Part-8
ဒီဇာတ်လမ်းက မပြီးသေးဘူး
(အပိုင်း ၈)
မူရင်း စာရေးသူ – 정으뜸
ဘာသာပြန် – Carmen
Editor – Aurelia
*****
စလေဗီယာက အက်ဇလာ့ကို မျက်မှောင်ကြုတ်ကြည့်လာပြီးတဲ့နောက် အိပ်ခန်းထဲက အမြန်လှည့်ထွက်သွားခဲ့တယ်။
အက်ဇလာက ခေါင်းကိုစောင်းငဲ့ရင်း ပိတ်ကျသွားပြီဖြစ်တဲ့ အိပ်ခန်းတံခါးကို ကြည့်နေမိတယ်။ တစ်ခဏလောက်တော့ အိုင်းရင်းတစ်ယောက် ‘သခင်မ အဆင်ပြေရဲ့လား’လို့ လာမေးပြီး မကျေမချမ်းနဲ့ ဝင်လာလေဦးမလားလို့ ထင်မှတ်မှားနေမိတယ်။
ဒါပေမဲ့ သူ(မ) ဘယ်လောက်ကြာအောင် စောင့်နေပါစေ။ အဲ့ဒီကိစ္စက ဘယ်တော့မှထပ်ဖြစ်မလာတော့ပါဘူး။
သူ(မ) ကူကယ်ရာမဲ့စွာနဲ့ပဲ ခန္ဓာကိုယ်ကို အိပ်ရာပေါ်ပက်လက်လန် လှဲချလိုက်တယ်။ အက်ဇလာ ဘာမှလုပ်ဖို့စိတ်ကူးမရှိသလို ဘာမှလုပ်ချင်စိတ်လည်း မရှိတော့ပါဘူး။ တကယ်လို့ သူ တစ်ခုခုထပ်လုပ်မိခဲ့ရင်လည်း နောက်တစ်ယောက်ထပ်သေရမှာ သေချာသလောက်ပဲမဟုတ်လား။ ဒါကြောင့် သူနဲ့စလေဗီယာတို့ လိုချင်တဲ့အတိုင်း ဒီပုံစံအတိုင်းပဲ သူ(မ) သေလူတစ်ယောက်အဖြစ်နဲ့ နေတော့မှာပါလေ။
အစောကတည်းက သူ(မ) ဒီလိုမျိုးနေခဲ့သင့်တာ…
အချိန်အတော်ကုန်လွန်သွားပြီးတဲ့နောက်မှာ စေ့ပိတ်ထားတဲ့အိပ်ခန်းတံခါးက တစ်ဖန်ပြန်ပွင့်လာပြီး သူ(မ) တစ်ခါမှမမြင်ဖူးတဲ့အစေခံတစ်ယောက်က စားသောက်ဖွယ်ရာတွေ ယူလာပေးတယ်။ အစေခံက အစားအသောက်တွေပြင်ဆင်ပေးပြီးတော့ ဘာစကားတစ်ခွန်းမှမပြောဘဲ လှည့်ထွက်သွားခဲ့တယ်။ ဘယ်သူကမှ သူ(မ)ကို တစ်ချက်လှည့်မကြည့်ကြပါဘူး။
အက်ဇလာလည်း ထထိုင်လိုက်ပြီး အစားအသောက်တွေကိုကြည့်ရင်း အကျင့်ဖြစ်နေတဲ့အတိုင်း အစားအစာကိုမွှေဖို့ ငွေဇွန်းတစ်ချောင်း ကောက်ယူလိုက်တယ်။
ငွေဇွန်းက အရောင်ပြောင်းသွားခဲ့ပါသတဲ့။
ဒါကိုမြင်လိုက်ရတဲ့အချိန် ဒီကိစ္စက စလေဗီယာရဲ့လက်ချက်မှန်း တပ်အပ်သိလိုက်ပါတယ်။
“…ဟုတ်တာပေါ့”
သူ(မ) ခေါင်းညိတ်လိုက်ပြီး အရောင်ပြောင်းနေတဲ့ငွေဇွန်းကိုကြည့်ရင်း တစ်ဇွန်းခပ်လိုက်တယ်။ အစားအသောက်က အရမ်းအရသာရှိလွန်းလှပါရဲ့လေ။ သူ(မ) ဒီစားစရာတွေ အစာပြွန်ထဲကိုမဝင်မချင်း ပါးစပ်ထဲကို ဆက်တိုက်ထိုးသွတ်ပစ်လိုက်တယ်။
လည်ချောင်းထဲဆို့နင့်ပြီး မျက်ရည်တွေလည်းစီးကျရင်း ပျို့တက်လာပေမဲ့ အက်ဇလာ မရရအောင်မျိုချလိုက်တယ်။
‘ငါရော.. ငါရောပဲ မင်းနောက်ကိုလိုက်လာချင်တယ် အိုင်းရင်း…’
ခဏအကြာမှာ သူ(မ)ရဲ့လည်ချောင်းထဲ လောင်ကျွမ်းသွားတော့မတတ်ခံစားချက်တစ်ခုကို ခံစားလိုက်ရပြီး ပါးစပ်ကို ခပ်တင်းတင်းပိတ်ထားလိုက်တယ်။ အရောင်ပြောင်းနေတဲ့ငွေဇွန်းက လက်ထဲကနေလွတ်ကျသွားပြီး ဒေါက်ခနဲမြည်သံနဲ့အတူ ကြမ်းပြင်ပေါ်ကို ပြုတ်ကျသွားခဲ့တယ်။
“အား”
ပူလောင်နေတဲ့လည်ချောင်းနဲ့ စူးအောင့်နေတဲ့နှလုံးကို ဆုပ်ကိုင်ထားရင်း သူ(မ) ကြမ်းပြင်ပေါ်လဲကျသွားခဲ့တယ်။
ပြုတ်ကျသွားတဲ့ အစားအသောက်ပန်းကန်တွေဟာ ကြမ်းပြင်နဲ့ရိုက်ခတ်မိပြီး ဆူညံသံတွေပဲ့တင်ထပ်သွားတယ်။ အဲဒီအသံက ကျယ်လောင်လွန်းလှတာကြောင့် အပြင်ဘက်ထိတိုင် လွင့်ပျံသွားပေမဲ့လည်း ဘယ်သူတစ်ဦးတစ်ယောက်ကမှ အိပ်ခန်းထဲကို ပြေးဝင်မလာခဲ့ပါဘူးလေ။
သူ(မ)ကို ဘယ်သူမှဂရုမစိုက်ဘူးပဲ။
သူ(မ)ရဲ့ခန္ဓာကိုယ်ထဲက အားအင်တွေလည်း ယုတ်လျော့လာခဲ့တယ်။ တစ်စုံတစ်ယောက်က သူ(မ)ရဲ့နှလုံးကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားတဲ့အလား ခံစားနေရပြီး အသက်လည်းကောင်းကောင်းမရှူနိုင်တော့ဘူး။
သေဆုံးချိန်နီးကပ်လာပြီဆိုတာ သူ(မ)သိလိုက်ရတယ်။
ပွင့်ဟနေတဲ့နှုတ်ခမ်းလွှာတွေကြားက တံတွေးတွေယိုစီးကျလာတယ်။ သူ(မ) လဲကျနေတဲ့ကြမ်းပြင်က တအားအေးစက်နေတာ ခံစားသိရှိလိုက်ရတယ်။ အိုင်းရင်းလည်း ဒီလိုအေးစက်နေခဲ့တာများလား။ သူ(မ)ရဲ့မျက်နှာက နာကျင်မှုကြောင့်ရှုံ့တွနေပေမဲ့ အက်ဇလာကတော့ ဒီအကြောင်းကိုပဲ တွေးနေခဲ့မိတယ်။
‘ငါသေသွားခဲ့ရင် ဒန်နီရယ်လည်းပျော်မှာပါ’
သေလုမြောပါးဖြစ်လာတာနဲ့အမျှ သူ(မ)ရဲ့နှလုံးသားကလည်း ပိုမိုတင်းကျပ်နာကျင်လာပြီး ဒန်နီရယ်ရဲ့မျက်နှာကို မြင်ယောင်လာတယ်။ သူ(မ)ရဲ့ဈာပနအခမ်းအနားမကျင်းပရသေးခင်မှာတင် စလေဗီယာကို တော့ဒ်စံအိမ်ရဲ့သခင်မအဖြစ်တင်မြှောက်ဖို့ သူသိပ်ပျော်နေလိမ့်မယ်။ ပြီးတော့ သူတို့တွေ ထာဝရပျော်ရွှင်စွာနေထိုင်သွားကြလိမ့်မယ်…။
… ဒဏ္ဍာရီပုံပြင်စာအုပ်ရဲ့အဆုံးသတ်လိုပေါ့။
အက်ဇလာ မျက်လုံးနှစ်ဖက်ကို ညင်ညင်သာသာမှေးမှိတ်ထားလိုက်တယ်။ အဲ့ဒီကလေးပုံပြင်စာအုပ်မျိုးက သူ(မ)ရဲ့ဇာတ်လမ်းမဟုတ်ခဲ့ပါဘူး။ ဟုတ်ပါတယ်လေ။ အခုတော့ဖြင့် ဒါက အရေးမကြီးတော့ပါဘူး။ ဒီအတိုင်းသေဆုံးသွားရတာလည်း သိပ်တော့မဆိုးလှဘူးမဟုတ်လား။
အဲ့ဒီအချိန်မှာပဲ သူ(မ)ဟာ အရာအားလုံးကို စွန့်လွှတ်လိုက်ပါပြီ။
“မင်း ဒီလောက်လွယ်လွယ်နဲ့လက်လျှော့တော့မလို့လား”
ထူးဆန်းတဲ့အသံတစ်ခုကြောင့် သူ(မ)ရဲ့မျက်လုံးပွင့်ဟလာခဲ့တယ်။
အိပ်ခန်းတံခါးဖွင့်သံ၊ ခြေသံ၊ လူအရိပ်အယောင်ရယ်လို့ တစ်ခုမှမရှိ။ သူ(မ) ပထမဆုံးအကြိမ်ကြားလိုက်ရတဲ့ မရင်းနှီးတဲ့အသံကြောင့် မျက်လုံးအစုံကို ဖွင့်ကြည့်လိုက်တယ်။ ညချမ်းလေပြည်ဟာ ပွင့်ဟနေတဲ့ပြတင်းပေါက်ကတစ်ဆင့် တရကြမ်းဝင်ရောက်လာတယ်။
ပြတင်းပေါက်ကို သေချာသော့ခတ်ထားပြီး ဘယ်သူမှလည်း ပြန်မဖွင့်မိပါဘူးလေ…။
ဒါတောင် အဲ့ဒီပြတင်းပေါက်ဘောင်ပေါ်မှာ တစ်ကိုယ်လုံးအနက်ရောင်ဖုံးလွှမ်းထားတဲ့ သူစိမ်းတစ်ယောက်ရှိနေခဲ့တယ်။ သူ့နောက်မှာ တောက်ပလင်းလက်တဲ့လရောင်နဲ့ မှိတ်တုတ်မှိတ်တုတ်လက်နေတဲ့ကြယ်တွေလည်းမရှိ။ အရာအားလုံးစုံးစုံးမြုပ်ပျောက်ကွယ်သွားပြီး ပိန်းပိတ်အောင်မှောင်နေတဲ့ အနက်ရောင်အမှောင်ထုသာ ရှိနေခဲ့တယ်။
“….”
အက်ဇလာက သူ့ကိုကြည့်ရင်း အသက်ပြင်းပြင်းရှိုက်ရှူလိုက်တယ်။ သူ(မ)ရဲ့နှလုံးသားမှာ တဒိန်းဒိန်းခုန်လှုပ်နေပြီး လည်ချောင်းထဲက လောင်ကျွမ်းဒဏ်ရာတွေကြောင့် ဘာမှပြန်မပြောနိုင်ခဲ့ဘူး။
သူက အက်ဇလာရဲ့အခြေအနေအကြောင်း အားလုံးသိနေတဲ့အလား ပြတင်းပေါက်ကို ပေါ့ပေါ့ပါးပါးကျော်ဝင်ပြီး အိပ်ခန်းထဲကို ရောက်လာခဲ့တယ်။ အိပ်ခန်းပြတင်းပေါက်သို့ရောက်ဖို့ဆိုရင် အဆောက်အအုံရဲ့သုံးလွှာအထိ ကျော်တက်ရမှာပါ။ သူ့လှုပ်ရှားမှုတွေဟာ ပေါ့ပါးလွန်းနေတဲ့အတွက် လူသားတစ်ယောက် လုံးဝမဖြစ်နိုင်ပါဘူး။
‘ဘယ်သူလဲ… ရှင် ဒီကိုဘယ်လိုရောက်လာတာလဲ’
စွေစောင်းကြည့်နေတဲ့ အက်ဇလာရဲ့မျက်လုံးတွေကတစ်ဆင့် သူ သူ(မ)ထံပါး ခပ်ဖြည်းဖြည်းချဉ်းကပ်လာတာကို မြင်နေရတယ်။
သူက သူမထံပါး လျှောက်လှမ်းလာတာမှန်ပေမဲ့ နည်းနည်းတော့ထူးဆန်းနေတယ်။ သူက ကြမ်းပြင်ပေါ်ကနေလျှောက်လာတယ်ဆိုတာထက် လေထဲမှာလမ်းလျှောက်နေသလိုမျိုး ဖြစ်နေလေရဲ့။
“မင်း မကြာခင်သေရတော့မယ်”
သူက အက်ဇလာ့ရှေ့ကို ဖြည်းဖြည်းချင်းလျှောက်လာရင်း လေသံခပ်တိုးတိုးနဲ့ပြောလိုက်တယ်။ အဲ့ဒီနောက် သူ(မ)ရဲ့ရှေ့မှာ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူ(မ)ရဲ့မေးစေ့ကို တင်းတင်းဆုပ်ကိုင်ရင်း ကြည့်လာလေတယ်။ အတိမ်အနက်ခန့်မှန်းရခက်တဲ့ အဲ့ဒီခရမ်းရောင်မျက်ဝန်းဆီက သူ(မ)အကြည့်မခွာနိုင်ခဲ့ဘူး။
သူက ‘အင်ဟင်း’လို့ ညည်းသံပြုလိုက်ပြီးတဲ့နောက်မှာ ရှည်လျားသေးသွယ်တဲ့ လက်ချောင်းတစ်ချောင်းကို မြှောက်လိုက်ပြီး သူ(မ)ရဲ့နှလုံးသားနားကို ပေါ့ပေါ့ပါးပါးပုတ်လိုက်တယ်။
ပေါ့ပေါ့ပါးပါးပုတ်လိုက်ရုံလေးဆိုပေမဲ့ တင်းကျပ်နေတဲ့ သူ(မ)ရဲ့နှလုံးသားနဲ့ လည်ချောင်းထဲမှာရှိတဲ့ ပူလောင်နေတဲ့ခံစားချက်တို့က ထူးထူးဆန်းဆန်းပျောက်ကင်းသွားခဲ့လေတယ်။
အက်ဇလာ အံ့သြသွားပြီး မျက်လုံးပြူးကျယ်သွားခဲ့တယ်။
“ဘာ ဘယ်သူ…”
“မင်းရဲ့အကူအညီကို တစ်နည်းနည်းနဲ့တောင်းဆိုဖို့ ငါ ဒီကိုလာခဲ့တာ..။ မင်းက ဒီမှာပုပ်ပွနေမယ်မှန်း မထင်ထားခဲ့ဘူး”
“ဘာရယ်”
“မဟုတ်သေးဘူး။ ဒါပေမဲ့ ဒါကလည်း သူ့ဟာနဲ့သူတော့ ပျော်ဖို့ကောင်းပါတယ်..။ ငါ မပျော်ရတာတောင်ကြာပြီ”
‘ပျော်စရာ’ဆိုတဲ့စကားလုံးနဲ့ ဆန့်ကျင်ဘက်ဆန်ဆန်ပဲ သူ့လေသံကတော့ မှိုင်းညှို့နေရှာတယ်။ သူ့မျက်နှာမှာ ဘာခံစားချက်မှမရှိဘဲ အရမ်းအေးစက်နေတယ်။ ရှည်လျားတဲ့မျက်ဝန်းအစုံနဲ့ ဖြူဆွတ်နေတဲ့အသားအရေက လူသားတစ်ယောက်နဲ့မတူဘဲ ဒဏ္ဍာရီထဲက မကောင်းဆိုးဝါးတစ်ကောင်နဲ့တောင် ဆင်တူနေတယ်။
ထူးဆန်းတဲ့ခံစားချက်တစ်ခုကြောင့် အက်ဇလာလည်း မေးချင်တဲ့မေးခွန်းတွေကိုတောင် မေ့သွားပြီး သူ့ကိုသာ အူကြောင်ကြောင်နဲ့စိုက်ကြည့်နေခဲ့မိတယ်။
သူ(မ)အနေနဲ့ သူ ‘ဘာလို့ ဒီကိုရောက်လာတာလဲ’တို့၊‘ဘယ်သူလဲ’တို့၊ ‘ဘယ်ကလဲ’တို့ မေးချင်နေပေမဲ့ သူ့ကို တစ်ချက်ကြည့်လိုက်မိတဲ့အချိန်မှာ အရာအားလုံးကိုမေ့လျော့သွားရသလို သူ(မ)ရဲ့စိတ်ထဲ ဘာတစ်ခုမှမမှတ်မိတော့ပါဘူး။
“ဟုတ်တယ် မင်း…”
သူက အက်ဇလာ့ကို အေးစက်တဲ့မျက်ဝန်းအစုံနဲ့ စိုက်ကြည့်ပြီး သူ(မ)မေးစေ့ကို လက်မနဲ့ပွတ်သပ်လိုက်တယ်။
“မင်း ငါနဲ့စာချုပ်ချုပ်ချင်လား”
“ဘာရယ်”
“မင်း လိုချင်တာမှန်သမျှငါပေးမယ်။ ဘာပဲဖြစ်ဖြစ်..”
အဓိပ္ပါယ်မရှိတဲ့စကားတွေကို ပြောပြီးတဲ့နောက် သူက မျက်ခုံးပင့်ပြီးမေးလာတယ်။
စာချုပ်ဟုတ်လား..။ သူ ဘာတွေပြောနေတာလဲဆိုတာ သူ(မ)နားမလည်နိုင်။
အက်ဇလာ မျက်မှောင်ကြုတ်ပြီး ထထိုင်ဖို့ကြိုးစားလိုက်ပေမဲ့ အကြောင်းတစ်ခုခုကြောင့် သူ(မ)ရဲ့ခန္ဓာကိုယ်က လှုပ်ရှားလို့မရ။ ကြိုးနဲ့ချည်နှောင်ခံထားရသလိုမျိုး လက်ချောင်းတစ်ချောင်းလေးတောင် လှုပ်ကြည့်ဖို့ခက်လှတယ်။ သူ(မ)အနေနဲ့ ပထမဆုံးအကြိမ် ခံစားလိုက်ရတဲ့ မရင်းနှီးတဲ့ဖြစ်ရပ်မျိုးကြောင့် ထိတ်လန့်သွားရပြီး ခန္ဓာကိုယ်ကိုတွန့်ကွေးရင်း ရုန်းကြည့်လိုက်တယ်။
ဒါကိုမြင်တော့ အဲ့ဒီလူက သူ့လက်ဖဝါးကိုဖြန့်လိုက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့စကားဆိုလာတယ်။
“မင်းရဲ့ခွန်အားကို မဖြုန်းတီးနဲ့။ ငါ မင်းရဲ့ခန္ဓာကိုယ်ကို ခဏလောက် အကြောသေအောင်လုပ်ထားလို့ မင်း လှုပ်လို့ရမှာမဟုတ်ဘူး။ အဲဒါကြောင့်မို့ မင်း ဘာနာကျင်မှုကိုမှမခံစားရတာ”
“ရှင်ကဘယ်သူလဲ”
အဲ့ဒီအချိန်ကျမှ အက်ဇလာလည်း စမြင်လိုက်ရချိန်ကတည်းက မေးသင့်တဲ့မေးခွန်းကို မေးလိုက်မိတယ်။ အဲ့ဒီမေးခွန်းကို မေးလိုက်ချိန်မှာ သူ(မ)ရဲ့ခေါင်းထဲ အချက်ပေးသံတွေညံသွားပြီး လုံးဝဒီလိုမလုပ်ဖို့ အလိုလိုတားဆီးနေသယောင်ပါပဲ။
“ငါလား”
သူက သူ(မ)ရဲ့မေးစေ့ကိုကိုင်ရင်း နီစွေးစွေးနှုတ်ခမ်းတစ်စုံနဲ့ ပြုံးလိုက်လေရဲ့။
ရိုးရိုးတန်းတန်းပြုံးလိုက်တယ်ဆိုပေမဲ့ ရင်ထိတ်ဖွယ်ရာခံစားချက်တစ်မျိုးကို ခံစားမိစေတဲ့ အဲ့ဒီမြင်ကွင်းကြောင့် သူ(မ)တစ်ကိုယ်လုံး ကြက်သီးထသွားရတယ်။ သူက မကောင်းမှုကြောင့်မွေးဖွားလာတဲ့ ‘နတ်ဆိုး’တစ်ကောင်နဲ့ ဆင်တူလှတယ်။ အဲ့ဒီလူဟာ တိုးညှင်းတဲ့လေသံနဲ့ပြောလာခဲ့တယ်။
“လူသားတွေရဲ့ဘာသာစကားနဲ့ပြောရရင်တော့ ငါကနတ်ဆိုးပဲ”
သွေးစွန်းနေတဲ့အလား ရဲရဲနီနေတဲ့ သူ့နှုတ်ခမ်းလေးတွေဟာ လခြမ်းကွေးလေးတစ်ခုအလား ကွေးညွတ်လာပြီး ပြုံးရယ်လိုက်လေရဲ့။
“…ဘာရယ်”
“မယုံနိုင်ဘူးမလား။ မင်း မယုံကြည်နိုင်ဘူးဆိုတာ ငါသိပါတယ်။ ဒီလိုမျိုးတုံ့ပြန်မှုတွေ ငါ အများကြီးကြုံခဲ့ရပြီးပြီ”
သူ(မ)က သူ့ကို သံသယမျက်လုံးတွေနဲ့ အရူးတစ်ယောက်အလား စိုက်ကြည့်နေပေမဲ့ သူကတော့တည်ငြိမ်နေဆဲ။
နတ်ဆိုးဟုတ်လား။
အက်ဇလာက သူပြောလိုက်တဲ့စကားတွေကို စဉ်းစားနေမိတယ်။ အခု သူက သူ့ကိုယ်သူ တကယ့်နတ်ဆိုးအစစ်လို့ ပြောနေတာလား။ ဒါမှမဟုတ် ‘နတ်ဆိုး’တစ်ကောင်လိုမျိုး ရည်ညွှန်းပြီးတော့ တင်စားပြောနေတာလား။
သူ(မ)ငယ်ငယ်တုန်းက စာအုပ်တစ်အုပ်ထဲမှာ နတ်ဆိုးတွေအကြောင်း ဖတ်ခဲ့ဖူးတယ်။ ဒီလိုအရာမျိုးက ဒီကမ္ဘာပေါ်မှာ အမှန်တကယ်ရှိမနေနိုင်ဘူးလေ။
အဲ့ဒီလူက သူ(မ) သံသယမျက်လုံးတွေနဲ့ စိုက်ကြည့်နေတာကိုတွေ့တော့ သူ(မ)ရဲ့စိတ်ကိုဖတ်နိုင်သလိုမျိုး သူ့မေးစေ့ကိုကိုင်ထားရင်းကနေ ပခုံးတွန့်ပြလာတယ်။
“မင်းမယုံလည်းရပါတယ်။ မင်း ငါ့ကိုယုံလာအောင်လုပ်ဖို့ စိတ်ကူးမရှိဘူး”
အက်ဇလာက အဲ့ဒီအပြုံးရဲ့နောက်ကွယ်က စကားလုံးတွေရဲ့အဓိပ္ပာယ်ကိုစဉ်းစားရင်း နားမလည်နိုင်ဟန်အမူအရာနဲ့ စိုက်ကြည့်နေမိတယ်။
ဒီတော့ သူ အခုပြောနေတာက စာအုပ်တွေထဲမှာပဲ တွေ့မြင်နိုင်တဲ့ ‘နတ်ဆိုး’အကြောင်းလား။ ဒါက အဓိပ္ပာယ်မရှိတဲ့ဇာတ်လမ်းကြီးလေ။
သူ(မ) ပြောစရာစကားလုံးတွေ ပျောက်ဆုံးသွားရပေမဲ့ ပါးစပ်ကိုတော့ ပိတ်မထားနိုင်ခဲ့ဘူး။
“ဒီတော့ မင်းဘာဆက်လုပ်မှာလဲ။ ငါနဲ့စာချုပ်ချုပ်မှာလား”
“စာချုပ်ဆိုတာက ဘာလဲ”
“အာ”
သူ(မ)ရဲ့မေးခွန်းကြောင့် သူက လေဟာနယ်ထဲကိုကြည့်ပြီး သက်ပြင်းတစ်ချက်ချလိုက်တယ်။ သူ့မျက်နှာက စူပုတ်နေပြီး ‘ဒါကို ငါဘယ်လိုရှင်းပြရမလဲ’ဆိုတဲ့အမူအရာမျိုးနဲ့ မျက်ခုံးတွေတွန့်ချိုးထားရင်း မရေရာတဲ့အမူအရာနဲ့ ပခုံးတွန့်ပြလာတယ်။
“စာချုပ်…အဲဒါက.. ဒီတိုင်း စာချုပ်တစ်ခုပဲ။ မင်း ဒါကိုကြားဖူးလားတော့ မသိဘူး။ ‘နတ်ဆိုးရဲ့ဝိညာဉ်စာချုပ်’ဆိုတာလေ။ လူအများစုကတော့ စာချုပ်ကဘာလဲဆိုတာကို သိကြတာပဲ”
“ရှင် ကျွန်မကို သတ်မှာလား”
*******
SWARA WEBNOVEL TRANSLATION