Chapter 10
အပိုင်း ၁၀
ဘာသာရေးမြို့တော်အထိရောက်ရန် ဝေးလွန်းသည်ဆိုလျှင် အနီးဆုံးတွင်ရှိသည့် ဆူရာန် တိုင်းပြည်သို့ သွားနိုင်ပေသည်။ အလိမ်အညာများ လုပ်ပြော၍ သီးသန့်ကာကွယ်ပေးမှုကို တောင်းဆိုမည်ဆိုလျှင် ဆူရာန်ဘုရင်အနေနှင့် ငြင်းနိုင်စရာ အကြောင်းရှိမည်မဟုတ်။
မမှတ်မိတော့ပါဘူးဟု ပြောထားသည့်သူကို မေးမြန်းစစ်ဆေးခြင်းတောင် မပြုနိုင်သည့် အခြေအနေပင်။ သို့သော် နားမလည်နိုင်ဖြစ်ရသည့်အရာကား ထိုတစ်ခုတည်းမဟုတ်။
လွန်ခဲ့သည့် သုံးနှစ်အတွင်းက မိဖုရား၏ အပြုအမူများကို တွေးလိုက်မိသည်။ ဤတိုင်းပြည်၏ မိဖုရားတစ်ပါးအနေနှင့် တိုင်းပြည်ကို ဦးဆောင်လိုသည့်စိတ်ဆန္ဒအား ရှာမတွေ့ခဲ့ရပေ။
အရင်စ၍ စာချုပ်ဖျက်သိမ်းကြောင်း ပြောလာမည်ကို မျှော်လင့်ပြီး ထိုကဲ့သို့သော ပုံစံမျိုးအထိပြရန် ရည်ရွယ်ထားခဲ့ခြင်းဖြစ်မည်လား။
သံသယ စဝင်လာသည်နှင့် အရာအားလုံးက မေးခွန်းထုတ်စရာ ဖြစ်လာတော့သည်။
“အတင့်ရဲပြီး ပြောရရင် ရင်သွေးတွေက ဒီအတိုင်း အလိုလို ဖြစ်လာတာမဟုတ်ပါဘူး။ ကြိုးစားဖို့လိုပါတယ်။ မိဖုရားရဲ့ အိပ်ခန်းထဲမှာ တစ်လတကြိမ်ပဲအိပ်ပြီးတော့ အလုပ်များနေလို့ဆိုပြီး ဒီအတိုင်း ကျော်သွားလိုက်တဲ့ လတွေလည်း အများကြီးရှိခဲ့တယ်ဆို။ ဒီတော့ ဘယ်တော့များမှ အကြင်လင်မယားဆက်ဆံရေးမှာ သံယောဇဉ်ကို တည်ဆောက်ပြီး ဆက်ခံသူရအောင် လုပ်မှာပါလဲ။”
ခါဆယ်ရ်က ခက်ထန်စွာ ပြန်ပြောခဲ့သည်။
“အခု လိင်မှုကိစ္စ ပညာပေးရေးအထိပါ လုပ်တော့မလို့လား။”
“အရှင်မင်းကြီး။”
“သိပြီမို့လို့ ဒီလောက်ပဲပြောတော့။ မကြာခင် သတင်းကောင်းကြားရအောင် ကြိုးစားမယ်။”
မာရီအန်းတစ်ယောက် မျက်လုံးပြူးသွားရတော့သည်။ ဘုရင်မင်းမြတ်ထံမှ ထိုကဲ့သို့သော အဖြေမျိုးကို ကြားရသည်မှာ ပထမဆုံးအကြိမ်ပင်။ သူက ဝမ်းသာမှုကို ဖုံးဖိထားနိုင်ခြင်းမရှိဘဲ ပြောလိုက်၏။
“ကတိပေးပါ။”
ခါဆယ်ရ်က ခေါင်းညိတ်လိုက်သည်။ မာရီအန်းကို စိတ်ချသွားအောင် လုပ်ရုံသက်သက်အတွက်မဟုတ်၊ သူကိုယ်တိုင် အမှန်တကယ် စိတ်ပိုင်းဖြတ်လိုက်သောကြောင့်ပင်။
မိဖုရားက မိခင်တစ်ယောက်ဖြစ်ဖို့ရန်အတွက် သင့်တော်၏၊ မတော်၏ကို ဆက်မဆွေးနွေးတော့ရန် ဆုံးဖြတ်လိုက်၏။ သူ့အတွက် ဆက်ခံသူတစ်ယောက် လိုအပ်ပေသည်။ လွန်ခဲ့သည့်သုံးနှစ်အတွင်း စိတ်ရှည်သည်းခံခဲ့ရသမျှကို သဲထဲရေသွန်ဖြစ်အောင်လုပ်ရန် အကြောင်းမရှိချေ။
‘မိခင်တဲ့လား။’
သူက ပြုံးလိုက်ပြီး ရွဲ့သလိုလို ရေရွတ်လိုက်သည်။
‘အဲ့ဒီလိုအရာမျိုး မရှိခဲ့ပေမဲ့လည်း ငါ ကောင်းကောင်းကြီးပြင်းလာခဲ့တာပဲလေ။’
~~~~~
ယူဂျင်းတစ်ယောက် ဘုရင်မင်းမြတ် ပြောခဲ့သည့် ‘မနက်ဖြန် လာခဲ့မယ်’ ဟူသော စကား၏ အဓိပ္ပာယ်ကို ထိုနေ့ နေ့လယ်ခင်းရောက်မှသာ သိခဲ့ရသည်။
“ဒီည ဟုတ်လား…”
ဂျီးန်က ဦးညွှတ်ပြီး ပြန်ဖြေခဲ့သည်။
“ဟုတ်ပါတယ်၊ အရှင်မိဖုရား။ လတစ်လရဲ့ ပထမဆုံးနေ့တိုင်းပါ။”
“ဒီတော့ လတစ်လရဲ့ ပထမဆုံးနေ့တိုင်းမှာ…အရှင်မင်းကြီး လာလိမ့်မယ်လို့ ပြောနေတာလား။ ဒီမှာအိပ်ဖို့အတွက်လေ။ ဒီနေ့က ဒီလရဲ့ ပထမဆုံးနေ့ပေါ့ ဟုတ်လား။”
“ဟုတ်ပါတယ်။ တစ်ခါတလေ တိုင်းရေးပြည်ရေးကိစ္စတွေနဲ့ အလုပ်များနေလို့ မလာနိုင်ဘူးဆိုရင် ကြိုတင်ပြီး အသိပေးတတ်ပါတယ်။ ဒီနေ့တော့ ဘာမှပြောထားတာမျိုး မရှိပါဘူး။”
“ဂျင်…ငါက ငြင်းဖူးတာမျိုး မရှိဘူးလား။”
“မရှိပါဘူး။”
‘ဒါက ဘယ်လို ရုတ်တရက်ဆန်တဲ့ကိစ္စလဲ။’
ဇနီးမောင်နှံ ဖြစ်ကြသောကြောင့် ကျိန်းသေပေါက် ဇနီးမောင်နှံလို နေကြရမည်ဖြစ်သော်လည်း လုပ်မည်ဟု ဆုံးဖြတ်ထားသည်နှင့် လက်တွေ့တွင် တကယ်လုပ်ရသည်က မတူပေ။
ယူဂျင်းခမျာ အခုအချိန်အထိ သူက ဂျင်ဖြစ်လာသည်ဟူသော အချက်ကို သဘောပေါက် လက်ခံနိုင်ခြင်းမရှိသေးချေ။ ‘ငါ အိပ်မက်မက်နေတာများလား’ ဟူသော အတွေးမျိုးကို မကြာမကြာ တွေးဖြစ်ခဲ့သည်။ ဤအဖြစ်အပျက်အားလုံး၏ အလယ်တွင် အတူတူအိပ်စက်ရမည်တဲ့လား။
ထို့အပြင် ဆက်ဆံရေးက မည်မျှပင် မကောင်းဘူးဟုဆိုပါစေ၊ ထိုလူက ဂျင်၏ ခင်ပွန်းသည် ဖြစ်နေဆဲပင်။ ယူဂျင်းတစ်ယောက် ဖောက်ပြန်မှုကို ကျူးလွန်ရသလိုမျိုး စိတ်ကသိကအောက် ဖြစ်မိရပေသည်။
ယူဂျင်းက ‘ဒါကို ဘယ်လိုငြင်းရပါ့မလဲ…’ ဟူသော စကားကို စိတ်ထဲတွင်သာ မျိုသိပ်လိုက်၏။ အစေခံမိန်းကလေးမှတစ်ဆင့် စကားပါးခြင်းထက် သူကိုယ်တိုင် ဘုရင်မင်းမြတ်ကို တိုက်ရိုက်ပြောခြင်းက ပိုကောင်းပေလိမ့်မည်။
‘စကားနဲ့ ပြောဆိုဆက်ဆံလို့မရတဲ့လူ မဟုတ်တဲ့ပုံမို့လို့။’
မနေ့က ဘုရင်မင်းမြတ်နှင့် ခဏတစ်ဖြုတ် စကားပြောခဲ့ပြီး ထို့နောက် သိပ်မကြာလိုက်ခင်တွင် ရောက်လာသည့် မာရီအန်းနှင့် အကြာကြီး လက်ဖက်ရည်သောက်ခဲ့သည်။
မာရီအန်းက ဂုဏ်သိက္ခာနှင့်ပြည့်စုံပြီး ကြင်နာသဘောကောင်းသည့်သူပင်။ မိဖုရား အတိတ်မေ့သွားသည့်အကြောင်းကို ဘုရင်မင်းမြတ်ထံမှ ကြားသိခဲ့ပြီးသား ဖြစ်နိုင်သော်လည်း သူက ထိုအချက်ကို သိသာအောင် မဖော်ပြဘဲနေခဲ့သည်။
မိဖုရားက ဘာမှမသိတော့ဘူးဟူသည့်အချက်ကို အခွင့်ကောင်းယူ၍ မိဖုရားကို နှိပ်ကွပ်ရန် ကြိုးစားခဲ့ခြင်းမရှိခဲ့ပေ။ မာရီအန်း၏ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး ယူဂျင်းအား မိဖုရားတစ်ပါးလို အကောင်းဆုံးကြိုးစား၍ ခစားခဲ့သည့် အပြုအမူမှာ လုပ်ယူထားပုံမပါဘဲ သဘာဝကျလှပေသည်။
မာရီအန်းနှင့် အတန်ကြာအောင် စကားပြောကြည့်ပြီးသည့်နောက်တွင် keyword အနည်းငယ် စိတ်ထဲပေါ်လာတော့သည်။
[အထိန်းတော်ချုပ်ဟောင်း၊ မိဖုရားရဲ့တာဝန်တွေကို ဆောင်ရွက်သူ၊ ဘုရင်ရဲ့အထိန်းတော်။]
ထိုမျှလောက်နှင့်ပင် ယူဂျင်းတစ်ယောက် မာရီအန်းက ဤတိုင်းပြည်တွင် မည်သို့သော အရိုက်အရာကို ယူထားမှန်း အကြမ်းဖျင်း နားလည်သွားခဲ့သည်။ ထို့အပြင် ဘာကြောင့် ဂျင်က မာရီအန်းကို မုန်းတီးရသည်ကိုလည်း နားလည်သလိုလို ရှိလာခဲ့၏။
ဂျင်ကား စိတ်နေသဘောထားနှင့်ပတ်သက်၍ ပြဿနာအများကြီးရှိနေသည့် ဇာတ်ကောင်ပင်။ ဆိုးယုတ်သည် ပင်ကိုသန္ဓေစိတ်ရှိပြီး မိမိကိုယ်ကျိုးအတွက် မဆိုင်းမတွ သူတစ်ပါးကို အသုံးချတတ်၍ အဆင့်အတန်းလည်း အလွန်ခွဲခြားတတ်သည့်သူပင်။
နန်းဆောင်၏ အထိန်းတော်ချုပ်အဆင့်သာရှိသော်လည်း လျစ်လျူရှုမျက်ကွယ်ပြု၍ မဖြစ်သည့် အနေအထားမျိုးတွင် ရှိနေသော မာရီအန်းကို သည်းခံနိုင်မည်မဟုတ်ချေ။
‘ဂျင်နဲ့ ဆက်ဆံရေးက တော်တော်ဆိုးလောက်မှာကို မနေ့က အပြုအမူကိုကြည့်လိုက်တော့ တော်တော်လေး သတိရှိရှိနေတတ်တဲ့လူပဲ။’
လက်ရှိ မိဖုရားတွင် ပြဿနာရှိနေကြောင်း သိထားကြသူများမှာ ဂျီးန်၊ ဘုရင်မင်းမြတ်နှင့် မာရီအန်းတို့သာဖြစ်ကြသည်။
ဂျီးန်က ငယ်ရွယ်ပြီး လက်အောက်ငယ်သားလည်း ဖြစ်နေပြန်သောကြောင့် ဟိုအကြောင်း၊ ဒီအကြောင်း မေးကြည့်ရသည်မှာ လွယ်ကူသော်လည်း အစေခံမိန်းကလေးအဆင့်သာ ဖြစ်နေသည့်အတွက် သူ့အနေနှင့် သိရှိနိုင်၊ ဆောင်ရွက်နိုင်သည့် အရာများတွင် အကန့်အသတ်ရှိ၏။ ဘုရင်ကား ပြောရဆိုရလွယ်ကူမည့် တွဲဖက်မဟုတ်နိုင်သည်ကတစ်ကြောင်း၊ အမြဲအလုပ်များနေတတ်သည်ကတစ်ကြောင်း ဖြစ်သောကြောင့် ထည့်စဉ်းစား၍ မရပေ။
‘မာရီအန်းဆီကနေ အကူအညီယူတာ ပိုကောင်းလိမ့်မယ်။ မာရီအန်းလောက်ဆိုရင် မေးမြန်းကြည့်ဖို့ လုံလုံလောက်လောက် သဘောကောင်းတဲ့သူပဲ။’
“ဂျီးန်။”
“ဟုတ်ကဲ့၊ အာနီခါ။”
“အထိန်းတော်ချုပ်ဟောင်းဆီကို လူလွှတ်ပြီး ငါ့စကား အမှာပါးပေး။ သူနဲ့တွေ့ချင်တဲ့အတွက် မနက်ဖြန် ငါ့ကို လာတွေ့စေချင်တယ်လို့။”
“ဟုတ်ကဲ့။”
“မနေ့က အထိန်းတော်ချုပ်ဟောင်းနဲ့ သီးသန့်စကားပြောဖြစ်သေးလား။ နင် အရမ်းလေးစားရတဲ့သူမဟုတ်လား။”
ဂျီးန်က ရှက်ရဲရဲလေးနှင့် မရွံ့မရဲလေး ရယ်လိုက်သည်။
“နှုတ်ဆက်စကားလေးပဲ ပြောခဲ့ရုံပါ။”
“ငါ နင့်အကြောင်း ပြောပြလိုက်တယ်နော်။”
“ရှင်။ အိုး၊ ဒါဆို….အရှင်မိဖုရားရဲ့ ကျေးဇူးကြောင့် မာရီအန်းက ကျွန်မကိုခေါ်ပြီး နှုတ်ဆက်…”
ရုတ်ခြည်းဆိုသလို ဂျီးန်တစ်ယောက် ကြမ်းပြင်ပေါ် ဒူးထောက်ထိုင်ချခဲ့ပြီး သူ့မျက်နှာကလည်း သွေးဆုတ်ဖြူရော်လာခဲ့သည်။
“မှားသွားပါတယ်။ ခွင့်လွှတ်ပေးပါ။”
ယူဂျင်းက ‘ဘာဖြစ်လို့ ဒီလိုလုပ်ရပြန်တာပါလိမ့်’ ဟူသည့် မျက်နှာထားနှင့် ဂျီးန်ကို ကြည့်လိုက်၏။ မျက်ရည်တောင် ကျလုကျခင်ဖြစ်နေသည့် ဂျီးန်ကို နှစ်သိမ့်ချော့မော့ပြီးသည့်နောက်တွင် သူက ဘာကြောင့် ယခုကဲ့သို့ ပြုမူရခြင်းဖြစ်ကြောင်း ယေဘုယျရှင်းပြခဲ့သည်။
အတိတ်တွင် စကားမှားသောကြောင့် အသက်ပေးခဲ့ကြရသည့် အခြံအရံမိန်းကလေး အမြောက်အမြားရှိခဲ့သည်ဟု ကြားလိုက်ရသည်တွင် ဆဲရေးစကားက အလိုလို ထွက်လာတော့၏။
‘ရူးတာပဲ။ တကယ် ရူးနေတာ။ နေပါဦး၊ အဲ့ဒီလိုကိစ္စလေးအတွက်နဲ့ သေတဲ့အထိ ရိုက်နှက်အပြစ်ပေးတယ်ပေါ့လေ။’
မဟာတွင် အာနီခါများက အခွင့်ထူးခံ လူတန်းစားများဖြစ်ကြမှန်း သိထားသော်လည်း ယခုလုပ်ရပ်ကတော့ တရားလွန်လှပါသည်။
‘အဲ့ဒါကြောင့် ငါ့ကို လူတိုင်းက အာနီခါပဲ ခေါ်ကြတာကိုး။’
အာနီခါ။
မွေးဖွားလာကတည်းက ထူးခြားသည့်အစွမ်းများနှင့် နက်မှောင်သည့်ဆံပင်၊ နက်မှောင်သည့်မျက်လုံးများရှိသည့် မိန်းကလေးကို ရည်ညွှန်းသည့်အမည်။
အာနီခါ၏ မိခင်သည် မဖြစ်မနေ အာနီခါဖြစ်ရန် မလိုပေ။ တကယ်ပင် ကျပန်းဖြစ်ပေသည်။ သို့သော် အာနီခါများ၏ မိဘများတွင် တူညီသည့်အချက်တစ်ခုရှိကြ၏။ အားလုံး ဘာသာရေးမြို့တော်တွင်သာ မွေးဖွားကြီးပြင်းလာကြခြင်းပင်။ တစ်နည်းပြောရလျှင် တခြားတိုင်းပြည်များတွင် အာနီခါများ ဖွားမြင်လာခြင်း လုံးဝအလျဉ်းမရှိပေ။
အာနီခါ မွေးဖွားလာဖို့ဆိုသည်မှာ ကြုံတောင့်ကြုံခဲ ဖြစ်နိုင်ခြေဖြစ်ပြီး နှစ်ပေါင်းအနည်းငယ်နေမှ တစ်ဦးသာ မွေးဖွားတတ်ပေသည်။ ဖွားမြင်ပြီးသည့်နောက်တွင် မိဘများ၏ မျိုးရိုးအမည်အစား သူတို့၏ အမည်အနောက်တွင် အာနီခါဟူသော အမည်ကို လက်ခံရရှိကြသည်။
အာနီခါမှသာလျှင် ဘုရင်၏ ဆက်ခံသူကို မွေးဖွားပေးနိုင်၏။ ထို့အပြင် ဘုရင်များတွင် ‘ပရာ့ဂ်ျ’ ဟူသော သဘာဝလွန်အစွမ်း ရှိကြသကဲ့သို့ အာနီခါများတွင်လည်း ‘ရာမီတာ’ ဟုခေါ်သည့် သဘာဝလွန်အစွမ်းများ ရှိကြပေသည်။
‘ဒါပေမဲ့…’
ယူဂျင်းက သူ့လက်သူ ငုံ့ကြည့်ပြီး တွေးလိုက်သည်။
‘ဂျင်က ဘာစွမ်းရည်မှကို ပါမလာသလောက်ပဲ။’
ဘုရင်မင်း၏ သဘာဝလွန်စွမ်းအားက အဖျက်စွမ်းအားဟုဆိုလျှင် အာနီခါ၏ သဘာဝလွန်စွမ်းအားက ဖန်တီးမှုစွမ်းအားပင်။ ထို့ကြောင့် အာနီခါတို့၏ သဘာဝလွန်စွမ်းအားများကို ပို၍ မြင့်မြတ်ပြီး အစွမ်းပိုကြီးကြသည်ဟု အသိအမှတ်ပြုကြ၏။
သို့သော် ဘုရင်ခြောက်ပါး၏ သဘာဝလွန်စွမ်းအားများက တစ်ဦးနှင့်တစ်ဦး တစ်နည်းတစ်ဖုံ ကွဲပြားကြသော်လည်း အခြေခံအားဖြင့် အစွမ်းထက်ကြသည်။ သို့ရာတွင် အာနီခါ၏ သဘာဝလွန်စွမ်းအားမှာ ဘုရင်တို့၏ စွမ်းအားထက် ပိုအားနည်း၍ အရည်အချင်းကလည်း တစ်ဦးနှင့်တစ်ဦးကြားတွင် ကွာဟချက် ကြီးပေသည်။
‘ဂျင်က သိမ်ငယ်စိတ်ရှိနေခဲ့တာများလား။’
ယူဂျင်း ရေးသားခဲ့သည့် ဝတ္ထုထဲ၌ ဂျင် အာနီခါ အပြည့်အဝ ပါဝင်လာချိန်တွင် မာရာ ဝင်စားသကဲ့သို့ ပြင်းထန်အားကောင်းသည့် အစွမ်းကို ပိုင်ဆိုင်ရရှိထားပြီးပြီဖြစ်သည်။ ငယ်ငယ်ကတည်းကပါသည့် မွေးရာပါ ရာမီတာဟု အကျဉ်းချုပ် ဖော်ပြထား၏။
ယူဂျင်းက သူရေးခဲ့သည့် အကြောင်းအရာကို မှတ်ဉာဏ်ထဲတွင် ပြန်စဉ်းစားလိုက်သည်။
-ဂျင် အာနီခါ၏ မွေးရာပါ ရာမီတာသည် အားနည်း၏။ သူ၏ ပန်းကန်လုံးအလွတ်ကဲ့သို့သော ခန္ဓာကိုယ်သည် အနက်ရောင်စွမ်းအားကို တောင့်တပြီး ထို့ကြောင့် ဆိုးယုတ်မှုနှင့် ပို၍အားပြင်းစွာ ပေါင်စည်းခဲ့သည်။
ဟိုတွေးဒီတွေးနှင့် အတွေးထဲမျောနေခဲ့သည့်အတွက် သတိတောင်မထားမိခင်မှာပင် တစ်နေ့တာ ကုန်လွန်သွားတော့သည်။
ယူဂျင်းတစ်ယောက် အခြံအရံမိန်းကလေးများ၏ ပြုစုခစားမှုကို ခံယူရင်း ပုံမှန်ထက် ရှည်ကြာအောင် ရေချိုးခဲ့ရသည်။ ရေချိုးရေထဲတွင် ပန်းပွင့်ချပ်လေးများ ပေါလောမျောနေသည့်အတွက် ရေ၏အောက်ခြေကို မမြင်ရပေ။ ထို့အပြင် ရေက အထဲတွင် တစ်စုံတစ်ရာ ထည့်ထားသည့်အလား ရနံ့လေး မွှေးပျံ့နေခဲ့သည်။ အခြံအရံမိန်းကလေးများ၏ ‘တက်ကြွနေသည့်စိတ်’ ကို ခံစားမိနေရ၏။ အကြောင်းမရှိ ရှက်ရွံ့လာမိတော့သည်။
‘ရေချိုးသန့်စင်တာမဟုတ်ဘဲ ဖြီးလိမ်းပြင်ဆင်တာဖြစ်နေပြီ မဟုတ်ဘူးလား။’
အခြံအရံမိန်းကလေးများ ဆင်ယင်ပေးခဲ့သည့် ညဝတ်ဂါဝန်မှာလည်း ပုံမှန်နှင့် ကွဲပြားနေခဲ့သည်။
‘ဒါက စကားအဖြစ်ပဲ ကြားဖူးနေတဲ့ ပုစဉ်းတောင်ပံ ညဝတ်ဂါဝန်ဆိုတာများလား။’
အတွင်းကို မြင်သာနေသည့် တလဲ့လဲ့လက်နေသော ညအိပ်ဂါဝန်ကို မြင်ရသည်တွင် အာရုံထွေပြားလာခဲ့သည်။
အခြံအရံမိန်းကလေးများ ထွက်သွားသည်နှင့် အိပ်ရာပေါ်တွင် ထိုင်နေခဲ့သည့် ယူဂျင်းတစ်ယောက် ဝုန်းခနဲထပြီး ဆိုဖာဆီ သွားလိုက်၏။ ဒီအခြေအနေကို ဘယ်လိုလုပ်ရပါ့မလဲဟု တွေးနေခဲ့သည်။
‘ဒီအတိုင်း မလုပ်ချင်ဘူးလို့ပဲ ပြောလိုက်လို့ မဖြစ်ဘူးလေ။ ဘုရင်နဲ့ မိဖုရားတို့ တစ်ညတာအတူကုန်ဆုံးတဲ့ကိစ္စက ကိုယ်ရေးကိုယ်တာကိစ္စမှ မဟုတ်တာ။’
“အာနီခါ။”
ယူဂျင်းက အလန့်တကြား လှည့်ကြည့်လိုက်သည်။ ထို့နောက် တံခါးအပြင်ဘက်မှ အသံတစ်သံကို ကြားလိုက်ရ၏။
“စတုတ္ထဘုရင် အရှင်မင်းမြတ်၊ ကြွချီလာပါပြီ။”
ခဏနေတော့ တံခါးပွင့်သွားခဲ့သည်။ ဘုရင်မင်းမြတ်က အထဲကို လျှောက်ဝင်လာရင်း အနောက်ဘက်ကို အချက်ပြလိုက်၏။ အနောက်မှ လိုက်ပါလာသည့် အခြံအရံမိန်းကလေးများက ဦးညွှတ်လိုက်ကြပြီး သုတ်သီးသုတ်ပျာ ထွက်သွားကြတော့သည်။ တံခါးပိတ်ထားသည့် အိပ်ခန်းအတွင်းတွင် လူနှစ်ဦးတည်းသာ ကျန်ရှိနေခဲ့၏။
ခါဆယ်ရ်က ဆိုဖာအနားတွင် ယိုင်တိယိုင်တိုင် ရပ်နေခဲ့သည့် မိဖုရားဆီ လျှောက်လာခဲ့သည်။ လက်လှမ်းလိုက်ရုံဖြင့် ထိတွေ့နိုင်မည့် လက်တစ်ကမ်းစာအကွာတွင် ရပ်လိုက်၏။ သူက မိဖုရားကို ငုံ့မိုးကြည့်ရင်း ခပ်တိုးတိုး ရယ်လိုက်သည်။
“ကန္တာရထဲမှာ လာ့ခ်နဲ့တွေ့ခဲ့ရင်တောင်မှ အဲ့ဒီမျက်နှာထားထက် သာဦးမယ်။”
ယူဂျင်းက သူ့နှုတ်ခမ်းသူ လက်ဖြင့်သပ်ရင်း အိုးတိုးအမ်းတမ်း ပြုံးလိုက်၏။ ထိုမျှလောက်အထိ မျက်နှာတွင် သိသာပေါ်လွင်နေသည်ကို ရှက်မိခဲ့သည်။
ခါဆယ်ရ်က ဆိုဖာပေါ် ထိုင်လိုက်ရင်း ပြောလိုက်၏။
“အချိန်ရဦးမယ်လို့ ထင်ထားပေမဲ့ မှားသွားခဲ့တယ်။ ငါတို့ရဲ့ စာချုပ်ကို အခုပဲ ပြီးမြောက်အောင် ဖြည့်ဆည်းမှဖြစ်မယ်။”
ယူဂျင်းက ရပ်နေသည့်နေရာတွင်ပဲ ထိုပုံစံအတိုင်း ဆိုဖာပေါ်ထိုင်လိုက်သည်။ သူတစ်ယောက်တည်း တုန်လှုပ်ပြီး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေပုံရသည့်အတွက် ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်နေ၏။ ခါဆယ်ရ်က သူ၏ ညဝတ်အင်္ကျီကို တစ်ချက်တောင် မကြည့်ခဲ့ပေ။ အနည်းငယ် ထူးဆန်းသလို ခံစားရသော်လည်း စကားစပြောဖို့ပြင်လိုက်သည့် ခါဆယ်ရ်၏ အပြုအမူကြောင့် စိတ်အေးသွားခဲ့၏။
‘စည်းနဲ့ ဆင်ခြင်တုံတရားနဲ့ နေတတ်တဲ့သူထင်တယ်။ စိတ်နေစိတ်ထား သိမ်မွေ့တဲ့သူမဟုတ်တော့လည်း အဲ့ဒီလိုဖြစ်မှာပေါ့။’
ယူဂျင်း၏ ဝတ္ထုထဲတွင် စတုတ္ထဘုရင်သည် မကောင်းမှုကိုဆန့်ကျင်သည့် လူကောင်းဖြစ်သော်လည်း သဘောကောင်း ကြင်နာတတ်သည့်လူတော့ မဟုတ်ပေ။
‘တရားမျှတမှုအတွက် ဟစ်ကြွေးနေတဲ့ ဟီးရိုးလည်းမဟုတ်တာကို။’
သူ ဂျင့်ကို အပြစ်ပေးစီရင်ရခြင်း၏ နောက်ခံတွန်းအားတွင် ကလဲ့စားချေလိုစိတ်က များပါသည်။
စတုတ္ထဘုရင်ကား မောက်မာထောင်လွှားပြီး သူတစ်ပါးအပေါ် မယုံသင်္ကာစိတ် ကြီးသည့်သူပင်။ သူက များသောအားဖြင့် တစ်ယောက်တည်း လှုပ်ရှားတတ်ပြီး ဘုရင်ခြောက်ပါး၏ နောက်ဆုံးဖွဲ့စည်းခဲ့သော အဖွဲ့တွင်လည်း တသီးတသန့် ကွဲထွက်နေပြန်သည်။
တခြားသော ဘုရင်များနှင့်လည်း ကောင်းကောင်းအဆင်မပြေပေ။ အထူးသဖြင့် ဘုရင် ရိုင်နောနှင့် မျက်နှာချင်းဆိုင်တွေ့ရသည့်အခါ အနေအထားက အင်မတန် ပြင်းထန်တင်းမာလာတတ်၏။
“မင်းက စာချုပ်ရဲ့ အသေးစိတ် အချက်အလက်တွေကို မမှတ်မိဘူးဆိုတော့ အရင်ဆုံး အဲ့ဒါကနေစပြီး ပြန်ကြည့်ရမယ်ထင်တယ်။ လွန်ခဲ့တဲ့ သုံးနှစ်ဝန်းကျင်လောက်တုန်းက ငါတို့တွေ အပေးအယူတစ်ခု လုပ်ခဲ့ကြတယ်။”
ခါဆယ်ရ်က သူတို့နှစ်ယောက်ကြားတွင်ရှိသည့် အပေးအယူအကြောင်းကို ရှင်းပြခဲ့သည်။ စာချုပ်က ရိုးရှင်းလွန်းလှသည့်အတွက် ရှင်းပြချက်က မြန်မြန်ပင် ပြီးဆုံးသွားခဲ့၏။
ယူဂျင်းက ခဏကြာသည်အထိ ဘာမှမပြောနိုင်အောင် ဖြစ်သွားခဲ့ပြီး ထို့နောက် နားမလည်နိုင်သည့် မျက်နှာထားနှင့် ပြန်မေးခဲ့သည်။
“ကလေး…တဲ့လား။”
“ဟုတ်တယ်။ ငါ့ရဲ့ ဆက်ခံသူ။”
‘အာ…ဒါက နည်းနည်းပြင်းထန်တာပဲ။’
ယူဂျင်းတစ်ယောက် စိတ်တောင်မကူးကြည့်ဖူးသည့် စာချုပ်၏ အသေးစိတ်အကြောင်းအရာကို ကြားလိုက်ရသည်တွင် ဇောချွေးများပင် ပြန်လာတော့သည်။
“ပြီးတော့ ဒီလဆိုရင် သုံးနှစ်ပြည့်ပြီတဲ့လား။”
“ဆယ့်ငါးရက်လောက်ပဲ ကျန်တော့တယ်။”
“…ဆယ့်ငါးရက်အတွင်း ကလေးမွေးပေးရမယ်လို့ ပြောနေတာတော့ မဟုတ်ပါဘူးနော်။”
ယူဂျင်းက သူမသိတဲ့ ဆက်တင်တွေ ဘာတွေများ ရှိနေလေသလားလို့တွေးရင်း မေးလိုက်သည်။ ဘုရင်၏ ဆက်ခံသူက သိပ္ပံရုပ်ရှင်များထဲမှ ဂြိုဟ်သား သတ္တဝါတွေလိုမျိုး ပုံမှန်မဟုတ်စွာ မြန်မြန်ကြီးထွားလာသည်ဟူသော ဆက်တင်။ သို့သော် ခါဆယ်ရ်၏ မျက်နှာထားကို မြင်လိုက်သည်တွင် သူက မြန်မြန် ထပ်ပြောလိုက်၏။
“အရမ်းကို ရုတ်တရက်ကြီး ထွက်သွားတဲ့ ပေါက်ကရစကားပါ။”
“ပြောခဲ့တဲ့အတိုင်းပဲ ငါ့မှာ စာချုပ်ဖျက်ဖို့ စိတ်ကူးမရှိဘူး။ ပြီးတော့ မင်းရဲ့ အခြေအနေကို ထည့်တွေးပေးနေဖို့လည်း အချိန်မရှိဘူး။”
ယူဂျင်း ခေါင်းရှုပ်နေခဲ့သည်။ ပြောလိုက်သည့်စကားကို အမှန်အတိုင်းကြားပြီး နားလည်လိုက်သည်ဆိုလျှင် ယခု ထိုလူက ‘ကလေးယူကြရအောင်’ ဟု ပြောနေသည်ပင်။ ပေါ့ပေါ့ပါးပါးလေး ထမင်းအတူတူစားရအောင်ဟု မေးနေသလို ဤအနေအထားကို မည်သို့ခေါ်ရမည်နည်း။
‘ဒီလူတွေကပဲ ထူးဆန်းနေတာလား၊ မဟုတ်ရင် ဒီနေရာရဲ့ ယဉ်ကျေးမှုကိုက တကယ် ဒီလိုကြီးလား။’
ယူဂျင်း ရေးခဲ့သည့် ဝတ္ထုထဲတွင် အချစ်တို့၊ ခင်မင်ရင်းနှီးမှုတို့လို နူးညံ့သည့်ခံစားချက်များ ကျိန်းသေပေါက် ပါဝင်ပါသည်။
‘ဒီလူက ထူးဆန်းတယ်။ အဲ့ဒါတော့ ကျိန်းသေမလွဲပဲ။’
~~~~~
Miel’s Translations