Chapter 7
အပိုင်း ၇
‘မိဖုရားက လာ့ခ်ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတာလည်း ဖြစ်နိုင်တာပဲ။’
အမြဲတမ်း ဘေးကင်းလုံခြုံသည့်နေရာတွင် အကာအကွယ်ခံခဲ့ရသူ ဖြစ်သောကြောင့် သူ၏ ရံရွေတော်မိန်းကလေးများကို လာ့ခ်က တိုက်ခိုက်သတ်ဖြတ်သွားသည့်မြင်ကွင်းအား မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရမည်ဆိုလျှင် အင်မတန် ထိတ်လန့်တုန်လှုပ်သွားပေမည်။
ထိုကဲ့သို့သော အတွေ့အကြုံမျိုးက လူတစ်ယောက်အား ပြောင်းလဲပစ်နိုင်မည့် အခွင့်အရေးတစ်ရပ် ဖြစ်နိုင်လောက်မည်လား။ မိဖုရား ပျောက်သွားခဲ့ပြီး ပြောင်းလဲသွားသည့်နောက် မိဖုရားနှင့် သူ၏ကြားတွင် ပုံမှန်ဆက်ဆံရေးကို တည်ဆောက်နိုင်လောက်ပေမည်။
လာ့ခ်။ မဟာတစ်ခွင်တွင် ပေါ်လာတတ်သည့် အနီရောင်မျက်လုံးများနှင့် မိစ္ဆာကြီးများ။ ခြောက်သွေ့ရာသီများတွင် ငြိမ်နေတတ်ကြသော်လည်း လှုပ်ရှားရုန်းကန်ရမည့်ရာသီအတွင်းတွင် ပေါ်လာတတ်ကြသည်။
လာ့ခ်များ၏ အသွင်သဏ္ဌာန်များမှာ ကွဲပြားကြ၏။ ခြေလေးချောင်းသတ္တဝါ၊ တွားသွားသတ္တဝါ သို့မဟုတ် အင်းဆက်ပိုးမွှားအသွင်တို့ဖြင့် ရှိတတ်ကြသည်။ အသွင်အပြင်နှင့် အရွယ်အစားတို့ ကွဲပြားကြသော်လည်း လာ့ခ်များတွင် တူညီသည့်အချက်တစ်ချက်မှာ လူသားတို့အပေါ် ရန်လိုတတ်ကြခြင်းပင်။
မိဖုရားနှင့် သူ၏ အခြွေအရံများ လာ့ခ်၏ တိုက်ခိုက်မှုကို ခံခဲ့ရလျှင်တောင် မိဖုရားတစ်ယောက်ကတော့ ဘေးကင်းလုံခြုံမည်ဖြစ်သည်။ သူက အာနီခါဖြစ်နေသောကြောင့်ဖြစ်၏။
လာ့ခ်တွေက အာနီခါတွေကို မတိုက်ခိုက်နိုင်ဘူးဟူသည့်အချက်မှာ ကျယ်ကျယ်ပြန့်ပြန့် သိထားကြသည့်အချက်ပင်။ ဆန်းဂျယ်ကိုယ်တိုင် ထုတ်ပြန်ကြေညာထားသည့် အချက်ဖြစ်သောကြောင့် လူတိုင်းက ထိုကဲ့သို့သာ ယုံကြည်ထားကြ၏။
ကိုယ်တွေ့မျက်မြင် အမှန်တကယ် တွေ့ဖူးကြသူများတော့ မရှိပေ။ ဟိုးအရင်ကတော့ မျက်မြင်တွေ့ဖူးသူများ ရှိကောင်းရှိနိုင်သော်လည်း အာနီခါများ နေထိုင်ရာ မြို့တော်တွင် လာ့ခ်များကို တွေ့မြင်ရခြင်းမရှိချေ။
သို့သော် ထိုအဆို အမှန်ဟုတ်မဟုတ်ကို အတည်ပြုရန်အတွက် အာနီခါတစ်ယောက်အား လာ့ခ်၏ အရှေ့သို့ပို့ခြင်းဟူသော ရူးရူးနှမ်းနှမ်း လုပ်ရပ်ကိုမူကား မည်သူမျှ တွေးကြမည်မဟုတ်။
‘ဒါပေမဲ့ မိဖုရားက ဘာဖြစ်လို့များ အစကတည်းက ကန္တာရထဲ သွားရတာလဲ။’
မိဖုရားက ကန္တာရကို မနှစ်မြို့ပေ။ ခြေဖဝါးအောက်က သဲမွမွနှင့် ပူပြင်းသည့် နေကို မုန်းပါသည်။
ဟာရှီတိုင်းပြည်က ကန္တာရနှင့် ဒွန်တွဲတည်ရှိနေသည့် တိုင်းပြည်ပင်။ ရုန်းကန်လှုပ်ရှားရသည့် ရာသီများတွင်တော့ အင်မတန် အန္တရာယ်များသည့်နေရာ ဖြစ်သော်လည်း ခြောက်သွေ့ရာသီများတွင်မူ ရတနာသိုက်လေး၊ နေအိမ်အသိုက်အမြုံလေးတစ်ခုဖြစ်၏။
ရုန်းကန်လှုပ်ရှားရသည့်ရာသီ ကုန်ဆုံး၍ ခြောက်သွေ့ရာသီ စတင်ချိန်တွင် ဘုရင်မင်းမြတ်က ကန္တာရကိုဖြတ်ပြီး ကန္တာရအလယ်တွင်ရှိသည့် အိုအေစစ်လေးဆီသို့ သွားလေ့ရှိသည်။ ထိုနေရာရှိ ယဇ်စင်တွင် ယစ်ကောင်ကို ဆက်သရန်ဖြစ်၏။
မိဖုရားက လက်ထပ်ပြီးကာစ ပထမဆုံးနှစ်၏ ပထမဆုံးသော ခြောက်သွေ့ရာသီတွင်သာ ဘုရင်မင်းမြတ်နှင့် အတူတူလိုက်ပါခဲ့သည်။ ခရီးစဉ်တစ်လျှောက်လုံးတွင် မိဖုရားက ဟန်ဆောင်ပြုံးလေးပင် မပြုံးခဲ့ချေ။ ထို့နောက်တွင်တော့ ဘယ်တော့မှ အတူတူလိုက်ပါခြင်းမရှိတော့ပေ။
“ကန္တာရထဲမသွားခင် မိဖုရား ဘာလုပ်ခဲ့လဲ။ ထူးဆန်းတာတစ်ခုခု သတိထားမိလား။”
“ပုံမှန်နဲ့ ထူးခြားတာမရှိဘူးလို့ ပြောကြပါတယ်။”
“ဟမ်း…သွားတော့။ အထိန်းတော်ချုပ်ကို ဝင်လာခိုင်းလိုက်။”
“ဟုတ်ကဲ့ပါ အရှင်မင်းကြီး။”
လူတစ်ယောက်က ရုတ်တရက်ကြီး ထင်မှတ်မထားသည့်အရာများကို လုပ်စရာအကြောင်းမရှိပေ။ ခါဆယ်ရ်က မိဖုရား ပျောက်သွားခဲ့သည့်နေ့ကို အခြေခံပြီး ပိုပြီးတော့ စေ့စေ့စပ်စပ် သိအောင်လုပ်ရမည်ဟု တွေးလိုက်မိသည်။
~~~~~
ယူဂျင်းတစ်ယောက် အိပ်ခန်းထဲသို့ ပြန်လာပြီး အခန်းထဲတွင် တုန်လှုပ်စွာ ခေါက်တုံ့ခေါက်ပြန် လျှောက်နေခဲ့သည်။ ဘုရင်မင်းမြတ်နှင့် စကားပြောနေစဉ် တစ်လျှောက်လုံးတွင် ဘာတစ်ခုမှ နားမလည်ခဲ့ပေ။ မည်သို့ပင် ကြိုးစားစေကာမူ ဘုရင်မင်းမြတ်နှင့် ပတ်သက်သမျှ ဘာတစ်ခုမှ ခေါင်းထဲပေါ်မလာခဲ့။
‘ဂျင်ရဲ့မှတ်ဉာဏ်တွေက ကျန်နေတုန်းပဲဆိုပေမဲ့ လိုချင်တဲ့အချိန်မှာ ထုတ်လို့မရဘူးထင်တယ်။’
ယူဂျင်းက ဗျူဟာအသစ် ရှာခဲ့သည်။ ဖြစ်ရပ်တစ်ခုကို တွေးကြည့်ပြီးသည့်နောက်တွင် ဂျီးန်ကို ခေါ်လိုက်၏။
“ကျွန်မကို ခေါ်ပါသလား။ အာနီခါ။”
ဂျီးန်၏ အသားအရေမှာ သွေးဆုတ်ဖြူရော်နေ၏။ အင်မတန် ကြောက်လန့်နေသည့်ပုံစံကို ယူဂျင်းက ငုံ့မိုးကြည့်လိုက်သည်။ ကြည့်ရတာ သနားစရာလေးဆိုပေမဲ့ ‘ငါက ကြောက်စရာမဟုတ်ပါဘူး’ ဟု ပြောရန်မှာလည်း ရယ်စရာဖြစ်နေပြန်၏။
ယူဂျင်းက ဇာတ်အနိမ့်အမြင့်စနစ်ကို တစ်ခါမှ ကြုံတွေ့ခံစားဖူးခြင်း မရှိခဲ့သော်လည်း ခေတ်သစ် လူ့အသိုင်းအဝိုင်းတွင် လူမှုရေးပြဿနာ အမြောက်အမြားကို ကြုံတွေ့ခံစားခဲ့ဖူးသူပင်။
ပိုက်ဆံဖြင့် စိုးမိုးသည့် ကမ္ဘာတွင်တောင်မှ လက်အောက်ငယ်သားများသည် ကျိုးကျိုးနွံနွံ ဦးညွှတ်ကြရသည်ချည်းဖြစ်သည်။ ထို့အပြင် ဤနေရာတွင်တော့ အထက်မှပုဂ္ဂိုလ်များသည် ရှင်ခြင်း၊ သေခြင်းအပေါ်မှာပင် အာဏာရှိနေလိုက်သေး၏။ လက်အောက်ငယ်သားများ၏ ကြောက်ရွံ့မှုကို အတိုင်းအတာတစ်ခုအထိတော့ ယူဂျင်း နားလည်ပါသည်။
“ဒီကိုလာပြီး ထိုင်ပါဦး။”
ယူဂျင်းက ဆိုဖာပေါ်တွင်ထိုင်ရင်း ဂျီးန်ကို အချက်ပြလိုက်သည်။
“ဘယ်လိုများ ကျွန်မက ရာရာစစ…”
“ထိုင်လို့။”
“ဟုတ်ကဲ့။”
ဂျီးန်က ဆိုဖာအစွန်းလေးတွင် တင်ပါးလေး ထိတယ်ဆိုရုံ မသက်မသာပုံစံဖြင့် ထိုင်ခဲ့သည်။
“အသက်ဘယ်လောက်ရှိပြီလဲ။”
“၁၉နှစ်ပါ။”
ယူဂျင်းက ကိုယ်ရေးကိုယ်တာ မေးခွန်းများဖြစ်သည့် အသက်၊ မိသားစုနှင့် ဘယ်တုန်းက အစေခံမိန်းကလေး ဖြစ်လာသလဲ ဟူသော မေးခွန်းများမေးပြီး ဂျီးန်ကို တုန်လှုပ်အောင် လုပ်ခဲ့သည်။ ဂျီးန်ခမျာ တောင့်တောင့်ကြီး ဖြစ်နေခဲ့သော်လည်း ယူဂျင်း မေးသမျှကို ကောင်းကောင်းပြန်ဖြေနိုင်ခဲ့၏။
အစပိုင်းတွင်တော့ တိုတိုပြတ်ပြတ်သာ ပြန်ဖြေခဲ့သော်လည်း တဖြည်းဖြည်းနှင့် သူ့အဖြေများမှာ ရှည်လျားလာပြီး သူ့မျက်နှာထားကလည်း ပြေလျော့လာခဲ့သည်။
“ဂျီးန်။”
“…ရှင်။”
မိဖုရားက သူ့နာမည်ကို မှတ်မိနေတာကြောင့် ဂျီးန်တစ်ယောက် မယုံနိုင်အောင် ဖြစ်နေခဲ့သည်။ စောစောက အခေါ်ခံခဲ့ရတုန်းကလည်း ‘ဂျီးန်’ ဟု တိတိကျကျခေါ်ပြီး မိဖုရားက သူ့အားရှာခဲ့သည်ကို မယုံနိုင်အောင်ဖြစ်ခဲ့၏။
မိဖုရား၏ဘေးတွင် အနီးကပ် ခစားရခြင်းမရှိသော်လည်း တောက်တိုမယ်ရအမျိုးမျိုးလုပ်ရန်အတွက် ဂျီးန်က မိဖုရား၏ အိပ်ခန်းသို့ အကြိမ်ကြိမ်လာရလေ့ရှိပါသည်။ အကြိမ်တိုင်းတွင် မိဖုရား၏ သီးသန့်အခေါ်ပါးခြင်းကို တစ်ခါမှမခံခဲ့ရဖူးပေ။
“နင် ငါ့ကို ကူညီပေးရင်ကောင်းမယ်။”
ဂျီးန်၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။
“ကန္တာရထဲကနေ ပြန်လာပြီးတဲ့နောက်မှာ ပြဿနာလေး နည်းနည်းရှိနေတယ်။ ငါ့မှတ်ဉာဏ်တွေက နည်းနည်း…မပြည့်မစုံဖြစ်နေလို့။”
“အာ…”
“ငါ့မှတ်ဉာဏ်တွေက အထူးသဖြင့် လူတွေနဲ့ပတ်သက်ပြီး အကုန်ရောထွေးနေတာ။ အဲ့ဒါကြောင့် နင့်ကို မေးခွန်းလေးတွေ နည်းနည်းမေးမယ်။ ငါမေးခဲ့တာတွေကို တခြားဘယ်သူ့ကိုမှ လိုက်မပြောနဲ့နော်။ လုပ်နိုင်တယ်မဟုတ်လား။”
“ဟုတ်ကဲ့ ဟုတ်ကဲ့ပါ။ အာနီခါ။”
ဂျီးန်က အားတက်သရော ခေါင်းတွင်တွင်ညိတ်၍ ပြန်ဖြေခဲ့သည်။
“နာမည်ကိုတော့ မှတ်မိပေမဲ့ ဘယ်သူမှန်း မသိဘူး။ အမ်…မာရီအန်း။ သူက ဘယ်သူလဲ သိလား။”
“ဟုတ်ကဲ့။ သိပါတယ်။”
“သူ့အကြောင်း သိထားသမျှ အကုန်ပြောပြပေးလို့ရမလား။ နားထောင်ကြည့်လိုက်ရင် ပြန်မှတ်မိသွားမယ်ထင်တယ်။”
“ဟုတ်ကဲ့၊ မာရီအန်းက အထိန်းတော်ချုပ်ပါ။”
ဂျီးန်က မာရီအန်းအကြောင်း သိသမျှအကုန်ပြောပြရန် အသင့်ဖြစ်နေသည့်အလား စိတ်အားထက်သန်စွာ ပြောခဲ့သည်။ ဘုရင်မင်းမြတ် လက်ထပ်ထိမ်းမြားမှု မပြုရသေးမီအချိန်က နန်းတော်ထဲကို အစေခံမိန်းကလေးတစ်ယောက်အဖြစ် ဝင်လာခဲ့စဉ်တွင် အထိန်းတော်ချုပ်အဖြစ် ရှိခဲ့သည့် မာရီအန်းကို ဂျီးန် အမှတ်ရလိုက်သည်။
အစေခံမိန်းကလေးငယ်လေးများအပေါ် ဂရုတစိုက် စောင့်ရှောက်ပေးပြီး သူတို့၏ အမှားများကို လက်ခံပေးခဲ့သည့် မာရီအန်းက ဂျီးန် အလေးစားရဆုံး လူကြီးသူမတစ်ဦးပင်။ မာရီအန်း အထိန်းတော်ချုပ်နေရာမှ ဆင်းသွားချိန်ကဆိုလျှင် ငိုပင်ငိုခဲ့မိ၏။
ဂျီးန်၏ စကားများကို နားထောင်ရင်း ယူဂျင်းက ရယ်လိုက်သည်။ မာရီအန်းအပေါ် အလွန်လေးစားသည့် ဂျီးန်း၏စိတ်ကို ခံစားမိနေ၏။
“မာရီအန်းက တော်တော်လေး တော်တဲ့ အထိန်းတော်ပဲ။”
ရုတ်ခြည်းဆိုသလို ဂျီးန်၏ မျက်နှာထားက တောင့်တောင့်ကြီး ဖြစ်သွားတော့၏။ သူက ချက်ချင်းပဲ ဆိုဖာပေါ်ကဆင်း၊ ဒူးထောက်ပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်ခဲ့သည်။
“ခွင့်လွှတ်ပေးပါ၊ အာနီခါ။ စိတ်ကသိကအောက်ဖြစ်ရအောင်လုပ်ဖို့ ရည်ရွယ်ခဲ့တာမဟုတ်ပါဘူး။”
ယူဂျင်းက အံ့ဩတကြီး မျက်တောင်ခတ်လိုက်သည်။
‘အို ဟုတ်သား။ ဂျင်က မာရီအန်းကို မုန်းတာပဲ။’
အင်မတန်ကြောက်ရွံ့နေသည့် ဂျီးန်ကိုကြည့်င်း ယူဂျင်းလည်း ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်သွားခဲ့သည်။
‘တကယ်ပဲ ဘယ်လောက်တောင် အထိန်းတော်ချုပ်အပေါ် စိတ်လိုက်မာန်ပါ တုံ့ပြန်ခဲ့လို့များ ဒီလိုဖြစ်ရတာပါလိမ့်။’
ဂျီးန်၏ စကားများကို နားထောင်ရုံဖြင့်ပင် မာရီအန်းသည် အရည်အချင်းရော၊ စာရိတ္တပါ ပြည့်စုံကောင်းမွန်သူတစ်ယောက်မှန်း သိနိုင်ပေသည်။ ဂျီးန်၏အမြင်က အတိုင်းအတာတစ်ခုအထိ ပါနေသည်ဆိုသော်လည်း သူက အမှန်တကယ် မရှိသည့်အရာများကို လုပ်ကြံပြောဆိုမည်မဟုတ်ချေ။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ဂျီးန်က နှုတ်သီးကောင်းလျှာပါးစရိုက်မျိုး မဟုတ်မည့်ပုံပင်။
“ကိစ္စမရှိဘူး။ ငါက ပြောပြခိုင်းခဲ့တာမဟုတ်လား။ အဲ့ဒီလိုမလုပ်ဘဲနဲ့ ပြန်ထိုင်တော့။ မြန်မြန်လေး။”
ဂျီးန်က ချီတုံချတုံဖြစ်နေခဲ့ပြီးမှ ထို့နောက် ထရပ်ပြီး ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။
“ငါက မာရီအန်းကို အဲ့ဒီလောက်အထိတောင် မုန်းခဲ့တာလား။”
“…ကျွန်မ သေချာမသိပါဘူး။”
“ဘာမှမဖြစ်ပါဘူးဆို။ ဘာကိစ္စတွေ ရှိခဲ့တာလဲ။”
“တကယ်ကို ကျွန်မ ဘာမှမသိပါဘူး။ နှစ်ဦးသား အတူတူရှိနေတာကို တစ်ခါမှ မတွေ့ဖူးဘဲ ဒီအတိုင်း စကားတွေ ကြားမိရုံပါ။”
“ဘာစကား ကြားခဲ့တာ…”
အပြင်ဘက်မှ ရုတ်ရုတ်သဲသဲအသံများကြောင့် ယူဂျင်းက လှည့်ကြည့်လိုက်မိသည်။ ‘အရှင်မင်းကြီး’ ဟူသော အော်သံကို ကြားလိုက်ရပြီး မကြာမီတွင် အခန်းတံခါးက အကျယ်ကြီး ပွင့်သွားခဲ့၏။
အထဲကို ခြေလှမ်းကျဲကြီးများဖြင့် လျှောက်ဝင်လာသည့် ခါဆယ်ရ်ကို တွေ့သည်တွင် ယူဂျင်းက ထရပ်လိုက်သည်။
ဘုရင်မင်းမြတ်က အလွန်ပင် ဒေါသထွက်နေခဲ့သည်။ စောစောက ထမင်းစားနေစဉ်တွင် ခြောက်ကပ်ကပ်နိုင်သည်ဟု တွေးခဲ့မိသည့် အနေအထားက ဘယ်လောက်အထိ နွေးထွေးမှန်း သဘောပေါက်လိုက်ရ၏။ ယူဂျင်းကို စိန်းစိန်းဝါးဝါး စိုက်ကြည့်နေသည့် သူ့မျက်လုံးများက ခါးသီးဖွယ်အတိ အေးစက်နေခဲ့သည်။
“အရှင်မင်းကြီး။ ကျေးဇူးပြုပြီး စိတ်ထိန်း….”
အနောက်မှလိုက်လာသည့် အထိန်းတော်ချုပ်က အားကြိုးမာန်တက် အသနားခံခဲ့သည်။
“ထွက်သွား။”
“အရှင်မင်းကြီး။”
“မိဖုရားနဲ့ ပြောစရာစကားရှိတယ်။ အကုန်ထွက်သွားကြ။”
ဆာရာက စိတ်မကောင်းဖြစ်နေသည့် မျက်လုံးများဖြင့် ဘုရင်နှင့် မိဖုရားတို့အား တစ်လှည့်စီကြည့်ပြီး ထို့နောက် ဦးညွှတ်အရိုအသေပေး၍ လျှောက်ထွက်သွားခဲ့သည်။ အရိပ်အခြည်ကြည့်နေသည့် ဂျီးန်ကလည်း အထိန်းတော်ချုပ်အနောက်မှ မြန်မြန်လေး လိုက်ထွက်သွားခဲ့၏။ အားလုံးထွက်သွားပြီး တံခါးပိတ်သွားသည့်နောက်တွင် အိပ်ခန်းက တိတ်ဆိတ်မှု အတိလွှမ်းသွားတော့သည်။
“တကယ်ပဲ ဘာလို့များလဲ။”
ခါဆယ်ရ်က အံတင်းတင်းကြိတ်ထားခဲ့သည်။ ခေါင်းကနေ အငွေ့ပါထွက်သည်ဟူသည့် ခံစားချက်က ဘာကိုဆိုလိုသနည်းဟူသည်ကို သိလိုက်ရတော့သည်။ ဒေါသထွက်နေရင်း တစ်ဖက်ကလည်း အံ့အားသင့်မိရ၏။
သူက ဒီကိုမလာခင် ကြပ်ကြပ်မတ်မတ် နှုတ်ပိတ်မိန့်ချခဲ့သည်။ သို့ရာတွင် မိဖုရားအတွက်မဟုတ်၊ ဤအဖြစ် ပေါက်ကြားသွားခဲ့လျှင် အရှက်ရစရာဖြစ်ရမည် ဖြစ်သည့်အတွက်ကြောင့်ပင်။
သူက အထိန်းတော်ချုပ်ကို ဆင့်ခေါ်ပြီး မိဖုရား ပျောက်မသွားခင်တစ်ရက်က ဘယ်သွားသည်၊ ဘယ်မှာရှိခဲ့သည် အစရှိသည်တို့ကို စုံစမ်းစစ်ဆေးခိုင်းခဲ့သည်။ မိဖုရားကို မသင်္ကာ၍မဟုတ်၊ မရေရာမှုဟူ၍ တစ်ခုမှ မကျန်စေလိုသောကြောင့်ဖြစ်၏။
မိဖုရား၏ တစ်နေ့တာမှာ တစ်ပြေးတည်းပုံမှန်ပင်။ များသောအားဖြင့် စားသောက်ချိန်မှလွဲ၍ စာကြည့်ခန်းထဲတွင် အများဆုံးရှိနေတတ်သည်။ သို့သော် ရက်ခြားပြီး မိဖုရား အမြဲသွားလေ့ရှိသည့် နေရာတစ်နေရာရှိ၏။
ထိုနေရာကား တော်ဝင်ဘဏ္ဍာတိုက်ပင်။ လုံခြုံရေး တင်းကြပ်စွာ ချထားသည့် ရတနာသိုက်သည် တန်ဖိုးမဖြတ်နိုင်သည့် ရတနာများ အပြည့်ရှိသည့်နေရာဖြစ်၏။
ဂျင်က မိဖုရားဖြစ်နေသည့်အတွက် ဘဏ္ဍာတိုက်ထဲသို့ ဝင်ခွင့်ရှိပေသည်။ သို့သော် ဘဏ္ဍာတိုက်မှာ နဂိုကတည်းက မကြာခဏ ဖွင့်ချင်သလိုဖွင့် ပိတ်ချင်သလိုပိတ်၍ရသည့်နေရာ မဟုတ်ချေ။
နိုင်ငံအဆင့် အခမ်းအနားများတွင်သုံးရန် ရတနာများ ထုတ်ယူသည့်အခါ၊ ရတနာများကို ပုံမှန်စစ်ဆေးရေးလုပ်သည့်အခါများမှလွဲ၍ အဝင်အထွက်ကို တင်းကြပ်စွာတားမြစ်ထားသည့် နေရာပင်။ မိဖုရားက ထိုနေရာအား လွတ်လပ်စွာ ဝင်ထွက်သွားလာခွင့် တောင်းဆိုခဲ့သည်။
[မိန်းမတွေက လှတဲ့အရာတွေကို နှစ်သက်ကြပါတယ်။ ကျွန်မအတွက်လည်း အတူတူပါပဲ။ အလှတရားကို မျက်စိနဲ့ ခံစားကြည့်ရှုရရင်ပဲ လုံလောက်ပါပြီ။ ကျွန်မကို ခွင့်ပြုပေးပါ။ အတတ်နိုင်ဆုံး မြန်မြန်လေး ဒီနေရာနဲ့ နေသားကျလာအောင် အဲ့ဒီလိုအရာမျိုးတွေကို ကြည့်ရမှဖြစ်မယ်ရှင့်။]
ဘာသာရေးမြို့တော်လိုမဟုတ်ဘဲ ဟာရှီတိုင်းပြည်ကတော့ ကြည့်ရှုခံစားထိုက်သည့် ယဉ်ကျေးမှုအနုပညာဟူ၍ မရှိပေ။ မြို့တော်၏ ယဉ်ကျေးမှုနှင့် ရင်းနှီးအသားကျပြီးသား မိဖုရားအတွက် ကျေနပ်နှစ်မြို့စရာ ဖြစ်နိုင်မည်မဟုတ်။ အနည်းဆုံး ရတနာတွေကို ကြည့်ရရုံလောက်နှင့် လုံလောက်ပါပြီဆိုသည့် မိဖုရား၏စကားကို သဘောတူခဲ့မိသည်။
ဟာရှီတိုင်းပြည်၏ ဘဏ္ဍာတိုက်မှာ အင်မတန် နာမည်ကျော်လှ၏။ တိုင်လုံးများကို ရွှေဖြင့်ပြုလုပ်ထားပြီး လက်သီးဆုပ်လောက်ရှိသည့် ရတနာများ အပြည့်စီခြယ်ထားသည်ဟူသော သတင်းများပင် ပြန့်လျက်ရှိသည်။
တိုင်လုံးများကို ရွှေဖြင့်လုပ်ထားခြင်း မဟုတ်သော်လည်း ခါဆယ်ရ်က ကောလာဟလတွေ အနည်းငယ်တော့ လျော့သွားပေလိမ့်မည်ဟု တွေးလိုက်မိသည်။
အဖိုးဖြတ်၍ရမည့် ရတနာများမှာ အနိမ့်ဆုံးအဆင့်သာရှိ၏။ သူ့တိုင်းပြည်ထက် ပို၍အဖိုးတန်သည့် ရတနာများရှိသောနေရာကို ပြောရမည်ဆိုပါလျှင် ဘာသာရေးမြို့တော်ရှိ ဆန်းဂျယ်၏ ဘဏ္ဍာတိုက်ဟု ယုံကြည်မှုရှိရှိ ပြောနိုင်ပါသည်။
မိဖုရားက ရတနာများကို ကြည့်ရုံသာကြည့်ပြီး လုံးဝထိမည်မဟုတ်ဟု ကတိပေးခဲ့၏။ လက်ထပ်ပြီးခါစဖြစ်သောကြောင့် မိဖုရား၏ ပထမဆုံးသော တောင်းဆိုချက်ကို မငြင်းနိုင်ခဲ့ပေ။
[ကောင်းပြီ။ အဲ့ဒီအစား တစ်ခုတော့ ကတိပေး။ ရတနာတွေကို ဘာတစ်ခုမှ ယူထုတ်လာလို့မဖြစ်ဘူးနော်။]
[မပူပါနဲ့။ ပြောခဲ့တဲ့အတိုင်း မျက်လုံးနဲ့ ကြည့်ရုံပဲကြည့်မှာပါ။]
ထို့နောက်တွင်တော့ မိဖုရားက ဘဏ္ဍာတိုက်ကို အမြဲပုံမှန် သွားခဲ့သည်။ အနည်းဆုံး နှစ်ရက်၊ သုံးရက်ခြားတစ်ခါ သွားလေ့ရှိ၏။ ကတိပေးခဲ့သည့်အတိုင်း ဘာကိုမျှ ထိခဲ့ခြင်းမရှိသောကြောင့် ပုံမှန် ဘဏ္ဍာတိုက် စစ်ဆေးရေးလုပ်သည့်အခါ မည်သည့်မူမမှန်မှုကိုမျှ တွေ့ရခြင်းမရှိခဲ့ပေ။
အချိန်တရွေ့ရွေ့ကုန်လာသည်နှင့်အမျှ ဘဏ္ဍာတိုက်သို့ သွားရောက်ကြည့်ရှုခြင်းသည် သဘာဝကျကျပင် မိဖုရား၏ တစ်နေ့တာလုပ်ငန်းစဉ်တစ်ခု ဖြစ်လာခဲ့သည်။ ယခုတော့ မည်သူကမှ မိဖုရားကြောင့် ဘဏ္ဍာတိုက် အဖွင့်အပိတ်လုပ်သည်ကို အာရုံမစိုက်ကြတော့ချေ။
အစတွင်တော့ ခါဆယ်ရ်က အမှုထမ်းတစ်ယောက်ကိုခေါ်ပြီး ဘဏ္ဍာတိုက်ကို စေ့စေ့စပ်စပ် စစ်ဆေးရန် မှာကြားခဲ့သော်လည်း အတန်ကြာလာသည့်နောက်တွင် သူလည်း ထိုသို့ပြောဆိုအမိန့်ပေးခြင်းကို ရပ်လိုက်သည်။
သို့သော် ဤကဲ့သို့ နောက်ကျောဓားနှင့်ထိုးသတဲ့လား။
အကြီးဆုံးအမှားမှာ စီမံခန့်ခွဲရေး၏ စစ်ဆေးရေးကို လျစ်လျူရှုခဲ့မှုပင်။ သို့သော် ရတနာများက သောင်းဂဏန်းကျော်အောင် ရှိနေပေသည်။ ထိုမျှများပြားသော ဘဏ္ဍာတိုက်ကို နှစ်ရက်ခြား၊ သုံးရက်ခြားတစ်ခါ စစ်ဆေးရန်မှာ လက်တွေ့ကျကျပြောရလျှင် မဖြစ်နိုင်ချေ။
မိဖုရားက ပျောက်မသွားခင် တစ်ရက်အလိုတွင် ဘဏ္ဍာတိုက်သို့ သွားခဲ့ပါသည်ဆိုသောကြောင့် ခါဆယ်ရ်က ဘဏ္ဍာတိုက်ဆီသို့ သွားခဲ့၏။ အားလုံးစုံစေ့အောင် လိုက်မကြည့်နိုင်သော်လည်း အနက်ရှိုင်းဆုံးအပိုင်းတွင်ရှိသည့် နိုင်ငံ့ရတနာ သိုလှောင်ထိန်းသိမ်းခန်းကိုသာ ကြည့်ခဲ့သည်။
နိုင်ငံ့ရတနာ ရှိနေရမည့်နေရာက ဗလာကျင်းနေသည်ကို တွေ့လိုက်ရသည်တွင် ခါဆယ်ရ်တစ်ယောက် အံ့ဩမယုံနိုင်မှုနှင့် ရှက်ရွံ့မှုကို ခံစားလိုက်ရသည်။ မိဖုရားက နိုင်ငံ့ရတနာကို ခိုးသတဲ့။ ဤကဲ့သို့သော အဖြစ်မျိုးကို တစ်ခါမှ မကြားဖူးခဲ့ပေ။
“နဂိုကတည်းက စီစဉ်ထားခဲ့တာလား။ အဲ့ဒီအကြံနဲ့ ငါ့ကို ဘဏ္ဍာတိုက် ဖွင့်ခိုင်းခဲ့တာလား။”
ခါဆယ်ရ် ချဉ်းကပ်လာသည်တွင် ယူဂျင်းလည်း လန့်သွားပြီး အနောက်ကို တစ်လှမ်းဆုတ်လိုက်မိသည်။ ခြေထောက်က ဆိုဖာနှင့်တိုက်မိပြီး ယိုင်သွားသောကြောင့် ခါဆယ်ရ်က သူ့လက်မောင်းကို ဖမ်းကိုင်ထားလိုက်၏။
“ဘယ်အထိက အမှန်တရားလဲ၊ ဘယ်အထိက အလိမ်အညာတွေလဲ။ ဘာကိစ္စအတွက်သုံးဖို့ အဲ့ဒါကို ယူသွားရတာလဲ။ ဘယ်နားသွားထားလိုက်လဲ။ အဲ့ဒါကိုယူပြီး ကန္တာရထဲကို ဘာလို့သွားရတာလဲ။”
~~~~
Miel’s Translations