Chapter 1
![](https://mmstoryglory.com/wp-content/uploads/2024/05/Trapped-Snake-200x300.jpg)
ဒုန်း!..ဒုတ်!.. ဒုတ်!..
လှိမ့်နေသည့်ဘောလုံးသည် သစ်ပင်ချုံနွယ်များဖုံးအုပ်နေသည့် တံခါးဟောင်းကြီးတစ်ချပ်၏ ရှေ့တွင်ရပ်သွားခဲ့သည်
“တွေ့ပြီ!”
ဘောလုံးကို လိုက်ဖမ်းနေသည့် ကောင်မလေးသည် သူမ၏လက်သေးသေးလေးများဖြင့် ဘောလုံးကိုကောက်ယူလိုက်ပြီးနောက် ထိုတံခါးကိုကြည့်လိုက်သည်
“ဒီမှာ တံခါးတစ်ချပ်ရှိနေတာလား”
တံခါးကိုမဖွင့်ဘဲထားသည်မှာ ကြာပြီထင်၏.. ထိုတံခါးတွင် ပင့်ကူအိမ်များဖြင့် ဖုံးလွှမ်းနေပြီ တံခါးလက်ကိုင်နှင့် သော့ခလောက်ကြီးပင် သံချေးတက်၍ အနီရောင်သို့ပြောင်းသွားပြီဖြစ်သည်
“ဒါက ဘယ်လိုနေရာပါလိမ့်”
စူးစမ်းလိုသော မျက်လုံးဝိုင်းကြီးများဖြင့် ကောင်မလေးသည် ထိုတံခါးကို ဖြည်းညှင်းစွာခေါက်ကြည့်လိုက်သည်
ဒေါက်! ဒေါက်! ဒေါက်!
“အထဲမှာ တစ်ယောက်ယောက်ရှိလား”
သူမ မေးလိုက်ပေမယ့် ပြန်ဖြေသံကိုတော့ မကြားခဲ့ရပေ
‘အာ.. ဒီမှာ အပေါက်တစ်ခုရှိနေတယ်ရော’
ကောင်မလေးသည် သစ်သားတံခါးဟောင်းကြီး၏အောက်ပိုင်းတွင် ကျိုးပဲ့နေသော အပေါက်တစ်ခုကို တွေ့ရှိခဲ့သည်
ထိုအပေါက်သည် သစ်သားများဆွေးခြင်းကြောင့်ဖြစ်ပေါ်လာသည်လား သို့မဟုတ် ကြွက်တစ်ကောင်ကောင်က ဖောက်ထားသည်လား ဆိုသည်ကို ရှင်းရှင်းလင်းလင်းမသိပေ
“အထဲမှာ တစ်ယောက်ယောက်ရှိနေလား”
ကောင်မလေးက ညင်သာစွာပင် မျက်နှာကို တံခါးပေါက်နှင့်ကပ်၍ အထဲမှအသံကို နားထောင်လိုက်သည်
သို့သော် ထိုနေရာအထဲတွင် ပြန်ကြားနေရသည့် တစ်ခုတည်းသောအသံက ပဲ့တင်ထပ်နေသည့် သူမ၏ကိုယ်ပိုင်အသံပင်ဖြစ်သည်
“…?”
ထိုအချိန်ခဏမှာပင်
တံခါး၏အတွင်းပိုင်းမှ နံရံကို ကုတ်ခြစ်နေသကဲ့သို့ အသံတစ်ခုထွက်ပေါ်လာသည်
“အထဲမှာ ဘယ်သူရှိလဲ?”
ဤသည်မှာ နံရံကို ခြစ်လိုက်သော အသံဖြစ်ကြောင်း သူမ သေချာသိသည်
“အထဲမှာ တစ်ယောက်ယောက်ရှိနေတာလား.. ဘယ်သူ ပိတ်မိနေတာလဲဟင်”
ကောင်မလေးက ဆက်အော်နေပေမယ့် အထဲမှာတော့ နံရံခြစ်သံတွေသာ ဆက်လက်ထွက်ပေါ်နေသည်
“တံခါးဖွင့်ပေးရမလား”
‘ဟုတ်သား.. သူမမှာ သော့မပါဘူးလေ’
ဒါပေမယ့်လည်း တံခါးက အရမ်းဟောင်းနေတာကြောင့် နည်းနည်းလောက်အားစိုက်တွန်းလိုက်ရင်တောင် ကျိုးပဲ့သွားလောက်မည်
မိန်းမငယ်လေး၏ စိတ်ထဲမှာတော့ ဒီတံခါးကိုဖွင့်နိုင်ဖို့က ဘာမှခက်ခဲမှုမရှိဟု ထင်နေလေသည်
“ခဏစောင့်နော် တံခါးဖွင့်လိုက်မယ်..”
ကောင်မလေးက သစ်သားတံခါးဟောင်းကြီးကို အားကုန်သုံး၍တွန်းဖွင့်ခါနီးတွင် အိမ်အကူတစ်ယောက်က ကမန်းကတန်းပြေးလာခဲ့ပြီး တံခါးနားရှိ ကောင်မလေး၏လက်ကို အမြန်လှမ်းဆွဲလိုက်သည်
“အထဲမှာ တစ်ယောက်ယောက်ရှိနေလို့”
“မင်းသမီးလေး ဒီတံခါးကို ဘယ်တော့မှ မဖွင့်ရဘူးနော်”
“ဘာကြောင့်လဲဟင်?”
“ဘာကြောင့်လဲဆိုတာမသိပေမယ့် မင်းသမီးလေး ဒီတံခါးကို ဖွင့်လို့မရဘူး”
အိမ်အကူက ကလေးမလေးကို လက်နှစ်ဖက်ဖြင့် ပွေ့ဖက်ထားလိုက်သည်
ထို့နောက် တံခါး၏နောက်ကွယ်တွင် ကြောက်စရာတစ်ခုခုရှိနေသကဲ့သို့ တုန်ယင်စွာဖြင့် ထိုနေရာမှအမြန်ထွက်လာလေသည်
“သမီးဘောလုံး! သမီးရဲ့ဘောလုံးလေး ကျန်ခဲ့တယ် ပါမလာဘူး!”
“မင်းသမီးလေးကို နောက်ထပ်ဘောလုံးအသစ်တစ်လုံးပေးမယ်လေ ဘယ်လိုလဲ”
“သမီးရဲ့ဘောလုံးကအဲဒီနေရာမှာရှိနေတယ်လေ!”
ကလေးမလေးက အော်နေပေမယ့် အိမ်အကူကတော့ နောက်ကိုပင်လှည့်မကြည့်ဘဲ ထိုနေရာမှ အမြန်ထွက်လာလေသည်
ညသည် မှောင်လာသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်လာလေပြီဖြစ်သည်
ည၏ တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သော ခြေသံလေးများ ပဲ့တင်ထပ်လာသည်
အမှောင်ထုထဲ၌ မင်းသမီးလေးသည် လမ်းကိုဂရုတစိုက်လျှောက်နေလေသည်
သူမလေးရဲ့ နာမည်က ချောင်အာဖြစ်သည်
သူမလေးသည် ဘုရင်မင်းမြတ်၏ အချစ်ဆုံးမိဖုရားခေါင်ကြီးမှ မွေးဖွားသော သမီးတော်လေးဖြစ်သည်
ယခု သူမ၏အသက်သည် ခြောက်နှစ်ပြည့်ခဲ့ပြီးဖြစ်သည်.. သူမသည် နန်းတော်ကြီးအတွင်း၌ ချစ်ခြင်းမေတ္တာများကိုအပြည့်အဝရရှိခဲ့ပြီး မည်သည့်အရာကိုမျှကြောက်ရွံ့မှုမရှိဘဲ ကြီးပြင်းလာခဲ့သည်
နန်းတော်အတွင်းရှိ မည်သူမဆို သူမကို ဒုက္ခမပေးကြကြောင်း သူမကောင်းကောင်းသိသည်
အမှန်တော့ အခုချိန်က အိပ်ချိန်ရောက်နေပြီ.. ဒါပေမယ့် သူမလေးက နို့ထိန်းအမေ မသိအောင် အခန်းထဲကနေ တိတ်တိတ်လေး ခိုးထွက်လာခဲ့သည်
‘ဟိုမှာ ငါ့ဘောလုံးလေး ‘
နေ့ခင်းဘက်တုန်းက ကျန်နေခဲ့သော ဘောလုံးလေးသည် အခုထိ ထိုနေရာတွင်ရှိနေဆဲဖြစ်သည်
ဒီဘောလုံးလေးကို သူမ၏မွေးမိခင် ယောင်းရီကိုယ်တိုင် ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်.. သူမ၏ မွေးမိခင်သည် မနှစ်တည်းက ဖျားနာမှုတစ်ခုကြောင့် ဆုံးပါးသွားခဲ့ပြီး ထိုအချိန်တုန်းက ချောင်အာသည် အရမ်းဝမ်းနည်းရပြီး ငိုခဲ့ရသေးသည်
ချောင်အာသည် ဘောလုံးကိုကိုင်ထားလျှက်နှင့်ပင် နေ့လည်တုန်းကမြင်ခဲ့ရသော တံခါးအောက်နားက အပေါက်ကို ငုံ့ကြည့်လိုက်သည်
သူမ သေသေချာချာလေး နားထောင်ကြည့်တာတောင် ဘာသံမှမကြားရပေ
“အထဲမှာ ရှိနေသေးလားဟင်”
ထိုခဏမှာပင် နံရံကို ခြစ်နေသလိုအသံကို ကြားလိုက်ရသည်
“ဘာလို့ စကားပြန်မပြောတာလဲ.. စကားပြောလို့မရတာလား?”
အထဲတွင် နံရံကိုကုတ်ခြစ်သံက ဆက်တိုက်ဆိုသလို ထွက်ပေါ်လာသည်
“အထဲမှာ စားစရာမရှိဘူးမလား.. ငါ စားစရာတစ်ခုခု ယူလာပေးတယ်”
ချောင်အာသည် သူမတိတ်တဆိတ်ယူလာသော ထမင်းလုံးလေးကို ထုတ်ယူလိုက်သည်
သူမ ညနေစာစားတုန်းက ထမင်းအချို့ကို တိတ်တိတ်လေးဖွက်ထားခဲ့ပြီးနောက် အလုံးကြီးတစ်လုံးဖြစ်အောင် ထိုထမင်းများကိုလုံးနယ်လိုက်သည်.. ပြီးနောက် ကျန်ရှိနေသေးသည့် အခြားသရေစာများကိုလည်း ယူဆောင်လာခဲ့သေးသည်
“ဒါကိုစားလိုက်နော်”
ထမင်းလုံးနှင့် အဆာပြေမုန့်များကို ပိုးသားလက်ကိုင်ပုဝါဖြင့်ထုပ်ထားပြီး ချောင်အာသည် ထိုအထုပ်လေးကို အပေါက်ထဲသို့ သေသေချာချာထည့်ပေးလိုက်သည်
ထို့နောက် နံရံအောက်ပိုင်းတွင် တစ်ခုခု လှိမ့်ဆင်းလာသကဲ့သို့ အသံတစ်ခုထွက်ပေါ်လာသည်
သစ်သားတံခါး၏နောက်ဘက်တွင် မတ်စောက်သော လှေကားထစ်တစ်ခုရှိမည်ဟု ထင်ရသည်
“ယူလိုက်ပြီလား?”
ထို့နောက်တစ်ဖန် နံရံကုတ်ခြစ်သံကို ကြားလိုက်ရပြန်သည်
ဒါက အသိအမှတ်ပြုတဲ့လက္ခဏာဖြစ်ကြောင်း သူမလေးသိသည်
“မနက်ဖြန်မှ ထပ်လာခဲ့မယ်နော်”
သူမ၏လက်ထဲရှိ ဘောလုံးနှင့်အတူ ချောင်အာသည် လျင်မြန်စွာပြေးထွက်လာခဲ့သည်
သူမကို ကလေးထိန်းတွေ ဖမ်းမိလို့မဖြစ်ဘူး.. မဟုတ်ရင် သူမ ဒီနေရာကို ထပ်လာနိုင်တော့မှာမဟုတ်ဘူး
နို့ထိန်းအမေကလည်း သူမ ကောင်းကောင်းအိပ်ပျော်ရဲ့လားဆိုတာကို စစ်ဆေးဖို့ တစ်ခါတစ်လေ လာကြည့်တတ်တာကြောင့် သူမ မြန်မြန်ပြန်ရောက်နေဖို့လိုတယ်