Part-6
ဒီဇာတ်လမ်းက မပြီးသေးဘူး
(အပိုင်း ၆)
မူရင်း စာရေးသူ – 정으뜸
ဘာသာပြန် – Carmen
Editor – Aurelia
******
T/W- အကြမ်းဖက်မှုမြင်ကွင်းများနှင့် အိမ်တွင်းအကြမ်းဖက်မှု။
သူ(မ) အက်ဇလာရဲ့အစေခံဖြစ်လာခဲ့တာ ဆယ်နှစ်ရှိသွားပါပြီ။ အခုဆိုရင် ဘာတွေဖြစ်နေတာလဲဆိုတာကို ချက်ချင်းသဘောပေါက်လိုက်ပါတယ်။
ဒါပေမဲ့ သူ(မ)က ပျော်ရွှင်ခဲ့ရတဲ့အစေခံတစ်ယောက်ဖြစ်ခဲ့တယ်။ အဲ့ဒါကြောင့် သူ(မ)အနေနဲ့ သခင်မကို ဒုက္ခရောက်အောင် ဘယ်တော့မှမလုပ်သင့်ဘူးလေ။ အိုင်းရင်း ခပ်ယဲ့ယဲ့ပြုံးရယ်လိုက်ပြီး ခေါင်းငုံ့ထားလိုက်တယ်။
“ဟုတ်ကဲ့.. ကျွန်မ နားလည်ပါတယ်”
“အိုင်းရင်း”
အိုင်းရင်းရဲ့အတည်ပြုချက်ကြောင့် ဒန်နီရယ်က ရယ်မောလိုက်ပြီး အက်ဇလာကတော့ လန့်သွားခဲ့တယ်။
“မဟုတ်ဘူး…အဲဒါက ငါ့အမှားပါ”
အက်ဇလာက ဒန်နီရယ်ရဲ့လက်ကို ပခုံးယမ်းလို့ ဖယ်ပစ်လိုက်ပြီး သူ့ခြေရင်းမှာ ဒူးထောက်ထိုင်ချလိုက်တယ်။ သူ့ရှေ့မှာရှိနေတဲ့အက်ဇလာကို မြင်လိုက်ရတဲ့အခိုက် အိုင်းရင်းလည်း သတိမထားမိပါဘဲ ငိုချပစ်ချင်သလိုခံစားလိုက်ရတယ်။
သူ(မ)က ဘာမှမဟုတ်တဲ့လူပါ။ သူ(မ)အတွက်နဲ့ ဒီလိုလုပ်ပေးနိုင်တဲ့သခင်မျိုး ဘယ်မှာရှိဦးမှာတဲ့လဲ။
“ဒီတိုင်း ငါ့ကိုပဲအပြစ်လိုက်ပေးပါတော့ ဒန်နီရယ်။ အိုင်းရင်း …… အိုင်းရင်းနဲ့ ဘာမှမှမဆိုင်တာ။ ကျေးဇူးပြုပြီး…”
အက်ဇလာက သူ့ခြေရင်းမှာဒူးထောက်ပြီး မျက်ရည်အရွှဲသားနဲ့ တောင်းဆိုနေတာကိုတောင် ဒန်နီရယ်က ပိုပြီးဒေါသထွက်လာခဲ့တယ်။
သူ(မ)အနေနဲ့ စလေဗီယာ့ဘက်က ရင်းနှီးချင်တယ်လို့ပြောလာတဲ့ အကြံပြုချက်ကို လက်ခံခဲ့သင့်တယ်။ စလေဗီယာက သူ(မ)ကို ‘အက်ဇလာ’ လို့ခေါ်ချင်တယ်ဆိုတုန်းက သဘောတူခဲ့သင့်တယ်။ မဖြစ်စလောက်မာနလေးကို စွန့်လွှတ်လိုက်ရတာက မိသားစုဝင်လိုဖြစ်နေတဲ့ ကလေးတစ်ယောက်ကို အပြစ်ပေးတာထက်တော့ ပိုသာသေးတယ်မဟုတ်လား။
အက်ဇလာတစ်ယောက် ဒန်နီရယ်ရဲ့ခြေရင်းမှာ ပြားပြားဝပ်နေပြီး ပါးပြင်ပေါ်မှာလည်း မျက်ရည်တွေစီးကျနေတယ်။ ဒါပေမဲ့ အဲ့ဒီလိုပုံစံဖြစ်နေတဲ့ အက်ဇလာကိုတောင် ဂရုမစိုက်တော့တာကြောင့် ဒန်နီရယ်ဟာ အေးတိအေးစက်အမူအရာနဲ့ လက်မြှောက်လိုက်တယ်။ နောက်တော့ သူက ကိုယ်ရံတော်ကို လက်ဟန်ပြလိုက်တယ်။
ဒုန်း..
အဲ့ဒီအခိုက်အတန့်လေးမှာ ကျယ်လောင်တဲ့အသံတစ်သံ ထွက်ပေါ်လာတယ်။ အက်ဇလာခမျာ လန့်ဖျပ်သွားပြီး အနောက်ကို အမြန်လှည့်ကြည့်လိုက်ချိန်မှာ အိုင်းရင်းက ခေါင်းကိုဆုပ်ကိုင်ထားရင်း ကြွေပြားကြမ်းပြင်ပေါ်မှာ လဲကျနေတာကို တွေ့လိုက်ရတယ်။
သူ(မ)ရဲ့အနောက်မှာရပ်နေတဲ့ ကိုယ်ရံတော်တစ်ယောက်က ခြေထောက်ကိုမြှောက်ပြီး အိုင်းရင်းရဲ့နောက်စေ့ကို အကြမ်းပတမ်းဖိနင်းထားတယ်။ ပြင်ဆင်ချိန်တောင်မရှိလိုက်ဘဲ ခေါင်းကို ကြမ်းပြင်ပေါ် အားနဲ့ဖိနင်းခံလိုက်ရတာကြောင့် နှာခေါင်းရိုးများကျိုးသွားပြီလားလို့တောင် တွေးလိုက်မိပါရဲ့။ တကယ်တမ်းလည်း သူ(မ)ရဲ့နှာခေါင်းထဲကသွေးတွေက ကြမ်းပြင်ပေါ်ကို စီးကျလာတယ်။
“မင်းကများ သူ့ကို ခြေထောက်နဲ့နင်းရဲတယ်ပေါ့”
အက်ဇလာက သူ(မ)ရဲ့အစေခံဖြစ်ပျက်နေရှာတဲ့ပုံစံကို မြင်လိုက်ရတာကြောင့် ထိတ်လန့်တကြားနဲ့ အော်ဟစ်လိုက်ပေမဲ့ ကိုယ်ရံတော်ကတော့ တုတ်တုတ်တောင်မလှုပ်။ အမှုထမ်းတွေက သခင်မအက်ဇလာထက် သခင်ဖြစ်သူ ဒန်နီရယ်ကိုသာ ခစားကြတာဖြစ်တယ်။ အက်ဇလာလည်း တုန်ရီနေတဲ့ခန္ဓာကိုယ်နဲ့ ဒန်နီရယ့်ကို ကြည့်လိုက်တယ်။
“ငါ မင်းရဲ့ပိုင်ဆိုင်မှုကိုထိတာက မင်း အသိတရားရလာအောင်လို့ပဲ။ အခုလိုမျိုး မင်းရဲ့အရင်တုန်းကပုံစံကို မြင်လိုက်ရတာ ငါ နည်းနည်းတောင် စိတ်ပျော်သွားပြီ”
“ဒန်နီရယ်”
အက်ဇလာရဲ့အော်သံကြောင့် ဒန်နီရယ်က မျက်မှောင်ကြုတ်သွားပြီး ဒူးထောက်ထားတဲ့ အက်ဇလာရဲ့ဝတ်ရုံကော်လာကိုဆွဲကိုင်ရင်း သူ့အနားကိုဆောင့်ဆွဲလိုက်တယ်။ သူတို့နှစ်ဦး နီးကပ်လာတာနဲ့အမျှ နှုတ်ခမ်းသားတွေ ထိစပ်တော့မလိုဖြစ်နေပေမဲ့လည်း နှစ်ယောက်သားကြားမှာ ဘာစိတ်လှုပ်ရှားမှုမျိုးမှ ရှိမနေပါဘူး။ သူက ကြောက်ရွံ့မှုကြောင့်တုန်ယင်နေတဲ့ အက်ဇလာကို စေ့စေ့ကြည့်ရင်း အော်ပြောလိုက်တယ်။
“မင်းရဲ့လူ ဒဏ်ရာရတာကိုမမြင်ချင်ရင် တခြားသူရဲ့ပိုင်ဆိုင်မှုကိုလည်း လာမထိသင့်ဘူးလေ။ စလေဗီယာက ငါ့အပိုင်ဆိုတာကို မင်း မေ့နေတာလား”
မင်းလူနဲ့ ငါ့လူ။ ဒန်နီရယ်က အက်ဇလာနဲ့သူ့ကြားမှာ စည်းခြားလိုက်တယ်။ “သူ့အပိုင်”ဆိုတဲ့ စည်းတစ်ဖက်ခြမ်းမှာ အက်ဇလာ မပါဝင်ပါဘူးတဲ့လေ။ သူက သူ(မ)ကို မချစ်ဘူးပဲ။ ဒါဟာ အက်ဇလာ သူ့ကိုမြင်တိုင်း ခံစားခဲ့ရတဲ့အမှန်တရားတစ်ခုပဲ ဖြစ်ပါတယ်။
“ကျွန်မ စကားတစ်ခွန်းလောက်ပြောလို့ရမလား သခင်ကြီး”
အိုင်းရင်းက ဒီလိုကိစ္စတွေကို ကြိုတွေးထားပြီးသလိုမျိုး တည်ငြိမ်နေတယ်။ ဒန်နီရယ် လက်ပြလိုက်ချိန်မှာ အိုင်းရင်းရဲ့ခေါင်းကို ဖိနင်းထားတဲ့ကိုယ်ရံတော်က နောက်ပြန်ဆုတ်သွားတယ်။ အိုင်းရင်းက ဖြည်းဖြည်းချင်းခေါင်းမော့လိုက်တယ်။ သူ(မ)ရဲ့နှာရိုးက အတန်ငယ်ရွဲ့စောင်းနေပြီး သွေးတွေယိုစီးနေလေတယ်။
အက်ဇလာက သူ(မ)ရဲ့အစေခံ ဒီလိုပုံစံဖြစ်နေတာကို မကြည့်ရက်နိုင်လို့ မျက်လုံးတွေကိုတင်းတင်းမှိတ်ထားလိုက်တယ်။ သူ(မ)ရဲ့ပါးပြင်ပေါ်မှာတော့ မျက်ရည်တွေရွှဲလို့ပေါ့။
“သခင်ကြီးချစ်နေတဲ့ အဲဒီမိန်းမက သခင်မကို ဘာတွေပြောလိုက်လဲဆိုတာရော မသိချင်ဘူးလား”
“…… အဲဒီမိန်းမတဲ့လား”
ဒန်နီရယ်က စလေဗီယာ့ကိုခေါ်လိုက်တဲ့ အိုင်းရင်းရဲ့နာမ်စားကြောင့် မျက်ခုံးပင့်လိုက်လေတယ်။ အက်ဇလာခမျာ ပြင်းထန်လာတဲ့လေထုမှာ ဘာလုပ်ရမှန်းမသိဖြစ်နေပေမဲ့ အိုင်းရင်းကတော့ အဲ့ဒီအရှိန်အဝါကြောင့် စိတ်မပြောင်းသွားဘဲ မကြောက်မရွံ့ဆက်ပြောလေတယ်။
“သူပြောတာက တခြားမိန်းမတစ်ယောက်ရဲ့ယောက်ျားကို လုယူရတဲ့ အောင်မြင်မှုရဲ့ခံစားချက်က စိတ်လှုပ်ရှားစရာကောင်းတယ်တဲ့”
အိုင်းရင်းရဲ့စကားကြောင့် ဒန်နီရယ်ရဲ့ပခုံးတွေ လှုပ်ခါသွားရတယ်။
“သူက သခင်မရဲ့ နာမည်ကို အမည်တပ်ခေါ်ပြီးတော့ ဒီအိမ်ကြီးထဲမှာပဲ စံအိမ်သခင်မကို စော်ကားခဲ့တာ။ မျိုးရိုးမြင့်တွေ အငယ်အနှောင်းထားတာက သာမန်ပဲဆိုပေမဲ့ ဘယ်ကိုယ်လုပ်တော်ကမှ မိသားစုရဲ့သခင်မကို ဒီလိုနည်းလမ်းနဲ့ မစော်ကားရဲကြပါဘူး”
ဒန်နီရယ်က တည်ငြိမ်နေတဲ့အိုင်းရင်းရဲ့လေသံကြောင့် စိတ်ပူပန်သွားပုံရပေမဲ့ နောက်တော့ နှာမှုတ်ပြီး ခေါင်းယမ်းပြလိုက်တယ်။
“မလိမ်စမ်းပါနဲ့ အိုင်းရင်း..။ အောင်မြင်မှုရဲ့ခံစားချက်ဟုတ်လား။ စလေဗီယာက ဒီလိုစကားမျိုးကို ဘယ်လိုမှပြောနိုင်မှာမဟုတ်တဲ့ ဖြူစင်ရိုးသားတဲ့ မိန်းကလေးတစ်ယောက်ပဲ။ ကြည့်ရတာ မင်းက အပြစ်ဒဏ်ကို ရှောင်ချင်နေပုံရတယ်။ ဒါပေမဲ့ မင်းလိမ်မယ်ဆိုရင်တောင် သေချာလေးတော့ လိမ်သင့်တာပေါ့”
“အဲဒီနေရာမှာရှိနေတဲ့ လူတွေအားလုံး ကြားလိုက်ကြတာပဲ။ သေချာစုံစမ်းကြည့်ရင် ဘယ်သူကလိမ်နေတာလဲဆိုတာ သခင်ကြီးသိမှာပါ။ ကျွန်တော်မျိုးမ ဒီလိုအခြေအနေမျိုးမှာ ဘယ်လိုလုပ်ပြီးတော့ ကိုယ့်သခင်ကိုယ်လိမ်ညာပြီး ပြောရဲမှာလဲ”
ယုံကြည်မှုရှိနေတဲ့ အိုင်းရင်းရဲ့လေသံကြောင့် ဒန်နီရယ်ရဲ့မျက်နှာက စက္ကူတစ်ရွက်အလား ရှုံ့တွသွားတယ်။ အစကတည်းက သခင်ကြီး သူ(မ)ကို ယုံကြည်လိမ့်မယ်လို့ မမျှော်လင့်ထားတာကြောင့် အိုင်းရင်းက သူ ခေါင်းခါလိုက်ချိန်မှာလည်း တည်တည်ငြိမ်ငြိမ်ပဲတုံ့ပြန်နိုင်ခဲ့တယ်။
“ဒါကတော့ မသိနိုင်ဘူးလေ။ တစ်စုံတစ်ယောက်က မျိုးရိုးမြင့်တွေရဲ့အာဏာကိုသုံးပြီးတော့ စံအိမ်ထဲက အစေခံတွေအားလုံးကို ထိန်းချုပ်ရင် ထိန်းချုပ်ထားမှာပေါ့”
“…..ကျွန်တော်မျိုးမရဲ့ သခင်မက ညတိုင်း ငိုနေခဲ့ရတာပါ”
သူ(မ)အနေနဲ့ သခင်မအကြောင်း ပြောလိုက်ရုံလေးနဲ့တင် လည်ချောင်းထဲဆို့နင့်လာရတယ်။ အိုင်းရင်းက ကျဆင်းခါနီးမျက်ရည်တွေကို ထိန်းထားလိုက်ပြီး စကားကိုဆက်ပြောလာတယ်။
“သူ့မှာ ကျွန်မစိတ်ပူနေမှာစိုးလို့ ညစဉ်ညတိုင်း မျက်နှာကို ခေါင်းအုံးပေါ်မြှုပ်ပြီး ငိုနေခဲ့ရတာ…ငိုချင်တိုင်း ငိုလို့မရတာက ဘယ်လောက်တောင်သနားစရာကောင်းလဲဆိုတာ သခင်ကြီးမသိပါဘူး”
အိုင်းရင်းက သည်းမခံနိုင်တော့ဘဲ မျက်ရည်တွေကျဆင်းလာပြီး သူ(မ)ရဲ့စကားကို အဆုံးသတ်လိုက်တယ်။ သူ့သခင်မအက်ဇလာအကြောင်းကို စဉ်းစားမိတိုင်းမှာ သူ(မ)ရဲ့မိခင်ကိုသတိရလိုက်မိသလိုမျိုး မျက်ရည်တွေသာ အရင်ကျဆင်းလာခဲ့တယ်။ အမြဲတမ်းစိတ်ရှည်ပြီးတော့ သည်းညည်းခံနေရတဲ့ သခင်မအကြောင်းကို စဉ်းစားလိုက်မိရုံနဲ့ကို သူ(မ) သည်းမခံနိုင်တော့ဘူး။
“သခင်ကြီး တစ်ချိန်ကချစ်ခဲ့ဖူးတဲ့သူ၊ ကျွန်တော်မျိုးမ ခစားနေတဲ့လူက တော့ဒ်မိသားစုရဲ့ သခင်မပါ။ သခင်မငိုနေတဲ့ အကြိမ်ဆယ်ခါမှာ တစ်ကြိမ်ပဲဖြစ်ဖြစ် သူ့အနားမှာ ရှိနေခဲ့ဖူးသလား”
“…အိုင်းရင်း”
“သခင်မ.. ကျွန်တော်မျိုးမ သခင်မပြုံးရယ်နေတာပဲ မြင်ချင်ပါတယ်”
အိုင်းရင်းရဲ့စကားမဆုံးခင်မှာပဲ အက်ဇလာရဲ့ပါးပြင်ထက်မှာ မျက်ရည်တွေစီးကျလာတယ်။ သူ(မ)ခမျာ ကောင်းကောင်းကန်းကန်း ဘာမှမလုပ်ခဲ့ရဖူးပါဘဲ အသက်ငယ်ငယ်ရွယ်ရွယ်လေးနဲ့ မှားယွင်းတဲ့သခင်မနဲ့တွေ့ခဲ့ရပြီး ဆင်းရဲဒုက္ခတွေပဲ ခံစားခဲ့ရရှာတယ်။ အက်ဇလာအတွက်တော့ အိုင်းရင်းက ညီမတစ်ယောက်ဖြစ်ပြီး သူငယ်ချင်းတစ်ယောက်ဆိုလည်းမမှားပါဘူး။ မိသားစုဝင်တစ်ယောက်ဆိုလည်း ဟုတ်တာပါပဲ။
“ဒါပဲလား”
ဒန်နီရယ်က အလှည့်ကျငိုနေတဲ့ အိုင်းရင်းနဲ့အက်ဇလာကိုကြည့်ပြီး အေးတိအေးစက်ပြုံးလိုက်တယ်။ ဒါကိုမြင်တော့ အက်ဇလာ့စိတ်ထဲ ပိုသေချာသွားရတယ်။ ဒန်နီရယ်က ပြောင်းလဲသွားခဲ့ပြီ။ သူ(မ)ချစ်မြတ်နိုးခဲ့ဖူးတဲ့ ဒန်နီရယ်ကို ဘယ်နေရာမှာမှရှာမတွေ့နိုင်တော့ဘူး။
“ဟုတ်ကဲ့ ဒါပါပဲ”
အိုင်းရင်းက နှာခေါင်းရှုံ့လိုက်ပြီး မျက်ရည်တွေကို လက်ခုံနဲ့သုတ်လိုက်တယ်။ ဒန်နီရယ်ကတော့ မျက်နှာပေါ်မှာ ဘာမှမပြောင်းလဲသွားတဲ့အမူအရာမျိုးဆင်မြန်းရင်း လက်မြှောက်လိုက်တယ်။ ကိုယ်ရံတော်က သူ့လက်ဟန်အမူအရာကို နားလည်သွားတဲ့အကြည့်မျိုးနဲ့ ခေါင်းညိတ်လိုက်တယ်။ အက်ဇလာရဲ့ရင်ထဲ စိုးရိမ်သောကတွေလှိုင်းထန်သွားရတယ်။
ကြည့်ရတာ အိုင်းရင်းကို တစ်နေရာရာကိုခေါ်သွားပြီး နှိပ်စက်ချင်နေတာ ဖြစ်လောက်တယ်။ ဒါမှမဟုတ်လည်း သူ(မ)ကို ဒီစံအိမ်ကြီးကနေ နှင်ထုတ်လိုက်ပြီး သူတို့ ဘယ်တော့မှထပ်မတွေ့ရလောက်တော့တာမျိုးများလား။
အက်ဇလာက ဒန်နီရယ့်ကို စိုးရိမ်ပူပန်နေတဲ့မျက်ဝန်းတွေနဲ့ ကြည့်နေခဲ့တယ်။ အဲ့ဒီအကြည့်ကိုသတိထားမိတဲ့ ဒန်နီယယ်က အက်ဇလာကို လှလှပပလေးပြုံးပြလာတယ်။ စိုးရိမ်စိတ်တွေက သူ(မ)တစ်ကိုယ်လုံးကို ပျံ့နှံ့သွားလေတော့တယ်။
အဲ့ဒီအဖြစ်အပျက်ဟာ အဲ့ဒီအချိန်လေးအတွင်းမှာပဲ ဖြစ်ပျက်ခဲ့တယ်။
ကြောက်မက်ဖွယ်ကောင်းတဲ့ အရေပြားစုတ်ပြဲသွားသံနဲ့အတူ ရွံရှာစရာကောင်းတဲ့ သွေးညှီနံ့က သူ(မ)ရဲ့အိပ်ခန်းထဲမှာပြည့်လျှံသွားတယ်။ အကြောင်းကတော့ ကိုယ်ရံတော်တစ်ဦးက သူ့ခါးမှာချိတ်ထားတဲ့ဓားအိမ်ထဲကနေ ဓားရှည်တစ်လက်ကိုဆွဲထုတ်ပြီး အိုင်းရင်းရဲ့ရင်ဘတ်ကို တည့်တည့်ထိုးဖောက်ပစ်လိုက်လို့ပါပဲ။ အိုင်းရင်းရဲ့သွေးတွေက အဖြူရောင်ကော်ဇောပေါ်ကို စီးကျလာခဲ့တယ်။
“ဘုရားရေ…အိုင်းရင်း”
နုနယ်ပြီးသေးသွယ်လှတဲ့ အိုင်းရင်းရဲ့ခန္ဓာကိုယ်မှာ ဓားရှည်ကြီးတစ်ချောင်း ထုတ်ချင်းပေါက်စိုက်ဝင်နေရှာတယ်။ အက်ဇလာက သူ(မ)မျက်စိရှေ့မှာ ဖြစ်ပျက်နေတဲ့ အဲ့ဒီမြင်ကွင်းကြောင့် မသိလိုက်ပါဘဲ အသက်ရှူတောင်အောင့်ထားလိုက်မိတယ်။
သူ(မ)… သူ(မ) အခု အိပ်မက်မက်နေတာမဟုတ်လား။ တောင့်တင်းနေတဲ့လည်ပင်းကိုလှည့်ပြီး သူ့ရှေ့ကဒန်နီရယ်ကိုကြည့်လိုက်တယ်။
“ဘာ.. ဒါကဘာလဲ”
အက်ဇလာရဲ့မျက်ဝန်းအကြည့်တွေက ပြတ်သားမှုမရှိဘဲထွေနေပြီး အဲ့ဒီမျက်ဝန်းတွေထဲမှာ ဒန်နီရယ်ရဲ့အပြုံးလှလှလေးတစ်ပွင့်က ထင်ဟပ်နေခဲ့တယ်။
“ငါ မင်းကိုပြောခဲ့သားပဲ”
ဖော်ရွေပြတ်သားတဲ့အသံမျိုးနဲ့ ပြန်ဖြေလာတဲ့ဒန်နီရယ်က သူ့ရဲ့အပြုံးလှလှလေးကို တည်ပစ်လိုက်ပြီး ခက်ထန်တဲ့မျက်နှာထားမျိုးနဲ့ ဆက်ပြောလာတယ်။
“သူတစ်ပါးရဲ့ပိုင်ဆိုင်မှုကိုလာထိမိရင် တန်ဖိုးအတိုင်းပြန်ပေးဆပ်ရမှာပဲ…။
ပြီးတော့ မင်းလည်းအပြစ်ပေးခံရလိမ့်မယ်”
အက်ဇလာက ခေါင်းကို နောက်တစ်ကြိမ်လှည့်ပြီး သူ(မ)ရဲ့အရှေ့ကို ကြည့်လိုက်တယ်။ အခုဆိုရင် ကော်ဇောက လုံးဝချင်းချင်းနီသွားလေပြီ။ အက်ဇလာက တုန်ရီနေတဲ့သူ(မ)ရဲ့လက်တွေကိုမြှောက်ပြီး ဆံပင်တွေကိုဆွဲဆုပ်ထားလိုက်မိတယ်။
“အား……အား……အားးး”
အိပ်ခန်းအတွင်းမှာ ပျံ့လွင့်နေတဲ့ တစ်ခုတည်းသောအသံဟာ အက်ဇလာရဲ့ငိုကြွေးသံနဲ့အော်ဟစ်သံပါပဲ။ ဒန်နီရယ်ရဲ့လက်ဟန်ကြောင့် ကိုယ်ရံတော်က ဓားသွားကို ပြန်ဆွဲထုတ်လိုက်ချိန်မှာ အိုင်းရင်းက ကူကယ်ရာမဲ့စွာနဲ့ ရှေ့ကိုလဲကျသွားခဲ့တယ်။ သူ(မ)ရဲ့ခန္ဓာကိုယ်ကနေ စီးကျလာတဲ့သွေးတွေကြောင့် အိပ်ခန်းကြမ်းပြင်က ချင်းချင်းနီနေလေတယ်။
‘ဒါက အိပ်မက်ပဲဖြစ်မယ်။ ဟုတ်တယ်..အိပ်မက်ဖြစ်ရမယ်။ ဘယ်လိုမှ တကယ် မဖြစ်နိုင်ဘူး’
အက်ဇလာက တုန်ရီနေတဲ့လက်အစုံနဲ့ ပါးပြင်ကို ခပ်ပြင်းပြင်းရိုက်ချလိုက်တယ်။ ပါးပြင်တွေ ကျိန်းစပ်နေတာကိုခံစားရပေမဲ့ သူ(မ)ရဲ့အကြည့်တွေက အာရုံစူးစိုက်မှုမရှိတော့ဘဲ အိုင်းရင်းရဲ့ကိုယ်ပေါ်မှာသာ ငြိတွယ်နေခဲ့တယ်။
“ဒါက အိပ်မက်တစ်ခုလို့မင်းထင်နေတာလား”
အက်ဇလာကို လှောင်ရယ်နေသလိုမျိုး နံဘေးကထွက်ပေါ်လာတဲ့ဒန်နီရယ်ရဲ့အသံက လက်တွေ့ဆန်လွန်းလှပါရဲ့လေ။
ဒါက အိပ်မက်တစ်ခုမဟုတ်ဘူး။ ဒါက တကယ့်လက်တွေ့ပဲ။
နီရဲရောင်ရမ်းနေတဲ့ပါးပြင်တွေကို ပွတ်သတ်နေတဲ့အက်ဇလာက ခေါင်းမော့ပြီး ဒန်နီရယ်ကိုကြည့်လိုက်တယ်။ နောက်တော့ သတိလက်လွတ်နဲ့ လက်မြှောက်ပြီး သူ့ပါးပြင်ပေါ်ကို အားနဲ့ရိုက်ချလိုက်တယ်။ ဒန်နီရယ်ရဲ့ခေါင်းက တစ်ဖက်ကို လည်ထွက်သွားတယ်။ စပ်ဖျင်းဖျင်းကျန်နေခဲ့တဲ့ သူ(မ)ရဲ့လက်ဖဝါးနဲ့ ဖိကိုက်ထားမိတဲ့အောက်နှုတ်ခမ်းတို့မှာ နာကျင်လွန်းလှပါရဲ့။
“ဘယ်လို… ဘယ်လိုလုပ်ပြီး အိုင်းရင်းကို ဒီလိုမျိုးလုပ်နိုင်ရတာလဲ”
“မင်း သူ့ကို အရင်လာမထိသင့်ခဲ့ဘူးလေ”
ဒန်နီရယ်ကို မုန်းတီးမှုအပြည့်နဲ့ရိုက်မိခြင်းက ဒါ ပထမဆုံးအကြိမ်ပါပဲ။ ရိုက်မိသွားတဲ့ပါးပြင်ကိုပွတ်သပ်ရင်း အက်ဇလာ့ကိုခွန်းတုံ့ပြန်လာတဲ့လေသံက ဂုဏ်သိက္ခာအပြည့်နဲ့ဖြစ်နေလေတယ်။ ဒီလိုအခြေအနေမျိုးမှာတောင် ဒန်နီရယ်ဟာ စလေဗီယာရဲ့အကြောင်းကိုပဲ တွေးနေခဲ့ပါတယ်။
‘မင်း အစကတည်းက အဲဒါကိုသွားမထိခဲ့သင့်တာ..’
သူဟာ နောင်တရခြင်းအလျဉ်းမရှိ။ အပြစ်ရှိသလိုခံစားရခြင်းနတ္ထိ။ သူ့လုပ်ရပ်အတွက် ဆင်ခြင်နိုင်ခြင်းလုံးဝမရှိလေဘူး။ အက်ဇလာရဲ့မျက်လုံးထဲကနေ မျက်ရည်တွေ အဆက်မပြတ်စီးကျလာတယ်။
သူ ပြောတာအမှန်ပဲ။ သူ(မ)ကို သွားမထိခဲ့သင့်ဘူး။ စလေဗီယာက သူ(မ)ရဲ့နာမည်ကို အမည်တပ်ခေါ်တယ်ဆိုရင်တောင်၊ ပါးရိုက်ခံခဲ့ရတယ်ဆိုရင်တောင် အက်ဇလာအနေနဲ့ ဘာတွေပဲဖြစ်ဖြစ် စလေဗီယာကို သွားမထိသင့်ဘူး။
အဲဒီလိုဆိုရင် အိုင်းရင်းလည်း ဒီလိုဖြစ်လာမှာမဟုတ်ဘူး။ တကယ်တမ်းတော့ ဒါတွေအားလုံးက သူ့အပြစ်တွေပဲ။
***
SEMPER
SWARA WEBNOVEL TRANSLATION