Chapter 5
အပိုင်း ၅
“မြင့်မြတ်သူတို့စံရာမြို့တော်…”
ဘာသာရေးမြို့တော်၊ သို့မဟုတ် ဤကမ္ဘာ၏ ဗဟိုချက်။ တိုင်းပြည်တစ်ပြည်စီတွင် မြို့တော်နှင့် တော်ဝင်နန်းတော်များ ရှိကြသော်လည်း ထိုမြို့များကို မြို့တော်များဟု သတ်မှတ်ခေါ်ဆိုခြင်း အလျဉ်းမရှိပေ။
ဘာသာရေးမြို့တော်သည် ဆန်းဂျယ် တိုက်ရိုက်အုပ်ချုပ်သည့် တိုင်းပြည်အသေးစားလေးတစ်ခုဖြစ်သည်။ ဘာသာရေးတိုင်းပြည်ဖြစ်ပြီး နိုင်ငံရေးတိုင်းပြည်မဟုတ်ပေ။ ယူဂျင်း နေထိုင်ခဲ့သည့်ကမ္ဘာတွင် အလားတူပုဂ္ဂိုလ်ကို ရှာပြပါဆိုလျှင် ဆန်းဂျယ်ကို ပုပ်ရဟန်းမင်းကြီးနှင့် ယှဉ်ပြ၍ရနိုင်ပေမည်။
‘ဆန်းဂျယ်ကတော့ ငါ့မှာဖြစ်နေတဲ့ ဒီအဖြစ်အပျက်ကို သိနိုင်လောက်မလားမသိဘူး။’
ဆန်းဂျယ်သည် လူသားတစ်ယောက် မဟုတ်ပေ။ ဆန်းဂျယ်၏ သရုပ်မှန်ကို သိထားသူက ယူဂျင်းတစ်ယောက်အပြင် ရှိမည်မဟုတ်သည့်ပုံပင်။ ယူဂျင်းက ဤကမ္ဘာကို ဖန်တီးခဲ့သူဖြစ်သောကြောင့်ဖြစ်၏။
‘ဆန်းဂျယ်နဲ့ တွေ့ကြည့်လိုက်ရမလား။’
ယူဂျင်း ခေါင်းခါလိုက်သည်။ ထိုကဲ့သို့လုပ်ရန် ကောင်းသည်ဟု သိပ်မခံစားရပေ။
‘ငါ့ရဲ့သရုပ်မှန်ကို သိသွားပြီးရင် ဆန်းဂျယ်က ငါ့အပေါ် ဖော်ရွေနှစ်လိုပါ့မယ်ဆိုပြီး အာမခံချက် မရှိဘူးလေ။’
ထို့အပြင် အဖြစ်အပျက်အားလုံး၏ ဗဟိုချက်ဖြစ်သည့် ဘာသာရေးမြို့တော်သို့ သွားလိုစိတ်မရှိပေ။
“အာနီခါ။”
ယူဂျင်း လှည့်ကြည့်လိုက်သည်။ တစ်ချက်ကြာပြီးသည့်နောက်တွင် အပြင်ဘက်မှ သတိထား၍ ထပ်ခေါ်လာခဲ့ပြန်၏။
“အာနီခါ၊ အသိပေးရမဲ့စကား ရှိပါတယ်။”
“ဝင်ခဲ့။”
ပထမဆုံးအနေဖြင့် ယူဂျင်းအား အများဆုံး စိတ်အနှောင့်အယှက် ပေးနေသည့်အရာမှာ လူများအား ပြောဆိုဆက်ဆံရသည့် အပြုအမူပင်။ မိဖုရားတစ်ပါးက သူ၏ လက်အောက်ငယ်သားများအပေါ် ယဉ်ကျေးသည့်စကားမျိုး သုံးနှုန်းလိမ့်မည်မဟုတ်။ သို့သော် ရာဇဝင်ဇာတ်လမ်းများထဲတွင်သာ တွေ့ရနိုင်သည့် လေသံက သူ့ပါးစပ်တွင် လုံးဝအသားကျမနေချေ။
ယူဂျင်းက ‘နည်းနည်းလေး မျက်နှာပြောင်ပြီး နေလိုက်မယ်လေ’ ဟူ၍ ဆုံးဖြတ်လိုက်သည်။ သူက သက်သောင့်သက်သာ စကားပြောခဲ့ပြီး သူ့အပြုအမူသူ အာရုံသိပ်မစိုက်ဘဲ နေခဲ့၏။ ထိုကဲ့သို့သော ကိစ္စမျိုးအတွက် မိဖုရားအား အပြစ်ရှာ၍ရမည်မဟုတ်နိုင်ဟု ယုံကြည်ထားခဲ့သည်။
တံခါးပွင့်သွားပြီး အစေခံအမျိုးသမီးတစ်ယောက် ဝင်လာခဲ့သည်။ ကြမ်းပြင်တွင် မျက်လုံးအပ်ရင်း ဝင်လာခဲ့သည့် အမျိုးသမီးသည် အညိုရောင်ဖျော့ဖျော့ ဆံပင်ရှိ၏။
ယူဂျင်း ရဲတိုက်ထဲသို့ ဝင်လာခဲ့ပြီးသည့်နောက်တွင် မြောက်မြားလှစွာသောလူများအား တွေ့မြင်ခဲ့ရသည်။ လက်တွေ့ကို နားလည်လက်ခံနိုင်အောင် လုပ်ရသည်ကပင် သူ့အတွက် အလွန်ဝန်လေးလှပေပြီ။ ထို့အပြင် သူ၏ အစေခံမိန်းကလေး အားလုံးက အဝတ်အစား ဆင်တူဝတ်ထားကြသောကြောင့် သူတို့ကို ခွဲခြားရန်မှာ ခက်ခဲလှပေသည်။ သို့သော်လည်း အကြိမ်ပေါင်းများစွာ မြင်တွေ့ရသည့်အတွက် ရင်းနှီးအသားကျနေသည့် အမျိုးသမီးတစ်ယောက်ရှိ၏။
“နာမည်က ဘာလဲ။”
အစေခံမိန်းကလေးက သွေးဆုတ်သွားခဲ့ပြီး ဦးခေါင်းကို ပို၍ပင် ညွတ်နေအောင် ညွှတ်လိုက်သည်။
“ဂျီးန်ပါရှင့်။ အနှောင့်အယှက်ပေးမိတဲ့အတွက် စိုးရွံ့မိပါတယ်။ စတုတ္ထဘုရင် အရှင်မင်းကြီးက အမှာပါးလိုက်ပါတယ်။”
အစေခံမိန်းကလေးက ယူဂျင်း နာမည်မေးလိုက်သည့်အဖြစ်ကို ‘ငါ နင့်ကို မှတ်ထားမယ်’ ဟူ၍ အဓိပ္ပာယ်လွဲကောက်လိုက်မိ၏။ အင်မတန်ဆိုးဝါးသည့် အဓိပ္ပာယ်အဖြစ်ပင်။
အစေခံမိန်းကလေးခမျာ လက်ချင်းယှက်ထားရင်း လက်တွင် ချွေးစေးများပြန်နေသည်ကို သတိမထားမိဘဲ ‘ဒီမှာ အရိုက်အရာ အနိမ့်အမြင့်စနစ်က တော်တော်လေး ကြပ်မတ်ပြင်းထန်ပုံပဲ’ ဟူ၍ ယူဂျင်း တွေးလိုက်မိသည်။
“ဘာအမှာပါးလိုက်တာလဲ။”
“အရှင်မင်းကြီးက အရှင်မိဖုရားနဲ့ နေ့လယ်စာကို အတူတူ သုံးဆောင်ချင်တာကြောင့် အထောက်တော်တစ်ယောက်က အရှင်မိဖုရားရဲ့ သဘောဆန္ဒကို မေးမြန်းဖို့ ရောက်လာပါတယ်။”
ယူဂျင်း တစ်ချက် တွေးလိုက်မိသည်။ ရှောင်ရှားမရမည့်သူဆိုလျှင် မြန်မြန်လေး အကြောင်းသိအောင်လုပ်ပြီး နားလည်မှုယူနိုင်လျှင် ကောင်းမည်ပင်။
“အဲ့ဒီလိုလုပ်မယ်။”
‘ထမင်းလေး တစ်နပ်ပဲလေ’ ဟူ၍ ပေါ့ပေါ့လေး တွေးခဲ့မိရာက ယူဂျင်းတစ်ယောက် နောက်ကျမှ သူ မှားသွားကြောင်း သိလိုက်ရသည်။ နေ့လယ်စာစားချိန် နီးကပ်လာချိန်တွင် အစေခံမိန်းကလေးများက သူ့ဆီ အပြေးလာကြပြီး စတင်ပြင်ဆင်ခြယ်သပေးကြတော့၏။
ယူဂျင်းက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မနက်ခင်း နိုးလာတိုင်းတွင် အစေခံမိန်းကလေးများ၏ အခစား အပြုအစုကို ခံယူရင်း အဝတ်အစား လဲခဲ့ရသည်။ အဝတ်အစားလေး လဲဝတ်ရုံအတွက် တခြားသူများ၏ အကူအညီကို ရယူရသည်မှာ အင်မတန် ဝန်လေးစရာ အတွေ့အကြုံပင်ဖြစ်၏။ တခြားသူများ သူ့ခန္ဓာကိုယ်ကို ထိကိုင်ကြသည့်အတွက် မသက်မသာ ဖြစ်ရသလို အကြောင်းမဲ့ အားနာစိတ်လည်း ဖြစ်ရသည်။
သို့သော် လူတွေများ ဘယ်လောက်အထိ အပြောင်းအလဲမြန်လိုက်ကြသလဲ။ တစ်ရက်နှစ်ရက်လောက် ကြုံတွေ့ပြီးသည့်နောက်တွင် အစမှာ ခံစားခဲ့ရသည့် မသက်မသာဖြစ်မှုက ပျောက်ကွယ်သွားသလောက် ရှိလာခဲ့သည်။ တစ်စတစ်စနှင့် သူ့ကိုပေးလာသည့် အခွင့်ထူးကို ခံစားလိုက်မည်ဟု စိတ်ကိုပြောင်းလိုက်၏။
မနက်တိုင်း သူဝတ်ဆင်လေ့ရှိသည့် အဝတ်အစားများက ယူဂျင်းနေထိုင်သည့်ကမ္ဘာတွင် အိမ်နေရင်းဝတ်သည့် အဝတ်များဖြစ်ကြောင်း နောက်ဆုံးတွင် သိလိုက်ရသည်။ ဘုရင်နှင့် နေလယ်စာအတူစားရန် ဝတ်ဆင်ရသည့် အဝတ်အစားများ၏ အရောင်နှင့် ဇာတို့က ခမ်းနားလှပပြီး စကတ်အနားက အလွှာအထပ်များနှင့်ဖြစ်၏။
‘အစစ်တွေဖြစ်မယ်ထင်တယ်။’
အင်္ကျီလက်နှင့် ရင်ဘတ်တို့တွင်ရှိသော ပုလဲစေ့များက မှန်ထဲတွင် တလက်လက်တောက်နေသည်။ ထိုအရာများအားလုံးသာ ကျောက်မျက်ရတနာများ ဖြစ်ကြမည်ဆိုလျှင် ဤဝတ်စုံသည် မည်မျှကုန်ကျမည်နည်းဟူသည်ကို ခန့်မှန်းကြည့်၍ ရမည်ပင်မဟုတ်ချေ။
‘ဂျင်က တခမ်းတနား နေတတ်တဲ့သူလား။ ဒါမှမဟုတ် ဒါက ပုံမှန်ပဲလား။’
အဝတ်လဲနေစဉ်တွင် ယူဂျင်း၏ မျက်နှာထားက တင်းမာနေသည်။ ပိုပြီးအရေးကြီးသည့် ပြဿနာက ခေါင်းထဲဝင်လာ၏။
‘စားသောက်တဲ့ ကျင့်ဝတ်အပြုအမူတွေက ဘာတွေပါလိမ့်။ ငါ အဲ့ဒါတွေ ဘာတစ်ခုမှ မသိဘူးပဲ။’
အသိတစ်ယောက်မှတစ်ဆင့် ဟိုတယ်တစ်ခုရှိ စားသောက်ဆိုင်တွင် စားပွဲထိုးအဖြစ် ခဏဝင်လုပ်မိသည့် အတွေ့အကြုံ ရှိထားသည့်အတွက် တော်ပါသေးသည်။ ထိုအချိန်က သင်ယူခဲ့ရသည်များ အသုံးဝင်လာလျှင် ကောင်းမည်ဟု မျှော်လင့်မိ၏။
အချိန်ကျလာသည်တွင် တစ်စုံတစ်ယောက်က ယူဂျင်းကိုခေါ်ဖို့ ရောက်လာခဲ့သည်။
“ပို့ဆောင်ပေးပါ့မယ်။ အာနီခါ။”
ထိုလူက ဘယ်သူမှန်း ယူဂျင်း မသိပေ။ ဒီအတိုင်း သာမန်အစေခံတစ်ယောက်တော့ မဖြစ်နိုင်။ သူက အသက်ကြီးပြီး သူ့အဝတ်အစားများက တခြားသောအမှုထမ်းများနှင့် ကွဲပြားမှုရှိသည်။ သတ်လတ်ပိုင်းအရွယ် အမျိုးသား၏ လေသံနှင့် မျက်နှာထားက ရင့်ကျက်မှုနှင့် သိက္ခာရှိတင့်တယ်မှုတို့ကို ပေးစွမ်းနေ၏။
[ဆောင်တော်ထိန်းချုပ်ကြီး။]
ရုတ်တရက် ဦးခေါင်းထဲတွင် အသံတစ်ခု ဝင်လာခဲ့သည်။ သတ်လတ်ပိုင်းအရွယ်လူကို တစ်ချိန်က ထိုသို့သော အရိုက်အရာဘွဲ့အမည်ဖြင့် ခေါ်ခဲ့ဖူးသည့်ပုံပင်။
‘ဆောင်တော်ထိန်းချုပ်….ဟိုတယ်မှာသာဆို အထွေထွေမန်နေဂျာအဆင့်လောက် ဖြစ်မလား။’
ယူဂျင်းက ဆောင်တော်ထိန်းချုပ်နှင့်အတူ စင်္ကြံအတိုင်း လျှောက်ဆင်းသွားခဲ့သည်။ ဟိုကြည့်ဒီကြည့် လှည့်ကြည့်နေသည့်ပုံမပေါက်စေဘဲ ဘေးဘီဝဲယာကို စနည်းနာလိုက်သည်။ တစ်လျှောက်လုံး အိပ်ခန်းထဲတွင်သာ နေခဲ့သည့်အတွက် ယနေ့မှာ ပထမဆုံးအကြိမ် အပြင်ထွက်ခြင်းပင်။
ခေတ်မီအဆောက်အအုံကဲ့သို့ မခံစားရသော်လည်း တစ်မူကွဲပြားသောနည်းဖြင့် ခမ်းနားထည်ဝါလှ၏။ လျှောက်လမ်းကြမ်းခင်းကို ရောင်စုံကျောက်တုံးများဖြင့် ပြုလုပ်ထားသည့် ဂျီဩမေတြီ ပတ်တန်များဖြင့် အလှဆင်ထားပြီး တောက်ပြောင် ချောမွတ်နေသည်။ နံရံများနှင့် တိုင်လုံးများတွင် ရှေးဟောင်း နံရံထွင်းရုပ်ကြွများ အပြည့်ရှိနေ၏။
လူတွေသာ အသွားအလာလုပ်ကြသည့် စင်္ကြံလျှောက်လမ်းမှာ အင်မတန် ကျယ်ပြောလွန်းလှသည်။ ဧရာမယာဉ်ကြီး အသွားအလာလုပ်လျှင်ပင် ပြဿနာရှိမည်မဟုတ်။ အရာရာက ကြီးမားလှပေသည်။
‘ထင်ထားသလောက် ဘာလုပ်လို့လုပ်ရမှန်းမသိ မဖြစ်ဘူးပဲ။’
ကြီးကျယ်ခမ်းနားမှုကြောင့် အံ့ဩမိရသော်လည်း မှင်တက်သွားတာမျိုးတော့ မရှိခဲ့ချေ။ သူ့စိတ်က ငြိမ်းချမ်းနေခဲ့သည်။
ပထမဆုံးအကြိမ်အဖြစ် ဂါဝန်ဖားဖားကြီးဝတ်ပြီး လမ်းဘယ်လိုလျှောက်ရမလဲဟူ၍ ပူပန်ကြောင့်ကြရန် မလိုအပ်ခဲ့ပေ။ သူ့ကိုယ်နေဟန်ထားသူ သဘာဝကျကျ ထိန်းထားနိုင်ခဲ့သည်။ သူ့ခန္ဓာကိုယ်က မှတ်မိနေသည့်ပုံပင်။
‘ထမင်းစားခန်းမက ဒီဘက်လမ်းအတိုင်း သွားလိုက်ရင် တွေ့ရမယ်ထင်တယ်။’
ဆောင်တော်ထိန်းချုပ်ကြီးက သူ မရေမရာ အာရုံရထားသည်နှင့် ကွဲပြားသည့် ဦးတည်ချက်အတိုင်း လှုပ်ရှားလိုက်သည့်အခါ ယူဂျင်းတစ်ယောက် အနည်းငယ် ခပ်တုံ့တုံ့ ဖြစ်သွားခဲ့သည်။ ထို့နောက် ဆောင်တော်ထိန်းချုပ်က သူ့ဘက်လှည့်ပြီး ပြောခဲ့၏။
“ဧည့်ခန်းဆီ ပို့ဆောင်ပေးပါ့မယ်။ အရှင်မင်းကြီးက ဧည့်ခန်းမှာ ပြင်ဆင်ခိုင်းထားတာကြောင့်ပါ။”
ဆောင်တော်ထိန်းချုပ်နှင့်အတူ တစ်ဖန် ဆက်လျှောက်သွားရင်း အခုလေးတင် ရလိုက်သည့် ထူးထူးခြားခြား အာရုံကို ပြန်ပြီးဆင်ခြင်တွေးတောမိလိုက်၏။
နက်ပြာရောင် တံခါးတစ်ခုအရှေ့သို့ ရောက်လာခဲ့သည်။ ဆောင်တော်ထိန်းချုပ် တံခါးဖွင့်ပေးသည့်အခါ ယူဂျင်းက အထဲသို့ ဝင်သွားလိုက်၏။
စားပွဲတွင်ထိုင်နေသည့် ခါဆယ်ရ်က ထရပ်လိုက်သည့်အခါ ယူဂျင်းနှင့် မျက်လုံးချင်း ဆုံသွားခဲ့သည်။
‘ကြည့်လိုက်ရင် ဘယ်ကြိုက်ပါ့မလဲနော်။’
ယူဂျင်းက နောင်တစိတ်ဖြင့် မျက်လွှာချလိုက်သည်။ ဝတ္ထုထဲတွင် စတုတ္ထဘုရင်က ဂျင် အာနီခါကို သတ်ခဲ့မှန်း သိသော်လည်း သူသည် အကြောင်းရင်းမရှိဘဲ တစ်စုံတစ်ယောက်ကို ထိခိုက်အောင်လုပ်မည့်သူ မဟုတ်သည့်အတွက် ကြောက်ရွံ့ခြင်းမဖြစ်မိပေ။
ထို့အပြင် ဇနီးဖြစ်သူ ဂျင်အား အပြစ်ပေးရသည့် အကြောင်းရင်းမှာ တရားမျှတမှု ရရုံသက်သက်အတွက်မဟုတ်။ ဂျင်သည် ဟာရှီတိုင်းပြည်အတွက် ကြေကွဲဝမ်းနည်းစရာဖြစ်စေမည့် ဖြစ်ရပ်တွင် ပါဝင်ပတ်သတ်ခဲ့ပြီး ပျောက်သွားခဲ့သည်။
ထိုအချိန်တွင် မိဖုရားလည်း ထိုဖြစ်ရပ်အတွင်း၌ သေဆုံးသွားသည်ဖြစ်မည်ဟု တွေးခဲ့သော်လည်း ဂျင်က ထိုဖြစ်ရပ်ကို ဖြစ်စေခဲ့သည့်သူမှန်း နောက်ကျမှ ပေါ်သွားခဲ့၏။ ဟာရှီတိုင်းပြည်ရှိ ပြည်သူများ၏အသက်ကိုရင်းပြီး အနက်ရောင်မှော်အတတ်ကို အောင်မြင်ခဲ့သည့် ဂျင်က မာရာ၏ အစွမ်းကို ရရှိခဲ့သည်။
နောက်ပိုင်းတွင် စတုတ္ထဘုရင်က ဤအကြောင်းကို သိသွားခဲ့ပြီး အလွန်အင်မတန် အမျက်ထွက်ခဲ့၏။ ဂျင်ကို သတ်ပစ်ခြင်းသည် သူ၏ ကလဲ့စားပင်ဖြစ်သည်။
‘အခုထိ ဂျင်က ဘာမှလုပ်ရသေးတာမဟုတ်ဘူး။ ငါ ဘာမှမလုပ်ဘူးဆိုရင် အဆင်ပြေမှာပဲ။’
ယူဂျင်း ထိုင်လိုက်ပြီးသည့်နောက်တွင် ခါဆယ်ရ်ကလည်း ထိုင်ခဲ့သည်။ ယူဂျင်းက သူ့အကြည့်ကို သတိမထားမိပေ။
ခါဆယ်ရ်က သူ၏ မိဖုရားကို မမှိတ်မသုန် စွဲစွဲမြဲမြဲ ကြည့်နေခဲ့သော်လည်း မိဖုရားက ဆက်တိုက် ခေါင်းမော့လာခြင်းမရှိသည့်အခါ သူလည်း မိဖုရားဆီမှ အကြည့်ခွာလိုက်တော့သည်။
‘ဒီနေ့လည်း အတူတူပဲ။’
ခါဆယ်ရ်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ တဒင်္ဂတော့ မိဖုရား၏ အပြုအမူက ထူးဆန်းသည်ဟု တွေးလိုက်မိ၏။ သို့သော် မိဖုရား၏ မပြုံးမရယ်သည့် မျက်နှာထားကို မြင်တွေ့ရသည်က ပို၍လွယ်ကူပါသည်။
ထမင်းဝိုင်းသည် သုံးဆောင်ရန် အဆင်သင့်ဖြစ်နေပေပြီ။ ဘုရင်နှင့် မိဖုရားတို့ နေရာယူပြီးကြသည်ဆိုလျှင်ပဲ အစားအသောက်များကို လာရောက်တည်ခင်းခဲ့ကြသည်။ ဇနီးမောင်နှံ နှစ်ယောက်သား ဝတ်ကျေတမ်းကျေ နှုတ်ဆက်စကား တစ်ခွန်းတလေပင် ပြောခြင်းမရှိဘဲ စတင်စားသောက်ခဲ့ကြ၏။
အင်မတန် ခြောက်ကပ်ကပ်နိုင်သည့် ထမင်းဝိုင်းပင်။ သူတို့နှစ်ယောက်ကို ကြည့်နေသည့် အထိန်းတော်ချုပ် ဆာရာ၏ အကြည့်တွင် စိုးရိမ်မကင်းဖြစ်မှုက အပြည့်ရှိနေခဲ့သည်။
‘အဲ့ဒီနှစ်ယောက်ကို တကယ်ပဲ ဘယ်လိုလုပ်ရင် ကောင်းမလဲ။’
ဆာရာက ထမင်းဝိုင်းပြင်ဆင်မှုကို ကိုယ်တိုင် တာဝန်ယူခဲ့ပြီး အသေးစိတ်လေးတွေ အားလုံးကို အာရုံစိုက်ခဲ့သည်။ အပေါ်တက် အောက်ဆင်းလုပ်ရင်း သူ့ခြေလှမ်းများက ပေါ့ပါးဖျတ်လတ်ခဲ့သော်လည်း သူ၏မျှော်လင့်ချက် ပြိုလဲသွားသည်တွင် စိတ်ပျက်အားလျော့သွားတော့သည်။
ဘေးပတ်ဝန်းကျင်မှ အနေအထားကို လိုက်ကြည့်နေရန် ယူဂျင်းတွင် အချိန်မရှိချေ။ သူက အမှားမလုပ်မိစေရေးကိုသာ ပုံအော၍ အာရုံစိုက်ထားခဲ့၏။ ပန်းကန်ခွက်ယောက်များနှင့် ဇွန်းခက်ရင်းများမှာ အနောက်တိုင်း စတိုင်လ်နှင့် တူသော်ငြားလည်း ကွဲပြားမှုရှိပေသည်။ ဟင်းပွဲများအားလုံးသည် ယူဂျင်းအတွက် အသစ်အဆန်းဖြစ်နေ၏။
‘ဒါက…မှိုပဲ။ အပြင်ဘက်မှာ ခရင်မ်လေးနည်းနည်းသုတ်၊ ဓားနဲ့လှီးပြီး စားလိုက်ရင်ရပြီ။’
စောစောက ဆောင်တော်ထိန်းချုပ်၏ ရာထူးကို မှတ်မိခဲ့ပြီး ထမင်းစားခန်းမဆီသွားသည့်လမ်းအား ခပ်ရေးရေး မှန်းဆနိုင်ခဲ့သလိုပင် ယူဂျင်းတစ်ယောက် သူ ဘယ်သို့ဘယ်ပုံ စားသောက်တတ်သည်ဆိုသည်ကို အကြမ်းဖျင်း မှတ်မိခဲ့သည်။ အခွင့်အရေးအဖြစ် ကြားခံချိတ်ဆက်ပေးမည့် အရာဝတ္ထုကို ကြည့်လိုက်လျှင် မှတ်ဉာဏ်တွေ ခေါင်းထဲတွင် နက်နက်ရှိုင်းရှိုင်း မြုပ်နေရာက ဖြည်းဖြည်းချင်းစီ ပေါ်လာသလို ခံစားရ၏။
ယူဂျင်းက အလျင်စလိုမပြုဘဲ မှတ်ဉာဏ်များအား မှတ်မိအောင်လုပ်ရင်း ဖြည်းဖြည်းချင်း စားသောက်ခဲ့သည်။ စား၍ပြီးသွားချိန်တွင် စိတ်အေးစွာ သက်ပြင်းချလိုက်၏။ သူ့အနေနှင့် အမှားတစ်ခုခု လုပ်မိခဲ့ပုံမပေါ်ချေ။
‘ထမင်းက ပါးစပ်ထဲဝင်သွားသလား၊ နှာခေါင်းထဲဝင်သွားသလားတောင် မသိတော့ဘူး။’
အစားအသောက်ကို အရသာခံရန် အချိန်မရှိခဲ့ပေ။ သို့သော် ပြီးမြောက်အောင်မြင်စိတ်ကြောင့် ဂုဏ်ယူဝမ်းမြောက်မိရ၏။ ပြည့်ပြည့်စုံစုံ မဟုတ်တောင်မှ ဂျင်၏ မှတ်ဉာဏ်များ ကျန်ရှိနေသေးသည်မှာ အံ့ဩစရာပင်။
‘ပြောရရင်…သူများသုံးပြီးသားအခန်းထဲ ဝင်လာသလိုပဲလို့ ပြောရမလား။’
နဂိုအခန်းပိုင်ရှင်က ဘယ်မှာဘာထားခဲ့မှန်း သိရခြင်းမရှိ။ သော့ခတ်ထားသည့်အံဆွဲ၏ သော့တံက ဘယ်ဆီတွင်ရှိမှန်းမသိရ။ သို့သော် အခန်း၏ ချောင်ချိုချောင်ကြားမကျန် လိုက်လံရှာဖွေပြီး လှည့်ပတ်ကြည့်လျှင် တဖြည်းဖြည်း အခန်းနှင့်အသားတကျ ရှိလာပေမည်။
ခါဆယ်ရ်က ရေခွက်ကိုချပြီး စောင့်နေကြသူများအား အချက်ပြလိုက်သည်။ အားလုံး ဧည့်ခန်းထဲမှ ထွက်သွားကြပြီး ယခုတွင်မူ လူနှစ်ယောက်သာ ကျန်နေတော့၏။
“အားလုံးကို ထွက်သွားခိုင်းလိုက်ပြီ။ ငါတို့ပြောမဲ့စကားက အပြင်ကိုပေါက်ကြားစရာ အကြောင်းမရှိဘူး။”
ယူဂျင်းက လူတွေ အကုန်ထွက်သွားကြသည်ကို အရိပ်အခြည်ကြည့်ပြီး အလွန်အင်မတန် တုန်လှုပ်လာခဲ့သည်။
“ငါက မာရီအန်းကို သိသမျှအကုန် ပြန်ပြောတယ်လို့ မင်းက သံသယဝင်နေတာမဟုတ်လား။ အဲ့ဒီတုန်းက အထင်လွဲတာကို မဖြေရှင်းခဲ့တဲ့ အကြောင်းရင်းကလေ။”
ခါဆယ်ရ် မျက်မှောင်ကြုတ်လိုက်သည်။ လွန်ခဲ့သည့် နှစ်တစ်ဝက်အချိန်ကဖြစ်၏။ သူ့မိဖုရားနှင့် အကြီးအကျယ် ပြဿနာဖြစ်ခဲ့သည့်အချိန် ရှိခဲ့ဖူးသည်။
မိဖုရားက အထိန်းတော်ချုပ်ဟောင်း မာရီအန်းကို အဝေးပို့ခိုင်းခဲ့သည်။ မာရီအန်း တော်ဝင်ရဲတိုက်အနားတွင် နေသည်ကို မမြင်ချင်သောကြောင့် ဝေးဝေးပို့ခိုင်းခဲ့သော်လည်း ခါဆယ်ရ်က ထိုကဲ့သို့ လုံးဝမလုပ်နိုင်ကြောင်း ပြန်ပြောခဲ့၏။
[အဲ့ဒီမိန်းမရဲ့အရိပ်က အခုထိ ဒီရဲတိုက်ကို လွှမ်းမိုးထားတုန်းပဲ။ သူက ဒီအတိုင်း အထိန်းတော်ချုပ်တစ်ယောက်ပဲ မဟုတ်ဘူးလား။ ဘုရင်မင်းမြတ်က ကျွန်မကို စာခြောက်ရုပ်လို ဟန်ပြမိဖုရားဖြစ်အောင် လုပ်ချင်နေတာလား။]
မိဖုရားက ဘာကြောင့် မာရီအန်းကို ထိုမျှမနှစ်သက်ရသလဲဆိုသည်ကို ခါဆယ်ရ် တွေးမရခဲ့ပေ။ မာရီအန်းသည် ဒီအတိုင်း အင်အားအာဏာမရှိသည့် အထိန်းတော်ချုပ်တစ်ယောက်သာဖြစ်သည်။ လူအများ သူ့နောက်လိုက်လုပ်ကြခြင်းမှာ သူ၏ စိတ်သဘောထား ကြီးကျယ်မြင့်မြတ်ခြင်းကြောင့်ပင်၊ အာဏာရှိ၍မဟုတ်။
မိဖုရားက မာရီအန်းကိုသာမက သူ့နေရာတွင် နောက်ထပ် အထိန်းတော်ချုပ်ဖြစ်လာသည့် ဆာရာကိုပါ မျက်လုံးထဲကဆူးတစ်ချောင်းအဖြစ် သဘောထားခဲ့သည်။ ထိုအချက်ကို ခါဆယ်ရ်က အတန်ကြာသည်အထိ မသိခဲ့ချေ။
ဘယ်သူကမှ ဘုရင့်နားထဲပေါက်ကြားအောင် သတင်းပေးခြင်းမရှိကြသလို မာရီအန်းရော၊ ဆာရာပါ ထိုအဖြစ်ကို အသိပေးဖော်ပြခြင်း မရှိခဲ့ပေ။ ပတ်ဝန်းကျင်ကို နှုတ်ဆိတ်အောင် ထိန်းချုပ်ထားကြသူများမှာ မာရီအန်းနှင့် ဆာရာပင်ဖြစ်၏။ ထို့ကြောင့် မိဖုရားအတွက် ပို၍ပင် စိတ်ပျက်စရာ ဖြစ်ခဲ့ရသည်။
[ကျွန်မကို မသိဘူးများ မှတ်နေလား။ ဘုရင်မင်းမြတ်က အဲ့ဒီမိန်းမကို အကုန်ပြန်ပြောပြနေတာလေ။ ကျွန်မကပဲ ရယ်စရာကြီးဖြစ်နေခဲ့တာ။]
[အဓိပ္ပာယ်မရှိတာတွေ မလုပ်စမ်းနဲ့။ မင်း ဘာပဲပြောပြော မာရီအန်းက ဒီကနေ ဘယ်တော့မှ ထွက်သွားမှာမဟုတ်ဘူး။]
ခါဆယ်ရ်က မိဖုရား၏ အခြေအမြစ်မရှိသည့် စကားများအား နားထောင်ရန်မလိုဟု ဆုံးဖြတ်လိုက်သည်။ နှစ်ဦးအကြားတွင် ခါးသီးမှုများသာ ချန်ရစ်ခဲ့သည့် ထိုနေ့က အချေအတင် စကားများမှုအပြီးတွင် မိဖုရားနှင့် ပို၍ပင် ခပ်တန်းတန်း ဖြစ်လာခဲ့သည်။ ခါဆယ်ရ်က သူ့အနေနှင့် အနည်းငယ် အပေးအယူလုပ်မည်ဟု စိတ်ပိုင်းဖြတ်လိုက်၏။
“…ငါ မှားသွားခဲ့တယ်။ အဲ့ဒီအတိုင်း အဆုံးသတ်မဲ့အစား သဘောတူညီမှုရအောင် လုပ်ခဲ့ရမှာကို။”
ယူဂျင်းက ဘာမှမပြောဘဲ နားထောင်နေခဲ့သည်။ ဘာမှမသိသည့်အတွက် အချက်အလက်ရရန် များများနားထောင်မှ ဖြစ်ပေမည်။
“မင်းရဲ့အတွေးက အခုထိ မပြောင်းလဲသေးဘူးလား။ ရှေ့လျှောက် မာရီအန်း နန်းတော်ထဲ မဝင်နိုင်အောင်တားဖို့ ငါ အစီအမံ နည်းနည်းလုပ်လိုက်မယ်။ အဲ့ဒီလောက်ဆို မလုံလောက်ဘူးလား။”
‘မာရီအန်းက ဘယ်သူပါလိမ့်။’
နာမည်လေးကြားရုံဖြင့် သဲလွန်စ ရှာမရခဲ့ပေ။
‘အသက်ကြီးကြီးတော့ မဟုတ်လောက်ဘူးထင်တယ်…မိသားစုဝင်လား။ ညီမတွေ၊ အစ်မတွေများလား။ ဒါမှမဟုတ် ချစ်သူလား။’
ဂျင် မုန်းတီးသည့်လူ ဖြစ်မည့်ပုံပင်။ သို့သော် ဘက်လိုက်ပြောသလို ဖြစ်ချင်ဖြစ်နိုင်လောက်သော်လည်း ဂျင် မုန်းသည့်လူဆိုပါလျှင် မကောင်းသည့်လူတော့ ဖြစ်မည့်ပုံမပေါ်ချေ။
~~~~~
Miel’s Translations