Part-7
ဒီဇာတ်လမ်းက မပြီးသေးဘူး
(အပိုင်း ၇)
မူရင်း စာရေးသူ – 정으뜸
ဘာသာပြန် – Carmen
Editor – Aurelia
*****
“ငါ ဒါကိုမလုပ်နိုင်ဘူး… အိုင်း…အိုင်းရင်း…”
အက်ဇလာက ခေါင်းလှည့်လိုက်ပြီး ကြမ်းပြင်ပေါ်မှာလဲကျနေတဲ့ အိုင်းရင်းရဲ့ခန္ဓာကိုယ်ဆီကို တွားသွားလိုက်တယ်။
သူ(မ)ရဲ့ခြေလက်အစုံမှာရှိတဲ့ ခွန်အားတွေအားလုံး ဆုတ်ယုတ်ပျောက်ဆုံးသွားရပြီး မတ်တတ်တောင်မရပ်နိုင်တော့ပါဘူး။ သူ(မ)ရဲ့ဒူးခေါင်းထက်မှာ ပွန်းပဲ့ရာတွေပေါ်လာပေမဲ့ နာကျင်မှုကိုမခံစားမိခဲ့ဘူး။
သူ(မ)ရဲ့ညီမအရင်းလိုဖြစ်နေတဲ့ အစေခံက မျက်လုံးတောင်မမှိတ်သွားနိုင်ခဲ့ဘူးလေ။
ဖြစ်နိုင်တာက… သူ(မ)မသေသေးတာများလား…
အိုင်းရင်းဆီကို တွားသွားလာတဲ့အက်ဇလာက တုန်ရီနေတဲ့လက်တွေနဲ့ အိုင်းရင်းရဲ့ခန္ဓာကိုယ်ကို ညင်သာစွာလှုပ်ခါရင်း သူ(မ)ရဲ့နာမည်ကိုခေါ်ကြည့်လိုက်တယ်။
“အိုင်းရင်းရေ..ထပါဦး…။ ဒါတွေအားလုံး ငါ့အမှားတွေပါ။ ငါ့အပြစ်တွေပါ..။ အဲဒါကြောင့်မို့ ထပါတော့လို့..”
သူ(မ)လှုပ်ခါလိုက်တဲ့ အိုင်းရင်းရဲ့ခန္ဓာကိုယ်က တစ်ကိုယ်လုံးအေးစက်နေပြီး တုံ့ပြန်မှုကလည်းမရှိ။ အမြဲလိုလိုကြင်ကြင်နာနာပြုံးရယ်နေတတ်တဲ့ သူ(မ)ရဲ့နှုတ်ခမ်းထောင့်လေးတွေက တောင့်တင်းနေပြီး အေးစက်လာတဲ့အအေးဓာတ်ကို နွေးထွေးစွာကြိုဆိုနေခဲ့တယ်။
အက်ဇလာရဲ့ ဘဝရှင်သန်ချက်အတွက် နောက်ဆုံးသောအကြောင်းရင်းလေးက ဖမ်းဆုပ်နိုင်ခြင်းတောင်မရှိပါဘဲ အငွေ့ပျံ ပျောက်ကွယ်သွားခဲ့လေပြီ။
“ဟုတ်သားပဲ။ သမားတော်… သမားတော်…”
အက်ဇလာက သွေးချင်းချင်းနီနေတဲ့အိုင်းရင်းကို ပွေ့ဖက်ထားလိုက်ရင်း သားရဲတစ်ကောင်ဟိန်းဟောက်လိုက်သလိုမျိုး အသည်းအသန် အော်ဟစ်လိုက်တယ်။
သူ(မ) အသက်ရှင်ရမယ်။ အိုင်းရင်းသာမရှိတော့ရင် သူမလည်းသေသွားနိုင်တာမို့လို့ တစ်နည်းနည်းနဲ့တော့ ရအောင်ကယ်ရမယ်။
“သူကသေနေပြီ”
ဒါပေမဲ့ ဒန်နီရယ်ရဲ့ ကရုဏာကင်းမဲ့တဲ့စကားလုံးတွေကြောင့် အက်ဇလာရဲ့နှလုံးသားလေး တစ်စစီကြေမွသွားခဲ့ရတယ်။ အက်ဇလာနဲ့အိုင်းရင်းတို့ကို ငုံ့မိုးကြည့်နေတဲ့သူ့အကြည့်မှာ ဘာခံစားချက်မှရှိမနေခဲ့ဘူး။
သူ နောက်တစ်ကြိမ်နှုတ်ဟလိုက်ပြီး ဖရိုဖရဲဖြစ်နေတဲ့အက်ဇလာကိုကြည့်ရင်း ကြမ်းပြင်ပေါ်မှာရှိတဲ့ အိုင်းရင်းရဲ့သွေးတွေ သူ့ဖိနပ်ကို ပေကျံမသွားရအောင် ဂရုတစိုက်ရှောင်ရှားရင်း အနားကိုလျှောက်လာတယ်။
“အခု.. ငါ ဘာကိုဆိုလိုတာလဲဆိုတာ မင်းသဘောပေါက်ပြီလို့ထင်တယ် အက်ဇလာ”
“…ဒန်နီရယ်”
“ဒါက မင်းကို ငါပေးနိုင်တဲ့ နောက်ဆုံးသတိပေးချက်ပဲ။ စလေဗီယာကိုမထိနဲ့..။ ဒီလိုမျိုးထပ်ဖြစ်ခဲ့ရင် အဲဒီနေရာမှာ လဲကျနေတဲ့လူတွေက မင်းချစ်ရတဲ့လူတွေပဲဖြစ်လိမ့်မယ်”
ဒါဟာ ဒန်နီရယ်ရဲ့စကားအဆုံးသတ်ပါပဲ။
အက်ဇလာ့အတွက် အိုင်းရင်းက ဘယ်လိုအဓိပ္ပာယ်ရှိတယ်ဆိုတာကို သူ သေချာပေါက်သိတာပေါ့။ သူ မသိစရာ ဘာအကြောင်းမှမရှိဘူး။ ဒီလိုဖြစ်လာတာတောင်မှ သူက သူ(မ)ကို အဆင်ပြေရဲ့လားလို့ တစ်ခွန်းမမေးခဲ့ဘူး။
ဒန်နီရယ်က သူ့စကားဆုံးတာနဲ့ အိပ်ခန်းထဲကနေ လှည့်ထွက်သွားပြီး ကိုယ်ရံတော်တွေနဲ့ အစေခံတွေကလည်း သူ့နောက်ကနေလိုက်ထွက်သွားကြတယ်။ လေအေးအေးတို့တိုက်ခတ်နေတဲ့ အခန်းထဲမှာ အက်ဇလာနဲ့အတူ မျက်လုံးတောင်မပိတ်သွားနိုင်ရှာတဲ့အိုင်းရင်းတို့သာ ကျန်နေရစ်ခဲ့တယ်။
“….”
သူ(မ)တို့နှစ်ဦးတည်း ကျန်နေရစ်ခဲ့တဲ့အချိန်ကျမှ အက်ဇလာက တုန်ရီနေတဲ့ သူ(မ)ရဲ့လက်ချောင်းတွေကိုမြှောက်ပြီး အိုင်းရင်းရဲ့မျက်လုံးနှစ်ဖက်ကို ညင်ညင်သာသာပိတ်ပေးလိုက်တယ်။ သူ(မ)ရဲ့မျက်ရည်တွေဟာ အဆက်မပြတ်စီးကျလာပြီး အိုင်ရင်းရဲ့မျက်နှာပေါ် ကျဆင်းကုန်ကြတယ်။
“အိုင်ရင်း…”
သူ(မ)က အေးစက်နေပြီဖြစ်တဲ့ အိုင်းရင်းရဲ့ကိုယ်ပေါ်မှာ မျက်နှာမြှုပ်ထားပြီး ရှိုက်ငိုလိုက်မိတယ်။
သားရဲတစ်ကောင်ရဲ့အသံအလား အော်ဟစ်ငိုကြွေးသံဟာ အဲ့ဒီအိပ်ခန်းလေးထဲ တစ်ညလုံးပဲ့တင်ထပ်နေပေမဲ့ ဘယ်သူကမှဂရုမစိုက်ခဲ့ပါဘူး။
***
ဈာပနအခမ်းအနားကာလကတော့ ခပ်တိုတိုပါပဲ။
နာမည်ကသာ ဈာပနအခမ်းအနားလို့ခေါ်ဆိုပေမဲ့ အက်ဇလာက အိုင်းရင်းကို အမတ်မင်းတော့ဒ်ရဲ့မြေပေါ်မှာ သင်္ဂြိုဟ်နိုင်ဖို့အတွက် ငိုယိုတောင်းပန်ခဲ့ရတယ်။ ဒန်နီရယ်ဘက်က ခွင့်ပြုလိုက်တဲ့အချိန်မှာ ‘ငါ သက်ညှာပေးလိုက်မယ်’လို့ ဆိုခဲ့တယ်။
အဲ့ဒီအခြင်းအရာကို ပြန်သတိရသွားမိချိန်မှာ အက်ဇလာ ခြောက်ခြောက်ကပ်ကပ်ပြုံးလိုက်မိတယ်။
ဈာပနအခမ်းအနားက တိတ်ဆိတ်ပြီးခြောက်ကပ်နေတယ်။ အိုင်းရင်းမှာ မိသားစုဝင်တွေနဲ့ဆွေမျိုးလည်းမရှိတာကြောင့် သူ(မ)အနေနဲ့ ဒီအဖြစ်ဆိုးကြီးကို အသိပေးပြောပြပေးရမဲ့သူ မရှိခဲ့ဘူး။ သူ(မ)နဲ့ရင်းနှီးခဲ့ဖူးတဲ့ တခြားအစေခံတွေက အသုဘအခမ်းအနားကို တက်ရောက်ချင်ပေမဲ့ ဒန်နီရယ်နဲ့စလေဗီယာတို့ရဲ့ဖိအားကြောင့် တစ်ယောက်မှ မလာရောက်ခဲ့ကြဘူး။
အက်ဇလာတစ်ယောက်တည်းသာ မြေမြှုပ်ခြင်းအခမ်းအနားကို ကြည့်နေခဲ့ရလေတယ်။
အိုင်းရင်းရဲ့နောက်ဆုံးခရီးက အထီးကျန်ဆန်လွန်းလှပါရဲ့။
သူ(မ) ငှားရမ်းထားတဲ့ အလုပ်သမားတွေက အဲ့ဒီအလောင်းကို မြေကြီးထဲမြှုပ်နှံနေကြတဲ့ နောက်ဆုံးအခိုက်အတန့်လေးကို အက်ဇလာကြည့်နေခဲ့တယ်။ အဲ့ဒီရက်အနည်းငယ်အတွင်းမှာပဲ သူ(မ)ရဲ့မျက်ရည်တွေအားလုံး ခန်းခြောက်သွားလို့ထင်ပါရဲ့။ နောက်ထပ် မျက်ရည်ကျမလာခဲ့ဘူး။ အိုင်းရင်းသေဆုံးပြီးတဲ့နောက် သူ(မ)မှာ ဘာမှမစားနိုင်မသောက်နိုင်ဘဲ အိပ်လည်းမပျော်နိုင်သလို တောက်လျှောက်ငိုကြွေးနေခဲ့တယ်။ အဲဒါက အိုင်းရင်းအတွက် သူ(မ)ရဲ့နောက်ဆုံးတောင်းပန်မှုတစ်ခုဖြစ်ပါတယ်။
“ငါတောင်းပန်ပါတယ် အိုင်းရင်း…”
အက်ဇလာက သူ(မ)ရဲ့ခေါင်းတလားပေါ်ကို မြေကြီးတွေဖြန်းပက် ဖုံးအုပ်နေတာကိုကြည့်ရင်း ခပ်တိုးတိုးအော်ပြောလိုက်တယ်။
လေပြင်းတစ်ဝှေ့က သူ(မ)ရဲ့စကားကို ပြန်ဖြေလိုက်သလိုမျိုး တိုက်ခတ်သွားတယ်။ နွေဦးရဲ့လေပြည်ခပ်နွေးနွေးက အိုင်းရင်းတစ်ယောက် အဆင်ပြေပြေရှိနေပြီး သူ(မ)ကို မငိုဖို့ပြောနေသလိုပါပဲ။ ခြောက်သွေ့နေတဲ့ သူ(မ)ရဲ့မျက်ဝန်းအစုံမှာ မျက်ရည်ကြည်တွေ ဝေ့တက်လာခဲ့ပြီး နေရောင်ခြည်ဟာ အိုင်းရင်း သူ(မ)ကို လက်နှစ်ဖက်နဲ့ပွေ့ဖက်ပေးထားသလို ခံစားလိုက်ရတယ်။
အခုတော့ အက်ဇလာ့မှာ ရှင်သန်ဖို့အဓိပ္ပာယ် ဒါမှမဟုတ် အသက်ဆက်ဖို့အကြောင်းပြချက် မရှိတော့ပါဘူး။
“ငါလည်း မင်းနောက်ကို မကြာခင်လိုက်လာခဲ့မယ်။ ငါတို့တွေ အဲဒီဘက်မှာထပ်တွေ့ကြမယ်”
အိုင်းရင်းကို မြေကြီးထဲမြှုပ်နှံလိုက်ရချိန်မှာ သူ(မ) ခံစားခဲ့ရသမျှ အားလုံးကိုလည်း အတူတကွမြှုပ်နှံလိုက်တယ်။ နောင်တတချို့၊ ချစ်ခြင်းမေတ္တာနဲ့ ဒန်နီရယ့်အပေါ် အနည်းငယ်ကျန်ရှိနေဦးမယ်လို့ မျှော်လင့်ခဲ့မိတဲ့ခံစားချက်တွေအားလုံးပါပဲ။ ‘ဒန်နီရယ်’ ဆိုတဲ့ စကားလုံးတစ်ခုက သူ(မ)ရဲ့စိတ်ထဲမှာ ဘာအဓိပ္ပာယ်မှရှိမနေတော့ပါဘူးလေ။
အိုင်းရင်းကို မြေမြှုပ်နေတာကို အချိန်အကြာကြီးစောင့်ကြည့်နေခဲ့တဲ့ အက်ဇလာက ခန္ဓာကိုယ်ကိုလှည့်လိုက်ပြီး သူ(မ)ရဲ့အိပ်ခန်းဆီ ဦးတည်သွားခဲ့တယ်။
အိပ်ခန်းထဲမှာ အားလုံးသပ်သပ်ရပ်ရပ်ရှိနေပြီး သန့်ရှင်းရေးလည်းလုပ်ထားပြီးပြီမို့ အရင်ကလို သွေးညှီနံ့တို့တောင် မကျန်ရစ်ခဲ့တော့ပါဘူး။ ပရိဘောဂတွေအားလုံးကိုလည်း အသစ်တွေနဲ့ အစားထိုးထားပုံရတယ်။
သူ(မ)နဲ့စိမ်းသက်နေတဲ့ မွေ့ရာပေါ်မှာထိုင်ရင်း အိပ်ခန်းတစ်ဝိုက်ကို ငေးကြည့်လိုက်တယ်။ ပရိဘောဂတွေက အတူတူပဲဆိုပေမဲ့ သူ(မ)ရဲ့ခြေရာလက်ရာတွေ မကျန်ရှိတော့တဲ့အသစ်တွေကို အသားမကျနိုင်သေးပါဘူး။ ပရိဘောဂအသစ်တွေရဲ့အနံ့က သူ(မ)ရဲ့နှာခေါင်းထဲ စူးနေပြီး တော်တော်လေးမသက်မသာဖြစ်မိတယ်။
အိုင်းရင်းနဲ့ပတ်သက်ခဲ့သမျှ အမှတ်တရတွေအားလုံး မကျန်ရှိတော့ပါဘူး။ အိုင်းရင်းရဲ့ကိုယ်သင်းရနံ့ပဲဖြစ်ဖြစ် သူ(မ)ရဲ့ခြေရာလက်ရာတွေပဲဖြစ်ဖြစ် ဘာတစ်ခုမှမရှိတော့ပါဘူး။
အက်ဇလာလည်း သူ(မ)ရဲ့ခန္ဓာကိုယ်ကို ခုတင်ပေါ် တိတ်တဆိတ်လှဲချလိုက်တယ်။
အခုလိုပုံစံအတိုင်းသာ အိုင်းရင်းနောက်ကို လိုက်သွားလို့ရရင်လည်း မဆိုးလှဘူး။ အစေခံတစ်ယောက်ယောက်က သူ(မ)ကို အိပ်ခန်းထဲမှာလာရှာခဲတယ်။ ဒါ့အပြင် အခုလို အိုင်းရင်းသေသွားပြီးနောက်မှာ စံအိမ်တော်မှာရှိတဲ့အစေခံတွေအားလုံးက ဘယ်ဘက်ကို ကပ်ထားရမလဲဆိုတာ ကောင်းကောင်းသဘောပေါက်သွားကြပါပြီ။ အခုတော့ သူတို့က ဒန်နီရယ်နဲ့စလေဗီယာကိုသာ ခစားနေကြပြီး အက်ဇလာ့ကို လျစ်လျူရှုထားကြပါတော့တယ်။
အခုအချိန်မှာ ဒီစံအိမ်ကြီးထဲကသူစိမ်းမှာ သူ(မ)တစ်ယောက်တည်းသာ ဖြစ်တယ်။
“အစေခံလေးတစ်ယောက်သေသွားတာကို ဒီလောက်စိတ်ဓာတ်ကျနေတာလား”
အချိန်ဘယ်လောက်ကြာသွားသလဲဆိုတာ မသိလိုက်ဘဲ ခုတင်ပေါ် လဲလျောင်းရင်း မျက်နှာကြက်ကို အဓိပ္ပါယ်မဲ့စိုက်ကြည့်နေတဲ့အက်ဇလာက သူ(မ) မကြားချင်တဲ့အသံကို ကြားလိုက်ရတယ်။
ခေါင်းကိုလှည့်ကြည့်လိုက်တဲ့အခါ အိပ်ခန်းတံခါးရှေ့မှာရပ်နေတဲ့ စလေဗီယာကို မြင်လိုက်ရတယ်။ ဆန်းသစ်တဲ့၀တ်စုံနဲ့ တောက်ပတဲ့မိတ်ကပ်ကိုဆင်မြန်းထားတဲ့ သူ(မ)က ဒန်နီရယ်ပြောတဲ့ ဖြူဖြူစင်စင်ပုံစံနဲ့မတူဘဲ ကွဲပြားလွန်းလှတာ နာကျင်စရာတောင်ကောင်းနေပါတယ်။
“နင် ဘာလို့ ဒီကိုရောက်လာတာလဲ”
အက်ဇလာက အတော်လေးအက်ရှနေတဲ့အသံနဲ့ မေးလိုက်တယ်။
စလေဗီယာက ကုလားထိုင်တစ်လုံးဆွဲယူပြီး ခုတင်နားမှာ ထိုင်လိုက်ပြီးတဲ့နောက် သူ(မ)ကို ပခုံးနှစ်ဖက်တွန့်ပြလာတယ်။
“ဒန်နီရယ် အဲဒီလိုလုပ်လိမ့်မယ်လို့ ကျွန်မ သိတောင်မသိခဲ့ဘူး”
“…ဘာရယ်”
“ရှင် နားလည်မှုလွဲတာမျိုးရှိမရှိ သိချင်လို့ပါ။ ကျွန်မ စိတ်ဆိုးခဲ့တာ အမှန်ပဲဆိုပေမဲ့ ဒန်နီရယ့်ကို သူ့ကိုသတ်လိုက်ဖို့ မပြောခဲ့ဘူး”
အက်ဇလာက ငြိမ်သက်နေပြီး ဘာအမှားမှမလုပ်ထားတဲ့ သူ(မ)ရဲ့လေသံကြောင့် သတိလက်လွတ်ရယ်ပစ်လိုက်မိတယ်။ သူ(မ)ရဲ့အော်ရယ်သံက တိတ်ဆိတ်နေတဲ့အိပ်ခန်းထဲမှာ ကျယ်လောင်စွာ ပဲ့တင်ထပ်သွားတယ်။
သူ(မ)အနေနဲ့ ဘယ်တော့မှ ထပ်ပြီးရယ်နိုင်တော့မှာမဟုတ်ဘူးလို့ တွေးထင်ထားခဲ့မိပေမဲ့ အခုတော့ဖြင့် ဒီလိုရယ်နေရသတဲ့လေ။
“ရှင်ကမှ ကျွန်မရဲ့ကမ်းလှမ်းမှုကို စပြီးငြင်းပယ်ခဲ့တာပဲ။ အဲဒါကြောင့် ဒါက ကျွန်မအပြစ်မဟုတ်ဘူး။ ကျွန်မလည်း ဘာမှ မတတ်နိုင်ဘူး”
“နင် မတတ်နိုင်ဘူးဆိုတာက ဘာကိုဆိုလိုတာလဲ”
“ဟမ်”
စလေဗီယာက မေးခွန်းထုတ်နေတဲ့ အက်ဇလာရဲ့လေသံကြောင့် ထိတ်လန့်တုန်လှုပ်နေတဲ့ ယုန်မျက်လုံးလေးတွေနဲ့ သူ(မ)ကိုကြည့်နေတယ်။ အက်ဇလာရဲ့မျက်လုံးထဲက မျက်ရည်ဝေ့တက်လာပေမဲ့ ထူးထူးဆန်းဆန်းပြုံးနေခဲ့တယ်။
ပြုံးနေတဲ့ သူ(မ)ရဲ့နှုတ်ခမ်းထောင့်တွေနဲ့မတူဘဲ ကျဆင်းလာတဲ့မျက်ရည်တွေကြောင့် စလေဗီယာရဲ့မျက်ခုံးတွေ တွန့်ကွေးသွားတယ်။
“တစ်ယောက်ယောက်ကတော့ သေချာပေါက်သေရမှာပဲမို့လို့ နင်က ဘာမှမတတ်နိုင်ဘူးဆိုတဲ့ အကြောင်းပြချက်ကိုပြောဖို့ ဒီကိုရောက်လာခဲ့တာလား။ ပြီးတော့ အဲဒီလိုလုပ်ဖို့ နင် တောင်းဆိုခဲ့တာ မဟုတ်ဘူးပေါ့လေ”
“ကျွန်မဆိုလိုတာက…”
“ဟင့်အင်း..ထပ်မပြောနဲ့တော့ စလေဗီယာ”
သူ(မ)ရဲ့စကားကိုဖြတ်ပြောလိုက်ပြီးတဲ့နောက် အက်ဇလာက အိပ်ရာပေါ်မှာ ထထိုင်လိုက်တယ်။ အဲ့ဒီနောက် သူ(မ)က ပိန်ပါးသေးသွယ်လှတဲ့လက်ဗလာနဲ့ စလေဗီယာရဲ့လက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်တယ်။ သူ(မ)က အသက်မဲ့တဲ့အရိုးစုတစ်ခုလိုပါပဲ။ သူ(မ)ရဲ့ကိုယ်ပေါ်ကနေ လူသေအနံ့တွေတောင် ထွက်နေသလိုထင်မှတ်မှားရပြီး ခံစားချက်မဲ့နေတဲ့သူ(မ)ရဲ့မျက်လုံးတွေဟာ လူသားတစ်ယောက်နဲ့တောင် မတူတော့ပါဘူး။
“ငါ နင့်ကို တစ်ခုခုပြောလိုက်တိုင်း အိုင်းရင်းလိုမျိုး တခြားတစ်ယောက်သေရလိမ့်မယ်”
“လွှတ်…ကျွန်မကို လွှတ်ပေး”
“နင်လိုချင်တဲ့အတိုင်း ဒန်နီရယ်ဖြစ်စေချင်တဲ့အတိုင်းပဲ ငါသေတော့မှာ”
“ဒီ..ဒီလက်ကို…”
“ဒါပေမဲ့ ပထမဆုံးနဲ့နောက်ဆုံးအကြိမ်အဖြစ် ငါ ဒါကိုပြောဖို့လိုတယ်”
သူ(မ)ကို စိုက်ကြည့်ဖို့အတွက် လည်ပင်းကို ဂျွတ်ခနဲလှည့်လာချိန်မှာ စလေဗီယာက အက်ဇလာဖမ်းကိုင်ထားတဲ့ သူ(မ)ရဲ့လက်ကောက်ဝတ်ကို ပြေလျော့အောင် အတတ်နိုင်ဆုံးရုန်းကြည့်လိုက်ပေမဲ့ အရိုးသာကျန်တော့တဲ့ အဲ့ဒီခန္ဓာကိုယ်ရဲ့ခွန်အားက ဘာကြောင့် ဒီလောက်တောင်သန်မာနေလဲဆိုတာ နားမလည်နိုင်လေဘူး။
စလေဗီယာရဲ့မျက်နှာပေါ်မှာ ထိတ်လန့်တုပ်လှုပ်နေတဲ့အမူအရာမျိုးရှိနေပြီး အက်ဇလာရဲ့လက်ကို ရွံရှာနေသလိုမျိုး ပြင်းပြင်းထန်ထန် ရိုက်ချပစ်နေလေတယ်။
ဘယ်လိုပဲဖြစ်ဖြစ် သူ(မ) တုတ်တုတ်တောင်မလှုပ်နိုင်ခဲ့ဘူး။
“နင်က အိုင်းရင်းကိုသတ်လိုက်တာ စလေဗီယာ”
အက်ဇလာရဲ့လက်ခုံကိုရိုက်နေတဲ့ စလေဗီယာခမျာ အဲ့ဒီစကားကြောင့် တုံ့ခနဲရပ်တန့်သွားတယ်။ သူ(မ)ရဲ့လက်ချောင်းတွေက တုန်ရီနေလေတယ်။ ဒါပေမဲ့ သူ(မ)ရဲ့အမူအရာကို ပြန်လည်တည်ငြိမ်အောင်လုပ်ပြီးတဲ့နောက် အက်ဇလာကို အဆိပ်ပြင်းတဲ့အကြည့်နဲ့ကြည့်လိုက်ပြီး ပြင်းထန်စွာတုံ့ပြန်လိုက်တယ်။
“ရူးနေတဲ့ခွေးမ”
အက်ဇလာက အဲ့ဒီစကားကြောင့် လက်လွှတ်ပေးလိုက်ပြီး ခေါင်းညိတ်လိုက်တယ်။ လက်ကိုလွှတ်ပေးလိုက်တာနဲ့ စလေဗီယာက သူ(မ)နားကနေ ငါးလှမ်းကျော်အကွာအထိ နောက်ဆုတ်သွားခဲ့တယ်။
စလေဗီယာဆီက အကြည့်လွှဲလိုက်တဲ့အက်ဇလာလည်း တခစ်ခစ်ရယ်ရင်း ခေါင်းကို တဆတ်ဆတ်ညိတ်လိုက်တယ်။
“ဟုတ်တယ်..ငါရူးနေတာ။ ငါရူးသွားခဲ့လို့ အိုင်းရင်းကိုဒီလိုမျိုး သေစေခဲ့တာ”
“ကျွန်..ကျွန်မ သူ့ကိုသတ်လိုက်တာမဟုတ်ဘူး။ ရှင်သာ ကျွန်မက သင့်သင့်မြတ်မြတ်နေဖို့ပြောတုန်းက ကောင်းကောင်းတုံ့ပြန်ပေးခဲ့မယ်ဆိုရင်…”
အော်ဟစ်ပြီးပြောနေတဲ့စလေဗီယာက သူ(မ)ကိုကြည့်နေတဲ့ အက်ဇလာနဲ့ အကြည့်ချင်းဆုံသွားတာနဲ့တစ်ပြိုင်နက် ပါးစပ်ကိုပိတ်ပြီး အသက်ပြင်းပြင်းရှူရင်း ခေါင်းလှည့်လိုက်တယ်။ ဆက်ပြီးစကားများများပြောမိရင် အက်ဇလာက သူ(မ)ကို ဒီနေရာမှာတင် သတ်လိုက်လိမ့်မယ်လို့တောင် ခံစားနေရတယ်။ သူ(မ)မှာ ဘာမှဆုံးရှုံးစရာမရှိတော့တဲ့နောက် ဘာကိုမှလည်း ကြောက်စရာမရှိတော့သလိုမျိုးပဲ။
သူ(မ)က ပုပ်ပွရိရွဲနေတဲ့ သစ်သားချောင်းအလား ညှိုးနွမ်းနေတဲ့ခန္ဓာကိုယ်နဲ့ လက်ချောင်းလေးနဲ့ဖိလိုက်ရင်တောင် သေသွားတော့မဲ့ပုံပေါ်နေတယ်။
စလေဗီယာက တွန့်ကြေသွားတဲ့၀တ်စုံကို လက်ဖဝါးနဲ့ဖြန့်လိုက်ပြီး တုန်လှုပ်နေတဲ့အသံကိုဖုံးကွယ်ရင်း အထစ်ထစ်အငေါ့ငေါ့နဲ့ ပြောလိုက်တယ်။
“ဒန်နီရယ်က သူ့ဇနီးကို ဘာလို့မချစ်သလဲဆိုတာ အခုမှပဲသိတော့တယ်။ ပြီးတော့ အိုင်းရင်းဆိုတဲ့အစေခံကလည်း ရှင့်ကို ဘာလို့ ဒီလိုထားသွားခဲ့သလဲဆိုတာ အခုမှပဲနားလည်သွားတော့တယ်”
“…!”
“ဒီလိုမိန်းမမျိုးကို ဘယ်သူကချစ်နေနိုင်မှာလဲ။ ဘယ်သူကရော ရှင်နဲ့အတူနေနိုင်မှာလဲ။ ရှင်က ဒီလောက်ရူးနေတာကို”
*******
SWARA WEBNOVEL TRANSLATION