Chapter 24
အပိုင်း ၂၄
မာရီအန်းက တစ်ဖက်လှည့်ကာ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီးကာမှ ရပ်လိုက်သည်။
“အထိန်းတော်ချုပ်။”
“ဟုတ်ကဲ့။”
“ပတ်ဝန်းကျင်ကို သေသေချာချာ စီမံခန့်ခွဲနေပါတယ်နော်။”
“ဂရုစိုက်ပြီး စီမံခန့်ခွဲနေပါတယ်။”
မိဖုရား၏ မှတ်ဉာဏ်ပျောက်ဆုံးမှုမှာ လူအနည်းငယ်သာသိထားသော လျှို့ဝှက်ချက်ပင်။ မှတ်ဉာဏ်များ ပျောက်သွားပြီးကတည်းက မိဖုရားတစ်ယောက် တခြားလူဖြစ်သွားသလို ပြောင်းလဲသွား၏။ အချိန်တရွေ့ရွေ့ ကုန်လာသည်နှင့်အမျှ မိဖုရား၏ အပြောင်းအလဲကို ရိပ်မိကြသူများက ကောလာဟလများ ဖြန့်ကြပေလိမ့်မည်။
မိဖုရားက ကောလာဟလများထဲတွင် ပြောစရာအကြောင်းအရာ ဖြစ်လာခြင်းမှာ ကောင်းသည့်အရာမဟုတ်။ စကားများ ချဲ့ကားသွားလျှင် ထူးဆန်းစွာ လမ်းကြောင်းလွဲမှားယွင်းသည့်အကြောင်းအရာများ ဖြစ်သွားတတ်သောကြောင့်ပင်။
ထို့ကြောင့် မိဖုရားအား တိုက်ရိုက်ခစားအလုပ်အကျွေးပြုမည့် ရံရွေတော်မိန်းကလေးများကို ဂရုတစိုက်ရွေးချယ်ကာ အရေအတွက်ကိုလည်း လျှော့ချခဲ့သည်။ အစီအစဉ်က မိဖုရား၏ အပြောင်းအလဲများကို ဖြည်းဖြည်းချင်း ဖော်ထုတ်ကာ လူတွေကို အလွန်တရာ အံ့အားသင့်မှုမဖြစ်စေဘဲ လက်ခံစေရန်ဖြစ်၏။
ဆာရာက မိဖုရားကို အနီးကပ် စောင့်ကြည့်နေကြသည့် ရံရွေတော်မိန်းကလေးများကို တစ်ဦးချင်းစီ နေ့စဉ် စစ်ဆေးမေးမြန်းလေ့ရှိသည်။
“ဟိုကလေးကရော။”
မာရီအန်းက အခုတလော မိဖုရားနှင့် အရင်းနှီးဆုံး ရံရွေတော်ဖြစ်လာကာ တစ်ယောက်တည်းနီးပါး အလုပ်အကျွေးပြုနေသည့် ဂျီးန်အကြောင်း မေးလိုက်သည်။ ဆာရာက နာမည်ထည့်ပြောစရာမလိုဘဲ နားလည်ကာ ပြန်ဖြေခဲ့သည်။
“ပင်ကိုက သိမ်မွေ့ပြီး သိုသိုသိပ်သိပ် နေတတ်တဲ့ကလေးမို့လို့ စိတ်မပူလည်းရပါတယ်။”
“ငြိမ်ငြိမ်လေးရပ်နေရင်တောင် ပတ်ဝန်းကျင်မှာ ခလောက်ဆန်ချင်ကြတဲ့သူတွေ ရှိမှာပါ။”
အဆင့်နိမ့် အစေခံမိန်းကလေးက ရုတ်တရက် မိဖုရား၏ အနီးကပ် ရံရွေတော်ဖြစ်လာသည့်အတွက် မနာလိုမှုများ ရှိမည်မှာ ကျိန်းသေမလွဲပင်။ မကောင်းသည့်အဖြစ်အပျက်များ ရှိမလာစေရန် ကာကွယ်ဖို့အလို့ငှာ သတိရှိရှိ စီမံခန့်ခွဲမှ ဖြစ်ပေလိမ့်မည်။
“စိတ်မပူပါနဲ့။ ကျွန်မက ဘယ်လိုပုဂ္ဂိုလ်ဆီကနေ သင်ယူထားသလဲဆိုတာကို သိတယ်မဟုတ်ပါလား။”
မာရီအန်းလည်း ကိုယ့်အမှားကိုယ် သတိပြုမိသွားတော့သည်။ လက်ရှိအထိန်းတော်ချုပ်ကား သူမဟုတ်ဘဲ ဆာရာဖြစ်၏။ ဆရာဝင်လုပ်မှုကို မနှစ်မြို့ခြင်းမျိုးဖြစ်နိုင်သော်လည်း ဆာရာက နန်းတွင်းအမှုထမ်းများ၏ အရှေ့၌ မာရီအန်း၏သိက္ခာကို မသိမသာ ထိန်းပေးခဲ့သည်။
မာရီအန်းက အရွှန်းဖောက်ကာ ပြန်ဖြေခဲ့သည့် ဆာရာအား ပြုံးပြလိုက်သည်။ ဆာရာက ချက်ခနဲ ဒက်ခနဲ အကင်းပါးအရိပ်အကဲသိမှုအပိုင်းတွင် အားနည်းသော်လည်း အတွေးအခေါ် နက်နဲသူပင်။ ထို့ကြောင့် လွန်ခဲ့သောသုံးနှစ်က စိတ်ချလက်ချနှင့် ဆာရာကို ချန်ထားနိုင်ခဲ့ခြင်းဖြစ်သည်။
“အသက်လေးရလာတော့ ပူပန်စိတ်ကလည်း မြင့်လာတော့တာပါပဲ။”
“ကောင်းတဲ့အပြောင်းအလဲရှိပါတယ်။ နန်းတွင်းသူနန်းတွင်းသားတွေရဲ့ မျက်နှာထားတွေက ပိုပြီးရွှင်ပျတောက်ပလာကြသလိုပါပဲ။ ကျွန်မပဲ စိတ်ထင်နေတာလားတော့ မသိပါဘူး။”
“တစ်ခါတလေ စကားနဲ့ ရှင်းပြလို့မရပေမဲ့ ခံစားချက်က တိကျနေတာမျိုးလည်းရှိတာပေါ့။”
မာရီအန်းက ဆာရာတစ်ယောက် လူတကာထက်အရင်ဦးကာ အပြောင်းအလဲကို ခံစားမိမှာပဲဟု ခန့်မှန်းလိုက်သည်။ နန်းတော်မှ အမှုထမ်းများအား စီမံခန့်ခွဲရသည့်အမှုက ယခင်ထက်ပို၍ လွယ်ကူအဆင်ပြေလာပေလိမ့်မည်။ မိဖုရား၏ မျက်နှာသာပေးမှုကို အားကိုးကာ လူပါးဝခဲ့ကြသည့် ရံရွေတော်များ အကုန်ပျောက်သွားကြသောကြောင့်ပင်။
မာရီအန်းကား ဆာရာ့အပေါ် အပြစ်ရှိသည့်စိတ်ကို အမြဲတစေထွေးပွေ့ကာ နေလာခဲ့သူပင်။ ဘုရင်မင်းမြတ် လက်ထပ်ထိမ်းမြားပြီး၍ သူထွက်သွားချိန်၌ အထိန်းတော်ချုပ်ရာထူးအား ဆာရာ့ထံ လွှဲပေးခဲ့ချိန်တွင် ဆာရာ မည်မျှအထိ ဒုက္ခများရမည်ကို အရှည်ကြည့်မတွေးမိခဲ့။
နန်းတော်ထဲတွင် မိဖုရား၏ အမိန့်က အထိန်းတော်ချုပ်၏အမိန့်ကိုကျော်လွန်ကာ အာဏာတည်သည်မှာ သဘာဝပင်။ ထို့အပြင် ထိုနှစ်ဦး၏အမိန့်ချင်း တေ့တေ့ဆိုင်ဆိုင် ထိပ်တိုက်တွေ့ကြလေလေ၊ မိဖုရားအား အလျှော့ပေးရသည့် အထိန်းတော်ချုပ်၏ အာဏာစက်က မလွှဲသာမရှောင်သာ ပြိုကွဲချည့်နဲ့ရလေဖြစ်သည်။
ဆာရာက သိသာအောင်ထုတ်ပြခြင်းမရှိသောကြောင့် ရာထူးအနိမ့်အမြင့်အလိုက်အာဏာက မည်မျှအထိ ကစဉ့်ကလျားဖြစ်လာခဲ့သည်ကို မာရီအန်းလည်း အတန်ကြာသည်အထိ မသိခဲ့ချေ။
‘အခု လူတကာထက် စိတ်ကျဉ်းကျပ်နေမဲ့သူက အရှင်မိဖုရားပဲဆိုပေမဲ့ပေါ့လေ။’
မိဖုရား ရာမီတာအကြောင်း မေးလာတုန်းက မာရီအန်းတစ်ယောက် အံ့ဩသွားခဲ့ရသည်။ ထိုသို့သောအရာကိုပါ မေ့သွားသည်ဆိုလျှင် ယင်းပုဂ္ဂိုလ်၏ မှတ်ဉာဏ်ပျောက်ဆုံးမှု အတိုင်းအတာက ပြင်းထန်သည့်သဘောပင်။
‘ဒါပေမဲ့ အခုတလောလို နေ့မျိုးတွေချည်း ဆက်တိုက်ဖြစ်လာဖို့ မျှော်လင့်မိတဲ့ ကိုယ့်စိတ်ကိုယ် အပြစ်တင်မိသား။’
မာရီအန်းက ဘုရင့်ရုံးခန်းဆီသို့ ဦးတည်သွားလိုက်သည်။ သူရောက်လျှင်ရောက်ချင်း နန်းရင်းဝန် ဘယ်ရုစ်က ရုံးခန်းထဲမှ ထွက်လာ၏။ နှစ်ယောက်သား လေးစားသမှုဖြင့် ခေါင်းဆတ်ပြကာ နှုတ်ဆက်လိုက်ကြသည်။
ဘယ်ရုစ်က စင်္ကြံအတိုင်း လျှောက်သွားရာက သိလိုစိတ်ဖြင့် ခေါင်းငဲ့လိုက်သည်။
“တစ်ခုခုတော့ တစ်ခုခုပဲ…”
အထိန်းတော်ချုပ်ဟောင်း ပြန်ရောက်လာသည်ဟု သတင်းများကြားထားသော်လည်း တရားဝင် လူသိရှင်ကြား ရာထူးနေရာရကာ ပြန်လာခြင်းဟုတ်ပုံမပေါ်။
အမှုထမ်းရေးရာနှင့် ပတ်သက်သည့်ကိစ္စများဆိုလျှင် နန်းရင်းဝန်ထံသို့လည်း အစီရင်ခံစာ တင်သွင်းကြပေလိမ့်မည်။ သို့သော် ဘယ်ရုစ်က ထိုကိစ္စနှင့်ဆက်စပ်သည့် စာရွက်စာတမ်း ဘာတစ်ခုမျှ လက်ခံရရှိဖူးခြင်းမရှိခဲ့။ သို့ဆိုလျှင် တိုးတိုးတိတ်တိတ်ကြိတ်ပြီး ရာထူးခန့်အပ်ခြင်း၊ တော်ဝင်မိသားစုအတွင်းမှ ရာထူးနေရာဖြစ်သည်ဟူသော သဘောပင်။
ဘုရင်မင်းမြတ်ကား တိုင်းပြည်၏ အရှင်သခင်ဖြစ်သကဲ့သို့ တော်ဝင်မိသားစု၏ အိမ်ထောင်ဦးစီးလည်းဖြစ်၏။ တိုင်းရေးပြည်ရေးကိစ္စများနှင့် မဆိုင်သည့်အရေးအရာများ ဖြစ်သော်ငြားလည်း အိမ်ထောင်ဦးစီးတစ်ယောက်အနေနှင့် အမှုထမ်းကို လွတ်လပ်စွာ လိုသလောက်ခေါ်ပိုင်ခွင့် အခိုင်အမာရှိပေသည်။
‘ဧကန္တ အရှင်မင်းကြီးက အထိန်းတော်ချုပ်ဟောင်းကို အသုံးချပြီး မိဖုရားကို နှိပ်ကွပ်နေတာများလား။’
မိဖုရားနှင့် အထိန်းတော်ချုပ်ဟောင်းကြားတွင် ဆက်ဆံရေးမကောင်းကြောင်း ရိပ်မိကြသူများမှာ အနည်းအကျဉ်းလောက်သာ။ သို့သော် အများစုက တော်ဝင်ဇနီးမောင်နှံ၏ ဆက်ဆံရေးကို အဆင်ပြေချောမွေ့သည်ဟု ထင်ထားကြသောကြောင့် အထိန်းတော်ချုပ်ဟောင်း ပြန်လာသည့်အဖြစ်အား တော်ဝင်ဇနီးမောင်နှံနှင့် ဆက်စပ်ကြည့်မိကြသူများမှာ အနည်းငယ်သာရှိပေသည်။ ဘယ်ရုစ်ကား အတွင်းရေးကို အသေးစိတ်သိသည့် အနည်းအကျဉ်းအုပ်စုတွင် တစ်ယောက်အပါအဝင်ဖြစ်၏။
‘အဲ့ဒီလိုအဖြစ်မျိုးရှိနေတာတောင် တော်တော်လေးငြိမ်နေပါ့လား။ မုန်တိုင်းမလာခင် လေငြိမ်နေတာများလား မသိပါဘူး။’
မိဖုရား ပျောက်ဆုံးသွားကြောင်း အသိပေးလိုက်ကတည်းက အုတ်အော်သောင်းတင်းအဖြစ်ကို မျှော်လင့်ထားခဲ့ပြီးသားပင်။ ဘယ်ရုစ်၏ တစ်စိတ်တစ်ပိုင်းက ယင်းအဖြစ်မျိုးဖြစ်လာစေရန် မျှော်လင့်၍ပင်နေခဲ့သည်။
မိဖုရားအပေါ် ဘုရင်မင်းမြတ်၏ ပြုမူဆက်ဆံပုံက လျှော့ပေါ့သက်ညှာလွန်းသဖြင့် လျစ်လျူရှုထားခြင်းနှင့်ပင် နီးစပ်၏။ ဆက်ဆံရေး တိုးတက်ဖို့ အခွင့်အရေးမရှိတော့ဘူးဆိုလျှင် ဘုရင်က မိဖုရားအား သူ၏ တာဝန်ဝတ္တရားများအတွက် ကြပ်ကြပ်မတ်မတ် တာဝန်ခံခိုင်းခြင်းက ပိုကောင်းလိမ့်မည်ဟု ဘယ်ရုစ်က တွေးထားခဲ့သည်။
သို့သော် ဘုရင်မင်းမြတ်က ယနေ့ထက်တိုင် ဘာမျှမပြောဘဲ ကာယကံရှင်ကိုလည်း အပြစ်ပေးခြင်းမရှိခဲ့။
‘တော်ဝင်မိသားစု အေးချမ်းသာယာမှ တိုင်းပြည်လည်း တည်ငြိမ်အေးချမ်းမှာကို။’
ဘယ်ရုစ် သက်ပြင်းချလိုက်သည်။ တော်ဝင်ဇနီးမောင်နှံအကြောင်း တွေးလိုက်မိလျှင် အမြဲတမ်း စိတ်က လေးလံ၍ ကျန်ခဲ့သည်ချည်းသာ။
~~~~~
ခါဆယ်ရ်က မာရီအန်းနှင့် နှစ်ယောက်တည်း တွေ့ဆုံခဲ့သည်။
“ပြလိုက်လား။”
“ဟုတ်ကဲ့၊ အရှင်မင်းမြတ်။”
“အဲ့ဒီတော့။”
တည်ငြိမ်သည့်ပုံပေါ်စေရန် ကြိုးစားနေသော်လည်း အမှန်ကား စိုးရိမ်တုန်လှုပ်လျက်။
“မမှတ်မိပါဘူး။”
“ဝါခေါမ် မြို့စားမင်းကို မမှတ်မိဘူးပေါ့လေ။”
“ဟုတ်ပါတယ်၊ အရှင်မင်းမြတ်။ သူစိမ်းတစ်ယောက်ကိုကြည့်သလို ကြည့်နေပြီး ဝါခေါ်မ် မြို့စားမင်း လောလောဆယ် ဘာသာရေးမြို့တော်ဆီ ရောက်နေတယ်ဆိုတာကိုလည်း မသိပါဘူး။”
မိဖုရားအား ပုံတူများမပြမီတွင် မာရီအန်းက ဘုရင်မင်းမြတ်နှင့် တိုင်ပင်ခဲ့သည်။ သိုသိုသိပ်သိပ်ရှိကာ အရည်အချင်းပြည့်ဝသည့် ပန်းချီဆရာများစုစည်းပြီး ပုံတူဖန်တီးရန်အတွက် နှုတ်လုံမှု၊ အရင်းအမြစ်အထောက်အပံ့နှင့် ဘုရင်၏ အကူအညီကို လိုအပ်ပေသည်။
ပထမတော့ ခါဆယ်ရ်က ယင်းအကြံကို ကန့်ကွက်ခဲ့သည်။ သူက မိဖုရား၏ မှတ်ဉာဏ်များကို တမင်သွားမဆွလို။ သို့သော် မာရီအန်းက အခိုင်အမာ မလျှော့တမ်းနားချခဲ့၏။
[အရှင်မင်းကြီး။ ဖုံးကွယ်ဖို့ကြိုးစားရင် ပိုပြီးသိချင်တတ်တာ လူ့သဘာဝပါ။ လေအိတ်က တအားပြည့်သွားလို့ ပေါက်သွားတဲ့အခါ အသံကျယ်သလိုပဲပေါ့။ ကျွန်မကတော့ အရှင်မိဖုရားကို သဘာဝကျကျလေး မှတ်ဉာဏ်တွေ ပြန်ရလာအောင် ကူညီပေးတာက မှန်ကန်တဲ့နည်းလမ်းလို့ မြင်ပါတယ်။]
ခါဆယ်ရ်က နောက်ဆုံး၌ မာရီအန်း၏ အကြံပြုချက်ကို လက်ခံခဲ့သော်လည်း ပထမဆုံး ပုံတူပန်းချီဆွဲကာ ပြသရန် ရွေးချယ်ထားသူက ဝါခေါမ် မြို့စားမင်း ဖြစ်နေသည်ကိုတော့ ဘဝင်မကျခဲ့။
ဝါခေါမ် မြို့စားမင်းက မိဖုရား ပုံမှန်တွေ့ဆုံနေကျလူဖြစ်ပြီး ဘာသာရေးမြို့တော်တွင် နေခဲ့စဉ်ကတည်းက ရင်းနှီးသိကျွမ်းခဲ့သူပင်။ ထို့အပြင် သူက မိဖုရား သံယောဇဉ်ကြီးစွာ စုဆောင်းခဲ့သည့် စာအုပ်များကို ရောင်းပေးခဲ့သော ကုန်သည်ဖြစ်ပေသည်။ မိဖုရား သူ့ကို မှတ်မိသွားနိုင်ခြေ အမြင့်ကြီးရှိသည်ဟု ခါဆယ်ရ် တွေးလိုက်မိ၏။
‘သူ့ကို မမှတ်မိဘူးတဲ့လား။’
ထိုအခါမှသာ ဟင်းချနိုင်တော့ကာ အမှတ်တမဲ့ သက်ပြင်းတစ်ချက်ပင် မှုတ်ထုတ်လိုက်မိသည်။
“မိဖုရားက တကယ်တမ်း မှတ်မိနေလောက်တယ်ဆိုပြီး ခံစားမိတာမျိုးရှိလား။ သိရဲ့သားနဲ့ မသိချင်ယောင်ဆောင်နေတာမျိုး။”
“ကျွန်မကတော့ မပြောတတ်ပါဘူး။ အရှင်မင်းကြီးကရော။ အခုတလော မိဖုရားနဲ့ ပိုပြီးတော့ အချိန်ကုန်ဆုံးဖြစ်နေတယ်မဟုတ်ပါလား။”
“…”
ခါဆယ်ရ်တစ်ယောက် ပြောစရာမရှိ ဖြစ်သွားတော့သည်။
ညတိုင်း မိဖုရား၏ အိပ်ခန်းဆီသို့သွား၏။ လက်ထပ်ပြီး သုံးနှစ်တာအတွင်း မိဖုရားနှင့် အတူတူ ကုန်ဆုံးခဲ့သည့်အချိန်ကို အားလုံးပေါင်းကြည့်လိုက်မည်ဆိုလျှင် ယခု မိဖုရားနှင့် တစ်ညတာ ကုန်ဆုံးဖြစ်သော အချိန်ထက်ပင် နည်းနေလောက်မည်လားမသိပေ။
သို့သော် မာရီအန်း၏ မေးခွန်းအား တုံ့ပြန်ရန် စကားမရှိခဲ့။
ယခုအချိန်အထိ သူ နယ်ချဲ့စူးစမ်းခဲ့သမျှက မိဖုရား၏ ခန္ဓာကိုယ်တစ်ခုတည်းသာ။ အိပ်ခန်းထဲသို့ ဝင်လိုက်သည့်အခိုက်အတန့်မှစ၍ မိဖုရားအားနမ်းရ၊ အိပ်ရာပေါ်လှဲကာ သိမ်းပိုက်ရသည်နှင့်တင် အချိန်က လုံးဝကုန်ဆုံးသွားသလား မှတ်ရပေသည်။
မိဖုရားနှင့် ဟုတ်တိပတ်တိ တစ်ခါမှ စကားမပြောဖြစ်ခဲ့။ ထိုသို့ပြောဆိုနေရန်အတွက် ညတာများမှာ တိုတောင်းလွန်းလှ၏။
ရံဖန်ရံခါ မှတ်မိတတ်သည့်အရာကား သူ့ကို တွန်းဖယ်ကာ ညည်းညူတတ်သည့် မိဖုရား၏ အမူအရာလေးပင်။ ဒီလောက်နဲ့ အိပ်ရအောင်ဟုပြောကာ သူ့ပခုံးများနှင့် လက်မောင်းများကို လက်ဖဝါးလေးဖြင့် ရိုက်တတ်သည့် ပုံစံလေးလည်း ပေါ်လာတတ်သည်။
လုံးဝ အလဟဿဖြစ်သွားသည့် အချိန်တွေတော့မဟုတ်။ မိဖုရား အတည်စိတ်ဆိုးလျှင် လုပ်တတ်သည့် မျက်နှာထားလေးကို ယခုမူ သူ အတပ်ပြောနိုင်ပေပြီ။ မိဖုရား ထိုသို့သော မျက်နှာထားမျိုး ပြလာသည့်အချိန်ကား သူ၏ ဇွဲကောင်းကောင်း အထိအတွေ့အကိုင်အတွယ်များကို ရပ်တန်းကရပ်ကာ အိပ်စက်ရမည့်အချိန်ပင်။
ခါဆယ်ရ်က အလေးအနက်တွေးသယောင်ဆောင်ကာ ခေါင်းကိုငဲ့စောင်းပြီး နဖူးကို လက်နှင့်ဖိလိုက်သည်။ ခေါင်းထဲတွင် ပြန်ပေါ်လာသည့် အဖြစ်အပျက်များထဲ၌ မာရီအန်းအား ပြောပြ၍ရမည့်အကြောင်းအရာ တစ်ခုမှမပါ။
ဘုရင်က အကြာကြီး နှုတ်ဆိတ်နေသည့်အခါ မာရီအန်းက နားလည်ပေးနိုင်သည့်အကြည့်မျိုးနှင့် ကြည့်ခဲ့သည်။
“အရှင်မိဖုရားက အမှန်အတိုင်းမပြောပြရင် ဘယ်သူမှမသိနိုင်တဲ့ အရာပဲပေါ့ရှင်။”
ခါဆယ်ရ်က အလကားနေရင်း ချောင်းဟန့်လိုက်သည်။
“တစ်ခုခု မူမမှန်တာရှိရင် ချက်ချင်း လျှောက်တင်။”
“ဟုတ်ကဲ့ပါ၊ အရှင်မင်းကြီး။”
ဘုရင့်ရုံးခန်းမှ ပြန်ထွက်လာချိန်တွင် မာရီအန်း၏ မျက်နှာထားက သုန်မှုန်လျက်။ သူ ဘုရင်မင်းမြတ်ကို လိမ်ညာမိခဲ့သည်။ သူ့ကို မသိမသာ စိတ်စနိုးစနောင့်ဖြစ်ရအောင် လုပ်နေသည့်အရာရှိသော်လည်း လျှောက်တင်ဝံ့ခြင်းမရှိခဲ့။
‘မိဖုရားက မှတ်ဉာဏ်တွေ ပြန်ရလာတဲ့ပုံတော့မပေါ်ဘူး။ ဒါပေမဲ့…’
အစတွင်တော့ မိဖုရား၏ ပြောင်းလဲသွားသည့် အပြုအမူကို စိတ်ဝင်စားစရာဟု မှတ်ယူကာ ယခု မိဖုရား သူ့အပေါ်ပြသလာသည့် ယုံကြည်အားကိုးမှုအတွက် ကျေးဇူးတင်ခဲ့မိသည်။ သို့သော် အချိန်တရွေ့ရွေ့ကုန်လာသည်နှင့်အမျှ တစ်စုံတစ်ရာက စည်းဝါးကိုက်မနေသည်ကို စတင်ခံစားမိလာ၏။
ကိုယ့်ကိုယ်ကိုယ် ဘယ်သူမှန်း မေ့သွားရမှာဖြစ်သည့် လူတစ်ယောက်အနေနှင့် မိဖုရားက ထူးထူးဆန်းဆန်း တည်ငြိမ်နေသည်။ စိုးရိမ်ကြောင့်ကြမှုတို့၊ ကြောင်အမ်းအမ်းဖြစ်မှုတို့ကို အရိပ်အယောင်ပင်မတွေ့ရ။
သမားတော်က အတိတ်မေ့ဝေဒနာရှင်များသည် ပြင်းထန်သည့် စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှု လက္ခဏာများ ပြတတ်လေ့ရှိကာ စိတ်အပြောင်းအလဲများကလည်း ပြင်းထန်တတ်သောကြောင့် ပတ်ဝန်းကျင်ရှိလူများ၏ ဂရုတစိုက် ပြုစုစောင့်ရှောက်မှုကို လိုအပ်သည်ဟု ဆိုခဲ့သည်။
သို့သော် မိဖုရား၏ လက္ခဏာများမှာ သမားတော်၏ သတိပေးချက်များနှင့် လုံးဝ ကိုက်ညီမှုမရှိပေ။ အမှန်တော့ အသစ်အဆန်း သိရှိကြုံတွေ့ရသည့်အရာများကြောင့် ယခင်ကထက်ပင် ပို၍အသက်ဝင်တက်ကြွနေသယောင်ရှိ၏။
‘လေသံကလည်း ပြောင်းသွားတယ်။ မှတ်ဉာဏ်ပျောက်တာက လူမှာ အရိုးစွဲနေတဲ့ အကျင့်ကိုပါ ပြောင်းလဲပေးနိုင်တာလား။’
မကောင်းသည့် အပြောင်းအလဲမဟုတ်သောကြောင့် မာရီအန်းက ဘုရင်မင်းမြတ်ထံလျှောက်တင်အစီရင်ခံပြီး စိတ်ပူအောင်မလုပ်လိုပေ။ သို့သော် တော်တော်လေးကို နားမလည်နိုင်စရာ ဖြစ်နေပေသည်။
မာရီအန်းသာ မိဖုရားကို အချိန်အကြာကြီး အနီးကပ်ခစားခဲ့ရမည်ဆိုလျှင် အံ့ဩသည်ထက်ကိုလွန်၍ သံသယပင်ထားမိလောက်ပေမည်။ သို့သော် သူက နန်းတော်မှ အဝေးသို့ အကြာကြီး ရောက်နေကာ မိဖုရားနှင့် မျက်နှာချင်းဆိုင် ပြောဆိုဆက်ဆံဖူးခြင်းလည်း များများစားစား မရှိခဲ့။
မိဖုရားအကြောင်း ကောင်းကောင်းသိကြသည့် အနီးကပ် အခြွေအရံဟောင်းများကလည်း လောလောဆယ်တွင် ပျောက်ဆုံးနေကြသည်။ မှတ်ဉာဏ်မပျောက်ဆုံးမီကနှင့် နှိုင်းယှဉ်ကာ မည်မျှပြောင်းလဲသွားကြောင်းကို ရေရေရာရာ ပြောနိုင်မည့်သူ တစ်ယောက်မှမရှိချေ။ မာရီအန်းလည်း နားမလည်နိုင်မှုနှင့် ခေါင်းကိုငဲ့ကာ ဒွိဟဖြစ်နေရုံသာ တတ်နိုင်ခဲ့လေသည်။
~~~~~
ညနေခင်းတွင် ဘုရင်မင်းမြတ်၏ လက်ပါးစေ ရောက်လာခဲ့သည်။ အတူအိပ်စက်ခြင်းကို ရှောင်ရှားရန်အတွက် ဓမ္မတာလာနေသည်ကို ခုတုံးလုပ်ခဲ့သည့် ယူဂျင်းက လက်ပါးစေကို ဘာဖိအားမှမပေးဘဲ ပြန်လွှတ်လိုက်သည်။
တော်တော်ကြာမှ ပထမဆုံးအကြိမ်အဖြစ် ယူဂျင်း တစ်ယောက်တည်း အိပ်ပျော်ခဲ့ရသည်။ နောက်တစ်နေ့မနက်တွင် အစောကြီး နိုးလာ၏။ ခန္ဓာကိုယ်က ထပျံနိုင်လောက်အောင် ပေါ့ပါးနေသည်ကို ခံစားမိရင်း အားရပါးရ အကြောအခြင် ဆန့်ပစ်လိုက်သည်။
‘အာ၊ ဒါပဲလေ။’
ဓမ္မတာလာနေသော်လည်း ခန္ဓာကိုယ်က ပေါ့ပါးနေသည်။
ယူဂျင်းက ပုံမှန်အားဖြင့် ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲမှုများကို အပြင်းအထန် ခံစားရတတ်သူဖြစ်သောကြောင့် ထိုကာလတစ်လျှောက်လုံး အကိုက်အခဲပျောက်ဆေးကိုသာ အားကိုး၍နေရလေ့ရှိသည်။ သို့သော် ဂျင်၏ ခန္ဓာကိုယ်ကား ဓမ္မတာစစချင်း၌ ဝမ်းဗိုက်အောက်ပိုင်းတွင် လေးလံမှုကိုသာ မသိမသာခံစားခဲ့ရပြီး တခြားလက္ခဏာများ ဘာမှမရှိသလောက်ပင်။
အကောင်းဆုံးအနေအထားနှင့် တစ်နေ့တာကို စတင်နိုင်ခဲ့တော့သည်။
~~~~~
ယူဂျင်းက စာအုပ်တစ်အုပ်ကို ဆွဲထုတ်ကာ လျှို့ဝှက်စက်ယန္တရားတွေဘာတွေများ ရှိနေမလားဟု စာအုပ်စင်အတွင်းဘက်ကို ဂရုတစိုက် စစ်ဆေးလိုက်သည်။ ထို့နောက် စာအုပ်ကိုပြန်ထားကာ နောက်ထပ်စင်တစ်ခုဆီသို့ သွားခဲ့သည်။
နောက်ထပ် စာအုပ်တစ်အုပ် ထပ်ဆွဲထုတ်ကာ သက်ပြင်းမော ချမိတော့၏။ ခါးထောက်ထားရင်း တစ်ပတ်လည်လှည့်လိုက်သည်။ စာကြည့်ခန်းက ကျယ်ပြောလှကာ စာအုပ်များလည်း အင်မတန် များပြားလှပေ၏။
‘ဒီအတိုင်းဆို ဘယ်တော့များမှ ခရီးတွင်မှာလဲနော်။’
အတိအကျ ဘာကိုရှာလို့ရှာရမည်မှန်း မသိရခြင်းက ကောက်ရိုးပုံထဲ အပ်ပျောက်ရှာရသလိုပင်။
ယူဂျင်းက စာကြည့်ခန်းအလယ်တွင်ရှိသည့် ဆိုဖာပေါ်တွင် ထိုင်ချလိုက်သည်။ စားပွဲပေါ်တွင်တော့ အခန်းငယ်ထဲမှ ယူထုတ်လာကာ တင်ထားသည့် ရှေးဟောင်းစာအုပ်တစ်အုပ်ရှိနေသည်။ စာကြည့်ခန်းထဲသို့ ဝင်ခွင့်ရှိသူက သူတစ်ယောက်တည်း ဖြစ်သည့်အတွက် အရာအားလုံးက ထားခဲ့သည့်အတိုင်း ခြေရာလက်ရာမပျက် ရှိနေ၏။
ယူဂျင်းက အဖုံးတွင် မာရာအမှတ်တံဆိပ်ပါသည့် ရှေးဟောင်းစာအုပ်ကိုကြည့်ကာ ဖွင့်လိုက်သည်။
‘ဒီလိုစာအုပ်မျိုးဖတ်တာ ပိုကောင်းလောက်မလား။ မာရာအကြောင်းလည်း နည်းနည်းပါးပါး သိထားဖို့လိုတာကို။’
ယူဂျင်း ဖန်တီးထားသည့် ကမ္ဘာဆိုသော်လည်း သူသိထားသည့်အရာများနှင့် အမှတ်မထင် ကွာခြားနေသည့်အရာများ များစွာရှိပေသည်။ သူသိထားသည့်အရာ အများစုက အဓိကအဖြစ်အပျက်များနှင့် အဓိကဇာတ်ကောင်များအကြောင်းပင်။
လက်တွေ့တွင် နေ့စဉ်ဘဝအတွက် လိုအပ်သော အသေးစိတ်အချက်အလက်လေးများကို ဘာမှမသိပေ။ ဤကမ္ဘာအကြောင်း ခြုံငုံသိထားခြင်းက နေ့စဉ်ဘဝအတွက် အများကြီး အထောက်အကူမဖြစ်။
ယူဂျင်းက ပို၍သက်သောင့်သက်သာထိုင်လိုက်ကာ စာအုပ်ကို စတင်ဖတ်ကြည့်တော့သည်။ အက္ခရာများကို အခက်အခဲမရှိ ဖတ်နိုင်သည့်အတွက် တော်သေး၏။
စာရွက်လှန်လိုက်သည့်လက်က တုံ့ခနဲ ရပ်သွားခဲ့သည်။ ယူဂျင်းက အစသို့ပြန်လှန်လိုက်၏။ လက်နှစ်ဖက်စလုံးဖြင့် စာရွက်ကိုဖိကာ အပြင်ဘက်သို့ ဖိဆွဲလိုက်သည်။
‘စာရွက်ပျောက်နေတယ်ရော။’
~~~~~
Miel’s Translations