Part-9
ဒီဇာတ်လမ်းက မပြီးသေးဘူး
(အပိုင်း ၉)
မူရင်း စာရေးသူ – 정으뜸
ဘာသာပြန် – Carmen
Editor – Aurelia
*****
စာအုပ်တွေထဲမှာ သူ(မ)တွေ့ဖူးနေကျ နတ်ဆိုးစာချုပ်က များသောအားဖြင့် အသက်ကို အပေါင်ပစ္စည်းအဖြစ် ထားရလေတယ်။
အက်ဇလာ မျက်မှောင်ကြုတ်ပြီး အဲ့ဒီလိုမေးလိုက်တဲ့အခါ သူက ထရယ်လာတယ်လေ။ သူ့ရယ်သံကကျယ်လွန်းလို့ အိမ်ကြီးထဲက တခြားတစ်ယောက်ယောက်ကြားသွားပြီး ပြေးလာကြမှာကိုတောင် စိုးရိမ်နေမိတယ်။
“သေတာကလွဲပြီး တခြားဘာဖြစ်နိုင်ဦးမှာလဲ။ မင်းက သေနေပြီပဲ”
အတန်ကြာအောင် ရယ်မောပြီးတဲ့နောက် သူ့မျက်လုံးထောင့်မှာရှိတဲ့ မျက်ရည်စတွေကိုသုတ်လိုက်ပြီး ရယ်သွမ်းသွေးနေတဲ့လေသံနဲ့ ပြောလာတယ်။
သူပြောတာ အမှန်ပါပဲ။ အဆိပ်သင့်နေတဲ့ နာကျင်မှုတွေက ခဏတာပျောက်ကင်းသွားလို့ သူ(မ)သေတော့မယ်ဆိုတာကို မေ့သွားခဲ့ရတယ်။
ဒါကိုသဘောပေါက်လိုက်ချိန်မှာ သူ(မ)က တုန်ရီနေတဲ့မျက်တောင်လေးတွေကို ညင်သာစွာပိတ်ထားလိုက်မိပါရဲ့။
ပြန်တွေးကြည့်လိုက်ရင် ဒါတွေအားလုံးက အလကားပဲလို့ ထင်မြင်လာတယ်။ ဒီလူက နတ်ဆိုးပဲဖြစ်ဖြစ် သူ(မ)ကိုလုပ်ကြံဖို့လာခဲ့တဲ့ လူသတ်သမားပဲဖြစ်ဖြစ် အရေးမကြီးတော့ပါဘူး။
“မင်း လိုချင်တာမှန်သမျှ ငါပေးမယ်။ ဘာပဲဖြစ်ဖြစ်ပေါ့”
သူ စောစောကပြောခဲ့တဲ့စကားတွေကြောင့် အက်ဇလာရဲ့သွေးတွေဆူပွက်လာတယ်။ သူ အကုန်ဖြည့်ဆည်းပေးနိုင်တာလား။
အဲ့ဒီအချိန် သူ(မ) မျက်လုံးအစုံကိုပြန်ဖွင့်ပြီး သူ့ကိုစိုက်ကြည့်လိုက်မိတယ်။ ‘နတ်ဆိုး’က မျက်လုံးတွေကိုမှိတ်ထားပြီး သူ(မ)ရဲ့ခံစားချက်တွေကို သိနေသလိုမျိုး ဆွဲဆောင်မှုရှိတဲ့အပြုံးတစ်ပွင့် ပြုံးလိုက်လေတယ်။
“လူတွေကိုရော သတ်ပေးနိုင်လား”
ဒါဟာ အန္တရာယ်ရှိတဲ့မေးခွန်းတစ်ခုဆိုပေမဲ့ သူ(မ)ကတော့ ထုတ်ပြောခဲ့တယ်။ ဘာလို့လဲဆိုရင် ဒီဘဝမှာတော့ နောင်တရစရာကိစ္စဆိုလို့ ဘာမှမရှိတော့ဘူးလေ။ သူ(မ) အဲ့ဒီစကားပြောပြီးတဲ့နောက် ပါးစပ်ကိုပြန်ပိတ်ထားလိုက်တယ်။
အဲ့ဒီလူက နှုတ်ခမ်းထောင့်စွန်းတစ်ဖက်ကွေးသွားရုံလေး ပြုံးလာတယ်။
“အင်း.. ဘာမဆိုပဲ”
“လူတစ်ယောက်ရဲ့ဘဝကို စုတ်ပြတ်သတ်သွားအောင်ရော လုပ်နိုင်လား”
“မင်း ငါနဲ့တွေ့ပြီဆိုမှတော့… မင်းလိုချင်တာအားလုံး မရဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး”
ဒါဟာ ‘နတ်ဆိုး’အလား ချိုမြမြတီးတိုးသံလေးဖြစ်လို့ ချိုမြိန်လွန်းလှတာကြောင့် သူ(မ)မှာ ‘ဒါဆို ကျွန်မနဲ့အတူသူတို့အားလုံးကို သတ်ပေးပါ’လို့ ပြောမိတော့မတတ်ပါပဲ။ ဒီလိုကြောက်မက်ဖွယ်ရာအတွေးက သူ(မ)ထံ ရောက်ရှိလာတာကြောင့် အက်ဇလာ ညည်းညူပြီး မျက်မှောင်ကြုတ်လိုက်မိတယ်။
အဲ့ဒီလိုတွေးလိုက်မိတဲ့အတွေးက သူ(မ)ကို သူတို့နဲ့တစ်တန်းတည်းဖြစ်သွားအောင်လုပ်လိုက်လိမ့်မယ်။
‘သူတို့တောင် လုပ်နိုင်သေးတာကို..။ ငါက ဘာလို့မလုပ်နိုင်ရမှာလဲ’
သူ(မ)လည်း ပြောင်းလဲပစ်လိုက်ချင်ပေမဲ့ နောက်ဆုံးကျတော့ လူတွေက တစ်ကြိမ်တည်းနဲ့ လုံးဝမပြောင်းလဲနိုင်ကြဘူးမဟုတ်လား။
အက်ဇလာ နောက်ထပ်မေးခွန်းတွေ ထပ်မမေးတော့တဲ့အခါ အဲ့ဒီလူကလည်း ဘာမှဆက်မပြောလာဘူး။ ခဏလောက်စဉ်းစားပြီးတဲ့နောက် သူ(မ) လှည့်ကြည့်လိုက်မိတယ်။ သူ(မ)မြင်လိုက်ရတဲ့အရာကတော့ အဲ့ဒီလူက မေးစေ့ကိုပွတ်သပ်ရင်း သူ(မ)ကို ငုံ့မိုးကြည့်နေတဲ့မြင်ကွင်းပါပဲ။
အဲ့ဒီနောက် သူ(မ)လည်း ဖောက်ထွင်းမြင်နိုင်လေဟန်အကြည့်တွေကြောင့် စိတ်ရှုပ်ထွေးမသက်မသာဖြစ်လာပြီး တိုးတိမ်တိမ်လေသံနဲ့ မေးလိုက်တယ်။
“ရှင် ဘာလို့အဲဒီလိုမျိုးကြည့်နေတာလဲ”
“ဘာလို့လဲဆိုတော့ မင်းမှပြန်မဖြေတာ”
“ရှင် ကျွန်မဆီက ဘာအဖြေကိုလိုချင်လို့လဲ”
“ငါ မင်းကို စာချုပ်ချုပ်မလားလို့မေးခဲ့တယ်လေ..။ ဒီတော့ ငါ အဖြေလိုချင်တယ်”
ဒီဇာတ်လမ်းက မပြီးနိုင်မစီးနိုင်ပတ်ချာလည်ရိုက်ပြီး ထပ်တလဲလဲ ဖြစ်နေလေတယ်။
စာချုပ်တဲ့…။ သူ(မ)လိုချင်တာမှန်သမျှ ပေးနိုင်တယ်လို့လည်း ဆိုပါသေးတယ်။ ဒီလိုကောင်းမွန်တဲ့အပေးအယူတွေနဲ့ ကမ်းလှမ်းလာစရာ ဘာအကြောင်းမှမရှိဘူးလေ။
အက်ဇလာ သံသယမျက်ဝန်းတွေနဲ့ သူ့ကိုကြည့်လိုက်တယ်။
“စာချုပ်ချုပ်လိုက်ရင် ဘာဖြစ်မှာလဲ”
“မင်းဘဝအတွက်တော့ ဘာမှထူးခြားပြီး ပြောင်းလဲသွားတာမျိုးမရှိဘူး။ ငါက မင်းမသေအောင် ကယ်ပေးလိုက်ပြီးရင် မင်းက ငါ့သဘောအတိုင်းပဲ ဆက်ပြီးတော့အသက်ရှင်သန်ရလိမ့်မယ်”
သူက ပေါ့ပေါ့တန်တန်လေသံနဲ့ ပြန်ဖြေလိုက်ပြီး ပေါ့ပေါ့ပါးပါးဟန်နဲ့ လက်ဖျောက်တီးလိုက်လေတယ်။
သူ(မ)ကိုကယ်မယ်တဲ့လား။ ပြီးတော့ သူ(မ)က အသက်ဆက်ရှင်သန်နိုင်မယ်ပေါ့လေ။ သူ့စကားကြောင့် အက်ဇလာ မျက်မှောင်ကြုတ်လိုက်မိတယ်။ သေလုမြောပါးအချိန်ရောက်ခါမှ သူ(မ)ရှေ့မှာပေါ်လာပြီး ကယ်တင်ပေးမယ်လို့ လာပြောနေသတဲ့လေ။
“ဘာလို့ ကျွန်မကိုကယ်ဖို့ကြိုးစားနေတာလဲ”
သူ(မ) တည်ငြိမ်တဲ့လေသံနဲ့ ပြန်မေးလိုက်တယ်။ အဲ့ဒီမေးခွန်းကြောင့် သူရဲ့ခရမ်းရောင်မျက်ဝန်းတို့ဟာ တလက်လက်တောက်ပလာခဲ့တယ်။ သူက ဒီမေးခွန်းကိုပဲစောင့်ဆိုင်းနေသလိုမျိုး မျက်နှာပေါ်မှာ အပြုံးတစ်ပွင့်ပေါ်လာပြီး ပြန်ဖြေလိုက်တယ်။
“တကယ်လို့ အကြောင်းပြချက်ပေးရမယ်ဆိုရင်… အကြောင်းပြချက်က နှစ်ခုတော့ရှိတယ်”
သူက လက်ညိုးနဲ့လက်ခလယ်နှစ်ချောင်းထောင်ပြီး ခပ်ပေါ့ပေါ့လေသံနဲ့ ပြောလာတယ်။ သူ့ရဲ့ရှည်သွယ်သွယ်လက်ချောင်းတွေကို ကြည့်နေတဲ့အက်ဇလာက နက်ရှိုင်းလှတဲ့ အဲ့ဒီခရမ်းရောင်မျက်လုံးတွေဆီကို အကြည့်ပြန်ပို့လိုက်တယ်။
“ပထမတစ်ခုက နတ်ဆိုးတစ်ကောင်ဟာ လူသားတွေနဲ့အတူယှဉ်တွဲနေနိုင်ဖို့ဆိုရင် ကာလတစ်ခုအတွင်းမှာ လူသားစွမ်းအင်ရဖို့လိုအပ်တယ်”
“လူသားစွမ်းအင်.. ဟုတ်လား”
“ဟုတ်တယ်။ ပြောရရင်တော့ ရှင်သန်နေတဲ့လူသားတွေဆီကမှ ရနိုင်တဲ့စွမ်းအားပဲ။ ပြီးတော့ စာချုပ်ချုပ်ထားတဲ့သူတွေဆီကပဲ ဒီစွမ်းအင်ကိုရနိုင်မှာ”
သူက အရှေ့လျှောက်လိုက်၊ အနောက်လျှောက်လိုက်နဲ့ လမ်းပတ်လျှောက်နေပြီး ဆက်ပြောလာတယ်။
သူ(မ)ကတော့ သူပြောနေတဲ့အဓိပ္ပာယ်ကိုနားမလည်နိုင်ဘဲ တစ်ဖက်ကို ခေါင်းငဲ့လိုက်တယ်။ သူကလည်း စိတ်ရှုပ်ထွေးသွားဟန်အမူအရာနဲ့ စကားဆက်ပြောလေတယ်။
“ပုံမှန်အချိန်တစ်ခုအတွင်းမှာ ငါ လူသားတစ်ယောက်နဲ့အိပ်ဖို့လိုတယ်”
“….!”
အက်ဇလာက အဲ့ဒီစကားမျိုးကို ပေါ့ပေါ့ပါးပါးထုတ်ပြောနေတဲ့လူကြောင့် မျက်နှာရဲခနဲဖြစ်သွားပြီး အကြည့်လွှဲလိုက်တယ်။
ဘယ်လိုလုပ်ပြီးတော့ ဒီလိုစကားမျိုးကို ဘာမှမဟုတ်သလိုထုတ်ပြောနိုင်ရတာလဲ။ ရှက်မိတာကပဲ မှားနေတာများလား။
သူ(မ) အသက်ပြင်းပြင်းရှူလိုက်ပြီး တုန်ရီနေတဲ့လေသံနဲ့ပြောလိုက်တယ်။
“ဒုတိယအကြောင်းပြချက်ကရော”
“ဒုတိယအကြောင်းပြချက်ကတော့ မင်းကလောဘကြီးလို့ပဲ”
“ဟမ်”
“မင်းမသိဘူးလား။ မင်းကသိပ်လောဘကြီးတယ်”
“ဘာရယ်”
“အာ.. ဟုတ်တာပေါ့။ အခုတောင် မင်း နည်းနည်းစိတ်ဆိုးနေပြီ”
လောဘကြီးတယ်တဲ့လား။ အခုဆိုရင် နည်းနည်းစိတ်ဆိုးနေပြီတဲ့လား။
ဒါဟာ သူ(မ) လုံးဝနားမလည်နိုင်တဲ့စကားလုံးတွေပါပဲ။
ဒီလူက ဒန်နီရယ်လွှတ်လိုက်တဲ့ သူလျှိုများလား။ သူ(မ) အဲဒီလိုပဲ ထင်လိုက်မိပါတယ်။ ဒီကမ္ဘာမှာ ‘နတ်ဆိုး’လိုအရာမျိုး တကယ်မရှိပါဘဲ ဇာတ်လမ်းတွေနဲ့ သူ(မ)ကိုလှည့်စားဖို့ ကြိုးစားနေတာဖြစ်မယ်လို့ သံသယဝင်လိုက်မိတယ်။ သူ(မ)ရဲ့ခံစားချက်တွေကို မသိရှာတဲ့သူကတော့ ဆက်ပြောလာတယ်။
“ဘ၀မှာ နောင်တမရှိတဲ့လူတွေရဲ့ဝိညာဉ်က ဘယ်လောက်ပဲ ကောင်းမွန်နေပါစေ။ အဲဒါတွေက တန်ဖိုးမရှိဘူး။ အဲဒါကြောင့် မင်းက အခုဆို နည်းနည်းလေးရှုံ့တွနေပြီ။ ငါ မင်းကို စားလိုက်မယ်ဆိုရင်…”
သူက သူ့လျှာကိုထုတ်ပြီး ခါးသက်သက်အသီးတစ်လုံးကို စားလိုက်ရတဲ့အလား မျက်နှာပျက်သွားတယ်။ ခေါင်းကို ပြင်းပြင်းထန်ထန်ခါယမ်းပြီးတဲ့နောက်မှာတော့ အေးစက်စက်အမူအရာနဲ့ သူ့စကားကို ဆက်ပြောလာခဲ့တယ်။
“ဒါပေမဲ့ မင်းဘဝအတွက် စပြီးဝမ်းနည်းလာတာနဲ့အမျှ ဝိညာဉ်က မင်းထင်ထားတာထက် ပိုပြီးအရသာရှိလာလိမ့်မယ်”
“….”
“အဲဒီချိုမြိန်တဲ့အခိုက်အတန့်လေးကို ငါ့ကိုပေးဖို့။ အဲဒါက မင်းဆီက ငါလိုချင်တဲ့အရာနှစ်ခုပဲ”
သူ့စကားကြောင့် အက်ဇလာ့မျက်ခုံးနှစ်ဖက် တွန့်ချိုးသွားရတယ်။
ဒီတော့ သူ့စကားတွေကို အကျဉ်းချုပ်လိုက်မယ်ဆိုရင် အရင်ဆုံး သူက လူသားစွမ်းအင်ကို ပုံမှန်လိုအပ်နေတာကြောင့် သူ(မ)နဲ့အတူအိပ်ချင်တယ်။ ဒုတိယအနေနဲ့ သူ(မ)ရဲ့ဘဝအတွက် စတင်ဝမ်းနည်းလာတဲ့အချိန်မှာမှ ဝိညာဉ်ကို သူ့ဆီပေးရဦးမယ်ပေါ့လေ..။
ဒါဟာ ခန္ဓာနဲ့စိတ်ဝိညာဉ် အရာခပ်သိမ်းကို နတ်ဆိုးထံပါး လွှဲပြောင်းပေးလိုက်ရသလိုပါပဲ။
ဝိညာဉ်တွေကိုလိုက်လံရှာဖွေပြီး ဖမ်းစားတတ်တဲ့ နတ်ဆိုးပုံပြင်တချို့ကိုတော့ စာအုပ်တွေထဲမှာ သူ(မ)ဖတ်ဖူးပါတယ်။
‘တကယ်တော့ ဒါက တကယ်ဖြစ်ခဲ့တဲ့ပုံပြင်တစ်ပုဒ်ပဲပေါ့’
သူ(မ)ကိုယ်တိုင်လည်း ဆက်ပြီးအသက်မရှင်သန်ချင်တော့ဘူးဆိုမှတော့ သူ(မ)ရဲ့ခန္ဓာကိုယ် ဒါမှမဟုတ် စိတ်ဝိညာဉ်ကိုယူပြီး ကင်တာပဲဖြစ်ဖြစ် ပြုတ်တာပဲဖြစ်ဖြစ် အရေးမကြီးတော့ပါဘူးလေ။
“တကယ်လို့ ပထမအချက်က မှန်နေခဲ့တယ်ဆိုရင်တောင် ရှင်ပြောတဲ့ဒုတိယအကြောင်းပြချက်အတွက်… စာချုပ်ချုပ်ပြီးရင်တောင် ကျွန်မရဲ့ဘဝထဲမှာ ဘာနောင်တမှမရှိလာခဲ့ရင်ရော ဘယ်လိုဖြစ်မှာလဲ”
“ဒါဆိုရင်လည်း ဒါက မင်းရဲ့အနိုင်ပဲပေါ့။ ရှင်းရှင်းလေးပဲ။ မင်း နိုင်သွားပြီးတော့ ငါကအရှုံးသမားဖြစ်လာလိမ့်မယ်။ ချိုမြတဲ့ မင်းရဲ့ဝိညာဉ်လေးကိုတော့ ဘယ်တော့မှ အရသာမြည်းစမ်းကြည့်လို့ရမှာ မဟုတ်တော့ဘူး။ မင်းကတော့ နောင်တရစရာမရှိဘဲနဲ့ ကိုယ့်ဘဝကိုယ်ဖြတ်သန်းရလိမ့်မယ်”
“ဒီလိုလုပ်ရင် ရှင့်အတွက်ဘာအကျိုးရှိမှာလဲ”
“ဒီဟာပဲလေ။ လူသားတွေက အမြဲတမ်း’အကျိုးအမြတ်’နဲ့ ‘ဆိုးကျိုး’တွေကို လိုက်ခွဲခြားနေကြတာပဲ။ အဲဒီလိုဟာမျိုးမရှိဘူး..။ အဲဒါက ဒီတိုင်း…”
သူက ခေတ္တရပ်တန့်ပြီး မှန်ကန်တဲ့စကားလုံးကို မမှတ်မိတော့တဲ့အလား မော့ကြည့်လာတယ်။
သူက မျက်မှောင်ကြုတ်ရင်း ခေါင်းကိုစောင်းငဲ့ပြီး စကားလုံးပေါင်းများစွာကို အချိန်တိုအတွင်း စဉ်းစားနေဟန်တူတယ်။ မကြာခင်မှာပဲ မှန်ကန်တဲ့စကားလုံးကို သိရှိသွားသလိုမျိုး မျက်နှာထက်မှာ တောက်ပတဲ့အမူအရာတစ်ခုပေါ်လာပြီး ခေါင်းညိတ်လိုက်တယ်။
“ဟုတ်တယ်။ ဒါကဒီတိုင်း’ပျော်စရာကောင်းတာ’မျိုးပဲ”
“…ပျော်စရာဟုတ်လား”
“တကယ်လို့ မင်းမှာ’အားနည်းချက်’တွေပဲ ရှိနေတယ်ဆိုရင်ရော ဘယ်လိုလုပ်မလဲ။ ရှေ့ကိုကြိုမမြင်နိုင်တဲ့ စာချုပ်တစ်ခုကမှ ပျော်ဖို့ကောင်းတာလေ။ ဒါနဲ့ စကားမစပ် ငါတို့တွေအတွက်တော့ ‘ပျော်စရာ’က အရေးကြီးဆုံးပဲ။ ပျော်စရာတွေသာမရှိရင် အသက်ရှင်စရာအကြောင်းလည်း မရှိဘူး”
သူက အဲ့ဒီလို အားလုံးရှင်းပြပြီးတဲ့နောက် မေးစေ့ကိုထိကိုင်ထားပြီး သက်ပြင်းချလိုက်တယ်။
“မင်း ဘယ်လိုထင်လဲ။ ဒီလိုသာဆိုရင် ငါနဲ့ စာချုပ်ချုပ်တာက မင်းအတွက်မကောင်းဘူးလို့လည်း မထင်ရပါဘူး။ လူသားတွေရဲ့စံနှုန်းအရဆိုရင် မင်းမှာ ဆုံးရှုံးစရာဘာမှမရှိဘူးလေ”
အဲ့ဒီလိုပြောပြီးတဲ့နောက် သူက လက်ချောင်းတွေကို စည်းချက်အတိုင်း ညင်သာစွာတတောက်တောက်ခေါက်နေလေတယ်။ အက်ဇလာရဲ့အဖြေကို စောင့်နေဟန်တူပါရဲ့။
ဒီလိုဆိုရင်တောင် သူပြောတာမှန်နေတာပါပဲ။ ဘာပဲဖြစ်ဖြစ် သေတော့မှာပဲမဟုတ်လား။ ဒီလူက သူ(မ)ရဲ့ခန္ဓာနဲ့ဝိညာဉ်ကို ယူသွားရင်တောင် ဆုံးရှုံးစရာဘာမှမရှိဘူးလေ။
ဒါပေမဲ့ အက်ဇလာ့ခမျာ စိတ်မသက်မသာဖြစ်ရလွန်းလို့ ကြမ်းရှရှနှုတ်ခမ်းတွေတောင် ခြောက်ကပ်သွားခဲ့တယ်။ ဒါကို သူ(မ) လွယ်လင့်တကူ ပြန်မဖြေနိုင်ခဲ့ဘူး။
‘လက်စားချေဖို့’
ပြင်းထန်လှတဲ့ အဲ့ဒီစကားလုံးက အက်ဇလာ့စိတ်ထဲ တောက်လောင်နေခဲ့တယ်။
သူ(မ)က အိုင်းရင်းအတွက် သူတို့ကိုလက်စားချေပေးချင်တယ်။ ‘နတ်ဆိုး’ဆိုတဲ့စကားလုံးသာ အမှန်တကယ်တည်ရှိနေတယ်ဆိုရင် လက်စားချေဖို့အတွက် သူ့ကိုအသုံးချခြင်းက ဘာမှမပြောပလောက်ပါဘူး။ ဒါပေမဲ့ နောက်ဆုံးလက်ကျန်လူသားဆန်မှုလေးက အက်ဇလာ့ကိုခြေချုပ်မိစေတယ်။
ဒါ့ပြင် သူ(မ)တစ်ယောက်တည်း အထီးကျန်စွာနဲ့ ဆက်လက်ရှင်သန်နေရမှာကြောက်တဲ့စိတ်ကလည်း တစ်စိတ်တစ်ပိုင်းပါဝင်နေသေးတယ်လေ။
‘အိုင်းရင်း…’
တောက်တောက်ပပပြုံးရယ်တတ်တဲ့ သူ(မ)ရဲ့ညီမအရင်းတစ်ယောက်လိုမျိုး အစေခံလေးက သူ(မ)ရှေ့မှာ တလက်လက်တောက်ပနေတယ်။ အက်ဇလာ ထပ်ပြီးတော့မနာကျင်ချင်တော့ပါဘူး။ ပြီးတော့ သူ(မ)ကြောင့်နဲ့လည်း ဘယ်သူ့ကိုမှ မသေစေချင်တော့ဘူး။ ဒါကြောင့်ပဲ သူ(မ)ရဲ့ဘဝကို ဒီအတိုင်းသာအဆုံးသတ်လိုက်ချင်တော့တာပါပဲ။
အိုင်းရင်း… ဒီကလေးအကြောင်းတွေးလိုက်မိရင်တော့ ဒီလိုအဆုံးသတ်မျိုးက သိပ်တော့မတရားလှပါဘူး။
သူ(မ)ရဲ့ခံစားချက်တွေကို စိတ်ဖတ်နိုင်တဲ့အလား အဲ့ဒီလူဘက်က အရင်နှုတ်ဟလာတယ်။
“လိမ္မော်ရောင်ဆံပင်နဲ့ မင်းချစ်တဲ့အစေခံ”
“…!”
“သူ့နာမည်က အိုင်းရင်းလား”
*******
SWARA WEBNOVEL TRANSLATION
[email protected]
စိတ်ဝင်စားစရာကောင်းလာပြီ