Chapter 18
အပိုင်း ၁၈
“…တကယ်ပဲ စာအုပ်တွေကို ကြိုက်တာလား။”
ယူဂျင်းက ဟိုဟိုဒီဒီ အကဲခတ်ကြည့်ကာ အထဲသို့ ဝင်လိုက်သည်။ အတွင်းပိုင်းက ဆဋ္ဌဂံပုံစံ တည်ဆောက်မှုရှိ၏။ အလယ်တွင် ဆိုဖာအရှည်ကြီးနှင့် စားပွဲတစ်လုံး ရှိနေသည်။
ယူဂျင်းက မျက်လုံးဖြင့် အပေါ်ယံ စနည်းနာရင်း စာအုပ်စင်တန်းတစ်လျှောက် ဖြတ်လျှောက်လာခဲ့သည်။ ထို့နောက် နံရံတွင် တံခါးတစ်ချပ်ကဲ့သို့ ဟနေသည့် စာအုပ်စင်၏ တစ်စိတ်တစ်ပိုင်းကို သတိထားမိသွား၏။
“လျှို့ဝှက်နေရာများလား။”
ယူဂျင်း၏နှလုံးက တဒုတ်ဒုတ် ခုန်လာတော့သည်။ တံခါးဖွင့်ရန်အတွက် ယန္တရားတစ်ခုတလေများ ရှိမလားဟု လှည့်ပတ်ရှာဖွေကြည့်သော်လည်း ဘာမှမတွေ့ခဲ့ရပေ။
ယူဂျင်းက အရင်ဆုံး အားနှင့်တွန်းလိုက်သည်။ သော့ခတ်ထားလောက်သည်ဟု ထင်လိုက်မိသော်လည်း ထို့နောက် ကျွီခနဲအသံနှင့်အတူ ဆုံလည်တံခါးကဲ့သို့ လည်ပြီးပွင့်သွားခဲ့သည်။
တွန်းဖွင့်လိုက်သည့် တံခါး၏အနောက်တွင် အခန်းသေးသေးလေးတစ်ခန်းရှိ၏။ အခန်းထဲရှိနံရံများတွင် စာအုပ်စင်တွေချည်းရှိနေကာ စာအုပ်များလည်း အပြည့်ပင်။
ယူဂျင်းက မျက်စိကျမိသည့် စာအုပ်တစ်အုပ်အား ယူထုတ်လိုက်သည်။ လက်တစ်ဖက်တည်းဖြင့် ဆွဲထုတ်ရန်လုပ်ခဲ့သော်လည်း အင်မတန် လေးလံလှသောကြောင့် နှစ်ဖက်စလုံးဖြင့် ဆွဲခဲ့ရ၏။ စာအုပ်စင်မှ ယူထုတ်လိုက်သည်ဆိုလျှင်ပဲ သူ၏ခန္ဓာကိုယ်က အောက်သို့ဝပ်သွားရသည်။
“ဘာလို့ ဒီလောက်တောင် လေးနေရတာလဲ။”
ယူဂျင်းက စာအုပ်နှင့်အတူ အခန်းလေးထဲမှ ထွက်လာကာ စားပွဲပေါ်သို့ တင်လိုက်၏။ ထို့နောက် အဖုံးမှစ၍ စာအုပ်ကိုဖွင့်ကာ အနီးကပ် စူးစမ်းစစ်ဆေးကြည့်ခဲ့သည်။
“အဖုံးကတော့ သားရေပဲ။ ဒီအလှဆင်ထားတဲ့ ကျောက်တုံးက ရတနာမဟုတ်လား။ အတွင်းပိုင်းက စက္ကူနဲ့လုပ်ထားတာ တစ်မျိုးထူးဆန်းနေတယ်။ အာ၊ ဧကန္တ ပေရွက်လိုမျိုးများလား။”
မဟာတွင် စက္ကူအသုံးပြုမှုက ပုံမှန်ပင်ဖြစ်သည်။ ပုံနှိပ်ခြင်းနည်းပညာ တိုးတက်ထွန်းကားနေပြီဖြစ်သောကြောင့် စာအုပ်များမှာ သေးငယ်ပေါ့ပါးကြပေသည်။ ထို့ကြောင့် ယခု ယူဂျင်းဖတ်နေသည့် စာအုပ်မှာ အင်မတန်အိုဟောင်းနေသည့် စာအုပ်ပင်ဖြစ်ရပေမည်။
စောစောက မာရီအန်းပြောခဲ့သည့်စကားကို အမှတ်ရသွားတော့သည်။ မိဖုရား၏ဝါသနာကား စာအုပ်ဟောင်းများ စုဆောင်းခြင်းဖြစ်သည်ဟုဆို၏။
“ဒီလိုစာအုပ်မျိုးဆို တော်တော်ဈေးကြီးမှာ။”
ထိုစာအုပ်များအားလုံးကို အခန်းလေးထဲတွင် ထည့်ထားသည်မှာ ဖြစ်လည်းဖြစ်သင့်ပေသည်။ အခန်းလေးထဲတွင် စာအုပ်များ ထောင်ချီရှိနေခဲ့သည်။ အားလုံးက ရတနာများဖြင့် စီခြယ်အလှဆင်ကာ ရွှေမှုန်ဖြင့်ရေးသားထားသည့် ခမ်းနားလှပသော စာအုပ်ဟောင်းများပင်။
ယူဂျင်းက စာအုပ်ဟောင်းများ၏ အနှောင့်များကို ကြည့်နေရာက အံ့ဩထိတ်လန့်သွားရ၏။ သူက တောင့်တောင့်ကြီးရပ်ကာ ထိုစာအုပ်ကို စိုက်ကြည့်လိုက်သည်။ စာအုပ်အနှောင့်ပေါ်၌ ဦးချိုနှစ်ချောင်းနှင့် နွားပုံဆွဲထားလျက်ရှိသည်။
ယူဂျင်းတစ်ယောက် တံတွေးမျိုချလိုက်မိ၏။ သူက စာအုပ်ကို အခန်းငယ်လေးထဲမှ ယူထုတ်လာကာ စားပွဲပေါ်တင်လိုက်သည်။ ယူဂျင်းက စာအုပ်အဖုံးကိုဖွင့်ကာ ပထမစာမျက်နှာတွင်ရှိသည့် ရုပ်ပုံကိုကြည့်ရင်း အသက်ရှူလိုက်သည်။
အနီရောင်ခြယ်ထားသည့် ချိုနှစ်ချောင်းနှင့်နွားက လက်တစ်ဖက်ဖြင့် အလင်းချောင်းကိုကိုင်ကာ ကျန်လက်တစ်ဖက်ဖြင့် ကြာပွတ်ရှည်ရှည်ကို ကိုင်ထားရင်း လူတစ်ယောက်ကဲ့သို့ ခြေနှစ်ဖက်ပေါ်တွင်ရပ်လျက်ရှိနေ၏။
“မာရာ…”
ယူဂျင်းက အခန်းငယ်လေးထဲသို့ ပြန်သွားလိုက်သည်။ စာအုပ်ဟောင်းများထဲမှ ‘မာရာ’ နှင့် သက်ဆိုင်သည့် နောက်ထပ်စာအုပ်တချို့ကိုရွေး၊ အခန်းငယ်လေးထဲမှ ယူထုတ်ပြီး စားပွဲပေါ်တွင်တင်ကာ တွေးလိုက်၏။
‘ဒါက အန္တရာယ်ရှိတဲ့ စာအုပ်များလား။’
ထိုအခန်းငယ်ကား လျှို့ဝှက်ခန်းဟုပြောရန်မှာ ကချော်ကချွတ်နိုင်လွန်းလှ၏။ စာကြည့်ခန်းထဲဝင်သည့် မည်သူမဆို ဤစာအုပ်များအား အလွယ်တကူပင် တွေ့နိုင်ကြပေလိမ့်မည်။
‘အဲ့ဒါထက် အခန်းငယ်လေးထဲမှာရှိတဲ့ စာအုပ်တွေက ငါးစာလည်းဖြစ်နိုင်တာပဲ။’
ယူဂျင်းက နံရံများတွင် အပြည့်ရှိနေသည့် စာအုပ်ပေါင်း ထောင်သောင်းချီကို လှည့်ပတ်ကြည့်ရှုခဲ့သည်။ သာမန်စာအုပ်အဖြစ် ပုံဖျက်ကာ တကယ့်အစစ်အမှန်အား ထိုအထဲတွင် ဝှက်ထားလောက်မလား မသိရပေ။
~~~~~
“အရှင်မင်းကြီး။ အရှင်မိဖုရားက စာကြည့်ခန်းထဲမှာရှိနေတယ်လို့ပြောပါတယ်။”
ခါဆယ်ရ်က ဖတ်လက်စ စာရွက်စာတမ်းဆီကနေ မျက်လုံးပင့်ကြည့်ကာ ခေါင်းမော့လိုက်သည်။
“စာကြည့်ခန်းပေါ့လေ။”
“ဟုတ်ပါတယ်၊ အရှင်မင်းကြီး။”
သူက အသာခေါင်းညိတ်ပြကာ လက်ပြလိုက်သည်။ အစေအပါးက ဦးညွှတ်အရိုအသေပြုပြီးသည့်နောက်တွင် လျှောက်ထွက်သွား၏။ ခါဆယ်ရ်တစ်ယောက် စာရွက်စာတမ်းကို တစ်ခါပြန်ငုံ့ကြည့်လိုက်သော်လည်း ခေါင်းထဲသို့ ဘာစာမှဝင်မလာတော့ပေ။
ယနေ့မနက်စောစောက မာရီအန်းတစ်ယောက် ရိုးရိုးရှင်းရှင်း လိုအပ်သည့်ပစ္စည်းများကိုသာ မြင်းရထားပေါ်တွင် ထုပ်ပိုးတင်ဆောင်ကာ နန်းတော်ထဲသို့ ဝင်လာခဲ့သည်။ မာရီအန်းက ခါဆယ်ရ်အား ဂါရဝပြုရုံသာပြုပြီး မိဖုရားဆီ တန်းသွားခဲ့၏။
တစ်မနက်လုံး တောင်လိုပုံနေသည့် စာရွက်စာတမ်းများနှင့် နပန်းသတ်နေရတာတောင် ခါဆယ်တစ်ယောက် အပြည့်အဝ အာရုံစိုက်နိုင်ခြင်းမရှိခဲ့ပေ။ အလုပ်လုပ်နေစဉ်တစ်လျှောက်လုံး သူတို့နှစ်ယောက် ဘာတွေများလုပ်နေကြမလဲဟု အတွေးတို့က ပျံ့လွင့်နေခဲ့သည်။ နောက်ဆုံးတော့ အစေအပါးတစ်ယောက်ကို စေလွှတ်ကာ တိတ်တဆိတ် သိအောင်လုပ်ခိုင်းရတော့သည်။
‘စာကြည့်ခန်း…အဲ့ဒီနေရာကို မေ့သွားရတယ်လို့။’
ခါဆယ်ရ် သက်ပြင်းချလိုက်သည်။ ဘဏ္ဍာတိုက်ကိုသာ အာရုံစိုက်နေသဖြင့် စာကြည့်ခန်းကို လျစ်လျူရှုခဲ့မိ၏။ မိဖုရား သံယောဇဉ်တွယ်မည့် ပထမဆုံးနေရာကား ကျိန်းသေပေါက် စာကြည့်ခန်းပင်။
ဘဏ္ဍာတိုက်ကဲ့သို့ပင် စာကြည့်ခန်းနှင့် ပတ်သက်၍လည်း နှုတ်ပိတ်မိန့် ချထားသင့်ပေသည်။
‘မဟုတ်သေးပါဘူး။’
ခါဆယ်ရ်က ခေါင်းခါလိုက်သည်။
‘စာကြည့်ခန်းကို ဖုံးကွယ်ထားဖို့က ဖြစ်မှမဖြစ်နိုင်တာ။’
အိပ်ချိန်၊ စားချိန်မှလွဲ၍ မိဖုရားက တစ်နေ့တာ၏ အချိန်အများစုကို စာကြည့်ခန်းထဲတွင်သာ ကုန်ဆုံးလေ့ရှိသည်။ စာကြည့်ခန်းအကြောင်း ထည့်မပြောဘဲ သူ၏တစ်နေ့တာဘဝအကြောင်း ရှင်းပြရန် မဖြစ်နိုင်ပေ။
မိဖုရားက စာအုပ်ဟောင်းများ စုစည်းရာတွင် အားထုတ်မှု အများကြီး ထည့်ထားခဲ့သည်။ တမင်ရည်ရွယ်၍ အာရုံမစိုက်လျှင်တောင် ဘဏ္ဍာငွေအခြေအနေကို တစ်နှစ် နှစ်ကြိမ် စစ်ဆေးရေးလုပ်သည့်အခါ မိဖုရား၏ ဝါသနာအကြောင်း အလိုလိုတွေ့ရှိရပေသည်။
မိဖုရားသုံးထားသည့် ပမာဏမှာ အင်မတန် ပေါပေါများများရှိလှသောကြောင့် ငွေကြေးပမာဏအကြီးကြီးတွေနှင့် အသားကျနေပြီးသား ခါဆယ်ရ်ပင်လျှင် အံ့ဩမိရ၏။ သို့သော် ယခုအချိန်အထိ တစ်ခါမှဝင်ပါခဲ့ဖူးခြင်းမရှိ။
အသုံးစာရင်း နောက်ကြောင်းမှတ်တမ်းက ခိုင်လုံမှုရှိပြီး တော်သေး၍ တိုင်းပြည်ကလည်း ဘဏ္ဍာငွေ ပေါကြွယ်ဝသောကြောင့် ထိုမျှလောက်ကိုတော့ တတ်နိုင်၏။ ဆက်ခံသူအတွက် ပေးရသည့်တန်ကြေးဟုသာ တွေးထားခဲ့သည်။
‘စာကြည့်ခန်းထဲ လှည့်ပတ်ကြည့်ရင်း မှတ်ဉာဏ်တွေ ပြန်ရလာနိုင်ခြေလည်းရှိတာပဲ။’
ခါဆယ်ရ်တစ်ယောက် ရှုပ်ထွေးနားမလည်နိုင်ဖြစ်နေရာက ရယ်လိုက်မိသည်။ မှတ်ဉာဏ်ပျောက်သွားသည်ဟူသော မိဖုရား၏ တစ်ဖက်သတ်ပြောဆိုချက်ကို အဖြူထည်အရိုးခံ ကလေးလေးတစ်ယောက်အလား ယုံကြည်မိနေသည့် သူ့အဖြစ်သူ ပြန်တွေ့ရသည်မှာ ရယ်စရာပင်။
ယခု မိဖုရားက လိမ်နေသည်လည်းဖြစ်နိုင်သလို၊ မှတ်ဉာဏ်တချို့ကို ဖုံးကွယ်ထားကာ မသိချင်ယောင်ဆောင်နေသည်လည်းဖြစ်နိုင်၏။ ထို့အပြင် မှတ်ဉာဏ်ပျောက်သွားခြင်းက အမှန်တကယ်ဖြစ်နေခဲ့လျှင်တောင် ရက်ပိုင်းအတွင်း သို့မဟုတ် လပိုင်းအတွင်းတွင် ပြန်မှတ်မိနိုင်ခြေရှိပေသည်။
သူက မိဖုရားကို ယုံကြည်ချင်သော်လည်း ဆက်တိုက်ပင် သံသယဝင်နေမိ၏။ အကြောင်းမူကား သူတို့နှစ်ဦးကြားတွင် တွယ်တာနှောင်ဖွဲ့မှု တစ်စက်ကလေးတောင် မရှိသောကြောင့်ဖြစ်သည်။
နှစ်ဦးသားကြားတွင် ဘာမှမရှိခဲ့၊ ဒီအတိုင်း စာချုပ်တွင် လက်မှတ်ထိုးထားသူ နှစ်ဦးကြားမှ ပတ်သက်မှုသက်သက်သာ။ အမှန်တကယ်ကို ဘာမှမရှိခြင်းပင်။
[မိဖုရားက မိဖုရားပါပဲ။]
မာရီအန်းကတော့ အကောင်းဘက်က တွေးပြောခဲ့ခြင်းဖြစ်ပါလိမ့်မည်။ သို့သော် ခါဆယ်ရ်က ‘လူဆိုတာ ပြောင်းလဲတတ်ခြင်းမရှိ’ ဟု အဓိပ္ပာယ်ပြန်ဆိုခဲ့၏။
ထိုသို့သာဆိုလျှင် လက်ရှိမိဖုရားကား သူ၏ပုံစံအမှန်ဖြစ်နိုင်စရာ လုံးဝအကြောင်းမရှိပေ။ မာရီအန်း၏ ထိုစကားကြောင့် ခါဆယ်ရ်က ထုံထိုင်းသွားသည့် သူ၏ သတိနှင့်စောင့်ကြည့်မှုကို နိုးကြားမှုရှိစေရန် ပြင်ဆင်ထားခဲ့သည်။
သို့သော် သူ၏ ခံစားချက်များမှာ ရှုပ်ထွေးနေ၏။ အချစ်ဆေးပါ ပြင်ဆင်ရလောက်သည့်အတိုင်းအတာအထိ မိဖုရားနှင့် အတူအိပ်စက်ရသည့်အလုပ်မှာ ‘လုပ်ချင်သည့်အရာမဟုတ်သော်လည်း လုပ်ရမည့်အရာ’ ဖြစ်ပေသည်။
ထိမ်းမြားလက်ထပ်မှုကို ခိုင်မြဲအောင်လုပ်ဖို့အတွက် လက်ထပ်ပြီး သုံးနှစ်အကြာမှ ဖြတ်သန်းကုန်ဆုံးခဲ့ရသည့် မင်္ဂလာဦးညက သူ့အား ဒီမျှလောက်အထိ ကိုင်လှုပ်နိုင်စွမ်းရှိလိမ့်မည်ဟု လုံးဝထင်မထားခဲ့။ မိန်းမတစ်ယောက်ကို ချစ်မိပြီး အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိတော့သည့် အရူးတစ်ယောက်ဖြစ်သွားသလို ခံစားချက်မျိုးပင်။
ဖောင်း….
ပေါက်ကွဲသံကြီး ကြားလိုက်ရသည်ဆိုလျှင်ပဲ ခါဆယ်ရ်က မျက်နှာထားတင်းတင်းနှင့် ခေါင်းထောင်လိုက်သည်။ သူက နေရာမှ ဝုန်းခနဲထ၊ ပြတင်းပေါက်ကို အလောတကြီးဖွင့်ကာ လသာဆောင်ဆီသို့ ထွက်ခဲ့၏။ ခါဆယ်ရ်က အပေါ်ကိုမော့ကြည့်လိုက်သည်။ အဝါရောင်မီးခိုးတွေ ကောင်းကင်တွင် ဝဲလွင့်လျက်ရှိနေ၏။
လာ့ခ် ပေါ်လာပေပြီ။ အဝါရောင် အချက်ပြက ရဲတိုက်တံတိုင်းဆီသို့ ဦးတည်နေ၏။
ခါဆယ်ရ်က အောက်ကိုငုံ့ကြည့်ကာ အသံရှည်ဆွဲ၍ လေချွန်လိုက်သည်။ လေချွန်သံတွင် အထူးစွမ်းအားကိုပါ ထည့်လိုက်၏။ လူသားများ မကြားနိုင်သော်လည်း တုံ့ပြန်ခံစားနိုင်စွမ်းမြင့်သည့် တိရစ္ဆာန်များကတော့ သူတို့အားခေါ်သည့်အသံကို မှတ်မိကြပေလိမ့်မည်။
ခပ်လှမ်းလှမ်းမှ လည်ဆံမွေးများ လေတွင်ဝဲလွင့်လျက် အပြေးလာနေသော မြင်းနက်ကြီးအား မြင်လိုက်ရသည်အထိ သိပ်ကြာကြာ မစောင့်လိုက်ရပေ။
ဘုရင်၏မြင်း ‘အာဘူ’ တွင် ကုန်းနှီးတို့၊ ဇက်ကြိုးတို့မပါရှိချေ။ မြင်းက အရှင်သခင်ကို ကျောပေါ်တွင် တင်ဆောင်ခြင်းမှလွဲ၍ သူ၏ခန္ဓာကိုယ်တွင် မည်သည့်အနှောင်အဖွဲ့မှ အကပ်မခံခဲ့။
“အရှင်မင်းကြီး။”
ဆောင်တော်ထိန်းက အလောတကြီး ပြေးဝင်လာ၏။ ဆောင်တော်ထိန်းနှင့် အတူပါလာသည့် စစ်သည်တော်ကား ဓားအရှည်ကြီးတစ်လက်ကို ကိုင်ထားလျက်ရှိသည်။ စစ်သည်တော်က လက်နှစ်ဖက်ဖြင့် ဓားကိုကိုင်ထားရင်း ဘုရင်မင်းမြတ်၏ ခြေတော်ရင်းတွင် ရိုသေစွာ ဒူးထောက်ခဲ့သည်။
ဘုရင်မင်းမြတ် လာ့ခ်အဖမ်းထွက်သည့်အခါ သူ၏ ပရာ့ဂ်ျကို လက်နက်ထဲသို့ ရောထည့်လေ့ရှိ၏။ သာမန်လက်နက်သာဆိုလျှင် ချက်ချင်း ပေါက်ကွဲလျှင်ပေါက်ကွဲ၊ မဟုတ်လျှင် အရည်ပျော်သွားတတ်ပေသည်။ ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်းခဲ့သည့် တော်ဝင်ဓားသာလျှင် ပရာ့ဂ်ျ၏အစွမ်းကို ခံနိုင်ရည်ရှိ၏။
ရုန်းကန်လှုပ်ရှားရသည့်ရာသီကို ဝင်လာသည်နှင့် တိုင်းပြည်တွင် တည်မြဲသည့် အရေးပေါ် လုံခြုံရေးစနစ်ကို ကျင့်သုံးတော့သည်။ ခြောက်သွေ့ရာသီ အတောအတွင်းတွင် အဖိုးတန်ဓားကို ဘဏ္ဍာတိုက်၏ အနက်ရှိုင်းဆုံးနေရာတွင် သိမ်းဆည်းထားသော်လည်း ရုန်းကန်လှုပ်ရှားရသည့်ရာသီ အတောအတွင်းတွင်တော့ အမြဲတစေ ဘုရင့်အပါးတွင် အဆင်အသင့် ထားရှိစေ၏။
စစ်သည်တော်ဆီမှ ဓားကိုယူပြီးသည်နှင့် ခါဆယ်ရ်က လသာဆောင်လက်ရန်းကို လက်တစ်ဖက်တည်းနှင့်သာထိန်းကိုင်ပြီး တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ခုန်ချလိုက်သည်။ ကြည့်နေကြသူများတွင် မည်သူမှ အံ့ဩထိတ်လန့်ခြင်း ဖြစ်သွားကြတာမျိုးမရှိခဲ့ပေ။
အောက်သို့ကျသွားသည့် သူ၏ခန္ဓာကိုယ်အား အပြာရောင်စွမ်းအားက ဝန်းရံထားခဲ့သည်။ စွမ်းအားက ဧရာမ မြွေကြီးအသွင်ကိုယူကာ သူ့ခန္ဓာကိုယ်အား ခွေပတ်ထား၏။ ဘုရင်၏ ပရာ့ဂ်ျက ပြုတ်ကျသည့်အရှိန်ကို နှေးသွားအောင်လုပ်ပေးကာ မြေပြင်ပေါ် ခြေချလိုက်ချိန်တွင် ထိခိုက်မှုကိုလည်း စုပ်ယူပေးခဲ့သည်။
“အာဘူ။”
ဘုရင်မင်းမြတ်ဆီကို အပြေးလာနေသည့် မြင်းနက်ကြီးက ဖောင်းကားလာသည့်အလား အရွယ်အစား ကြီးလာတော့သည်။ နားရွက်တစ်ဖက်စီ၏ ဘေးတွင်ရှိသည့် ဦးချိုသေးသေးလေးနှစ်ခုက သိသိသာသာ ရှည်ထွက်လာပြီး လည်ဆံမွေးများဖုံးလွှမ်းနေသည့် ကုပ်ပိုးက တိုဝင်သွား၏။
ခြေထောက်များ တုတ်ခိုင်လာကာ မြင်းခွာမာမာက အက်ကွဲသွားပြီး သားရဲကြီး၏ ခြေသည်းများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ တစ်ခုတည်းသော မပြောင်းလဲသည့်အရာကား သားရဲကြီး၏ အနီရောင်မျက်လုံးများပင်။
ခါဆယ်ရ်က ဧရာမ ကျားသစ်နက်ကြီးအဖြစ်သို့ ပြောင်းလဲသွားသည့် အာဘူ၏ ကျောပေါ်သို့ တက်လိုက်သည်။ လည်ကုပ်ကို ထိန်းကိုင်ထားရင်း နေသားတကျဖြစ်အောင် ထိုင်လိုက်ချိန်တွင် အာဘူက အရှေ့ကို အလှမ်းအကျယ်ကြီး ခုန်ခဲ့သည်။
တစ်ချက်ခုန်လိုက်ရုံနှင့် သားရဲကြီးက ရဲတိုက်တစ်ဝက်စာအကွာအဝေးကို ဖြတ်ကျော်နိုင်ခဲ့၏။ ခဏတွင်းချင်းမှာပင် သားရဲကြီးက အတွင်းဘက်တံတိုင်းကိုတက်ကာ လမ်းများကြားတွင် အပြေးနှင်လေတော့သည်။
လမ်းပေါ်သို့ တက်လိုက်ဆင်းလိုက် သွားလာနေကြသူများ၏ အနေအထားက တော်တော်လေး တည်ငြိမ်လှပေသည်။ အဝါရောင်အချက်ပြက အန္တရာယ်နိမ့်သည့်အဆင့်ပင်။ ရုန်းကန်လှုပ်ရှားရသည့် ရာသီတွင် ပစ်လွှတ်လေ့ရှိသည့် အချက်ပြ မီးရှူးမီးပန်းများမှာ အများအားဖြင့် အဝါရောင်ဖြစ်ကြသည်။
“ဟော့။”
“အ။”
ဧရာမသားရဲကြီး ဖြတ်သွားသည့်အခါ လူများက အလန့်တကြား နောက်ဆုတ်လိုက်ကြသည်။ သို့သော် ကြောက်ရွံ့သည့် မျက်နှာထားများမဟုတ်ဘဲ ဝေးကွာသွားပြီဖြစ်သည့် ကျောပြင်ကို အံ့ဩမှင်တက်နေသည့် မျက်လုံးများဖြင့် ငေးကြည့်နေခဲ့ကြ၏။
ဘုရင်မင်းမြတ် ယဉ်ပါးအောင်လုပ်ကာ ထိန်းချုပ်ထားသည့် သားရဲကြီး၏ ဖြစ်တည်မှုကို မသိသည့်သူဟူ၍ တိုင်းပြည်ထဲတွင် တစ်ယောက်မှမရှိပေ။ စတုတ္ထဘုရင်၏ သားရဲကြီးက အထူးတလှယ် နာမည်ကြီးလူသိများလှတာကြောင့် တခြားတိုင်းပြည်များအထိပင် သတင်းကြီးရသည်။
“အခု အရှင်မင်းမြတ် သွားလိုက်ပြီဆိုတော့ ခဏနေရင် အပြာရောင်အချက်ပြ ဖောက်လွှတ်တော့မှာပဲ။”
“အင်း၊ ခုနက မိစ္ဆာပြောပါတယ်။ ဘုရင်မင်းမြတ်သွားပြီဆိုတော့ အဲ့ဒီကောင်အတွက် အသုဘဖြစ်မဲ့နေ့ပဲပေါ့။”
လူတွေက ပို၍တောက်ပသည့် မျက်နှာများဖြင့် စိတ်လှုပ်ရှားခြင်းကြီးစွာ စကားပြောနေခဲ့ကြသည်။ လမ်းများက ထုံးစံအတိုင်း ငြိမ်းချမ်းသည့်အသွင် ရှိနေ၏။
ဘုရင်ကိုတင်ဆောင်လာသည့် သားရဲကြီးက ရဲတိုက်တံတိုင်းဆီ လျှင်မြန်စွာ ရောက်သွားခဲ့သည်။ ဘုရင်ဖြတ်သွားချိန်တွင် မည်သူမျှ ရေးကြီးခွင်ကျယ်လုပ်ကာ ဂါရဝပြုခြင်း မရှိခဲ့ကြ။ မီးရှူးလွှတ်လိုက်သည့် အခိုက်အတန့်မှစ၍ စစ်ဖြစ်တော့မည့်အချိန်လိုပင်။ အားလုံးက ကိုယ်စီကိုယ်စီ လက်နက်တွေကို မြဲမြဲကိုင်ထားကြကာ အဆင်အသင့် နေရာယူထားကြ၏။
မြေကြီးကိုကန်၍ အမြင့်ကြီးသို့ ခုန်လိုက်သည့် အာဘူက ရဲတိုက်တံတိုင်းပေါ်သို့တက်ကာ ထိုမှတစ်ဖန် တစ်ဆင့်ထပ်ခုန်ခဲ့ပြန်သည်။ နှစ်ချက်လောက်ခုန်ရုံမျှနှင့် မြင့်မားလှသည့် ရဲတိုက်တံတိုင်းပေါ်သို့ တက်နိုင်ခဲ့၏။
ခါဆယ်ရ်က ဘေးဘီဝဲဟာကိုကြည့်ကာ အခြေအနေကို မြန်မြန်လေး ခြုံငုံသုံးသပ်လိုက်သည်။ တပ်သားတွေက သူ့နေရာနှင့် အနီးဆုံးတွင် နေရာယူထားကြကာ သူတို့ကို အားပေးနေသည့် တပ်မှူးလက်စတာ၏ အော်သံများကို ကြားနေရ၏။
ခါဆယ်က ဦးခေါင်းကိုငဲ့စောင်းကာ ကန္တာရနှင့် မျက်နှာချင်းဆိုင်ထားသည့် ရဲတိုက် အပြင်တံတိုင်းကို လေ့လာကြည့်လိုက်သည်။ ဧရာမမြွေကြီးက ရဲတိုက်တံတိုင်းကို အေးရာအေးကြောင်း တက်လာနေခဲ့သည်။ လုံးပတ်က လူ့ခန္ဓာကိုယ်လောက်ရှိ၏။
တပ်သားများက အနီရောင်မျက်လုံးရှိသည့်မြွေကြီးအား ဆီသုတ်ထားသည့်မြားများဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ကြသည်။ ဟိုမှာသည်မှာ တပ်သားများက လှံတံများကို အောက်သို့ချိန်ရွယ်ထားကြပြီး လာ့ခ် ထပ်ပြီးတက်လာလျှင် ထိုးရအောင် အသင့်ပြင်ထားကြ၏။
‘မြွေ။’
ခါဆယ်ရ်က မျက်မှောင်ကြုတ်လိုက်သည်။ မြွေများမှာ အဆိပ်ရှိသဖြင့် ကိုင်တွယ်ရ လက်ပေါက်ကပ်လှသည်။ ဒိုင်းကျိုးသွားလျှင် ၎င်းက ချက်ချင်းပင် အဆိပ်များမှုတ်ထုတ်ပေလိမ့်မည်။ ထိုသို့မဖြစ်ခင် မြန်မြန်ရှင်းမှဖြစ်ပေမည်။
လာ့ခ်၏ ဝိသေသလက္ခဏာမှာ သူနမူနာယူထားသော တိရစ္ဆာန်၏ သဘာဝနှင့် ဆင်တူပေသည်။ မြွေများက ရဲတိုက်နံရံကို တက်နိုင်သဖြင့် ပထမခံတပ်ဖြစ်သည့် တံတိုင်းအမြင့်ကြီးအား အလကားဖြစ်သွားစေသော်လည်း သူတို့က အုပ်စုလိုက် နေထိုင်လှုပ်ရှားသည့်အကျင့်မျိုး မရှိကြပေ။
ခါဆယ်ရ်ကို တွေ့သွားသည့် လက်စတာက အနောက်ဘက်မှ တံတိုင်းကို ညွှန်ပြကာ အော်ပြောခဲ့သည်။ အသံကို မကြားရသော်လည်း အဓိပ္ပာယ်ကို နားလည်လိုက်၏။
‘နှစ်ကောင်တဲ့လား။’
အုပ်စုဖွဲ့၍ နေထိုင်သည့်သတ္တဝါများ မဟုတ်ကြသော်လည်း တစ်ပြိုင်နက်တည်း နှစ်ကောင်၊ သုံးကောင် ဝိုင်းတိုက်ခိုက်တတ်သည့် အဖြစ်များ မကြာမကြာရှိတတ်သည်။ ဤနေရာမှ အခြေအနေက သိပ်မပြင်းထန်သောကြောင့် လက်စတာနှင့် လွှဲထားလိုက်ပြီး ခါဆယ်ရ်က အာဘူကို မောင်းနှင်းကာ ရဲတိုက်တံတိုင်းပေါ်တွင် ပြေးသွားခဲ့သည်။
ပထမဆုံး တိုက်ခိုက်ခံရသည့်နေရာနှင့် ဆန့်ကျင်ဘက်အရပ်ရှိ ရဲတိုက်တံတိုင်းပေါ်တွင် တပ်သားများ စုဝေးလျက်ရှိနေကြ၏။ ထိပ်ဆုံးသို့ ရောက်လုနီးပါးရှိနေသည့်မြွေက ရဲတိုက်တံတိုင်းပေါ်တွင် ပါးပျဉ်းထောင်ကာ ကြောက်စရာကောင်းအောင် လျှာကို ပြူတစ်ပြူတစ် ထုတ်နေခဲ့သည်။ အရွယ်အစားက စောစောကတွေ့ခဲ့သည့်ကောင်ထက် တစ်ဝက်ခန့်ပိုကြီး၏။
လာ့ခ်ကလည်း ‘သေးငယ်သည့် သတ္တဝါများမှာ အားနည်းပြီး၊ ကြီးမားသည့်သတ္တဝါများမှာ အားကောင်းကြသည်’ ဟူသော စည်းမျဉ်းနှင့် လွတ်ကင်းခြင်းမရှိပေ။ အကောင်ကြီးလျှင်ကြီးသလောက် ပို၍အားကောင်း၊ ပို၍အန္တရာယ်များပြီး ပို၍ရန်မူတတ်ကြပေသည်။
တပ်သားများ ပစ်လွှတ်လိုက်ကြသည့် မြားတို့က မြွေ၏ခန္ဓာကိုယ်ဆီမရောက်ခင် လေထဲ၌ပင် ပြန်ကန်ထွက်ကုန်ကြ၏။ ခါဆယ်ရ်၏ မျက်လုံးများက လာ့ခ်၏ ခန္ဓာကိုယ်ကို ဝန်းရံထားသည့် အကာအကွယ်ဒိုင်းကို မြင်လိုက်ရသည်။
ပါးလွှာသည့် ဖန်သားအကာဖြစ်မည့်ပုံပင်။ ဆီသုတ်ထားသည့်မြားဖြင့် ပစ်ခတ်ခံလိုက်ရတိုင်းတွင် ထိုအကာက အနည်းငယ် အက်သွား၏။ သို့သော် ကျိုးပေါက်ပျက်စီးရန်ကား အဝေးကြီးပင်။
ခါဆယ်ရ်က အာဘူ၏ ကိုယ်ပေါ်မှ ခုန်ဆင်းကာ သူ့ဓားကို ဆွဲထုတ်လိုက်သည်။ ဓားသွားပတ်ပတ်လည်တွင် အပြာရောင် အရောင်အဝါတစ်မျိုး ရှိနေ၏။
“အာဘူ၊ စောင့်နေ။”
သူက အရင်ဆုံး အာဘူကို မသောင်းကျန်းရအောင် ထိန်းလိုက်သည်။ ကျားသစ်နက်ကြီးက နာခံတတ်သည့် အိမ်မွေးခွေးလေးတစ်ကောင်အလား နေရာမှာတင် ငြိမ်သက်စွာ ဝပ်နေခဲ့သည်။ မြေကြီးပေါ်တွင် ဘယ်တစ်လှည့် ညာတစ်လှည့် ပုတ်နေသည့် အမြီးလေးက သားရဲကြီး၏ မကျေမနပ်ဖြစ်နေသော အခြေအနေကို ပြသနေ၏။
~~~~~
Miel’s Translations