Chapter 11
အပိုင်း ၁၁
ယူဂျင်းက ရှုံးနိမ့်သွားသလို ခံစားချက်မျိုးနှင့် ပို၍တည်ငြိမ်စွာ စကားပြောခဲ့သည်။
“သိထားပြီးတဲ့အတိုင်း ကျွန်မ ဘာမှမမှတ်မိပါဘူး။ ကျွန်မတို့ လက်မှတ်ထိုးထားတဲ့ စာချုပ်က အဲ့ဒီလိုအကြောင်းအရာပါလို့ ဘယ်လိုများ အာမခံနိုင်မှာပါလဲ။”
“ငါ့နာမည်နဲ့ လိမ်နေတာမဟုတ်တဲ့အကြောင်း ကျိန်ဆိုတယ်။”
“ဟုတ်ကဲ့ပါ၊ အဲ့ဒီလိုဆိုတော့လည်း။…ဒါဆို အရင်တုန်းက သန္ဓေတားဆေး သုံးခဲ့တာလား။”
သူက မရေမရာမျက်လုံးများဖြင့် ကြည့်လာသည်တွင် ယူဂျင်းလည်း ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်သွားတော့သည်။
“မသုံးဖူးဘူး။”
‘သန္ဓေတားဆေးမသုံးဘဲ သုံးနှစ်လုံး နေလာတာတောင် ကလေးမရဘူးဆိုတော့ နဂိုကတည်းက ကိုယ်ဝန် ကောင်းကောင်းမရနိုင်တဲ့ပုံပဲ။…အခုမှလာပြီး ရုတ်တရက်ကြီး ကလေးလိုချင်လာတာများလား။’
“မင်းနဲ့ငါနဲ့ အတူတူအိပ်တာမျိုး မရှိခဲ့ဖူးဘူး။”
သူ့ကိုကြည့်နေခဲ့သည့် ယူဂျင်း၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
“အာ…ဒီတော့ နှစ်ယောက်က…”
ပြတ်တောင်းပြတ်တောင်း ပြောနေခဲ့သည့် ယူဂျင်းက ထအော်လိုက်သည်။
“ကျွန်မတို့ အတူတူ မအိပ်ဖူးဘူးပေါ့လေ။ တစ်ခါလေးတောင်မှလား။”
ခါဆယ်ရ်က အသံထွက်ပြီး ရယ်လိုက်သည်။
“အဲ့ဒါကြောင့် ငါက အချိန်မရှိဘူးလို့ ပြောတာပေါ့။ မကြာခင် လက်ထပ်ထားတာ သုံးနှစ်ပြည့်တော့မယ်။”
“သုံးနှစ်က ဘာဖြစ်လို့လဲ။”
“လက်ထပ်ပြီးလို့ သုံးနှစ်ရှိသွားတာတောင် မင်္ဂလာဦးညကို မကုန်ဆုံးရသေးဘူးဆိုရင် အဲ့ဒီအိမ်ထောင်ကို တရားမဝင်ဘူးလို့ ပြောလို့ရတယ်လေ။”
ယူဂျင်းက သူနှင့် တိုက်ရိုက်ဆုံအောင်ကြည့်လာသည့် မျက်လုံးများအား မသိမသာလေး ရှောင်လိုက်သည်။
“…ဒါပေမဲ့ လတိုင်း ပထမဆုံးနေ့တွေဆိုရင် ဒီမှာ အိပ်တာဆို။”
“အိပ်ရုံပဲအိပ်တာပေါ့။”
“ဘယ်မှာလဲဟင်။”
“အိပ်ပါတယ်ဆို အိပ်ရာပေါ်မှာ အိပ်တာပေါ့။”
ယူဂျင်းက လက်ကိုဆန့်တန်း၍ အိပ်ရာဆီကို လက်ညှိုးညွှန်ပြလိုက်သည်။
“ဟိုမှာပေါ့လေ။ အတူတူလား။”
“လူနှစ်ယောက် လှဲအိပ်လို့ဆံ့အောင် ကျယ်တာပဲကို။”
“…”
“အဲ့ဒီလိုမျက်နှာထားကြီး လုပ်စရာမလိုပါဘူး။ မင်းလိုချင်တဲ့ စာချုပ်ပါအချက်ပဲမို့လို့။”
‘ဒါဆို ဘာလဲ။ နှစ်ယောက်က မတည့်ရုံတင်မကဘူး၊ တကယ့်ဇနီးမောင်နှံအစစ်လည်း မဟုတ်ဘူးပေါ့လေ။’
ထူးထူးဆန်းဆန်း စိတ်အေးသွားသလို ခံစားလိုက်ရ၏။ စိတ်ကသိကအောင်ဖြစ်မှုကို မခံစားရ၍ပဲလား၊ ဂျင်နှင့် စတုတ္ထဘုရင်တို့ကြားတွင် ဘာခံစားချက်မှမရှိတာကြောင့်လားဆိုတာကိုတော့ ယူဂျင်းကိုယ်တိုင်လည်း မသိပေ။
ခါဆယ်ရ် ထလာသည့်အခါ ယူဂျင်း လန့်သွားခဲ့သည်။ သူက အမှတ်တမဲ့ ဆိုဖာကို ခပ်တင်းတင်းမှီထားမိ၏။ တည်ငြိမ်သယောင် ဟန်ပြန်ဆောင်ရန် နောက်ကျလွန်းခဲ့ပေပြီ။ အင်မတန် ကြောက်နေကြောင်း ဖော်ပြခဲ့ပြီးပြီဖြစ်သောကြောင့် ဒီအတိုင်းသာ ဟိုဟိုဒီဒီ မျက်စိကစားနေလိုက်၏။
ခါဆယ်ရ်က ခပ်တိုးတိုး ရယ်လိုက်သည်။ မိဖုရားကြောင့် ရယ်ရသည့်နေ့မျိုး ရောက်လာလိမ့်မည်ဟူ၍ တစ်ခါမှမတွေးဖူးခဲ့ပေ။
မိဖုရားအား စာချုပ်ကို ဖြည့်ဆည်းကြရအောင်ဟု ပြောလိုက်သည့်အခါတိုင်း ပြန်ဖြေရန် ရှောင်လွှဲတတ်သည့် မိဖုရား၏ပုံစံကို အမျိုးမျိုး မှန်းဆထားခဲ့ပြီးသားဆိုသော်လည်း ဤကဲ့သို့သောပုံစံတော့ လုံးဝမဟုတ်ခဲ့ပေ။ မိဖုရား၏ တုံ့ပြန်မှုမှာ လူသားဆန်လှသောကြောင့် ခါဆယ်ရ် အင်မတန် သဘောတွေ့နေမိသည်။
“ဒီလောက်နဲ့တော်ကြတာပေါ့။”
“ရှင်။ အာ၊ ကျွန်…ကျွန်မ…”
“စိတ်ကိုပြင်ဆင်ဖို့ လိုအပ်လို့လား။”
ယူဂျင်းက အားတက်သရော ခေါင်းညိတ်လိုက်သည်။
မည်သို့ပင်ဆိုစေ ခါဆယ်ရ်က ဒီနေ့ မိဖုရားနှင့် အတူတူအိပ်ရန် စိတ်ကူးမရှိပေ။ ဒီနေ့က သေသေချာချာလေး စာချုပ်ပါ အချက်များကို အသိပေး၍ တစ်ချက်လွှတ် အမိန့်ပေးရန် လာခဲ့ခြင်းပင်။
“ကောင်းပြီလေ။ ဒါပေမဲ့ မမေ့နဲ့။ ၁၅ရက်ပဲ လိုတော့တယ်။”
“…ဟုတ်ကဲ့။”
“တခြားအတွေး လိုက်မတွေးတာ ကောင်းလိမ့်မယ်။”
“ဟုတ်ကဲ့၊ ဒါပေါ့ရှင်။”
မိဖုရား၏ တကယ့်ရည်ရွယ်ချက်အမှန်ကို စနည်းနာသည့်အလား ငုံ့မိုးကြည့်ခဲ့သည့် သူက တစ်ဖက်လှည့်လိုက်သည်။ ယူဂျင်းက တည်ငြိမ်စွာ အိပ်ရာဆီသို့သွားကာ လှဲအိပ်လိုက်သည့် သူ့ကို ထူးဆန်းသည့် သတ္တဝါတစ်ကောင်အား မြင်နေရသည့်အလား ငေးကြည့်နေလိုက်မိ၏။
‘ဒီအတိုင်း အိပ်ရာတစ်ခုတည်းမှာ အိပ်ရုံပဲအိပ်တာတဲ့လား။ သုံးနှစ်လုံးလုံးပေါ့လေ။ ဒီလောက်လှတဲ့ မိန်းမတစ်ယောက်လုံး ဘေးမှာအိပ်နေတာကို။’
ယူဂျင်းက ကိုယ့်ငါးချဉ်ကိုယ်ပြန်ချဉ်နေသော်လည်း လုံးဝမရှက်မိပေ။ ဂျင်၏ အလှမှာ ကျိန်းသေပေါက် ထူးခြားလှပေသည်။ ရံရွေတော်မိန်းကလေးများကို ကြည့်ရသလောက် သာမန်လူတစ်ယောက်၏ ရွက်ကြမ်းရေကျို အသွင်အပြင်မှာ ယူဂျင်းနေထိုင်ခဲ့ရာကမ္ဘာနှင့် သိပ်မကွာပေ။
‘လိင်မှုကိစ္စ စွမ်းဆောင်ရည်ပိုင်းမှာ ပြဿနာရှိနေတာပဲလား၊ အဲ့ဒီလူက ဂျင့်ကို တကယ်စိတ်မဝင်စားတာပဲလား၊ ဒါမှမဟုတ် ကိုယ့်ကတိကိုယ် ကြပ်ကြပ်မတ်မတ် တည်တတ်တဲ့လူ ဖြစ်နေလို့ပဲလား။ အဲ့ဒီအကြောင်းရင်းသုံးခုစလုံး သုံးလို့ရတာလည်း ဖြစ်နိုင်တာပဲ။’
ယူဂျင်းသည်လည်း ဆိုဖာပေါ်မှ ထလိုက်သည်။ ဒီအတိုင်းတော့ တစ်ညလုံး မနေနိုင်။ မိမိအား ထိမည်မဟုတ်သည့် ယောက်ျားနှင့် တစ်အိပ်ရာတည်း မအိပ်နိုင်စရာ အကြောင်းမရှိပေ။
သူက ခါဆယ်ရ် လဲလျောင်းနေသည့်နေရာ၏ တခြားတစ်ဖက်သို့ သွားလိုက်သည်။ အိပ်ရာ၏ တစ်ဖက်အစွန်းသို့ ဖြည်းဖြည်းချင်းတက်၍ စောင်များအောက်သို့ ဖြည်းဖြည်းချင်း လျှောဝင်လိုက်၏။
ခါဆယ်ရ် ပြောခဲ့သည့်အတိုင်း အိပ်ရာက ကျယ်ကျယ်ဝန်းဝန်းရှိသည်။ အိပ်ရင်း ဟိုလှိမ့်ဒီလှိမ့်လှိမ့်တတ်သည့် အကျင့်သာမရှိဘူးဆိုလျှင် ဘေးတွင်ရှိသည့်လူကို ထိမည်မဟုတ်ပေ။ သို့သော်လည့် ယူဂျင်းက ပြုတ်မကျရုံတစ်မည် ခုတင်တစ်ဖက်အစွန်းသို့ ကပ်နေခဲ့သည်။
ဆန့်ဆန့်ကြီးလှဲကာ မျက်လုံးမှိတ်လိုက်၏။ ဘေးတွင် တစ်စုံတစ်ယောက် ရှိနေသည်ဟု တွေးလိုက်သည့်အခါ ခံစားချက်က ထူးဆန်းလာသည်။
‘နားမလည်နိုင်တဲ့ စာချုပ်ပါလား။ ဂျင်က ဟာရှီတိုင်းပြည်ရဲ့ မိဖုရားဖြစ်လာပြီး ဘာလုပ်မလို့ပါလိမ့်။’
ဂျင်ကား မိမိ၏ ရည်ရွယ်ချက် အထမြောက်ဖို့ရန်အတွက် မည်သည့်အကြောင်းကြောင့်မှ ရပ်တန့်မည်မဟုတ်သည့် ဇာတ်ကောင်ပင်။ စာချုပ်ပါ အခြေအနေအတိုင်း လိုက်နာပြီး ဘုရင်နှင့် အိပ်စက်ခြင်းမပြုခဲ့သည်မှာ သူနှင့်မတူအောင် မိုက်မဲသည့်လုပ်ရပ်ဖြစ်သည်။
ကိုယ်ဝန်မရလိုလျှင် သန္ဓေတားဆေးသုံးသည့်နည်းလမ်းရှိ၏။ ဘုရင်နှင့် အတူအိပ်ခြင်းအားဖြင့် ဂျင်အတွက် အသာစီးသုံးနိုင်မည့် အရာများ ပို၍ရရှိနိုင်ပေမည်။
ဂျင်တွင် ရည်ရွယ်ချက်ရှိနေသောကြောင့် မိဖုရားဖြစ်လာပြီဆိုလျှင် ဘုရင်အား ဖြားယောင်းဖို့ရန် ခန္ဓာကိုယ်ကို ပုံပေး၍ ရသမျှအကုန် ညှစ်ယူသင့်သည်မဟုတ်ပါလော။
စတုတ္ထဘုရင်က ထိုသို့သော ဖြားယောင်းမှုသို့ အမှန်တကယ် သက်ဆင်းပါ့မလားဆိုသည်က မေးခွန်းထုတ်စရာဆိုသော်လည်း ဂျင်က ကြိုးစားကြည့်ခြင်းလောက်တောင် မလုပ်ခဲ့ပေ။
‘ဂျင်က အပျိုရည်ကို အစွဲအလမ်းကြီးတဲ့ ဖြောင့်ဖြောင့်မတ်မတ် ဇာတ်ကောင်လည်း မဟုတ်ဘဲနဲ့…’
ယူဂျင်းက မှိတ်ထားသည့် မျက်လုံးများကို ဖွင့်လိုက်သည်။
‘အပျိုရည်။ အဲ့ဒါကို ထိန်းသိမ်းထားမှဖြစ်မဲ့ အကြောင်းရင်းရှိရမယ်။’
ထိုသို့သာဆိုလျှင် ရှေ့နောက် ကိုက်ညီသွားပေမည်။
‘အဲ့ဒါက ဘာများဖြစ်မလဲ။’
မည်မျှပင် တွေးကြည့်ပါစေ ဘာမှပေါ်မလာခဲ့ချေ။ ယူဂျင်းက တစ်ဖန်ထပ်၍ အမှားကို ဆင်ခြင်လိုက်သည်။ ‘ဝတ္ထုရေးတဲ့အခါ ဇာတ်လမ်းဇာတ်ကွက်မှာ ဟာကွက်တွေ မထားဘဲရေးရအောင်’ ဟူ၍ပင်။
‘ဂျင် ဘာတွေပဲတွေးတွေး အခု အဲ့ဒါက ပြဿနာမဟုတ်သေးဘူး။ အခု လောလောဆယ် အရေးကြီးတဲ့ပြဿနာ ရှိနေတာကို။’
ကလေးမွေးပေးမှ ဖြစ်ပေမည်။ ဒီဘက်ကမ္ဘာတွင် ဖန်ပြွန်သန္ဓေလိုအရာမျိုးရှိရန်မှာ မဖြစ်နိုင်ပေ။ ကလေးရသည်အထိ ကာမစပ်ယှက်၊ ထို့နောက် ကိုယ်ဝန်ရလာသည့်အခါ ထိုကလေးကို ဝမ်းကြာတိုက်တွင် ဆယ်လလွယ်၊ ပြီးလျှင် ဒရာမာရုပ်ရှင်များတွင်သာ တွေ့ထားဖူးသည့် ဗိုက်နာသည့်ဖြစ်စဉ်ကြီးနှင့် ကြုံတွေပြီး နောက်ဆုံးတွင် ကလေးမီးဖွားရပေမည်။
ကလေးမွေးဖို့မဆိုထားနှင့် လက်ထပ်ရန်ပင် စိတ်ကူးမရှိသည့် ယူဂျင်းအတွက် ဘယ်လိုမှမဖြစ်နိုင်မည့် တာဝန်တစ်ရပ်ပင်။
စိတ်ထဲတွင် အတွေးပေါင်းများစွာရှိနေသည့်အတွက် ညလုံးပေါက်လိမ့်မည်ဟု ထင်ထားခဲ့သော်လည်း သူတောင်မသိလိုက်ခင်မှာပင် အိပ်ပျော်သွားလေတော့သည်။
~~~~
နေရာတိုင်းတွင် အမှောင်ထုလွှမ်းနေခဲ့သည်။ သူ့တစ်ကိုယ်လုံး ဘာမှမမြင်ရသည့် တစ်နေရာရာတွင် တုပ်နှောင်ခံထားရသလိုပင်။
အော်ဟစ်အကူအညီတောင်းရန် ကြိုးစားခဲ့သော်လည်း အသံက ထွက်မလာချေ။ ဧရာမ လက်အကြီးကြီးနှစ်ဖက်က သူ့တစ်ကိုယ်လုံးကိုချုပ်ပြီး အားကုန်ညှစ်ထားသည့်အလား ရှိနေခဲ့သည်။
အသက်ရှူရကျပ်လာတော့သည်။ နာကျင်သလိုလိုလည်း ရှိလာ၏။ နာကျင်မှုက အတိအကျ ဘယ်ကလာမှန်း မသိသော်လည်း တော်တော်ပင်ပန်းရသည်။ နားထဲတွင် အဓိပ္ပာယ်မဖော်နိုင်သည့် မန္တန်တစ်ခုကို ပဲ့တင်သံတစ်ခုအလား ကြားနေရ၏။
“မိဖုရား။”
ယူဂျင်း မျက်လုံးဖွင့်လိုက်သည်။ ပင့်သက်ရှိုက်လိုက်သည့်အသံက တစ်ပြိုင်နက်တည်း ထွက်လာခဲ့သည်။ သူ့ပခုံးကို ကိုင်ထားရင်း ငုံ့မိုးကြည့်နေသည့် ဘုရင်မင်းမြတ်၏ မျက်နှာကို မသဲမကွဲ မြင်နေရ၏။
အရုဏ်မတက်သေးသော်လည်း မီးတွေမှိန်ပျပျ ထွန်းထားသောကြောင့် ပတ်ဝန်းကျင်ကို အကြမ်းဖျင်း သိမြင်နိုင်ခဲ့သည်။
ယူဂျင်းက နှုတ်ခမ်းတွေဖွင့်ပြီး တစ်စုံတစ်ခုပြောရန် ကြိုးစားလိုက်၏။ သို့သော် ကြက်သီးထပြီး သွားများတခိုက်ခိုက်ရိုက်သည်အထိ မေးစေ့က တုန်ယင်နေခဲ့သည်။ မေးစေ့တင်မကဘဲ တစ်ကိုယ်လုံး တုန်ယင်နေခြင်းပင်။
မျက်လုံးများထဲမှ မျက်ရည့်တို့ တားဆီးမရအောင် ကျဆင်းလာတော့သည်။ ယခင်က တစ်ခါမှ မခံစားခဲ့ဖူးသည့် ဆိုးဆိုးဝါးဝါး ခံစားချက်ကား ပျောက်ကွယ်သွားခြင်း မရှိခဲ့ချေ။
ရင်ဝတွင် ဆို့နေပြီး အသက်ပြင်းပြင်းရှူနေရသည်။ ဇာစ်မြစ်မသိရသည့် နာကျင်မှုကို ခံစားနေရပြီး ကြောက်လည်းကြောက်နေ၏။
“အာနီခါ။ ဖြည်းဖြည်းချင်း အသက်ရှူ။ ကိုယ့်ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတဲ့အားကို သိအောင်လုပ်ပြီး အဲ့ဒီအား သွားတဲ့လမ်းကြောင်းအတိုင်းလှုပ်ရှား။”
ယူဂျင်းက အရူးအမူး ခေါင်းခါလိုက်သည်။ ခါဆယ်ရ် ဘာပြောနေမှန်း သူ နားမလည်ခဲ့ပေ။
“ဟစ်…။ နာတယ်၊ နာတယ်။”
ခါဆယ်ရ်က ငိုညည်းနေသည့် ယူဂျင်း၏ ပုံစံကိုမြင်သည်တွင် ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်သွားခဲ့သည်။ မိဖုရားကို အကာအကွယ်မဲ့ပြီး အားနည်းသည့်ပုံစံနှင့် တွေ့ရသည်မှာ ယခုက ပထမဆုံးအကြိမ်ပင်။ မိဖုရား၏ ရောဂါလက္ခဏာက ဘာများဖြစ်မလဲဟု ခန့်မှန်းလိုက်သည်။ ရှော့ခ်ရနေသည့် အခြေအနေကို ဒီအတိုင်းထားလိုက်မည်ဆိုလျှင် အတွင်းကြေပြီး လပေါင်းများစွာ အိပ်ရာထဲလဲရပေမည်။
သူက ယူဂျင်း၏ ကျောပြင်အောက်တွင် လက်ထည့်၍ ခန္ဓာကိုယ်အပေါ်ပိုင်းကို ထူလိုက်သည်။ ရုန်းကန်နေရသည့် ခန္ဓာကိုယ်ကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်၏။ သူ၏ မျက်လုံးပြာပြာများထဲတွင် အပြာရောင် အရောင်အဝါက စွဲမြဲထင်ဟပ်နေသည်။
“ကူညီပေးမှာမို့လို့ အာရုံစိုက်ထား။ စိတ်ကိုလျှော့ပြီး ဖြည်းဖြည်းချင်း အသက်ရှူလိုက်။ မင်းက ကိုယ်အားနဲ့ကိုယ် ထွက်မှဖြစ်မယ်။”
သူက ပြောခဲ့တဲ့အတိုင်း အနည်းငယ်သာ ကူညီပေးခဲ့သည်။ သို့သော် ခန္ဓာကိုယ်ထဲသို့ ပရာ့ဂ်ျ ပမာဏအနည်းငယ် သွင်းပေးလိုက်လျှင် သွင်းပေးလိုက်ချင်းတွင် ပြင်းထန်သည့်စွမ်းအားက ချက်ချင်းထွက်သွားပါတော့သည်။
‘ဘာလဲဟ။’
ယခုအချိန်အထိ တစ်ခါမှ ဤကဲ့သို့ မဖြစ်ခဲ့ဖူးပေ။ ခါဆယ်ရ်က အင်မတန် ကြောင်သွားတာကြောင့် ဘာမှမလုပ်နိုင်ဘဲရှိနေ၏။ အတင်းအကျပ် စုပ်ယူသွားခြင်းထက် သူ့သဘောနှင့်သူ ထွက်သွားသလိုပင်။
ယူဂျင်းတစ်ယောက် ရုတ်တရက် အသက်ရှူရတာ သက်သောင့်သက်သာရှိလာသည်ကို ခံစားလိုက်ရသည်။ ပွက်ပွက်ဆူနေသည့် ချော်ရည်များအရှေ့တွင် ဒုက္ခရောက်နေရာက အေးမြသည့်လေညင်းလေး တိုက်ခတ်ပြီး အပူရှိန်ကို အနည်းငယ် လျှော့ချပေးလိုက်သလိုပင်။ ယူဂျင်းလည်း ပင်ကိုအသိစိတ်အတိုင်း အေးမြလန်းဆန်းသည့် စွမ်းအားအနောက်သို့ လိုက်ခဲ့တော့သည်။
‘ဟင်။’
ခါဆယ်ရ် မျက်မှောင်ကြုတ်လိုက်သည်။ လွတ်ထွက်သွားသည့် ပရာ့ဂ်ျက သူ့ခန္ဓာကိုယ်ထဲသို့ တစ်ဖန်ထပ်ပြီး ပြန်ဝင်လာ၏။ ယင်းက စိတ်လှုပ်ရှားရွှင်မြူးနေသည့် ကလေးတစ်ယောက်အလား သူ၏ ခန္ဓာကိုယ်ထဲတွင် လှည့်ပတ်နေခဲ့သည်။ သူက သတိထား၍ သူ၏ အင်အားသူ ဖိနှိပ်ပြီး မိဖုရားကို အကြံပေးခဲ့သည်။
“ရွံ့နွံထဲမှာ နက်နက်ရှိုင်းရှိုင်း နစ်နေသလိုမျိုး ခံစားရလိမ့်မယ်။ ရွှံ့မဟုတ်ဘဲ ရေကြည်ကြည်လေးလို့ တွေးကြည့်။ မင်း လျှောက်ထွက်လာလို့ရတယ်။”
ယူဂျင်း၏ ရုန်းကန်မှုများ ဖြည်းဖြည်းချင်း ရပ်တန့်သွားတော့သည်။ ဆန့်ငင်ဆန့်ငင်တုန်နေခြင်းသည်လည်း ငြိမ်ကျသွား၏။ သို့သော် မိခင်၏ ရင်ခွင်တွင် တွယ်ကပ်နေသည့် ကလေးတစ်ယောက်အလား သူ့အားဖက်တွယ်ထားသည့် မိဖုရားကြောင့် ခါဆယ်ရ်တစ်ယောက် အံ့ဩမှင်တက်နေရသည်။ အသက်ရှင်ရမည်ဟူ၍ မျှော်လင့်တကြီးဖြစ်နေသည့်လူကို တွန်းဖယ်ပစ်နိုင်ခြင်းလည်း မရှိခဲ့ပေ။
‘လူတစ်ယောက်ရဲ့ ကိုယ်အပူချိန်က…နဂိုကတည်းက ဒီလိုပဲ မြင့်တာလား။’
ရေနွေးအပြည့်ဖြည့်ထားသည့် ရေနွေးအိတ်ကဲ့သို့ မိဖုရား၏ ကိုယ်အပူချိန်က ပူနွေးလှသည်။ ခါဆယ်ရ်က အပူဒဏ်ကို ခံနိုင်သူဖြစ်သော်လည်း သူ၏ ကိုယ်အပူချိန် မြင့်တက်လာသလို ခံစားလိုက်ရသည်။
ရင်းနှီးအသားကျမှုမရှိသည့် အထိအတွေ့ကလည်း သူ့အား ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်စေခဲ့၏။ အတိုက်အခိုက် ကိုယ်ခံပညာ သင်ယူခဲ့စဉ်တုန်းက စစ်သည်တော်များနှင့်သာ ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ရခြင်းဖြစ်သည့်အတွက် တခြားသူများ၏ အသားအရေက မာကျောလှပေသည်။
သို့သော် ညဝတ်အင်္ကျီမှတစ်ဆင့် မိဖုရား၏အသားကို ထိမိသည့်အခါ ပူတင်းလို နူးညံ့လှ၏။ သူ့လက်တွင် အားအနည်းငယ် ထည့်လိုက်မိလျှင်ပင် ကွဲကြေသွားမလား မှတ်ရပေသည်။
သူ၏စိတ်နှင့်ဆန့်ကျင်စွာ ခန္ဓာကိုယ်က အရိုင်းစိတ်၏ စေညွှန်ရာအတိုင်း စတင်လိုက်ပါခဲ့သည်တွင် ခါဆယ်ရ်လည်း ဘာမှမတတ်နိုင်သလို သက်ပြင်းချခဲ့သည်။
သူက တခြားအရာကို တွေးကြည့်ဖို့ ကြိုးစားခဲ့၏။ စောစောက ဖြစ်စဉ်ဟာ ဘာများပါလိမ့်။
‘အခု တွေးကြည့်တော့မှ အဲ့ဒီတုန်းကလည်း…’
မိဖုရားအား ဒေါသနှင့်ရင်ဆိုင်ရန် သွားခဲ့တုန်းကလည်း ပရာ့ဂ်ျက ထိန်းမနိုင်သိမ်းမရ ဖြစ်ခဲ့ဖူးသည်။ ထိုအချိန်တုန်းကတော့ ခံစားချက်တွေ အင်မတန်ပြင်းထန်ခဲ့သည့်အတွက် တစ်ချက်ကလေး အထိန်းအကွပ်မဲ့သွားတာဖြစ်လောက်မည်ဟု တွေးခဲ့သော်လည်း တိုက်ဆိုင်မှုနှစ်ခုက ထူးဆန်းလှပေသည်။ သူ၏ ပရာ့ဂ်ျက မိဖုရားအား တုံ့ပြန်နေသလိုပင်။
‘အဲ့ဒီလိုမဖြစ်နိုင်ပါဘူး။’
စောစောက ကျိန်းသေပေါက် သူ ပရာ့ဂ်ျကို မထိန်းချုပ်နိုင်ဖြစ်သွားခဲ့သည်။ ယင်းမှာ နားမလည်နိုင်စရာ ဖြစ်စဉ်ပင်။
ပရာ့ဂ်ျကို ဘုရင်သာ ပိုင်ပေသည်။ ဘုရင်တစ်ဦးတည်းသာ ထိုအရာကို ထိန်းချုပ်နိုင်ပြီး ဘုရင်၏လုံခြုံရေးက အန္တရာယ်ရှိလာမှသာလျှင် ပရာ့ဂ်ျက သူ့သဘောနှင့်သူ လှုပ်ရှားတတ်ပေသည်။
သက်ရှိမဟုတ်သော်လည်း သက်ရှိနှင့် ဆက်နွှယ်နေသည့် အားဖြစ်သောကြောင့် ခါဆယ်ရ်က တစ်ခါတလေတွင် ပရာ့ဂ်ျ၏ အခြေအနေကို လူသား၏ ခံစားချက်နှင့်နှိုင်းယှဉ်၍ ပိုင်းခြားဆုံးဖြတ်လေ့ရှိ၏။
ပရာ့ဂ်ျသာ မိဖုရားကို အန္တရာယ်ဟု ယူဆပြီး သူ့ကို ကာကွယ်ဖို့ လှုပ်ရှားမည်ဆိုလျှင် မိဖုရားအား တိုက်ခိုက်ပေလိမ့်မည်။ သို့သော် ယခု သူ ခံစားရသည့် ပရာ့ဂ်ျ၏ အခြေအနေကား စိုးရိမ်သတိချပ်နေမှုမဟုတ်၊ သဘောကျနှစ်သက်မှုနှင့် ပို၍နီးစပ်၏။
‘ဘာဖြစ်လို့ ရုတ်တရက်ကြီးလဲ။’
ပရာ့ဂ်ျက မိဖုရားကို နှစ်သက်သဘောကျသည်ဟူသည့် အယူအဆက မှန်သည်ဟု ယူဆမည်ဆိုလျှင်လည်း ရှေ့နောက်ကိုက်ညီမှု မရှိပေ။ မိဖုရားနှင့် တွေ့ဖူးသည်မှာ ယခုက ပထမဆုံးအကြိမ်မဟုတ်။ သူ မိဖုရားနှင့် လက်ထပ်ထားခဲ့သည်မှာ သုံးနှစ်နီးပါးပင် ရှိပြီဖြစ်သည်။
သူထွေးပွေ့ထားခဲ့သည့် မိဖုရား၏ ခန္ဓာကိုယ်က ပျော့ခွေသွား၏။ တုန်ယင်နေမှုကလည်း ရပ်တန့်သွားခဲ့ပေပြီ။ ခါဆယ်ရ်က မိဖုရား သတိလစ်သွားလေသလားဟု စစ်ဆေးလိုက်သည်။
ယူဂျင်းက သူဟာ သစ်ပင်ကို ကုပ်တွယ်ထားသည့် ကိုအာလာဝက်ဝံလိုမျိုး ခါဆယ်ရ့်ကို ဖက်တွယ်ထားမိမှန်း သိနေသော်လည်း ထိုအဖြစ်ကို အာရုံစိုက်နိုင်သည့် စိတ်အခြေအနေမဟုတ်ပေ။ အခု နည်းနည်း အသက်ရှင်နိုင်တော့မည်ထင်သည်။
“…ဘာဖြစ်တာလဲဟင်။ အဲ့ဒါက…”
ခြောက်ကပ်နေသည့် သူ၏ခံတွင်းထဲတွင် အက်ရှရှ ဖြစ်နေသည်။ ပြင်းထန်သည့် ကိုယ်ခန္ဓာကိုက်ခဲမှုကို ခံစားလိုက်ရသည့်အလား ပင်ပန်းနွမ်းနယ်နေ၏။
“ခြောက်သွေ့ရာသီ ကုန်ဆုံးသွားလို့။”
“ခြောက်သွေ့ရာသီ ကုန်ဆုံးတိုင်း…အကုန်လုံး အဲ့ဒီလိုပဲ ခံစားရတာလား။”
“အများစုကတော့ မသိကြဘူးပေါ့။ ဒါပေမဲ့ ထူးခြားတဲ့အစွမ်းတွေနဲ့လူတွေကတော့ ခံစားမိကြတယ်။”
“ထူးခြားတဲ့အစွမ်းဆိုတာတွေက ပရာ့ဂ်ျနဲ့ ရာမီတာလား။”
“ဟုတ်တယ်။”
“ရှင်ရော ခံစားရလား။”
“ခံစားရတာပေါ့။ ခြောက်သွေ့ရာသီ ကုန်ဆုံးသွားပြီး ရုန်းကန်လှုပ်ရှားရတဲ့ရာသီ ဝင်လာတဲ့အချိန်ကို ခိုင်းနှိုင်းရမယ်ဆိုရင် လှိုင်းလုံးကြီး လိမ့်ဝင်လာသလိုပဲ။ အဲ့ဒီလှိုင်းလုံးတွေနဲ့ ပါမသွားရအောင် ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ထားရတာပေါ့။ မင်းလည်း သိပါတယ်။ အတိတ်မေ့သွားလို့ နည်းလမ်းမရှာနိုင်ရုံလေးပဲ။”
ယူဂျင်းက ခါဆယ်ရ်၏ ရင်ဘတ်ကို ခေါင်းလေးမှီထားလျက် ရှိနေခဲ့သည်။ သူ စကားပြောလိုက်တိုင်း သူ့အသံက ပဲ့တင်ရိုက်ခတ်သွားပြီး သူ့ခန္ဓာကိုယ်အနှံ့ တုန်ခါမှုတွေ ပျံ့နှံ့သွားသလို ခံစားရ၏။ နူးနူးညံ့ညံ့ရှိသည့် သူ့အသံက နားဝင်ချိုလှပါသည်။ ယူဂျင်း၏ ပူပန်တုန်လှုပ်မှုများ ငြိမ်ကျသွားပြီး ပို၍ပို၍ သက်သောင့်သက်သာ ရှိလာခဲ့သည်။ ခါဆယ်ရ်က နည်းနည်းလေး ပိုပြီးသဘောကောင်းလာသလိုပင်။
ယူဂျင်း၏ စိတ်အထင်သက်သက် မဟုတ်ပေ။ မိဖုရားနှင့် တံတိုင်းခြားထားသည့် ခါဆယ်ရ်၏ သတိနှင့်စောင့်ကြည့်မှုက ပြေလျော့သွားခဲ့သည်။ သူ့ခန္ဓာကိုယ်အထဲတွင် ခံစားချက်ကောင်းစွာ မြူးတူးလှည့်ပတ်နေသည့် ပရာ့ဂ်ျကြောင့်ပင်။
ပရာ့ဂ်ျက သူနှင့် တစ်ကိုယ်တည်းဖြစ်သည့်အလား အံကိုက်ဖြစ်၏။ သို့သော် သံယောဇဉ်ထက် ထိန်းချုပ်ရမည့် အရာအဖြစ်သာ မြင်ခဲ့သောကြောင့် ပရာ့ဂ်ျက သူ၏ ခံစားချက်အပေါ်တွင် လွှမ်းမိုးမှုရှိလိမ့်မည်ဟု ယခင်က မသိခဲ့ပေ။
~~~~~
Miel’s Translations