Chapter 27
အပိုင်း ၂၇
ခါဆယ်ရ်က ဝတ္ထုထဲတွင်ဖော်ပြထားသည့် မရဏဘုရင်နှင့် တော်တော်လေး ကွာနေပေသည်။ ဝတ္ထုထဲတွင် သူက စာအုပ်ကြီးအတိုင်းနေကာ ကြမ်းတမ်းခက်ထန်သူဖြစ်၏။ သူတစ်ပါး၏ သဘောထားအမြင်ကို မေးရသည်ထက် အမိန့်ပေးရသည်နှင့် ပို၍အသားကျသူပင်။
‘လူတွေမှာ မတူညီတဲ့ပုံစံတွေ အများကြီးရှိတာပဲလေ။ ငါ အခုမြင်နေရတဲ့ပုံစံက ဒီလူရဲ့ တစ်စိတ်တစ်ပိုင်းပဲနေမှာ။’
ယူဂျင်းက မျက်လုံးထောင့်မှနေ၍ ခါဆယ်ရ်ကို တစ်ချက်ကလေးစွေကြည့်ကာ ဆန်းကြယ်သည်ဟု တွေးလိုက်သည်။ သူတို့၏ ဆက်ဆံရေးက ကျိန်းသေပေါက် ပြောင်းလဲသွားခဲ့ပေပြီ။ အခု ဘာမှမပြောဘဲ ဘေးချင်းယှဉ် လမ်းလျှောက်နေရသည်ကို စိတ်မသက်မသာမဖြစ်မိတော့။ ပထမဆုံး နေ့လယ်စာ အတူစားခဲ့ကြသည့်နေ့နှင့် ယှဉ်လိုက်လျှင် ကတိုက်ကရိုက်ဆန်လှသည့် အပြောင်းအလဲပင်။
ယူဂျင်းက တခြားလူများနှင့် မြန်မြန်ရင်းနှီးလွယ်သည့် လူစားမျိုးမဟုတ်။ ခါဆယ်ရ်နှင့် ပထမဆုံးတွေ့ခဲ့သည့်အချိန်မှစ၍ နေ့ရက်များကို တွက်ကြည့်လိုက်မည်ဆိုလျှင် တကယ် အံ့ဩဖို့ကောင်းသည့် အမြန်နှုန်းပင်။
ယောက်ျားနှင့်မိန်းမ အသားချင်းထိကာ ညများကို အတူကုန်ဆုံးသည့် လုပ်ရပ်က နှစ်ဦးသား၏ ဆက်ဆံရေးကို အလျင်အမြန် ပြောင်းလဲစေခဲ့ကြောင်း မလွဲမသွေ သက်သေပြနေသည်။
‘အဲ့ဒါကြောင့် လင်မယားချင်း ရန်ဖြစ်ရင်တောင် အခန်းခွဲမအိပ်နဲ့လို့ ပြောကြတာကိုး။’
“တစ်ယောက်တည်းသွားလို့တော့ မဖြစ်ဘူးနော်။ ကိုယ်ရံတော် ဆက်ဆက် အပါခေါ်ပြီးသွား။”
“အဲ့ဒီလောက်တော့ သိပါတယ်ရှင့်။”
ဖောင်း…
နှစ်ယောက်စလုံး ကောင်းကင်ကို တစ်ပြိုင်တည်း လှည့်ကြည့်မိကြတော့သည်။ ကောင်းကင်ပြင်တွင် အဝါရောင်မီးခိုးများ ပျံ့နှံ့လျက်။
‘ဓားက…’
ခါဆယ်ရ် မျက်မှောင်ကြုတ်လိုက်သည်။ ယခုလောက်ဆို မှော်ဝင်ဓားကို ကိုင်ဆောင်ထားသည့် စစ်သည်တော်က ရုံးခန်းထဲသို့ ပြေးဝင်လာပေတော့မည်။ သို့သော် ဘုရင်က နေရာတွင်ရှိမနေသည့်အတွက် ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်သွားလောက်၏။
ဓားကိုယူရန် ချက်ချင်း ရုံးခန်းဆီသို့ သွားမှဖြစ်မည်။
‘လသာဆောင်ကနေ ပစ်ချခိုင်းရမှာပဲ။’
“အာဘူ။”
ခါဆယ်ရ်က အာဘူကို အသွင်ပြောင်းရန် အချက်ပြလိုက်သည်။
အာဘူက တစ်လျှောက်လုံး သူတို့နှစ်ယောက်အနားတွင် ဝိုင်းကြီးပတ်ပတ်လှည့်ကာ အရှေ့ရောက်လိုက်၊ အနောက်ရောက်လိုက်နှင့် တကောက်ကောက် လိုက်ပါလာခဲ့သည်။ ယူဂျင်းက အာဘူလုပ်နေသည့် အပြုအမူကို မြင်းထက် အိမ်မွေးခွေးလေးနှင့်ပိုတူသည်ဟု တွေးလိုက်မိသည်။
အာဘူက ခေါင်းမော့ကာ ကိုယ်ကို အပြင်းအထန် လှုပ်ခါလိုက်၏။ တစ်ကိုယ်လုံး ဖောင်းလာတော့သည်။ ရှည်လျားသည့် လည်တိုင်နှင့် နှုတ်သီးတို့ ကျုံ့သွားပြီး ခြေတံရှည်များက တိုတိုတုတ်တုတ်ဖြစ်သွားကာ နဖူးပေါ်မှ ဦးချိုသေးသေးလေးက တစ်ဟုန်ထိုး ကြီးလာသည်။ ယင်းနောက်ဆုံးအဆင့်နှင့်အတူ အာဘူ၏ အသွင်ပြောင်းမှုလည်း ပြီးမြောက်သွား၏။
ယူဂျင်းတစ်ယောက် မြင်းနက်ကြီးမှ သစ်နက်ကြီးအသွင်ပြောင်းသွားသည့် ရင်သပ်ရှုမောဖွယ်ရာမြင်ကွင်းကို အံ့ဩတကြီးနှင့် အကြောင်သားကြည့်နေရင်း အသက်ရှူဖို့ပင် မေ့နေခဲ့သည်။ ဧရာမ သစ်နက်ကြီးတွင် စောစောလေးကတင် မြင်းဖြစ်ခဲ့သည်ဟူသော ခြေရာသဲလွန်စ အစအနပင်မကျန်ခဲ့။ ဧရာမ သားရဲကြီး၏ ရှေ့ခြေဖဝါးများမှာ လူတစ်ယောက်၏မျက်နှာကို အပြည့်အဝ အုပ်ပစ်နိုင်လောက်အောင် ကြီးမားပေသည်။
အာဘူ၏ ကျောပေါ်သို့ အလျင်စလိုတက်လိုက်သည့် ခါဆယ်ရ်က နောက်ကျမှ သူ့အမှားသူ သတိထားမိသွား၏။ အာဘူ၏ အသွင်ပြောင်းသွားသောပုံစံကို ပထမဆုံးအကြိမ် မြင်တွေ့ကြရသူအများစုမှာ ထိတ်လန့်ချောက်ချားသွားကြသည်ချည်းသာ။
တည်တည်တင်းတင်းမျက်နှာထားနှင့် လှည့်ကြည့်လိုက်သော ခါဆယ်ရ်လည်း အထင်နှင့်ကွဲပြားသည့် ယူဂျင်း၏ တုံ့ပြန်ပုံကြောင့် မလှုပ်မယှက် ရပ်သွားတော့သည်။ လက်နှစ်ဖက်ကိုစုထားကာ အံ့ဩမှင်တက်မှုဖြင့် ဝိုးခနဲ ဝါးခနဲဖြစ်နေသည့် ယူဂျင်း၏ပုံစံကား ကြောက်နေသည့်ပုံ တစ်စက်မှပေါ်မနေပေ။
ခါဆယ်ရ်လည်း စိတ်အေးသွားပြီး သက်ပြင်းချလိုက်ရာက အခု ယူဂျင်း တစ်ယောက်တည်းဖြစ်နေသည်ကို သတိထားမိသွားပြန်၏။ အနီးအနားဝန်းကျင်တွင် ဖြတ်သွားဖြတ်လာ နန်းတွင်းအမှုထမ်းဟူ၍ အရိပ်အယောင်ပင်မတွေ့ရ။
“ဒီမှာ ခဏလောက် နေနေဦး။ အခြွေအရံမိန်းကလေး လွှတ်ပေးလိုက်မှာမို့လို့။”
“ကျွန်မကို မစိုးရိမ်ဘဲ မြန်မြန်သာ သွားပါ။”
ယူဂျင်းက နောက်ဆံတင်းနေသည့် ခါဆယ်ရ်ကို ပို၍ ခိုင်မာပြတ်သားသည့်လေသံနှင့် ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် ရဲတိုက်ထဲမှာပဲ ရှိနေတာမဟုတ်လား။ ကြည့်ကြပ်ပြီး လမ်းရှာလို့ရတာမို့ မြန်မြန်လေး သွားစရာရှိတာသွားပါ။”
ခါဆယ်ရ်က ခေါင်းတစ်ချက်ဆတ်ပြရင်း အာဘူကို မောင်းလိုက်သည်။ နှစ်ခါလောက် ခုန်လိုက်ရုံနှင့်ပင် ဘုရင်နှင့် သားရဲကြီးတို့၏ ပုံရိပ်များ ယူဂျင်း၏ မြင်ကွင်းမှ လျင်မြန်စွာ ပျောက်ကွယ်သွားတော့၏။
‘မှော်ဝင်သားရဲကြီးကိုး။ အာဘူက မှော်ဝင်သားရဲကြီးပဲ။’
ယူဂျင်းတစ်ယောက် ထပ်ပြန်တလဲလဲ ဝိုးခနဲ ဝါးခနဲ အော်နေမိသည်။ စောစောက မြင်တွေ့ခဲ့ရသည့် မြင်ကွင်းကို စဉ်းစားလိုက်တိုင်း ကြက်သီးတဖြန်းဖြန်းထရ၏။
မရဏဘုရင်တွင် အပါးတော်မြဲ မှော်ဝင်သားရဲကြီးရှိကြောင်းက သိထားပြီးသားအချက်ပင်။ ဝတ္ထုထဲတွင် ဘုရင်မင်းမြတ်၏ မှော်ဝင်သားရဲကြီးက အစမှအဆုံးအထိတိုင် သစ်နက်ကြီးအသွင်ဖြစ်သည်။ မြင်းအသွင် တစ်ခါမှ ယူဖူးခြင်းမရှိခဲ့။
‘မရဏဘုရင်က အမြဲတမ်း လေချွန်ပြီးတော့ပဲ သားရဲကြီးကို ခေါ်တာကိုး။ နာမည်ရှိနေတာပဲ။ အာဘူတဲ့…”
မရဏဘုရင်နှင့် မှော်ဝင်သားရဲကြီး၏ ဆက်ဆံရေးမှာ သခင်နှင့် သားရဲဆက်ဆံရေးထက်မပိုပေ။ သို့သော် နာမည်ပါပေးထားပုံထောက်လျှင် သံယောဇဉ်က အများကြီး ပိုနက်နဲသည့်ပုံပင်။
‘ထူးဆန်းလိုက်တာ။ ဘာဖြစ်လို့ ငါ ဖန်တီးထားတဲ့ ဆက်တင်နဲ့ မတူရတာပါလိမ့်။’
ဇာတ်လမ်းထဲမှ ဟာကွက်ကြောင့် တစ်စုံတစ်ရာကို မသိရခြင်းနှင့် တစ်စုံတစ်ရာက မိမိဖန်တီးထားသည့် နဂိုဆက်တင်မှ သွေဖည်ကွဲထွက်နေခြင်းကြားတွင် ကွာခြားချက်က အကြီးကြီးပင်။ ယူဂျင်းတစ်ယောက် ဤ အရှေ့အနောက်မကိုက်ညီမှု အသေးစားလေးကြောင့် စိတ်လေးလာတော့သည်။
~~~~~
ပုံတူပန်းချီထဲမှ အမျိုးသမီးကား ဆံပင်ကိုမြင့်မြင့်ထုံးကာ ဦးဗွေနေရာထက်မြင့်သည့်စတိုင်လ်မျိုး ပြင်ဆင်ထား၏။ ဆံပင်ပုံစံကို ကြည့်ရုံဖြင့်ပင် အရေးကြီးသောအချက်အလက်ကို သိရှိနိုင်ပေသည်။ မဟာတွင် ဆံပင်ကို မြင့်မြင့်ထုံးဖွဲ့သောစတိုင်လ်ကား အိမ်ထောင်သည်အမျိုးသမီးများသာ လုပ်ကြသည့် စတိုင်လ်ပင်။ ဥပဒေမဟုတ်သော်လည်း အခိုင်အမာလက်ခံကျင့်သုံးသည့် ထုံးတမ်းအစဉ်အလာ ဖြစ်လာခဲ့သည်။
“မိုရီရယ်လ် မြို့စားကတော်ပါ။”
မာရီအန်းက ပုံတူပန်းချီထဲမှ ပုဂ္ဂိုလ်ကို မိတ်ဆက်ပေးခဲ့သည်။
“မိုရီရယ်လ် မြို့စားကတော်ဆိုရင် အရင်က မာရီအန်း ပြောခဲ့ဖူးတယ်ထင်တယ်။ ဟုတ်တယ်မဟုတ်လား။”
“မှန်ပါတယ်၊ အရှင်မိဖုရား။”
ပုံတူပန်းချီထဲမှ အမျိုးသမီးကား အသက် အစိတ်၊ သုံးဆယ်ဝန်းကျင်အရွယ် ရှိမည့်ပုံပင်။ သူ့တွင် ဂန္တဝင်ဆန်ဆန် အလှမျိုးရှိ၏။ သွယ်လျပြီး ကျက်သရေရှိသည့် မျက်နှာပေါက်တွင် အပေါ်သို့အနည်းငယ်ပင့်တက်နေသည့် မျက်လုံးများက အေးဆေးတည်ငြိမ်သော်လည်း အထက်စီးဆန်မည့် အရှိန်အဝါမျိုးကို ပေးနေသည်။ အထူးတလည် ဆွဲဆောင်မှုအရှိဆုံးကတော့ အနီရောင်ဖောက်သည့်ဆံနွယ်များပင်။
‘ရုပ်ရည်သွင်ပြင်ကလည်း လှပေမဲ့ ဆံပင်အရောင်ကြောင့် ပိုပြီးလူသိများမဲ့ မိန်းမလှတစ်ယောက်ပဲ။’
မဟာတွင် အများစု၏ သဘာဝဆံပင်အရောင်မှာ အညိုရောင်ဖြစ်သောကြောင့် ထူးခြားသည့် ဆံပင်အရောင်ရှိသူများကို နှစ်သက်အားကျကြသည်။
ဘုရင်နှင့် အာနီခါတို့၏ ဆံပင်အရောင်များမှာ အညိုရောင်မဟုတ်ကြသည်က အကြီးမားဆုံးသော အကြောင်းရင်းဖြစ်၏။ အဆင့်အတန်းအနိမ့်အမြင့်နှင့် ဖွဲ့စည်းထားသည့် လူမှုအသိုင်းအဝိုင်း၌ ကိုယ့်ထက်အဆင့်မြင့်သူတွင်ရှိသော အရာအားလုံးကို အားကျကြသည်မှာ သဘာဝပင်။
သို့သော် ထူးခြားသည့် ဆံပင်အရောင်ကို မည်မျှပင်ကြိုက်ပါစေ ဆံပင်ဆေးဆိုးခြင်းကိုမူ မပြုကြ။ မဟာတွင် လူတစ်ယောက်၏ အသွင်အပြင်၊ အထူးသဖြင့် ဆံပင်က ထိုလူ၏ အဆင့်အတန်း ဖြစ်တည်မှုကို အတည်ပြုရာတွင် အရေးအပါဆုံးသော အချက်ဖြစ်ပေသည်။ အရွယ်ရောက်သောအခါ တရားဝင်ထုတ်ပေးသည့် သက်သေခံကဒ်ပြားတွင် လူတစ်ယောက်၏ ဆံပင်အရောင်နှင့် မျက်လုံးအရောင်တို့ကို မှတ်တမ်းတင်ထားသည်။ အညိုရောင်ဆံပင်၏ အမျိုးမျိုးသော အရောင်အသွေး အနုအရင့်ကို ခွဲခြားရန်သုံးသည့် အထူးပြုဖော်ပြချက်များ ဒါဇင်ချီရှိ၏။
မဟာမှလူများအဖို့ သဘာဝဆံပင်အရောင်က သူတို့၏ ကံကြမ္မာနှင့်မခြားပေ။ ထို့ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဝရမ်းပြေးမှမဟုတ်လျှင် ဆံပင်ဆေးဆိုးခြင်းကို တားမြစ်ချက်အဖြစ် သဘောထားကြသည်။ သဘာဝကျကျပင် ဆံပင်ဆိုးဆေးကဲ့သို့သော ထုတ်ကုန်ပစ္စည်းများလည်း ဖွံ့ဖြိုးခြင်းမရှိခဲ့။
ယူဂျင်း ဖန်တီးခဲ့သောကမ္ဘာတွင် ဤအသေးစိတ်အချက်အလက်များ မပါပေ။ ထိုကဲ့သို့ ရှုပ်ရှုပ်ယှက်ယှက် အသေးစိတ်အချက်အလက်များကို လုံးဝ မတွေးဖူးခဲ့။ ယူဂျင်းက ယင်းအချက်အလက်များကို မာရီအန်းထံမှတစ်ဆင့် သင်ယူနေဆဲဖြစ်သည်။
ကိုယ်ဖန်တီးခဲ့ပါသည်ဆိုသောကမ္ဘာအကြောင်း ပို၍သိရလေ ‘ဒီကမ္ဘာက တကယ်ရော ငါ ဖန်တီးခဲ့တာဟုတ်ရဲ့လား’ ဟူသည့်အတွေးမျိုး ပိုဝင်လာလေပင်။
အင်မတန် ကျယ်ပြောပြီး စနစ်တကျရှိလှသည့်အတွက် လူတစ်ယောက်တည်း၏ အတွေးနှင့် စိတ်ကူးပုံဖော်ထားခြင်းမဖြစ်နိုင်ဟု ထင်ရ၏။ ယူဂျင်းက တစ်မူထူးခြားသည့် စိတ်ကူးဉာဏ်ရှိခြင်းအတွက် မိမိကိုယ်မိမိ ဂုဏ်မယူခဲ့။ မဟာက ဝတ္ထုထဲမှ စိတ်ကူးယဉ်ကမ္ဘာတစ်ခုဟု သိပ်မခံစားရဘဲ အနန္တစကြဝဠာ၏ တစ်နေရာတွင် အမှန်တကယ်ရှိနေသည့် နေရာတစ်ခုဟု ပို၍ခံစားရပေသည်။
“မိန်းမလှတစ်ယောက်ပဲ။”
“အဲ့ဒီလိုထင်လားရှင့်။”
“အသက်ထက် ပိုနုတယ်လို့လည်း ထင်ရတယ်နော်။ သုံးဆယ့်နှစ်နှစ်ရှိပြီလို့ ပြောလိုက်တာလား။”
“ဟုတ်ပါတယ်၊ အရှင်မိဖုရား။”
“တကယ်လှတဲ့ မိန်းမလှတစ်ယောက်ပါလား။ ဒီပုံတူပန်းချီက အပြင်မှာရှိတဲ့ ရုပ်ရည်အတိုင်း တစ်ထပ်တည်းတူအောင် ဖော်ပြနိုင်တယ်ဆိုရင်ပေါ့။”
“ကျွန်မအမြင်ကိုပြောရရင် အပြင်မှာက ပိုလှတယ်လို့ ထင်ပါတယ်။”
“အိုး။”
ယူဂျင်းက ပုံတူပန်းချီကို အနီးကပ် လေ့လာပြီး နှစ်သက်သဘောကျမှုကို ထပ်ပြန်တလဲလဲ ဖော်ပြသည်တွင် မာရီအန်းက နူးညံ့စွာပြုံးလိုက်သည်။
“အရှင်မိဖုရားက ပိုတောင်လှပါသေးတယ်။”
ယူဂျင်းက ဂျင်၏ ရုပ်ရည်ကို ပြန်တွေးကြည့်ရင်း ခေါင်းညိတ်လိုက်သည်။
“အဲ့ဒါတော့ ဟုတ်တယ်။”
အမှတ်တမဲ့ ပြောပြီးခါမှ ချက်ချင်း နောင်တရမိတော့၏။ ကိုယ့်ရုပ်ကိုယ့်ရည်ကို ပြန်အမွှမ်းတင်သတဲ့။ ဘယ်လောက်တောင် မထော်မနန်းဖြစ်နေလိုက်မလဲ။ သို့သော် မျက်လုံးချင်းဆုံမိသည့် မာရီအန်း၏ မျက်နှာထားက ကျိန်းသေပေါက် သဘာဝကျသည်ဟု ပြောနေသလားမှတ်ရသောကြောင့် ယူဂျင်းတစ်ယောက် ပို၍ပင် ရှက်မိရပေသည်။ ထို့ကြောင့် မြန်မြန်စကားလွှဲလိုက်၏။
“ဒီတော့ ဒါက လက်ရှိ လူမှုဆက်ဆံရေးအသိုင်းအဝိုင်းရဲ့ ဘုရင်မပေါ့လေ။”
“အရှင်မိဖုရား၊ သူက ဒီအတိုင်း လူမှုအသိုင်းအဝိုင်းမှာ အထင်ကရပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေရုံလေးပါပဲ။ ဘုရင်မဆိုတဲ့ဘွဲ့က အရှင်မိဖုရားလိုပုဂ္ဂိုလ်မှသာ ကိုင်ဆောင်နိုင်တဲ့အရာပါ။”
“အာ…ဟုတ်တာပေါ့။”
ယူဂျင်း၏ စကားတချို့ကို မာရီအန်းက ထောက်ပြပြင်ဆင်ပေးရသည့်အဖြစ်မျိုး အကြိမ်ပေါင်းများစွာရှိပေသည်။ စောစောက ပြောမိသည့်စကားကဲ့သို့ လူမှုအသိုင်းအဝိုင်း၏ အဆင့်အတန်း အနိမ့်အမြင့်နှင့် ပတ်သက်သော ထိလွယ်ရှလွယ် အကြောင်းအရာများမှာ အထူးသဖြင့် ထောက်ပြပြင်ဆင်ပေးခြင်း အခံရဆုံးဖြစ်သော အကြောင်းအရာများပင်။
ယူဂျင်းကား အဆင့်အတန်းအနိမ့်အမြင့်အပေါ် အခြေခံထားသည့် လူမှုအသိုင်းအဝိုင်း၏ သဘောတရားအယူအဆများနှင့် ယခုအထိ အကျွမ်းတဝင်မရှိသေး။ ဇာတ်စနစ်ဟူ၍ တရားဝင်သတ်မှတ်ထားခြင်းမရှိသော လူမှုအသိုင်းအဝိုင်းတွင် မွေးဖွားကြီးပြင်းလာသူဖြစ်သောကြောင့် မတတ်နိုင်ပေ။
“ကျွန်မက လူမှုရေးနဲ့ဆိုင်တဲ့ လှုပ်ရှားမှုတွေကို စိတ်မဝင်စားဘူးလို့ အရင်က ပြောခဲ့ဖူးတယ်နော်။”
“မှန်ပါတယ်၊ အရှင်မိဖုရား။”
“မြို့စားကတော် လူမှုအသိုင်းအဝိုင်းရဲ့ ဗဟိုမဏ္ဍိုင်ဖြစ်လာတာက ကျွန်မ လူမှုရေးမှာဝင်မပါဖြစ်တဲ့အတွက် သက်ရောက်မှုရှိသွားတာများလား။”
“ကျိန်းသေပေါက်ပါပဲ။ အဲ့ဒါက အဓိကအကျဆုံး အကြောင်းရင်းပါ။ အရှင်မိဖုရားသာရှိနေရင် မြို့စားကတော်က ဘယ်လိုများ ရာရာစစ အရှေ့ထွက်လာနိုင်ပါ့မလဲ။”
“ဒါပေမဲ့ ဒီပုဂ္ဂိုလ်ရဲ့ ညက်ညောတဲ့အပြောအဆိုတို့၊ ဆွဲဆောင်မှုတို့လို့ အရည်အချင်းတွေကလည်း တစ်ခန်းတစ်ကဏ္ဍ ပါဝင်လောက်မယ်ထင်တယ်။”
“အဲ့ဒါတွေက ဒီအတိုင်း အဓိကမကျတဲ့အချက်တွေပါ။”
“ကျွန်မက ဘာစကားမှမပြောဘဲနဲ့ ရပ်ရုံလေးပဲ ရပ်နေမယ်ဆိုရင်တောင်မှလား။”
“အရှင်မိဖုရား။ အရှင်မိဖုရားက အရှင်မင်းကြီးရဲ့ဘေးမှာ ရပ်ခွင့်ရှိတဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်ပါ။”
“…ပြီးတော့ အာနီခါဖြစ်နေလို့ဆိုပါတော့။”
“ဟုတ်ပါတယ်၊ အရှင်မိဖုရား။”
အာနီခါတစ်ဖြစ်လဲ မိဖုရား ဂျင်၏ အဆင့်အတန်းက ယူဂျင်း အပေါ်ယံနားလည်ထားသည်ထက်ကို ပို၍ကြီးကျယ်ပေသည်။ နတ်ဘုရားတစ်ပိုင်းလောက်နီးနီးကို အလေးအမြတ်အထားခံရသူပင်။
မဟာတွင် ‘ဘုရင်’ ဟူသော အယူအဆက ကမ္ဘာပေါ်မှ အယူအဆနှင့် သိသိသာသာ ကွဲပြားပေသည်။ ဤနေရာတွင် ဘုရင်က အုပ်ချုပ်သူဖြစ်သလို ကယ်တင်ရှင်လည်းဖြစ်၏။
ဘုရင့်အာဏာက မျိုးရိုးတစ်ခုတည်းကနေသာ ဆင်းသက်လာသည့်အရာဖြစ်သောကြောင့် ကောင်းကင်မှအပ်နှင်းထားသော အရိုက်အရာလိုဖြစ်နေသည်။
လာ့ခ်များကို အမဲလိုက်ဖမ်းဆီးကာ တိုင်းသူပြည်သားများကို ကာကွယ်ပေးသည့် ဘုရင်ကား လုံးဝ မရှိမဖြစ်လိုအပ်သည့် ဖြစ်တည်မှုပင်။
တိုင်းသူပြည်သားများအတွက် ဘုရင့်နည်းတူ ထူးခြားသည့် တစ်ခုတည်းသော ဖြစ်တည်မှုက မိဖုရားဖြစ်လာမည့် အာနီခါပင်ဖြစ်သည်။
‘အေးလေ။ အဲ့ဒါကြောင့်လည်း ဂျင် ဒီလောက် ပြဿနာရှာတာတောင် အားလုံး ဘာမှစောဒကမတက်ဘဲ မိဖုရားအဖြစ် လက်ခံထားကြတာပေါ့။’
“ကျွန်မ ဘုရင့်တိုင်းပြည်ကို ရောက်မလာသေးခင်တုန်းကရော ဘယ်လိုရှိလဲ။ နဂိုကတည်းက လူမှုရေးအသိုင်းအဝိုင်းကို မိဖုရားကပဲ ဦးဆောင်တာလား။”
မာရီအန်းတစ်ယောက် ချက်ချင်းပြန်မဖြေဘဲ တုံ့ဆိုင်းနေသည်။
“လူမှုရေးလှုပ်ရှားမှုတွေမှာ မိဖုရားက မပါဝင်ဘဲနေခဲ့တာ တော်တော်ကြာသွားပါပြီ။”
“မယ်တော် မိဖုရား သက်ရှိထင်ရှား ရှိနေတုန်းကရောလား။”
“ဟုတ်ပါတယ်။ ပြီးတော့…မယ်တော် မိဖုရားက အခုအထိလည်း သက်ရှိထင်ရှားရှိနေတုန်းပါပဲ။ ကွယ်လွန်ကြောင်း သတင်းမကြားမိသေးပါဘူး။”
“သက်ရှိထင်ရှားရှိနေတုန်းပဲပေါ့လေ။ အခု ဘယ်မှာနေနေတာလဲ။”
“ဘာသာရေးမြို့တော်မှာ နေထိုင်နေပါတယ်။”
ပုံမှန်အားဖြင့် အသေးစိတ်ကျကျ ရှင်းပြတတ်သည့် မာရီအန်းတစ်ယောက် တိုတိုတုတ်တုတ် ပြန်ဖြေပြီးသည့်နောက်တွင် တိတ်ကျသွားခဲ့သည်။
ဤအဖြစ်နောက်ကွယ်တွင် စိတ်မသက်မသာဖြစ်စရာ နောက်ကြောင်းဇာတ်လမ်းရှိလိမ့်မည်ဟု ယူဂျင်း အာရုံရလိုက်၏။ အသေးစိတ်ကို ဆက်မေး၍ရသော်လည်း မလိုအပ်ဘဲ ဒီကိစ္စကို သွားမမွှေရန် ဆုံးဖြတ်ခဲ့သည်။
‘ငါသိဖို့လိုအပ်တယ်ဆိုရင် တစ်ချိန်ချိန်တော့ သိရမှာပေါ့။’
မိသားစုအများစုတွင် ရှုပ်ထွေးသောပြဿနာများ ကိုယ်စီရှိကြပေမည်။ ဒီအတိုင်း သိချင်ရုံလေးနှင့် ခရေစေ့တွင်းကျသိအောင် လုပ်ရမည့်ကိစ္စမဟုတ်။
“မိဖုရား ဝင်မပါတာ တော်တော်ကြာသွားပြီဆိုရင် ကျွန်မလည်း နောက်ဆုတ်နေလိုက်တာ ပိုမကောင်းလောက်ဘူးလား။ ရှိနေပြီးသား အခင်းအကျင်းကို နှောင့်ယှက်မိလောက်မယ်ထင်တယ်။”
“အရှင်မိဖုရား၊ ရှိပြီးသားအခင်းအကျင်းဆိုတာမျိုး မရှိပါဘူး။ လုံးဝကို ကစဉ့်ကလျားပါပဲ။ ခြင်္သေ့မရှိတဲ့ လွင်ပြင်လိုမျိုး မြေခွေးတွေအချင်းချင်း မာန်ဖီနေကြတာပါ။”
ယူဂျင်းက ခပ်အမ်းအမ်းရယ်လိုက်သည်။ မာရီအန်းတွင် စကားကြမ်းကြမ်းကို နူးနူးညံ့ညံ့လေးဖြစ်အောင် ပြောနိုင်သည့် အရည်အချင်းတစ်မျိုးရှိ၏။
‘ဘယ်လိုလုပ်ရမလဲ။’
မာရီအန်းက တဲ့မပြောသော်လည်း ယူဂျင်းကို လူမှုရေးလှုပ်ရှားမှုများတွင် ပါဝင်ဖို့မျှော်လင့်နေကြောင်းက သူ့လေသံတွင် သိသာပေါ်လွင်နေသည်။
အမှန်တော့ ယူဂျင်းက လက်ရှိအခြေအနေအတိုင်း သက်သောင့်သက်သာရှိ၏။ လူအမြောက်အမြားနှင့် တွေ့ဆုံရသည်က ပင်ပန်းရသလောက် စိတ်မောစရာ ပြဿနာများလည်း မလွှဲမရှောင်သာ ပေါ်လာကြမည်ပင်။
ဆက်လက်၍ ထိုကဲ့သို့သော လှုပ်ရှားမှုများတွင် မပါဝင်ဘဲနေမည်ဆိုလျှင်လည်း ဘယ်သူကမှ သူ့အား အပြစ်တင်ဝေဖန်မည်မဟုတ်။
‘ဒါပေမဲ့ သိချင်တယ်။’
လူမှုရေးအသိုင်းအဝိုင်း။ ယူဂျင်းနေထိုင်ခဲ့ရာ ကမ္ဘာတွင်လည်း လူချမ်းသာများအချင်းချင်းကြားတွင်သာ ကူးလူးဆက်ဆံကြသည့် လူမှုဆက်ဆံရေး ယဉ်ကျေးမှုအစဉ်အလာတစ်မျိုးရှိသည်ဟု ကြားဖူးနားဝရှိသော်လည်း အမြဲတမ်း သူနှင့်အလှမ်းဝေးသည့် သဘောတရားတစ်ခုလိုသာ ခံစားခဲ့ရသည်။
ယင်းအထက်တန်းလွှာအသိုင်းအဝိုင်းလေးတွင်လည်း ပြင်းထန်သည့်အပြိုင်အဆိုင်များ သူ့ဟာနှင့်သူ ရှိပေလိမ့်မည်။ သို့သော် ယူဂျင်းအနေနှင့် ကြိုးစားရန်ရော၊ ရုန်းကန်ရန်ပါမလိုအပ်ပေ။ လူလုံးပြလိုက်ရုံနှင့် အားလုံးကို ငြိမ်ဝပ်သွားအောင် လုပ်နိုင်မည်ဖြစ်သည်။
စိတ်ဝင်စားစရာကောင်းမည့်ပုံပင်။ ထိုသို့တွေးသည့်အတွက် အမြင်ကျဉ်းသည်ဟု အထင်ခံရလျှင်လည်း ဆင်ခြေပေးစရာမရှိပေ။
“မာရီအန်း။ ခြောက်သွေ့ရာသီ စပြီးလို့ ပထမဆုံးလုပ်တဲ့ပါတီကိုတက်မယ်။ ကျွန်မကို ကူညီပေးပါ။”
မာရီအန်းက ဝမ်းသာအားရ ပြုံးခဲ့သည်။
“စိတ်ရင်းအပြည့်နဲ့ ဆောင်ရွက်ပါ့မယ်။”
ထို့နောက်တွင် မာရီအန်းက ယူဂျင်းအတွက် ပြင်ဆင်ထားသော နောက်ထပ် ပုံတူနှစ်ချပ်ကို ထပ်ပြခဲ့သည်။ ပုံတူထဲမှ ပုဂ္ဂိုလ်များနှင့် ပတ်သက်သည့် မသိမဖြစ် အချက်အလက်များအားလုံးကိုလည်း ပြောပြပေးခဲ့၏။
မာရီအန်းက ပုံတူပန်းချီများကို အမြဲတမ်း ကိုယ်တိုင်ယူလာလေ့ရှိသည်။ အခြွေအရံမိန်းကလေးအားလုံးကို ထွက်သွားခိုင်းပြီး နှစ်ယောက်တည်းရှိနေချိန်မှသာ ယူဂျင်းကိုပြ၏။
သူတစ်ပါး၏ ပုံတူပန်းချီကို လက်ဝယ်ပိုင်ဆိုင်ထားခြင်းက ပုံတူတွင်ပါသည့် ပုဂ္ဂိုလ်အပေါ် အလွန်ရိုင်းပျရာကျသည့် ကိစ္စပင်။ အမျိုးသားတစ်ယောက်တွင် အမျိုးသမီးတစ်ယောက်၏ ပုံတူရှိနေလျှင် အသရေဖျက်စော်ကားသူအဖြစ် အပြစ်ပေးခံရနိုင်ပေသည်။
ထို့ကြောင့် မာရီအန်းက ကောလာဟလများမပြန့်စေရန် ကာကွယ်ဖို့အတွက် အထူးတလည် သတိထားလေ့ရှိ၏။ ပုံတူထဲမှ မျက်နှာများကို ယူဂျင်း မှတ်မိသွားတာနှင့် ချက်ချင်း မီးရှို့ပစ်သည်ချည်းသာ။
~~~~~
Miel’s Translations