Chapter 19
အပိုင်း ၁၉
“အားလုံး နောက်ဆုတ်ကြ။”
တပ်သားများ လေးတို့ကို ဖယ်လိုက်သည့် အခိုက်အတန့်တွင် ခါဆယ်ရ်က လှုပ်ရှားခဲ့သည်။ သူက လျင်မြန်စွာ အရှေ့တက်လာကာ လာ့ခ်၏ ကိုယ်ထည်ကို တိုက်ခိုက်လိုက်၏။ လာ့ခ်အား ပတ်ပတ်လည်ဝန်းရံထားသည် အကာအကွယ်ဒိုင်းမှာ ချက်ချင်းပင် ကျိုးပေါက်သွားခဲ့သည်။
ကိုယ့်အန္တရာယ်ကိုယ် အာရုံရလိုက်သည်တွင် မြားများပစ်ခတ်တိုက်ခိုက်နေသည့်အလယ်မှာတောင် အေးအေးလူလူရှိနေခဲ့သည့် လာ့ခ်လည်း ပို၍ရန်မူလာတော့သည်။ သူက ပါးစပ်ကိုအကျယ်ကြီးဟကာ လက်မောင်းလောက်ရှိသည့် အစွယ်များကို ထုတ်ပြပြီး ခါဆယ်ရ်အား တိုက်ခိုက်ခဲ့၏။
ခါဆယ်ရ် လာ့ခ်အား စိုက်ကြည့်လိုက်ချိန်တွင် သူ၏ မျက်လုံးထဲ၌ အပြာရောင်စွမ်းအားက ဝေ့ဝဲလာကာ ထို့နောက်တွင် ဒေါင်လိုက်အနေအထား ပြန့်ထွက်သွား၏။ သူ့ကိုယ်တွင်းမှ ပရာ့ဂ်ျက ရုပ်လုံးထွက်ပြလာတော့သည်။ အပြာရောင် မြူခိုးငွေ့များ သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် မြင့်တက်လာကာ အမြီးပိုင်းမှစ၍ အကြေးကွက်များ ပေါ်လာခဲ့သည်။
မြွေ၏ အသွင်သဏ္ဍာန်အဖြစ်သို့ ပြောင်းသွားသည့် ပရာ့ဂ်ျက ထိုအတိုင်းပင် လာ့ခ်၏ ဦးခေါင်းအား ထိုးဖောက်ခဲ့၏။ လာ့ခ်၏ မြွေခေါင်းကား ဖောင်းဟူသောအသံကြီးဖြင့် ပေါက်ထွက်သွားတော့သည်။ အသားစများရောနေသည့် စေးကပ်ကပ်အရည်များက အရပ်မျက်နှာအနှံ့ ပျံ့နှံ့ကာ စင်ကုန်လေ၏။
ခါဆယ်ရ်က တစ်စစီပေါက်ကွဲသွားသည့် မြွေ၏ဦးခေါင်းကို ဓားဖြင့်ပိုင်းဖြတ်ကာ လွှင့်ပစ်လိုက်သည်။ သူ၏ဓားသွားတွင် ရောထားသည့် ပရာ့ဂ်ျ၏ စွမ်းအားက ပြန်လည်အသစ်ဖြစ်နှုန်းကို နှေးကွေးသွားအောင် စွမ်းဆောင်ပေးပေလိမ့်မည်။
ဦးခေါင်းကိုဖြတ်ပြီး နှလုံးကို ဓားနှင့်ထိုးရုံဖြင့် လာ့ခ်က မသေနိုင်ပေ။ သူ၏ လှုပ်ရှားမှုကို တဒင်္ဂ နှေးသွားအောင်သာ လုပ်နိုင်ပေမည်။
ဗဟိုချက်ကို ဖျက်ဆီးရမည်ဖြစ်သော်လည်း ဗဟိုချက်၏ တည်နေရာကား ပုံသေကားကျမရှိ။ သေးလည်းသေးငယ်ပေသည်။ ကြုံရာကျပန်း တိုက်ခိုက်ခြင်းဖြင့် ဗဟိုချက်ကို ဖျက်ဆီးနိုင်ခြေက အင်မတန်နည်းသောကြောင့် တစ်ကိုယ်လုံး အပိုင်းပိုင်း ခုတ်ဖြတ်ပစ်ခြင်းဖြင့်သာ လာ့ခ်ကို သတ်နိုင်လိမ့်မည်ဟု လူအများက တွေးထားခဲ့ကြသည်။
ခါဆယ်ရ်ကား ဗဟိုချက် မည်သည့်နေရာတွင်ရှိကြောင်း သိနိုင်ပေသည်။ ဘုရင်မင်းမြတ်သာလျှင် ထိုသို့လုပ်နိုင်၏။ ခါဆယ်ရ်က မြွေ၏ ခန္ဓာကိုယ်အလယ်တွင်ရှိသည့် မှိန်ဖျော့ဖျော့ကလေး လင်းလက်နေသော နေရာပေါ်သို့ ဓားကိုမြှောက်ကာ စိုက်ချလိုက်သည်။
တဆတ်ဆတ်တုန်ယင်ကာ လူးလွန့်နေသည့် မြွေ၏ခန္ဓာကိုယ်က ပျော့ခွေကာ ပြုတ်ကျသွားတော့သည်။ အသက်ရှူရပ်သွားသည့် လာ့ခ်ကား ကန္တာရထဲမှ သဲမှုန်များထက် ပို၍ညက်ညောသိပ်သည်းသည့် အမှုန့်များအဖြစ် ကြွေကျကာ လေထဲသို့ဝဲလွင့်ပျံ့နှံ့သွားတော့၏။ သူ၏ ပေါက်ကွဲသွားသည့် ဦးခေါင်းနှင့် ခါဆယ်ရ်၏ ခန္ဓာကိုယ်တွင် စွန်းပေနေသော ကိုယ်တွင်းမှအရည်များသည်လည်း အမှုန့်အဖြစ်သို့ ပြောင်းလဲသွားကြသည်။
အစအနရှာမရအောင် ပျောက်ကွယ်သွားခြင်းဖြစ်၏။ အဓိပ္ပာယ်မဲ့သော အဆုံးသတ်ပင်။
အသက်ရှူရန်ပင် အချိန်မရှိခဲ့။ ကျန်နေတဲ့တစ်ကောင်ကို တိုက်ခိုက်နေကြသူများ ဘာတွေဖြစ်ကုန်ကြလောက်မလဲ။ တစ်ခါတလေတွင် သူ၏ ခန္ဓာကိုယ်အား အပိုင်းပိုင်းခွဲနိုင်လျှင်ကောင်းမည်ဟု တွေးမိလေ့ရှိသည်။ ခါဆယ်ရ်က အာဘူ၏ ကျောပေါ်သို့တက်ကာ ချက်ချင်းပင် အပြေးနှင်ခဲ့တော့သည်။
~~~~~
ယူဂျင်းတစ်ယောက် ပေါက်ကွဲသံကြီး ကြားပြီးသည့်နောက်တွင် စာကြည့်ခန်းထဲမှ အလန့်တကြား ထွက်လာခဲ့သည်။ မလှုပ်မယှက် ရပ်နေကြသည့် တပ်သားများကို တွေ့မှပဲ စိတ်အေးသွားတော့သည်။ ထွေထွေထူးထူးကိစ္စ မဟုတ်သည့်ပုံပင်။ လျှောက်လမ်းအဆုံးတွင် စောစောက သွားလို့ရပြီဟု ပြောထားခဲ့သည့် ဂျီးန်က စောင့်ဆိုင်းလျက်ရှိနေခဲ့သည်။
ယူဂျင်း လျှောက်လာချိန်တွင် ဂျီးန်က ကိုယ်ကို မတ်မတ်ပြင်ကာ ဦးညွှတ်လိုက်၏။
“တစ်ချိန်လုံး ဒီမှာရှိနေခဲ့တာလား။”
“ဟုတ်ပါတယ်၊ အရှင်မိဖုရား။”
ယူဂျင်းက “လိုတာရှိရင် ခေါ်လိုက်မှာမို့လို့ စောင့်နေစရာမလိုဘူး” ဟု ပြောရန်ပြင်ပြီးကာမှ ကိုယ့်ကိုယ်ကိုယ် ဟန့်လိုက်သည်။ မတ်တတ်ရပ်စောင့်ရင်း ပျင်းနေလောက်မည့် ဂျီးန်အတွက် ထောက်ထားစဉ်းစား၍ ပြောပေးခြင်းဖြစ်သော်လည်း အပြောခံရသူက အဓိပ္ပာယ် လွဲမှားကောက်ယူနိုင်ပေသည်။
ဂျီးန်က ရံရွေတော်မိန်းကလေးတစ်ယောက်၏ ဝတ္တရားကို ဖြည့်ဆည်းရန်အတွက် စောင့်ဆိုင်းနေခြင်းလား၊ ဝေဖန်အပြစ်တင်ခံရမည်ကို ကြောက်ရွံ့သဖြင့် စောင့်ဆိုင်းနေခြင်းလား မကွဲပြားသော်လည်း ဟိုဟာလုပ်လို့မဖြစ်၊ ဒီဟာလုပ်လို့မဖြစ် အကျပ်ရိုက်ရသည့် လက်အောက်ငယ်သားတို့၏ အခြေအနေကို နားလည်၏။
“စာကြည့်ခန်းကို မြန်မြန်လေး တစ်ချက်လှည့်ပတ်ကြည့်ပြီးပြီဆိုတော့ သွားကြတာပေါ့။”
“ဟုတ်ကဲ့ပါ အရှင်မိဖုရား။”
ယူဂျင်းက လျှောက်လမ်းမှာ တခြားဘယ်သူများ ဖြတ်သွားမလဲ သတိထားစစ်ဆေးကာ ခပ်တိုးတိုးအသံဖြင့် မေးလိုက်သည်။
“ပေါက်ကွဲသံ ကြားလိုက်တယ်။ ဘာဖြစ်တာလဲ။”
“လာ့ခ် ပေါ်လာတယ်ဆိုတဲ့ အချက်ပြပါ။”
ယူဂျင်း၏ နှလုံးက စိတ်လှုပ်ရှားခြင်းကြီးစွာ ခုန်လာတော့သည်။ ယူဂျင်း နေထိုင်ခဲ့ရာကမ္ဘာနှင့် မဟာ၏ သိသာထင်ရှားသည့် ခြားနားချက်ကား လာ့ခ်၏ ဖြစ်တည်မှုပင်။ ယင်းမိစ္ဆာများမှာ မဟာတွင် နေထိုင်ကြသော လူသားများအား ခြိမ်းခြောက်ရန်မူလျက်ရှိကြသည့် အင်အားကြီး ရန်သူတော်များဖြစ်ကြ၏။
ထိုသို့ဆိုလျှင် ဤနေရာရှိ လူသားမျိုးနွယ်၏ နောက်ဆုံးသော ရည်မှန်းချက်ပန်းတိုင်က လာ့ခ်ကို အမြစ်ပြတ် ချေမှုန်းဖို့ရန်လားဟု မေးသည့်အခါ ‘ဟုတ်တယ်’ ဟု ပြန်ဖြေမည့်သူ များများစားစား ရှိနိုင်လောက်မည်မဟုတ်။
ရုန်းကန်လှုပ်ရှားရသည့်ရာသီလွန်လျှင် လာ့ခ်တို့ ပျောက်သွားတတ်ကြသည်။ လာ့ခ် ချန်ထားခဲ့သော ‘မျိုးစေ့’ များကို လူသားများက စုဆောင်းကာ ခြောက်သွေ့ရာသီတွင် သုံးကြ၏။ မျိုးစေ့များက လူသားတို့၏ဘဝ ပိုမိုကောင်းမွန်လာစေရန် ဆောင်ရွက်ပေးသည့် မရှိမဖြစ်အရေးပါသော ရင်းမြစ်များ ဖြစ်လာတော့သည်။
ခြောက်သွေ့ရာသီက လူသားတို့အတွက် အချိန်ဖြစ်ကာ ရုန်းကန်လှုပ်ရှားရသည့်ရာသီက လာ့ခ်တို့၏ အချိန်ဖြစ်ပေသည်။ တစ်နည်းဆိုရလျှင် လူသားနှင့် လာ့ခ်တို့ ဒွန်တွဲနေထိုင်ကြသည့် ကမ္ဘာတစ်ခုပင်။
“အဆင်ပြေရဲ့လား။”
“ဟုတ်ကဲ့၊ အရှင်မိဖုရား။ အဝါရောင်အချက်ပြ တက်သွားတာဖြစ်လို့ သိပ်ပြီးတော့ စိုးရိမ်ပူပန်စရာမလိုပါဘူး။”
‘အန္တရာယ်အဆင့်ကိုလိုက်ပြီး အချက်ပြစနစ်ရှိတယ်ထင်ပါရဲ့။’
ယူဂျင်းက မာရီအန်းကို ပို၍အသေးစိတ်ကျကျ မေးကြည့်ရမည်ဟု တွေးလိုက်သည်။ မာရီအန်းက ဂျီးန်ထက်ပို၍ ဂဃနဏ သိမည်ဖြစ်ကာ ပို၍လည်း ကောင်းမွန်စွာ ရှင်းပြနိုင်ပေလိမ့်မည်။
ဂျီးန်က ငယ်ငယ်ရွယ်ရွယ် အဆင့်နိမ့်အခြံအရံမိန်းကလေးတစ်ယောက်ပင်။ မိဖုရားတစ်ပါးအနေဖြင့် အားကိုးရန် သင့်တော်မည်မဟုတ်။ မိုးထိမြင့်မားသည့်အဆင့်တွင်ရှိနေသူ၏ လိုအပ်ချက်များကို မြင်ဖန်များလာလျှင် အထက်တွင်ရှိနေသူ၏ အာဏာကို မုန်းတီးကာ မထီမဲ့မြင်ပြုလာပေလိမ့်မည်။
‘လူအမျိုးမျိုးအထွေထွေ ကွဲပြားတာမို့လို့ အဲ့ဒီလိုမဟုတ်တဲ့လူလည်း ရှိနိုင်တယ်ဆိုပေမဲ့ပေါ့လေ။’
ယူဂျင်းက ခါးသီးစွာ ပြုံးလိုက်သည်။ တစ်ဖက်လူ၏ မကောင်းသည့်စိတ်ကို အရင်ပူပန်မိသည့် ကိုယ့်ကိုယ်ကိုယ် ခါးသီးမိ၏။
သူ့ဘဝတွင် အကောင်းထက် အဆိုးကို ပို၍တွေ့ကြုံခံစားခဲ့ရသည်။ မဟာသို့မလာမီ ယူဂျင်း၏ဘဝကား အင်အားကြီးသူ ရှင်သန်စတမ်းဟူသည့် တောတွင်းဥပဒေသနှင့် သိပ်ပြီးခြားနားခြင်းမရှိခဲ့။
သို့သော် ထိုအတွက်ကြောင့်ပဲ ဖြစ်လေမလား။ မရင်းနှီးသည့်ကမ္ဘာသို့ ရုတ်တရက် ကျလာသည့် ယူဂျင်းတစ်ယောက် ရှော့ခ်ရမှု သက်သာရန် အချိန်တိုတိုသာ ကြာလိုက်၏။ ရှင်သန်ရန် ရုန်းကန်မှုကား သူ အမြဲလုပ်နေကျအရာပင်။
ယူဂျင်းက အိပ်ခန်းဆီသို့ ပြန်သွားကာ မာရီအန်းကို အခေါ်ပါးလိုက်သည်။ ပေါက်ကွဲသံ ကြားသည်ဟု ပြောလိုက်သည်တွင် မာရီအန်းက စိုးရိမ်တကြီး မေးခဲ့သည်။
“အရမ်းလန့်သွားပါသလား။”
“မဟုတ်ပါဘူး။ ပတ်ဝန်းကျင်က တည်ငြိမ်နေတော့ ဘာမှထွေထွေထူးထူးမဟုတ်လောက်ဘူးလို့ပဲ တွေးလိုက်တာ။”
“ဟုတ်ပါတယ်၊ စိုးရိမ်စရာမလိုပါဘူး။ အခု အရှင်မင်းကြီး ထွက်သွားပြီဆိုတော့ မကြာခင် အပြာရောင်မီးပွား လွှတ်ပါလိမ့်မယ်။ ပထမဆုံးမီးပွားက သတိပေးချက်ဖြစ်ပြီး အန္တရာယ် ပြေလည်သွားပြီဆိုရင် အပြာရောင်မီးပွားကို ပစ်လွှတ်မှာပါ။”
“အမြဲတမ်း အရှင်မင်းကြီးက သွားတာလား။”
“ဟုတ်ကဲ့ အရှင်မင်းကြီးက နေ့ညမရွေး အမြန်ဆုံး အပြေးသွားတာပါ။ အရှင်မင်းကြီး ထွက်သွားပြီဆိုရင် ထိခိုက်ပျက်စီးမှု အနည်းဆုံးနဲ့ ဘေးကင်းတည်ငြိမ်မှုကို ရကြပါတယ်။”
မာရီအန်းက ဘုရင့်အထိန်းတော်အနေဖြင့်မဟုတ်ဘဲ တိုင်းသူပြည်သားတစ်ယောက်အနေဖြင့် ဘုရင်မင်းမြတ်အပေါ် လေးစားမှုကို ဂုဏ်ယူဝင့်ကြွားစွာ ပြသခဲ့သည်။
ယူဂျင်းက သဘောတူကာ ခေါင်းညိတ်လိုက်သည်။ ဘုရင်တိုင်းက မရဏဘုရင် ခါဆယ်ရ်ကဲ့သို့ ပြည်သူတို့ စွန့်လွှတ်အနစ်နာခံရခြင်းကို လျှော့ချရန် ကိုယ်တိုင်ဦးဆောင်ကာ လာ့ခ် အဖမ်းထွက်ကြသည်မဟုတ်။
ဝတ္ထုထဲတွင် အမှောင်ထုဘုရင် ဖဲရာ့ဒ်ဆိုလျှင် လာ့ခ် အဖမ်းထွက်ရသည်ကို စိတ်ရှုပ်စရာဟု သဘောထား၏။ ငရဲဘုရင် ရိုင်နောကား သူ၏ စွမ်းအားကို ထုတ်ကြွားရခြင်းအား နှစ်သက်သောကြောင့် မိမိ၏ စိတ်ကျေနပ်မှုအတွက် အင်အားကြီးသည့် လာ့ခ်ကိုသာ ဖမ်းလေ့ရှိသည်။ အာဏာရှင်များ မဟုတ်ကြသော်လည်း ပြည်သူတို့အပေါ် ချစ်စိတ်ရှိသည့် မင်းကောင်းမင်းမြတ်များ မဟုတ်ကြပေ။
‘အဲ့ဒီလူက မင်းကောင်းမင်းမြတ်ဖြစ်မဲ့ပုံပဲ။’
ယူဂျင်း၏ ဝတ္ထုထဲတွင် ဘုရင်တစ်ပါးအနေနှင့် မရဏဘုရင်၏ပုံစံ မပါရှိခဲ့။ ဟာရှီတိုင်းပြည်ကို နေရာတစ်ခု၏ အမည်အဖြစ်သာ ဖော်ပြထားပြီး အဓိကဇာတ်အိမ်တည်ရာက ဘာသာရေးမြို့တော် ဖြစ်သောကြောင့်ပင်။ ဝတ္ထုထဲတွင် သူက ဘုရင်တစ်ပါးဆိုတာထက် ကြံ့ခိုင်သည့် စစ်သည်တော်တစ်ယောက်ဖြစ်၏။
“အချက်ပြမီးပွားတွေကို အရောင်နဲ့ ခွဲခြားတာလား။”
“ဟုတ်ပါတယ်၊ အရှင်မိဖုရား။”
မာရီအန်းက အချက်ပြမီးပွားစနစ်ကို ရှင်းပြခဲ့သည်။ လာ့ခ်က မြို့ရိုးတံတိုင်း အပြင်ဘက်ကို တိုက်ခိုက်လျှင် အဝါရောင်၊ လာ့ခ် မြို့ရိုးတံတိုင်းကို လုံးဝကျော်လာလျှင် အစိမ်းရောင်၊ လာ့ခ် မြို့အတွင်းမှာပေါ်လာလျှင် အနီရောင်။
အဝါရောင်အချက်ပြက ပုံမှန်အားဖြင့် လေးရက်ခြားတစ်ခါ၊ ငါးရက်ခြားတစ်ခါဆိုသလို တစ်နေ့လျှင် အကြိမ်ပေါင်းများစွာ ပေါက်ကွဲတတ်သည်။ အစိမ်းရောင်အချက်ပြကတော့ တစ်ခါတစ်ရံတွင် ရုန်းကန်လှုပ်ရှားရသည့် ရာသီအတွင်း လုံးဝမပေါက်ကွဲသည့်အဖြစ်လည်း ရှိသကဲ့သို့ တစ်ခါတစ်ရံတွင် ပျမ်းမျှအားဖြင့် သုံးလေးကြိမ် ပေါက်ကွဲတတ်သည်လည်းရှိ၏။
အနီရောင်အချက်ပြ ပေါက်ကွဲလျှင်တော့ ကျိန်းသေပေါက် သေကြေပျက်စီးမှု ရှိပေမည်။ အသေအချာ လက်နက်ကိုင်ဆောင်ထားကြသည့် တပ်သားများ စောင့်ကြပ်ရာ တံတိုင်းနားတစ်ဝိုက်ကို လျှင်မြန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်သော်လည်း အကာအကွယ်မဲ့သည့် ပြည်သူများ ဥဒဟိုသွားလာရာလမ်းများပေါ်တွင် လာ့ခ်ပေါ်လာသည့်အခါတွင်ကား နည်းလမ်းမရှိပေ။
“ရုန်းကန်လှုပ်ရှားရတဲ့ ရာသီအတွင်းမှာ အနီရောင်အချက်ပြက ဘယ်နှခါလောက် ပေါက်ကွဲတတ်သလဲ။”
“အနည်းဆုံး နှစ်ကြိမ်၊ သုံးကြိမ်ပါ။”
“အာ…”
ထင်ထားတာထက် ပိုများနေသောကြောင့် ယူဂျင်းလည်း အံ့ဩသွားတော့သည်။ မာရီအန်း၏ စကားသာ အမှန်ဆိုလျှင် ရုန်းကန်လှုပ်ရှားရသည့် ရာသီရောက်တိုင်း သေကြေပျက်စီးမှု အမြဲရှိသည့်သဘောပင်။
“အနီရောင်အချက်ပြ လုံးဝမရှိတဲ့အဖြစ်မျိုးရော ရှိဖူးလား။”
“မရှိဖူးပါဘူး။ ဒါပေမဲ့ အရှင်မင်းမြတ် စံမြန်းရာ မြို့တော်ကတော့ အခြေအနေ ပိုကောင်းတာပေါ့။”
မာရီအန်းက ယူဂျင်း၏မျက်နှာထားကို ဂရုတစိုက် အကဲခတ်ကာ မေးခဲ့သည်။
“စာကြည့်ခန်းကို လှည့်လည်ကြည့်ရှုပြီးပါပြီလား။ မှတ်မိတာ တစ်ခုခုများ ရှိသလားရှင့်။”
“ပထမဆုံးအကြိမ် ရောက်ဖူးသလိုမျိုး အစိမ်းသက်သက် ဖြစ်နေတာပေါ့။ ဒါပေမဲ့…”
“ဘာများပြဿနာရှိလို့ပါလဲ။”
“ဟို…ထူးဆန်းတဲ့စာအုပ် တွေ့ခဲ့တယ်။ မာရာ…ပုံကိုဆွဲထားတဲ့စာအုပ်…”
မာရီအန်းက “အာ…” ဟု အံ့ဩတကြီး ရေရွတ်ကာ ပေါ့ပါးသည့်မျက်နှာထားဖြင့် ပြုံးခဲ့သည်။
“ရှေးဟောင်းစာအုပ်တချို့မှာ အဲ့ဒီလိုအရာတွေ ပါတတ်ပါတယ်။”
“အဲ့ဒီလိုစာအုပ်မျိုး ရှိနေလို့ ဖြစ်ရဲ့လား။”
“တားမြစ်ထားတယ်ဆိုပေမဲ့ စာအုပ်က စာအုပ်ပါပဲ။ မာရာနဲ့ပတ်သက်တဲ့ စာအုပ်တွေက အလှဆင်ထားတဲ့ အဆင်တန်ဆာတွေ အများကြီးပါလို့ စာအုပ်စုဆောင်းသူတွေကြားမှာ အထူးတလှယ် ရေပန်းစားတယ်လို့ သိရပါတယ်။”
‘အာ၊ အဲ့ဒီလိုကိုး။’
မာရီအန်း၏စကားမှ ယူဂျင်းတစ်ယောက် သဲလွန်စရလိုက်သည်။
‘ဂျင်။ နင်က ခေါင်းသုံးထားတာပဲ။ စုဆောင်းမှုအဖြစ်နဲ့ စုဆောင်းတော့ မာရာရဲ့စာအုပ်ကို ပြောင်ပြောင်တင်းတင်းစုလို့လည်း သံသယအဝင်မခံရဘူးပေါ့။’
ယူဂျင်းလည်း သေချာသွားတော့သည်။ စာကြည့်ခန်းက ကျိန်းသေပေါက် မျက်စိလှည့်စားမှုပင်။ တစ်နေရာရာတွင် ဂျင်၏ လျှို့ဝှက်ယဇ်စင် ရှိပေလိမ့်မည်။
ဂျင်က စာသဘောပေသဘော သိလို၍ မာရာနှင့်ပတ်သက်သည့် ဗဟုသုတများ ရှာမှီးလေ့လာနေခြင်းမဟုတ်။ တားမြစ်ထားသည့်အစွမ်းကို ရနိုင်မည့်နည်းလမ်းအား တစ်နေရာရာမှ ရလာခဲ့သည့် ဂျင်က မာရာ ဝင်စားမှု ဖြစ်လာရန် ကံပါလာသူပင်။
‘ကျိန်းသေပေါက် အခု အဲ့ဒီလိုမဖြစ်သေးဘူးဆိုပေမဲ့ပေါ့လေ။’
ယူဂျင်းက ကြောင့်ကြနေသည့်စိတ်ကို ငြိမ်အောင်ထိန်းလိုက်သည်။ ယဇ်စင်ကို နေရာအနှံ့လိုက်ရှာမည်ဆိုလျှင် သိသာနေရုံသာ ရှိပေလိမ့်မည်။ ဖြည်းဖြည်းချင်း မှတ်ဉာဏ်ပြန်ရလာနိုင်ခြေလည်းရှိ၏။ ဂျင်က လက်လွတ်စပယ် ဝှက်ထားလောက်စရာ အကြောင်းမရှိပေ။
“ကျွန်မ ဘုရင့်တိုင်းပြည်ကို လာခဲ့တုန်းက စာအုပ်တွေ အများကြီးယူလာတယ်လို့ ပြောခဲ့တယ်နော်။”
“ဟုတ်ပါတယ်၊ အရှင်မိဖုရား။”
“ကျွန်မ ယူလာတဲ့စာအုပ်တွေနဲ့ အဲ့ဒီနောက်မှာ ထပ်ပြီးစုဆောင်းတဲ့ စာအုပ်တွေကို ခွဲခြားနိုင်မဲ့နည်းလမ်း ရှာချင်ပါတယ်။”
“အရှင်မိဖုရားက သပ်သပ်စီခွဲပြီး စီစဉ်သိမ်းဆည်းထားလောက်မှာပဲဆိုပေမဲ့ အခုတော့ မမှတ်မိဘူးထင်ပါရဲ့။ အဲ့ဒီလိုဆိုတော့ အသုံးစာရင်းတွေကို စစ်ကြည့်ချင်လားရှင့်။ အသေးစိတ်အချက်အလက်တွေ မရှိရင်တောင်မှ တစ်လတစ်လ စာအုပ်အတွက် ဘယ်လောက်သုံးသလဲဆိုတာကို မှန်းကြည့်လို့ရပါလိမ့်မယ်။”
“အကြံကောင်းသားပဲ။”
ခဏအကြာတွင် ယူဂျင်းတစ်ယောက် ယခုနှစ်အတွက် မိဖုရား ခွဲတမ်းချထားသည့် ဘဏ္ဍာငွေနှင့် အသုံးစရိတ်စာရင်းကို ရခဲ့သည်။
“မြန်မြန်စစ်ဆေးနိုင်အောင်လို့ ဒီနှစ်ရဲ့အချက်အလက်တွေ ယူလာပါတယ်။ လွန်ခဲ့တဲ့နှစ်တွေအတွက်ကတော့ ပိုပြီးအသေးစိတ်ကျတဲ့ အချက်အလက်တွေကို စီစဉ်ရှင်းလင်းရဦးမှာမို့ အချိန်လိုတယ်လို့ပြောပါတယ်။”
နှစ်တစ်ဝက်ကျိုးသွားခဲ့ပြီဖြစ်သောကြောင့် မာရီအန်း ယူလာသည့် အချက်အလက်များမှာ နှစ်ဝက်တာ အသုံးစရိတ်ပင်။
‘ရွှေဒင်္ဂါးက စံယူနစ်ပဲ။ တော်သေးတာပေါ့။’
နေ့စဉ် လိုအပ်သည့်သုံးစွဲမှုများ၏ တန်ဖိုးကိုမသိသော်လည်း အကြီးဆုံး ငွေကြေးယူနစ်ဖြစ်သော ရွှေဒင်္ဂါး၏ တန်ဖိုးကိုကား အကြမ်းဖျင်းသိထား၏။
“ကျေးဇူးပါပဲ။ အချိန်ယူပြီး ကိုယ့်ဘာသာ ကြည့်လိုက်မယ်။”
“ဟုတ်ကဲ့ပါ၊ အရှင်မိဖုရား။”
အားလုံး ထွက်သွားကြပြီးသည့်နောက်တွင် ယူဂျင်းက စာရွက်စာတမ်းများအား သေသေချာချာ ဖတ်လိုက်သည်။ သူ့မျက်နှာထားက သိသိသာသာ တင်းမာလာကာ နှုတ်ခမ်းများ အနည်းငယ် တုန်ယင်လာတော့၏။ စာရွက်စာတမ်းများကို ကိုင်ထားသည့် လက်က အလိုလို တင်းသွားခဲ့သည်။
‘ရူးတော့မယ်။ ဒါက စာအုပ်နှစ်အုပ်စာ တန်ဖိုးပေါ့လေ။ ရှေးဟောင်းစာအုပ်လေးတစ်အုပ်က အိမ်တစ်လုံးစာလောက်ရှိတာပဲ။’
ဂျင်က လူတွေနှင့် အဆက်အဆံလုပ်တာ ရှားပါးလှသောကြောင့် အဝတ်အစားတို့၊ လက်ဝတ်ရတနာတို့ကဲ့သို့သော အဖိုးတန်ပစ္စည်းများအတွက် ငွေသိပ်သုံးရန်မလို။ ဘာမှမသုံးဘဲနေခြင်းကားမဟုတ်။ သူ၏ ဂုဏ်သိက္ခာသူ ထိန်းသိမ်းရန်အတွက် ခေတ်သစ်ငွေကြေးတန်ဖိုးအရ ဝမ် သန်းရာချီသည့် ပမာဏကို လစဉ်လတိုင်းသုံး၏။
သို့သော် စာအုပ်ဝယ်သည့် တန်ဖိုးပမာဏမှာ အင်မတန် များလှသောကြောင့် ဝမ် သန်းရာချီဟူသောပမာဏမှာ ရယ်စရာပင်ဖြစ်နေခဲ့သည်။ ကျိန်းသေပေါက် ထိုငွေကြေးအားလုံးမှာ တော်ဝင်နန်းတော်၏ အသုံးစရိတ်ထဲမှ လာခြင်းပင်။
‘တယ်ဆိုးတဲ့ကောင်မပါလား။ ဘုရင်ပေးတဲ့ပိုက်ဆံနဲ့ စာအုပ်တွေဝယ်၊ အဲ့ဒီစာအုပ်တွေက ရလာတဲ့အသိနဲ့ မာရာရဲ့မှော်ပညာကိုသင်၊ ပြီးတော့ ဘုရင့်တိုင်းပြည်က ပြည်သူပြည်သားတွေကို ချရင်းပြီး အစွမ်းတွေရအောင်ယူတယ်တဲ့လား။’
တခြားတိုင်းပြည်များတွင်ရော မိဖုရားများအား ဤမျှများပြားသည့် ငွေပမာဏမျိုး ချပေးလောက်မည်လား။ ပြီးခဲ့သည့် နှစ်ဝက်တာကာလအတွင်း သုံးစွဲခဲ့သည့် ပမာဏကို ပျမ်းမျှယူကာ သုံးနှစ်စာအတွက် တွက်ကြည့်မည်ဆိုလျှင် ဧရာမ ပမာဏကြီးပင်။
‘ဟာရှီတိုင်းပြည်က ကြွယ်ဝလို့လား။ အဲ့ဒါကြောင့် ဂျင်က မရဏဘုရင်ကို လက်ထပ်ခဲ့တာလား။’
ဖောင်း….
ယူဂျင်းတစ်ယောက် လန့်သွားကာ ခေါင်းထောင်လိုက်သည်။ ထို့နောက် ဝုန်းခနဲထကာ ပြတင်းပေါက်ဆီသို့ အပြေးသွားလိုက်၏။ ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်လိုက်သည်တွင် အပြာရောင်မီးခိုးများ ကောင်းကင်တစ်ခွင် ပြန့်နေသည်ကို တွေ့လိုက်ရသည်။
“ပြီးသွားပြီပဲ…”
မိစ္ဆာများပေါ်လာတတ်သည့် ကမ္ဘာတွင် နေထိုင်ကြသည့် လူများအား ကာကွယ်ပေးနေသော ဘုရင်က မည်သို့သော ဖြစ်တည်မှုမျိုး ဖြစ်လောက်မည်ကို အနည်းငယ် သိရှိနားလည်လိုက်ရ၏။ ဤနေရာတွင် နေထိုင်သူတစ်ဦး ဖြစ်သွားရသလိုပင်။ အားပြင်းသည့် စိတ်သက်သာရာရမှုကို ခံစားလျက် ယူဂျင်းတစ်ယောက် ခပ်တိုးတိုးလေး ရယ်လိုက်မိတော့သည်။
~~~~~
Miel’s Translations