Chapter 26
အပိုင်း ၂၆
“အရင်စပြီး ထိခိုက်အောင်မလုပ်ဘူးဆိုရင် ကျွန်မကိုလည်း ထိခိုက်အောင်လုပ်စရာ အကြောင်းမရှိဘူးမဟုတ်ပါလား။”
ယူဂျင်းက သူ့အားကြည့်နေသည့် ခါဆယ်ရ်၏ အကြည့်ကို ခံစားမိသော်လည်း ခေါင်းမာလှစွာ မြင်းနက်ဆီမှ အကြည့်မခွာခဲ့။
“သာမန်မြင်းမဟုတ်လို့ ပြောနေတာ။”
“ဟုတ်ကဲ့။ ဒီအတိုင်းကြည့်လည်း သိပါတယ်။ သာမန်မြင်းသာဆိုရင် နဖူးမှာ ဦးချိုဘယ်ရှိပါ့မလဲ။ နည်းနည်းလေး အနားတိုးပြီး ကြည့်ချင်လို့ပါ။”
“မိဖုရား။”
“…ရှင်။”
ခါဆယ်ရ်၏ မသွေမဖည်အကြည့်ကို ထပ်ပြီးတင်းခံနိုင်ခြင်းမရှိတော့။ ယူဂျင်းက သူ့ကို တမင်ရှောင်နေသည်ဟု မခံစားမိစေရန် သဘာဝကျကျလေး လှည့်ကြည့်ခဲ့သည်။
နောက်ဆုံးတွင် ယူဂျင်း သူနှင့်မျက်လုံးချင်ဆုံလာမှသာ ခါဆယ်ရ်၏ မသက်မသာဖြစ်နေသည့်စိတ်လည်း ပြေလျော့သွားတော့သည်။
“အနားကပ်သွားလို့ မဖြစ်ဘူးလားရှင့်။ ကိုင်လိုက်ရင် ကျွန်မလက်ကို ကိုက်မှာလား။”
“အဲ့ဒီလိုတော့ မဟုတ်ပေမဲ့။”
မှတ်ဉာဏ်မပျောက်ဆုံးမီတွင် မိဖုရားက အာဘူကို စိတ်ဝင်စားကြောင်း ပြဖူးတာမျိုးမရှိခဲ့။ မိဖုရားတစ်ယောက်တည်းသာ မှော်ဝင်သားရဲကြီးကို ထွေထွေထူးထူး မနှစ်မြို့ခြင်းမျိုးမဟုတ်ဘဲ လူတိုင်းက အာဘူအနားသို့ ကပ်ရမည်ကို ရှောင်ရှားကြခြင်းသာ။
လာ့ခ်များအပေါ် လူသားတို့ခံစားရသည့် ကြောက်စိတ်ကား သေရမည်ကို အလိုလိုကြောက်သည့်စိတ်နှင့် ဆင်တူ၏။ ဘုရင်၏ မှော်ဝင်သားရဲကြီးမှာ အကျယ်တဝင့်ပြောရလျှင် လာ့ခ်တစ်မျိုးပင်။
‘အာဘူကို ဒီအတိုင်း သာမန်မြင်းလို့ပဲ တွေးတာများလား။’
ခါဆယ်ရ်က မိဖုရား၏ မှတ်ဉာဏ်ပျောက်ဆုံးမှုမှာ မည်သည့်အတိုင်းအတာအထိရှိကြောင်း မသိနိုင်ပေ။ ပထမတော့ ဒီအတိုင်း ပတ်ဝန်းကျင်မှလူများ၏ မျက်နှာများကို မမှတ်မိရုံ၊ အတိတ်၏ တစ်စိတ်တစ်ပိုင်းကို မမှတ်မိရုံလောက်ဟူ၍သာ ထင်ခဲ့မိသည်။ သို့သော် နိစ္စဒူဝ ကိစ္စများကိုလည်း တော်တော်များများ မသိသည့်ပုံပင်။
မိဖုရား အာဘူကို စိတ်ဝင်တစားကြည့်နေပုံအား မနှစ်မြို့ခြင်းမျိုးတော့ မဖြစ်မိ။ ခါဆယ်ရ်က ထုတ်မပြသော်လည်း သူ့နည်းသူ့ဟန်နှင့်သူ သားရဲကြီးကိုချစ်ပေသည်။ သို့သော် အားလုံးက ကြောက်ရွံ့ပြီး အနားမကပ်ကြသောကြောင့် စိတ်ပျက်မိ၏။
သူက တစ်ဖက်လှည့်ကာ အာဘူဆီသို့ လျှောက်သွားလိုက်သည်။ အာဘူ၏ဘေး၌ရပ်ကာ လည်ဆံမွေးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်၏။ မတော်လို့များ မသိနိုင်သောကြောင့် ဖြစ်လာနိုင်သည့် အခြေအနေအတွက် ကြိုတင်ပြင်ဆင်ပြီးသည့်နောက်တွင် ယူဂျင်းကို လက်ယပ်ပြခဲ့သည်။
“အနားကပ်လာလို့လည်း ရတယ်။”
ဂျီးန်တစ်ယောက် နေရာမှာတင် အမြစ်တွယ်ထားသကဲ့သို့ ရပ်နေစဉ် ယူဂျင်းက မဆိုင်းမတွ ချဉ်းကပ်သွားခဲ့သည်။ မြင်းနက်ကြီးဆီသို့ လက်လှမ်းကာ ထိကိုင်နိုင်မည့် အကွာအဝေးသို့အရောက်တွင် ရပ်တန့်ကာ အံ့ဩမှင်တက်သည့်မျက်နှာထားနှင့် မော့ကြည့်လိုက်သည်။ မြင်းက ထင်ထားသည်ထက်ကို အများကြီး ပိုကြီးပေသည်။
ယူဂျင်းတစ်ယောက် ယခင်က မြင်းကို ထိုမျှလောက် တစ်ခါမှ အနီးကပ် မမြင်ဖူးခဲ့သောကြောင့် ပုံမှန်အားဖြင့် မည်မျှကြီးမှန်း အတိအကျမသိပေ။ သို့သော် မြင်းနက်ကြီးကား သာမန်မြင်းထက် အများကြီး ပိုကြီးသည့်ပုံပင်။
“နာမည်က ဘာလဲရှင့်။”
“အာဘူ။”
“အာဘူတဲ့လား။ ချစ်ဖို့ကောင်းတဲ့ နာမည်လေးပဲ။”
ယူဂျင်းက မြင်းလန့်မသွားစေရန် ဂရုစိုက်ပြီး ဖြည်းဖြည်းချင်း လက်ကိုလှမ်းလင့်ကာ အာဘူ၏ နှာတံပေါ်သို့တင်လိုက်သည်။ နှာရိုးပေါ်ရှိ သားမွေးများကို လက်ဖဝါးဖြင့် ညင်သာစွာ ပွတ်သပ်ခဲ့သည်။
“ဘုရားရေ။ အမွေးလေးတွေက နူးညံ့လိုက်တာ။ အာဘူ။ နင်က တအားလှတာပဲနော်။”
ခါဆယ်ရ်တစ်ယောက် ရွှန်းရွှန်းစားစားပြုံးနေသည့် ယူဂျင်း၏ မျက်နှာလေးဆီမှ အကြည့်မခွာနိုင်ခဲ့။ ယူဂျင်းကမှ တကယ်လှသည့်သူပင်။ တကယ်ပဲ ယခင်က ဘာကြောင့် မသိခဲ့ရသလဲဟု မေးခွန်းပြန်ထုတ်ရသည့် အတိုင်းအတာအထိ ခါဆယ်ရ်က ယူဂျင်း၏ ဆွဲဆောင်မှုရှိကြောင်းကို ယခုတလောတွင် ပိုပို၍ ခံစားမိလာရသည်။
အာဘူ နှာမှုတ်လိုက်သည့်အခါ ယူဂျင်းတစ်ယောက် ဆတ်ခနဲတွန့်သွားကာ လက်ပြန်ရုပ်လိုက်မိ၏။ အာဘူက ယူဂျင်း၏ လက်ဖဝါးလေးကို လျှာဖြင့်လျက်ခဲ့သည်။ ယူဂျင်းလည်း တိုပြတ်ပြတ် အော်မိသွားတော့သည်။
အာဘူက ယူဂျင်း မနှစ်မြို့တာမျိုး ဖြစ်သွားသလား၊ မဖြစ်သွားဘူးလားဟု မျက်နှာထားကို အသေအချာကြည့်ကာ ယူဂျင်း၏လက်တွင် နှာခေါင်းကိုအပ်ပြီး ပွတ်သီးပွတ်သပ်လုပ်ပြန်သည်။ ယူဂျင်းလည်း သဘောကျပြီး ပို၍အနားတိုးလိုက်တော့ အာဘူက သူ့နှာခေါင်းနှင့် ယူဂျင်း၏ မျက်နှာကို ပွတ်သပ်သည်အထိပါ လုပ်ခဲ့သည်။ ယူဂျင်းတစ်ယောက် တခစ်ခစ် ရယ်မိတော့၏။
“ယဉ်ပါးပြီး လိမ္မာတဲ့ကလေးပဲနော်၊ အရှင်မင်းကြီး။”
ခါဆယ်ရ်က အံ့ဩမှင်တက်သည့်မျက်နှာနှင့် ယူဂျင်းအား ချွဲပြနေသည့် အာဘူကို အဓိပ္ပာယ်မရှိလိုက်တာဟူသော သဘောဖြင့် ကြည့်ခဲ့သည်။ ‘ဒီကောင် ဘာများအစားမှားထားတာပါလိမ့်။’ လူတွေက အာဘူကို ဝေးဝေးရှောင်ကြသလောက် အာဘူကလည်း လူတွေကို သိပ်ပြီးသဘောမကျလှ။
စရိုက်ကလည်း ကောင်းသည့်ဘက်တော့မဟုတ်။ နောက်ရွှတ်ရွှတ် လူကြီးတစ်ယောက်က ကလေးကို စနောက်သကဲ့သို့ အပျော်အပြက် စနောက်မှုများကို မကြာမကြာ လုပ်လေ့ရှိ၏။ ကြမ်းကြမ်းကြုတ်ကြုတ် မာန်ဖီပြပြီး ကြောက်အောင်လုပ်ကာ ထိတ်လန့်တကြားဖြစ်ကုန်ကြသူတို့၏ မျက်နှာထားများကိုကြည့်ရင်း သဘောတွေ့တတ်သည့်ကောင်ဖြစ်သည်။
ယခုမြင်တွေ့နေရသည့် အဖြစ်ကား ကြည့်လေကြည့်လေ အဓိပ္ပာယ်မရှိလေပင်။ တဖူးဖူးနှင့်နှာမှုတ်ရင်း အာဘူက ထပ်ပြီးပွတ်ပေးပါဦးဟု တောင်းဆိုနေသကဲ့သို့ ယူဂျင်းထံ ခေါင်းလေးငဲ့ပေးနေလေသည်။
ခါဆယ်ရ်တစ်ယောက် မသိမသာ စိတ်က ခပ်ချဉ်ချဉ်ဖြစ်လာတော့သည်။ သူက ကိုင်ထားသည့် မြင်း၏လည်ဆံမွေးကို အားထည့်ကာ တင်းတင်းဆုပ်ကိုင်လိုက်သည်။ အတင်းအကျပ် ခေါင်းကိုအဆွဲခံလိုက်ရသည့် အာဘူက ခါဆယ်ရ်ကို မကျေမနပ် ကြည့်ခဲ့သည်။ သူက မသိချင်ယောင်ဆောင်ကာ ယူဂျင်းအား စကားပြောလိုက်၏။
“ဘာကိစ္စရှိလို့ ဒီအထိ ထွက်လာတာလဲ။”
“ရာသီဥတုလေးကလည်း သာယာနေတော့ ဒီအတိုင်း လမ်းလျှောက်ချင်လို့ပါ။”
အာဘူ တစ်ခါထပ်ပြီး ယူဂျင်းကို ပွတ်သီးပွတ်သပ်လုပ်ဖို့ ပြင်လိုက်သည့်အခါ ခါဆယ်ရ်က သူ့လည်ဆံမွေးကို တင်းတင်းထပ်ဆွဲလိုက်ပြန်သည်။ အာဘူ၏ နှာမှုတ်သံတွင် မကျေနပ်မှုတို့ကအပြည့်စွက်လျက်။
ဒီကောင့်အချိုးက ဘယ်လိုပင်ကြည့်ကြည့် ထူးဆန်းနေသည်။ အာဘူက ဘာကြောင့် ယူဂျင်းကို ရုတ်တရက်ကြီး ခင်ခင်မင်မင် ရင်းရင်းနှီးနှီးရှိသည့် အမူအရာမျိုး ပြလာမှန်း နားမလည်နိုင်ခဲ့။ ယခင်က နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ဘာသိဘာသာပင်။
အချင်းချင်း ပထမဆုံး တွေ့ဖူးခြင်းလည်းမဟုတ်ဘဲ ယူဂျင်းက မှတ်ဉာဏ်လေးပျောက်သွားရုံသာ။
ခါဆယ်ရ်က ဘာမှမပြောဘဲ ယူဂျင်းကို ကြည့်လိုက်သည်။ ဟိုလိုဒီလို အတွေးပေါင်းစုံ ခေါင်းထဲဝင်လာကာ ယခင်က မိဖုရား၏ပုံစံကို ပြန်တွေးမိသည်လည်းရှိ၏။
သို့သော် တကယ့်တကယ် ယူဂျင်းကို ကြည့်မိသည့်အခါ ယခင်က မိဖုရား၏ မျက်နှာထား အမူအရာတို့ကို မမှတ်မိတော့။
ခါဆယ်ရ်တစ်ယောက် အချိန်တရွေ့ရွေ့ ကုန်လာသည်နှင့်အမျှ လည်ပင်းအညှစ်ခံထားရသလို ခံစားချက်မျိုး ခံစားရတော့သည်။ တစ်နေ့တွင် မိဖုရားက ရုတ်တရက် မှတ်ဉာဏ်တွေပြန်ရလာမည်ဆိုရင် မည်သို့ဖြစ်လာမည်နည်း။
မိုးပြိုမည့်ကိစ္စတော့လည်းမဟုတ်။ ဒီအတိုင်း ယခင်တုန်းက အခြေအနေကို ပြန်ရောက်သွားရုံသာ။ မပြောင်းလဲသည့် အသွင်အပြင်နှင့် ထိုမိန်းမက လုံးဝကွဲပြားသည့် မျက်နှာပေးမျိုးနှင့် လုံးဝကွဲပြားသည့် လေသံကိုသုံးကာ ပြောဆိုပေလိမ့်မည်။
ထိုသို့ဆိုလျှင် ယခု ထိုမိန်းမကိုမြင်တိုင်း လှသည်ဟုတွေးမိသော သူ၏စိတ်ကိုရော ဘယ်သို့ဦးတည်ရမည်နည်း။ ယင်းအခြေအနေကို စိတ်ကူးကြည့်ရုံနှင့်ပင် သောကဖြစ်ရသောကြောင့် သည်းမခံနိုင်ပေ။
“ခန္ဓာကိုယ်ရော ဘယ်လိုနေလဲ။”
“ရှင်။”
“ဗိုက်အောင့်တာဖြစ်ဖြစ်၊ ခါးကိုက်တာဖြစ်ဖြစ် ဖြစ်ကြတယ်လို့ ကြားထားတာကို။”
‘အခု ဒီလူက ဓမ္မတာလာရင်ဖြစ်တတ်တဲ့ နာကျင်ကိုက်ခဲမှုတွေ သက်သာလားလို့ မေးနေတာလား။’
တွေးပင်မတွေးထားသည့်မေးခွန်း အမေးခံလိုက်ရသောကြောင့် ယူဂျင်းလည်း တစ်ချက် ကြောင်သွားတော့သည်။
“…လူတစ်ယောက်နဲ့တစ်ယောက် လက္ခဏာချင်းမတူကြပါဘူး။ ကျွန်မက လက္ခဏာ သိပ်မပြင်းတဲ့သူပါ။ ဒီကိစ္စနဲ့ပတ်သတ်ပြီး ကောင်းကောင်းသိတဲ့ပုံပဲနော်။”
“လေ့လာထားလို့။”
“လေ့လာထားတယ်ပေါ့လေ။ ဘယ်သူ့ဆီကလဲရှင့်။”
“မာရီအန်း။”
“မာရီအန်းက အရှင့်ကို တစ်ခုခုများပြောလို့လား။”
“နဂိုကတည်းက ပူညံပူညံ တအားလုပ်တာလေ။”
ယူဂျင်းတစ်ယောက် ရယ်မိတော့သည်။ သူနှင့် မာရီအန်းကို အတူတူတွဲပြီး စိတ်ကူးကြည့်လိုက်တော့ ပူညံပူညံနှင့် ဆူငေါက်နေသည့် အမေနှင့် စိတ်ရှုပ်သော်လည်း ‘ဟုတ်ကဲ့၊ ဟုတ်ကဲ့’ ပြန်ဖြေနေသည့် သား၏ပုံစံကို တွေးမိသွား၏။ ပထမဆုံးအကြိမ်အဖြစ် မရဏဘုရင်ကို သူလိုကိုယ်လို လူသားတစ်ယောက်လို ခံစားမိလိုက်ရသည်။
ခါဆယ်ရ်က သူ့အဖြေကိုကြားပြီး သဘောကျစွာရယ်နေသည့် ယူဂျင်း၏တုံ့ပြန်မှုကြောင့် ထူးဆန်းသည့် ကျေနပ်မှုတစ်မျိုးကို ခံစားလိုက်ရ၏။ ပြီးမြောက်အောင်မြင်မှု အသေးစားလေးနှင့်လည်း ဆင်တူပေသည်။
“အနှောင့်အယှက်မဖြစ်ဘူးဆိုရင်…အတူတူ လမ်းလျှောက်ကြမလား။”
ခါဆယ်ရ်က ယူဂျင်းနှင့် နည်းနည်းလောက် ထပ်ပြီးစကားပြောချင်မိသည်။ နေ့တိုင်းလိုလို ယူဂျင်း၏အိပ်ခန်းဆီသို့ သွားတွေ့သော်လည်း သေသေချာချာ စကားပြောဖူးခြင်းမျိုး ဟုတ်တိပတ်တိမရှိခဲ့။
[အရှင်မင်းကြီးက တအားကို ဘာသိဘာသာနိုင်လွန်းပါတယ်။]
တစ်ချိန်က မာရီအန်းပြောခဲ့သည့်စကားက ရုတ်တရက် အတွေးထဲပြန်ပေါ်လာကာ လာဆွခဲ့သည်။
“အလုပ်မများဘူးလားရှင့်။”
ခါဆယ်ရ်တစ်ယောက် ရုံးခန်းထဲမှ စာရွက်စာတမ်းပုံကြီးကို သတိရမိသွားသော်လည်း ခေါင်းခါလိုက်သည်။
“အဲ့ဒီလောက်မဟုတ်ပါဘူး။”
“ကောင်းပါပြီ။ အတူတူ လမ်းလျှောက်ကြတာပေါ့။”
ယူဂျင်းက ဂျီးန်ဘက်သို့လှည့်ကာ ထိုနေရာ၌ စောင့်နေရန် မှာလိုက်သည်။ ပတ်ဝန်းကျင်တွင် လူရှိနေသည့်အခါ ယဉ်ကျေးမှုကိုထိန်းပြီး ဒီလိုပေါ့၊ ဟိုလိုပေါ့ ပြောတတ်သည့် ခါဆယ်ရ်၏ လေသံကို မကြားချင်ပေ။
နှစ်ယောက်သား အတန်ကြာအောင် ဘာစကားမှမပြောဘဲ အတူတူ လမ်းလျှောက်ခဲ့ကြသည်။ ယူဂျင်းက ဒီတစ်လျှောက်လုံး စိတ်ထဲတွင်ရှိနေသည့်စကားကို စပြောလိုက်၏။
“အရှင်မင်းမြတ်။ ပျောက်သွားကြတဲ့ အခြွေအရံတွေရဲ့ မိသားစုတွေကို နစ်နာကြေးပေးတဲ့ကိစ္စပြောပါတယ်။”
“ပြီးသွားတဲ့ကိစ္စမဟုတ်ဘူးလား။ ဘာကျန်သေးလို့လဲ။”
“မဟုတ်ပါဘူး။ ကျေးဇူးတင်ကြောင်း ပြောချင်လို့ပါ။”
ခါဆယ်ရ်က ယူဂျင်းကို လှည့်ကြည့်ခဲ့သည်။
“မင်းလုပ်ခဲ့တဲ့ကိစ္စပဲလေ။”
“အရှင်မင်းမြတ်သာ ခွင့်မပြုပေးဘူးဆိုရင် ကျွန်မစိတ်တိုင်းကျလုပ်လို့ ဘယ်ဖြစ်ပါ့မလဲ။”
ယူဂျင်းက သူ့ကိုကြည့်ပြီး နွေးထွေးစွာပြုံးခဲ့သည်။
“ကျေးဇူးတင်ပါတယ်။”
ခါဆယ်ရ်က ကြောင်အမ်းအမ်းမျက်နှာထားမျိုးနှင့် ဘာမှမပြောဘဲ အရှေ့တည့်တည့်ကို ပြန်ကြည့်လိုက်သည်။ ယူဂျင်းက အိုးတိုးအမ်းတမ်းဖြစ်သွားသည့် သူ့မျက်နှာထားကို ရိပ်စားမိကာ အသံတိတ် ရယ်မိခဲ့သည်။ ယူဂျင်းတစ်ယောက် စကားလမ်းကြောင်းပြောင်းရန်ကြိုးစားပြီး တဟူးဟူးတိုက်ခတ်နေသည့် လေညင်းကို သာယာစွာခံစားရင်း ပြောလိုက်သည်။
“ရာသီဥတုက ဒီလိုမျိုး ရုတ်တရက် ပြောင်းလဲသွားတာ ဆန်းကြယ်တယ်နော်။”
ယူဂျင်းတစ်ယောက် သဲတောင်ကုန်းများကိုတက်ရင်း ချစ်ချစ်တောက်ပူသည့် ကန္တာရ၏ အပူဒဏ်အောက်တွင် ရုန်းကန်ခဲ့ရသည်မှာ တစ်လပင်မရှိသေး။ ဟာရှီတိုင်းပြည်က ကန္တာရအလယ်ခေါင်ကြီးတွင် တည်ရှိနေခြင်းမဟုတ်သော်လည်း ကန္တာရဘေးတွင်ပင် တည်ရှိနေသည်။ ရာသီဥတုက လုံးဝဥဿုံ ကွာခြားနိုင်စရာ အကြောင်းမရှိချေ။
ရုန်းကန်လှုပ်ရှားရသည့်ရာသီနှင့် ခြောက်သွေ့ရာသီတို့အပေါ်မူတည်ကာ ရာသီဥတု အပြောင်းအလဲရှိတတ်မှန်း သိထား၏။ သို့သော် ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့လိုက်ရချိန်တွင် ကွာခြားချက်က ဤမျှအထိကြီးမှန်း မသိခဲ့ပေ။ လတ်တလော ရာသီဥတုကား အပူချိန်မြင့်သည့် ဆောင်းဦးနှင့်တူပေသည်။
“တခြားတိုင်းပြည်တွေရဲ့ ရာသီဥတုကရော အကုန် ဒီလိုမျိုး ပြောင်းလဲကြတာပဲလားရှင့်။”
“အများစုကတော့ အဲ့ဒီလိုပေါ့။ ဒါပေမဲ့ ဒီနေရာလောက် အပြောင်းအလဲ သိသိသာသာကြီးတဲ့နေရာဆိုရင် ဖလက်ခ်လို့ ပြောရမလား။”
ဘာသာရေးတိုင်းပြည်မှ တောင်ဘက်အကျဆုံး အစွန်အဖျားသို့ ဆင်းသွားလျှင် ဖလက်ခ်တိုင်းပြည်ပင်။ ယင်းနေရာကား ရေခဲတောင်များ ဝိုင်းပတ်ကာရံထားသည့် ဆောင်းနိုင်ငံဖြစ်သည်။ ဟာရှီတိုင်းပြည်နှင့် ပထဝီဝင် သဘောသဘာဝအရ ဆန့်ကျင်ဘက်ဖြစ်၏။
“ရောက်ဖူးလားရှင့်။”
“ဟင့်အင်း။”
“သွားကြည့်ဖို့ရော စိတ်ကူးမရှိဘူးလား။”
“မပြောတတ်ဘူး။ တစ်သက်လုံး သွားစရာကိစ္စ ရှိလာချင်မှလည်း ရှိလာမယ်ထင်တယ်။”
ယူဂျင်း၏ ဝတ္ထုက မရဏဘုရင် ခြေသလုံးအထိနစ်သည့် နှင်းပုံကြီးကိုဖြတ်လျှောက်ကာ ဖလက်ခ်တိုင်းပြည်သို့ အလည်သွားခြင်းနှင့် စတင်၏။
ဂျင် ဟာရှီတိုင်းပြည်၏ မိဖုရားနေနှင့် ပျောက်သွားပြီးသည့်နောက် မာရာကို အပြည့်အဝ ကိုယ်စားပြုသည့်ပုံစံနှင့် ပထမဆုံးအကြိမ် ပြန်ပေါ်လာသည့်နေရာကား ဖလက်ခ်တိုင်းပြည်ပင်။
မရဏဘုရင်က တကယ်ပဲ မိဖုရားဟုတ်သလား၊ မိဖုရား၏ အသွင်ကိုယူထားသည့် မာရာ၏ ရုပ်သေးပဲလား အတည်ပြုရန် လာခဲ့ခြင်းဖြစ်သည်။ ထို့နောက် လွန်ခဲ့သည့် နှစ်ပိုင်းက ဟာရှီတိုင်းပြည်တွင် လူပေါင်းများစွာကို ထိခိုက်သေကြေစေခဲ့သော ကပ်ဆိုးကြီးကို ဖြစ်စေခဲ့သည့် လက်သည်က ဂျင်ဟူသော အမှန်တရားကို သိသွားတော့သည်။
“တခြားတိုင်းပြည်တွေရော။”
“ဆူရာန်ကို ရောက်ဖူးတယ်။”
ဟာရှီတိုင်းပြည်မှ ဘာသာရေးမြို့တော်သို့ရောက်ရန် ဆူရာန်တိုင်းပြည်ကို ဖြတ်လာရပေမည်။ ဒီအတိုင်း ဖြတ်ရုံဖြတ်လာဖူးခြင်းကို ပြောနေခြင်းပဲလား။
တွေးကြည့်လိုက်လျှင် ဖြစ်နိုင်ပေသည်။ ရုန်းကန်လှုပ်ရှားရသည့်ရာသီတွင် ဘုရင်က ကိုယ့်တိုင်းပြည်မှမခွာဘဲ ကာကွယ်ရပေမည်။ ထို့အပြင် သူက ခြောက်သွေ့ရာသီတွင်လည်း တာဝန်ဝတ္တရားများကို လျစ်လျူရှုကာ အေးရာအေးကြောင်း လှည့်ပတ်ခရီးထွက်မည့်သူမဟုတ်။
‘ငါ ဒီလူကို တအားများ ဒုက္ခပေးမိသွားပြီလား။ အားတောင်နာလာပြီ။’
ယူဂျင်း၏ ဝတ္ထုထဲတွင် သူက တိုင်းပြည်ငါးခုလုံးဆီ သွားခဲ့သည်။ အဖြစ်အပျက်များ ဗဟိုပြုဖြစ်ပျက်ရာနေရာနှင့် နောက်ဆုံးတိုက်ပွဲဖြစ်ရာနေရာက ဘာသာရေးမြို့တော်ဖြစ်သော်လည်း ခါဆယ်ရ်ကတော့ တစ်နေရာပြီးတစ်နေရာသွားကာ ဂျင်၏နောက်ကို တရစပ်လိုက်ခဲ့သည်။
စွန့်စားခန်းဝတ္ထုများမှာ နဂိုကတည်းက ထိုကဲ့သို့ချည်းသာ။ ဆိုးဝါးလှသည့် ဝေးလံခေါင်သီနေရာတွင် ဒုက္ခပေါင်းစုံခံပြီးသည့်နောက် ‘အစကတည်းက အဲ့ဒီနေရာမှာပဲ စောင့်နေလိုက်ရင် ပိုမလွယ်ဘူးလားဟယ်’ ဟု ဝိုင်းပြောခံရမည့် နေရာတွင် နောက်ဆုံးတိုက်ပွဲ ဖြစ်လေ့ရှိ၏။ ယူဂျင်း၏ ဝတ္ထုသည်လည်း ယင်းဖော်မြူလာအတိုင်း တစ်သဝေမတိမ်း လိုက်ခဲ့သည်။
“တခြားတိုင်းပြည်ကို သွားလည်ချင်လို့လား။”
‘အရင်ကတော့ စိတ်မဝင်စားခဲ့ဘဲနဲ့။’
ခါဆယ်ရ်က စိတ်ထဲမှရေရွတ်လိုက်သည်။ သို့သော် မကြာခင်တွင် ကိုယ့်အတွေးမှားကိုယ် သိသွားတော့သည်။ ယူဂျင်းက ဘာကိုစိတ်ဝင်စားမှန်း သူမသိခဲ့။ ယူဂျင်းနှင့် စိတ်ဝင်စားသည့်အရာများအကြောင်း တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ပြောပြဖူးခြင်း မရှိခဲ့။
“လောလောဆယ်တော့ ထွေထွေထူးထူး စိတ်ကူးမရှိသေးပါဘူး။”
‘လောလောဆယ်တဲ့လား။’
ထိုစကားအား ထည့်ပြောခဲ့ပုံကို သူ ဘဝင်မကျမိ။ နောက်ပိုင်းကျရင် သွားချင်လောက်သည်ဟူသည့် သဘောပေပဲလား။
‘နောက်ပိုင်း…’
သူတို့ကြားတွင် ‘နောက်ပိုင်း’ ဟူ၍ မရှိပေ။ သူတို့၏ စာချုပ်က ဆက်ခံသူ မွေးဖွားသည့်အချိန်အထိသာ။ ထို့နောက်တွင် ဘာဆက်ဖြစ်မည်နှင့်ပတ်သက်၍ တစ်ယောက်ကိုတစ်ယောက်မမေးရန် သဘောတူထားကြသည်။
ယူဂျင်းနှင့် စာချုပ်ချုပ်ခဲ့တုန်းက ဆက်ခံသူရပြီးသည့်နောက်တွင် ယူဂျင်း၏ အနာဂတ် မည်သို့ဖြစ်မည်ကို စိတ်မဝင်စားခဲ့။ အမြင့်ဆုံးဖြစ်နိုင်ခြေအဖြစ် သူ့မိခင် လုပ်ခဲ့သည့်အတိုင်း ကလေးကိုသာ ချန်ထားခဲ့ကာ ထွက်သွားလိမ့်မည်ဟု ယူဆထားခဲ့သည်။
သို့သော် ယင်းကား သူ၏ ယူဆခန့်မှန်းချက်မျှသာ။ ယူဂျင်းကိုတော့ တစ်ခါမှ တိုက်ရိုက် မေးကြည့်ဖူးခြင်းမရှိသေးပေ။ ယခင်က သိသာလွန်းသည့်အဖြေသာ ထွက်လာမည်ထင်ရသောကြောင့် မမေးခဲ့ခြင်းဖြစ်သော်လည်း ယခုမူကား မေးမထွက်တော့။
ယူဂျင်း ဘာပြောမည်ကို ခန့်မှန်းနိုင်ခြင်းမရှိခဲ့။ ထို့အပြင် ယခုလက်ရှိ သူ့အတွေးက နောက်ပိုင်း မှတ်ဉာဏ်ပြန်ရပြီးသည့်နောက်တွင် မပြောင်းလဲပါဘူးဟု အာမခံချက်မရှိပေ။
“အာ။ တကယ်သာယာတဲ့ ရာသီဥတုလေးပဲ။ လာ့ခ်ကို ကြောက်ရလို့ နေ့ခင်းဘက် စိတ်ဖြောင့်ဖြောင့် သွားလာလို့မရတာက နှမြောဖို့ကောင်းလိုက်တာ။”
“…ရဲတိုက်ထဲမှာ မွန်းကျပ်လို့လား။”
“အဆင်ပြေပါတယ်။ မသိအောင်ခိုးထွက်ပြီး ပြဿနာရှာမှာမဟုတ်လို့ စိတ်မပူပါနဲ့။”
“ရဲတိုက်အပြင်ဘက်ကို လှည့်ပတ်ကြည့်ချင်တယ်ဆိုရင် နေဝင်ပြီးတဲ့နောက်ပိုင်း ထွက်လို့လည်းရတယ်။”
“တကယ်လားရှင့်။”
ယူဂျင်းက ရွှန်းရွှန်းစားစား ပြုံးလိုက်သည်။ ခါဆယ်ရ်၏ အကြည့်လည်း တစ်ချက် လှုပ်ရှားသွားရတော့သည်။
“မင်းကို ရဲတိုက်ကနေ တစ်ဖဝါးမှမခွာနဲ့လို့ ပြောထားဖူးတာမျိုးမရှိဘူး။”
“ရုန်းကန်လှုပ်ရှားရတဲ့ ရာသီဆိုတော့…”
“ဘယ်သူ့ကိုမှ ရုန်းကန်လှုပ်ရှားရတဲ့ရာသီကြောင့်ဆိုပြီး တားမြစ်မထားဘူး။ ကန္တာရထဲ ထွက်သွားလို့သာ မဖြစ်တာ။”
“ဒါဆို အပြင်ထွက်တဲ့အခါ အရှင်မင်းမြတ်ဆီကနေ ခွင့်ပြုချက်မတောင်းလည်း ဖြစ်တယ်လားရှင့်။”
“ရဲတိုက်တံတိုင်းကို ကျော်တက်တာမျိုးသာ မဟုတ်ရင်ပေါ့။”
သူက ဂျင်၏လုပ်ရပ်ကို ထောက်ပြပြောဆိုလာသည့်အခါ ယူဂျင်းက မသိမသာ နှုတ်ခမ်းလေးစူကာ ပြုံးလိုက်မိသည်။ သူ ဘယ်လိုလူမျိုးလဲဟု နည်းနည်းချင်းစီ သိလာရသည်က စိတ်ဝင်စားစရာပင်။ သူက လေးနက်စည်းကြပ်သည်ဟု ထင်ရသော်လည်း ထင်မှတ်မထားလောက်အောင် လိုက်လျောညီထွေရှိသည့် အချိန်များလည်း ရှိနေပေသည်။
~~~~~
Miel’s Translations