Chapter 20
အပိုင်း ၂၀
“ဝါး”
“အရှင်မင်းမြတ် သက်တော်ရာကျော်ရှည်ပါစေ။”
နားကွဲလောက်စရာ ဟစ်ကြွေးသံကြီးပင်။ အသေးစားဒဏ်ရာလေး တချို့တလေမှလွဲ၍ ထိခိုက်မှု ကြီးကြီးမားမားမရှိဘဲ လာ့ခ်ကို တားဆီးနိုင်လိုက်သဖြင့် တပ်သားများ အောင်ပွဲခံနေခဲ့ကြသည်။ ထို့အပြင် ဤသည်မှာ အံ့မခန်းဖွယ် စွမ်းဆောင်မှုဖြင့် သူ့တို့အား ယနေ့အောင်ပွဲဆီသို့ ဦးဆောင်ခဲ့သော ဘုရင်မင်းမြတ်၏ ကျေးဇူးကြောင့်ဖြစ်သည်ဟု အားလုံးက ယူဆထားကြ၏။
ခါဆယ်ရ်က သူ့အား ဩဘာပေးနေကြသည့် တပ်သားများကို စိုက်ကြည့်လိုက်သည်။ သူ၏ ဘာသိဘာသာမျက်နှာထားကား အောင်ပွဲခံ ဇာတ်လိုက်တစ်ယောက်အနေဖြင့် မာန်ဝင့်မှုရော၊ ခံစားချက်ပါ တစ်စက်ကလေးမှ ဖော်ပြနေခြင်းမရှိခဲ့။
ရုန်းကန်လှုပ်ရှားရသည့်ရာသီအစတွင် ပထမဆုံးသော တိုက်ပွဲသာ ရှိပါသေးသည်။ လာမည့်နှစ်လအတွင်း လာ့ခ်ဘယ်နှကောင်လောက် အဖမ်းထွက်ရဦးမည်လဲဆိုသည်ကို မသိနိုင်ပေ။
သို့သော် ခါဆယ်ရ်က အလကားသက်သက် တပ်သားများအား ဒီအချက်ကို သတိပေးမနေတော့။ သူတို့အနေဖြင့်လည်း မသိနိုင်စရာအကြောင်းမရှိ။ လောလောဆယ်တော့ သူတို့အား စိတ်ရှိသလောက် ပျော်ခွင့်ပေးထားလိုက်သည်။
နှစ်လအတွင်းတွင် သူတို့ထဲမှ တချို့က ပြင်းပြင်းထန်ထန် ဒဏ်ရာရနိုင်သလို၊ တချို့ကိုတော့ ဘယ်တော့မှ ထပ်မတွေ့ရတော့မည့်အဖြစ်မျိုးအထိ ဖြစ်နိုင်ချေရှိပေသည်။ သေးငယ်သည့် စွန့်လွှတ်အနစ်နာခံမှုကလည်း စွန့်လွှတ်အနစ်နာခံမှုပင်။ မိစ္ဆာထံပါးတွင် သူ၏ ပြည်သူပြည်သား တစ်ယောက်ကလေး ဆုံးရှုံးလိုက်မည်ကိုပင် မမြင်လိုပေ။
ခါဆယ်ရ်က အနောက်လှည့်ကာ အဆုံးမရှိသည့် သဲပြင်ကို ငေးကြည့်လိုက်သည်။ ထို့နောက် ရဲတိုက်တံတိုင်းအတွင်းမှ သူ၏တိုင်းပြည်ဆီသို့ မျက်လုံးပြန်လွှဲလိုက်၏။
သူ၏ တိုင်းပြည်။ သူ၏ ပြည်သူများ။
သူ့တစ်သက်လုံး အစွမ်းကုန်ထုတ်သုံး၍ ကာကွယ်သွားရမည့် ရတနာများကား ဤနေရာတွင်ရှိနေကြသည်။
ကန္တာရအနီးတွင် ပေါ်လာတတ်သည့် လာ့ခ်များကား များသောအားဖြင့် သာမန်လူတို့ ရင်ဆိုင်ရန်ခက်သည့် မိစ္ဆာများဖြစ်ကြ၏။ တခြားတိုင်းပြည်များတွင် လူ့ကိုယ်ထည်လောက်ရှိသည့် မြွေလာ့ခ်များ ပေါ်လာသည်မှာ ရှားပါးသည်ဟု ကြားဖူးထားသည်။ သို့သော် ဤနေရာတွင်တော့ ယင်းတို့မှာ ပုံမှန်ပင်။
သူမရှိလျှင်၊ ဘုရင်မရှိလျှင် ဟာရှီတိုင်းပြည်၏ ပြည်သူများ မိစ္ဆာများကိုတိုက်ခိုက်ရင်း သေဆုံးကြပေလိမ့်မည်။ တိုင်းပြည်သည်လည်း ခဏတွင်းချင်းမှာပင် ခြောက်ကပ်သည့် နိုင်ငံတစ်ခုအဖြစ်သို့ရောက်သွားပေလိမ့်မည်။ ဘုရင်မရှိသည့်တိုင်းပြည်မှ တိုင်းသူပြည်သားများ၏ အခြေအနေက မည်မျှဒုက္ခပင်လယ်ဝေနေမည်ဆိုသည်ကို စိတ်ကူးကြည့်ရန်ပင်မလိုပေ။
‘ဆက်ခံသူရှိမှဖြစ်မယ်။’
သူ့အား အခိုင်အမာ ပံ့ပိုးကူညီပေးမည့် ဆက်ခံသူ၊ အရေးပေါ်အခြေအနေများတွင် ယုံကြည်မှုအပြည့်ဖြင့် အားထားနိုင်မည့် တစ်စုံတစ်ယောက်။
အခုတလော သူ၏ ဖခင်၊ နတ်ရွာစံ မရဏဘုရင်၏ ခံစားချက်များကို အနည်းငယ် နားလည်လာခဲ့သည်။ ထိုသို့သောမိန်းမမျိုးနှင့် လက်ထပ်ရသည်အထိ ဆက်ခံသူ မွေးထုတ်မှဖြစ်မည်ဟူသော မျှော်လင့်တကြီးခံစားချက်ကို နားလည်နိုင်ပြီဟု တွေးမိ၏။
‘ငါရော ဘာထူးလို့လဲ။’
ခါဆယ်ရ်က ကိုယ့်ကိုယ်ကိုယ် ပြန်ရယ်လိုက်သည်။ လူကောင်းဖြစ်နေသည့်အတွက်၊ မိဖုရားတစ်ပါးအနေနှင့် ပြီးပြည့်စုံတဲ့အတွက်၊ သူ့ကလေးအတွက် မိခင်ကောင်းတစ်ယောက် ဖြစ်လာနိုင်သည့်အတွက် မိဖုရားအား လက်ထပ်ခဲ့ခြင်းမဟုတ်။
‘အရေးမပါတာတွေ လိုက်ပူနေမိတာပဲ။’
မိဖုရား မှတ်ဉာဏ်ပျောက်သွားသည်ဖြစ်စေ၊ မှတ်ဉာဏ်ပျောက်ချင်ယောင်ဆောင်သည်ဖြစ်စေ ဘာများအရေးပါသနည်း။ ဆက်ခံသူတစ်ယောက် မွေးဖွားပေးသရွေ့ မိဖုရား ဘာကြံနေသည်ကို သိရန်မလိုပေ။
လွန်ခဲ့တဲ့ သုံးနှစ်အတွင်း သည်းခံခဲ့ရသည့်စိတ်နှင့် ပျောက်ဆုံးသွားသည့် နိုင်ငံ့ရတနာအထိ၊ ပြန်ဆပ်ရမည့်တန်ကြေးကား အင်မတန် ကြီးမားလှပေသည်။ ယခုက အရေးမပါသည့် စိတ်ခံစားချက် ကစားပွဲတွင် နစ်မျောနေရမည့်အချိန်မဟုတ်ပေ။
တစ်နေ့လုံး ဆုံးဖြတ်မရရှိနေခဲ့သည့် သူ၏မျက်လုံးများထဲမှ ဝေခွဲမရဖြစ်မှုသည်လည်း ပျောက်ကွယ်သွားလေ၏။ ခါဆယ်ရ်က ခိုင်မာပြတ်သားသည့် မျက်နှာထားနှင့် စိတ်ပိုင်းဖြတ်လိုက်သည်။
~~~~~
“အရှင်မိဖုရား။”
“ဝင်လာခဲ့။”
မာရီအန်းက အထဲဝင်လာကာ ယူဂျင်း၏ မျက်နှာထားကို သတိနှင့်အကဲခတ်ရင်း ပြောခဲ့သည်။
“အရှင်မင်းကြီးက သတင်းစကား အမှာပါးလိုက်ပါတယ်။”
“ဘာကိစ္စများလဲ။”
“ဒီနေ့ည ကြွချီလာပါမယ်တဲ့။”
“အာ…”
ယူဂျင်းတစ်ယောက် စကားမဆက်နိုင်ဘဲ ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်သွားခဲ့သည်။ ညဘက် ဆောင်တော်ကူးမည်ဟူသည့် အဓိပ္ပာယ်မှာ သိသာလှပေသည်။ ယခင်ကကဲ့သို့ အိပ်ရာထဲ၌ သူ့ဘေးတွင် အသာလေးလဲလျောင်းကာ ဒီအတိုင်း အိပ်လိမ့်မည်မဟုတ်။
ယူဂျင်းက အမှန်တော့ အနည်းငယ် စိတ်အခက်မသင့် ဖြစ်နေခဲ့သည်။ လွန်ခဲ့သည့်နှစ်ရက် မင်္ဂလာဦးညကို ကုန်ဆုံးခဲ့ပြီးကတည်းက ထိုလူအား တစ်ခါမှ မတွေ့ရသေးပေ။ One night stand လုပ်ခဲ့သည့် ယောက်ျားနှင့် ဆက်သွယ်၍မရသည့် ခံစားချက်က ဒီလိုများဖြစ်လေမလား။ မာနထိခိုက်ရသလိုရှိကာ စိတ်လည်းတိုမိရပြီး၊ မည်သို့ပင်ဖြစ်စေ အနည်းငယ် ထိုကဲ့သို့ ခံစားခဲ့ရသည်။
သို့သော် စောစောက အချက်ပြမီးပွား ပွင့်သွားချိန်မှစ၍ အေးစက်နေသည့် ယူဂျင်း၏စိတ်က ပြေလျော့သွားခဲ့သည်။ မာရီအန်း၏ ရှင်းပြချက်ကို ကြားပြီးသည်တွင် နောက်ဆုံးမှာ ရုန်းကန်လှုပ်ရှားရသည့် ရာသီ၏ အဓိပ္ပာယ်ကို ပြန်တွေးလိုက်၏။
ရုန်းကန်လှုပ်ရှားရသည့်ရာသီကား လူတစ်ယောက်၏ သေခြင်းရှင်ခြင်းကို အဆုံးအဖြတ်ပေးသည့် ပူဆွေးဝမ်းနည်းဖွယ်ရာ ကာလပင်။ မိမိ သို့မဟုတ် မိမိ၏ မိသားစုက ဘယ်အချိန်၊ ဘယ်နေရာတွင် မိစ္ဆာ၏ လက်ချက်ဖြင့် သေဆုံးရမည်ကို မသိနိုင်ပေ။ တိုင်းပြည်ဘေးကင်းရေးအတွက် အင်မတန် အာရုံစိုက်နေရသောကြောင့် တခြားကိစ္စများ တွေးရန်အချိန်မရှိသည့် ဘုရင်၏စိတ်ကို နားလည်သွားခဲ့သည်။
“မလိုက်လျောချင်ဘူးလားရှင့်။”
ယူဂျင်းက ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။ သူ့အပေါ် မကျေနပ်စိတ် စွဲရစ်ကျန်ရှိနေခြင်းမရှိသော်လည်း သူနှင့် မျက်နှာချင်းဆိုင်ရမည်ကိုတော့ အိုးတိုးအမ်းတမ်း ဖြစ်မိ၏။
စာအုပ်ထဲတွင် မရင်းနှီးသည့်လူနှစ်ဦးက ရုပ်ပိုင်းဆိုင်ရာအရသာ ပွင့်လင်းပြီး အရိုင်းဆန်သည့်တစ်ညတာကို ကုန်ဆုံးခဲ့ကြသည်။ ထိုကွာဟချက်က ကြောင်အမ်းအမ်းနိုင်လှသည့်အတွက် ယူဂျင်းတစ်ယောက် ဘယ်ကိုကြည့်လို့ကြည့်ရမှန်းမသိတော့သလို ခံစားနေရ၏။
“ဟုတ်ကဲ့၊ နားလည်ပါပြီ။”
“မာရီအန်း။”
ယူဂျင်းက လှည့်ထွက်သွားသည့် မာရီအန်းကို ခေါ်လိုက်သည်။
“ရှင်။”
“ငြင်းရင်ရော…အဆင်ပြေရဲ့လား။”
မာရီအန်းက ပြုံးခဲ့သည်။
“အရှင်မိဖုရား။ အကြင်လင်မယား ဆက်ဆံရေးဆိုတာ တစ်ဖက်သတ် ဖိအားပေးပြီး တည်ဆောက်ရမဲ့အရာ မဟုတ်ပါဘူး။ နှစ်ဦးနှစ်ဖက် သဘောတူညီမှုအပေါ် အခြေခံသင့်ပါတယ်။ အရှင်မိဖုရားက လိုက်လျောချင်စိတ်မရှိဘူးဆိုရင် ကျိန်းသေပေါက် ငြင်းလို့လည်း ရပါတယ်။”
ယူဂျင်းလည်း မာရီအန်း၏စကားကို သဘောတူလက်ခံသည်။ သို့သော် ဤနေရာကား ဇာတ်အနိမ့်အမြင့်ရှိသည့် တိုင်းပြည်ဖြစ်ကာ ခါဆယ်ရ်က ပြည့်ရှင်ဘုရင်ပင်။ ထို့အပြင် မာရီအန်းက ဘုရင့်အထိန်းတော်မဟုတ်ပါလား။ ယူဂျင်းက မာရီအန်းအား အင်မတန် ရှေးရိုးစွဲသည့်သူတစ်ဦးဖြစ်လိမ့်မည်ဟု တွေးထားခဲ့သည်။
“ရာရာစစ မေးကြည့်ပါရစေ။ အရှင်မင်းကကြီးက ဘာအမှားများ လုပ်ထားလို့ပါလဲ။”
“မဟုတ်ပါဘူး။ ကျွန်မပြဿနာပါ။”
“အဲ့ဒီလိုဆိုရင်တော့ ကျွန်မ ဘာမှစိတ်ပူစရာမရှိတော့ပါဘူး။”
အိပ်ခန်းထဲမှ ထွက်လာချိန်တွင် မာရီအန်းက စိတ်ထဲမှ ကျိတ်ပြီးစုပ်သပ်လိုက်သည်။ ဘုရင်မင်းမြတ်က အမှားတစ်ခုခု လုပ်ကိုလုပ်ထားပေလိမ့်မည်။ မဟုတ်လျှင် မှတ်ဉာဏ်များပျောက်ဆုံးနေသည့် မိဖုရားက အဘယ်ကြောင့်များ ဘုရင်ကို ရှောင်နေစရာအကြောင်းရှိမည်နည်း။
ထို့အပြင် ဘုရင်၏အမှားဆိုလျှင် အမှတ်တမဲ့ စကားကို လွှတ်ခနဲပြောလိုက်မိခြင်း ဖြစ်ရပေမည်။ ယင်းမှာ အရာရာပြီးပြည့်စုံသည့် ဘုရင်မင်းမြတ်ထံတွင် မာရီအန်း တွေးကြည့်၍ရသည့် တစ်ခုတည်းသော အားနည်းချက်ပင်။ ဘုရင်မင်းမြတ်က ဝေ့ကာဝိုက်ကာ ဖွဲ့နွဲ့ပြောဆိုရခြင်းကို မနှစ်သက်ဘဲ ဘွင်းဘွင်းရှင်းရှင်း တဲ့တိုးပြောတတ်သောကြောင့် နားထောင်ရသူများခမျာ အိုးတိုးအမ်းတမ်း ဖြစ်ကြရလေ့ရှိသည်။
‘စကားကို ပိုပြီးတော့ ညင်ညင်သာသာလေးပြောပါလို့ အကြံပေးထားတာတောင်မှ နားမထောင်ပါလား။’
မာရီအန်းက ဘုရင်မင်းမြတ် လူလားမြောက်လာသည်ကိုကြည့်ရင်း သူ၏ စိတ်နေစရိုက် လမ်းကြောင်းမမှားရအောင် သတိထား၍ ထိန်းသိမ်းလမ်းပြခဲ့သူပင်။ အထူးသဖြင့် မိခင်ဖြစ်သူ၏ လွှမ်းမိုးမှုကြောင့် မိန်းမများအပေါ်ထားသည့် သူ၏အမြင် ပျက်ယွင်းခြင်းမရှိရအောင် အများကြီး အားထုတ်ခဲ့သည်။
သို့သော် ကိုယ်တိုင်က မှူးမတ်အနွယ်တော်မဟုတ်သောကြောင့် ကျင်လည်နှံ့စပ်မှုမရှိသည့်အတွက် သူများနှင့် သင့်မြတ်အောင် ပေါင်းသင်းဆက်ဆံရန် လိုအပ်သည့် လူမှုဆက်ဆံရေး အရည်အချင်းများကို သင်ကြားပေးရာတွင် အတော်အသင့် လစ်ဟင်းခဲ့မိ၏။ အခုမှလာ၍ တွေးကြည့်လျှင် တသသဖြစ်စရာများ များပြားလှပေသည်။
နောက်တစ်နေ့ မနက်တွင် မာရီအန်းက ဘုရင်မင်းမြတ်ထံမှ အမှာပါးလိုက်သည့်စကားကို ယူဂျင်းအား အသိပေးခဲ့သည်။
“အရှင်မင်းကြီးက နေ့လယ်စာ အတူတူသုံးဆောင်ဖို့ ဖိတ်ကြားလိုက်ပါတယ်။”
“နေ့လယ်စာ။”
“ဟုတ်ပါတယ်၊ အရှင်မိဖုရား။”
မာရီအန်းက ယူဂျင်း၏ အဖြေကို တုန်လှုပ်စွာ စောင့်စားနေခဲ့သည်။ အစားအသောက်အတူတူသုံးဆောင်ရန် ဖိတ်ကြားမှုကိုပင် ငြင်းသည်ဆိုလျှင် မိဖုရားက ဘုရင်မင်းမြတ်ကို လုံးဝငြင်းသည့်သဘောပင်။ ထို့ကြောင့် ယူဂျင်းက “ကောင်းပါပြီ” ဟု ပြန်ဖြေလိုက်သည့်အခါ မာရီအန်းက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
နေ့လယ်စာစားရန်အတွက် အခစားဝင်သည့် အခြံအရံမိန်းကလေးများနှင့်အတူ ပြင်ဆင်နေရင်း ယူဂျင်းက ဘုရင်မင်းမြတ် သူ့အား နေ့လယ်စာ အတူတူသုံးဆောင်ရန် ဖိတ်ကြားခဲ့သည့် မကြာသေးမီက အဖြစ်အပျက်ကို တွေးလိုက်မိသည်။ ထိုအချိန်က သူ့ခမျာ အမှားလုပ်မိမှာ စိုးရိမ်ကာ အင်မတန် စိတ်လှုပ်ရှား တုန်လှုပ်ခဲ့ရ၏။
ဘယ်လောက်မှတောင် မကြာသေးဘူးဆိုသော်လည်း ရက်ပိုင်းအတွင်းမှာတင် သူ့စိတ်က လုံးဝပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ယခု ကြောက်ရွံ့မှုကိုရော၊ ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်တာကိုပါ မခံစားရတော့ပေ။
ယူဂျင်းက ရုတ်တရက် ဤအဖြစ်ကို ထူးဆန်းသည်ဟု တွေးလိုက်မိသည်။
‘ငါ ဒီဘက်ကမ္ဘာနဲ့ တော်တော့်ကို မြန်မြန်လေး အသားကျနေသလိုပဲ။ ဒါက ပုံမှန်ရောဟုတ်ရဲ့လား။’
ဤသည်ကား သူဖန်တီးထားသည့်ကမ္ဘာဖြစ်ပြီး နဂိုကတည်းက ရှိခဲ့ပြီးသား ဇာတ်ကောင်၏ကိုယ်ထဲ ရောက်လာခဲ့သည်ဆိုသော်လည်း လက်တွေ့မဆန်သည့် ဤအခြေအနေကို အလွယ်တကူ လက်ခံနိုင်၊ နားလည်နိုင်နေကြောင်း တွေ့လိုက်ရသည်။
မရင်းနှီးသည့် ခန္ဓာကိုယ်က တိုင်းချုပ်ထားသည့်ဝတ်စုံအလား ကွက်တိဖြစ်နေ၏။ ပထမဆုံးအကြိမ် ကိုယ့်ရုပ်ရည်ကိုယ် မှန်ထဲတွင် မြင်လိုက်ရတုန်းကသာ အံ့ဩမိခဲ့သော်လည်း ယခုမူကား ဘာမှမဟုတ်သလို ခံစားရသည်။ ဤမျက်နှာက အမြဲတမ်း သူ၏မျက်နှာဖြစ်ခဲ့သလိုပင်။
ယူဂျင်းက သူ့ကိုယ်သူ အထူးတလှယ် ရဲတင်းသည်ဟူ၍ရော၊ တစ်မူထူးခြားစွာ လိုက်လျောညီထွေဖြစ်အောင် နေထိုင်နိုင်သည်ဟူ၍ပါ ထင်မထားခဲ့။ မေးကြည့်၍ရသူ တစ်ဦးမှမရှိသော်လည်း သူနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာက ကွဲပြားနေသလို ခံစားခဲ့ရသည်။
ဂျီးန်က အနားသို့ကပ်လာကာ ပြောခဲ့သည်။
“အရှင်မိဖုရား၊ အထိန်းတော်ချုပ်က အရှင်မိဖုရားကို ပို့ဆောင်ပေးဖို့ ရောက်လာပါတယ်။”
“ကောင်းပြီ။ သွားကြတာပေါ့။”
အရင်တစ်ခါကအတိုင်း နေ့လယ်စာစားမည့်နေရာကား ဧည့်ခန်းမဆောင်ဖြစ်၏။
ခါဆယ်ရ်က အရင်ကြိုရောက်နေကာ စောင့်နေခဲ့သည်။ ယူဂျင်း ဝင်လာချိန်တွင် သူက နေရာမှထလိုက်၏။ ယူဂျင်း လျှောက်ဝင်လာသည့်အတိုင်း သူ့အကြည့်က ဆက်တိုက်ပါလာတော့သည်။ တဒင်္ဂ လှုပ်ရှားသွားသည့် သူ့မျက်လုံးများက ခဏနေတော့ တည်ငြိမ်မှုကို ပြန်ရသွားခဲ့၏။
“ဖိတ်ကြားမှုကို လက်ခံပေးလို့ ကျေးဇူးပဲ။”
“ကျွန်မကို ဖိတ်ကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ အရှင်မင်းကြီး။”
“ကောင်းကောင်းရှိနေရဲ့လား။”
“ဟုတ်ကဲ့၊ အရှင်မင်းကြီး။ အရှင်မင်းကြီးရော ကျန်းကျန်းမာမာရှိပါရဲ့လား။”
“ကောင်းကောင်းရှိတယ်။”
နှစ်ယောက်သား ထိုင်လိုက်ကြပြီးသည့်နောက်တွင် ဝတ်ကျေတမ်းကျေ နှုတ်ဆက်ဂါရဝစကား ဖလှယ်ခဲ့ကြသည်။ သူ့စကားတွင် အကွန့်အညွန့် အဖွဲ့အနွဲ့များ မပါဝင်သောကြောင့် ယူဂျင်းက ကြားသည့်အတိုင်း ရိုးရှင်းသည့် နှုတ်ဆက်ဂါရဝပြုစကားများကို တုံ့ပြန်ပြောဆိုရုံဖြင့် အဆင်ပြေခဲ့သည်။
‘ငါ့အတွက် စဉ်းစားထောက်ထားပေးတာလား၊ ဒါမှမဟုတ် ဒါက သူ့ရဲ့ ပုံမှန်နှုတ်ဆက်နည်းပဲလား။’
သူ၏ ထောက်ထားစဉ်းစားမှုဟု မှတ်ယူရန်မှာ ခက်လှပေသည်။ သူက ဂုဏ်ဖော်တတ်သည့် လူစားမျိုးလည်း ဟုတ်မည့်ပုံမပေါ်။
ဂျင် ဝယ်ယူစုဆောင်းထားသည့် စာအုပ်ဟောင်းများစာရင်းကို စစ်ဆေးကာ အသုံးစရိတ်ကို လေ့လာကြည့်လိုက်သည်တွင် သတိထားမိခဲ့သည့် အချက်တစ်ချက်ရှိ၏။
ခါဆယ်ရ် ဂျင်နှင့် ချုပ်ဆိုထားသည့် စာချုပ်အကြောင်း ပထမဆုံးအကြိမ် ပြောခဲ့တုန်းက ‘သုံးနှစ်တာ ဒီလိုအရာတွေကို ခံစားခဲ့ပြီးပြီဆိုတော့ အခု စာချုပ်မှာပါတဲ့အတိုင်း ဖြည့်ဆည်းပေး။’ ဟူသည့် စကားမျိုးကို မပြောခဲ့။ စာချုပ်တွင်ပါသည့် အချက်များကိုသာ ပြတ်သားပွင့်လင်းသည့်ပုံစံဖြင့် ရှင်းပြခဲ့သည်။
ကြွားဝါဂုဏ်ဖော်တတ်သည့် လူစားမျိုးသာဖြစ်ခဲ့လျှင် မနှစ်မြို့စရာဖြစ်လျှင်တောင်မှ သူက ဘယ်လိုလူမျိုးပါလားဆိုပြီး နားလည်ရလွယ်သေး၏။ သို့သော် မရဏဘုရင်ကဲ့သို့ ကိုယ့်ကိုယ်ကိုယ် သိပ်ပြီးဖော်ပြတတ်လေ့မရှိသူကား ခန့်မှန်းရခက်ပေသည်။
အပါးတော်မြဲ အစေခံများက ဟင်းလျာများ ယူထုတ်လာကြသည်။ အနေအထားကား ပြီးခဲ့သည့် ရက်အနည်းငယ်က ထမင်းဝိုင်းနှင့် ကွာခြားမှုမရှိပေ။ သူတို့နှစ်ဦးသား စားသောက်မှုအပေါ်တွင်သာ တိတ်ဆိတ်စွာ အာရုံစိုက်နေကြစဉ် သူတို့အား အလုပ်အကျွေးပြု ခစားကြသည့် နန်းတွင်းအမှုထမ်းများက စိုးရိမ်ကြောင့်ကြမှုဖြင့် တင်းမာနေကြ၏။
စားသောက်ပြီးသည့်နောက်တွင် ခါဆယ်ရ်က အပါးတော်မြဲများအားလုံးကို ထွက်သွားခိုင်းခဲ့သည်။ ယူဂျင်းက နောက်ဆုံးအစေအပါးမိန်းကလေး ထွက်သွားပြီး တံခါးပိတ်သွားချိန်တွင် ဘေးကို တစ်ချက်စွေကြည့်လိုက်သည်။
“ယူဂျင်း။”
ယူဂျင်းတစ်ယောက် ဆတ်ခနဲတုန်သွားကာ အလန့်တကြား တစ်ဖက်လှည့်လိုက်မိသည်။ ထိုညက သူ့ကို နာမည်ခေါ်ရန် ခါဆယ်ရ်အား တောင်းဆိုခဲ့သည်ကို မှတ်မိ၏။ ယခု ထိုအဖြစ်ကို ပြန်တွေးကြည့်လိုက်သည့်အခါ ထိုအခိုက်အတန့်တွင် အလိုက်သင့်ပါသွားကာ ထူးထူးဆန်းဆန်း ကလေးဆန်ဆန် ပြုမူမိခဲ့သည့်အလား မျက်နှာတွေပူလာတော့သည်။
သို့သော် ထိုစကားကို ပြန်မရုပ်သိမ်းလိုပေ။ သူ ဩရှရှအသံနှင့်ခေါ်သည့် နာမည်အား ကြားရသည်ကို သဘောကျမိသည်။
ယူဂျင်းတစ်ယောက် သူနှင့် အကြည့်ချင်းဆုံမိသည်ဆိုလျှင်ပဲ မြန်မြန်လေး မျက်လွှာပြန်ချလိုက်သည်။
“…ဟုတ်ကဲ့။”
သူနှင့် နှစ်ယောက်တည်း အတူတူရှိရသည်ကို အင်မတန် စိတ်လှုပ်ရှားသောကြောင့် သူ့ကို မကြည့်နိုင်ခဲ့။ ပန်းချီကားတစ်ချပ်လို ချောမောခံ့ညားလှသည့် ထိုယောက်ျားက ဘယ်လောက်အထိ ညစ်ညမ်းအရိုင်းဆန်တတ်သည်ကို သူက နဖူးတွေ့ဒူးတွေ့ ကြုံတွေ့ခဲ့ဖူးပေပြီ။ ထိုည၏ အဖြစ်အပျက်များက သူ့စိတ်ထဲတွင် ဆက်တိုက်ပင် ဖျတ်ခနဲ ပြန်ပြန်ပေါ်လာတော့၏။
ခါဆယ်ရ်က ယူဂျင်းကို အနီးကပ် အကဲခတ်ပြီးမှ ပြောခဲ့သည်။
“နေမကောင်းတဲ့ပုံလည်းမပေါ်ပါဘူး။ မနေ့က ဘာဖြစ်လို့ ငြင်းလိုက်တာလဲ။”
တဲ့တိုးဆန်သည့်မေးခွန်းကြောင့် ယူဂျင်းလည်း လန့်သွားကာ ခေါင်းမော့လိုက်မိသည်။ ခါဆယ်ရ်က အိုးတိုးအမ်းတမ်းနှင့် ချောင်းတစ်ချက်ဟန့်ပြီး ပြောခဲ့သည်။
“ငါက…ပေါက်ကရလုပ်မိလို့လား။”
ပထမတော့ သူ ဘာကိုဆိုလိုမှန်း ယူဂျင်း နားမလည်ခဲ့။ သို့သော် ထို့နောက်တွင် ကိုယ်ပြောခဲ့သည့်စကားကိုယ် ပြန်မှတ်မိသွားတော့သည်။
[ဒီနေ့ ပေါက်ကရလုပ်ရင် နောက်တစ်ခါ ထပ်မလုပ်တော့ပါဘူး။]
ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်သွားသည့် ယူဂျင်းတစ်ယောက် မျက်တောင်ကို မြန်မြန်ခတ်လိုက်သည်။ ထိုကဲ့သို့ ဘွင်းဘွင်းကြီး ပေါ်တင်မေးလာတော့ ဘယ်လိုပြန်ဖြေရပါ့မလဲ။
“မင်း အတူအိပ်ဖို့ ငြင်းဆန်ရတဲ့ အကြောင်းရင်းက ငါ့ကြောင့်ဆိုရင် ငါနားလည်ရအောင် လုံလုံလောက်လောက် ရှင်းပြပေးမယ်ဆို ကောင်းမှာပဲ။”
“ရှင်း…ရှင်းပြရမယ်။”
“ပြဿနာကိုသိမှ အဖြေရှာလို့ရမှာပေါ့။”
ယူဂျင်းက ကိုယ့်စိတ်ကိုယ် ကိုယ့်ကိုယ်ကိုယ်တောင် ပြန်ရှင်းပြနိုင်ခြင်းမရှိပေ။ သူ့ကို သဘောမကျခြင်းမဟုတ်။ ဒီအတိုင်း ရှက်မိခြင်းသာ။
ကျိန်းသေပေါက် လုပ်စရာရှိတာ အကုန်လုပ်ပြီးနေပြီကို ဘာများရှက်စရာရှိသလဲဟု ငြင်းလာနိုင်သော်လည်း ခံစားချက်များက ရှုပ်ထွေးလှသောကြောင့် အင်မတန် အလွယ်လေး အဓိပ္ပာယ်သတ်မှတ်၍မရနိုင်ပေ။
“ပြဿနာ…မရှိပါဘူး။ ကျွန်မရဲ့ပြဿနာပါ။”
“ဘာပြဿနာလဲ။”
“…”
“ကိုယ်ဝန်ရှိနေပြီလား။”
“ရှင်။”
ယူဂျင်းက အသံအကျယ်ကြီးနှင့် ပြန်မေးလိုက်သည်။ ဘာအဓိပ္ပာယ်နှင့်ပြောသည့် စကားမှန်း နားမလည်ခဲ့။
“ကျွန်မ အဲ့ဒီနေ့က ပထမဆုံးအကြိမ်ပါ။”
“သိတယ်။”
“ဒါဆို ကိုယ်ဝန်ရှိနေပြီလားဆိုတာကို ဘယ်လိုလုပ်သိမှာလဲ။”
“အဲ့ဒါကြောင့်လေ။ မင်းရဲ့ ထူးခြားတဲ့စွမ်းရည်က ကိုယ်ဝန်ရှိနေပြီလားဆိုတာကို ကြိုတင်သိနိုင်တဲ့အရာ မဟုတ်ဘူးဆိုရင် အတူအိပ်ဖို့ကို ငြင်းရတဲ့အကြောင်းရင်းက ဘာလဲလို့။ ငါတို့ရဲ့စာချုပ်ကို ဖြည့်ဆည်းဖို့ စိတ်ကူးရှိရဲ့လား။”
ယူဂျင်းက ခါဆယ်ရ်ကို အကြောင်းသားငေးကြည့်နေရာမှ တီးတိုးရေရွတ်ပြောဆိုလိုက်သည်။
“စာချုပ်…”
ရုတ်တရက် ရေအေးအေးတစ်ပုံးနှင့် လောင်းချလိုက်သလို ခံစားလိုက်ရ၏။ ဒီလူလိုချင်သည့် တစ်ခုတည်းသောအရာကား ဆက်ခံသူပင်။ ထိုည၏ ကာမစပ်ယှက်မှုမှာ ထိုရည်ရွယ်ချက်ဆီသို့ရောက်ရန် ခြေလှမ်းတစ်လှမ်းအပြင်မပိုပေ။
‘နင် ဘာလို့ ဒီလိုဖြစ်နေတာလဲ။’
ရှက်စိတ်နှင့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်ကြောင့် မျက်နှာက နီရဲသွားတော့သည်။ တစ်လျှောက်လုံး သိထားပါလျက်နှင့် အံ့ဩတုန်လှုပ်သွားရကောင်းလားဟု ကိုယ့်ကိုယ်ကိုယ် ပြန်ဆူမိ၏။
သူကိုယ်၌ကလည်း ဂျင်၏ အစီအစဉ်ကို နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် ဒါကို စတင်ခဲ့ခြင်းဖြစ်သည်။ ထိုအချက်ကိုမေ့ပြီး စိတ်လှုပ်ရှားမိသည်မှာ သူ၏ မိုက်မဲမှုပင်။
ယူဂျင်းက ကိုယ့်ကိုယ်ကိုယ် စုစည်းကာ ခါဆယ်ရ်အား ပြုံးပြလိုက်သည်။
“အရေးတကြီးအကြောင်းရင်း မရှိပါဘူး။ ဒီအတိုင်း စိတ်မွန်းကျပ်လို့ပါ။ သိထားတဲ့အတိုင်း ကျွန်မမှာ မှတ်ဉာဏ်တွေ မရှိဘူးမဟုတ်လား။”
~~~~~
Miel’s Translations