Chapter 30.1

အပိုင်း ၃၀ – ၁
ယူဂျင်းက တုန်ယင်နေသောလက်များဖြင့် ညဝတ်အင်္ကျီအရှေ့ခြမ်းကို ဆွဲစုလိုက်သည်။ ရင်သားက ညဝတ်အင်္ကျီအတွင်း၌ ဖုံးကွယ်ခံလိုက်ရသည့်နောက်မှ ခါဆယ်ရ်လည်း နောက်ဆုံးတွင် အကြည့်ခွာတော့၏။
သူက ယူဂျင်းကို လုံးဝဖိထားမိခြင်းမရှိစေရန် အနည်းငယ် ဘေးဘက်သို့ရွှေ့ကာ ဝမ်းလျားမှောက်လျက် လဲလျောင်းခဲ့သည်။ ယူဂျင်း၏ပခုံးတွင် မျက်နှာအပ်ပြီး ခပ်ကြမ်းကြမ်း သက်ပြင်းချလိုက်၏။
“ဘယ်လောက် ထပ်စောင့်ရဦးမှာလဲ။”
“ရက်ပိုင်းလောက်….ထပ်ပြီးလား….”
အေးစက်စွာ ဗလုံးဗထွေး ရေရွတ်လိုက်သည့် စကားများက မသဲမကွဲ။ နားထဲတွင် ကြားနေရသည့် သူ၏ အသက်ရှူသံကား မတည်မငြိမ်။ ယူဂျင်းလည်း ပူတက်လာသောမျက်နှာဖြင့် ကိုယ့်နှုတ်ခမ်းကိုယ် ဖိကိုက်ထားမိတော့သည်။
အင်မတန် ဂနာမငြိမ်စွာ စိတ်လှုပ်ရှားနေသည့် သူ၏ပုံစံက ပုံမှန် တည်တည်ငြိမ်ငြိမ်ရှိသော သူ၏ အငွေ့အသက်နှင့် သိသိသာသာ ဆန့်ကျင်ဘက်ဖြစ်နေသည်။ မည်သို့သော နက်နက်ရှိုင်းရှိုင်း အထိအတွေ့ အပွတ်အသပ်ထက်မဆို ပို၍လှုံ့ဆော်နှိုးဆွနိုင်စွမ်းရှိ၏။
ယူဂျင်းက မျက်နှာကြက်ကိုကြည့်ပြီး ပက်လက်လှဲနေသောအနေအထားနှင့်ရှိနေကာ၊ ခါဆယ်ရ်က ယူဂျင်း၏ကိုယ်ကို တစ်ဝက်ဖုံးပြီး ဝမ်းလျားမှောက်လျက်အနေအထားဖြင့် ပူတက်လာသည့်ခန္ဓာကိုယ်ကို ငြိမ်ကျအောင်လုပ်နေသည်။
နှစ်ယောက်သား၏ အသက်ရှူသံများ တဖြည်းဖြည်း ပုံမှန်ဖြစ်လာ၏။ ပူနွေးလာသည့် လေထုကလည်း ဖြည်းဖြည်းချင်း ငြိမ်ကျပျောက်ကွယ်သွားတော့သည်။
“အရှင်မင်းကြီး။ ဒီလိုကနေ အိပ်ပျော်သွားပါဦးမယ်။”
အိပ်ရာဝင်ရန် အဆင်သင့်ဖြစ်နေသည့် ယူဂျင်းလိုမဟုတ်ဘဲ ခါဆယ်ရ်က အခုအထိ အဝတ်မလဲရသေးပေ။
“အခုအထိ ထလို့မရသေးဘူး။”
“အာ…”
ယူဂျင်းတစ်ယောက် ဘောင်းဘီအတွင်း၌ မားမားမတ်မတ် ထောင်ကြွနေသည့် သူ့လိင်တံ၏ အခြေအနေကို အလွယ်လေး စိတ်ကူးကြည့်နိုင်ခဲ့သည်။ ‘တော်တော်လေး ခက်ခဲမှာပဲ’ ဟု တွေးရင်း ယူဂျင်းက အသာလေး တခစ်ခစ်ရယ်လိုက်၏။
ခါဆယ်ရ်က ခေါင်းထောင်ကြည့်လာတော့သည်။
“ရယ်တယ်ပေါ့လေ။ ဘယ်သူကြောင့်ဖြစ်ရတာလဲ။”
“ကျွန်မအမှား မဟုတ်ပါဘူးနော်။ ရရဲ့လားရှင့်။”
ခါဆယ်ရ်က သဘောတွေ့နေသည့် မျက်နှာထားနှင့်ရှိနေသော ယူဂျင်းကိုကြည့်ကာ ခပ်တိုးတိုး သက်ပြင်းချလိုက်သည်။ မြင့်တက်လာသည့် အလိုရမ္မက်ကို မထိန်းချုပ်နိုင်ဘဲ ရုန်းကန်နေရသတဲ့။ အတွေ့အကြုံမရှိသော လူပျိုပေါက်လေး ဖြစ်သွားရသလိုပင်။ သို့သော် ထိုအဖြစ်အတွက် ရှက်ရွံ့ခြင်းမဖြစ်မိသည့် ခံစားချက်ကား ထူးဆန်းလှပေသည်။
“ဟိုလေ….ယောက်ျားတွေမှာ ဘယ်သူမဆို မြန်မြန်လေး ငြိမ်အောင်လုပ်နိုင်တဲ့ နည်းလမ်းတွေရှိတယ်လို့ သိထားပါတယ်။ လေးနက်တဲ့သီချင်းကို ဆိုတာလိုမျိုးများလား။”
ခါဆယ်ရ်က ပေါက်ကရတွေဟူသော မျက်နှာထားဖြင့် ယူဂျင်းကို ကြည့်လိုက်သည်။ မှတ်ဉာဏ်မပျောက်မီရော၊ ပျောက်ပြီးချိန်တွင်ပါ ပြောင်းလဲမသွားသည့်အရာတစ်ခုရှိ၏။ ယူဂျင်းက သူ့ကို လုံးဝ ရှိန်နေခြင်းမရှိပေ။
‘နားမလည်နိုင်ဘူး။ တူသလိုလိုထင်ရပေမဲ့ လုံးဝ တူမနေပြန်ဘူးလေ။’
ယခင်က မိဖုရားကား အရာအားလုံးကို အထင်သေးစွာကြည့်တတ်သည့် မျက်နှာထားကို ဖုံးဖိခြင်းမရှိခဲ့။ သူက အာနီခါဖြစ်နေကာ သူ၏ ကျောထောက်နောက်ခံက ဆန်းဂျယ်ဖြစ်နေသဖြင့် ဒီအတိုင်း လက်ခံထားခဲ့သည်။
သို့သော် ယခုတလော မိဖုရားတွင် မောက်မာပလွှားသည့် အငွေ့အသက်မျိုးမရှိတော့။ ထို့ကြောင့် တစ်ခါတလေ ယဉ်ကျေးမှုမရှိသည့် အတိုင်းအတာအထိ သူ့ကို ပေါ့ပေါ့ပါးပါး ဆက်ဆံသော်လည်း ဒေါသမဖြစ်မိပေ။
“သိနေတာတွေ အများကြီးပါလား။ အဲ့ဒါမျိုးကျတော့ မှတ်မိတယ်ထင်ပါရဲ့။”
ခါဆယ်ရ်တစ်ယောက် ထိုစကား ထွက်ပြီးလျှင်ထွက်ပြီးချင်း နောင်တရမိတော့သည်။ ‘စကားကို နူးနူးညံ့ညံ့လေး ပြောပါ။’ ဟူသော မာရီအန်း၏ ပူညံပူညံစကားက အတွေးထဲ ဖျတ်ခနဲပေါ်လာ၏။
“မင်းကို အပြစ်တင်ဖို့ပြောလိုက်တဲ့စကား မဟုတ်ဘူး။”
“ဟား….ကျွန်မ မြန်မြန်လေး မှတ်ဉာဏ်တွေ ပြန်ရအောင်လုပ်မှ ဖြစ်မှာကို။ အဲ့ဒီလိုဖြစ်ဖို့ အရိပ်အယောင်မရှိဘူးဖြစ်နေတယ်။ ဒီထက်ပိုပြီး ကြိုးစားပါ့မယ်။”
“…”
ခါဆယ်ရ် ပို၍ပင် နောင်တရလေတော့သည်။ နောက်တစ်ခါ မှတ်ဉာဏ်နှင့်ပတ်သက်ပြီး စကားတောင်မစတော့ဘူးဟု သန္နိဋ္ဌာန်ချလိုက်၏။ သူက မိဖုရား မှတ်ဉာဏ်ပြန်ရလာစေရန် ဆန္ဒမရှိပေ။ လုံးဝပင်။
“အရှင်မင်းကြီး။”
“အင်း။”
“…”
“ပြောလေ။”
“ဒီမှာ အိပ်မလားရှင့်။”
ယူဂျင်းတစ်ယောက် သူ့စကားက နားလည်မှုလွဲစရာ ဖြစ်နိုင်မှန်း သတိထားမိသွားသည်။ စကားအတိုင်း နံဘေးတွင် လဲလျောင်းပြီး အိပ်ချင်သလားဟူသော အဓိပ္ပာယ်နှင့် မေးလိုက်ခြင်းပင်။
“ကျွန်မ ပြောချင်တာကလေ။”
“အိပ်ရာက နှစ်ယောက်အိပ်ဖို့အတွက် လုံလုံလောက်လောက် ကျယ်တာမလို့။”
“…ဟုတ်ပါတယ်။”
ယူဂျင်းက ခပ်ရေးရေး ပြုံးလိုက်သည်။ ခါဆယ်ရ် ချက်ကျလက်ကျ ပြန်ပြောပုံကို သဘောကျ၏။ ယခုအထိ သူ့ကို ကောင်းကောင်းမသိသေးသော်လည်း ခါဆယ်ရ်က တစ်ဖက်သားကို စိတ်ကသိကအောက်ဖြစ်ရအောင် လုပ်မည့်သူမဟုတ်ပေ။
‘ဘယ်လိုများ ဒါတွေအားလုံးက လက်တွေ့မဖြစ်နိုင်ရမှာလဲ။’
ယူဂျင်းက ရှုပ်ထွေးနေသောစိတ်ဖြင့် အနီးကပ်ကြားနေရသော ခါဆယ်ရ်၏ အသက်ရှူသံကို နားစွင့်နေမိသည်။ လက်ဖြင့် ကိုယ့်နှုတ်ခမ်းကိုယ် ပြန်ထိလိုက်၏။ ယခုအထိလည်း သူ့နှုတ်ခမ်းများ၏ အထိအတွေ့က စွဲထင်ကျန်ရစ်နေဆဲပင်။
ကလေးရရန်အတွက်ဖြစ်စေ၊ ဒီအတိုင်း အလိုရမ္မက်ကြောင့်ပဲဖြစ်စေ ထိုလူ ယူဂျင်းကို လိုချင်နေသည့် အလိုဆန္ဒကား လက်ဖြင့်ထိတွေ့ကိုင်တွယ်ကြည့်၍ရလောက်အောင် ထင်ရှားပြတ်သားလှပေသည်။
သူနှင့် ဖလှယ်ရသည့် အနမ်း၊ အပွေ့အဖက်၊ အထိအတွေ့အပွတ်သပ်၊ အားလုံးကို သဘောကျ၏။ သူနှင့် ကိုယ်ငွေ့ချင်းဖလှယ်ရသည်က ရှင်းပြ၍မရသည့် စိတ်သက်သာရာရမှုကို ဆောင်ကြဉ်းပေးနိုင်ပေသည်။ အထူးသဖြင့် သူက နာမည်ခေါ်လိုက်လျှင် အားပေးမှုကိုရသကဲ့သို့ အားများရှိလာသည်။
ဒီအတိုင်း ခန္ဓာကိုယ်နှင့်ပတ်သက်သည့် ဆွဲဆောင်ခံရမှုဟူ၍ အတိအကျပြောနိုင်ခြင်းမရှိပေ။ ရေရေရာရာ အဖြေရှာနိုင်ခြင်းမရှိသည့်စိတ်က လေညင်းလေးတိုက်လျှင်တောင် ဦးတည်ချက်မဲ့စွာ ယိမ်းလွင့်မျောပါသွားတတ်သည့် ဖုန်တစ်စလိုပါပဲလားဟူသောအတွေးမျိုး ဝင်လာတော့သည်။
~~~~~
ယူဂျင်းက မည်းမှောင်စွာ အရိပ်ဖုံးနေသော မျက်နှာကြက်ကို စိုက်ကြည့်နေသည်။
‘အဲ့ဒီနေ့လိုပဲ။’
ယူဂျင်းတစ်ယောက် ယခုလ ပထမဆုံးနေ့တွင် အတူတူမင်္ဂလာညကုန်ဆုံးရသည့်အဖြစ်အတွက် မရဏဘုရင်နှင့် ပထမဆုံးအကြိမ် တစ်အိပ်ရာတည်း လဲလျောင်းအိပ်စက်ရသည့်နေ့ကို တွေးလိုက်မိသည်။ ယနေ့လည်း ထိုနေ့ကအတိုင်း နှစ်ယောက်သား အိပ်ရာထက်တွင် ဘေးချင်းယှဉ်လျက် လဲလျောင်းနေ၏။
ထိုနေ့နောက်ပိုင်း၏ ပေါင်းဖက်ရသည့်ညများက အမြဲတမ်း ပြင်းပြသည့် နှီးနှောစပ်ယှက်မှုဆီသို့ ဦးဆောင်သွားခဲ့သည်ချည်းသာ။ နွမ်းနယ်နေသော ခန္ဓာကိုယ်ဖြင့် ခါဆယ်ရ်နှင့် ကိုယ်ချင်းနှီးနှောဖက်တွယ်ထားသည့် အခြေအနေအတိုင်း အိပ်ပျော်သွားတတ်သည်။ ယခု သဘာဝမကျသလို ခပ်ခွာခွာ လဲလျောင်းနေသော အခြေအနေက တစ်မျိုးဖြစ်နေ၏။
“အိပ်နေပြီလားရှင့်။”
ယူဂျင်းက အင်မတန် တိုးညင်းသည့်အသံလေးဖြင့် မေးလိုက်သည်။ ရှင်းလင်းပြတ်သားသည့်အဖြေက ချက်ချင်းနီးပါး ပြန်လာ၏။
“ဟင့်အင်း။”
“မပင်ပန်းဘူးဆိုရင် သိချင်နေတာလေး ရှိပါတယ်။ စကားက ရှည်သွားမလားမသိပါဘူး။ မနက်ဖြန်မှ ပြောရမလားရှင့်။”
“ရတယ်။”
နဂို မေးရန်လုပ်ထားသော မေးခွန်းမဟုတ်သည့် တခြားမေးခွန်းတစ်ခုက ရုတ်တရက် ခေါင်းထဲဖျတ်ခနဲပေါ်လာသည်။ ဤလူက ဘယ်လိုလူမျိုးလဲဆိုသည်ကို ပို၍သိချင်၏။
‘အမေက သက်ရှိထင်ရှားရှိနေတယ်ဆို။’
ဘာကြောင့် အဲ့ဒီပုဂ္ဂိုလ်က ဘာသာရေးမြို့တော်မှာနေတာလဲ။ ဘာကြောင့် ဘယ်သူမှ အရင်မိဖုရားအကြောင်း မပြောကြတာလဲ။ သူ့အတွက် မိခင်ဖြစ်သူက လွမ်းဆွတ်တမ်းတရသူလား၊ မေ့ပစ်ချင်တဲ့ စိတ်ဒဏ်ရာလား။
~~~~~
Miel’s Translations