Part-5
ဒီဇာတ်လမ်းက မပြီးသေးဘူး
(အပိုင်း ၅)
မူရင်း စာရေးသူ – 정으뜸
ဘာသာပြန် – Carmen
Editor – Aurelia
*****
အဲဒီညက ဒန်နီရယ်ဟာ အက်ဇလာရဲ့အိပ်ခန်းထဲကို ထပ်ရောက်လာခဲ့တယ်။
“ငါ ဘာလို့ အကြောင်းမကြားဘဲ ရောက်လာတာလဲဆိုတာ မင်းသိမှာပါ”
ဒန်နီရယ်က သူ(မ)ကို ခြိမ်းခြောက်တဲ့လေသံနဲ့ စကားကိုဖိပြောလိုက်တယ်။ အခုတော့ သူ(မ)က သားရဲတစ်ကောင်ရှေ့မှာ ရပ်နေရရှာတဲ့သားကောင်လေးအလားပါပဲ။ အက်ဇလာခမျာ စကားတစ်ခွန်းမှမပြောဘဲ လှည့်ကြည့်လိုက်တယ်။
“ငါ စံအိမ်မှာမရှိတဲ့အချိန် မင်း တစ်ခုခုလုပ်ခဲ့တယ်လေ”
“……..သူက ဒီလိုပြောတာလား”
“မဟုတ်ဘူး။ စလေဗီယာက တခြားသူတွေနဲ့မတူဘဲ စိတ်ကောင်းရှိတာမို့လို့ သူတစ်ပါးကို ထိခိုက်အောင်မပြောတတ်ဘူး။ ငါ အလုပ်ကနေပြန်လာတော့ သူက ဘာစကားတစ်ခွန်းမှမပြောဘဲ ငိုနေတယ်။ သူက မင်းဆီကနေ စော်ကားခံရတယ်လို့ပြောတယ်”
ဒန်နီရယ်က သူ့မျက်ရိုးနှစ်ဖက်ကို တစ်ပြိုင်တည်းဖိထားလိုက်ပြီး ဒေါသကိုထိန်းထားရတဲ့လေသံနဲ့ ဆက်ပြောနေတယ်။
“မင်း စလေဗီယာကို ဘာသွားပြောလိုက်တာလဲ”
“……”
“မင်းပါးစပ်ကိုပိတ်ထားလည်း အသုံးမဝင်ဘူး။ အဲဒီမြင်ကွင်းကို မြင်လိုက်ရတဲ့သူတွေ အများကြီးရှိတာမို့ ငါ သူတို့ကိုစစ်မေးလိုက်ရင် ဒီကိစ္စက အမြန်ဆုံး ထွက်လာမှာပဲ။ ဒါတောင် ငါက မင်းကို အရှက်မကွဲစေချင်လို့ ဒီလို အရင်ဆုံးလာမေးနေတာ..”
“သူက ငါ့နာမည်ကိုခေါ်လို့ရမလားလို့မေးလို့..ငါ ငြင်းလိုက်တာ”
တုန်ယင်နေတဲ့အက်ဇလာ့အသံကြောင့် ဒန်နီရယ်က နှာမှုတ်လိုက်တယ်။ ပြီးတော့ လက်နှစ်ဖက်ကိုမြှောက်ပြီး ဒေါသထွက်နေတဲ့မျက်နှာနဲ့ပြောလာပြန်တယ်။
“စလေဗီယာက မင်းလိုမဟုတ်ဘဲ သူ့နေရာသူသိတဲ့ မိန်းကလေးတစ်ယောက်ပဲ။ မင်းကို နာမည်တပ်ခေါ်ချင်တယ်လို့ပြောတာ မဖြစ်နိုင်ဘူး”
“ဒန်နီရယ်.. ရှင် ပြောသလိုပဲ။ တခြားသူတွေလည်း ဒါကို မြင်လိုက်တာဖြစ်တဲ့အတွက် သွားစစ်မေးကြည့်လိုက်ရင် သိရမှာပေါ့။ စလေဗီယာက ငါနဲ့ ရင်းနှီးချင်တယ်လို့ပြောပြီး ငါ့ကို ‘အက်ဇလာ’ လို့ ခေါ်ချင်တယ်လို့ပြောခဲ့တယ်”
“ဒီတော့ အဲဒါကို မင်းက ငြင်းလိုက်တာလား”
“ငါ သူ့ကိုပြောလိုက်တာ သူ အထီးကျန်နေတယ်ဆိုရင် ရှင် သူ့အတွက် သူငယ်ချင်းတစ်ယောက်ရှာပေးလိမ့်မယ်လို့။ မျိုးရိုးမြင့်တဲ့လူကို နာမည်တပ်ခေါ်တာက ယဉ်ကျေးမှုကျင့်ဝတ်နဲ့မညီဘူး။ အဲဒါကြောင့် မလုပ်တာ ပိုကောင်းတယ်လို့……”
အက်ဇလာစကားမဆုံးခင်မှာတင် ဒန်နီရယ်က သူ့လက်ကိုမြှောက်ပြီး သူ(မ)ကို နံရံနဲ့ဆောင့်ပစ်လိုက်တယ်။ ရုတ်တရက်အသံကျယ်သွားလို့ အက်ဇလာ လန့်ဖျပ်သွားပြီး ပခုံးနှစ်ဖက်တုန်ယင်သွားရင်း မျက်လုံးတွေကိုတင်းတင်းမှိတ်ထားလိုက်မိတယ်။ အိပ်ခန်းထဲမှာတော့ အုံ့မှိုင်းမှိုင်းလေထုတို့သာ ပြည့်နှက်နေလေရဲ့။
“လူတိုင်းရှေ့မှာ မင်း ဒီလိုထုတ်ပြောလိုက်ရင် စလေဗီယာခံစားရမှာပေါ့”
ဒန်နီရယ် နောက်ထပ်ပြောလာတဲ့စကားကြောင့် အက်ဇလာရဲ့နှလုံးသားလေးမှာ အောက်ခြေကိုနစ်မြုပ်သွားပြန်လေတယ်။ နောက်ဆုံးတော့ သူ့မှာ အပြစ်ရှိတယ်လို့ ပြောတဲ့သူကို ချေပဖို့ အင်အားတောင်မရှိတော့ပါဘူး။ အက်ဇလာက ဘာမှထပ်မပြောဘဲ ပါးစပ်ကိုသာ ပိတ်ထားလိုက်တော့တယ်။ ဒန်နီရယ်ကသာ ဆက်ပြီး ပြောလာပြန်တယ်။ သူ ဒါကို တစ်ချိန်လုံးပြောချင်နေခဲ့တာဖြစ်မယ်။
“စလေဗီယာက ကောင်းတဲ့ရည်ရွယ်ချက်နဲ့ မင်းဆီကို အရင်ဆုံးချဉ်းကပ်ခဲ့တာပဲဖြစ်မှာ။ သူက မင်းနဲ့ သူငယ်ချင်းဖြစ်ချင်ပါတယ်လို့တောင် ပြောခဲ့တာကို။ မင်းက မျိုးရိုးမြင့်တဲ့သူတစ်ယောက်အဖြစ်နဲ့ပဲ နေထိုင်ခဲ့ဖူးတာမို့လို့ ဒီလိုမျိုး ကြင်နာတတ်တဲ့နှလုံးသားကို နားလည်နိုင်စရာအကြောင်းမရှိဘူး”
“……”
“ပြီးတော့ ဒီအဖြစ်အပျက်ကို အိမ်ကြီးထဲမှာရှိတဲ့လူတွေအားလုံးက ဝိုင်းကြည့်နေကြတာကို။ မင်း သူ့ကိုမုန်းနေတယ်ဆိုလို့ သူ့မှာ ညတိုင်း ငိုကြွေးနေရတာကိုလည်း ဒီစံအိမ်ထဲမှာ ရှိတဲ့လူတွေအားလုံး သိပြီးသားပဲ။ ဒါပေမဲ့ အခုလိုကိစ္စမျိုးနဲ့ကြုံလိုက်ရမှတော့ သူ့ရဲ့ နူးညံ့တဲ့နှလုံးသားလေးက ဒါကို သည်းခံနိုင်ပါတော့မလား”
နူးညံ့တဲ့ နှလုံးသား..ဟုတ်စ။ အဲဒီလိုမျိုးလို့ လုံးဝမထင်ရဘူးနော်။
အက်ဇလာက နေ့ခင်းဘက်တုန်းက ဥယျာဉ်ထဲမှာဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို ပြန်သတိရမိလိုက်တာကြောင့် ခါးသက်သက်ပြုံးလိုက်ရင်း မျက်လုံးစုံမှိတ်ထားလိုက်တယ်။ နာခံတတ်တဲ့ အက်ဇလာရဲ့အသွင်အပြင်ကိုတောင် သဘောတွေ့ပုံမရတဲ့ဒန်နီရယ်က မျက်ခုံးပင့်လိုက်တယ်။
“ဒီလိုအချိန်မှာတောင် မင်း ပြုံးနေသေးတာလား”
အဓိပ္ပါယ်မရှိတဲ့ သူ့မေးခွန်းကြောင့် အက်ဇလာလည်း သူ့ကို ခေါင်းမော့ပြီးကြည့်လိုက်တယ်။ အဲဒီနောက် သူ့ရဲ့စိမ်းသက်သက်အကြည့်တွေကို မြင်လိုက်ရချိန်မှာ အက်ဇလာ ဘာစကားတစ်ခွန်းမှမပြောဘဲ ခေါင်းကိုပြန်ငုံ့လိုက်တယ်။ သူ့မျက်နှာကိုကြည့်လိုက်တဲ့အချိန်မှာ သူ(မ) ချစ်မြတ်နိုးခဲ့ဖူးတဲ့မျက်နှာလှလှလေးကို ပြန်မြင်ယောင်လာတယ်။ နောက်ဆုံးမှာတော့ အက်ဇလာခမျာ ဆွံ့အသွားသူတစ်ယောက်လို ဘာစကားမှပြန်မပြောနိုင်ခဲ့ဘူး။
တကယ်တော့ အဲဒါက တစ်ခုတည်းသောအကြောင်းပြချက်တော့ မဟုတ်ခဲ့ပါဘူး။ တစ်နှစ်ကျော်ကြာတဲ့အထိအေးစက်နေခဲ့တဲ့ ဒန်နီရယ်ရဲ့အကြည့်တွေကြောင့် အက်ဇလာက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနဲ့ လေးစားမှုတို့ ပျောက်ဆုံးခဲ့ရတာကြောင့်ပါ။
“ငါ မင်းကို သေချာပေါက်သတိပေးခဲ့တယ်။ စလေဗီယာကိုမထိဖို့နဲ့ ငိုအောင်မလုပ်ဖို့ မင်းကို ငါပြောခဲ့တယ်။ ငါသတိပေးတာကို အရေးမလုပ်တာ မင်းပဲ။ မဟုတ်သေးဘူး။ မင်းက ငါ့ကိုပါ အရေးမလုပ်တာတောင် ဖြစ်နိုင်တယ်။”
ဒန်နီရယ်က သူ(မ)ကို ဟိန်းဟောက်လိုက်တယ်။ အတိတ်တုန်းက ဖော်ရွေခဲ့ဖူးတဲ့သူ့ပုံစံမျိုးထက်စာရင် အက်ဇလာအနေနဲ့ ဒီရက်ပိုင်းတွေမှာ သူ့ရဲ့ဒီလိုပုံစံမျိုးနဲ့ပဲ ပိုရင်းနှီးနေပါတော့တယ်။
“အိုင်းရင်းကို ခေါ်လာခဲ့”
ခေါင်းငုံ့ထားတဲ့အက်ဇလာကို ငုံ့မိုးကြည့်နေတဲ့ဒန်နီရယ်ဟာ သူ့နောက်မှာရပ်နေတဲ့အစေခံကို လှမ်းပြောလိုက်တယ်။ အဲဒီအမိန့်ကြောင့် အက်ဇလာလန့်ဖျပ်သွားပြီး ခေါင်းမော့ကြည့်လိုက်မိတယ်။ မတုန်မလှုပ်အေးစက်စက်မျက်ဝန်းတွေနဲ့ ဆုံလိုက်ရတဲ့အခိုက် အက်ဇလာရဲ့နှလုံးသား လေးလံသွားရတယ်။
“ဘာဖြစ်လို့ အိုင်းရင်းလဲ…..”
အက်ဇလာ တုန်ရီနေတဲ့အသံနဲ့ မေးလိုက်တယ်။ ဒန်နီရယ်က ကြောက်ရွံ့မှုကြောင့်ထိတ်လန့်သွားတဲ့ အက်ဇလာရဲ့အမူအရာကို ကျေနပ်သွားသလိုမျိုး စိတ်ကျေနပ်နေတဲ့အပြုံးနဲ့ အေးအေးလူလူဖြေလာလေရဲ့။
“သခင်ကအမှားလုပ်ထားရင် လက်အောက်ငယ်သားတွေက အပြစ်ဒဏ်ကိုအစားခံယူသင့်တာပေါ့”
“!”
ဒန်နီရယ်ရဲ့စကားတွေကြောင့် အက်ဇလာ အသက်ပြင်းပြင်းရှူလိုက်မိတယ်။ သူ(မ)တုန်ရီနေခဲ့တာတောင်မှပဲ သူ့မျက်လုံးတွေက လိမ်ပြောနေတာမဟုတ်ဘဲ တကယ်ကြီးပြောနေခဲ့တာပါ။
“ငါ.. အိုင်းရင်းက ဒီကိစ္စနဲ့ ဘာမှဆိုင်တာမဟုတ်ဘူး”
“သခင်ကအမှားလုပ်မိရင် အပြစ်ပေးခံရမှာ အမှန်ပဲလေ။ ဒါကို မင်းက ဘာကိစ္စနဲ့ မဆိုင်ဘူးလို့ပြောနေတာလဲ။ အဓိပ္ပါယ်မရှိဘူး”
“အိုင်းရင်းက ငါ့ကိုတားခဲ့တာကို ငါ့ဟာငါ ဆက်လုပ်ခဲ့တာ။ လက်အောက်ငယ်သားတွေက သခင်မကို တားလို့မှမရနိုင်တာ..။ ဒီတော့ ဒါက ငါ့အပြစ်ပဲ။ နင် သူ့ကို အပြစ်ပေးမှဖြစ်မယ်ဆိုရင် ငါ့ကိုသာ ဒဏ်ပေးလိုက်ပါ”
အက်ဇလာက တုန်ယင်နေတဲ့အသံလေးနဲ့ သူ့ကိုတောင်းပန်ခဲ့ပေမဲ့ ဒန်နီရယ်က သူ(မ)ကို ဟစ်အော်လိုက်တယ်။
သူ ဘယ်တုန်းက ဒီလိုလူမျိုးဖြစ်သွားတာလဲ။ စလေဗီယာနဲ့စတွေ့ကတည်းကလား။ စလေဗီယာကို ချစ်မိသွားကတည်းကလား။ မဟုတ်ရင် သူ သူ(မ)ကို မချစ်တော့လို့ပဲလား။
အက်ဇလာလည်း လက်သီးကိုတင်းတင်းဆုပ်ထားလိုက်မိတယ်။ သူ(မ)ရဲ့လက်ဖဝါးပေါ်မှာရှိတဲ့ လက်သည်းရာတွေဟာ အက်ဇလာ ဘယ်လောက်သည်းခံနေခဲ့ရလဲဆိုတာကို သက်သေပြနေတယ်။
“ဝန်ထမ်းတွေအများကြီးရှေ့မှာ စလေဗီယာကို အရှက်ခွဲခဲ့တုန်းကတော့ မင်းက အဲဒီမှာ ဒီတိုင်းထိုင်နေခဲ့ပြီးတော့ အခုမှ မင်းရဲ့အစေခံကို အပြစ်ပေးမှာကိုတော့ ကြောက်နေတယ်ပေါ့”
“……”
“စိတ်မပူနေပါနဲ့ အက်ဇလာ။ ဘာလို့ဆို ငါ မင်းကိုလည်း အပြစ်ပေးမှာမို့လို့”
ဒန်နီရယ်က ဆောင်းလေအလား အေးစက်နေတဲ့လေသံနဲ့ ပြောလာတယ်။ သူက အရင်ကလည်း ဒီလိုလူမျိုးဖြစ်ခဲ့ဖူးတယ်။ သူ မလိုချင်ဘူးလို့ တစ်ခါပြောလိုက်ပြီးချိန်မျိုးမှာ တစ်စုံတစ်ယောက်ကို အဝေးတွန်းထုတ်ချိန်မျိုးမှာ သူက ဘာအခွင့်အရေးမှထပ်မပေးခဲ့ဘူး။ အက်ဇလာကတော့ သူ(မ)ကိုလည်း သူ ဒီလိုပြုမူလာလိမ့်မယ်လို့ ဘယ်တုန်းကမှမတွေးထားခဲ့မိဘူး။
အက်ဇလာက ဒန်နီရယ်ရဲ့အသံကို တုန်ရီနေတဲ့လေသံလေးနဲ့ ဖြတ်ပြောလိုက်တယ်။
“ကျေးဇူး.. ကျေးဇူးပြုပြီး ဒန်နီရယ် အိုင်းရင်းမှာ အပြစ်မရှိပါဘူး”
ဝမ်းနည်းပူဆွေးနေတဲ့ အက်ဇလာရဲ့ငိုကြွေးသံက သူ့မျက်ဆန်တွေကို အရောင်တောက်သွားစေတယ်။ ဒန်နီရယ်က အက်ဇလာရဲ့ဝမ်းပန်းတနည်းတောင်းဆိုမှုကို မကြားချင်ယောင်ဆောင်ပြီး ခုတင်ပေါ်မှာထိုင်ချလိုက်ပြီးတဲ့နောက် သူ(မ)ရဲ့ပခုံးကို ဖက်ထားလိုက်တယ်။ အဲဒီနောက် သူက အက်ဇလာရဲ့ပခုံးကို လက်နဲ့ဖိကိုင်ထားလိုက်ပြီး မလှုပ်ရှားနိုင်အောင်တားဆီးထားတယ်။ အက်ဇလာကလည်း သူ(မ)ရဲ့ပခုံးထက်က ပြင်းထန်တဲ့ဆုပ်ညှစ်မှုကြောင့် မျက်ခုံးတွေတွန့်ချိုးသွားတယ်။
“ဒါဆိုရင် ငါ့ပြောစကားကိုလည်း မင်း မေ့မထားသင့်ဘူး”
ဒန်နီရယ်က သားရဲတစ်ကောင်အလား အံကြိတ်ထားတဲ့လေသံနဲ့ အက်ဇလာကို ခြိမ်းခြောက်ခဲ့တယ်။ သူ(မ)ရဲ့ပခုံးပေါ်ကနာကျင်မှုတွေ တဖြည်းဖြည်း ပြင်းထန်လာတာကြောင့် ညည်းညူသံတစ်ခုပြုလိုက်မိပေမဲ့ အက်ဇလာဟာ အောက်နှုတ်ခမ်းကိုဖိကိုက်ရင်းသာ သည်းခံနေလိုက်တယ်။
ခဏအကြာမှာတော့ နယ်စားမင်းတော့ဒ်ရဲ့ကိုယ်ရံတော်တွေက အိုင်းရင်းကို လက်နှစ်ဖက်ကနေချုပ်ပြီး အိပ်ခန်းထဲကို တရွတ်ဆွဲပြီးခေါ်ဆောင်လာခဲ့တယ်။ သူ(မ)ကတော့ ဘာကြောင့် ဒီလိုဆွဲခေါ်ခံလာရတယ်ဆိုတာကိုမသိရှာဘဲ အံ့ဩနေတဲ့အမူအရာမျိုးနဲ့….
“သ..သခင်ကြီး။ သခင်မ”
“အိုင်းရင်း”
အက်ဇလာက သူ(မ)ရဲ့အစေခံကိုကာကွယ်ပေးဖို့အတွက် ထရပ်ဖို့ကြိုးစားကြည့်ပေမဲ့ ဒန်နီရယ်က ပခုံးကိုခပ်တင်းတင်းဆုပ်ကိုင်ထားတာကြောင့် မလှုပ်ရှားနိုင်ခဲ့ဘူး။ အက်ဇလာခမျာ စိုးရိမ်သောကအပြည့်နဲ့ အောက်နှုတ်ခမ်းကိုဖိကိုက်ထားလိုက်မိတယ်။
“ဒူးထောက်စမ်း”
ဒန်နီရယ်ရဲ့အမိန့်အောက်မှာ ကိုယ်ရံတော်တွေက အိုင်းရင်းကို ကြမ်းပြင်ပေါ်ကို ကြမ်းကြမ်းတမ်းတမ်းတွန်းချလိုက်တယ်။ အဲဒီနောက်တော့ ခြေထောက်ကို ဖိနင်းပြီး အိုင်းရင်းကို အတင်းအကျပ်ဒူးထောက်ခိုင်းလိုက်တယ်။
“အား”
ကြီးမားလေးလံတဲ့ခြေထောက်တွေနဲ့ ဖိနင်းခံလိုက်ရတဲ့ အိုင်းရင်းရဲ့နာနာကျင်ကျင်အော်ဟစ်သံက အိပ်ခန်းထဲမှာပဲ့တင်ထပ်သွားတယ်။ ဒါပေမဲ့ ဒန်နီရယ်က ဒါကို ပြုံးပြီးကြည့်နေခဲ့တယ်။
ဒီလူက ဒီလိုပုံစံမျိုးလား။
အက်ဇလာရဲ့မျက်နှာပေါ်မှာ ကြောက်ရွံ့မှုနဲ့ထိတ်လန့်မှုတို့ ဖြတ်ပြေးသွားတယ်။ သူ(မ)အဖို့ သူနဲ့စိမ်းသက်သွားသလို ခံစားလိုက်ရတယ်။ စလေဗီယာ ရောက်လာပြီးနောက်မှာ သူ(မ)က အေးတိအေးစက်ဆက်ဆံခံနေခဲ့ရပေမဲ့ အက်ဇလာသိခဲ့ဖူးတဲ့ဒန်နီရယ်ဆိုတာ ဆင်းရဲဒုက္ခကို နားလည်ခံစားနိုင်သူတစ်ဦးဖြစ်ပြီး အကြောင်းပြချက်မရှိဘဲ တိရစ္ဆာန်အသေးလေးတစ်ကောင်ကိုတောင် ဘယ်တုန်းကမှမသတ်ခဲ့ဘူး။
အခုတော့ သူ ပြောင်းလဲသွားပြီပဲ။ မဲ့ပြုံးပြုံးလိုက်တဲ့ အဲ့ဒီနီစွေးစွေးနှုတ်ခမ်းလေးတွေမှာတောင် သွေးတွေစွန်းထင်းနေတယ်လို့ထင်မှတ်ရလောက်အောင် သူ(မ)ကို ကြက်သီးထသွားစေခဲ့တယ်။
“အိုင်းရင်း”
“……ဟုတ်ကဲ့”
“ဒီနေ့ ပန်းခြံထဲမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ မင်းသိမှာပါ”
“ဟုတ်ကဲ့ သိပါတယ်”
အိုင်းရင်းက သူ(မ)ရဲ့ညည်းတွားသံကိုထိန်းရင်း ဒန်နီရယ်ရဲ့မေးခွန်းကို ပြန်ဖြေလိုက်တယ်။ တစ်ခုခုတော့မှားနေပြီလို့ သူ(မ)အလိုလိုခံစားသိလိုက်တယ်။ အိုင်းရင်းခမျာ ချွေးစေးတွေကျလာပြီး အက်ဇလာကိုကြည့်လိုက်တယ်။ သူ(မ)ရဲ့သခင်မက ခေါင်းကို အသာယမ်းပြလိုက်လေတယ်။
အဓိပ္ပာယ်ကတော့ ဘာမှမပြောဖို့ပါ။
“ဒီနေ့ အက်ဇလာက စလေဗီယာကို စော်ကားလိုက်တယ်လို့ ကြားတယ်”
“……”
ဒန်နီရယ်ရဲ့စကားကြောင့် အိုင်းရင်း အသက်ပြင်းပြင်းရှူပြီး ခေါင်းမော့ကြည့်လိုက်တယ်။
သူ(မ)ကို စော်ကားခဲ့တာလား။ စလေဗီယာကိုလား။ စော်ကားခံရတာ သူ့သခင်မ မဟုတ်ဘူးလား။
အကြောင်းအရာပြောင်းလဲသွားတာကို သူ(မ)နားမလည်နိုင်ဘဲ ခေါင်းလေးစောင်းရင်းစဉ်းစားလိုက်မိတယ်။ ဒါပေမဲ့ ဒန်နီရယ်က သူ(မ)ရဲ့ဇာတ်လမ်းကို နားထောင်ဖို့ ဒီနေရာကိုခေါ်လိုက်တာဟုတ်ပုံမရဘူး။
“အိုင်းရင်း..အဲဒီအချိန်တောအတွင်းမှာ မင်းဘယ်ရောက်နေခဲ့လဲ.. ဘာလုပ်နေခဲ့လဲ”
“ရှင် ကျွန်မ..ကျွန်မ……”
“သခင်ဖြစ်သူက တစ်ခုခုအမှားလုပ်မိရင် သူ့ကိုတားဖို့က မင်းတာဝန်ပဲလေ”
ဖိနှိပ်ထားတဲ့ဒန်နီရယ်ရဲ့အသံကြောင့် အိုင်းရင်းခမျာ နှုတ်ခမ်းကိုစေ့လို့ ခေါင်းငုံ့ထားလိုက်တယ်။ သူ(မ)ဘယ်လိုပဲတွေးတွေး ဒီအခြေအနေကို လုံးဝ နားမလည်နိုင်ပါဘူး။ ရှုပ်ထွေးနေတဲ့ အိုင်းရင်းရဲ့အတွေးတွေမဆုံးခင်မှာပဲ ဓားသွားလိုထက်ရှတဲ့ဒန်နီရယ်ရဲ့အသံကို ထပ်ကြားလိုက်ရတယ်။
“သခင်ဖြစ်သူက အမှားလုပ်မိရင် လက်အောက်ငယ်သားက အပြစ်ဒဏ်ခံရသင့်တယ်”
အရုပ်တစ်ရုပ်နဲ့ကစားရင်း ကျေနပ်နေတဲ့ကလေးတစ်ယောက်လိုအသံကြောင့် အိုင်းရင်းလည်း ကြောက်လန့်တကြားအမူအရာနဲ့ ခေါင်းကိုမော့ပြီး ဒန်နီရယ်နဲ့အက်ဇလာကို ကြည့်လိုက်တယ်။
သူ(မ)ဟာ ဒန်နီရယ်ရဲ့ချုပ်ကိုင်မှုအောက်မှာ မျက်မှောင်ကြုတ်ထားပေမဲ့ စိုးရိမ်သောကတို့ကလည်း သူ(မ)မျက်နှာအနှံ့ဖုံးလွှမ်းထားလေတယ်။
******
SWARA WEBNOVEL TRANSLATION