Chapter 16
အပိုင်း ၁၆
“ကျွန်မရဲ့အခြေအနေ။ အခု ကျွန်မရဲ့အခြေအနေအကြောင်း တွေ့ကရာလူကို လိုက်အသိပေးတာက ကောင်းတဲ့အကြံ ဖြစ်မယ်မထင်ဘူး။”
“ဟုတ်ကဲ့။ ကျွန်မရဲ့အတွေးကလည်း အဲ့ဒီလိုပဲရှိပါတယ်။”
“အဲ့ဒီလိုဆို ကျွန်မ မေ့သွားသမျှ အရာအားလုံးကို တစ်ခါပြန်ပြီး သင်ယူဖို့အတွက် ကူညီပေးမဲ့သူ လိုအပ်ပါတယ်။ မာရီအန်းသာဆိုရင် ကျွန်မကို လုံလုံလောက်လောက် ကူညီပေးနိုင်မယ်မဟုတ်လား။”
“အရှင်မိဖုရား။ လိုအပ်ချက်တွေရှိနေတဲ့ ကျွန်မက…”
“မငြင်းရင်ကောင်းမှာပဲ။ ကျွန်မက တခြားဘယ်သူ့ထက်မဆို မာရီအန်းရဲ့ အကူအညီကို လိုအပ်နေတာပါ။”
ယူဂျင်းအား အသာတိတ်တိတ်လေး တစ်ချက်ကြည့်နေခဲ့ပြီးသည့်နောက်တွင် မာရီအန်း၏ မျက်နှာထားက နူးညံ့လာခဲ့သည်။
“လိုအပ်ချက်တွေရှိနေပေမဲ့ အရှင်မိဖုရားအတွက် အကူအညီဖြစ်နိုင်မယ်ဆိုရင် ဝမ်းမြောက်ဝမ်းသာနဲ့ အကောင်းဆုံး ကြိုးစားပါ့မယ်။”
“ကျေးဇူးပါပဲ။”
“ကျွန်မကမှ အရှင်မိဖုရားကို ကျေးဇူးတင်ရမှာပါ။ အခွင့်အရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”
မာရီအန်းက အခက်တွေ့ခဲ့ရသည့်အတိတ်အကြောင်း ပြောနေခြင်းဖြစ်မှန်း ရိပ်မိသော်လည်း ယူဂျင်းက မသိချင်ယောင်ဆောင်ခဲ့သည်။ ရှေ့လျှောက်တွင် မာရီအန်းနှင့် သင့်သင့်မြတ်မြတ် ရှိသွားချင်သော်လည်း မာရီအန်းနှင့် ဂျင်၏ ဆက်ဆံရေးအကွဲအပြဲကြားတွင် ပေါင်းကူးတံတားလုပ်ပေးရန် စိတ်ကူးမရှိချေ။
“အရှင်မိဖုရား။ ကျွန်မက မြို့တော်ကနေ စွန့်ခွာခဲ့နှင့်ပြီးသားပါ။ ကျွန်မရဲ့နေရာကို ပြန်ပြီးဖန်တီးဖို့အတွက် စတုတ္ထဘုရင် အရှင်မင်းမြတ်ရဲ့ ခွင့်ပြုချက် လိုအပ်ပါတယ်။”
“အဲ့ဒီလိုလား။ ဒါဆို ကျွန်မက အရှင်မင်းကြီးနဲ့ စကားပြောကြည့်လိုက်ရင်ရမလား။”
“ကျွန်မက အရှင်မင်းကြီးကို လျှောက်တင်လိုက်ပါ့မယ်။ အရှင်မိဖုရားက အရှင်မင်းကြီးနဲ့ ကိုယ်တိုင်စကားပြောချင်တယ်ဆိုရင်လည်း အရှင်မိဖုရား စိတ်တိုင်းကျသလိုသာလုပ်ပါ။”
“မဟုတ်တာ။ မာရီအန်း ပြောလိုက်တာက ပိုကောင်းမှာပေါ့။”
ယူဂျင်းက မြန်မြန်ပြန်ပြောလိုက်သည်။ မာရီအန်းက ယူဂျင်း၏ မျက်နှာထားကို အကဲခတ်ကာ သတိထား၍ မေးခဲ့သည်။
“အရှင်မင်းကြီးနဲ့ ပြောဆိုရတာ စိတ်ကသိကအောက် ဖြစ်ရလို့လား။”
“အဲ့ဒီလိုမဟုတ်ဘူး။”
ယူဂျင်းက အိုးတိုးအမ်းတမ်း ပြုံးလိုက်သည်။ ဒီမနက် မျက်လုံးဖွင့်လိုက်ချိန်တွင် သူ၏ ခံစားချက်များက ရှုပ်ထွေးနေခဲ့၏။
အဆိုးဝါးဆုံး မင်္ဂလာဦးညမဖြစ်စေရန် မျှော်လင့်ခဲ့သော်လည်း ထိုသို့ဆိုတိုင်း ဤမျှလောက် အရိုင်းဆန်သောညမျိုးဖြစ်လိမ့်မည်ဟု ထင်မထားခဲ့။ ထိုလူနှင့် မျက်နှာချင်းထပ်ဆိုင်ရလျှင် မည်သို့သော မျက်နှာထားမျိုးနှင့် နေရမည်ကို မသိခဲ့ပေ။
တစ်ခါမှ မလုပ်ခဲ့ဖူးသော်လည်း one-night stand လုပ်ပြီး နောက်တစ်နေ့တွင် ခံစားရသည့်ခံစားချက်က ယခုခံစားချက်နှင့် ဆင်တူလောက်ပေမည်။ သို့ဖြစ်၍ တတ်နိုင်မည်ဆိုလျှင် လတ်တလောတော့ မျက်နှာချင်းဆိုင်ရမည့်အဖြစ်ကို ရှောင်ချင်မိသည်။
“စကားပြောတာ…တိုတိုပြတ်ပြတ်မို့လို့ပါ။”
“စိတ်ထားနွေးထွေးတဲ့ ပုဂ္ဂိုလ်ပါ။ ကောင်းကောင်းထုတ်မပြတတ်တာလေး တစ်ခုပါပဲ။”
“လေသံကလည်း ကြမ်းတယ်လေ။”
“အဲ့ဒီပုဂ္ဂိုလ်ရဲ့နေရာကလည်း နေရာဆိုသလောက် သင့်တော်အောင်ပြောရင်း အကျင့်ဖြစ်သွားလို့ပါ။ လက်လွတ်စပယ်တော့ စကားမပြောတတ်ပါဘူး။”
မာရီအန်းတစ်ယောက် ကြိုးစားပမ်းစား ကာပြောပေးရန် ကြိုးစားနေပုံကိုကြည့်ကာ ယူဂျင်း ရယ်လိုက်မိသည်။ သားငယ်ကို ရင်အုပ်မကွာ စောင့်ရှောက်ကာကွယ်ပေးနေသည့် ဖြူကောင်မိခင်ကြီးပမာပင်။
“အဲ့ဒီပုဂ္ဂိုလ်က ပါးစပ်ကနေ ထုတ်ပြောခဲ့တာပါနော်။ မှတ်ဉာဏ်ပျောက်သွားတာကို မယုံနိုင်ဘူးဆိုပြီးတော့လေ။”
“အဲ့ဒါက…”
မာရီအန်းတစ်ယောက် ဤတစ်ကြိမ်တွင်တော့ ဆင်ခြေမပေးနိုင်တော့ဘဲ သက်ပြင်းသာချခဲ့သည်။
“ကိစ္စမရှိပါဘူး။ မာရီအန်းလည်း ကျွန်မစကားကို ဘယ်အထိ ယုံကြည်ရမလဲဆိုပြီး ကြောင့်ကြနေမှာပဲ။ နားလည်ပါတယ်။”
“…အရှင်မိဖုရားက လိမ်ပြောလိမ့်မယ်လို့ မထင်ပါဘူး။”
“ဒါဆို သိချင်တာလေး တစ်ခုရှိပါတယ်။”
“ကျွန်မ သိသလောက် အကုန်ပြောပြပါ့မယ်။”
“ကျွန်မနဲ့ စတုတ္ထဘုရင်။ အကြင်လင်မယားဆက်ဆံရေးက ဘယ်လိုရှိလဲဟင်။”
သူတို့နှစ်ဦးက တကယ့်အကြင်လင်မယားအစစ်မဟုတ်ကြမှန်း ယူဂျင်း သိထားသော်လည်း ပတ်ဝန်းကျင်မှလူများ သူတို့အပေါ် ဘယ်လိုမြင်ကြသလဲဆိုသည်ကို သိချင်မိခဲ့သည်။
“မကောင်းတဲ့ပုံပဲထင်တယ်။ ပွင့်ပွင့်လင်းလင်း ပြောပြပါ။”
မာရီအန်းက အိုးတိုးအမ်းတမ်းနှင့် တုံ့ဆိုင်းနေခဲ့ရာမှ ပါးစပ်ဖွင့်လိုက်သည်။
“တရားဝင်အခမ်းအနားတွေရယ်၊ အဲ့ဒီလိုမဟုတ်တဲ့ အချိန်တွေမှာရယ် နှစ်ဦးသား ပြသတဲ့ပုံစံက တော်တော်လေး ခြားနားမှုရှိပါတယ်။”
“အာ၊ ဘယ်သူပဲကြည့်ကြည့် ဆက်ဆံရေးကောင်းသလို ဟန်ဆောင်ထားတဲ့ပုံပေါ့နော်။”
အပေါ်ယံဟန်ပြဇနီးမောင်နှံပင်။ ယူဂျင်းက အကြမ်းဖျင်းနားလည်သွားကာ ခေါင်းညိတ်လိုက်သည်။
‘ဒါဆို နှစ်ယောက်ကြားက ဆက်ဆံရေးမကောင်းတာကို သိထားတဲ့သူ ထင်သလောက် အများကြီးရှိမှာမဟုတ်ဘူး။ အင်းလေ၊ ဂျင်က အဲ့ဒီလောက် တုံးတဲ့သူမှမဟုတ်တာ။ ဘုရင်နဲ့ ဆက်ဆံရေးမကောင်းတဲ့အကြောင်း လူသိရှင်ကြား ချပြလို့ ကောင်းတာဘာမှမရှိဘူးမဟုတ်လား။’
“ပြီးတော့ တစ်နေ့က မာရီအန်းနဲ့ မတွေ့ခင်လေးမှာပဲ။ အရှင်မင်းကြီးက တော်တော်လေး ဒေါသတွေထွက်နေခဲ့တာ။ ဒါပေမဲ့ အကြောင်းရင်းကိုတော့ မပြောပြဘူး။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်ခုခုများ သိထားသေးလားဟင်။”
“အရှင်မိဖုရားက ဘာမှမပြောဘဲ ရဲတိုက်ထဲကထွက်သွားလို့ ဒေါသထွက်နေတာပါ။ အဲ့ဒါကြောင့် သူ့ရဲ့ခံစားချက်တွေ ပြင်းထန်သွားတယ်ထင်ပါရဲ့။ အရှင်မိဖုရားအတွက် အများကြီး စိတ်ပူနေတာပေါ့။”
ယူဂျင်းက ဒီတစ်ခေါက်တော့ မာရီအန်း၏အဖြေမှာ အမှန်မဟုတ်ဟု တွေးလိုက်သည်။ သူက အမှန်ပဲ ဂျင်အတွက် ပူပန်ခဲ့သည်လား။
ထိုနေ့က ဘုရင်မင်းမြတ်မှာ အင်မတန် ဒေါသထွက်နေကာ တစ်စုံတစ်ရာ ပျောက်သွားသည်ဟု အပြစ်တင်ခဲ့သည်။ မှတ်ဉာဏ်တွေ ပျောက်သွားသည်ဟု ပြောလိုက်ချိန်တွင် ဘုရင်၏ စက်ဆုပ်မသတီသလိုအကြည့်ကို မှတ်မိနေသေး၏။ ဂျင်အတွက် စိုးရိမ်ပူပန်စိတ်ကို တစ်စက်ကလေးပင် အစရှာမရခဲ့ပေ။
‘ငါက တကယ်ပဲ အတိတ်မေ့သွားတာဆိုရင် အဲ့ဒီတုန်းက တအားစိတ်ထိခိုက်သွားလောက်မလား။’
ကြည့်ရတာ ဘုရင်မင်းမြတ် ပျောက်ဆုံးသွားသည့်အရာက ဘာမှန်း မာရီအန်းလည်း မသိသည့်ပုံပင်။ သိလျက်နှင့် မသိချင်ယောင်ဆောင်နေသည်ပဲလား။ ထိုနောက်ပိုင်းတွင် ဘုရင်က ဘာမှထပ်မပြောခဲ့ဘဲ ပတ်ဝန်းကျင်ကလည်း ငြိမ်နေတာကြောင့် အရေးကြီးသည့်ပစ္စည်းတော့ ဟုတ်ပုံမပေါ်ပေ။
‘အဲ့ဒီလူကို တိုက်ရိုက်မေးကြည့်ရမှာပဲ။ အမ်…အင်းလေ၊ အရေးတကြီးမှမဟုတ်တာ၊ နောက်မှပဲ မေးကြည့်တာပေါ့။”
“ကျွန်မနဲ့အတူတူ ကန္တာရထဲ ထွက်သွားပြီး ပျောက်သွားကြတဲ့ ရံရွေတော်မိန်းကလေးတွေ…”
သူတို့အကြောင်းတွေးလိုက်သည့်အခါ ယူဂျင်း စိတ်လေးလာရသည်။ သူတို့ မရှိတော့သည်ကို မခံစားရသောကြောင့် ပို၍ပင် စိတ်မကောင်းဖြစ်ရ၏။
သူတို့ ပျောက်သွားကြသည်ကို စိတ်မကောင်းဖြစ်ဖို့ထက် စိတ်သက်သာရာရသွားသည့်လူတွေ အများကြီးရှိနေရခြင်း၏ နောက်ကွယ်မှအကြောင်းတရားကို မသိရပေ။ ထို့ကြောင့် ယူဂျင်းက လူတွေကို သွေးအေးပြီး အသည်းနှလုံးမရှိလိုက်ကြတာဟု ထင်ခဲ့မိသည်။
“သူတို့တွေ အသက်ရှင်နိုင်ခြေ မရှိလောက်ဘူးပေါ့နော်။”
သိသာထင်ရှားတဲ့အဖြေ ရှိနေပြီးသားမေးခွန်းကို မေးလိုက်မိတာပါလားဟု သဘောပေါက်နားလည်သွားသည့်ယူဂျင်းက နားမလည်နိုင်သလို မျက်နှာမျိုးနှင့် ရှိနေခဲ့သည်။
“ဟုတ်ပါရဲ့လေ၊ အရှင်မင်းမြတ်ကလည်း အဲ့ဒီလိုပြောခဲ့တာပဲ။ အသက်ရှင်လျက် ပြန်လာရင်တောင်မှ ကွပ်မျက်မိန့်ကို ရှောင်လွှဲဖို့ခက်မယ်ဆိုပြီးတော့။”
မာရီအန်းက မျက်မှောင်ကြုတ်လိုက်သည်။ ‘အဲ့ဒီနည်းနဲ့အပြင် စကားမပြောတတ်တော့ဘူးလား’ ဟု စိတ်ထဲမှ ဘုရင်ကို မကောင်းပြောနေသည့်ပုံပင်။
“မာရီအန်းက ကူညီပေးနိုင်မလား။”
“ကျွန်မက ဘယ်လိုများ ကူညီပေးရမလဲ။”
“မှတ်ဉာဏ်တွေမရှိတော့လို့ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို မမှတ်မိဘူး။ တချို့က အိမ်ထောင်သည်တွေ ဖြစ်နိုင်သလို၊ တချို့ကလည်း မိသားစုကို ဦးဆောင်ပြီး ရှာဖွေကျွေးမွေးနေရတဲ့သူတွေ ဖြစ်မှာပဲ။”
မှတ်ဉာဏ်ပျောက်သွား၍ မသိခြင်းမဟုတ်။ နဂိုကတည်းက မိဖုရားသည် သူတို့၏ ကိုယ်ရေးကိုယ်တာ အခြေအနေများအပေါ် စိတ်ဝင်စားမှု မရှိခဲ့ချေ။ သိအောင်လုပ်ရန်ပင် စဉ်းစားလောက်မည်မဟုတ်။ မာရီအန်းက ထိုအချက်ကို အလကားသက်သက် ထောက်ပြခြင်းမပြုခဲ့။ ဘာမှမပြောဘဲ မိဖုရား၏ စကားကိုသာ နားထောင်နေခဲ့သည်။
“သူတို့ရဲ့ မိသားစုတွေ ခက်ခဲကျပ်တည်းနေကြတယ်ဆိုရင် ငါ နစ်နာကြေးပေးချင်တယ်။ ကိုယ့်ဘာသာ အရှေ့ထွက်ပြီး လုပ်ချင်ပေမဲ့ လုပ်ထုံးလုပ်နည်းတွေက ဘယ်လိုရှိမှန်းလည်း မသိဘူး၊ အရှင်မင်းကြီးကလည်း ခွင့်ပြုမယ်မထင်ဘူး။ ဒါက ခက်ခဲတဲ့တောင်းဆိုမှုများ ဖြစ်သွားလား။”
မာရီအန်းက ပြုံးလိုက်သည်။
“အကူအညီတောင်းနေစရာလား။ အမိန့်လေးပဲပေးလိုက်ရင် ရပါပြီ။ အဲ့ဒီကိစ္စကို ကျွန်မ ကြည့်လုပ်လိုက်ပါ့မယ်။”
“ကျေးဇူးတင်ပါတယ်။”
တော်ပါသေးရဲ့ဟူသော မျက်နှာထားမျိုးဖြင့် ပြုံးလိုက်သည့် ယူဂျင်းကိုကြည့်ရင်း မာရီအန်းတစ်ယောက် ရင်ထဲထိသွားခဲ့သည်။ မှတ်ဉာဏ်ပျောက်သွားရုံဖြင့် လူတစ်ယောက်၏ မူလသန္ဓေက ပြောင်းလဲသွားမည်မဟုတ်ပေ။ ယခင်က မသိခဲ့သော်လည်း နဂိုကတည်းက ဤကဲ့သို့ စိတ်ထားနွေးထွေးသောသူ ဖြစ်မည့်ပုံပင်။
အဆိုးပြီးလျှင် အကောင်းလာသည်ဟုပဲ ဆိုရမည်လား။ မိဖုရား၏ မှတ်ဉာဏ်ပျောက်ဆုံးမှုသည် အကောင်းဘက်သို့ ပြောင်းလဲမည့် အစပျိုးမှုဖြစ်ပါစေဟု မာရီအန်းတစ်ယောက် အသည်းအသန် မျှော်လင့်ခဲ့မိသည်။
~~~~~
ခါဆယ်ရ်က အပြင်ဘက်တံတိုင်းတစ်လျှောက် လမ်းလျှောက်ကာ မနက်စောစောမှ နေ့လယ်ခင်းတိုင်အောင် ပတ်ဝန်းကျင်ဧရိယာကို ကင်းလှည့်ခဲ့သည်။ ယခုလေးတင် ရုန်းကန်လှုပ်ရှားရမည့်ရာသီ စတင်ရုံရှိသေးသည့်အတွက် ချက်ချင်းတန်း၍ ပြဿနာကြီးကြီးမားမား ရှိလာမလား မသိရသော်လည်း ယခုတစ်ခေါက် ရုန်းကန်လှုပ်ရှားရမည့်ရာသီနှင့်ပတ်သက်ပြီး ထွေထွေထူးထူး ခံစားချက်ကောင်းတာမျိုး မရှိခဲ့ပေ။
တံတိုင်းပေါ်တွင် တပ်သားများက ဟိုတစ်စု၊ ဒီတစ်စု စုဝေးကာ ဆီလူးမြားများ လုပ်နေကြသည်။ ဘုရင်မင်းမြတ် ဘေးမှဖြတ်သွားတာတောင် သူတို့က ကိုယ့်အလုပ်ကိုယ်သာ အာရုံစိုက်ခဲ့ကြသည်။
လာ့ခ်တွေက သူတို့၏ ခန္ဓာကိုယ်တစ်ပြင်လုံးတွင် ထူးခြားသည့် စွမ်းအားဒိုင်းကို ဝတ်ဆင်ကြတာကြောင့် သာမန်လက်နက်များက ထိုဒိုင်းကို မဖောက်ထွင်းနိုင်ပေ။ တိုက်ခိုက်မှု ထိထိရောက်ရောက် ရှိစေရန် အထူးဆီတစ်မျိုး သုတ်လိမ်းထားသည့် မြား သို့မဟုတ် ဓားကို အသုံးပြုရပေသည်။
သို့သော် ဆီသုတ်လိမ်းထားသည့် လက်နက်များ၏ အကျိုးသက်ရောက်မှုက နေ့တစ်ဝက်သာခံသောကြောင့် တပ်သားတွေခမျာ လက်နက်ပြတ်လပ်မှုမရှိရအောင် တရစပ် အလုပ်လုပ်ကြရသည်။
ခါဆယ်ရ်က ခြေလှမ်းကိုရပ်ပြီး ကန္တာရဆီ မျှော်ကာကြည့်လိုက်သည်။
“နေရဲ့အပူချိန် ပြောင်းသွားတယ်။”
အနောက်ကနေ နှုတ်ဆိတ်လျက် ဘုရင်ကို ကူညီပေးနေသည့် တပ်မှူး လက်စတာက စကားကို လက်ခံကာ တုံ့ပြန်ခဲ့သည်။
“ဟုတ်ကဲ့။ မနေ့ကထက်စာရင် ပြောင်းသွားတာ ကျိန်းသေပါပဲ။”
“လေကလည်း ညင်ညင်သာသာပဲ။ အမြဲစဉ်းစားကြည့်နေတာ၊ ရဲတိုက်ထဲကနေ လှုပ်ရှားသွားလာလို့မရတဲ့ ရုန်းကန်ရမဲ့ရာသီမှာမှ ရာသီဥတုက ပိုပြီးသာသာယာယာရှိနေတယ်ဆိုတော့ ငါ့နှယ် တယ်လည်းဆန်းလှသကိုး။”
“မပြင်းထန်တဲ့ ရာသီဥတုက စိတ်ဖိစီးမှုအများဆုံး ဒီအချိန်မှာ တပ်သားတွေရဲ့ စိတ်ဓာတ်ကို ကူညီမြှင့်တင်ပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။”
ခါဆယ်ရ်က အသာလေးရယ်လိုက်သည်။
“အဲ့ဒါလည်း ဟုတ်နေပြန်တာပဲ။”
ဘုရင်မင်းမြတ် ဘဝင်မကျဖြစ်နေသည့်ပုံမပေါ်တာကြောင့် လက်စတာလည်း စိတ်အေးသွားခဲ့သည်။ ဘုရင်မင်းမြတ်၏ အကူအဖြစ် ကန္တာရထဲသို့ အတူတူလိုက်သွားခဲ့သော်လည်း ပြီးခဲ့သည့်ရက်ပိုင်းက ပြန်ရောက်လာခဲ့ပြီးသည့်နောက်တွင် မိဖုရား ပျောက်သွားသည့်အကြောင်း နောက်ကျမှသိခဲ့ရသည်။
ဘုရင်နှင့် မိဖုရားကြားမှ ဆက်ဆံရေးက သိပ်မကောင်းလှဟု နားစွန်နားဖျား ကြားဖူးထား၏။ သို့သော် လင်မယားကြားမှကိစ္စကို လင်မယားနှစ်ယောက်ကသာ အကောင်းဆုံးသိလိမ့်မည်ဟု လက်စတာက တွေးခဲ့သည်။ ထို့ကြောင့် ဘုရင်နှင့် သူ့ကြင်ရာတော်၏ အရေးကိစ္စများကို အတတ်နိုင်ဆုံး စိတ်မဝင်စားမိစေရန် ကြိုးစားခဲ့သည်။
‘ကောင်းကောင်းပြေလည်သွားတဲ့ပုံပဲ။ တော်သေးတာပေါ့။’
လန်စတာကား တိုက်ရည်ခိုက်ရည်ရှိသော်လည်း စိတ်ထားနူးညံ့သည့် လူစားပင်။ ဘုရင်မင်းမြတ်က ခံစားချက်ကို ဖော်ပြသည့်နေရာတွင် တွန့်တိုတတ်သော်လည်း ကာလကြာရှည် ခစားလာခဲ့သည့် အရှင်သခင်ဖြစ်သောကြောင့် ဘုရင်မင်းမြတ်၏ စိတ်အခြေအနေကို အတိုင်းအတာတစ်ခုအထိ နားလည်နိုင်ခဲ့သည်။
ခါဆယ်ရ်က သူ့ရင်ဘတ်ပေါ်သူ လက်တစ်ဖက်တင်လိုက်သည်။ အထဲတွင် ကွေးကုပ်နေသော ပရာ့ဂ်ျအကြောင်း စဉ်းစားတွေးတောလိုက်၏။ သူ့လုပ်ငန်းဆောင်တာကို ဆောင်ရွက်ရန် အချိန်ကျလာတိုင်းတွင် ပရာ့ဂ်ျက အမြဲတမ်း သူ၏ ဖြစ်တည်မှုကို အကဲဆတ်စွာ ပြသတတ်လေ့ရှိသည်။ သို့သော် ယခုအကြိမ်တွင်တော့ ထူးထူးဆန်းဆန်း ငြိမ်နေခဲ့၏။
‘ဒီကောင် ဘာလို့ ဒီလောက်ငြိမ်နေတာပါလိမ့်။”
မနေ့ကတည်းက ပရာ့ဂ်ျ၏ လှုပ်ရှားမှုများမှာ ထူးဆန်းနေခဲ့သည်။ မကောင်းသည့်နည်းဖြင့် ထူးဆန်းနေခြင်းတော့မဟုတ်။ အစားကောင်းကောင်းစားထားရသည့် တိရစ္ဆာန်တစ်ကောင် ကျေနပ်တင်းတိမ်စွာ လဲလျောင်းအိပ်စက်နေသည့်သဘောမျိုးပင်။ ထို့ကြောင့် ပို၍ပင် နားမလည်နိုင် ဖြစ်ခဲ့ရ၏။
မနေ့ညက မိဖုရားကို ကူညီရန်အတွက် မိဖုရား၏ ခန္ဓာကိုယ်ထဲသို့ သူ့အစွမ်းကို သွင်းပေးခဲ့သည်။ စတေးမှုအနည်းငယ်လိုအပ်သည့် လုပ်ရပ်ပင်။ သူသည်လည်း အနည်းအကျဉ်း အတွင်းကြေသွားနိုင်ပေသည်။ သို့သော် ထိခိုက်ဒဏ်ရာရမည့်အစား ပရာ့ဂ်ျ၏ အခြေအနေက ပို၍ပင်ကောင်းလာ၏။
ဘုရင်၏ ပရာ့ဂ်ျနှင့် အာနီခါ၏ ရာမီတာမှာ အခြေခံသဘာဝအားဖြင့် ပြဒါးတစ်လမ်း သံတစ်လမ်းပင်။ ဖျက်ဆီးမှုနှင့် ဖန်တီးမှုက သဘာဝကျစွာပင် အံကိုက်လိုက်ဖက်မှုမရှိပေ။
ရေနှင့်ဆီလိုကွာခြားသည့် သူတို့၏ အရည်အချင်းများက အချင်းချင်း သဘောကျမှုအပေါ် သက်ရောက်မှုရှိနေသည့်အချက်လည်း ဖြစ်နေပြန်သည်။ ထို့ကြောင့် ဘုရင်နှင့် အာနီခါတို့ တစ်ယောက်ကိုတစ်ယောက် ဆွဲဆောင်နိုင်သည်မှာ ရှားပါးလှသည်။ ဤသည်မှာလည်း ဘုရင်များအတွက် ဆက်ခံသူရရှိရန် မလွယ်ကူရခြင်း၏ အချက်အချာကျသော အကြောင်းရင်းဖြစ်ပေသည်။
ဟာရှီတိုင်းပြည်က ဆိုးဝါးချို့တဲ့သည့် ပတ်ဝန်းကျင်အခြေအနေများကြောင့် အဆက်အသွယ်လုပ်ရ ပိုခက်သော်လည်း တခြားတိုင်းပြည်များမှ ဘုရင်များ၏ အခြေအနေများက သူမသာကိုယ်မသာပင်။ ဘုရင်များက ဆက်ခံသူမွေးဖွားနိုင်ဖို့အရေး အာနီခါများကို ပိုးပန်းရန်အတွက် ရရာနည်းလမ်းအမျိုးစုံကိုသုံးပြီး ကြိုးပမ်းရလေ့ရှိသည်။
ထို့ကြောင့် ခါဆယ်ရ်က မိဖုရား၏ စာချုပ်နှင့်ကမ်းလှမ်းချက်ကို သိပ်ပြီးတွေဝေတာမျိုးမရှိဘဲ လက်ခံခဲ့ခြင်းပင်။ မည်သို့ပင်ဆိုစေ အကုန်ခြုံပြောရလျှင် ဘုရင်နှင့် အာနီခါ၏ လက်ထပ်ထိမ်းမြားမှုကိုက နှစ်ဦးနှစ်ဖက် အကျိုးအမြတ်များကို ချိန်ဆတွက်ချက်ထားသည့် စာချုပ်တစ်ခုနှင့် မခြားပေ။
ခါဆယ်ရ်က ကန္တာရကို မျှော်မှန်းကြည့်ကာ အတွေးထဲမျောနေခဲ့သည်။
ဤရုန်းကန်လှုပ်ရှားမှုရာသီကား ထူးဆန်းနေပေသည်။ အမြဲတမ်း ကြပ်ကြပ်မတ်မတ် စုစည်းလုပ်ဆောင်ခဲ့ရသည့် တစ်စုံတစ်ရာက တစ်စတစ်စနှင့် ပြိုကွဲသွားတော့မလို ခံစားနေရသည်။ သို့သော် နိမိတ်မကောင်းသည့် ခံစားချက်မျိုး မရသည့်အတွက် ပို၍ပင် ထူးဆန်းနေသလို ထင်ရ၏။
‘မနေ့ညက…’
တစ်ညလုံး စိတ်လွတ်သွားကာ မိဖုရားအား ယစ်မူးစွာ တပ်မက်သိမ်းပိုက်သည့် အမှုတွင်သာ ပျော်ဝင်နစ်မျောမိခဲ့သည်။ သူ့တစ်ကိုယ်လုံးတွင်ရှိသမျှ သွေးအားလုံး ပွက်ပွက်ဆူလာသလိုပင်။ ဘယ်လောက်ပဲ ဆောင့်သွင်းပြီးလုပ်ပါစေ မာကျောနေသည့် သူ၏လိင်တံက အာသာပြေပြီးငြိမ်ကျသွားခြင်း မရှိခဲ့။ မိဖုရားက လုံးဝ ပင်ပန်းနွမ်းနယ်နေပုံရသည့်အတွက်ကြောင့်သာ မလွှတ်ပေးချင်လွှတ်ပေးချင်နှင့် လွှတ်ပေးခဲ့ခြင်းသာဖြစ်၏။
အရုဏ်တက်ချိန်တွင် နိုးလာပြန်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည့် မိဖုရားအား ငုံ့မိုးကြည့်လိုက်မိသည်။ မိဖုရားကို နှိုးရမလား၊ မနှိုးရဘူးလား၊ မရေမတွက်နိုင်အောင် တွေးခဲ့သည်။ ရုန်းကန်လှုပ်ရှားရမည့်ရာသီ၏အစ မဟုတ်ဘဲ ကင်းလှည့်စစ်ဆေးစရာလည်း မရှိဘူးဆိုလျှင် မိဖုရား၏ကိုယ်ပေါ် တစ်ဖန်ထပ်ကာ ခုန်အုပ်မိပေလိမ့်မည်။
ကာမဆန္ဒနှင့်ပတ်သက်လာလျှင် စောင့်စည်းမှု တော်တော်မရှိသည့်သူပါလားဟု သူ့ကိုယ်သူ တွေးလိုက်မိသည်။ မိဖုရားနှင့် စပ်ယှက်ပတ်သက်ရသည်ကို ထိုမျှအထိ စိတ်ပါလက်ပါ အာသီသပြင်းပြလိမ့်မည်မှန်း မသိခဲ့။ လွန်ခဲ့သည့်သုံးနှစ်အတွင်း မိဖုရားကြောင့် တစ်ခါမှ စိတ်လှုပ်ရှားခြင်းမရှိခဲ့သည်ကို ဘာကြောင့်များဖြစ်မည်နည်း။
ယခုတောင်မှ နူးညံ့သည့်အသား၏ အထိအတွေ့ကို အမှတ်ရလိုက်မိသည်။ ရေဆာလာသလို ခံစားလိုက်ရ၏။
‘ရူးတော့မှာပဲ။’
စိတ်ငြိမ်အောင် မထိန်းနိုင်ခြင်းအပေါ် ကိုယ့်ကိုယ်ကိုယ် အားမရဖြစ်မိခဲ့သည်။ ယောက်ျားနှင့်မိန်းမကြားက ချစ်ရေးချစ်ရာကိစ္စဆိုသည်မှာ နဂိုကတည်းက ဒီလိုပဲလားဟု မေးကြည့်စရာလည်း နေရာမရှိခဲ့။
ရဲတိုက်တံတိုင်း၏ တခြားတစ်ဖက်မှနေ၍ အမှုထမ်းတစ်ယောက်က ဖြည်းဖြည်းမှန်မှန်ခြေလှမ်းများဖြင့် ချဉ်းကပ်လာခဲ့သည်။ ဖြစ်နိုင်ခြေရှိသည့် အန္တရာယ်အတွက် ကြိုတင်ပြင်ဆင်သည့်သဘောဖြင့် ချပ်ဝတ်တန်ဆာ အလေးကြီးကို ဝတ်ထားသည့် အမှုထမ်းခမျာ လမ်းလျှောက်လိုက်တိုင်းမှာ ယိုင်တိုင်တိုင် ဖြစ်သွားတော့သည်။
“အရှင်မင်းကြီး။”
“မိဖုရားရော။”
“စောစောကလေးတင် နိုးလာပြီး အထိန်းတော်ချုပ်ဟောင်းနဲ့ တွေ့ဆုံစကားပြောနေတယ်လို့ သိရပါတယ်။”
ခါဆယ်ရ်က မနက်ကတည်းကစ၍ အမှုထမ်းများကို မိဖုရား၏ လက်ရှိအခြေအနေအကြောင်း စစ်ဆေးအတည်ပြုရန် အကြိမ်ကြိမ် စေလွှတ်ခဲ့သည်။ နေမြင့်သည်အထိ မနိုးလာသောကြောင့် စိုးရိမ်မိကာ မနက်စာစားပြီး ပြန်အိပ်သွားသည်ဟူသည့်သတင်းကြောင့် သမားတော် ဆင့်ခေါ်သင့် မခေါ်သင့် တွေးမိတော့သည်။
“အထိန်းတော်ချုပ်ဟောင်းပေါ့လေ။ နန်းတော်ထဲဝင်လာတယ်လို့လည်း မကြားမိပါလား။”
“မိဖုရားက အခေါ်ပါးခဲ့တယ်လို့ ပြောပါတယ်။”
“သိပြီ။ တစ်ခုခုဖြစ်ခဲ့ရင် ချက်ချင်းလာပြီး ငါ့ကို အသိပေး။”
“ဟုတ်ကဲ့ပါ၊ အရှင်မင်းကြီး။”
စကားပြောနေကြသည်ကို အသာလေး နားထောင်နေခဲ့သည့် လက်စတာက ဒါကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးတာပဲဟု တွေးလိုက်သည်။ ဘုရင်မင်းမြတ် ရဲတိုက်မှ ထွက်လာပြီးသည့်နောက်တွင် မိဖုရားအား ဂရုတစိုက်ရှိသည့်ပုံစံကို တစ်ခါမှ မတွေ့ဖူးခဲ့ပေ။
အမှုထမ်းက လာရာလမ်းအတိုင်း ပြန်သွားခဲ့ပြီး ခါဆယ်ရ်ကလည်း လမ်းပြန်လျှောက်လိုက်သည်။ လက်စတာလည်း မြန်မြန်ပင် ဘုရင့်အပါးသို့ အမှီလိုက်သွား၏။
“လက်စတာ။”
“ဟုတ်ကဲ့၊ အရှင်မင်းကြီး။”
“အိမ်ထောင်ကျပြီးတာ ဘယ်လောက်ကြာပြီလဲ။”
“အခုက ငါးနှစ်မြောက်ပါ။”
“အဲ့ဒါဆို…ဘာမှမဟုတ်တော့ဘူး။”
ဘုရင်က ကိုယ်ရေးကိုယ်တာမေးခွန်း မေးသည်ရော၊ တစ်စုံတစ်ခု မေးရန်ပြင်ပြီးမှ စကားလွှဲသည်ပါ အကုန်ပထမဆုံးပင်။ လက်စတာက ဦးခေါင်းကိုငဲ့လိုက်သည်။
~~~~~
Miel’s Translations