Chapter 29.1

အပိုင်း ၂၉ – ၁
ထိုစဉ်က ခါဆယ်ရ်တစ်ယောက် မိဖုရား၏ အပြုအမူကို လက်မခံနိုင်ခဲ့။ လုံးဝ စိတ်ရင်းမဟုတ်သဖြင့် ရည်ရွယ်ထားသည့် စိတ်ကူးတစ်ခုခု ရှိလိမ့်မည်ဟု တွေးခဲ့သည်။
[လိုချင်တာရှိရင် ဒီအတိုင်း ပြောလိုက်။ ငါ့ကို မျက်နှာလုပ်နေလို့ မဖြစ်နိုင်တဲ့အရာက ဖြစ်သွားမှာမဟုတ်ဘူး။]
မိဖုရားက မျက်လုံးကိုကျုံ့ကာ ပြုံးလိုက်ရင်း ပြောခဲ့သည်။
[စိတ်ဝင်စားစရာမကောင်းတဲ့ ပုဂ္ဂိုလ်ပါလား။ ဘဏ္ဍာတိုက်ကို ကြည့်ချင်ပါတယ်။]
ဘုရင့်အကြိုက်ကိုလိုက်ကာ မျက်နှာချိုသွေးခြင်းက လွယ်ကူမည်မဟုတ်မှန်း သဘောပေါက်သွား၍ပဲဖြစ်မလား၊ ထိုနောက်ပိုင်းတွင် မိဖုရား၏ မလိုအပ်ဘဲ ချိုသာသည့်အပြုအမူက သိသိသာသာ လျော့ကျသွားလေသည်။ မိဖုရားနှင့် မလိုအပ်ဘဲ ပြဿနာမဖြစ်ရအောင် ရှောင်ရှားသည့် ခါဆယ်ရ်၏ ကြိုးစားမှုကလည်း တစ်စိတ်တစ်ပိုင်းပါဝင်၏။
မိဖုရားက တောင်းဆိုမှုလုပ်တိုင်းတွင် ခါဆယ်ရ်က မတုံ့မဆိုင်း နှစ်ခါပြန်မပြောရဘဲ ဖြည့်ဆည်းပေးလေ့ရှိသည်။ ထို့ကြောင့် မိဖုရားက လိုချင်တာကို ရဖို့အရေး ဘုရင်ကို မျက်နှာချိုသွေးနေစရာ အကြောင်းမရှိခဲ့ပေ။
ထိုအပိုင်းတွင်တော့ မိဖုရားက ပွင့်လင်းမြင်သာမှုရှိသည့်လူပင်။ ခါဆယ်ရ်က မိဖုရားနှင့် ခပ်တန်းတန်းနေသော်လည်း မိဖုရားအပေါ် မုန်းတီးစက်ဆုပ်ခြင်းမျိုး မဖြစ်မိ။ လိုချင်တာရရုံအတွက် သူ့အား လိမ်လည်လှည့်စားမည့်သူမဟုတ်ဟု ယုံကြည်ထားသောကြောင့်ဖြစ်သည်။
သို့သော် မိဖုရားက အရှိုက်ထိအောင် ခပ်ပြင်းပြင်းထိုးနှက်ခဲ့သည်။ သူက နိုင်ငံ့ရတနာကို ခိုးယူကာ ထွက်ပြေးခဲ့၏။ သို့သော် ပြန်လာသည့် မိဖုရားတွင် မှတ်ဉာဏ်များမရှိတော့။ အဖြစ်မှန် အလုံးစုံကို ဖော်ထုတ်ရန် ဘယ်လိုမှမဖြစ်နိုင်တော့ပေ။
မိဖုရားပျောက်သွားပြီးသည့်နောက်တွင် ကစဉ့်ကလျားတွေဖြစ်လာတော့သည်။ ခါဆယ်ရ်တစ်ယောက် မိဖုရားကို မည်ကဲ့သို့ဆက်ဆံရမှန်းမသိဖြစ်ခဲ့ရ၏။ ဒေါသပဲထွက်ရမည်လား။ သံသယဝင်ရမည်လား။ သို့မဟုတ် ဒီအတိုင်း လွှတ်ပေးလိုက်သင့်သလား။
ရပ်တည်ချက်ကို ရှာဖွေရန် ကြိုးစားနေရသည့်ကြားထဲ ယနေ့ရလိုက်သည့် လက်ဆောင်က သူ့အား ပို၍ပင် ကိုင်လှုပ်ခဲ့သည်။ တစ်ချိန်က အဓိပ္ပာယ် မည်မည်ရရမရှိခဲ့သည့် မိဖုရား၏ လုပ်ရပ်များက ရုတ်တရက် အရေးပါသလို ခံစားလာရ၏။ လူတစ်ယောက်တည်းပဲကို ဘာကြောင့် ယခုမှ အင်မတန် ကွဲပြားသလို ခံစားနေရခြင်းဖြစ်မည်နည်း။
ခါဆယ်ရ်တစ်ယောက် အလောတကြီး ရုံးခန်းမှ ထွက်လာခဲ့မိသည်။ သတိပြန်ဝင်လာ၍ ကြည့်လိုက်တော့ ဘယ်တုန်းက ရောက်လာမှန်းမသိ မိဖုရား၏ အိပ်ခန်းထဲသို့ ဝင်မိလျက်သား ရှိနေပေပြီ။
“အရှင်မင်းကြီး၊ ကျွန်မ ကြားလို့အဆင်မပြေတဲ့ အကြောင်းကိစ္စများလားရှင့်။”
ယူဂျင်းက ခါဆယ်ရ် နှုတ်ဆိတ်နေသည်ကို တွေဝေတုံ့ဆိုင်းနေခြင်းဖြစ်မည်ဟု တွေးခဲ့သည်။
“သိပါပြီ။ စိတ်ကိုပြင်ဆင်လိုက်ပါ့မယ်။”
ယူဂျင်းက အကြိမ်အနည်းငယ် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။
“ကဲ၊ အခု အဆင်ပြေပါပြီ။ ဘာများလဲရှင့်။”
ခါဆယ်ရ်က ‘လက်ဖက်ရည်ပို့ပေးလိုက်တဲ့ ရည်ရွယ်ချက်က ဘာလဲ’ ဟု မေးရန်ပြင်လိုက်သည်။ သို့သော် ယူဂျင်း၏ မျက်နှာထားကိုမြင်တော့ မလိုအပ်သည့်မေးခွန်းပေပဲဟု တွေးမိတော့၏။
“လက်ဖက်ရည်….တစ်ခွက်လောက် သောက်လို့ရမလား။”
“…အခု၊ ဒီမှာလားရှင့်။”
ခါဆယ်ရ်က ခေါင်းညိတ်လိုက်သည်။
“တကယ်ပဲ ဘာကိစ္စမို့လို့ အဲ့ဒီလိုဖြစ်နေတာပါလဲ။ အချိန်ဆွဲမနေပါနဲ့။ အဲ့ဒီလိုလုပ်နေရင် ပိုပြီးရင်တုန်လာလို့ပါ။”
လက်နှစ်ဖက်နှင့် ခါးထောက်ထားရင်း မျက်လုံးကိုမှေးစင်းကာ ပြောလိုက်သည့် ယူဂျင်း၏ မျက်နှာထားတွင် အသက်ဝင်မှုကအပြည့်။ ယခုတလော မိဖုရားထံမှ အကြည့်မခွာနိုင်ဖြစ်ရသော အခိုက်အတန့်များမှာ ယခုကဲ့သို့သော မျက်နှာထားမျိုးလုပ်နေသည့် အခိုက်အတန့်များပင်။
ခါဆယ်ရ်ကား တော်ဝင်မင်းသားအဖြစ် မွေးဖွားလာကာ ဘုရင်ဖြစ်လာခဲ့သူဖြစ်သည်။ ညီအစ်ကိုမောင်နှမရော၊ မိတ်ဆွေသူငယ်ချင်းပါမရှိဘဲ အထိန်းတော်၏လက်ထဲ၌ ကြီးပြင်းလာရသူပင်။ အားလုံးက သူ့အရှေ့တွင် ဦးညွှတ်ကြရသည်။
ဘယ်သူမှ သူ့ကို မဖြစ်ဘူးဆိုသည့်စကားမျိုး မပြောနိုင်ကြဘဲ အားလုံးက တူညီသောမျက်နှာထားကိုသာ ပြကြ၏။ ခါဆယ်ရ်တွင် လူသားတို့၏ ခံစားချက်မျိုးစုံကို မြင်တွေ့ခံစားနိုင်ရန် အခွင့်အရေးမရှိခဲ့။
သို့သော် မှတ်ဉာဏ်ပျောက်သွားသော မိဖုရားက သူ အရင်က တစ်ခါမှမမြင်ဖူးသည့် မျက်နှာထားများကို ပြလေ့ရှိသည်။ တစ်ခါတလေ နည်းနည်းလေး စိတ်တိုသည့်မျက်နှာမျိုးလုပ်တတ်ပြီး ခံစားချက်မကောင်းလျှင် မျက်နှာလေးစူနေတတ်ကာ ပျော်သည့်အခါ ပြုံးတတ်ပေသည်။
ခံစားချက်ကို ပွင့်ပွင့်လင်းလင်းဖော်ပြသည့်ပုံစံက မရင်းမနှီးဖြစ်နေသော်လည်း မြင်ရတွေ့ရတာ ကောင်း၏။ ‘သာမန်လူတွေ စကားပြောကြရင် ဒီလိုပါလား’ ဟူသော ခံစားချက်မျိုးလေး မသိမသာ ခံစားရသည်။
“ဘာကိစ္စမှမရှိဘူး။ မင်း ပို့ပေးလိုက်တဲ့ လက်ဖက်ရည်ကို ဒီအတိုင်း မသောက်နိုင်ဘဲ လာခဲ့တာ။ အခု ရုံးခန်းကို ပြန်သွားလိုက်ရင် အကုန်အေးကုန်လောက်မှာမို့လို့။”
ယူဂျင်းလည်း ခါဆယ်ရ်ကို တစ်ချက်ကြည့်နေရာက အခြွေအရံမိန်းကလေးကို ခေါ်လိုက်သည်။ သူက အခြွေအရံမိန်းကလေးကို လက်ဖက်ခြောက်အရွက်နည်းနည်းပေးကာ လက်ဖက်ရည်နှပ်ပြီး ယူလာပေးရန် စေခိုင်းလိုက်၏။ ခဏကြာပြီးသည့်နောက်တွင် အခြွေအရံမိန်းကလေးက လက်ဖက်ရည်လင်ပန်းနှင့်အတူ ပြန်ရောက်လာသည်။
ယူဂျင်းက လက်ဖက်ရည်ကို ခွက်ထဲသို့ငှဲ့ကာ ခါဆယ်ရ့်အရှေ့တွင် ချပေးလိုက်၏။ ခါဆယ်ရ်က ဘာမှမပြောဘဲ လက်ဖက်ရည်ခွက်ကို ယူလိုက်သည်။
ခါဆယ်ရ် လက်ဖက်ရည်သောက်နေပုံကိုကြည့်နေသည့် ယူဂျင်း၏စိတ်က ရောက်တတ်ရာရာပျံ့နှံ့နေသည်။ သူ နန်းတော်သို့ပြန်လာပြီးသည့်နောက် ရုံးခန်းသို့ဝင်ပြီး ဒီကိုလာခဲ့သည်အထိ သူ၏ လှုပ်ရှားမှုများကို စိတ်ကူးကြည့်မိ၏။
ခါဆယ်ရ် ဘာတွေတွေးနေသလဲဆိုသည်ကို သိသလိုလို မသိသလိုလိုပင်။ ဒီအတိုင်း လက်ဖက်ရည်လေးတစ်ခွက် သောက်ရုံကို အတွေးလွန်နေမိသလိုလည်းဖြစ်နေပြန်သည်။ ‘ကျွန်မကိုတွေ့ချင်လို့ လာခဲ့တာလား’ ဟူသော မေးခွန်းက လည်ချောင်းဝတွင် တစ်နေကာ ထွက်မလာနိုင်ခဲ့။
နှစ်ယောက်စလုံး ဘယ်သူကမှ စကားမပြောခဲ့ကြ။ နှစ်ဦးကြားတွင်ရှိနေသည့် အနေအထားက မရေမရာဖြစ်လာသည်။ သို့သော် နှစ်ဦးသား သတိထားပြီး ကာကွယ်ထားခဲ့ကြသည့် စည်းအပြင်ဘက်သို့ ဆွဲထုတ်မည့် တိကျရေရာသည့်အရာ ဘာတစ်ခုမှမရှိခဲ့။ ဒီအတိုင်း တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်ကာ သင့်တင့်သည့်အကွာအဝေးကိုထိန်းပြီး နေခဲ့ကြသည်။
“ကောင်းကောင်းသောက်လိုက်ရတယ်။”
ခါဆယ်ရ်က လက်ဖက်ရည်ခွက်အလွတ်ကို ပြန်ချလိုက်သည်။ သူက ချက်ချင်းပြန်မထသေးဘဲ တစ်ချက်တွေဝေနေ၏။ သူ့အတွေးများက ရှုပ်ထွေးလျက်။ ဆက်နေချင်သေးသော်လည်း ဘာပြောရမည်မှန်း စဉ်းစား၍မရခဲ့။
ခါဆယ်ရ်တစ်ယောက် အရေးတကြီး မြန်မြန်ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများကို ပြန်တွေးကြည့်ဖို့ ကြိုးစားလိုက်သည်။ သူက သံယောဇဉ်အမျှင်တန်းနေခြင်းကို ဖြတ်တောက်သလိုမျိုး ဝုန်းခနဲ ထရပ်လိုက်၏။ ယူဂျင်းကလည်း သူ့ကို လိုက်ပို့ပေးရန် ထရပ်ခဲ့သည်။
တစ်ဖက်လှည့်ပြီး ထွက်သွားဖို့လုပ်နေသည့် ခါဆယ်ရ်က တုံ့ခနဲရပ်သွားသည်။ အနောက်မှ ခြေလှမ်းအနည်းငယ်ခွာကာ လိုက်လာခဲ့သည့် ယူဂျင်းလည်း ရပ်သွားတော့၏။
ချီတုံချတုံဖြစ်နေသည့် သူ၏ပုံစံမှာ ဘယ်သူပဲကြည့်ကြည့် သိသာလှပေသည်။ အချိန်ဆွဲနေသည့် သူ၏ ကျောပြင်ကိုကြည့်ရင်း ယူဂျင်းတစ်ယောက် ရင်တဒိတ်ဒိတ်ခုန်လာတာကို ခံစားလိုက်ရသည်။
ယူဂျင်းက ခါဆယ်ရ့်ဆီသို့ လက်လှမ်းလိုက်၏။ နှစ်ယောက်ကြားမှအကွာအဝေးက လက်တစ်ကမ်းနှင့်မမီပေ။ လေထဲတွင် တစ်ချက်တန်းလန်းဖြစ်သွားသည့် လက်ကို နှိမ့်ချဖို့ပြင်လိုက်သည့်အခိုက်အတန့်တွင် ခါဆယ်ရ်က အနောက်လှည့်လာခဲ့သည်။ နှစ်ဦးသား မျက်လုံးချင်းဆုံသွားတော့၏။
ယူဂျင်းတစ်ယာက် ပျာယာခတ်သွားသည့်မျက်နှာထားနှင့် လက်ကိုမြန်မြန်ပြန်ချကာ အနောက်သို့ တစ်လှမ်းဆုတ်လိုက်သည်။ သို့သော် အပြည့်အဝ အနောက်မဆုတ်နိုင်ခင်မှာ ခါဆယ်ရ်က နှစ်ဦးကြားမှအကွာအဝေးကို ပိုနီးသွားအောင်တိုးလာခဲ့သည်။ ယူဂျင်း အနောက်တစ်လှမ်းဆုတ်လိုက်သည့်အခါ သူက မြန်မြန်အရှေ့တိုးလာပြီး ယူဂျင်း၏ခါးလေးကို လက်တစ်ဖက်နှင့် ပွေ့ဖက်လိုက်လေတော့သည်။
ခါဆယ်ရ်၏ ဦးခေါင်းက ငုံ့ကိုင်းလာသည်။ အနည်းငယ်စောင်းထားသည့် နှုတ်ခမ်းများက ယူဂျင်း၏ နှုတ်ခမ်းများနှင့် ထိသွားတော့၏။
ယူဂျင်းအနေနှင့် မျက်နှာလွှဲလိုက်တာဖြစ်ဖြစ်၊ သူ့ကို တွန်းဖယ်လိုက်တာဖြစ်ဖြစ် လုပ်၍ရပေသည်။ သို့သော် သူ့ခန္ဓာကိုယ်က သူ့စိတ်ထက် ပို၍ရိုးသားနေလေသည်။ စိတ်ထဲမှ ‘ငါ ဘာဖြစ်ချင်နေတာပါလိမ့်’ ဟု တွေဝေနေရင်းကပင် ခါဆယ်ရ် ထိတွေ့ပွတ်သပ်နေသည့်အတိုင်း အသာလေး ငြိမ်ခံနေမိခဲ့၏။
ယူဂျင်း တွေဝေနေစဉ်တွင် ခါဆယ်ရ်က ယူဂျင်း၏ အောက်နှုတ်ခမ်းလေးကို သတိထားပြီးကိုက်ခဲ့သည်။ ‘ဆက်လုပ်လို့ရမလား’ ဟူ၍ မေးနေသည့်နှယ်။
ယူဂျင်းလည်း ရယ်လိုက်မိသည်။ သူနှင့် မရေမတွက်နိုင်အောင် ညပေါင်းများစွာ ကုန်ဆုံးခဲ့ပြီး နက်ရှိုင်းစွာ စပ်ယှက်နှောင်ဖွဲ့ခဲ့ပြီးသားပင်။ အသစ်အဆန်း ဖြူစင်အပြစ်ကင်းသည့် ခံစားချက်ကို ဆောင်ကြည်းထားသည့် ဤအနမ်းက ရှက်ဖို့ကောင်းသော်လည်း ရယ်စရာဖြစ်နေပြန်၏။
ညင်သာစွာ တိုးသဲ့သဲ့ရယ်နေသည့် ယူဂျင်း၏ နှုတ်ခမ်းလေးကို ခါဆယ်ရ်က အကြိမ်ပေါင်းများစွာ တိုပြတ်ပြတ် နမ်းခဲ့သည်။ ယူဂျင်းလည်း အသံထွက်ကာ ရယ်မိပါတော့သည်။
~~~~~
Miel’s Translations