Chapter 17
အပိုင်း ၁၇
မှောင်ရီပျိုးလာပြီးသည့်နောက်တွင် ခါဆယ်ရ်က ရဲတိုက်သို့ ပြန်လာခဲ့သည်။ ဒီနေ့လောက် ရဲတိုက်သို့ မြန်မြန်ပြန်ရန် စိတ်စောမိခြင်းမျိုး တစ်ခါမှမဖြစ်ဖူးခဲ့။ သို့သော် ဒီနေ့မှ ထူးထူးခြားခြား သူ့အား ဆွဲထားသည့်ကိစ္စများကလည်း အများအပြားရှိနေခဲ့သည်။
ညဉ့်နက်နေပြီဖြစ်သော်လည်း သူက ဧကန္တများဆိုပြီး ဆောင်တော်ထိန်းအား မိဖုရား ညစာစားပြီးပြီးလား၊ မစားရသေးဘူးလား မေးလိုက်သည်။ ဆောင်တော်ထိန်း၏ အဖြေကား စိတ်ပျက်စရာပင်။
“မိဖုရားက ညစာစောစောသုံးဆောင်ပြီး သေရည်သောက်ခဲ့ပါတယ်။”
ခါဆယ်ရ်က အထိန်းတော်ချုပ်ကို အခေါ်ပါးလိုက်သည်။
“မိဖုရား အဆင်ပြေရဲ့လား။ အကြာကြီး တစ်ရေးအိပ်ပြီးတော့ အိပ်ရာတောင်ဝင်သွားပြီဆို၊ ဟုတ်လား။”
မိဖုရား တစ်ရေးအိပ်သည့်အကြောင်း ဘုရင်က သိနေသည့်အတွက် ဆာရာတစ်ယောက် အံ့ဩသွားသော်လည်း ထိုအဖြစ်ကို မပေါ်လွင်စေဘဲ ပြန်ဖြေခဲ့သည်။
“ဒီနေ့ တော်တော်လေး ပင်ပန်းနွမ်းနယ်နေတဲ့ပုံပါပဲ။ သမားတော်ခေါ်လိုက်ရမလားလို့ မေးကြည့်သေးပေမဲ့ ရတယ်လို့ပြောတဲ့အတွက် မိဖုရားရဲ့ဆန္ဒအတိုင်း လိုက်နာခဲ့ပါတယ်။ မနက်ဖြန်ရောက်လို့မှ ဒီနေ့လိုပဲဖြစ်နေဦးမယ်ဆိုရင်တော့ သမားတော် ခေါ်လိုက်ပါ့မယ်။”
“သိပြီ။”
အထိန်းတော်ချုပ် ထွက်သွားပြီးသည့်နောက်တွင် ဆောင်တော်ထိန်းက သမားတော် စောင့်နေသည့်အကြောင်း ကြေညာမောင်းခတ်ခဲ့သည်။ သမားတော်က စောစောကတည်းက ဘုရင်မင်းမြတ် အခေါ်ပါးမည်ကို စောင့်နေခဲ့ခြင်းပင်။ ခါဆယ်ရ်က အတိတ်မေ့ခြင်း၏ လက္ခဏာများအကြောင်း သိချင်သဖြင့် ဒီမနက် ရဲတိုက်မှမထွက်ခင် သမားတော်ခေါ်ထားရန် မှာကြားထားခဲ့သည်။
လက်ရှိတွင် ဘုရင်မင်းမြတ်အပါအဝင် လူအနည်းငယ်သာ မိဖုရား မှတ်ဉာဏ်ပျောက်သွားသည့်အဖြစ်ကို သိထားကြ၏။ ထိုလက္ခဏာများအတွက် မိဖုရားမှာ ယခုထိ သမားတော်နှင့် မတွေ့ရသေးချေ။
မိဖုရား ပျောက်သွားခဲ့ရာမှ ပြန်ရောက်ရောက်ချင်းတွင် ကျန်းမာရေး စစ်ဆေးမှု ခံယူခဲ့ပြီး လွဲမှားနေတာ ဘာတစ်ခုမှမတွေ့ရဟု ပြောခဲ့ကြသည်။ မိဖုရား၏ ကျန်းမာရေးမှာ ဘာပြဿနာမှမရှိသရွေ့ မိဖုရား၏ လျှို့ဝှက်ချက်ကို ဒီထက်ပိုများသည့်လူများအား ပြောပြရန် ခါဆယ်ရ်တွင် စိတ်ကူးမရှိချေ။
မှတ်ဉာဏ်ပျောက်ဆုံးခြင်းကား မရင်းနှီးသော်လည်း အရေးကြီးသည့် ရောဂါလက္ခဏာပင်။ ထိုအကြောင်းသာ လူသိရှင်ကြားဖြစ်သွားလျှင် ပြည်သူများအကြားတွင် အုံအုံကြွကြွ ဖြစ်လာနိုင်ပေသည်။ အကြောင်းမူကား အုပ်ချုပ်သူ၏ ကျန်းမာရေးက တိုင်းပြည်ကို တည်မြဲအောင်ထိန်းရာတွင် အရေးအပါဆုံး ဝင်ရိုးဖြစ်သောကြောင့်ပင်။
“ဒီတစ်ခေါက် ကျုပ်နဲ့အတူတူ ကန္တာရထဲလိုက်ခဲ့တဲ့ စစ်သည်တော်တွေထဲမှာ မှတ်ဉာဏ်ပျောက်သွားတဲ့သူတစ်ယောက် ရှိနေတယ်။ အဲ့ဒီလို လက္ခဏာမျိုးနဲ့ပတ်သက်ပြီး တစ်ခုခုသိထားတာများရှိလား။”
ခါဆယ်ရ်က အမှားနှင့်အမှန်ကို အသင့်အတင့်ရောကာ သမားတော်အား မေးလိုက်သည်။
“လူနာက ဦးခေါင်းမှာ ကြီးကြီးမားမား ဆောင့်မိထားတာမျိုးရှိပါသလား။”
“အသေးစိတ်တော့ မပြောနိုင်ပေမဲ့ အဲ့ဒီလိုဖြစ်မဲ့ပုံပဲ။”
“မှတ်ဉာဏ်ပျောက်ဆုံးတာက မကြာမကြာ တွေ့ရတတ်တဲ့ လက္ခဏာပါပဲ။ ဦးခေါင်းက ပြင်းပြင်းထန်ထန် ခိုက်မိပြီးသွားရင် လက္ခဏာက နာရီပိုင်းလောက်၊ ဒါမှမဟုတ်လည်း ရက်ပိုင်းလောက်တောင် ကြာရှည်သွားနိုင်ပါတယ်။”
“ကိုယ့်ကိုယ်ကိုယ် ဘယ်သူမှန်းမသိတော့တဲ့ မှတ်ဉာဏ်ပျောက်ဆုံးမှု လက္ခဏာဆိုရင်ရော။”
“အဲ့ဒါက တော်တော်လေးကို ပြင်းထန်သွားပါပြီ။ အင်မတန်လည်း ရှားပါးတဲ့ဖြစ်စဉ်ပါ။ မှတ်တမ်းတွေထဲမှာပဲ ကြည့်ခဲ့ဖူးတာဆိုပေမဲ့ ရက်ပေါင်းများစွာကြာအောင် မှတ်ဉာဏ်တွေပြန်မရတာတို့၊ နှစ်နဲ့ချီပြီး ကြာသွားတတ်တာတို့လို ဖြစ်ရပ်မျိုးတွေရှိတယ်လို့ ပြောကြပါတယ်။”
“ဒါဆို မှတ်ဉာဏ်တွေကို တဖြည်းဖြည်းနဲ့ ပြန်ရမယ်လို့ ပြောနေတာလား။”
“အဖြေအတိအကျ မပေးနိုင်ပါဘူး။”
“မှတ်ဉာဏ်တွေ…”
မှတ်ဉာဏ်တွေ ပြန်ရမလာအောင် ဘယ်လိုတားရမလဲ။ ထိုကဲ့သို့ မေးမိအံ့ဆဲဆဲပင်။ ခါဆယ်ရ်က သူ့စကားသူ မြန်မြန်ပြင်လိုက်သည်။
“မှတ်ဉာဏ်တွေပြန်ရအောင် ဘယ်လိုလုပ်ရမလဲ။”
“အစဖော်ပေးဖို့အတွက် ရှော့ခ်ကုထုံးပေးတာမျိုးက အထောက်အကူဖြစ်စေနိုင်ပါတယ်။ ဥပမာပြောရရင် တော်တော်သံယောဇဉ်ရှိခဲ့ဖူးတဲ့သူနဲ့ ပေးတွေ့တာပဲဖြစ်ဖြစ်၊ မကြာမကြာသွားတတ်လေ့ရှိတဲ့နေရာကို သွားတာပဲဖြစ်ဖြစ်၊ အဲ့ဒီလိုလုပ်တဲ့အကြံက မဆိုးပါဘူး။”
သမားတော်အား ပါးစပ်သတိထားရန် အမိန့်ပေး၍ ပြန်လွှတ်လိုက်ပြီးသည့်နောက်တွင် ခါဆယ်ရ်တစ်ယောက် အတွေးထဲ နစ်မျောသွားခဲ့သည်။
‘တွယ်တာမှု…နေရာ…’
ပထမဆုံး အတွေးထဲပေါ်လာသည့်နေရာကား ဘဏ္ဍာတိုက်ပင်။ မိဖုရားက ဘဏ္ဍာတိုက်ကို အင်မတန်နှစ်သက်သည့်အတွက် ပြီးခဲ့သည့် သုံးနှစ်တာလုံး ပုံမှန် သွားရောက်ကြည့်ရှုလေ့ရှိပြီး နိုင်ငံ့ရတနာကိုပင် လူမသိသူမသိ ခိုးထုတ်သွားခဲ့ပေသည်။
နိုင်ငံ့ရတနာကို တစ်နေရာရာတွင်ပဲ သီးသန့်ဝှက်ထားသလား၊ သို့မဟုတ် ကန္တာရထဲယူသွားပြီး ပျောက်သွားခဲ့ပြီလားဆိုသည်ကို ရေရေရာရာ မသိရချေ။
ခါဆယ်ရ်လည်း လေးပင်သည့်သက်ပြင်းနှင့်အတူ စားပွဲမှ ထလိုက်သည်။ လသာဆောင်ပြတင်းတွင်ရပ်ကာ အမှောင်ထုထဲသို့ ငေးကြည့်လိုက်မိသည်။ ကောင်းကင်တွင် လဝန်းနီနီရှိနေ၏။ ခြောက်သွေ့ရာသီတွင် အဝါရောင်နှင့် မှိုင်းတိုင်းတိုင်းအရောင်များ ထုတ်လွှတ်လေ့ရှိသည့် သော်တာလမင်းမှာ ရုန်းကန်လှုပ်ရှားသည့်ရာသီရောက်လျှင် အနီရောင်သို့ ပြောင်းသွားလေ့ရှိသည်။
ပြီးခဲ့သည့် ခြောက်သွေ့ရာသီတွင် ဘာကြောင့်မှန်းမသိ ပူပန်ကြောင့်ကြမှုကို ခံစားခဲ့ရသည်။ ထို့ကြောင့် ကျောက်တုံးဂိတ်တံခါးကို ကျန်အချိန်များထက်ပို၍ ဆယ်ရက်စောပိတ်ရန် အမိန့်ပေးကာ ကန္တာရထဲတွင် တစ်လနီးပါးကြာအောင် နေခဲ့သည်။
ကန္တာရထဲတွင် တစ်ခုခုများဖြစ်လေမလားဟု တုန်လှုပ်နေခဲ့သော်လည်း တကယ်တမ်းတော့ ဘာမှကြီးကြီးမားမားမဖြစ်ခဲ့။ ယင်းထက် ပြဿနာက တော်ဝင်နန်းတော်ထဲတွင် ဖြစ်ခဲ့သည်။
မိဖုရား ပျောက်သွားသည့်အဖြစ်၊ နိုင်ငံ့ရတနာ အခိုးခံရမှုနှင့် မိဖုရား၏ မှတ်ဉာဏ်ပျောက်ဆုံးမှု။ ပြဿနာဆိုသလောက် တကယ့်ပြဿနာကြီးများပင်။ သို့သော် မကောင်းသည့်ကိစ္စဟုတ်ပါ့မလား မပြောတတ်ပေ။
မိဖုရား ပျောက်သွားသည့်ကိစ္စကို ထိုအတိုင်း ဖုံးဖိလိုက်မည်ဖြစ်ပြီး မိဖုရားကလည်း ဘေးကင်းကင်းနှင့် ပြန်ရောက်လာခဲ့သည်။ အခိုးခံလိုက်ရသည့် နိုင်ငံ့ရတနာ ဘယ်ရောက်လို့ဘယ်ပေါက်မှန်း မသိရလျှင်လည်း ပြဿနာမဟုတ်။ မိဖုရား မှတ်ဉာဏ်ပြန်ရလာပြီးသည့်နောက်မှာသာ ရှာနိုင်မည်ဆိုလျှင် ဖြစ်ချင်းဖြစ် နိုင်ငံ့ရတနာကိုသာ လက်လျှော့လိုက်မည်။
မှတ်ဉာဏ်ပျောက်သွားသောကြောင့် ပူပန်ကြောင့်ကြနေမည့် မိဖုရားအပေါ် အားနာမိသော်လည်း မိဖုရား ယခုပုံစံအတိုင်းလေးသာ ဆက်ရှိသွားလျှင် ကောင်းလိမ့်မည်ဟု တွေးခဲ့မိသည်။ အရင်ပုံစံအတိုင်း ပြန်ဖြစ်မသွားစေဖို့ မျှော်လင့်ခဲ့မိ၏။
‘အရင်ကပုံစံ…အခုပုံစံ…’
သို့သော် မိဖုရားက ဘယ်လိုလူပဲဖြစ်ဖြစ် သူ့နှင့်မဆိုင်ပေ။ သူ စာချုပ်ကနေတစ်ဆင့် အရယူချင်သည့်အရာကား မိဖုရားဆီမှ မွေးဖွားလာမည့်ကလေးပင်၊ မိဖုရားမဟုတ်။
ဖြေရှင်းမရသည့် ပဟေဠိကို အရှေ့တွင်ထားကာ ရင်ဝတွင်ဆို့နေသည့်အလား မွန်းကျပ်လာသလို ခံစားလိုက်ရ၏။
မနေ့ည၏ ပြင်းထန်အားကောင်းသည့် မှတ်ဉာဏ်များမှာ ပြင်းပြင်းပြပြ ချစ်တင်းနှောခဲ့သည့် အမှုကိစ္စချည်းသက်သက်မဟုတ်။ မိဖုရားနှင့် ပြောခဲ့သည့် စကားလေးများကလည်း တစ်နေ့လုံး သူ၏ခေါင်းထဲတွင် ရစ်ဝဲနေခဲ့သည်။
[ကျွန်မထက် အသက်ပိုကြီးတာပဲမို့လို့ အဲ့ဒီလောက်ကတော့ နားလည်ပေးလို့ရပါတယ်။]
မိဖုရားပြောခဲ့သည့်စကားက ရုတ်တရက် အတွေးထဲဝင်လာကာ ရယ်လိုက်မိသည်။ တခြားဘယ်မှာမှ မကြားဖူးသည့် လေယူလေသိမ်းနှင့် စကားပြောဟန်ပင်။
ထူးဆန်းသည့် အတွေ့အကြုံလည်း ဖြစ်ပေသည်။ သူက သူနှင့် တန်းတူအဆင့်အတန်းတွင်ရှိသော မည်သူနှင့်မှ ထိုကဲ့သို့ သက်သောင့်သက်သာ စကားပြောဖူးခြင်း မရှိခဲ့ပေ။
“အရှင်မင်းကြီး။”
ဆောင်တော်ထိန်း ရောက်လာကာ သူ့အား ခေါ်ခဲ့သည်။
“အထိန်းတော်ချုပ်ဟောင်းက အခစားဝင်ခွင့်တောင်းနေပါတယ်။”
“ဝင်လာခိုင်းလိုက်။”
ခဏအကြာတွင် မာရီအန်း ဝင်လာခဲ့သည်။
“ဂါရဝပြုပါတယ်။ အရှင်မင်းကြီး။”
မာရီအန်းက လသာဆောင်ပြတင်းအရှေ့တွင်ရပ်နေသည့် ဘုရင်၏ ကျောပြင်ကို တစ်ချက်ကြည့်ကာ ထို့နောက် ဖြည်းဖြည်းချင်း ချဉ်းကပ်သွားလိုက်သည်။ ဝင်မလာခင်က ဘုရင်ကို အသာလေး ဆူပူရန် စီစဉ်ထားခဲ့သော်လည်း တစ်နည်းအားဖြင့် အကျပ်ရိုက်နေပုံရသည့် ဘုရင်၏ ကျောပြင်ကြောင့် မာရီအန်းလည်း စိတ်ပျော့သွားရတော့၏။
ခါဆယ်ရ်က ဦးခေါင်းကို လှည်လာခဲ့သည်။
“မိဖုရားနဲ့ တွေ့ခဲ့တယ်ပေါ့။”
“ဟုတ်ပါတယ် အရှင်မင်းကြီး။ ကျွန်မ အရှင့်ဆီကနေ ခွင့်ပြုချက်တောင်းစရာလေး ရှိနေလို့ပါ။ ဒီအတောအတွင်း အရှင်မိဖုရားကို ခစားချင်ပါတယ်။”
“ဘယ်သူ့အကြံလဲ။”
“အရှင်မိဖုရားက သူ့ရဲ့ လိုအပ်ချက်တွေအတွက် ကျွန်မဆီကနေ အကူအညီရဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။”
“ခင်ဗျားကရော ဘာလုပ်ချင်လဲ။ မလုပ်ချင်ဘူးဆိုရင် အတင်းကြိတ်မှိတ်ပြီး လုပ်နေစရာမလိုဘူး။”
“အကျိုးသင့်အကြောင်းသင့် မရှိတဲ့ကိစ္စမဟုတ်ပါဘူး။ လက်ရှိမှာ မိဖုရားက လုံးဝအဖြူထည်လို အနေအထားနဲ့ ရှိနေတာကြောင့် တစ်နေရာရာကနေ မဟုတ်မမှန်တာတွေကြားပြီး နားယောင်သွားမှာကို စိုးရိမ်မိပါတယ်။ ကျွန်မမဟုတ်ရင်တောင်မှ သမာသမတ်ကျကျ ရပ်တည်နိုင်မဲ့သူတစ်ယောက် မိဖုရားရဲ့အပါးမှာရှိမှ ဖြစ်မှာပါ။”
ခါဆယ်ရ်က အသာတိုးတိုး ရယ်လိုက်သည်။
“ဒီတစ်ခါတော့ ကောင်းကောင်းနေချင်တယ်ပေါ့လေ၊ အဲ့ဒီလိုလား။”
မာရီအန်းက ပရိယာယ်ကြွယ်ကြွယ် ပြုံးခဲ့သည်။
“ခွင့်ပြုမယ်ဆိုရင် ကျွန်မက မိဖုရားကို အလုပ်အကျွေးပြု ခစားတဲ့အတောအတွင်း မိဖုရားရဲ့ အထိန်းတော် လုပ်ပါ့မယ်။”
မာရီအန်းက မိဖုရားကို ခစားနေစဉ်အတွင်း မြင်သမျှ ကြားသမျှကို ဘုရင့်ထံ ပြန်လည်အစီရင်ခံမည်မဟုတ်ကြောင်း ဖော်ပြသည့်သဘောဖြင့် စကားကို ဝေ့ကာဝိုက်ကာ ပြောခဲ့သည်။
နှစ်ယောက်သား အကြည့်ချင်းဆုံသွားကြ၏။ အလွယ်လေး အထင်လွဲမှုများ ဖြစ်သွားစေနိုင်သည့် စကားဖြစ်သော်လည်း ခါဆယ်ရ်က မာရီအန်းကို ယုံကြည်ပေသည်။ သူက မနှစ်မြို့သည့် အရိပ်အယောင်မရှိဘဲ ပြန်ပြောခဲ့သည်။
“ကြိုက်သလိုသာလုပ်။”
မာရီအန်းက ပြုံး၍ဦးညွှတ်လိုက်သည်။
“ကျေးဇူးကြီးလှပါတယ်၊ အရှင်မင်းမြတ်။”
“မှတ်ဉာဏ်…ခဏတဖြုတ်ဖြစ်တဲ့ လက္ခဏာလည်း ဖြစ်နိုင်ခြေရှိတယ်တဲ့။”
“…ဟုတ်ကဲ့။ ဒါပေမဲ့ နောက်ဖြစ်မဲ့ကိစ္စကို နောက်မှပဲတွေးပါ့မယ်။ အဲ့ဒီပုဂ္ဂိုလ်က မှတ်ဉာဏ်ပျောက်သွားတဲ့အတွက်ကြောင့် ပြောင်းလဲသွားတယ်လို့ မထင်ပါဘူး။ မှတ်ဉာဏ်နဲ့ ဘာမှမဆိုင်ဘဲ မိဖုရားက မိဖုရားပါပဲ။”
တစ်ယောက်တည်း အတူတူပါပဲဟူသည့် မာရီအန်း၏ စကားကို ခါဆယ်ရ် သဘောမတူနိုင်ခဲ့။ တစ်ယောက်နှင့်တစ်ယောက် ခပ်တန်းတန်းနေကြသော်လည်း သူတို့နှစ်ယောက်ကား သုံးနှစ်တာ လက်ထပ်ထားခဲ့သည့် ဇနီးမောင်နှံပင်။ ခါဆယ်ရ် လက်ထပ်ပြီးပြီးချင်းတွင် မာရီအန်းက ရဲတိုက်မှထွက်ခွာသွားခဲ့သည်။ ထို့ကြောင့် မာရီအန်း မသိသည့်အရာများ အများအပြားရှိပေသည်။
မှတ်ဉာဏ်မပျောက်မီက မိဖုရားနှင့် ယခုလက်ရှိ မိဖုရားတို့ မည်မျှအထိ ကွာခြားကြောင်းကို မည်သူမှ သူ့လောက်မသိကြခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်၏။
“ဒီတော့ အခု ရဲတိုက်မှာ နေတော့မှာလား။”
“အဲ့ဒီလိုပဲဖြစ်မယ်ထင်ပါတယ်။”
“ဘာကအရင်စလုပ်မှာလဲ။”
“အလျင်စလိုမလုပ်ပါဘူး။ နေ့စဉ်ဘဝကနေစပြီး…”
“ဘဏ္ဍာတိုက်အကြောင်း မပြောနဲ့။”
“ရှင်။”
“မိဖုရားရဲ့ နေ့စဉ်ဘဝဆိုရင် ဘဏ္ဍာတိုက်ကို ဖယ်ထားလို့မရဘူးမဟုတ်လား။ မိဖုရားက မေးလာရင်တောင် ဖုံးကွယ်ထားဖို့ ပြောနေတာမဟုတ်ဘူး။ ဒါပေမဲ့ အရင်စပြီးတော့ မိဖုရားကို ဘဏ္ဍာတိုက်အကြောင်း သွားမပြောပြနဲ့။ အားလုံးကို နှုတ်ဆိတ်နေဖို့ အမိန့်ထုတ်လိုက်မယ်။”
မာရီအန်းက အကြောင်းရင်းကို မေးဖို့လုပ်ပြီးမှ နှုတ်ဆိတ်နေလိုက်သည်။ ဘုရင်၏ ဆန္ဒသည်သာ တစ်ချက်လွှတ်ဖြစ်ပေသည်။ ဘုရင်မင်းမြတ် ဆုံးဖြတ်ထားသည့်အတိုင်း လိုက်နာရုံအပြင် မရှိပေ။
“အမိန့်တော်အတိုင်းပါ၊ အရှင်မင်းကြီး။”
~~~~~
နောက်တစ်နေ့ မနက်တွင် ယူဂျင်းက မာရီအန်းနှင့် မျက်နှာချင်းဆိုင်ထိုင်ကာ မိဖုရား၏ တစ်နေ့တာလုပ်ငန်းစဉ်များအကြောင်းပြောရင်း နေ့သစ်ကို စတင်ခဲ့သည်။ မိဖုရားတစ်ပါးအနေဖြင့် လုပ်ဆောင်ရမည့် လုပ်ငန်းဆောင်တာများအား မှတ်သားထားရန် ဆုံးဖြတ်ပြီး မှတ်ဉာဏ်မပျောက်ဆုံးမီတွင် မိဖုရားက တစ်နေ့တာလုံး မည်သည့်အရာများလုပ်၍နေထိုင်ခဲ့သည်ကို အရင်ဆုံး နားထောင်လိုက်၏။
ယူဂျင်းတစ်ယောက် သူ့မျက်နှာထားသူထိန်းရန် အခက်တွေ့ခဲ့ရသည်။ လုပ်ရမည့် လုပ်ငန်းဆောင်တာများ များပြားလွန်း၍မဟုတ်၊ ဂျင်က ဘာတစ်ခုမှကို မလုပ်ဘဲ နေခဲ့သောကြောင့်ပင်။
“အမ်…စာကြည့်ခန်း…အဲ့ဒီတော့က စားတဲ့ အိပ်တဲ့ အချိန်တွေကလွဲရင် စာကြည့်ခန်းထဲမှာပဲ စာဖတ်တယ်ပေါ့။”
“အဲ့ဒါတွေအပြင် တခြားသောအရာတွေလည်း…”
“နေပါဦး။ တခြားအရာတွေအနေနဲ့က သုံးလတစ််ခါ မှူးမတ်ကတော်တွေနဲ့ တွေ့ဆုံပြီး လက်ဖက်ရည်သောက်တယ်၊ တစ်နှစ်မှာ နှစ်ခါကျင်းပတဲ့ တရားဝင်စားသောက်ပွဲကို တက်ရောက်တယ်။ အဲ့ဒါတွေအပြင် မျက်နှာထွက်ပြတဲ့ အသေးစားအခမ်းအနားလေး တချို့တလေရှိပေမဲ့ တစ်နှစ်လုံးနေမှ စုစုပေါင်း ငါးကြိမ်ပဲပေါ့လေ။”
ယူဂျင်းတစ်ယောက် ပြောရင်းနှင့် အံ့ဩမယုံနိုင်အောင်ဖြစ်နေခဲ့သည်။ ပုံမှန်အားဖြင့် ဗီလိန်များမှာ လုံ့လဝီရိယရှိကြသူများ မဟုတ်ပါလား။
‘သူကတော့ ဘယ်လိုများ ဒီလောက်တောင် လတ်လျားလတ်လျား နေနိုင်ရတာပါလိမ့်။ အဲ့ဒါကြောင့် တော်တော်လေး အေးအေးဆေးဆေးရှိလှချည်လားမှတ်နေတာ။ ငါ့ကို နားနားနေနေနေစေချင်လို့ ထောက်ထားစဉ်းစားပေးနေကြတာမဟုတ်ဘဲ တကယ်ကို လုပ်စရာ ဘာမှမရှိတာပါလား။’
နေ့ရောညပါ ပါတီတွေလုပ်ကာ နေခဲ့သည်ဆိုလျှင် အကြိမ်တစ်ရာလည်း လက်မြှောက်ပြီး လူမှုရေးလှုပ်ရှားမှုများကို ကြိုးစားပမ်းစားလုပ်ခဲ့သေးသားပဲဟု ငြင်း၍ရပေဦးမည်။ သို့သော် ဂျင်က လူတွေနှင့် တွေ့ခဲလှ၏။
“နဂိုက မိဖုရား လုပ်လေ့ရှိတဲ့အလုပ်တွေ မရှိဘူးလား။”
မာရီအန်းက ပြန်မဖြေနိုင်ဘဲ မရေမရာသာ ပြုံးခဲ့သည်။
‘အဲ့ဒီလိုမဟုတ်ဘူးထင်တယ်။’
“စာကြည့်ခန်းထဲမှာ ဘာတွေလုပ်လဲဟင်။”
“…မသိပါဘူး။”
“အများအားဖြင့် စာကြည့်ခန်းမှာပဲ အချိန်ဖြုန်းတာကို ဂျင်….ကျွန်မ စာကြည့်ခန်းထဲမှာ ဘာလုပ်မှန်း မသိဘူးလား။”
“မိဖုရားရဲ့ စာကြည့်ခန်းကို အရှင်မိဖုရားတစ်ယောက်အပြင် ဘယ်သူမှ ဝင်ခွင့်မရှိပါဘူး။”
“တစ်နေကုန် စာအုပ်ချည်း ဖတ်တာလား…”
ယူဂျင်းက ဂျင်အား စာကြည့်ခန်းထဲတွင် ငြိမ်ငြိမ်လေးထိုင်ကာ စာအုပ်များကြား တူးဆွမွှေနှောက်နေသည့် အထီးကျန်တစ်ယောက်တည်းသမားအဖြစ် စိတ်ကူးကြည့်လိုက်သည်။ သူတွေးထားသည့် ဝိုးတဝါးပုံစံနှင့် အဝေးကြီးပင်။
မာရီအန်းက ထွက်လာသည့်ရယ်သံကို ဖုံးဖိကာ လက်ဖက်ရည်ခွက်ကိုယူ၍ ပါးစပ်နားသို့ တေ့လိုက်သည်။ ယခု ဤနေရာတွင်မရှိသည့်သူအကြောင်း ပြောနေရသလိုပင်။
“အရှင်မိဖုရားက စာအုပ်အဟောင်းတွေ စုဆောင်းရတာ ဝါသနာပါပါတယ်။ ဘုရင့်တိုင်းပြည်ကိုလာတော့ မိဖုရား ယူလာသမျှက စာအုပ်တွေချည်းပါပဲ။”
“စာအုပ်အဟောင်းတွေ စုဆောင်းတာ….လောလောဆယ် ကျွန်မ စာကြည့်ခန်းကနေ အရင်စပြီး ကြည့်မှပဲ။”
“ဟုတ်ကဲ့ပါ၊ မိဖုရား။”
မာရီအန်းက ဂျီးန်ကိုခေါ်လိုက်ကာ မိဖုရားအား စာကြည့်ခန်းဆီ ပို့ဆောင်ပေးရန် ညွှန်ကြားလိုက်သည်။
စာကြည့်ခန်းကား အိပ်ခန်းနှင့် တော်တော်အလှမ်းဝေး၏။ စင်္ကြံအရှည်ကြီးတစ်လျှောက် လျှောက်ဆင်းကာ လှေကားထစ်များလည်း အကြိမ်အနည်းငယ် အတက်အဆင်း လုပ်ခဲ့ရသည်။
ယူဂျင်းက စာကြည့်ခန်းမှာ ဂျင်အတွက် အရေးကြီးသည့်နေရာများလား၊ သို့မဟုတ် ဒီအတိုင်း ရိုးရိုးသာမန်စာကြည့်ခန်းပဲလားဟု ဝေခွဲမရဖြစ်နေခဲ့သည်။ အကြောင်းမူကား ရက်ပေါင်းများစွာတိုင်အောင် စာကြည့်ခန်းအကြောင်း မတွေးမိခဲ့သောကြောင့်ပင်။ မာရီအန်း စာကြည့်ခန်းအကြောင်း ပြောပြသည်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ယခု စာကြည့်ခန်းဆီသွားသည့်လမ်းမှာ သူ့အတွက် အစိမ်းသက်သက်ဖြစ်နေ၏။
ထောင့်ချိုးကွေ့လိုက်သည့် စင်္ကြံတွင် အစောင့်တပ်သားနှစ်ဦး စောင့်ကြပ်နေကြသည်။ လှံတံရှည်များကိုကိုင်၍ ရပ်နေကြသည့်ပုံစံများမှာ ရှိန်ချင်စရာပင်။ ယူဂျင်းအား လမ်းပြပေးခဲ့သည့် ဂျီးန်က လမ်းလျှောက်ရပ်ကာ ဦးညွှတ်လိုက်သည်။
“စင်္ကြံအဆုံးမှာ ရှိနေတဲ့တံခါးက စာကြည့်ခန်းပါပဲ။ အရှင်မိဖုရား။”
ယူဂျင်း ညွှန်ကြားထားသည့် အခေါ်အဝေါ် အပြောင်းအလဲအတိုင်း တစ်သဝေမတိမ်း လိုက်နာခဲ့သည်။ ဒီတစ်ကြိမ်တွင်တော့ မိဖုရားဟုမခေါ်လျှင် ပြဿနာတက်လိမ့်မည်ဟု ထင်ကြ၍လားမသိ၊ လူတိုင်းက စကားဆုံးသည်နှင့် ‘အရှင်မိဖုရား’ ဟု ထည့်ထည့်ပြောကြ၏။
“ဘာဖြစ်လို့ အစောင့်တပ်သားတွေ စောင့်ကြပ်နေတာလဲ။”
“အဖိုးတန်စာအုပ်တွေ အများကြီးရှိတဲ့အတွက် အမြဲတမ်း အစောင့်အကြပ်ထားထားရပါတယ်။”
“အကြာကြီး ကြာလောက်မှာ။ နင် သွားလို့ရပြီ။”
“ဟုတ်ကဲ့ပါ၊ အရှင်မိဖုရား။”
ပိတ်ထားသည့် စာကြည့်ခန်းတံခါးဆီသို့အရောက်တွင် ယူဂျင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ မာရီအန်း စာကြည့်ခန်းအကြောင်း ပြောလာတုန်းက စာကြည့်ခန်းသည် ဂျင်၏ လျှို့ဝှက်ခြေကုပ်တို့ဘာတို့ ဖြစ်နိုင်လောက်သည်ဟု တဒင်္ဂအတွေးတစ်ခု တွေးမိခဲ့သည်။ သို့သော် အသေအချာတော့ မပြောနိုင်ပေ။
အန္တရာယ်များသည့် နည်းလမ်းပညာများ လေ့လာရန်အတွက်ဆိုလျှင် အလွယ်တကူ ဝင်ရောက်၍ရနေသည့်နေရာပင်။ တခြားသူများအား ဝင်ခွင့်မပေးရန် အမိန့်ပေးထားသော်လည်း ယူဂျင်း၏ အမိန့်ကို လျစ်လျူရှုနိုင်စွမ်းရှိသည့် ဘုရင်မင်းမြတ်က စိတ်ကြိုက်ဝင်ထွက်နိုင်ပေလိမ့်မည်။
ယူဂျင်းက တံခါးလက်ကိုင်ကို ဖြည်းဖြည်းချင်းလှည့်ကာ တော်တော်လေးလံသည့်တံခါးကို တွန်းဖွင့်၍ အထဲသို့ဝင်လိုက်၏။ လှည့်ပတ်ကြည့်ရှုရင်း ယူဂျင်း၏ မျက်လုံးများ ပြူးကျယ်သွားရတော့သည်။
ထင်ထားသည်ထက် ပို၍ကျယ်ပေသည်။ မျက်နှာကြက်ကမြင့်ပြီး လေးဘက်လေးတန်စလုံးတွင် နံရံကပ်စာအုပ်စင်ကြီးများ ရှိကြ၏။ စာအုပ်စင်များတွင် စာအုပ်များ အပြည့်ရှိပြီး ထူးခြားသည့် စာအုပ်၏ရနံ့က လေထဲတွင် ဝေ့ဝဲနေခဲ့သည်။ စာအုပ်စင်၏ ထိပ်ဆုံးသို့ရောက်ရန် အလယ်တွင် ခိုင်ခံ့သည့် လှေကားတစ်ခု ထားရှိပေးထားသည်။
ပန်းချီများတွင် တွေ့ရလေ့ရှိသည့် ရှေးခေတ်စာကြည့်ခန်းပုံစံမျိုးပင်။ စာအုပ်ချစ်သူများအဖို့တော့ စိတ်ကူးထဲမှနေရာလေး ဖြစ်ပေလိမ့်မည်။
~~~~~
Miel’s Translations