Chapter 15
အပိုင်း ၁၅
မာရီအန်းက နေ့လယ်စာစားချိန်အပြီး နှစ်နာရီအလွန် နေ့လယ်ခင်းအစောပိုင်းတွင် နန်းတော်ထဲသို့ ဝင်လာခဲ့၏။ အခြွေအရံမိန်းကလေးတစ်ယောက်အား သူ နန်းတော်ထဲသို့ ဝင်ရောက်လာပြီဖြစ်ကြောင်း မိဖုရားထံသို့ အမှားပါးခိုင်းပြီးလျှင် ဧည့်ခန်းထဲ၌ စောင့်နေလိုက်သည်။ ခဏအကြာတွင် ဆာရာက ဝင်လာပြီး မာရီအန်းဆီသို့ ချဉ်းကပ်လာခဲ့သည်။
“ရောက်လာပါပြီလား၊ မာရီအန်းရှင့်။”
မာရီအန်း၏ မျက်နှာထားက တင်းသွားခဲ့သည်။
“အထိန်းတော်ချုပ်။ ဒီလိုမလုပ်ပါနဲ့လို့ ပြောထားရဲ့သားနဲ့။ အထိန်းတော်ချုပ် ဂါရဝပြုတာကို သီးသန့်လက်ခံပေးပါ့မယ်ဆို။”
“အဲ့ဒီလိုမဟုတ်ပါဘူး…ဒီနေ့ မိဖုရားနဲ့တွေ့ဖို့ လာခဲ့တာမဟုတ်လား။”
မာရီအန်း၏ မျက်နှာထားက စိတ်မကောင်းစွာ ညိုမှောင်လာတော့သည်။
“မိဖုရားက မတွေ့ဘူးလို့ ပြောလိုက်လို့လား။”
“အဲ့ဒီလိုမဟုတ်ပါဘူး။”
တွေဝေတုံ့ဆိုင်းနေသည့် ဆာရာက ဘေးပတ်လည်ကိုကြည့်ကာ အခြွေအရံမိန်းကလေးများကို အကုန်ထွက်သွားခိုင်းလိုက်သည်။ နှစ်ယောက်တည်း ကျန်နေပြီးသည့်နောက် ဆာရာက မာရီအန်းနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ခဲ့သည်။
“ညနေမှဖြစ်ဖြစ် မနက်ဖြန်မှဖြစ်ဖြစ် ပြန်လာတာ ပိုကောင်းမယ်ထင်ပါတယ်။”
“ဘာဖြစ်လို့များလဲ။”
“မိဖုရားက အခုထိ လဲလျောင်းအနားယူနေဆဲမို့လို့ပါ။”
“ဘယ်နားများ မအီမသာဖြစ်လို့လဲ။”
“မနေ့ညက အရှင်မင်းမြတ် ကြွလာပါတယ်…အဲ့ဒါကြောင့် ပင်ပန်းသွားလို့ပါ။”
“ဘုရားရေ။”
မာရီအန်းက အံ့ဩတကြီး ဘုရားတလိုက်သည်။ ယခင်က ဤကဲ့သို့ တစ်ခါမှ မဖြစ်ခဲ့ဖူးပေ။
သူတို့နှစ်ဦး တစ်ညတာကုန်ဆုံးပြီးတဲ့နောက် အိပ်ခန်းကို ရှင်းလင်းကြသည့် အခြွေအရံမိန်းကလေးများ၏ စကားများကို မာရီအန်း မတော်တဆ ကြားမိဖူး၏။ အခုတင် လှဲအိပ်ရုံအိပ်ခဲ့ရာကနေ နိုးထလာသကဲ့သို့ အိပ်ရာခင်းများက အမြဲတမ်း သေသေသပ်သပ်ရှိနေသည်ဟူ၍ပင်။
ကာယကံရှင်နှစ်ဦးအား ရာရာစစ မမေးကြည့်ဝံ့သော်လည်း သေသေချာချာမှ လက်ထပ်ထားကြရဲ့လားဟူ၍ သံသယဝင်မိခဲ့၏။
မိဖုရားနှင့်တွေ့ရန် အင်မတန်စိတ်လောနေသောကြောင့် မနေ့က လတစ်လ၏ ပထမဆုံးနေ့ဆိုသည်ကို လုံးဝမေ့သွားခဲ့သည်။ သတင်းကောင်းဖြစ်သော်လည်း မာရီအန်းတစ်ယောက် ဝမ်းမသာခဲ့။
‘မှတ်ဉာဏ်တွေပျောက်သွားလို့ ပူပန်ကြောင့်ကြနေမဲ့သူကို။ အရှင်မင်းကြီးနဲ့တော့ ငါ့နှယ်။ ပုံမှန်ဆို မိဖုရားနဲ့ အဝေးကြီးနေတဲ့သူက ဘာဖြစ်လို့ မနေ့တုန်းက သွားတွေ့ရတာလဲနော်။’
မိဖုရားကို နေသားတကျဖြစ်အောင်လုပ်ရန် အချိန်ပေးသင့်ပေသည်။ သူစိမ်းတစ်ယောက်နှင့် မခြားသလောက်ရှိသည့် ခင်ပွန်းဖြစ်သူနှင့် အတူအိပ်စက်ခဲ့ရမည့် မိဖုရား၏ ခံစားချက်ကို တွက်ချက်မှန်းဆရင်း မာရီအန်းက စိတ်မသက်မသာဖြစ်မှုကို မပေါ်လွင်စေရအောင် ကြိုးပမ်းဖုံးဖိခြင်း မရှိခဲ့။
“နင် မျက်နှာလည်းမကောင်းပါလား။”
ဆာရာက သက်ပြင်းချလိုက်သည်။
“မိဖုရားက…သွေးတွေဆင်းထားပါတယ်။”
“ဘာ။”
ပထမဆုံးအကြိမ် အပျိုရည်ပျက်သည့်သွေးမှန်း မသိကြသူနှစ်ဦး၏ မျက်နှာထားများက အလေးအနက်ဖြစ်လာကြသည်။
မာရီအန်းက ဝုန်းခနဲ ထရပ်ကာ ထို့နောက် ပြန်ထိုင်လိုက်၏။ ဘုရင်မင်းမြတ်ကို ငယ်ငယ်လေးကတည်းက ပြုစုပျိုးထောင်လာခဲ့သော်လည်း ဘုရင်၏ ကိုယ်ရေးကိုယ်တာကိစ္စများတွင် ဝင်ရောက်စွက်ဖက်ပိုင်ခွင့် သူ့တွင်မရှိပေ။
“တကယ်ပါပဲ အရှင်မင်းကြီးကတော့။”
မာရီအန်းက စိုးရိမ်ပူပန်သည့် မျက်နှာထားနှင့် နဖူးကို လက်ဖြင့်အုပ်လိုက်သည်။ ‘တော်ရုံသင့်ရုံ’ ဟူသည့် သဘောတရားကို ဘာကြောင့်များ မသိရတာလဲ။
“ဒီလိုအချိန်မျိုးတွေမှာ တော်ဝင်မိသားစုထဲ လူကြီးသူမ မရှိတာက နှမြောစရာပဲ။”
မာရီအန်းက သက်ပြင်းချကာ ခေါင်းပြန်မော့၍ ဆာရာကို မေးလိုက်သည်။
“ဒီတော့။ မိဖုရားရဲ့အခြေအနေကရော။ သမားတော်ခေါ်ထားလား။”
“မနက်တုန်းက နည်းနည်းနောက်ကျမှ နိုးလာပေမဲ့ ရေချိုးသန့်စင်ပြီး အစားစားပြီးပါပြီ။ အိပ်ရာကို ရှင်းလင်းတဲ့ အခြံအရံမိန်းကလေးက သွေးအစွန်းအထင်းတွေတွေ့တယ်ပြောလို့ သိရတာပါ။ မိဖုရားက ဘာအရိပ်အယောင်မှမပြပေမဲ့ မနက်စာစားပြီးတဲ့နောက်မှာ တစ်ရေးပြန်အိပ်သွားလို့ ဒီအတိုင်း ပေးအိပ်ထားလိုက်ပါတယ်။ အခုထိ မနိုးသေးပါဘူး။”
“…”
“ဘယ်လို…လုပ်ရမလဲ။”
မာရီအန်းက အကြာကြီးတိတ်နေပြီးမှ ပြောခဲ့သည်။
“အရင်ဆုံး နိုးလာရင် တစ်ဖက်လှည့်နဲ့ မေးကြည့်လိုက်။ သက်သောင့်သက်သာမရှိတဲ့နေရာများ မရှိဘူးလားလို့ ဝေ့လည်ကြောင်ပတ်ပြောကြည့်။ ဘာမှမဖြစ်ဘူးလို့ပြောရင် ထပ်မပြောနဲ့တော့။”
“ဟုတ်ကဲ့။”
“နောက်တစ်ခါ ဒီလိုကိစ္စမျိုး ထပ်ဖြစ်ရင် ဆက်ဆက် ငါ့ကိုပြောနော်။ ကိုယ့်နေရာကိုယ်မသိသလို ဖြစ်သွားနိုင်ပေမဲ့ အဲ့ဒီအခါကျရင်တော့ အရှင်မင်းကြီးနဲ့ စကားပြောကိုပြောရမယ်။”
“ဟုတ်ကဲ့ပါ။….ဒါနဲ့ ဘယ်လိုလုပ်မှာလဲဟင်။ မနက်ဖြန်မှ ပြန်လာမလား။”
“ဟင့်အင်း။ စောင့်နေရမှာပေါ့။”
“ဘယ်အချိန်အထိ စောင့်ရမယ်မှန်း မသိရပါဘူး။”
“မိဖုရားက အခေါ်တော်ပါးထားတာကို ကိုယ့်သဘောနဲ့ကိုယ် ပြန်သွားလို့ ဘယ်ဖြစ်ပါ့မလဲ။ ငါရောက်လာတဲ့အကြောင်း တစ်ဆင့်စကား တစ်ဆင့်နား ပြန့်မသွားစေနဲ့။ အလကား အထင်လွဲတာတွေ မဖြစ်ရအောင်လုပ်။”
“ဟုတ်ကဲ့၊ အဲ့ဒီလိုလုပ်လိုက်ပါ့မယ်။”
နှစ်ယောက်က မြင်သာအောင် ထုတ်မပြခဲ့ကြသော်လည်း စိတ်ထဲတွင်တော့ ဘုရင်ကို မျက်စောင်းတခဲခဲနှင့် စုတ်တသပ်သပ် ဖြစ်နေခဲ့ကြသည်။
~~~~~
လူတိုင်းက မိဖုရား အကြာကြီး တစ်ရေးတစ်မောအိပ်နေသည်ဟု ထင်ထားကြသော်လည်း အမှန်တော့ ယူဂျင်း အိပ်မပျော်ခဲ့။ မနက်စာစားပြီး တစ်ရေးအိပ်လိုက်ဦးမည်ဟုဆိုကာ အိပ်ရာထက်တွင် လဲလျောင်းခဲ့သော်လည်း တစ်မှေးသာအိပ်ပျော်သွားပြီး နိုးလာခဲ့သည်။ ထို့နောက် တစ်ရေးအိပ်တာထက် ပိုကြာအောင် အိပ်ရာထဲတွင် လဲလျောင်းရင်း အပျင်းတက်နေမိ၏။
ယူဂျင်းက ဘေးတစောင်းလေးလှဲကာ သူ့လက်ဖျားများသူ အကြောင်သား ငေးကြည့်နေခဲ့သည်။ အိပ်ရာထဲလဲရမည့် အတိုင်းအထာအထိ အခြေအနေမျိုး မဟုတ်သော်လည်း သူ၏ ခန္ဓာကိုယ်က ပင်ပန်းနွမ်းလျစွာ ပျော့ခွေနေ၏။
ယူဂျင်းက လေသံလေးနှင့် တိုးတိုးညည်းလိုက်သည်။
“တကယ်ပဲ dynamic ဖြစ်တဲ့ ဘဝပါလား။”
ယူဂျင်းက သူ့ဘဝသူ မလွယ်ပါ့လားဟု တွေးထားခဲ့သူပင်။ သို့သော် ပြီးခဲ့သည့်ရက်ပိုင်းကနှင့် ယှဉ်လိုက်လျှင်တော့ ဘာမှမဟုတ်သေးပေ။ ဘယ်စွန့်စားခန်းရုပ်ရှင်မှ ဒီထက် ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းလိမ့်မည်မဟုတ်။
အထူးသဖြင့် မနေ့ညက နည်းမျိုးစုံဖြင့်ကို အံ့ဩစရာကောင်းခဲ့ပါသည်။ ‘မဟာ’ ဟူသည့် မရင်းနှီးသော ကမ္ဘာထဲသို့ အမှန်တကယ်ပဲ ကျရောက်ခဲ့သည်ကို နားလည်လက်ခံသွားပြီဟူ၍ပင် ဆိုနိုင်၏။
‘သတိလေး သေချာထိန်းထားရအောင်’ ဟု တွေးခဲ့သော်လည်း ယခု သိသွားခဲ့ပါပြီ။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက သူ့ကိုယ်သူ သူစိမ်းတစ်ယောက်လို ခံစားခဲ့ရသည်။
ကမ္ဘာကြီးကို ဗီဒီယိုထဲမှ ကြည့်နေသကဲ့သို့ လွင့်မျောရင်း ဘေးပတ်ဝန်းကျင်ကို ကြည့်နေခဲ့မိ၏။ သို့သော် ခါဆယ်ရ်ဆိုသည့်လူက သူ့အား အိပ်မက်ထဲမှဆွဲထုတ်ကာ လက်တွေ့ဘဝဆီ ခေါ်ဆောင်ပေးခဲ့သည်။
အသားချင်း ပွတ်သပ်ထိတွေ့နေသည့် မျက်ဝါးထင်ထင် ခံစားချက်၊ ချွေးတို့ဖြင့် ချော်ကျိကျိဖြစ်နေသည့် အထိအတွေ့၊ နားထဲတွင် ကြားနေရသည့် အသက်ရှူသံ၊ တစ်ကိုယ်လုံး ပေါက်ထွက်သွားတော့မလို ခံစားရအောင်လုပ်နေသည့် အပြင်းစားခံစားချက်များ။
အပူရှိန်၊ သာယာမှု၊ နာကျင်မှု။ ထိုအရာများကား အိပ်မက်လုံးဝမဖြစ်နိုင်။
ထို့အပြင် ဂျင်၏ ဝိညာဉ်က ဤခန္ဓာကိုယ်၏ တစ်နေရာရာတွင် ပုန်းကွယ်နေမည်ဟူသော ယူဆသုံးသပ်ချက်ကိုလည်း ပယ်ရှားနိုင်ခဲ့ပေပြီ။ တစ်ညတာလုံး ထိုမျှအံ့ဩစရာကောင်းသည့် အတွေ့အကြုံကို ခံစားခဲ့ရသော်လည်း ဂျင်ကား ပေါ်မလာခဲ့။ ‘အပျိုရည်စစ် စင်ကြယ်သန့်စင်မှု’ က ဂျင်အတွက် အရေးကြီးသည့် keyword ဖြစ်သောကြောင့် သူသာ တတ်နိုင်မည်ဆိုလျှင် ဝင်စွက်ဖက်လောက်ပေမည်။
ယူဂျင်းက ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ရာက ‘အား…’ ဟု ညည်းလိုက်မိသည်။ ဂျင်က ပုံမှန် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ခြင်းကို ဘယ်တုန်းကမှ နှစ်သက်ခြင်းမရှိခဲ့မည်မှာ အတပ်မလွဲပင်။ တောင်တက်ပြီး နောက်တစ်နေ့တွင် ကြွက်သားနာကျင်မှုကြောင့် တစ်ကိုယ်လုံး ကိုက်ခဲနေသလိုမျိုး ခံစားနေရ၏။ အထူးသဖြင့် ပေါင်ခြံအတွင်းပိုင်းမှ ကြွက်သားများမှာ အင်မတန် တောင့်တင်းနေခဲ့သည်။
“…အခုမှ စလုပ်ဖူးတဲ့သူအတွက် တော်တော်လွန်တာပေါ့။”
ညည်းညည်းညူညူနှင့် မကျေမနပ်ဖြစ်မိသည့်လူအကြောင်း တွေးလိုက်မိသည်တွင် မနေ့ညက အဖြစ်အပျက်များကို အလိုလိုပြန်မှတ်မိသွားကာ မျက်နှာတွေ ပူတက်လာရတော့သည်။ တည်တည်တံ့တံ့ မျက်နှာထားကြီးနှင့် အေးတိအေးစက် လေသံရှိသည့်လူက သူ့အား တိရိစ္ဆာန်တစ်ကောင်လို ခုန်အုပ်သိမ်းပိုက်လိမ့်မည်မှန်း မသိခဲ့။
တစ်ညလုံး ထိုးဖွင့်ကာ အသွင်းအထုတ်အလုပ်ခံခဲ့ရသည့် ယောနိအတွင်းပိုင်းက တဆစ်ဆစ် နာကျင်နေ၏။ ယင်းနေရာမှ နာကျင်မှုအား တခြားသူများကို ရှင်းပြရန်ခက်သောကြောင့် ပို၍ပင် ရှက်မိရသည်။
“ထရအောင်။”
တွေးကြည့်လေ၊ စိတ်ကရှုပ်ထွေးလာလေပင်။ လောလောဆယ် ခန္ဓာကိုယ်ကို လှုပ်ရှားရပေမည်။
‘တစ်ခုတော့ ပြေလည်သွားတာ ကျိန်းသေတယ်။’
ယခု ဂျင်၏ ခန္ဓာကိုယ်က မစင်ကြယ်တော့ပေ။ မာရာ၏ စွမ်းအားများကို လက်ခံရန်အတွက် စင်ကြယ်သည့် ခန္ဓာကိုယ်ကို လိုအပ်သည်ဆိုလျှင် ယင်းသတ်မှတ်ချက်က ပျက်စီးသွားခဲ့ပေပြီ။
‘ဂျင် ဘာဖြစ်လို့ စတုတ္ထဘုရင်ကို လက်ထပ်ခဲ့တာလဲဆိုတဲ့အကြောင်းရင်းကို ရှာရအောင်။ ပြီးတော့ ဒီကမ္ဘာနဲ့ အံဝင်ခွင်ကျဖြစ်ဖို့ ငါ့မှာ သင်စရာတွေ အများကြီးပဲ။’
ယူဂျင်းက ကြိုးကိုဆွဲလိုက်သည်။ ခဏနေတော့ ဂျီးန်ဝင်လာသည်ကို တွေ့လိုက်ရ၏။ ယူဂျင်းက ဂျီးန်ကို အိပ်ရာနားကပ်လာရန် လက်ပြခေါ်လိုက်သည်။
“ဂျီးန်။”
“ဟုတ်ကဲ့၊ အာနီခါ။”
“အထိန်းတော်ချုပ်ဟောင်းကို ငါက တွေ့ချင်တယ်ဆိုတာ ပြောလိုက်သေးလား။”
“ဟုတ်ကဲ့။ အာနီခါ အခေါ်ပါးမှာကို စောင့်နေပါတယ်။”
“ရောက်တောင်ရောက်နေပြီလား။ ဘယ်တုန်းကလဲ။ ရောက်လာရင် ငါ့ကိုပြောမှပေါ့။”
ဂျီးန်တစ်ယောက် ဘာမှမပြောနိုင်ဘဲ ဒီအတိုင်း ကြည့်ရုံသာ ကြည့်နေသည့်အခါ ယူဂျင်းက အသာလေး ရယ်လိုက်သည်။
“နင့်ကို အပြစ်တင်နေတာမဟုတ်ပါဘူး။ စောင့်နေတယ်ဆိုတော့ မြန်မြန်သွားတွေ့ရမှာပေါ့။ အဝတ်အစား လဲဝတ်ရမယ်မဟုတ်လား။”
“ဟုတ်ကဲ့ပါ၊ အာနီခါ။ ကျွန်မ ပြင်ဆင်လိုက်ပါ့မယ်။”
ယူဂျင်းက ခေါင်းငုံ့လိုက်ကာ နောက်ဆုတ်သွားသည့် ဂျီးန်ကို ခေါ်လိုက်သည်။
“ငါ့ကို အဲ့ဒီလိုမခေါ်နဲ့။ အမ်…ပုံမှန်ဆို ဘယ်လိုခေါ်ကြတာပါလိမ့်။ တခြားတိုင်းပြည်တွေမှာဆိုရင် မိဖုရားလို့ ခေါ်ကြတယ်မဟုတ်လား။”
“တခြားတိုင်းပြည်တွေရဲ့ အခြေအနေတွေကိုတော့ မသိပေမဲ့…အဲ့ဒီလိုဟုတ်လိမ့်မယ်လို့…ထင်ပါတယ်။”
“ဟုတ်ပြီ။ ဒါဆို အခု ငါ့ကို မိဖုရားလို့ခေါ်။ အာနီခါလို့ မခေါ်နဲ့။”
“…”
“ခေါ်ကြည့်စမ်းပါဦး။”
“…ရှင်။”
“မြန်မြန်ခေါ်ကြည့်လေ။”
ဂျီးန်၏ ကြောက်လန့်တကြား မျက်နှာလေးကိုမြင်ရတော့ ယူဂျင်းက ခါးသီးစွာ ပြုံးလိုက်၏။ ဂျင်၏ နာမည်ကျော်ပုံရိပ်ဆိုးကြီးကို တိုးတက်အောင်လုပ်ဖို့ရန် အတန်ကြာအောင် ကြိုးစားရမည့်ပုံပင်။
“အရှင် မိ…မိဖုရား။”
“အင်း။ အားလုံးကိုပြောလိုက်။ အခု ငါ့ကို အဲ့ဒီလိုခေါ်လို့ရတယ်လို့။”
“ဟုတ်ကဲ့ပါ။ အရှင်…မိဖုရား။”
ဂျီးန်း ထွက်သွားသည့်နောက်တွင် ယူဂျင်း ရုတ်တရက် တွေးလိုက်၏။
‘အကုန်လုံး စိတ်ထဲကနေ ငါ့ကို ကြိတ်ဆဲနေကြမှာပဲနော်။’
အာနီခါဟု မခေါ်လျှင် သေအောင်ရိုက်တတ်ပြီး ယခုကျပြန်တော့ အာနီခါဟု မခေါ်နှင့်တဲ့။ ဒီတစ်ခေါက် မည်သို့သောစိတ်အပြောင်းအလဲကို အလိုက်အထိုက်ဖြစ်အောင် လိုက်နေရမည်နည်းဟူ၍ စိတ်ထဲမှ ကြိတ်ညည်းနေကြမလားတောင် မသိရပေ။
တွေးကြည့်လိုက်လျှင် သူသည်လည်း ဂျင်ကဲ့သို့ တစ်ချိုးတည်း ပြုမူမိနေသည်ပင်။ ကျိန်းသေပေါက် မိဖုရားဟုမခေါ်လျှင် ဂျင်လိုမျိုး သူတို့အား ထိခိုက်အောင်လုပ်မည်မဟုတ်သော်လည်း သူတို့က ဆက်တိုက် သတိထားကာ အာရုံစိုက်နေကြပေလိမ့်မည်။
ဂျင်က အာနီခါဟူသော ဘွဲ့နာမည်ကို အလွန်အကျွံ အစွဲအလမ်းကြီးခဲ့သည်။ ထိုနာမည်ကို ပြောင်းလိုက်မှသာ ဤကမ္ဘာတွင် ယူဂျင်းအတွက် နေရာရှိနိုင်မည့်ပုံပင်။
‘ဘယ်လောက်ပဲ မကျေနပ်ပါစေ ဘယ်သူမှ ငါ့ကို အရှေ့ထားပြီး တဲ့တိုးပြောရဲမှာမဟုတ်ဘူး။ ငါက…မိဖုရားဖြစ်နေတာမို့လို့။’
ယူဂျင်းတစ်ယောက် ထူးထူးဆန်းဆန်း စိတ်ထိခိုက်ခံစားလွယ်ဖြစ်လာကာ သက်ပြင်းချလိုက်၏။ သူ့တစ်ကိုယ်လုံး ကြက်သီးထသွားတော့သည်။
‘အာဏာက တကယ်ကောင်းတဲ့အရာပါလား။’
ယခုထက်ထိ ထိုအရာကို အရသာမခံရသေးတာတောင် သူ၏ပခုံးများ တောင့်သွားခဲ့၏။
“နေရာက လူကို ဖန်တီးတယ်” ဟူသည့်စကား၏ အဓိပ္ပာယ်ကိုလည်း ခပ်ရေးရေး နားလည်သွားသလို ရှိလာတော့သည်။ မိမိပတ်ဝန်းကျင်တွင် ရှိသမျှလူတိုင်းက အားပေးထောက်ခံကြသဖြင့် စကားကို ပြတ်ပြတ်သားသားပြောပြီး အပြုအမူကလည်း ပို၍ယုံကြည်မှုအပြည့်ရှိလာ၏။
‘ပြီးတော့ အာဏာပြိုင်ပွဲမှာ ရှင်သန်ဖို့ကြိုးစားရတဲ့ ဒရာမာတွေရိုက်ရမှာလည်း ပူစရာမလိုဘူးလေ။’
သူက ဘုရင်၏ စိတ်အပြောင်းအလဲကြောင့်ဖြစ်ဖြစ်၊ ပတ်ဝန်းကျင်တွင် ရှိသူများ၏ ဖိအားများကြောင့်ဖြစ်ဖြစ် မရေမရာ ယိမ်းယိုင်လှုပ်ရှားရမည့်နေရာတွင် ရှိနေသည့် မိဖုရားမဟုတ်။ ဘုရင်မင်းမြတ်၏ ထီးမွေနန်းမွေခံကို မွေးဖွားပေးနိုင်မည့် တစ်ဦးတည်းသော မိန်းမကို မည်သူကများ ရာရာစစ လာထိပါးနိုင်မည်နည်း။
ယူဂျင်းက အမှန်တကယ်ပင် ဤကမ္ဘာနှင့်နေသားတကျဖြစ်ကာ ကောင်းကောင်းနေချင်မိပါသည်။
~~~~~
ယူဂျင်းက မာရီအန်းကို နွေးထွေးစွာကြိုဆိုလိုက်သည်။ ဒုတိယအကြိမ် တွေ့ဆုံမှုလည်းဖြစ်ကာ မာရီအန်းနှင့် စကားပြောခဲ့သလောက် အချိန်အကြာကြီး စကားပြောဖူးသူ မရှိသောကြောင့် ရင်းနှီးသည့်ခံစားချက်တစ်မျိုး ခံစားလိုက်ရ၏။
“ကြိုဆိုပါတယ်။”
“ဂါရဝပြုပါတယ်။ အာနီခါ။”
“ထိုင်ပါ။ ပြီးတော့ တခြားတစ်ယောက်ကို ပြောပြီးသားဆိုပေမဲ့ ရှေ့လျှောက် ကျွန်မကို အာနီခါလို့မခေါ်လည်း ရပါပြီ။”
မာရီအန်းက ယူဂျင်းအား အံ့ဩသွားသည့်မျက်လုံးများနှင့် ကြည့်နေခဲ့သည်။
“အာနီခါလို့ မခေါ်ရင်တောင်မှ ကျွန်မကို အာနီခါမှန်း မသိတဲ့သူ ရှိမှာမဟုတ်ဘူးလေ။ မိဖုရားလို့ ခေါ်ရင်ပဲ လုံလောက်ပါပြီ။ စိတ်အပြောင်းအလဲဖြစ်ပြီး နောက်မှ နောက်တစ်မျိုးခေါ်ဖို့ ပြောမှာမဟုတ်လို့ အဲ့ဒီအတွက် မပူပါနဲ့။”
“ပူပန်စရာလားရှင်။ ကျွန်မတို့က စေခိုင်းချက်အတိုင်း လိုက်နာရုံပါပဲ။”
မာရီအန်းက နွေးထွေးစွာပြုံးကာ ယူဂျင်းနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ခဲ့သည်။
“ဘယ်လိုနေပါသေးလဲ။”
မာရီအန်း၏ စိုးရိမ်ပူပန်သည့်မျက်နှာထားက သွေးဆင်းထားသည့် မိဖုရား၏ အခြေအနေနှင့်ပတ်သက်ပြီး ပူပန်ကြောင်းပြခဲ့သော်လည်း ယူဂျင်းက အတိတ်မေ့သွားသည့်အခြေအနေအကြောင်း မေးသည်ဟု ထင်ခဲ့မိသည်။
“အရင်အတိုင်းပါပဲ။”
ယူဂျင်း၏ အသားအရေက အဆင်ပြေနေသည်ကို တွေ့ရသည်တွင် မာရီအန်း စိတ်အေးသွားရ၏။
“အရှင်မိဖုရား။ စကားကို ပေါ့ပေါ့ပါးပါး ပြောပါ။”
ပထမဆုံးအကြိမ် တွေ့တုန်းကလည်း မာရီအန်းက ထိုကဲ့သို့ တောင်းဆိုခဲ့ပြီး ယူဂျင်းလည်း နောက်ဆုံးတွင် ထိုသို့လုပ်ပါမည်ဟု ပြောလိုက်သည်။ ကိုယ့်ထက်ငယ်သည့် အခြွေအရံမိန်းကလေးအား ထိုသို့ပြောရသည်ကို သက်သောင့်သက်သာရှိသော်လည်း ကိုယ့်ထက် အသက်အများကြီးပိုကြီးပြီး လူမှုရေးအဆင့်အတန်းကလည်း သိသိသာသာမြင့်သူတစ်ယောက်အား ထိုသို့လက်လွတ်စပယ် စကားပြောရမည်ကို တွန့်ဆုတ်နေမိ၏။
“မာရီအန်း။”
“ဟုတ်ကဲ့ပါ။ အရှင်မိဖုရား။”
“မာရီအန်းက စတုတ္ထဘုရင်ရဲ့ အထိန်းတော်လည်းဖြစ်ပြီး အထိန်းတော်ချုပ်လည်း ဖြစ်ခဲ့တဲ့သူဆိုတော့ မရှိရင်မဖြစ်တဲ့နေရာမှာ ရှိနေတာပေါ့။ ကျွန်မက မာရီအန်းကို ယဉ်ကျေးသမှုနဲ့ ပြောဆိုဆက်ဆံလို့ ရာထူးဝါစဉ်ကို ကစဉ့်ကလျားဖြစ်သွားစေလိမ့်မယ် မထင်ဘူး။ အဲ့ဒါကြောင့် ကျွန်မတို့တွေ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ထပ်မပြောဘဲ နေကြတာပေါ့။”
မာရီအန်းက နှုတ်ဆိတ်နေခဲ့ပြီးမှ ‘ဟုတ်ကဲ့ပါ၊ မိဖုရား’ ဟု ပြန်ဖြေခဲ့သည်။ ခံစားချက်ကို အကျယ်ချဲ့ဖော်ပြကာ ဤသို့သော တုံ့ပြန်မှုကို အကျယ်ချဲ့ရန်မှာ သဘာဝကျလှ၏။ သို့သော် မာရီအန်းက ခံစားချက်များကို တည်ငြိမ်စွာဖုံးဖိပြီး စိတ်ရင်းအစစ်အမှန်ကို ထုတ်ပြခြင်းမရှိခဲ့။
မာရီအန်းကဲ့သို့သော စိတ်နေစိတ်ထားမျိုးက အထက်လူကြီးများအတွက် သူ့အပေါ် စိတ်တိုင်းကျဖို့ အခက်တွေ့စရာ ဖြစ်ပေလိမ့်မည်။ သို့သော် ကိုယ်တိုင်က အထက်လူကြီးကို မဖားတတ်သောကြောင့် ယူဂျင်းက မာရီအန်း၏ ဘွင်းဘွင်းရှင်းရှင်း မူမှန်သည့် စိတ်နေစိတ်ထားကို ပိုသဘောကျပါသည်။
“ဒီနေ့ မာရီအန်းကို တွေ့ဖို့ခေါ်လိုက်ရတဲ့ အကြောင်းရင်းက…။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်မ မာရီအန်းကို အကူအညီတောင်းမလို့ပါ။”
“…ကျွန်မရဲ့ အကူအညီကို လိုအပ်တယ်လို့ ပြောလိုက်တာပါလား။”
မာရီအန်းက တစ်ချက်နောက်ကျပြီးမှ သိချင်သည့်ပုံစံမျိုးဖြင့် ပြန်မေးခဲ့သည်။ မာရီအန်း၏ အမူအရာက ထင်မှတ်မထားလောက်အောင် ပြင်းထန်သည့်အတွက် ယူဂျင်းလည်း အိုးတိုးအမ်းတမ်း ဖြစ်သွားရ၏။
~~~~~
Miel’s Translations