Chapter 6
အပိုင်း ၆
“မဟုတ်တာ။ ကိစ္စမရှိပါဘူး။”
“…အတည်ပြောနေတာလား။”
“ဟုတ်ပါတယ်။ ဒါပေမဲ့…အဲ့ဒီလူနဲ့ ကျွန်မ တွေ့ကြည့်ချင်ပါတယ်။”
ဘယ်သူလဲလို့ မျက်နှာမြင်လိုက်ရလျှင် တစ်စုံတစ်ခုပဲဖြစ်ဖြစ် မှတ်မိနိုင်လောက်ပေမည်။ ဘုရင်မင်းမြတ်ကိုယ်တိုင် နာမည်ထုတ်ပြောခဲ့သူဖြစ်သည့်အတွက် အင်မတန် အရေးပါသည့်ပုဂ္ဂိုလ်ဖြစ်မည်မှာ သေချာလှ၏။
“မင်းက မာရီအန်းနဲ့ တွေ့မယ်ပေါ့လေ။”
“ဟုတ်ပါတယ်။”
“ဘာဖြစ်လို့….ဟင့်အင်း၊ သိပြီ။ အဲ့ဒီလိုလုပ်ပါ။ ဒါနဲ့ မိဖုရား။”
“ဟုတ်ကဲ့။”
“ငါ့ကိုကြည့်ပြီး စကားပြောလို့မရဘူးလား။ ရာဇဝတ်သားလိုမျိုး ခေါင်းချည်းဆက်တိုက်ငုံ့ထားတော့ ငါကပဲ မင်းကို အပြစ်တင်နေသလို ဖြစ်နေတယ်မဟုတ်လား။”
ယူဂျင်းက ‘အကြည့်ခံရတာကို မကြိုက်ဘူးမဟုတ်ဘူးလား’ ဟုတွေးရင်း ဖြည်းဖြည်းချင်း ခေါင်းမော့၍ သတိထားပြီး မျက်လုံးပင့်ကြည့်လိုက်သည်။
‘ဝါး…’
နောက်တစ်ကြိမ် ထပ်ကြည့်မိခြင်းဖြစ်သော်လည်း အံ့ဩမှင်တက်မိဆဲပင်။ သူသည် အင်မတန် ချောမောခံ့ညားသည့်လူပင်ဖြစ်၏။ ထိုကဲ့သို့သော နှာတံကိုသာ ရမည်ဆိုလျှင် ငွေသန်းချီပုံပေးမည့်လူများ လောကတွင် ဒုနှင့်ဒေး ရှိကြပေမည်။ မျက်နှာအစိတ်အပိုင်းများက ဘယ်လိုကြောင့်များ ထိုမျှလောက် ပိရိထင်ရှားကြွရွနေနိုင်ရပါသနည်း။
အိပ်ခန်းထဲတွင် ရှိခဲ့စဉ်ကထက် ပို၍နီးနီးကပ်ကပ်ရှိနေသောကြောင့် သူ့မျက်လုံးများ၏ အရောင်ကို ပို၍ကောင်းမွန်စွာ တွေ့မြင်နိုင်ခဲ့၏။ သူ၏ မျက်ဝန်းပြာများသည် ကျောက်မျက်ရတနာများသဖွယ်ရှိ၏။ ကောင်းကင်ပြာပြာသဖွယ် ထင်ရှားကြည်လင်လှပါသည်။
သူက ထရယ်လိုက်သည့်အတွက် ယူဂျင်းခမျာ ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်သွားရ၏။ တအားကို ပေါ်တင်ကြည့်မိသွားသလားဟုတွေးပြီး ရှက်သွားခဲ့ရသည်။
“မင်းရဲ့ စိတ်ကိုတော့ မသိတော့ပါဘူး။ ငါ ရဲတိုက်မှာမရှိတုန်း စိတ်ပြောင်းလိုက်တာလား။”
ယူဂျင်းက သူ၏ နှုတ်ခမ်းထောင့်စွန်းများကို အိုးတိုးအမ်းတမ်းပင့်ပြီး ပြုံးလိုက်သည်။ နှလုံးက ခုန်လာတော့၏။
‘အာ၊ ထင်တဲ့အတိုင်းပဲ။ တစ်ခုခု ပြောင်းလဲသွားတယ်လို့ တွေးနေတာကိုး။ ခင်ပွန်းဆိုတော့လည်း အဲ့ဒီလိုဖြစ်မှာပေါ့။’
“ဟုတ်ကဲ့။ နည်းနည်းလေး…ပြောင်းလဲချင်လို့ပါ။”
“ဘယ်လိုနည်းနဲ့လဲ။”
“ဘာပဲဖြစ်ဖြစ် ကောင်းတဲ့ဘက်ကို ပြောင်းလဲမလို့ပါ။”
ယူဂျင်းက စိတ်လှုပ်ရှားစွာ အသက်ရှူလိုက်သည်။ ခေါင်းငုံ့ထားသည်ကပင် ပိုကောင်းပေဦးမည်။ ခါဆယ်ရ်၏ မျက်ဝန်းပြာပြာများထဲသို့ စိုက်ကြည့်ရင်း အလိုလို တုန်လှုပ်လာခဲ့၏။
အမှန်ပင်၊ လူပေါင်းမြောက်မြားစွာကို အုပ်ချုပ်သည့် ဘုရင်၏ အကြည့်က ဘာမှန်းမသိ ခြားနားမှုရှိပေသည်။ ကြည့်ရုံသာကြည့်နေသော်လည်း သူ၏ အတွင်းစိတ်ကို ဖတ်နေသလို ခံစားရ၏။
“မင်းရဲ့ အပြောင်းအလဲက အဲ့ဒီကိစ္စကြောင့်လား။”
“ရှင်။”
“မသိချင်ယောင်မဆောင်ပါနဲ့။ ငါတို့ရဲ့ စာချုပ်။”
‘ဘာစာချုပ်ပါလိမ့်။’
“မင်းအနေနဲ့ ယုံချင်ယုံ မယုံချင်နေ။ ငါတို့ရဲ့ စာချုပ်အကြောင်း ငါ ဘယ်သူ့ကိုမှ မပြောထားဘူး။”
‘ဘာစာချုပ်လဲ။ ဟား။ ဘာဖြစ်လို့ မမှတ်မိရတာလဲ။ နည်းနည်းလောက်ပဲဖြစ်ဖြစ် တစ်ခုခု စိတ်ထဲပေါ်လာစမ်းပါ၊ ကျေးဇူးပြုပြီးတော့။’
“သုံးနှစ်နီးပါးရှိနေပြီ။ မင်း ဒီတိုင်းပြည်ကို ရောက်လာပြီးကတည်းက အဲ့ဒီလိုဖြစ်နေတာ။”
‘သုံးနှစ်…လက်ထပ်ပြီးပြီးချင်း ဒီတိုင်းပြည်ကို ရောက်လာသလား မလာသလားတော့ မသိပေမဲ့ အနည်းဆုံး သုံးနှစ်နီးပါးလောက်တော့ ရှိသွားပြီကိုး။’
ဂျင်၏ အသက်ကိုလည်း အကြမ်းဖျင်း သိလိုက်ရသည်။ ဂျင်သည် အနည်းဆုံး ၂၃နှစ် ရှိမည်ဖြစ်ပြီး စတုတ္ထဘုရင်က သူ့ထက် ၃နှစ် အသက်ပိုကြီး၏။
“ဘယ်လိုလုပ်မှာလဲ။”
ယူဂျင်းက ဘာမှန်းမသိသည့် ခံစားချက်နှင့် ပြန်ဖြေခဲ့သည်။
“ကျွန်မက အရှင်မင်းမြတ်ရဲ့သဘောအတိုင်း လိုက်နာပါ့မယ်။”
“ငါ ဆုံးဖြတ်တဲ့အတိုင်း လိုက်နာမယ်ပေါ့လေ။”
“ဟုတ်ကဲ့။”
“ကတိအတိုင်းတည်မယ်လို့ ပြောနေတာလား။”
“ကတိဆိုတာ…တည်ရမဲ့အရာပဲမဟုတ်လား။”
“ငါ အခုအချိန်အထိ မင်းဆီက ကြားဖူးသမျှ စကားထဲမှာ ဆင်ခြင်တုံတရားအရှိဆုံး စကားပဲ။ ရွဲ့ပြောနေတာမဟုတ်ဘူးနော်။ စိတ်မဆိုးနဲ့ဦး။”
ယူဂျင်း တစ်ခုကိုတော့ သေချာအတပ်သိလိုက်သည်။ ခါဆယ်ရ်နှင့် သူ့ဇနီး၏ ဆက်ဆံရေးကား ကောင်းမည့်ပုံမပေါ်ဟူ၍ပင်။ သူ၏ မျက်နှာထားရော၊ ဂျင့်ကို စကားပြောသည့် သူ၏လေသံကပါ ချစ်မြတ်နိုးသူတစ်ယောက်အပေါ် ပြုမူဆက်ဆံသည့်ပုံစံ မဟုတ်ပေ။
တော်ပါသေး၏။ အချစ်သည် အာရုံစိုက်မှုပင် ဖြစ်သောကြောင့် ခါဆယ်ရ်က ဂျင်၏ အပြောင်းအလဲများကို ခံစားသိရှိလွယ်မည်မဟုတ်။
‘ဂျင်က စတုတ္ထဘုရင်ကို သူနဲ့ လက်ထပ်ရအောင် ဖြားယောင်းပြုစားခဲ့တယ်လို့ ထင်ထားခဲ့တာ အဲ့ဒီလိုမဟုတ်ဘူးထင်ပါရဲ့။ အပေးအယူ လုပ်ခဲ့တာထင်တယ်။’
ပြောပြောနေကြသည့် သဘောတူစာချုပ်ဖြင့် လက်ထပ်ခြင်း။
‘ဂျင် စတုတ္ထဘုရင်ကို လက်ထပ်ခဲ့ရတဲ့ အကြောင်းရင်းကို သိအောင်လုပ်ရမယ်။ အရေးကြီးတဲ့အကြောင်းရင်း ရှိမှာပဲ။’
ခါဆယ်ရ်က မိဖုရားနှင့် စိတ်မောစရာ စကားစစ်ခင်းဖို့ ပြင်ဆင်ထားခဲ့သည်။ မိဖုရား၏ ဟိုယောင်ယောင် ဒီယောင်ယောင် လုပ်ရပ်ကို လုံးဝအလွတ်ပေးတော့မည်မဟုတ်ဟု ဆုံးဖြတ်ထား၏။ သို့သော် ထင်မှတ်မထားဘဲ မိဖုရားက နာနာခံခံ ရှိနေသည့်အခါ စိတ်လျှော့လိုက်မိ၏။ သို့သော် မကောင်းသည့်ခံစားချက်တော့ မဟုတ်ပေ။
‘မာရီအန်း ပြောခဲ့သလို မိဖုရားအဖြစ် နေသားတကျဖြစ်အောင်နေဖို့ အချိန်လိုအပ်လို့များလား။’
အခုအချိန်အထိတော့ မိဖုရား ဘာလုပ်လုပ် သူက ဝင်စွက်ဖက်ခဲ့ခြင်း မရှိပေ။
အပြင်ပန်းအမြင်တွင် ပြီးပြည့်စုံသည့် ဝတ္တရားဆန်ဆန် အိမ်ထောင်တစ်ခု ဖြစ်စေချင်သည်ဟု ဆိုခဲ့သောကြောင့်ပင်။ ထို့ကြောင့် လက်ထပ်ပြီး နောက်သုံးနှစ်လုံးတွင် မိဖုရားအလိုရှိသမျှ ဆောင်ရွက်ပေးဖို့ ကြိုးစားခဲ့၏။
မာရီအန်းကို မောင်းထုတ်ရမည်ဆိုသည့် တစ်ခုမှလွဲ၍။
စကားမပြောသည့်အတွက် ထိုကဲ့သို့ မကျေနပ်စရာများ အများကြီးရှိ၏။ ခါဆယ်ရ်က မိဖုရားထံမှ သိပ်အများကြီး မျှော်လင့်မထားခဲ့ပေ။ ဟာရှီတိုင်းပြည်တွင် မိဖုရားနေရာ လစ်လပ်နေသည်မှာ အလွန်ကြာပြီဖြစ်သောကြောင့် လစ်လပ်သည့်နေရာကို အနည်းငယ်ပဲဖြစ်ဖြစ် ဖြည့်ဆည်းနိုင်လျှင်ကောင်းမည်ဟု မျှော်လင့်ခဲ့မိ၏။
သို့ရာတွင် မိဖုရားက မိဖုရားတစ်ပါးအနေဖြင့် ဘာတစ်ခုမှ မလုပ်ခဲ့ပေ။ သူက တာဝန်ဝတ္တရားကို မဖြည့်ဆည်းဘဲ အခွင့်အရေးကိုသာ လိုချင်ခဲ့၏။ သူပြောခဲ့သည့် ‘အပြင်ပန်း ပြည့်စုံမှု’ ဆိုသည်မှာ ငွေကြေးစည်းစိမ် ကြွယ်ဝမှုနှင့် လိုလေသေးမရှိဘဲ လူအများထံမှ မိဖုရားတစ်ပါးအဖြစ် အဆက်ဆံခံရရေးပင်။
အာဏာကို မမက်မောသောကြောင့် ဖြစ်မည်ထင်ပါရဲ့၊ မိဖုရားက နိုင်ငံရေးအာဏာ တည်ဆောက်ရန်အတွက် ဟိုနားဒီနားတွင် အုံအုံကြွကြွဖြစ်စေရန် မွှေနှောက်ခြင်းမျိုးတော့ မရှိခဲ့ပေ။ သူ့စကားအတိုင်း တစ်သဝေမတိမ်း လိုက်နာသူများအား အရေးပေးပြီး သူ့အားဆန့်ကျင်ကြသည့် နန်းတွင်းအမှုထမ်းများအား ပြင်းထန်စွာ ခွဲခြားဆက်ဆံနှိပ်ကွပ်တတ်သော်လည်း ထိုမျှလောက်ကိုတော့ မျက်နှာလွှဲပေးထားနိုင်ခဲ့သည်။
အမှန်တော့ ခါဆယ်ရ်က မာရီအန်းနှင့် အတွေးချင်းမတူပေ။ မိဖုရား၏ ပြောင်းလဲနိုင်ခြေအပေါ် မရေမရာဖြစ်မိခဲ့၏။ မိဖုရားထံမှ ဆက်ခံသူတစ်ယောက်ရလျှင် သူ့အတွက်တော်ပါပြီ။ မိဖုရားအပေါ် မိဖုရားတစ်ပါးအနေဖြင့်ရော၊ မိခင်တစ်ယောက်အနေဖြင့်ပါ မျှော်လင့်ချက်မထားခဲ့ပေ။ သို့သော်လည်း နည်းနည်းထပ်ပြီး စိတ်ရှည်ရှည်နှင့် စောင့်ကြည့်ဦးမှပဲဟူ၍ အတွေးဝင်လာခဲ့၏။
“ငါက…”
အခုချက်ချင်း ဆက်ခံသူတန်းယူဖို့ ကောင်းမည်မဟုတ်သည့်အတွက် စာချုပ်ကို အချိန်နည်းနည်းထပ်တိုးဖို့ အဆင်ပြေမလားဟု မေးဖို့ပြင်လိုက်ပြီးမှ ရပ်လိုက်မိသည်။ မိဖုရားက သူ့ကို ဆုံးဖြတ်ခွင့် ပေးထားပြီးပြီဖြစ်သောကြောင့် ယခု ဆုံးဖြတ်ချက်က သူလုပ်ရမည့်အရာပင်။
“ဒီနေ့ နေ့လယ်စာကို ဒီမှာစားဖို့ ဆုံးဖြတ်ခဲ့တာက ဒီနေ့ မင်းနဲ့စကားပြောရင်း ခက်ခက်ထန်ထန်တွေ ဖြစ်မလားမသိဘူးဆိုပြီး စိုးရိမ်မိလို့။ ဘယ်သူမှ စိတ်မထိခိုက်ရဘဲ ပြီးသွားတာ တော်သေးတာပေါ့။”
ခါဆယ်ရ်က ခပ်ရေးရေး ပြုံးခဲ့သည်။ သူကတော့ မသိပေမဲ့ မိဖုရားကို စိတ်ရင်းဖြင့် ပြုံးပြဖူးခြင်းသည် ဒါပထမဆုံးအကြိမ်ဖြစ်၏။
“အာနီခါ။”
“ဟုတ်ကဲ့။”
“ဒီနေ့ မင်းကို ပွင့်ပွင့်လင်းလင်း တွေ့ရတာ ကောင်းတယ်။ တခြားလူတစ်ယောက် ဖြစ်သွားသလိုပဲ။”
ယူဂျင်းက အိုးတိုးအမ်းတမ်းပြုံးပြီး တုံ့ပြန်လိုက်သည်။
“ဒီနေ့ ဒီလောက်နဲ့ ထကြတာပေါ့။ ဒါနဲ့ ကြည့်လိုက်တော့ ဒီနေ့က ဒီလရဲ့ လကုန်ရက်ပဲ။ မနက်ဖြန် လာခဲ့မယ်။”
‘မနက်ဖြန်တဲ့လား။ အဲ့ဒါက ဘာစကားလဲ။’
တော်တော်လေး အူကြောင်ကြောင်ဖြစ်သွားသည့်အတွက်ကြောင့် သဘာဝကျကျတုံ့ပြန်ရန် အချိန်ကိုက် လွဲသွားတော့၏။ စိတ်ထင်တာပဲ ဖြစ်မလားမသိသော်လည်း ခါဆယ်ရ်က သူ့အား မသင်္ကာစွာ ကြည့်နေသလိုပင်။ ယူဂျင်းက နှုတ်ခမ်းတစ်ဝိုက်မှ တောင့်တင်းနေသည့် ကြွက်သားများကို အပေါ်သို့ပင့်ရန် ကြိုးစားလိုက်သည်။
“ဟုတ်ကဲ့ပါ အရှင်။ တစ်ချက်လောက် ရက်တွေရောသွားလို့ပါ။”
တော်သေး၍ ကိုးရိုးကားရား အမူအရာမျိုး မလုပ်မိသည့်ပုံပင်။ သူ့ကိုကြည့်ရင်း ထရပ်လိုက်သည့် ခါဆယ်ရ်ကို မြင်သည်တွင် ယူဂျင်းလည်း စိတ်သက်သာရာရစွာ အသာလေး သက်ပြင်းချလိုက်သည်။
“ဟုတ်ပြီ။”
နှစ်ဦးသား ဧည့်ခန်းထဲမှ ထွက်လာခဲ့ကြသည်။ ဧည့်ခန်းအရှေ့က လျှောက်လမ်းသို့ရောက်သည်တွင် နှစ်ဦးသား ကိုယ်စီ ဆန့်ကျင်ဘက်တစ်လမ်းစီ ဦးတည်၍ လမ်းခွဲခဲ့ကြ၏။ ယူဂျင်းက သူ၏ အိပ်ခန်းဆီသို့ သွားခဲ့ပြီး ခါဆယ်ရ်ကတော့ သူ့ရုံးခန်းဆီသို့ သွားခဲ့သည်။
ရုံးခန်းထဲက စားပွဲမှာထိုင်ရင်း တောင်လိုပုံနေသည့် စာရွက်စာတမ်းတွေကိုပင် မကြည့်ဘဲ ခါဆယ်ရ်က အတန်ကြာအောင် အတွေးထဲမျောနေခဲ့၏။ မိဖုရားနှင့် အတူတူစားသောက်ခဲ့သည်ကို ပြန်တွေးလိုက်မိသည်။ မိဖုရား၏ မျက်နှာထား၊ မိဖုရားနှင့် ပြောခဲ့သည့်စကားများ၊ အားလုံးကို ဖြည်းဖြည်းချင်းစီ ပြန်တွေးလိုက်၏။
ပိုပြီးတွေးကြည့်လေ ပိုပြီးထူးဆန်းလာလေပင်။
‘တကယ် တခြားလူတစ်ယောက်လိုပဲ။’
အကြံရှိ၍ ဟန်ဆောင်ပြနေခြင်းသာဆိုလျှင် မိဖုရားက တကယ်တော်သည့် သရုပ်ဆောင်တစ်ယောက် ဖြစ်ပေမည်။ သူက ကိုယ့်ရဲ့လက်တွဲဖော်ကို အဲ့ဒီလောက် ကြည်လင်ဖြူစင်တဲ့ အကြည့်မျိုးနဲ့ ကြည့်နိုင်မဲ့သူလား။
ပုံမှန်နှင့်ကွဲပြားစွာ မိဖုရားက လုံးဝမပြုံးဘဲ မျက်နှာထားက အလွန်ပင် အိုးတိုးအမ်းတမ်းဖြစ်နေသော်လည်း ထိုအတွက်ကြောင့် အင်မတန် လူသားဆန်နေခဲ့သည်။
‘ငါမရှိတဲ့ အတောအတွင်း ဘာများဖြစ်သွားတာပါလိမ့်။’
အပြောင်းအလဲလား ဟန်လုပ်နေသလား မသိသော်လည်း အခွင့်အရေးတော့ ရှိပေလိမ့်မည်။ ခါဆယ်ရ်က အထိန်းတော်ချုပ်ကို ခေါ်လိုက်သည်။
ခဏကြာပြီးနောက် ခါဆယ်ရ်၏ အရှေ့တွင် ရပ်နေသူက နန်းရင်းဝန် ဘယ်ရုစ် ဖြစ်နေခဲ့၏။ အထိန်းတော်ချုပ်က အကျပ်ရိုက်နေပုံရပြီး ဖြေကြားဖို့အတွက် နန်းရင်းဝန်ကို လွှဲချခဲ့သောကြောင့်ပင်။ အထိန်းတော်ချုပ်ကို ဖိအားပေးမနေဘဲ ခါဆယ်ရ်က ချက်ချင်းပင် ဘယ်ရုစ်ကို အခေါ်သွင်းဖို့ အမိန့်ပေးလိုက်၏။
“ငါ့ကို မတင်ပြခဲ့တဲ့အရာ ရှိလား။”
“ရှိပါတယ်၊ အရှင်မင်းမြတ်။”
“ဘာများလဲ။”
“အရှင်မင်းမြတ် ပြန်မလာခင် ရက်ပိုင်းလောက်အလိုမှာ ကျောက်တံခါး ပွင့်သွားခဲ့ပါတယ်။”
ခါဆယ်ရ်၏ မျက်နှာက တင်းသွားခဲ့သည်။ လွန်ခဲ့သည့်တစ်လ၊ သူ ကန္တာရဆီ ထွက်သွားချိန်တွင် ကျောက်တံခါးက ပိတ်ထားလျက်ရှိရမည်ဖြစ်ပြီး သူ ပြန်လာသည့်အခါမှသာ ဖွင့်ရမည်ဖြစ်သည်။
ဘယ်ရုစ်က အသက်ရှူသွင်းလိုက်ပြီး စကားဆက်ပြောခဲ့၏။
“အရှင်မိဖုရားက ရက်ပိုင်းလောက်မတိုင်ခင်မှာ ကန္တာရထဲ ထွက်သွားပြီး ဘယ်ဆီဘယ်မှာ ရှိနေမှန်းလည်း မသိခဲ့ရပါဘူး။ တစ်နေကုန်အောင် ရှာဖွေခဲ့ပြီးမှ ကံကောင်းလို့ ပျောက်သွားတဲ့ မိဖုရားကို ပြန်တွေ့ပြီး လုံခြုံဘေးကင်းစွာ ခေါ်ဆောင်လာနိုင်ခဲ့ပါတယ်။”
ဒုန်း…
ခါဆယ်ရ်က စားပွဲကို လက်ဖဝါးဖြင့် ကြမ်းတမ်းစွာ ထုလိုက်သည်။ ဘယ်ရုစ်တစ်ယောက် ဆတ်ခနဲ တုန်သွား၏။
“တကယ်ပဲ ဒါက ဘာစကားလဲ။ မိဖုရားက ဘာဖြစ်လို့ ကန္တာရထဲ ထွက်သွားရတာလဲ။ မိဖုရားအတွက် ကျောက်တံခါးကို ဖွင့်ပေးလိုက်တာလား။ ငါ့ခွင့်ပြုချက် မရှိဘဲနဲ့လေ။”
“ကျောက်တံခါးကိုဖွင့်ပြီး ထွက်သွားတာမဟုတ်ပါဘူး။ ရဲတိုက်တံတိုင်းကနေ ကြိုးချပြီးတော့…အဲ့ဒါကြောင့် အရှင်မိဖုရား ပျောက်သွားတာကိုသိဖို့ အချိန်ကြာသွားခဲ့တာပါ။”
ဟား။ ခါဆယ်ရ်က တစ်ချက်ရယ်လိုက်တယ်။
“အခု မိဖုရားက ဘုရင့်ရဲတိုက်ကနေထွက်ပြီး ရဲတိုက်တံတိုင်းကို ကျော်သွားတာတောင် ဘယ်သူမှမသိပါဘူးလို့ ပြောနေတာလား။”
“…မျက်နှာမပြဝံ့ပါဘူး။”
“မိဖုရားကို ခစားနေကြတဲ့သူတွေအကုန် ဘာလုပ်နေကြလဲ။”
“အရှင်မိဖုရားကို ခစားကြတဲ့ ရံရွေတော် ငါးယောက်စလုံးကိုတော့ အကုန်ခေါ်သွားပါတယ်။ ခေါ်တဲ့အချိန်အထိ ဝင်မလာဘဲနေကြလို့ ခြိမ်းခြောက်ခဲ့တာကြောင့် ဘယ်သူမှ အဲ့ဒီအမိန့်ကို မလွန်ဆန်ဝံ့ခဲ့ကြပါဘူး။”
“အဲ့ဒါက ဆင်ခြေပဲ။”
ခါဆယ်ရ်က ဒေါသတကြီး စုတ်သပ်လိုက်သော်လည်း မိဖုရားကို ကြောက်ကြသည့် ရံရွေတော်များ၏ ခံစားချက်ကို နားလည်ပေသည်။
လွန်ခဲ့သည့် တစ်နှစ်နောက်ပိုင်းတွင် မိဖုရားက ရံရွေတော်များကို သေသည်အထိဖြစ်စေသည့် ကိုယ်ထိလက်ရောက် အပြစ်ပေးမှုများကို ရပ်တန့်လိုက်သော်လည်း ထောက်ထားသက်ညှာတတ်သည့်သူ ဖြစ်လာခြင်းတော့ မဟုတ်ပေ။ ထို့ကြောင့် သူ့ဆန္ဒကို ဆန့်ကျင်သည့် ရံရွေတော်ကို အသာလေး လွှတ်ပေးခြင်းမရှိခဲ့ချေ။
ကြမ်းပြင်မှာ မျက်နှာအပ်ပြီး ဝပ်တွားနေကြသည့် ရံရွေတော်မိန်းကလေးများသည် မိဖုရားအား ပြုစုခစားရမည့်သူများဖြစ်ပြီး သူတို့က မိဖုရား၏ မျက်နှာသာပေးမှုကို ယုံကြည်ပြီး ထောင်လွှားခဲ့ကြသည်။ အထိန်းတော်ချုပ်ကိုပင် အထင်သေးကြသည်ကိုကြည့်လျှင် ရဲတိုက်ထဲက ရံရွေတော် အမှုထမ်းများ၏ ရာထူးကြီးစဉ်ငယ်လိုက်ဝါစဉ်မှာ တကယ့်ဗရုတ်သုတ်ခပင်။
“မိဖုရား ပျောက်နေတယ်ဆိုတာကို ဘယ်လိုသိသွားတာလဲ။”
“မနက်ခင်း နေမြင့်နေတာတောင် မိဖုရားက ချောင်းတစ်ချက် ဟန့်တာမျိုးမရှိဘဲ အခစားဝင်ဖို့ စောင့်နေတဲ့ ရံရွေတော် မိန်းကလေးတွေလည်း မရှိတဲ့အတွက် အထိန်းတော်ချုပ်က သူ့သဘောနဲ့သူ တံခါးဖွင့်ဝင်ခဲ့တာပါ။”
အထိန်းတော်ချုပ်က သူပဲ အားလုံးကို တာဝန်ယူမည်ဟု ဆုံးဖြတ်ပြီး တံခါးဖွင့်ခဲ့သည့်ပုံပင်။
“ပြီးတော့ရော။”
“ကန္တာရထဲကို ရှာဖွေရေးအဖွဲ့ စေလွှတ်ခဲ့ပါတယ်။”
ဘယ်ရုစ်က တစ်ဖွဲ့လျှင် လူဆယ်ဦးပါသည့် ရှာဖွေရေးအဖွဲ့ ဆယ်ဖွဲ့ကို ကန္တာရထဲသို့ စေလွှတ်ခဲ့သည်။ ဘုရင်မင်းမြတ်၏ ခွင့်ပြုချက်မရှိဘဲ စစ်သည်တော်များ စေလွှတ်ခြင်းသည် ဘယ်ရုစ်အတွက် ကြီးကြီးမားမား ဆုံးဖြတ်ချက်ချရန်လိုအပ်သည့် အရာပင်။ ခြောက်သွေ့ရာသီ ကုန်ဆုံးချိန်ဖြစ်ပြီး လူလိုက်ရှာရသည့်အတွက်ကြောင့် အင်မတန် အန္တရာယ်များလှပေသည်။
စစ်သည်တော်များသည် တိုင်းပြည်၏ အဖိုးတန်ရတနာများပင်။ အကယ်၍ သူတို့သာ တစ်စုံတစ်ရာ ဖြစ်ခဲ့မည်ဆိုပါလျှင် ဘယ်ရုစ်သည်လည်း တာဝန်ယူရမည်ဖြစ်သည်။
“ထိခိုက်ဒဏ်ရာရတဲ့သူရော။”
“စစ်သည်တော်တွေအားလုံး ဘေးကင်းကင်း ပြန်ရောက်လာကြပါတယ်။”
ခါဆယ်ရ်က ခေါင်းညိတ်လိုက်သည်။ စစ်သည်တော်တွေသာ ဒဏ်ရာရခဲ့မည်ဆိုလျှင် ဘယ်ရုစ်က ဒီကိစ္စကို တင်ပြဖို့ရန် နှောင့်နှေးနေမည်မဟုတ်ပေ။
“ဒါပေမဲ့…အရှင်မိဖုရားနဲ့ အတူပါသွားတဲ့ ရံရွေတော် မိန်းကလေးတွေကို ရှာမတွေ့ပါဘူး။”
“တစ်ခုခုဖြစ်တာမဟုတ်ဘဲ ရှာမတွေ့တာပေါ့လေ။”
“ဟုတ်ပါတယ်။ အရှင်မိဖုရားကို ရှာဖွေရေးလုပ်ခဲ့တဲ့ အဖွဲ့ခေါင်းဆောင် ဆာ ဆဗဲန်ရဲ့ စကားအရ အရှင်မိဖုရားက သဲတောင်ကုန်းကို တစ်ယောက်တည်း တက်နေခဲ့တာလို့ သိရပါတယ်။ ဆာ ဆဗဲန်က မိဖုရားကိုခေါ်ပြီး ချက်ချင်းပြန်လာခဲ့တာပါ။ ရှာဖွေရေးကို ဆက်မလုပ်ဘဲ အဲ့ဒီမှာတင် အဆုံးသတ်ခဲ့ပါတယ်။”
ခါဆယ်ရ်က ဘာမှမပြောဘဲ သက်ပြင်းအသာချလိုက်သည်။ ကျောက်တံခါး ပိတ်ထားတုန်းမှာ ကန္တာရထဲ ထွက်သွားသည်ပ ဘမည်သူ့ကိုမဆို လိုက်မရှာရဘူးဆိုသည်မှာ ရေးမထားဘဲသိကြသည့် စည်းမျဉ်းပင်။
ဘေးကင်းကင်း ပြန်ရောက်လာလျှင်တောင် ပြင်းထန်သည့် အပြစ်ဒဏ်ကိုတော့ ရှောင်လွှဲရန်ခက်ပေလိမ့်မည်။ မည်သို့ပင်ဆိုစေ ရံရွေတော်မိန်းကလေးများ ပြန်လာခဲ့ကြမည်ဆိုလျှင်ပင် မိမိတို့၏ အကြီးအကဲကို သေချာမခစားနိုင်သည့် အပြစ်အတွက် အသက်ဘေးမှ လွတ်နိုင်မည်မဟုတ်။
“မိဖုရားကရော ရံရွေတော်မိန်းကလေးတွေ ဘယ်မှာရှိတယ်ဆိုပြီး ပြောသေးလား။”
“အဲ့ဒီကိစ္စကိုတော့ မပြောဘူးလို့ ကြားသိရပါတယ်။ ဒါပေမဲ့ ပြန်လာပြီးတဲ့နောက်ပိုင်းမှာ စိုးရိမ်ကြောင့်ကြနေပုံပါပဲ။ အစားအသောက်လည်း မှန်မှန်မစားဘဲ လှုပ်ရှားသွားလာမှုလည်းမရှိလို့ အထိန်းတော်ချုပ်က တော်တော်စိုးရိမ်နေပါတယ်။”
“ငါ ပြန်ရောက်ရောက်ချင်း ဒီကိစ္စကို မတင်ပြခိုင်းတာက မာရီအန်းရဲ့အကြံလား။”
ဘယ်ရုစ်က အကျပ်ရိုက်နေသည့် မျက်နှာထားနှင့် ခေါင်းငုံ့ထားလိုက်သည်။
“စိုးရွံ့မိပါတယ်။”
ခါဆယ်ရ်က ‘ကျွတ်စ်’ ဟူ၍ စုတ်သပ်လိုက်သည်။ သို့သော် ပြန်ရောက်ရောက်ချင်းသာ သတင်းကြားခဲ့ရမည်ဆိုလျှင် ဒေါသဖြစ်လွန်းသောကြောင့် မိဖုရားကို အစာငတ်၍ပဲသေသေ ပစ်ထားမိလောက်ပေသည်။
ထို့ကြောင့် မာရီအန်းက အရေးကြီးသည့်အချက်ကို ထိန်ချန်ထားပြီး သူ့အား မိဖုရား၏ အိပ်ခန်းထဲသို့ အရောက်ပို့ခဲ့ခြင်းပင်။ မာရီအန်းဖြစ်နေ၍သာ လုပ်နိုင်သည့်အရာဖြစ်၏။
အချိန်ယူပြီး ဘုရင်မင်းမြတ်၏ အမျက်ဒေါသကို လျော့ပါးအောင်လုပ်ရန် မာရီအန်း၏ ဗျူဟာက တစ်နည်းအားဖြင့် အောင်မြင်သွားခဲ့သည်။ အံ့ဩစရာကောင်းစွာပင် ခါဆယ်ရ် ဒေါသမဖြစ်ခဲ့။ မိဖုရားက ရုတ်တရက် ထူးဆန်းလာပြီး မသင်္ကာစရာ အပိုင်းများက ပြေလည်သွားတော့သည်။
~~~~~
Miel’s Translations