Chapter 25
အပိုင်း ၂၅
စာမျက်နှာတစ်ခုက အောက်ပိုင်းလေးသာချန်ကာ ပိုင်းဖြတ်ခြင်းခံထားရသည်။ စက္ကူမဟုတ်သည့်အတွက် ဆုတ်ဖြဲခံရခြင်းတော့ မဖြစ်နိုင်။ တစ်စုံတစ်ယောက်က ဓားဖြင့်ပိုင်းဖြတ်ထားခြင်း ဖြစ်ပေလိမ့်မည်။
‘နဂိုကတည်းက ဖြတ်ထားများလား။ မဟုတ်ရင် ဂျင်က ဖြတ်ထုတ်ထားတာလား။ ဒီပျောက်နေတဲ့စာမျက်နှာမှာ ဘာအကြောင်းအရာတွေများ ပါနေတာပါလိမ့်။’
ယူဂျင်းက မျက်လုံးလေးပင့်ကာ အခန်းငယ်ဆီသို့ ကြည့်လိုက်သည်။
‘ဂျင်က အမြင်ကိုလှည့်စားရုံသက်သက်အတွက်ပဲ စာအုပ်တွေစုတာမဟုတ်ဘူးဆိုရင် အဲ့ဒီအထဲမှာ စာရွက်တွေပျောက်နေတဲ့ စာအုပ်တွေရှိမှာပဲ။’
ယူဂျင်း၏ မျက်လုံးလေးများ လင်းလက်သွားတော့သည်။ နောက်ဆုံးတော့ မည်သည့်အရာအား ရှာရမည်ဆိုသည်ကို သိရပေပြီ။ ထိုနောက်ပိုင်းတွင် ယူဂျင်းတစ်ယောက် နှစ်ရက်တိုင်အောင် နောက်ထပ် စာရွက်ပျောက်နေသော စာအုပ်များကို ရှာဖွေခဲ့သည်။ ဤအချက်က ယူဂျင်း၏ သီအိုရီကို ပို၍ခိုင်မာစေခဲ့၏။
‘စာရွက်ပျောက်နေတဲ့ စာအုပ်အကုန်လုံးကို ရှာတွေ့ရင် ဘယ်လိုအကြောင်းအရာကို ထုတ်ဖယ်ထားလဲဆိုတာ ခွဲခြမ်းစိတ်ဖြာကြည့်လို့ရမှာပဲ။ သုံးလေးရက်လောက်ဆိုရင် ရှေးဟောင်းစာအုပ်တွေအကုန်လုံးကို လှန်လှောကြည့်လို့ရလောက်တယ်။’
ယူဂျင်းတွင် တစ်ခါတည်းနှင့် အားလုံးကို လုပ်လိုစိတ်မရှိ။ တစ်နေကုန် စာကြည့်ခန်းထဲ၌သာ အောင်းမနေလိုပေ။
ဂျင်၏အစီအစဉ်များကို ဖော်ထုတ်လိုရုံသက်သက်နှင့်တော့ ရှိသမျှအားကို အကုန်သုံးပစ်ရန် စိတ်ကူးမရှိပေ။ ဘဝမပြောင်းလဲမီတွင် ယူဂျင်းက တစ်ချက်ကလေးတောင် မနားရဘဲ ဆက်တိုက်ရုန်းကန်လှုပ်ရှားရင်းသာ နေခဲ့ရသည်။ ပြန်ကြည့်လိုက်လျှင် ကိုယ့်ကိုယ်ကိုယ် နွမ်းလျစေသည့် ဒဏ်ရာအမာရွတ်များမှလွဲ၍ တခြားဘာမှမကျန်သည့် မိမိကိုယ်မိမိ ပျက်စီးရာပျက်စီးကြောင်းကြံသော ဘဝနေထိုင်နည်းပင်။
မဟာသို့ ရောက်လာပြီးကတည်းက ယူဂျင်း၏ ဘဝအပေါ်အမြင်လည်း ပြောင်းလဲသွားခဲ့သည်။ ကမ္ဘာပေါ်ရှိ အရာအားလုံးကို စိတ်ဆန္ဒဇောတစ်ခုတည်းဖြင့် ထိန်းချုပ်၍မရ။
တစ်နေ့သ၌ မဟာသို့ ရောက်လာခဲ့သလိုပင် နောက်တစ်နေ့ မျက်လုံးဖွင့်လိုက်သည်နှင့် အိမ်ပြန်ရောက်နေသည်ကိုလည်း တွေ့ရနိုင်ခြေရှိပေသည်။ ထို့ကြောင့် ဤနေရာတွင် နေ့တိုင်းနေ့တိုင်းကို အပြည့်အဝ ကုန်ဆုံးနေထိုင်ပစ်ဖို့ ဆုံးဖြတ်ထား၏။
‘ဒီနေ့တော့ ရဲတိုက်ကို လှည့်ပတ်ကြည့်ရမှာပေါ့။ အခုထိ မကြည့်ရသေးတဲ့နေရာတွေ အများကြီးရှိသေးတာကို။’
ယူဂျင်းက စာကြည့်ခန်းမှ အိပ်ခန်းဆီသွားသည့်လမ်းကို အမြဲသွားလာနေကျလမ်းမဟုတ်ဘဲ ဝေးဝေးလံလံ လှည့်ပတ်သွားရသည့်လမ်းအား ရွေးချယ်ခဲ့သည်။ ပထမထပ်သို့ ဆင်းလာရာက ယခင် သတိမမူမိသည့် တံခါးလေးတစ်ချပ်အား တွေ့လိုက်ရ၏။
မြင်ကွင်းကျယ်လာသည်မှာ ယူဂျင်းက ဤနေရာတွင် နေထိုင်ရသည့်ဘဝနှင့် တဖြည်းဖြည်း အသားကျလာပြီဟူသည့်သဘောပင်။ ယူဂျင်းက မဆိုင်းမတွပင် ထိုတံခါးဆီသို့ လျှောက်သွားလိုက်၏။
ဂျီးန်က အနောက်မှလိုက်ပါလာသဖြင့် လမ်းပျောက်မည်ကို စိုးရိမ်ရန်မလို။
အပြင်ထွက်လိုက်သည်နှင့် စင်္ကြံအရှည်ကြီးကို မျက်စိရှေ့တွင် တမျှော်တခေါ် တွေ့လိုက်ရသည်။ တစ်ဖက်တွင် တိုင်လုံးများအတန်းလိုက်ရှိနေကာ တစ်ဖက်ခြမ်းရှိနံရံကား အပွင့်ဖြစ်၏။ စင်္ကြံလမ်းဆုံးတွင် နောက်ထပ်တံခါးတစ်ခု ချိတ်ဆက်ထားလျက်ရှိလေသည်။
ယူဂျင်းက စင်္ကြံအတိုင်း လျှောက်ဆင်းလာရာက ရပ်တန့်လိုက်သည်။ နံရံဖွင့်ထားသည့်ဘက်သို့ ဦးခေါင်းကိုလှည့်ကာ ကောင်းကင်ပြင်ကို မော့ကြည့်လိုက်၏။
‘တွေးကြည့်လိုက်တော့ ရဲတိုက်ထဲ ဝင်လာပြီးတဲ့နောက်ပိုင်း ပထမဆုံးရှူဖြစ်တဲ့ အပြင်ကလေပဲ။’
ရဲတိုက်က ကျယ်ပြောလှသည့်အတွက် မွန်းကျပ်သည်ဟု မခံစားရ။ မဟာသို့ရောက်ပြီး သိပ်မကြာမီတွင် ရုန်းကန်လှုပ်ရှားရသည့်ရာသီ စတင်သဖြင့် ရဲတိုက်အပြင်သို့ထွက်ရန်ပင် စိတ်မကူးမိခဲ့။
‘ရာသီဥတုလေး သာယာနေတာကို ဥယျာဉ်ထဲ ထွက်ကြည့်ရမလား။ ရဲတိုက်ဝင်းထဲမှာပဲကို လိုက်သွားကြည့်လည်း အဆင်ပြေလောက်မှာပါ။’
“ဒီဘက်ကိုသွားရင် လမ်းပိတ်သွားမလား။”
“ပုံမှန် သွားလာနေတဲ့လမ်း မဟုတ်ပေမဲ့ ပိတ်နေတဲ့လမ်းတော့ မဟုတ်ပါဘူး၊ အရှင်မိဖုရား။”
ယူဂျင်းက စင်္ကြံမှ မြေပြင်ပေါ်သို့ ဆင်းလိုက်သည်။ လျှောက်လမ်းများ၏ ကျစ်လျစ်သိပ်သည်းသော ကျောက်သားကြမ်းခင်းတွင် လျှောက်ပြီးသည့်နောက် မြေကြီးပေါ်တွင် လမ်းလျှောက်ရသည်မှာ ကောင်းလှ၏။ ယူဂျင်းက ဘယ်နေရာကိုသွားမည်ဟု သတ်မှတ်ထားခြင်းမရှိဘဲ ခြေဦးတည့်ရာ လျှောက်လာခဲ့သည်။
ထို့နောက် ခပ်လှမ်းလှမ်းတွင် လှုပ်ရှားနေသည့် လူမဟုတ်သော တစ်စုံတစ်ရာကို သတိထားလိုက်မိ၏။ နည်းနည်းအနားထပ်တိုးကာ ဂရုတစိုက် ကြည့်လိုက်တော့ မြင်းဖြစ်နေသည်။ ခေါင်းအစ ခြေအဆုံး မည်းနက်နေသည့်မြင်း။
ပတ်ဝန်းကျင်နှင့် မလိုက်ဖက်သော ဖြစ်တည်မှုပင်။ မြင်းဇောင်းတွင် ရှိနေသင့်သည့်မြင်းက ထိန်းချုပ်မည့်သူမရှိဘဲ လွတ်လပ်စွာ ပြေးလွှားနေသည်ကို တွေ့မြင်ရသည်မှာ ထူးဆန်းလှ၏။
“ဂျီးန်၊ ဟိုမြင်းက မြင်းဇောင်းကနေ ခိုးထွက်လာတာများလား။”
“အာ…မဟုတ်ပါဘူး၊ အရှင်မိဖုရား။ နဂိုကတည်းက လွတ်လွတ်လပ်လပ် သွားလာခွင့် ရထားတာပါ။”
“ဇက်ကြိုးတွေဘာတွေလည်း မတွေ့မိပါလား…လေ့ကျင့်ထားတဲ့မြင်း ဟုတ်ပုံမရဘူး။ ပိုင်ရှင်ရှိတဲ့မြင်းလား။”
“ဟုတ်ကဲ့။”
“ပိုင်ရှင်က ဧကန္တ မရဏဘုရင်လား။”
“ဟုတ်ပါတယ်၊ အရှင်မိဖုရား။”
အဲ့ဒါကြောင့်ကိုး။ ယူဂျင်းလည်း သဘောပေါက်သွားတော့သည်။ ဘုရင်မင်းမြတ်၏ အချစ်တော်မြင်းဖြစ်သောကြောင့် စိတ်တိုင်းကျ သွားလာနေသည်ကို လွှတ်ထားပေးသည့်ပုံပင်။
‘အံ့ဩစရာပါလား။ အဲ့ဒီလူက ဘယ်လောက်ပဲ အိမ်မွေးတိရစ္ဆာန်ဖြစ်နေပါစေ အလိုလိုက်မဲ့စရိုက်မျိုးမဟုတ်တာကို။ အဲ့ဒီမြင်းကိုတော့ တော်တော်လေး ချစ်တဲ့ပုံပဲ။’
“ရိုင်းလား။”
“လူတွေကို ထိခိုက်အောင်မလုပ်ဘူးဆိုပေမဲ့…”
ယူဂျင်းက နည်းနည်းလေး အနားတိုးသွားလိုက်သည်။ မြင်းနက်ကြီးက ဦးတည်ချက်မရှိ ဟိုဟိုဒီဒီ သွားလာနေရာက တစ်ချိန်အရောက်တွင် ငြိမ်ငြိမ်လေးရပ်ကာ ယူဂျင်းကို တည့်တည့်ကြည့်ခဲ့သည်။
ယူဂျင်းက ခပ်လှမ်းလှမ်းမှနေ၍သာ ကြည့်ရန်စိတ်ကူးထားသော်လည်း ပိုကြည့်မိလေလေ၊ မြင်း၏အလှတရားကို မှင်တက်မိကာ အိပ်မွေ့ချခံရသကဲ့သို့ ဆွဲဆောင်ခံရလုနီးပါးဖြစ်လာလေလေပင်။
“အရှင်မိဖုရား၊ အန္တရာယ်များပါတယ်။”
ဂျီးန်၏ အလောတကြီးခေါ်သံက နားထဲသို့ ကောင်းကောင်းမဝင်ခဲ့။
တစ်ခါက ကမ္ဘာ့အလှဆုံးမြင်းဘွဲ့ကို ရထားသည့် မြင်း၏ဓာတ်ပုံကို မြင်ဖူး၏။ ဤမြင်းနက်ကား ထိုမြင်းထက်ပင် ပို၍ခမ်းနားကြီးကျယ်လှပပေသည်။
ကိုယ်လုံးကိုယ်ထည်က ပြီးပြည့်စုံစွာ အချိုးအစားကျနကာ တောင့်တင်းကြံ့ခိုင်၏။ ထိုမြင်းမှာ မည်မျှ မျိုးကောင်းမျိုးသန့်ဖြစ်ကာ၊ မည်မျှဈေးကြီးမည်ကို သိနိုင်ပေသည်။
တင့်တယ်လှပပြီး ရှည်လျားသည့်လည်တိုင်ကို ဖုံးလွှမ်းထားသည့် လည်ဆံမွေးထူထူက လေထဲတွင် ယိမ်းနွဲ့လွင့်ပျံနေသည်။ နေရောင်အောက်တွင် ရောင်ပြန်ဟပ်ကာ စိုလက်တောက်ပြောင်နေသော အနက်ရောင်သားမွေးများကလည်း မှင်တက်စရာပင်။
စူးရှကာ ပါးနပ်လိမ္မာမှုရှိသည့် အနီရောင်မျက်လုံးများက ကျောက်မျက်ရတနာသဖွယ် လင်းလက်လျက်။
‘အနီရောင်လား။’
ယူဂျင်းက အံ့အားသင့်စွာ ရပ်လိုက်မိသည်။ သူနှင့် မျက်လုံးချင်းဆုံလိုက်ရသော အနက်ရောင်မြင်း၏ မျက်လုံးများက ထင်ရှားပြတ်သားသည့် အနီရောင်ရှိနေလေသည်။ မဟာတွင် အနီရောင်မျက်လုံးဟူသည်မှာ လာ့ခ်၏ အမှတ်သင်္ကေပင်။
~~~~~
ခါဆယ်ရ်ကား မနက်ကတည်းက အဆက်မပြတ် ဝင်လာသည့် စာရွက်စာတမ်းများအား စစ်ဆေးကြည့်ရှုခြင်းကို လက်စသတ်လိုက်သည်။ ရှုပ်ထွေးသည့်ပြဿနာကို လောလောလတ်လတ် ဖြေရှင်းထားရ၍ပဲလားမသိ၊ တခြားစာရွက်စာတမ်းဆီသို့ လက်လှမ်းရန် အသင့်မဖြစ်သေး။
အကင်းပါးသည့် အပါးတော်မြဲက အနားကပ်လာခဲ့သည်။
“လက်ဖက်ရည် ယူလာခဲ့ရမလား။ အရှင်မင်းမြတ်။”
“အင်း။”
အပါးတော်မြဲက ဦးညွှတ်ကာ ထွက်သွားခဲ့သည်။ လက်ဖက်ရည်ကို စောင့်နေစဉ်အတွင်း ခါဆယ်ရ်က ခေတ္တနားချိန်လေးကို အရသာခံရန်အတွက် နေရာမှထလိုက်သည်။
သူက ပြတင်းပေါက်ကိုဖွင့်ကာ လသာဆောင်သို့ ထွက်လိုက်၏။ ကောင်းကင်က ကြည်လင်ရှင်းလင်းကာ တိမ်တစ်စပင် ရှိမနေပေ။ ထိုကောင်းကင်ပြင်တွင် အချိန်မရွေး အချက်ပြမီးပွား ပေါက်ကွဲနိုင်ပေသည်။ ရုန်းကန်လှုပ်ရှားရသည့် ရာသီတွင် သူက အမြဲတစေ အဆင်သင့် ရှိနေရသည့် အခြေအနေပင်။
ဘယ်တော့ အချက်ပြမီးပွား ပေါက်ကွဲကာ၊ ဘယ်တော့ အလောသုံးဆယ် ပြေးထွက်ရမည်ကို မသိရသောကြောင့် အကြာကြီးထိုင်ကာ အာရုံစိုက်ရန် အခက်တွေ့ရ၏။ ထို့ကြောင့် ယခင်ကမူ နေဝင်ချိန်မှ အရုဏ်တက်အထိ အလုပ်လုပ်ကာ နည်းနည်းချင်းစီ တစ်ရေးတမောအိပ်၍ အိပ်ရေးကို ပြန်ဖြည့်ခဲ့သည်။
သို့ရာတွင် အခုတလော ညတိုင်း မိဖုရား၏ အိပ်ခန်းဆီသို့ ဆောင်တော်ကူးနေရသောကြောင့် နေ့ဘက်တွင် အလုပ်လုပ်ရုံအပြင်မရှိခဲ့။ နေ့ဘက်တွင် အလုပ်လုပ်ခြင်းက အလုပ်မတွင်သောကြောင့် စာရွက်စာတမ်းပုံကြီးက လျော့ခဲလှသည်။
လတ်တလောတွင် မိဖုရားနှင့် ညဉ့်နှစ်ပါးသွားကနိုင်မည်မဟုတ်ပေ။ ဤသည်ကား ညပေါင်းအနည်းငယ် အလုပ်တွင် အာရုံစိုက်နိုင်မည့်သဘောဖြစ်သော်လည်း နည်းနည်းမှ ဘဝင်မကျမိ။ ယခုကဲ့သို့ အလုပ်လုပ်ရမည်ကို သဘောမကျတာမျိုး တစ်ခါမှမဖြစ်ဖူးခဲ့။
ခါဆယ်ရ်က အောက်သို့ငုံ့ကြည့်ကာ စုတ်သပ်လိုက်သည်။
‘ဟိုကောင်တော့ လုပ်ပြန်ပြီ။’
အာဘူကား ဘယ်လောက်ပဲ မြင်းအသွင်ဖြင့်နေပါစေ နဂိုက မိစ္ဆာတစ်ကောင်ပင်။ နန်းတော်ထဲတွင် ထိုအချက်ကို မသိသောသူမရှိဘဲ အားလုံးက အာဘူကို ကြောက်ကြသည်။
ခါဆယ်ရ်က အာဘူအား နန်းတော်အတွင်း၌ စိတ်ထင်သလို လိုက်မသွားဖို့ သတိပေးထား၏။ သို့သော် အာဘူက ထိုအမိန့်လောက်ကို ကောင်းကောင်းမလိုက်နာပေ။
ကန္တာရထဲတွင် ပြေးလွှားသွားလာနေကျကောင်က ခါဆယ်ရ်၏ ထိန်းချုပ်မှုအောက်ကို ရောက်လာသည်ဆိုရုံဖြင့် သူ၏ လွတ်လွတ်လပ်လပ် နေတတ်သည့်စိတ်က ပြောင်းလဲသွားမည်မဟုတ်ပေ။ ငြိမ်ငြိမ်နေဟူသောအမိန့်ကို အဲ့ဒီကောင် နာခံဖို့ဆိုသည်မှာ တအားလွန်သည့်အရာပင်။
တစ်ခါမှ ပြဿနာရှာဖူးခြင်းမရှိသောကြောင့် ခါဆယ်ရ်လည်း ပုံမှန်အားဖြင့် မျက်နှာလွှဲထားလေ့ရှိသည်။
သူက အာဘူ လှုပ်ရှားသွားသည့် အရပ်ဆီသို့ ကြည့်လိုက်သည်။ ထို့နောက် အာဘူထံ ချဉ်းကပ်လာကြသော လူနှစ်ဦးကို သတိထားမိသွားတော့၏။
‘ယူဂျင်း။’
ခါဆယ်ရ် မျက်မှောင်ကြုတ်လိုက်သည်။ ယူဂျင်းနှင့် အာဘူကြားမှ အကွာအဝေးက တဖြည်းဖြည်းနီးကပ်လာ၏။
‘အကြောက်အလန့်မရှိလိုက်တာ။’
ခါဆယ်ရ်က အာဘူအား လူတွေကို ထိခိုက်အောင်လုပ်လျှင် အသာလေးအလွတ်မပေးဘူးဟု အကြိမ်ကြိမ် သတိပေးထားသဖြင့် မြင်းက လူများအနားကပ်လာလျှင် ပုံမှန်အားဖြင့် ရှောင်ရှားသွားတတ်ပေသည်။
သို့သော် ယနေ့ ထိုကောင်က ပုံမှန်နှင့်မတူပေ။ ငြိမ်ငြိမ်လေးရပ်နေကာ အနားကပ်လာမည်ကို စောင့်မျှော်နေသည့်အလား တည့်တည့်စိုက်ကြည့်နေလေသည်။
ခါဆယ်ရ်က မြန်မြန်လှည့်ထွက်ဖို့ပြင်ပြီးမှ တုံ့ဆိုင်းသွားခဲ့သည်။ အောက်ကိုရောက်ရန်အတွက် စင်္ကြံလျှောက်လမ်းများနှင့် လှေကားထစ်များကို ဖြတ်ကျော်ရမည်ဖြစ်သောကြောင့် အချိန်ကြာပေလိမ့်မည်။ ဘုရင်တစ်ပါး၏ ဂုဏ်သိက္ခာကို စောင့်ထိန်းရန်ကလည်း ရှိသေးသဖြင့် အလောသုံးဆယ် ပြေးသွား၍လည်းမရ။ သို့သော် ဤနေရာမှ ခုန်ချလိုက်မည်ဆိုလျှင် မြန်ပေလိမ့်မည်။
ခါဆယ်ရ်က ပခုံးပေါ်မှကျော်ကာ နောက်ပြန်လှည့်ကြည့်လိုက်သည်။ သူ့ရုံးခန်းဆီလာသည့် ပြတင်းပေါက်နားတွင် မည်သူမျှ ရှိမနေချေ။ အပါးတော်မြဲများက ဘုရင်မင်းမြတ်၏ အနားယူမှုကို နှောင့်ယှက်ဝံ့ကြမည်မဟုတ်။
သူ့ကို ပြုစုပျိုးထောင်ခဲ့သည့် မာရီအန်းက စည်းမျဉ်းနှင့် ကျင့်ဝတ်ထုံးတမ်းများကို အရာအားလုံးထက်ပို၍ တန်ဖိုးထားသူပင်။ ကိုယ်တိုင်က မှူးမတ်အနွယ်တော်ဖွားမဟုတ်သော်လည်း မိမိလက်ဖြင့် ကိုယ်တိုင်ပြုစုပျိုးထောင်ခဲ့သော တော်ဝင်မင်းသားကို သူများတွေ အထင်သေးမှာ အမြဲတစေ ပူပန်ခဲ့သည်။
ခါဆယ်ရ်က မာရီအန်းကို စိတ်သောက မရောက်စေလို။ သူက ချို့ယွင်းချက်မရှိသည့် မင်းသားတစ်ပါးဖြစ်လာမှသာ ဘယ်သူမဆို မာရီအန်းကို တလေးတစား ဆက်ဆံလိမ့်မည်ဟု ယုံကြည်ထားသည်။
သို့ဖြင့် ခါဆယ်ရ်က စည်းကမ်းတကျ လိုက်နာနေထိုင်သည့်လူအဖြစ် ကြီးပြင်းလာခဲ့၏။ ကိုယ်တိုင်အတွက်ဖြစ်စေ၊ သူတစ်ပါးအတွက်ဖြစ်စေ ခြွင်းချက်မထားခဲ့။
သို့သော် လွန်ခဲ့သည့် သုံးနှစ်က ပထမဆုံးအကြိမ်အဖြစ် စည်းကမ်းကို ချိုးဖောက်ခဲ့မိသည်။ လျှို့ဝှက်စာချုပ်ချုပ်ဆိုကာ အနန္တဘုရားသခင်၏ မျက်မှောက်၌ ဟန်ဆောင် ထိမ်းမြားကတိသစ္စာကို ကျိန်ဆိုခဲ့မိ၏။
ဟန်ဆောင်ထိမ်းမြားမှုကို တိုင်းပြည်အနာဂတ်အတွက်ဟု ဆင်ခြေလုပ်ခဲ့သည်။ မကြာသေးမီက နိုင်ငံ့ရတနာ အခိုးခံလိုက်ရသည့် အမှုကိုလည်း ဆက်ခံသူ အရယူရမည်ဟူသော ဆင်ခြေအောက်တွင် ဖုံးဖိခဲ့သည်။
သို့သော် ယခုတွင်ကား…
လသာဆောင်လက်ရန်းကို ကိုင်လိုက်သည့် ခါဆယ်ရ်၏ ဆုပ်ကိုင်အားက တင်းသွား၏။ အသေးအဖွဲကိစ္စလေးအတွက် လသာဆောင်ကို ကျော်ဆင်းဖူးတာမျိုး တစ်ခါမှမရှိခဲ့။ ကျိန်းသေပေါက် တရားမဝင်တာတော့မဟုတ်။
သို့သော် သူက ရှင်းလင်းသည့် အကြောင်းရင်းရယ်လို့မရှိဘဲ စည်းကမ်းဖောက်ဖျက်မှု အသေးစားကို ကျူးလွန်ဖို့ကြိုးစားမိသည်ဟူသောအတွေးက စိတ်ထဲတွင် ဖိစီးနေသည်။ နောက်ဆုံးတော့ ကြံ့ကြံ့ခံသည့် ခံတပ်ကြီးတောင်မှ အက်ကြောင်းသေးသေးလေးကြောင့် စတင်ပြိုကွဲရသည်သာ။
ခါဆယ်ရ်က သက်ပြင်းချကာ လသာဆောင်မှ ခုန်ဆင်းခဲ့သည်။ ကြည်ပြာရောင်ဖျော့ဖျော့ အရောင်အဝါက အရှိန်ဖြင့်ဆင်းသွားသော သူ၏ခန္ဓာကိုယ်အား ရစ်သိုင်းခြုံလွှမ်းလျက်။
~~~~~
ယူဂျင်းက မြင်းကို ရှားပါးမျိုးစိတ်ပဲဖြစ်ရမည်ဟုသာ တွေးခဲ့မိသည်။ ဘုရင်၏မြင်း မဟုတ်ပါလား။ လာ့ခ်ဖြစ်နိုင်စရာ အကြောင်းမရှိ။
ယူဂျင်းက မြင်းနက်၏ တခြားသော ထူးခြားသည့် အစိတ်အပိုင်းကိုလည်း သတိထားမိခဲ့သည်။ နားရွက်တစ်ဖက်စီအနီး၌ ဦးချိုသေးသေးလေးနှစ်ခု ပြူထွက်နေ၏။
‘ချိုတွေလား။ ဘာပဲဖြစ်ဖြစ် သာမန်မြင်းတော့ မဟုတ်တဲ့ပုံပဲ။’
ယူဂျင်းတစ်ယောက် မြင်းကို ခေါင်းအစခြေအဆုံး အကဲခတ်နေချိန်တွင် မြင်းနှင့် အကြည့်ချင်းဆုံသွားတော့သည်။ သားရဲကလည်း သူ့အား အပြန်အလှန် လေ့လာအကဲခတ်နေသလိုပင်။ ပုံမှန် အရွက်စားသတ္တဝါ၏ အနည်းငယ် ထိုင်းမှိုင်းသော်လည်း နူးညံ့သည့်ပုံစံမရှိ။ တိရစ္ဆာန်မဟုတ်ဘဲ လူတစ်ယောက်နှင့် အကြည့်ချင်းဆုံနေရသလို ခံစားရပေသည်။
“မင်္ဂလာပါ။ နင့်နာမည် ဘယ်လိုခေါ်လဲ။”
ယူဂျင်းက လမ်းကြားထဲတွင် တွေ့ရသည့် လမ်းဘေးကြောင်လေးတစ်ကောင်အား နှုတ်ဆက်သလို နှုတ်ဆက်လိုက်သည်။ သို့သော် မြင်းနက်ကြီးက ဦးခေါင်းကို ငဲ့စောင်းခဲ့သည်။ ယူဂျင်းလည်း မြင်းနက်၏ တုံ့ပြန်မှုကြောင့် အံ့အားသင့်သွားရတော့၏။
“ငါ ဘာစကားပြောနေမှန်း သိတယ်ပေါ့လေ။”
မြင်းနက်က နှာမှုတ်ကာ ဦးခေါင်းကို အထက်အောက် ညိတ်ပြခဲ့သည်။ ယူဂျင်း၏ မျက်လုံးများလည်း အံ့ဩမှုကြောင့် ပြူးကျယ်သွားရတော့သည်။
“ဘုရားရေ။ ဂျီးန်။ တွေ့လိုက်လား။ အဲ့ဒီကလေးက အခု ပြန်ဖြေလိုက်တယ်ရော။”
တစ်ယောက်ယောက်ကို ဟောဒီ အံ့ဩစရာအဖြစ်အကြောင်း မျှဝေလိုဇောနှင့် ယူဂျင်းက ဦးခေါင်းကို လှည့်လိုက်သည်။ ထို့နောက် အင်မတန် တောင့်တင်းနေသည့် ဂျီးန်၏ မျက်နှာထားကို ယခုမှပင် မြင်မိတော့သည်။
“ဘာဖြစ်လို့လဲ။”
“အရှင်မိဖုရား။ ထပ်ပြီးတော့ အနားမကပ်ပါနဲ့။”
“ဘာလို့လဲ။ ထိခိုက်အောင် မလုပ်ဘူးဆို။”
“အဲ့ဒီလိုဆိုပေမဲ့လည်း အန္တရာယ်ရှိတုန်းပါပဲ။”
“အခြွေအရံမိန်းကလေးရဲ့စကားကို နားထောင်ပါ၊ မိဖုရား။”
ဂျီးန်က အလန့်တကြား ဦးညွှတ်လိုက်စဉ်တွင် ယူဂျင်းက အသံလာရာဘက်ဆီသို့ လှည့်ကြည့်လိုက်သည်။ ခါဆယ်ရ်က ခြေလှမ်းကျဲကြီးများနှင့် လျှောက်လာကာ မြင်းနှင့် ယူဂျင်း၏ကြားတွင် သူ့ကိုယ်သူ အကာအကွယ်တံတိုင်းသဖွယ် ပိတ်ကာရပ်လိုက်၏။
“အရှင်မင်းကြီး။”
ကောင်းကင်ပေါ်မှ ကျလာသလားမှတ်ရအောင် ရုတ်တရက်ဆန်ဆန် ပေါ်လာမှုကြောင့် ယူဂျင်းလည်း အံ့အားသင့်သွားခဲ့သည်။ ယခင်က နှစ်ယောက်သား တိုက်တိုက်ဆိုင်ဆိုင် ဆုံဖြစ်ခြင်းမျိုးမရှိခဲ့ဖူးပေ။
သူက တစ်နေကုန် ရုံးခန်းထဲမှထွက်သည်မှာ ခပ်ရှားရှားဟု ယူဂျင်း ကြားသိထားရသည်။ သူ၏ အစားအသောက် စားသောက်ချိန်များကလည်း ခန့်မှန်း၍မရသောကြောင့် ယူဂျင်းတစ်ယောက် မကြာမကြာဆိုသလို ထမင်းစားခန်းမ အကျယ်ကြီးထဲတွင် တစ်ယောက်တည်း စားသောက်ရလေ့ရှိ၏။
သူတို့နှစ်ယောက် တွေ့ဆုံနေကျ တစ်ခုတည်းသောနေရာကား မီးရောင်မှိန်မှိန်ထွန်းထားသည့် အိပ်ခန်းပင်။ တစ်ခါတစ်ရံတွင် ရဲတိုက်ထဲရှိ တစ်နေရာရာမှာ သူ တကယ်ရောရှိနေတာဟုတ်ရဲ့လားဟူသော သံသယမေးခွန်းပင် ဝင်လာတတ်လေသည်။
အညိုရောင် ဆံပင်နှင့် မျက်လုံးရှိကြသည့် လူများကိုသာ မြင်တွေ့လာခဲ့ရာက နေ့ခင်းကြောင်တောင်ကြီး အပြင်ဘက်၌ သူ့ကို တွေ့လိုက်ရတော့ ပီပြင်ထင်ရှားသည့် သူ၏ အသွင်အပြင်က မျက်လုံးထဲ တန်းခနဲဝင်လာတော့သည်။ အဖြူအမည်းဓာတ်ပုံထဲမှ စွန်းထင်းနေသော ဆေးရောင်လိုပင်။
ဘာကြောင့်မှန်းမသိ ယူဂျင်းက သူ့အား တည့်တည့်မကြည့်နိုင်ခဲ့။ ယူဂျင်းတစ်ယောက် မသိမသာ အကြည့်လွှဲလိုက်သည်။ ခါဆယ်ရ်၏ ပခုံးကိုကျော်ကာ မြင်းနက်ဆီတွင်သာ အကြည့်ကို အာရုံစိုက်ထားလိုက်၏။
“အရှင်မင်းကြီးရဲ့မြင်းလို့ ကြားသိရပါတယ်။ ဧကန္တ ကျွန်မ အမှားတစ်ခုခုများ လုပ်မိလို့လားရှင့်။”
ခါဆယ်ရ်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူ့ကိုရှောင်ကွင်းကြည့်သည့် ယူဂျင်း၏ အပြုအမူက စိတ်အနှောင့်အယှက်ပေးနေ၏။
“ယဉ်ပါးတဲ့ကောင်မဟုတ်ဘူး။ မင်းကို ထိခိုက်အောင်လုပ်မလား စိုးရိမ်လို့ပြောတာ။”
~~~~~
Miel’s Translations