဓိပ္ပာယ်မရှိဘူးလို့သာ ပြောပစ်လိုက်ချင်ပါရဲ့။ ဒါပေမဲ့ စလေဗီယာက ဒန်နီရယ် အနှစ်သက်ဆုံးကိုယ်လုပ်တော်ဖြစ်နေတယ်လေ။ အက်ဇလာ့ဘက်က သူ့နှလုံးသားအလိုကို မဆန့်ကျင်ချင်ပါဘူး။ ဘာလို့လဲဆိုတော့ သူ(မ)ရဲ့ကိုယ်ပိုင်အတ္တက ဒန်နီရယ့်ရှေ့မှာတော့ မြေကြီးပေါ်မှာသာရှိနေတာမို့လို့ပါပဲ။
“တို့ပြောတာကို မင်းနားလည်လား”
ဒါကြောင့် စလေဗီယာ နားလည်နိုင်ဖို့အတွက် သူ(မ)မှာလည်း တိုးတိုးတိတ်တိတ်နဲ့ ကောင်းကောင်းရွေးချယ်ထားတဲ့စကားကိုပြောရုံကလွဲပြီး တခြားရွေးချယ်စရာမရှိပါဘူး။ စလေဗီယာက တိုးတိတ်ပေမဲ့ အာဏာပြင်းတဲ့အက်ဇလာ့အသံကို မတုံ့ပြန်လာပါဘူး။။ အသက်ပြင်းပြင်းရှူရင်း ဒေါသအမျက်ထွက်လို့ တုန်ရီနေတဲ့လက်တွေကိုမြှောက်ပြီး သူ(မ)ရဲ့ရှေ့က လက်ဖက်ရည်ခွက်ကို ဘေးကိုတွန်းချလိုက်လေရဲ့။
အက်ဇလာကလည်း ဒီလိုရုတ်တရက်ဆန်တဲ့လုပ်ရပ်ကြောင့် ထိတ်လန့်သွားပြီး စလေဗီယာကို မျက်လုံးပြူးလျက်သားနဲ့ ကြည့်လိုက်မိတယ်။ သူ(မ)အနေနဲ့ စလေဗီယာစိတ်မဆိုးသွားအောင် တတ်နိုင်သမျှ ညင်ညင်သာသာပြောခဲ့ပေမဲ့လည်း သူ(မ)ဘက်က ဘာလို့ ဒီလိုတုံ့ပြန်ရတာလဲဆိုတာ နားမလည်နိုင်ပါဘူး။ အဆိပ်ပြင်းလှတဲ့ စလေဗီယာရဲ့မျက်လုံးထဲမှာ မျက်ရည်တွေစီးကျလာတယ်။
‘ဘာလို့ငိုနေတာလဲ’
ဒါကိုမြင်တဲ့အက်ဇလာက သတိမထားမိပါဘဲ အဓိပ္ပါယ်မဲ့အမူအရာမျိုးသာ ပြုလိုက်မိတယ်။ နေရာကနေထရပ်လာတဲ့စလေဗီယာက နောက်ဆုံးအချိန်အထိ အက်ဇလာ့ကို စိုက်ကြည့်ပြီးတဲ့နောက် နှုတ်တောင်မဆက်ဘဲ သူ(မ)ရဲ့အစေခံတွေကိုခေါ်ပြီး ထွက်ခွာသွားခဲ့တယ်။
“သ..သခင်မလေး အဆင်ပြေရဲ့လား”
စလေဗီယာ အဲ့ဒီနေရာကထွက်သွားချိန်မှာ ဘေးမှာရပ်စောင့်နေတဲ့အိုင်းရင်းက ထိတ်လန့်တုန်လှုပ်နေရင်းနဲ့ သူ(မ)ဆီကို အလျင်အမြန်ချဉ်းကပ်လာပြီး စစ်ဆေးလိုက်တယ်။ လူတော်တော်များများက ဒီအဖြစ်အပျက်ကို မြင်လိုက်၊ကြားလိုက်ရပြီးပြီမို့ ဒီနေ့အဖြစ်အပျက်က ဒန်နီရယ်ရဲ့နားထဲကို ရောက်သွားတော့မှာပါ။
စလေဗီယာ အဝေးကိုပျောက်ကွယ်သွားချိန်မှာတော့ အက်ဇလာ့နှလုံးသားထဲ စိုးရိမ်သောကတွေ ရစ်သိုင်းလာတော့တယ်။ သူ(မ)ထွက်သွားချိန်မှာ မြင်လိုက်ရတဲ့ မျက်လုံးထဲကမျက်ရည်တွေကိုတော့ မေ့လို့မရခဲ့ပါဘူး။
*******
SWARA WEBNOVEL TRANSLATION