Chapter 23
အပိုင်း ၂၃
‘အာ၊ အဲ့ဒါကိုး။’
အမိန့်ထက် အကူအညီတောင်းမှုနှင့် ပိုနီးစပ်သော်လည်း ယူဂျင်းက အသာလေး နားထောင်ခဲ့သည်။
“ရာဇဝတ်သားတွေက အရှင်မင်းမြတ်ရဲ့အမိန့်တော်ကို အာခံဆန့်ကျင်ခဲ့ကြတဲ့အတွက် သူတို့ရဲ့အပြစ်က အထင်အရှားပါပဲ။ ဒါပေမဲ့ အရှင်မိဖုရားက ငဲ့ကွက်ညှာတာစွာနဲ့ သူတို့အပေါ် စာနာသနားပေးဖို့ ရွေးချယ်ခဲ့တယ်ဆိုတော့ အရှင်မိဖုရားရဲ့ဆန္ဒအတိုင်း သူတို့ရဲ့ဈာပနအတွက် ငွေကြေးထောက်ပံ့ပြီး ရုန်းကန်နေရတဲ့ မိသားစုတချို့ကို နစ်နာကြေး ပေးခဲ့ပါတယ်။ အရှင်မိဖုရားရဲ့ ကြီးကျယ်မြင့်မြတ်လှတဲ့ စိတ်ကောင်းစေတနာကို အကုန်လုံးက ဦးညွှတ်ပြီး ကျေးဇူးတင်ကြောင်း ပြကြမှာပါ။”
“…တာဝန်ကျေပါတယ်။”
ဘာမှလည်းမလုပ်ဘဲ အသိအမှတ်ပြုခံရသည့်အတွက် စိတ်က တစ်မျိုးကြီးဖြစ်နေတော့သည်။
ထိုစဉ်ကတော့ ကောက်ကာငင်ကာပေါ်လာသည့် စာနာစိတ်ကြောင့် မာရီအန်းကို အကူအညီတောင်းခဲ့မိခြင်းပင်။ အမှန်အတိုင်းပြောရလျှင် မေ့ပင်မေ့နေပေပြီ။
မျက်နှာ တစ်ခါလေးတောင်မမြင်ဖူးသည့် လူများ၏ ဒုက္ခကို စိတ်ရင်းဖြင့်ကိုယ်ချင်းစာနိုင်လောက်သည်အထိ သူက ကြင်နာတတ်သူမဟုတ်။ သူတို့က ရာဇဝတ်သားတွေအပြင်မပိုဘူးဟု အေးစက်စွာပြောခဲ့သည့် မရဏဘုရင်၏ လုပ်ရပ်ကြောင့် အနည်းငယ် ဘက်တိုက်ဆန့်ကျင်လိုသည့်စိတ်လေး ပေါ်လာခဲ့ခြင်းထင်ပါသည်။
“နစ်နာကြေးက သူတို့အတွက် တကယ်ရော အထောက်အကူဖြစ်ပါ့မလား။”
လူသေသွားတာကို ပိုက်ဆံပေး၍ ကျေအေးမှုရအောင်လုပ်သလိုဖြစ်နေသောကြောင့် စိတ်ထဲတွင် မတင်မကျဖြစ်နေတော့သည်။
“အရှင်မိဖုရား၊ နစ်နာကြေးပေးတယ်ဆိုတာက ရာဇဝတ်သားတွေအပေါ်ပြသတဲ့ အရှင်မိဖုရားရဲ့ ညှာတာထောက်ထားမှု တစ်စိတ်တစ်ပိုင်းအပြင်မပိုပါဘူး။ ဘုရင်မင်းမြတ်ရဲ့ အမိန့်ကို အာခံဖီဆန်တဲ့အပြစ်က သေလောက်အောင် ကြီးမားတဲ့အပြစ်ပါ။”
မာရီအန်းရဲ့ အကျယ်တဝင့်ရှင်းပြချက်အရဆိုလျှင် ကြီးလေးပြင်းထန်သည့် ပြစ်မှုများကို ကျူးလွန်ခဲ့ကြသော ရာဇဝတ်သားများမှာ တူတူတန်တန် ဈာပနကျင်းပခွင့်ပင် မရှိကြချေ။ လူတစ်ယောက်က ရာဇဝတ်သား၏ မိသားစုဝင်အဖြစ် သတ်မှတ်ခံရပါက လူ့အသိုင်းအဝိုင်း၏ ဖယ်ကြဉ်မှုနှင့် အသံတိတ်ခွဲခြားဆက်ဆံမှုကို ခံရမည်သာ။ အများစုက ထိုသို့သောအဖြစ်ကို သည်းမခံနိုင်ဘဲ ထွက်ပြေးသည့်အလား ဇာတိကို စွန့်ခွာတတ်ကြပေသည်။
“သူတို့က ဈာပနကျင်းပခွင့်နဲ့ နစ်နာကြေးပါ ရကြတော့ သူတို့မိသားစုတွေလည်း နဂိုအတိုင်း ဟန်မပျက် ဆက်နေသွားနိုင်ကြမှာပါ။”
“…”
ယူဂျင်းက သူတစ်ပါးကို ထိခိုက်အောင်မလုပ်ဘဲ နေလာခဲ့သည်ဆိုသော်လည်း သူများဘဝတွင် ပါဝင်စွက်ဖက်ခြင်းလည်းမရှိခဲ့။ သို့သော် သူ ဘာရယ်မဟုတ် ပြောလိုက်သည့်စကားက သူတစ်ပါး၏ ဘဝအပေါ်တွင် ထိုမျှလောက် ကြီးမားသည့် သက်ရောက်မှုမျိုး ဖြစ်စေနိုင်တာပါလားဟု တွေးမိတော့ ခံစားချက်က ထူးဆန်း၏။
‘မိဖုရားတဲ့…’
ရုတ်တရက် ပခုံးပေါ်တွင် လေးလံသည့်ကျောက်တုံးများကို ထမ်းထားလိုက်ရသလိုပင်။ တာဝန်ဝတ္တရားများနှင့် အတူလာသည့် ထိုကဲ့သို့သော အင်အားအာဏာမျိုးနှင့် တစ်ခါမှ မနေဖူးခဲ့။ ထို့ကြောင့် မိဖုရားဟူသောနေရာ၏ လေးလံဖိစီးမှုက ယူဂျင်းအတွက် အစစ်အမှန်ဟု မခံစားခဲ့ရပေ။
‘နည်းနည်းလောက်ထပ်ပြီး အတည်လုပ်ရမှာလား။’
“အရှင်မင်းကြီးရော သိလား။”
“ဟုတ်ကဲ့၊ သိပါတယ်။”
“သိတယ်ပေါ့လေ။”
“ဒါက အရှင်မင်းကြီးကို မတင်ပြဘဲ ဆောင်ရွက်လို့ရတဲ့ကိစ္စမဟုတ်ပါဘူး။”
“ဘာမှ…မပြောဘူးလား။”
မရဏဘုရင်က သူတို့အား သေသင့်သည့်ရာဇဝတ်သားများဟု အေးစက်စွာ ပြောခဲ့သည်။ ထို့ကြောင့် မာရီအန်းကို အကူအညီတောင်းခဲ့မိ၏။ ဘုရင်မသိအောင် တိုးတိုးတိတ်တိတ် ကြိတ်လုပ်လိုက်ဟူသော အဓိပ္ပာယ်နှင့် ခိုင်းခဲ့ခြင်းဖြစ်သော်လည်း မာရီအန်းက ထိုသဘောကို သေချာနားမလည်လိုက်သည့်ပုံပင်။
“ဟုတ်ကဲ့။ နောက်ပြီးတော့ ပြီးပြီးသားကိစ္စဖြစ်လို့ အရှင်မင်းကြီးက နောက်ပိုင်း ဒီကိစ္စအကြောင်း ထပ်ပြောတော့မှာမဟုတ်ပါဘူး။ အဲ့ဒီအတွက်ကို မစိုးရိမ်ပါနဲ့။”
“…”
မာရီအန်းက ယူဂျင်း၏မျက်နှာထားကို အကဲခတ်လိုက်သည်။
“စိတ်ထဲရှိနေတဲ့ကိစ္စများ ရှိနေပါသလား။”
“အံ့ဩသွားလို့ပါ။ အရှင်မင်းကြီးက သူ့တို့ကို ခွင့်လွှတ်ပေးလိမ့်မယ်မှန်း ထင်မထားလို့။”
မာရီအန်းက ပြုံးခဲ့သည်။
“အရှင်မိဖုရားက ဝင်ပါလိုက်လို့ပါ။”
မိဖုရား၏ အမိန့်က ဘုရင့်အမိန့်ထက် အရင်လာသည်ဟူသော အဓိပ္ပာယ်တော့မဟုတ်။
‘ငါလုပ်ထားတဲ့ကိစ္စကို ဘုရင်ကတားမယ်ဆိုရင် ငါမျက်နှာပျက်ရမယ်မဟုတ်လား။’
သူက ဝတ်ကျေတမ်းကျေ လေးစားမှုကိုပြတာပဲဖြစ်မလား မသိရ။ တော်ဝင်ဇနီးမောင်နှံက လူသိရှင်ကြားအရေးကိစ္စများတွင် အတိုက်အခံဖြစ်မည့်အရေးကို ရှောင်ရှားခြင်းက ပိုကောင်းသည့်အတွက်ကြောင့်ပင်။
သို့သော် ခံစားချက်က အင်မတန်ကောင်းလှ၏။ ယူဂျင်းက အိုးတိုးအမ်းတမ်း ခံစားချက်ဖြင့် လက်ဖက်ရည်ခွက်ကိုကိုင်ယူကာ လက်ဖက်ရည် သောက်လိုက်သည်။
“အရှင်မိဖုရား။ ပြီးတော့ ပြောစရာစကား ရှိပါသေးတယ်။”
မာရီအန်းက ရှည်ရှည်ဝိုင်းဝိုင်း ဘူးတစ်ခုကိုဖွင့်ကာ စာရွက်လိပ်တစ်ခုကို ယူထုတ်ပြီး စားပွဲပေါ်တွင် ဖြန့်ခင်းလိုက်သည်။ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်၏ မျက်နှာကို ရေးဆွဲထားသည့်ပုံပင်။
အမျိုးသားက အရှေ့တည့်တည့်ကို ကြည့်နေကာ ပန်းချီကို ပခုံးနားတစ်ဝိုက်တွင် ဖြတ်ထားသည်။ သူ့ဆံပင်နှင့် မျက်လုံးများကို ဆေးခြယ်ထားသော်လည်း အသေးစိတ်ကို အတိအကျ ဖော်ပြထားခြင်းမရှိသောကြောင့် ခြုံကြည့်လျှင် လက်စမသတ်ရသေးသည့် ပန်းချီဟုထင်ရ၏။
‘ဝရမ်းပုံနဲ့တူတာပဲ။’
“အရှင်မိဖုရား။ ဒီလူ ဘယ်သူမှန်း မှတ်မိပါသလား။”
ယူဂျင်းက ခေါင်းခါလိုက်သည်။
“ဝါခေါမ် မြို့စားမင်းပါ။ ဝါခေါမ် မြို့စားမင်းက ကုန်သွယ်ရေး ကုမ္ပဏီတစ်ခုပိုင်ပြီး အထူးသဖြင့် စုဆောင်းလို့ရတဲ့ အဖိုးတန်ပစ္စည်းတွေကို အရောင်းအဝယ်လုပ်ပါတယ်။ အရှင်မိဖုရားက ရှေးဟောင်းစာအုပ်တွေကို သူ့ဆီကနေ ဝယ်ထားတာပါ။”
ယူဂျင်းက ပုံကို အနီးကပ်ကြည့်လိုက်သည်။ သူ့ကို လူကိုယ်တိုင်တွေ့ရလျှင် တစ်ခုခု ပြန်သတိရစေရန်အတွက် အထောက်အကူဖြစ်နိုင်လောက်မည်လား။ ပုံထဲမှမျက်နှာကား လုံးဝ အစိမ်းသက်သက်။
“တစ်ခုခုများ မှတ်မိပါသလား။”
“အရင်အတိုင်းပဲ။”
ယူဂျင်း မျက်နှာကိုယ်တိုင်မြင်ဖူးပြီး မှတ်ဉာဏ်လေးတွေ ဟိုတစ်စဒီတစ်စ ပေါ်လာအောင် လုပ်ပေးခဲ့သူများကား အနည်းငယ်မျှသာ။ မာရီအန်းအပါအဝင် အထိန်းတော်ချုပ် ဆာရာ၊ ဆောင်တော်ထိန်းနှင့် ရံရွေတော်မှူး။ သူတို့မှလွဲ၍ တွေ့ဆုံခဲ့ဖူးသူလည်းမရှိချေ။
ဂျင်၏ မှတ်ဉာဏ်များကို ပြန်ရနိုင်မည့်နည်းလမ်းအား ရှာဖွေနိုင်ခြင်းမရှိသောကြောင့် ထိုသို့သောနည်းလမ်း ရှိမှရှိပါ့မလားဟူ၍ သံသယဝင်လာရတော့သည်။ ဂျင် တစ်နေကုန်နေတတ်သည့် စာကြည့်ခန်း၌လည်း ဘာတစ်ခုမှ ပြန်တွေးမရသောကြောင့်ပင်။
“အရှင်မိဖုရားအနေနဲ့ လူတိုင်းကို မှတ်မိစရာ မလိုပါဘူး။ ဒါပေမဲ့ မမှတ်မိရင် ပြဿနာတက်မဲ့သူတချို့ ရှိပါတယ်။ အဲ့ဒါကြောင့် ကျွန်မက သူတို့ရဲ့ပုံတူတွေကို ယူလာပြီး ပြပေးသွားမလို့ပါ။”
‘အို၊ အကြံကောင်းပဲ။’
ယူဂျင်းတစ်ယောက် အကြံကို လေးစားသွားတော့သည်။ မာရီအန်းက ခိုင်းစရာမလိုဘဲ ကြိုတင်အကွက်မြင်ပြီး ဆောင်ရွက်တတ်သူပင်။
“ပုံတူတွေကို နေ့တိုင်း တစ်ခုကနေ နှစ်ခုအထိ ယူလာခဲ့ပါမယ်။”
“ပိုပြီး အများကြီးပြပေးလည်း မှတ်မိနိုင်ပါတယ်။”
“ပုံတူဆွဲတာက အချိန်ယူရလို့ပါ။”
‘အာ…ဒီမှာ ဓာတ်ပုံဘယ်ရှိပါ့မလဲ၊ ငါ့နှယ်။’
“ဆွဲနေတုန်းပဲလား။ ကြိုပြီးဆွဲထားတဲ့ ပုံတူပန်းချီ မရှိဘူးလား။”
“တစ်ကိုယ်ရည်ပုံတူတွေက မိသားစုပိုင် ပိုင်ဆိုင်မှုတွေမို့လို့ ငှားရခက်ပါတယ်။”
“ဒါဆို ကာယကံရှင်ကို ထိုင်ခိုင်းပြီး ဆွဲတဲ့ပုံမဟုတ်ဘူးဘဲနဲ့…တူအောင် ဘယ်လိုဆွဲလဲဟင်။”
“အပြင်ပန်း အသွင်အပြင်ရဲ့ ဖော်ပြချက်အပေါ် အခြေခံပြီး ပုံပြန်ဖော်တဲ့နေရာမှာ ကျွမ်းကျင်ကြတဲ့ ပန်းချီဆရာတွေရှိပါတယ်။”
‘ထင်တဲ့အတိုင်း ဝရမ်းပုံကိုး။’
မာရီအန်းက ဝါခေါမ် မြို့စားမင်း၏ အသက်၊ မိသားစုဆက်ဆံရေးနှင့် သူ့ပတ်ဝန်းကျင်မှ သတင်းအချက်အလက်များအား အသေးစိတ် ပြောပြခဲ့၏။ မြို့စားမင်းက ဘယ်လောက် မကြာမကြာ မိဖုရားဆီ လာတွေ့တတ်သလဲ၊ စာအုပ်ဝယ်တဲ့ဖြစ်စဉ်က ဘယ်လိုရှိသလဲ အစရှိသဖြင့် ယူဂျင်းက မေးခွန်းများထပ်မေးသည်တွင် မာရီအန်းက ပြန်ဖြေပေးခဲ့သည်။
“ကျွန်မကတော့ အရောင်းအဝယ် အလဲအလှယ်လုပ်တဲ့ပုံစံကို ယေဘုယျသဘောလောက်ပဲ ပြောပြနိုင်ပါတယ်။ အရှင်မိဖုရားက မြို့စားမင်းနဲ့ ဘယ်လိုကိုယ်ရေးကိုယ်တာစကားတွေ ပြောကြသလဲဆိုတာကိုတော့ မသိပါဘူး။”
ယူဂျင်းက ခေါင်းညိတ်လိုက်သည်။
‘ထပ်ပြီးတော့ ရှေးဟောင်းစာအုပ်တွေဝယ်ဖို့ အစီအစဉ်မရှိပေမဲ့…တစ်ခါလောက်တော့ တွေ့ကြည့်ရမယ်။ ဂျင် စာအုပ်ဝယ်တဲ့အခါ ရွေးချယ်တဲ့အမျိုးအစားရှိမှာပဲ။ သဲလွန်စ ရှာတွေ့လောက်မလားတောင်မသိဘူး။”
“ဝါခေါမ် မြို့စားမင်းနဲ့ တွေ့ချင်တယ်ဆိုရင် မြို့စားမင်း လာတွေ့တဲ့အချိန်အထိ စောင့်ရမှာလား။”
“ဆင့်ခေါ်လိုက်ရင် ရပါတယ်။ ဒါပေမဲ့ အခု မြို့စားမင်းက ဘာသာရေးမြို့တော်ကို သွားနေပါတယ်။ ရုန်းကန်လှုပ်ရှားရတဲ့ရာသီကုန်ပြီး ခြောက်သွေ့ရာသီရောက်မှ ပြန်လာမှာပါ။”
ဖောင်း…
နှစ်ဦးသား တစ်ပြိုင်တည်း ပြတင်းပေါက်ဆီ လှည့်ကြည့်လိုက်မိကြသည်။ အချက်ပြမီးပွား ပစ်လွှတ်လိုက်သည့်အသံပင်။ မာရီအန်းက ပြတင်းပေါက်နားသို့လျှောက်သွားကာ ကောင်းကင်ကိုကြည့်လိုက်ပြီး စိတ်အေးသွားသည့်မျက်နှာထားနှင့် ပြန်လာခဲ့သည်။
“အဝါရောင်ပါ။ အရှင်မိဖုရား။”
တုန်လှုပ်နေသည့် ယူဂျင်း၏မျက်နှာထားလည်း ပြေသွားတော့သည်။
အချက်ပြမီးပွားများက မကြာမကြာပေါက်ကွဲတတ်ပေသည်။ ယူဂျင်းက သူ့ပတ်ဝန်းကျင်တွင်ရှိသည့်လူများ အဝါရောင်အချက်ပြမီးပွားအပေါ် ထွေထွေထူးထူး တုံ့ပြန်မှုမရှိကြသည့် အကြောင်းရင်းကို နားလည်၏။ အကြိမ်တိုင်း လန့်ပြီး ကြောက်ရွံ့ခဲ့ကြရာက နေ့စဉ်ဘဝသည်လည်း ခက်ခဲခဲ့ကြမည်ပင်။
တော်သေး၍ ယခုအထိတော့ အဝါရောင် အချက်ပြမီးပွားများသာ ပေါက်ကွဲသေး၏။
‘လာ့ခ်က ညဘက်တွေ ပေါ်မလာတတ်တာ စိတ်ဝင်စားစရာပဲ။’
လာ့ခ်တွေက နေထွက်ချိန်နောက်ပိုင်းနှင့် နေမဝင်ခင်တွင် ပေါ်လာတတ်ကြ၏။ ထို့ကြောင့် အမြဲတမ်း နေ့ခင်းဘက်များ၌ အချက်ပြမီးပွားများ ပေါက်ကွဲလေ့ရှိပေသည်။
ရလဒ်အဖြစ် ရုန်းကန်လှုပ်ရှားရသည့် ရာသီအတွင်း နေ့ခင်းဘက်၌ လမ်းများပေါ်တွင် လူသူကင်းမဲ့ကာ နေဝင်မိုးချုပ်မှသာ လူများ အုံလိုက်ကျင်းလိုက် ထွက်လာတတ်ကြသည်။
ဆန့်ကျင်ဘက်အနေနှင့် ရုန်းကန်လှုပ်ရှားရသည့် ရာသီအတောအတွင်း၌ ညဉ့်ကာလများတွင် လူတို့ကျူးလွန်ကြသည့် ကြမ်းကြမ်းကြုတ်ကြုတ် ရာဇဝတ်မှုများ တိုးလာသည်ဟု သိရသည်။
‘ဟိုလူ အခုဆို မြို့ရိုးတံတိုင်းဘက် အပြေးသွားလောက်ရောပေါ့။’
ယူဂျင်းက ယခုအထိ လာ့ခ်ကို တစ်ခါလေးတောင် မတွေ့ဖူးသေးပေ။ လာ့ခ်တွေက အာနီခါများကို ရန်မမူဟုဆိုကြသော်လည်း စပ်စုလိုစိတ်ကြောင့် ကြည့်ချင်ပါသည်ဟုပြောလျှင် ရူးရာကျပေလိမ့်မည်။ တချို့အတွက်တော့ သေရေးရှင်ရေးဖြစ်သည့် ကိစ္စဖြစ်သောကြောင့်ပင်။
“အရှင်မိဖုရား။ ကျွန်မ ဒီလောက်နဲ့ပဲ သွားလိုက်ပါဦးမယ်။ ပင်ပန်းနွမ်းနယ်နေတဲ့ပုံပဲမို့ တစ်ရေးတစ်မော အိပ်လိုက်ပါဦး။”
ထင်သည့်အတိုင်း မာရီအန်းတစ်ယောက် ရိပ်မိခဲ့သည်။ စောစောကတည်းက အကြိမ်ကြိမ် တရစ်ရစ်တက်လာသည့် သမ်းဝေလိုစိတ်အား နှုတ်ခမ်းတင်းတင်းစေ့၍ အောင့်အည်းချုပ်တည်းထားခဲ့ရ၏။
ယူဂျင်းက ပြုံးပြုံးလေး ခေါင်းခါလိုက်သည်။ အချက်ပြမီးပွားကြောင့် လုံးဝ နိုးကြားတက်ကြွသွားပေပြီ။
“အတူတူလိုက်ခဲ့မယ်။ စာကြည့်ခန်းကိုသွားမလို့။”
“ဟုတ်ကဲ့ပါ၊ အရှင်မိဖုရား။”
“အာ၊ ဒါနဲ့။”
ယူဂျင်းက ထရပ်ရင်း တစ်ချက် ရပ်တန့်သွားခဲ့သည်။
“မာရီအန်း။ ရာမီတာနဲ့ပတ်သက်ပြီး သိထားတာများရှိလား။”
“ရာမီတာ…လို့ ပြောလိုက်တာပါလား။”
“ဘယ်သူ့မှ မေးကြည့်စရာမရှိလို့လေ။ ကျွန်မအတွက် အကူအညီဖြစ်စေမဲ့စာအုပ်တွေဘာတွေများ စာကြည့်ခန်းထဲမှာ ရှိလောက်မလား။”
အာနီခါ၏ သဘာဝလွန်စွမ်းအား၊ ရာမီတာ။
ဂျင်၏ မွေးရာပါ သဘာဝလွန်စွမ်းအားက အားနည်းလျှင်တောင် အစွမ်းတစ်ခုတလေတော့ ရှိပေလိမ့်မည်။ သို့သော် ယူဂျင်းကား ရာမီတာကို အာရုံခံနည်း၊ အသုံးပြုနည်းတို့ကို ဘာမျှမသိ။
ယူဂျင်း၏ မေးခွန်းများကို ပုံမှန်အားဖြင့် မဆိုင်းမတွ ဖြေပေးလေ့ရှိသည့် မာရီအန်းက ယခုတွင်မူ မရေမရာမျက်နှာမျိုးနှင့် ရှိနေလေသည်။
“အရှင်မိဖုရား။ ရာမီတာနဲ့ပတ်သက်ပြီး သိချင်တယ်ဆိုရင် ဘာသာရေးမြို့တော်ကို သွားမှဖြစ်ပါလိမ့်မယ်။ ဘာသာရေးမြို့တော်မှာ ဆန်းဂျယ်ရဲ့ ခွင့်ပြုချက်ရတဲ့သူတွေပဲ ဝင်ရောက်ခွင့်ရှိတဲ့ စာကြည့်တိုက်ရှိပါတယ်။ အဲ့ဒီအထဲမှာတော့ အကူအညီဖြစ်နိုင်လောက်မဲ့စာအုပ်မျိုး ရှိနိုင်လောက်မလား မသိပါဘူး။”
” ‘ရှိလောက်မလားမသိဘူး’ ဆိုတော့ မသေချာတဲ့သဘောပေါ့။ စာအုပ်မရှိဘူးဆိုရင် ဘယ်လိုလုပ်မလဲ။”
“အဲ့ဒါဆိုရင်တော့ ဆန်းဂျယ်နဲ့တွေ့လိုက်ရင် ဖြစ်ပါတယ်။ အာနီခါမဟုတ်ပါလား။ အချိန်မရွေး ဆန်းဂျယ်နဲ့ တွေ့ခွင့်တောင်းလို့ရတာပေါ့။”
ဆန်းဂျယ်နဲ့ တွေ့ဆုံနိုင်ခွင့်ကား အာနီခါတွေကိုသာပေးထားသည့် အခွင့်ထူးတစ်ရပ်ပင်။ ဘုရင်တစ်ပါး ဖြစ်နေလျှင်တောင် ဆန်းဂျယ်နှင့် တွေ့ဆုံရန် ခွင့်တောင်းရပြီး ခွင့်ပြုချက်ကို စောင့်ဆိုင်းရသော်လည်း အာနီခါများမှာမူ တွေ့ချင်လျှင် အချိန်မရွေး သွားတွေ့နိုင်ပေသည်။
သို့သော် ယူဂျင်းတွင် ဘာသာရေးမြို့တော်သို့ သွားရန်ရော၊ ဆန်းဂျယ်နှင့်တွေ့ရန်ပါ စိတ်ကူးမရှိချေ။
“အရှင်မိဖုရားလည်း သိထားပြီးသားပါပဲ။ အခု မမှတ်မိနိုင်ရုံပဲဆိုတော့ ဖြည်းဖြည်းချင်း ပြန်တွေးလို့ရလာမှာပေါ့။”
“…”
မာရီအန်းက ယူဂျင်း၏အရိပ်အကဲကို သတိထားပြီး အကဲခတ်ခဲ့သည်။ ဘုရင်၏ ‘ပရာ့ဂ်ျ’ နှင့် အာနီခါ၏ ‘ရာမီတာ’ တို့ကား အထွတ်အမြတ်ထားရမည့် စွမ်းအားများပင်။ ယင်းတို့အကြောင်း လက်လွတ်စပယ် မပြောသင့်။
စကားမှားပြောမိရာက အထင်လွဲစရာဖြစ်အောင် လုပ်မိမည်ကို စိုးရိမ်မိသော်လည်း မာရီအန်းက သတိထားကာ စကားစလိုက်သည်။
“ကျွန်မ သိထားတာတွေက တိကျသေချာပါ့မလားဆိုတာကိုတော့ မသိပါဘူး။”
အတွေးထဲမျောနေသည့် ယူဂျင်းက မျက်လုံးကလေး ပင့်ကြည့်လာခဲ့သည်။
“အာနီခါက သူ့ရဲ့ရာမီတာကို ရေရဲ့အသွင်နဲ့ မြင်ရတယ်လို့ ပြောကြပါတယ်။”
“ရေတဲ့လား။”
“အဲ့ဒီထက်ပိုပြီး မသိပါဘူး။ ကျွန်မလည်း ဒီလိုပဲ ကြားဖူးနားဝ ရှိထားတာပါ။ ကြည့်ရတာ အရှင်မင်းမြတ်က ပိုသိလောက်မယ်ထင်ပါတယ်။”
မာရီအန်းက ဘုရင်ကို စကားထဲ မသိမသာ ထည့်ပြောခဲ့သည်။ တမင် ဘာမှမသိသလို ဟန်ဆောင်နေခြင်းမဟုတ်။ ဘုရင်က တကယ်ပဲ ဖြေပေးနိုင်ပါ့မလားဆိုတာကိုလည်း မသိနိုင်။
မာရီအန်းက အခွင့်အရေးရလျှင်ရသည့်အလျောက် ဘုရင်နှင့် မိဖုရားတို့ နှစ်ဦးသား စကားတစ်ခွန်းလောက်ပဲဖြစ်ဖြစ် ပြောဖြစ်အောင်လုပ်ဖို့ ကြိုးစားတတ်သည်။ သို့သော် တအားတွန်းလွန်းလျှင် ဆန့်ကျင်ဘက် သက်ရောက်မှုသာ ဖြစ်လာမည်စိုးသောကြောင့် သတိတော့ထား၏။
ခပ်တန်းတန်းနေခဲ့ကြသည့် လူနှစ်ယောက်ကြားတွင် နွေးထွေးသည့်လေညင်းလေး စတင်တိုက်ခတ်တော့မည့် အရိပ်အယောင်များ မြင်နေရပေပြီ။ ဘုရင်က ဆယ်ရက်ဆက်တိုက် မိဖုရား၏ အိပ်ခန်းသို့ ညတိုင်းဆောင်တော်ကူးခဲ့သည်။ ယခင်က ဤသို့သောအဖြစ်မျိုး လုံးဝမရှိခဲ့။
မာရီအန်းက နန်းတော်မှ အမှုထမ်းများအား ကောလာဟလများ မပြန့်စေရန် ညွှန်ကြားထားသည်။ လူတွေ တအားအကျယ်ချဲ့ကြလျှင် အဆင်ပြေနေသည့်အရာက အလွယ်လေး လွဲချော်သွားနိုင်သောကြောင့်ပင်။
နှစ်ဦးသား အိပ်ခန်းထဲမှ ထွက်လာခဲ့ကြသည်။ စင်္ကြံအတိုင်း လျှောက်ဆင်းသွားကြကာ လမ်းခွဲရမည့်နေရာသို့ရောက်လာသည်တွင် ရပ်လိုက်ကြ၏။
“ကျွန်မကို ဒီကနေ လိုက်ပါပို့ဆောင်ပေးစရာ မလိုပါဘူး။ မာရီအန်းလည်း ကိုယ့်တာဝန်ကိုယ် သွားပြီးဆောင်ရွက်လိုက်ပါဦး။”
“ကျေးဇူးကြီးလှပါတယ်။”
ယူဂျင်းတစ်ယောက် မာရီအန်း ဦးညွှတ်အရိုအသေပေးသည်ကိုကြည့်ရင်း အိုးတိုးအမ်းတမ်း ပြုံးလိုက်သည်။ တရိုတသေ အသုံးအနှုန်းများ လွန်လွန်ကဲကဲပါသည့် အင်မတန် ထီးဟန်နန်းဟန်ဆန်သော အမြင့်စကားက ကြားလိုက်ရတိုင်းတွင် လူကို စိတ်မသက်မသာ ဖြစ်စေ၏။
ခဏနေမှ မာရီအန်းက ခေါင်းပြန်မော့လာခဲ့သည်။ မလှမ်းမကမ်းတွင် ပျောက်ကွယ်သွားသည့် မိဖုရား၏ ကျောပြင်ကို တွေ့လိုက်ရတော့သည်။
ခံစားချက်များက ရောထွေးလျက်။ လက်ရှိ တည်ငြိမ်အေးချမ်းမှုကို ကျေးဇူးတင် လက်ခံသော်လည်း ရေခဲပြင်ပါးပါးလေးပေါ်တွင် ရပ်နေရသလို ခံစားနေရပြန်သည်။
တစ်ခါတလေ မနက်ခင်း အိပ်ရာမှနိုးလျှင် အကြောင်းမဲ့ စိတ်ကလေးလံနေတတ်သည်။ ညတွင်းချင်း အရာအားလုံးက ရုတ်တရက် နဂိုအနေအထားသို့ ပြန်ပြောင်းသွားတော့မလိုပင်။
“မာရီအန်းရှင့်။”
လန့်သွားသည့် မာရီအန်းက ဆတ်ခနဲ လှည့်ကြည့်လိုက်သည်။ သိတောင်မသိလိုက်ခင်မှာ ဆာရာက သူ့အပါးသို့ ရောက်လာလေ၏။ ဆာရာက မာရီအန်းကြည့်နေသည့် လူသူကင်းမဲ့သော စင်္ကြံကို တစ်ချက်ကြည့်လိုက်သည်။
“စိုးရိမ်စရာ တစ်ခုခုများ ရှိလို့လားရှင့်။”
“မဟုတ်ပါဘူး။ အရှင်မိဖုရားက စာကြည့်ခန်းမှာ ရှိနေပါတယ်။”
“မာရီအန်းနဲ့တွေ့ဖို့ လာခဲ့တာပါ။ အရှင်မင်းမြတ်က မာရီအန်းကို တွေ့ချင်နေပါတယ်။”
“သိပါပြီ။”
~~~~~
Miel’s Translations