Chapter 8
အပိုင်း ၈
ယူဂျင်းက သူ့အား ဖိချုပ်ထားသည့် ခါဆယ်ရ်၏ မျက်ဝန်းပြာပြာများထဲသို့ စိုက်ကြည့်လိုက်သည်။ ထိုမျက်လုံးများထဲတွင် ပို၍တောက်ပသည့် အပြာရောင်စွမ်းအားက လေပွေတစ်ခုအလား ဝေ့ဝဲနေခဲ့၏။ မီးတောက်တစ်ခုအလား တောက်လောင်နေပြီး ထို့နောက် လှိုင်းလုံးကဲ့သို့ ထိုးတက်လာခဲ့သည်။ ကြောက်စရာကောင်းလောက်အောင် လျှို့ဝှက်ဆန်းကြယ်လှ၏။
‘ပရာ့ဂ်ျ…’
ဤကမ္ဘာတွင် လူခြောက်ဦးသာ ပိုင်ဆိုင်ထားသည့် ဘုရင်မင်းမြတ်တို့၏ သဘာဝလွန်စွမ်းအား ပရာ့ဂ်ျမှာ မျိုးရိုးစဉ်ဆက်အလိုက် သွေးသားမှတစ်ဆင့်သာ လက်ဆင့်ကမ်း အမွေဆက်ခံနိုင်သည့်အရာပင်။
ဘုရင်တို့၏ ဆက်ခံသူများတွင်လည်း သဘာဝလွန်စွမ်းအားများရှိ၏။ သို့သော် သူတို့၏ ထိန်းချုပ်နိုင်စွမ်းမှာ မတည်မငြိမ်ရှိတတ်ကြပြီး ဘုရင်များလောက် စွမ်းအားမကြီးကြချေ။ ယခင်ဘုရင် နတ်ရွာစံပြီး၍ နန်းတက်သည့်အခါမှသာ ဆက်ခံသူက သူ၏ စွမ်းအားကို အပြည့်အဝ ဆက်ခံရရှိနိုင်မည်ဖြစ်သည်။
ထို့ကြောင့် ဘုရင်၏ သဘာဝလွန်စွမ်းအားသည်သာ ပရာ့ဂ်ျဖြစ်၏။
ယူဂျင်းတစ်ယောက် ဘုရင်မင်းမြတ်ဆီမှ ပြင်းထန်သည့် စွမ်းအားတစ်မျိုး စီးဆင်းလာသည်ကို ခံစားမိနေရသည်။ သူ၏ ခန္ဓာကိုယ်ကို ပန်းကန်လုံးနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် ပွက်ပွက်ဆူပြီး လျှံကျလုနီးပါးပင်။
ဖော်ပြ၍မရနိုင်သည့် ထူးဆန်းသောခံစားချက်ဖြစ်သည်။ အေးသလိုလို၊ ပူသလိုလိုရှိ၏။ မူးနေသလို ရီဝေဝေခံစားချက်မျိုးဖြင့် ခါဆယ်ရ်ကို ကြည့်နေခဲ့မိသည်။
သူ၏ မျက်လုံးများထဲတွင်သာ ရစ်ဝဲနေသည့် စွမ်းအားက စုဝေးသွားပြီး အကောင်အထည်ပေါ်လာ၏။ ထိုအရာက မြွေတစ်ကောင်၏ မျက်လုံးများကဲ့သို့ ဒေါင်လိုက်သဏ္ဌာန် ဆန့်သွားခဲ့သည်။ ထိုမှာတင် ရပ်မသွားဘဲ သူ၏ခန္ဓာကိုယ်ထဲမှ ပေါက်ထွက်လာတော့မတတ် ဖောင်းကြွလာ၏။
ယူဂျင်းလည်း လန့်သွားပြီး ရှိသမျှ အားအကုန်သုံး၍ သူ့ကို ဖယ်ခါပြီးရုန်းလိုက်သည်။ မြင်ကွင်းကနေ ယူဂျင်းကို လွတ်သွားပြီး နောက်ဆုတ်သွားသော ခါဆယ်ရ်၏ ခန္ဓာကိုယ်ပတ်လည်တွင် မြူကဲ့သို့ အုံဖွဲ့လာသည့် စွမ်းအားက ရုတ်ခြည်းဆိုသလို ဖမ်းယူခံလိုက်ရပြီး ပျောက်ကွယ်သွား၏။
ခါဆယ်ရ်က ကြောင်သွားသည့် မျက်နှာထားမျိုးဖြင့် သူ့လက်သူ ငုံ့ကြည့်လိုက်သည်။ ဘုရင်ဖြစ်လာပြီးကတည်းက သူ့ကိုယ်တွင်းတွင် ပရာ့ဂ်ျ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းကို ခံစားရသည်မှာ ယခုက ပထမဆုံးပင်။ ထိန်းချုပ်မရခြင်းမျိုး တစ်ခါမှ မဖြစ်ဖူးပေ။
“…တကယ်ပဲ ကျွန်မက ဘာများလုပ်ခဲ့လို့လဲ။”
ယူဂျင်း၏ မျက်ခုံးများ ပင့်တက်သွားခဲ့သည်။ ဘုရင်မင်းမြတ် ဒေါသဖြစ်နေသည့် မျက်နှာထားနှင့် ဝင်လာသည့် အခိုက်အတန့်မှာကတည်းက ဂျင် တစ်ခုခုများ အမှားလုပ်ထားသလားဟူသောအတွေးဖြင့် သူ့နှလုံးက ခုန်နေခဲ့၏။ သို့သော် ယခုတော့ သူ့ရင်ထဲတွင် ဒေါသများသာ အုံဖွဲ့နေခဲ့သည်။ ယူဂျင်း အော်ဟစ်ပစ်လိုက်၏။
“အကုန်လုံး သူများအပေါ် အပြစ်တင်လိုက်ရတော့ ရင်ထဲမှာ နေလို့ကောင်းသွားလား။”
“…ဘာ။”
“အဲ့ဒီလိုခြိမ်းခြောက်ရင်း ပြောလာတဲ့စကားကရော နားထဲဝင်ပါ့မလား။”
မိမိတွင် ရှိသမျှအကုန် ပုံအောအားထုတ်ထားခဲ့သည်။ လုံးဝကွဲပြားသည့် ကမ္ဘာတွင် နေထိုင်ရခြင်းဖြစ်သည့်အတွက် ရက်ပိုင်းလောက်နှင့် ပတ်ဝန်းကျင်၏ အခြေအနေကို နားလည်နိုင်ရန်မှာ ကျိန်းသေပေါက် ဖြစ်နိုင်မည်မဟုတ်ပေ။
ဧကန္တ တစ်ခုခုများ မှတ်မိမလားဟုတွေးပြီး ကြောင်းကျိုးဆက်စပ် တွေးတောဖို့ရန် စိတ်ကူးရှိသမျှ အကြံထုတ်ခဲ့သော်လည်း ခေါင်းကြီးသာ ပြည့်ကျပ်လာသလို ခံစားခဲ့ရ၏။
ဂျီးန်ကို မခေါ်ရသေးမီတွင်ပင် ဖြစ်နိုင်ခြေရှိသည့် ဇာတ်ညွှန်းကို စဉ်းစားရန် ဦးနှောက်ကို မွှေနှောက်တွေးတောခဲ့သည်။ အခုမှ စကားလေးစပြောပြီး တစ်ခုပြီးတစ်ခု အစပြန်ဖော်ရန် ကြိုးပမ်းနေရုံရှိသေး၏။
ထိုလူက ထိုသို့ကြိုးပမ်းနေသည်ကိုပင် ဝင်စွက်ဖက်ခဲ့သည့်အတွက် ဒေါသသာ ထွက်ခဲ့ရသည်။ ထိုလူ၏ အခြေအနေကိုလည်း နားလည်ပါသည်ဟု တွေးပေးနေသော်လည်း ကိုယ်မလုပ်ခဲ့သည့်အရာအတွက် ဝေဖန်အပြစ်တင်ခံရသည်ကိုတော့ ခံပြင်းမိ၏။
ဂျင်၏ ခန္ဓာကိုယ်ကို သုံးနေသည်ဆိုသော်လည်း ယူဂျင်းက လုံးဝ တခြားလူတစ်ယောက်ပင်။ သူကိုယ်တိုင် ဖြစ်ချင်လွန်း၍ ဂျင်ဖြစ်လာခဲ့ခြင်းမဟုတ်။ မျက်နှာပြောင်လှချည်လားဟု ပြောနေသည့်အလား ခါဆယ်ရ်၏ မျက်နှာထားကို မြင်လိုက်ရသည်တွင် ပို၍ပင် စိတ်တိုလာခဲ့၏။
“မင်းက အရှက်မရှိတဲ့သူမှန်း သိတော့သိပေမဲ့။”
ခါဆယ်ရ်က အဓိပ္ပာယ်မရှိလိုက်တာဟူသော ရယ်သံဖြင့် ရယ်ခဲ့သည်။
“အခု မင်းက အသံကျယ်ကျယ်နဲ့ ခွန်းတုံ့ပြန်ရမဲ့ အခြေအနေလား။”
“ဒါဆို ဘုရင်ကရော ဒေါသထွက်လာရင် လူတွေအပေါ်မှာ ပရာ့ဂ်ျ ထုတ်သုံးတာပဲလား။”
ခါဆယ်ရ်က ပြောစရာမရှိတော့သလို မျက်နှာထားမျိုးနှင့် ယူဂျင်းကို စိုက်ကြည့်ခဲ့သည်။ သူက အသာလေး သက်ပြင်းချလိုက်၏။
“…အဲ့ဒါက ငါမှားသွားတာ။”
“တစ်ယောက်အမှားတစ်ယောက် မရှိခဲ့သလိုမျိုး သဘောထားပြီး တည်တည်ငြိမ်ငြိမ် စကားပြောကြတာပေါ့။”
“တစ်ယောက်အမှားတစ်ယောက်ပေါ့လေ။”
ခါဆယ်ရ်က ခေါင်းငဲ့ပြီး ပြန်မေးလိုက်သည်။ သူက ဆိုဖာပေါ်မှာ ထိုင်လိုက်ပြီး ‘ထိုင်ပါ’ ဟု ပြောခဲ့သည့် ယူဂျင်းကို စိန်းစိန်းဝါးဝါး စိုက်ကြည့်နေ၏။ ယခုတော့ ဒီမိန်းမ စိတ်မှမှန်ရဲ့လားဟူ၍ သံသယတောင်ဝင်ချင်သလိုလိုပင်။ သူက အသက်ပြင်းပြင်း ရှူသွင်းပြီး ပွက်ပွက်ဆူနေသည့်စိတ်ကို ထိန်းလိုက်သည်။
‘ကြည့်ရသေးတာပေါ့။ ဒီတစ်ခါရော ထပ်ပြီးတော့ ဘာလှည့်ကွက်တွေ လုပ်ဦးမလဲလို့။’
သူက စိတ်ထဲမှာ အံကြိတ်ပြီး ယူဂျင်း၏အရှေ့တွင် ထိုင်လိုက်၏။
အသံကျယ်ကျယ်နှင့် ခွန်းတုံ့ပြန်ပြီးသည့်နောက်တွင် ရင်ထဲမှာရှိသမျှကို ဖွင့်ထုတ်လိုက်ရသည့်အလား ယူဂျင်းတစ်ယောက် လန်းဆန်းသွားခဲ့သည်။ သူ့တွင် စိတ်ပျက်စရာ ဘာအကြောင်းများရှိသနည်း။
လက်ရှိတွင် ဖြစ်ချင်သလိုသာဖြစ်တော့ဟူသည့် စိတ်မျိုးသာရှိတော့သည်။ ဘာမှမသိဘဲ သိသလို ဟန်ဆောင်နေရသည်ကို စိတ်ကုန်လှပေပြီ။
ဘာကိစ္စမှမရှိခဲ့ဘူးဆိုတာကိုရော သိပါမည်လား။ မည်သို့ပင်ဆိုစေ ဤခန္ဓာကိုယ်ထဲသို့ ပြောင်းမလာခင်တွင် ဂျင်က ပြဿနာတစ်ခုခုရှာထားသည့်ပုံရသောကြောင့် ဂျင် လုပ်ခဲ့သည့်အရာအတွက် သူက တာဝန်မယူလိုချေ။
‘ပြီးတော့ ငါက အာနီခါပဲ။’
မဟာတွင် အာနီခါများကို အလွန်ထူးခြားပြီး အဖိုးတန်သည့်သူများအဖြစ် ဆက်ဆံကြသည်။ ဆန်းဂျယ်တစ်ဦးတည်းသာလျှင် အာနီခါများကို ခုံရုံးတင်စစ်ဆေး၍ အပြစ်ပေးနိုင်၏။
ယူဂျင်း၏ ဝတ္ထုထဲတွင် ဂျင်၏ ပြစ်မှုများ လူသိရှင်ကြား ဖြစ်သွားသည့်တိုင် ဆန်းဂျယ်က ခုံရုံးတင်ခြင်းမရှိဘဲ အပြစ်ပေးခွင့်ပြုပြီးမှသာ ဘုရင်မင်းမြတ်က နောက်ဆုံးတွင်မှ အရေးယူနိုင်ခဲ့သည်။
“တော်တော်လေး ထင်မှတ်မထားစရာနဲ့ မယုံနိုင်စရာ ဖြစ်နေမယ်ဆိုပေမဲ့။”
ယူဂျင်းက ဂျီးန်ကို ပေးခဲ့သည့် မဟုတ်မမှန်ဆင်ခြေကို ဘုရင်မင်းမြတ်ကိုလည်းပေးဖို့ တွေးလိုက်သည်။ အများကြီး စဉ်းစားဆင်ခြင်ပြီးသည့်နောက်တွင် အရိုးရှင်းဆုံးနည်းလမ်းက အကောင်းဆုံးဖြေရှင်းမှုဖြစ်မည်ဟု ကောက်ချက်ချလိုက်၏။
မှတ်ဉာဏ်ပျောက်ခြင်း။
ရောဂါပေါင်းစုံပျောက်စေမည့် ဆေးတော်ကြီးကဲ့သို့ တခြားမရှိမည့် ဆင်ခြေကောင်းတစ်ခုပင်။
“ကန္တာရကနေ ပြန်လာပြီးတဲ့နောက်မှာ ကျွန်မရဲ့ မှတ်ဉာဏ်တွေနဲ့ပတ်သက်ပြီး ပြဿနာရှိလာလို့ပါ။”
ခါဆယ်ရ်၏ မျက်နှာထားက ဖြည်းဖြည်းချင်း ငြိမ်ကျလာခဲ့သည်။ သူက လက်ပိုက်ပြီး ဆိုဖာကို မှီလိုက်၏။ လှောင်ပြောင်ပြက်ရယ်ပြုမှုနှင့် ခနဲ့မှုတို့ကို ပေါ်တင်ဖော်ပြခဲ့သည်။
“အဟား၊ မမှတ်မိဘူးဆိုပါတော့။”
“တကယ်ပြောနေတာပါ။”
“မင်းကတော့ လောကကြီးမှာ ကိုယ်အဆင်ပြေတဲ့အတိုင်း နေနေတာပဲ။ ငါ့ကို ရယ်စရာမှတ်နေလား။ ဒီတိုင်းပြည်ကို ရယ်စရာမှတ်နေလား။ မမှတ်မိဘူးလို့ ပြောလာလိမ့်မယ်မှန်း လုံးဝထင်မထားဘူး။ ကောင်းလိုက်တဲ့ဆင်ခြေ။ မင်းကို အထင်ကြီးခဲ့မိတာပဲ။ အခုကြည့်လိုက်တော့ ခေါင်းကလည်း မကောင်းဘူးကိုး။”
ယူဂျင်းက ခပ်ပြင်းပြင်း သက်ပြင်းချလိုက်သည်။ မည်သို့ပင်ဆိုစေ အလွယ်တကူ ယုံကြည်ခြင်းခံရလိမ့်မည်ဟု မျှော်လင့်မထားသော်လည်း လှောင်ပြောင်ပြက်ရယ်ပြုသည့် စကားများကို ကြားရသည်တွင် ရင်ဝက ဆို့တက်လာသလို ခံစားလိုက်ရ၏။
“ကျွန်မက လိမ်ပြောနေပါတယ်လို့ မယူဆဘဲ သဘောထားကြီးကြီးနဲ့ ရင်ဖွင့်ပြီး နားထောင်ပေးလို့ မရဘူးလား။ အဲ့ဒီ…”
ယူဂျင်းက သူ့ကို ‘အဲ့ဒီဘက်’ ဟု ခေါ်ဖို့ပြင်ပြီးမှ ရပ်လိုက်သည်။ ဘုရင်တစ်ပါးအား ထိုကဲ့သို့ခေါ်ရန် သင့်တော်မည်မထင်ပေ။
“ရှင်က ကျွန်မရဲ့ခင်ပွန်းပဲမဟုတ်ဘူးလား။”
“…”
ခါဆယ်ရ် တကယ်ပင် အံ့ဩသွားခဲ့၏။ ‘ရှင်’၊ ‘ခင်ပွန်း’။ မိဖုရားဆီကနေ ကြားရလိမ့်မည်ဟု လုံးဝထင်မှတ်မထားသည့် စကားများပင်။
မိဖုရားက အမြဲတမ်း အကွာအဝေးတစ်ခု မသိမသာ ခြားထားလေ့ရှိသည်။ ဇနီးမောင်နှံဟူသည့် ပတ်သက်မှုကို သတိပေးအမှတ်ရစေမည့် အခေါ်အဝေါ်မျိုးကို အသုံးပြုလေ့မရှိပေ။
သူ တစ်ခါတလေတွင် သံသယပင်ဝင်မိခဲ့သည်။ အခွင့်ကြုံကြိုက်သည့်အတိုင်း ရှင်ဘုရင်ဖြစ်လာပြီးလျှင်ပြီးချင်း မိဖုရားနှင့် လက်ထပ်ခဲ့ခြင်းက အမှန်တကယ် ကောင်းသည့်အရာ ဟုတ်ပါရဲ့လား။
ဘုရင်မဖြစ်ခင် လက်ထပ်ခဲ့မည်ဆိုလျှင် ဤအိမ်ထောင်ရေးက ပြိုကွဲသွားလောက်ပေမည်။ သိက္ခာကျရမည်မှာ ကျိန်းသေသော်လည်း စိတ်အေးချမ်းမှုကိုတော့ ရပေလိမ့်မည်။ သို့သော် ထီးနန်းတက်ပြီးသည့်နောက်တွင် ပထမဆုံး ကျင်းပခဲ့သည့် တိုင်းပြည်အဆင့် အခမ်းအနားမှာ ထိမ်းမြားမင်္ဂလာပင်ဖြစ်၏။
သူက ကြီးလေးသည့် တာဝန်ကြီးကို ထမ်းရွက်ထားရသည့် နေရာတွင်ရှိသောကြောင့် ကိုယ်ထင်ရာစိုင်းခွင့် မရှိခဲ့ချေ။ အခုတင် စတင်ခြင်းဖြစ်သည့် သူ ထီးနန်းစိုးစံသည့်ခေတ်တွင် အစွန်းအထင်း ချန်မထားချင်ခဲ့ပေ။
ထို့ကြောင့် ပြီးခဲ့သည့် သုံးနှစ်လုံးတွင် မိဖုရားကို စိတ်ရှည်ရှည် စောင့်ကြည့်ခဲ့၏။ သူကိုယ်တိုင်၏ အမြင်တွင်ပင် သူ၏ စိတ်ရှည်သည်းခံမှုက အံ့ဩစရာကောင်းနေပေသည်။ မိဖုရားအပေါ် သဘောထားကြီးလွန်း၍ သည်းခံခဲ့ခြင်းမဟုတ်၊ အံတင်းတင်းကြိတ်၍ သည်းခံနေခြင်းဖြစ်၏။
လက်ရှိတွင် မိဖုရားက အခြေအနေကို ရှောင်ရှားရန် လိမ်ညာနေသည်မှာ သေချာပေသည်။ မိဖုရား၏ နောက်ကြောင်းရာဇဝင်ကို ကြည့်လိုက်မည်ဆိုလျှင် ထိုလမ်းသို့သွားနိုင်ခြေ အမြင့်ကြီးရှိ၏။
‘…ထူးဆန်းတယ်။’
နိုင်ငံ့ရတနာ ပျောက်သွားပြီဟု သိလိုက်ရချိန်တွင် ဒေါသဖြစ်လွန်း၍ လက်များပင်ထုံလာခဲ့ရသည်။ မိဖုရားသာ သူ၏အရှေ့တွင် ရှိနေခဲ့မည်ဆိုလျှင် လည်ပင်းညှစ်မိလောက်ပေမည်။ ထိုကဲ့သို့ ပြင်းထန်လှသည့် သူ့ဒေါသက ဘာမဟုတ်တာလေးနှင့် ငြိမ်ကျသွားခဲ့သည်။
မိဖုရား၏ မျက်နှာထားက ပုံမှန်နှင့်မတူပေ။ သူနှင့် ပြောဆိုဆက်ဆံရချိန်တိုင်း မကြာခဏ ခံစားရလေ့ရှိသည့် ‘စက်ဆုပ်ဖွယ်’ ဟူသော ခံစားချက်ကို မခံစားရ။ ရှုပ်ထွေးထုံးဖွဲ့နေသောရင်က ဘာကြောင့်မှန်းမသိ ပြေလျော့သွားသလို ခံစားခဲ့ရသည်။
“…အသေးစိတ် ပြောပြကြည့်စမ်းပါ။”
“ဒီကမ္ဘာမှာနေတဲ့ လူတစ်ယောက်အနေနဲ့ အခြေခံအသိစိတ်လေးနည်းနည်းတော့ ကျန်ပါတယ်။ အဖွဲ့အစည်းအသိုင်းအဝိုင်းတို့၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတို့၊ အဲ့ဒီလိုအရာမျိုးတွေပေါ့။ ဒါပေမဲ့ ကျွန်မအကြောင်းကျွန်မ ဘာတစ်ခုမှ မမှတ်မိတော့ဘူး။”
“ဘယ်လောက်အတိုင်းအတာအထိလဲ။”
“မျက်လုံးဖွင့်လိုက်တော့ ကန္တာရထဲမှာ လဲလျောင်းပြီး ရှိနေခဲ့တာပါ။ လူတချို့ပေါ်လာကြပြီး ကျွန်မကို အရှင်မိဖုရားလို့ ခေါ်ခဲ့ကြတယ်။”
“အရှင်မိဖုရားလို့ ခေါ်တယ်ပေါ့လေ။”
“ဟုတ်ကဲ့။”
“မင်းကိုခေါ်ပြီး အရှင်မိဖုရားလို့ ပြောတယ်တဲ့လား။”
“ဟုတ်ကဲ့။”
ယူဂျင်း တွေးကြည့်လိုက်တော့ ထိုအချိန်မှစ၍ မိဖုရားဟု ခေါ်ဆိုခြင်းကို မကြားရတော့ပေ။ လူတိုင်းက သူ့ကို အာနီခါဟု ခေါ်ကြသည်။
“အဲ့ဒီလိုခေါ်လို့ မရဘူးလား။”
ခါဆယ်ရ်က ဒီအတိုင်း အသာခေါင်းခါခဲ့၏။
“သူတို့တွေက မင်းကို လိုက်ရှာခဲ့ကြတဲ့ ရှာဖွေရေးအဖွဲ့ပဲ။ မင်း သူတို့နဲ့ ရဲတိုက်ကို ပြန်လာတာဖြစ်ရမယ်၊ အဲ့ဒီနောက်ပိုင်းကရော။”
“မှတ်မိအောင်လုပ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ ကြိုးစားပါစေ မရခဲ့ဘူး။ တစ်စွန်းတစ်စ မှတ်မိတာဆိုလို့ လူတွေရဲ့ မျက်နှာတွေနဲ့ နာမည်တွေပဲရှိတာ…အဲ့ဒါကလည်း တစ်ယောက်နှစ်ယောက်လောက်ပဲ။”
“ဘယ်သူမှ မရိပ်မိကြတဲ့ပုံပဲနော်။”
“လူတွေနဲ့ အပြောအဆို အဆက်အဆံ သိပ်မလုပ်ခဲ့တာကြောင့်ပါ။ အချိန်ကြာလာတာနဲ့ ထူးဆန်းတယ်လို့ တွေးကြမဲ့သူတွေ အများကြီးရှိတာပေါ့။”
ခါဆယ်ရ်က မျက်နှာထားနှင့် လေသံအပြောင်းအလဲမှာတင် တစ်ယောက်တည်းဖြစ်သည့်လူက ဘယ်လောက်အထိ ပြောင်းလဲသွားနိုင်သလဲဆိုသည်ကို မိဖုရားကိုကြည့်ရင်း နားလည်သဘောပေါက်လိုက်ရသည်။ မိဖုရားက တကယ်ပဲ အမှန်ကိုပြောနေတာဖြစ်မလားဟူ၍ တွေးလိုက်မိ၏။
‘မဖြစ်နိုင်တာ။’
သူက အခုထိ မယုံနိုင်ဖြစ်နေဆဲရှိ၏။ မိဖုရားက အင်မတန် မျက်နှာပြောင် အရှက်မဲ့သည့် မိန်းမပင်။
သူက လက်ထပ်ပြီးစတွင် ထိုမျှအထိ ကိုယ့်သဘောအတိုင်းကိုယ်လုပ်သည့်သူ မဟုတ်သေးချေ။ အစတွင်တော့ မြင့်မြတ်သည့် မိဖုရားတစ်ပါးဟန်ဆောင်ပြီး ခါဆယ်ရ်ကို ထိန်းချုပ်၍ သူလိုချင်တာကို ရအောင်ယူရန် ကြိုးစားခဲ့သည်။
သို့သော် ခါဆယ်ရ်က သူ့ဆိုင်းအတိုင်း လိုက်မကသည့်အခါ ဗျူဟာပြောင်းပြီး မျက်နှာပြောင် အရှက်မဲ့စွာ ပြုမူပါတော့သည်။
လူဆိုသည်မှာ မည်သူမဆို အတိုင်းအတာတစ်ခုအထိ မျက်နှာနှစ်ဖက် ရှိတတ်သော်လည်း မိဖုရားလောက် ပုံစံနှစ်မျိုးကြားတွင် စိတ်လွတ်လက်လွတ် အကူးအပြောင်းမြန်လှသည့်သူကိုတော့ ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင်။
“ကန္တာရထဲမှာ မျက်လုံးပွင့်လာတုန်းက တစ်ယောက်တည်းလား။”
“ဟုတ်ပါတယ်။”
“မင်း ရဲတိုက်ကနေ ထွက်သွားတုန်းက ရံရွေတော်မိန်းကလေးတွေ အတူတူပါသွားတယ်လေ။ အခု သူတို့တွေ အကုန်ပျောက်နေကြတယ်။”
“ဘုရားရေ…”
ယူဂျင်းက အံ့ဩတုန်လှုပ်သွားသည့် မျက်နှာထားနှင့် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။
“ဘယ်နှယောက်လဲဟင်။”
“ငါးယောက်။ မမှတ်မိဘူးလား။”
ယူဂျင်းက ခေါင်းကို ဘယ်ညာခါယမ်းလိုက်သည်။ လုံးဝ မခံစားမိသည့်အရာပင်။
‘အဲ့ဒါကြောင့် ရံရွေတော် မိန်းကလေးတွေကို ကြည့်တော့လည်း ခေါင်းထဲမှာ ဘာမှပေါ်မလာတာကိုး။ သူတို့က နဂိုကတည်းက ဂျင်ရဲ့ ရံရွေတော်တွေမဟုတ်ကြဘူးပဲ။’
ဂျင်နှင့် ရင်းနှီးသည့် ရံရွေတော်မိန်းကလေးတွေသာဆိုလျှင် သူနှင့် တစ်နေ့လုံး အချိန်ကုန်ဆုံးရသောကြောင့် ဂျင်၏ အပြောင်းအလဲများကို သူများတွေထက်အရင် ရိပ်မိကြလောက်ပေမည်။ လူငါးယောက် ပျောက်သွားသည်ဟူသောအဖြစ်က အင်မတန် စိတ်မကောင်းဖြစ်စရာကောင်းလွန်းသည့်အတွက် ရင်ဆိုင်ရအခက်ဆုံးလူတွေ ပျောက်သွားကြလို့ တော်သေးတာပေါ့ဟုပင် မပြောနိုင်ပေ။
“ဒါဆို သူတို့တွေ ဘာဖြစ်သွားကြလဲဟင်။ ရှာနေလား။”
“ဒီအချိန်ကြီးမှာလား။”
“ဒီအချိန်က ဘာဖြစ်လို့လဲ။ လူပျောက်သွားတယ်ဆိုရင် ရှာရမှာပေါ့။”
ယူဂျင်းကို အကြောင်သားကြည့်နေခဲ့သည့် ခါဆယ်ရ်က မျက်မှောင်ကြုတ်လိုက်သည်။
“တကယ်မသိလို့ မေးနေတာလား။ ခြောက်သွေ့ရာသီက တစ်ရက် နှစ်ရက်နေရင် ကုန်တော့မှာလေ။”
“အာ…”
“တော်သေးလို့ ခြောက်သွေ့ရာသီက ဘာမှန်းတော့ မှတ်မိသေးတဲ့ပုံပဲ။”
ယူဂျင်းက ခေါင်းညိတ်လိုက်သည်။
မဟာတွင် ခြောက်သွေ့ရာသီဆိုသည်မှာ ‘လာ့ခ်’ ဟုခေါ်သည့် မိစ္ဆာများ အိပ်ကြသည့်အချိန်ဖြစ်ပြီး ရုန်းကန်လှုပ်ရှားရသည့် ရာသီတွင်တော့ ယင်းတို့ ပေါ်လာတတ်ကြ၏။
ခြောက်သွေ့ရာသီမှာ လေးလနှင့် လဝက်တာကြာပြီး ရုန်းကန်လှုပ်ရှားရသည့်ရာသီကတော့ နှစ်လတာ ကြာပါသည်။ သို့သော် ခြောက်သွေ့ရာသီနှင့် ရုန်းကန်လှုပ်ရှားရသည့်ရာသီ စပ်ကူးမတ်ကူးကာလတွင်ပင် လာ့ခ်များ ပေါ်လာတတ်သည့်အတွက် လုံးဝဥဿုံ ဘေးကင်းလုံခြုံသည့် ခြောက်သွေ့ရာသီမှာ လေးလတာနီးပါးသာရှိ၏။
‘ဒါဆို အဲ့ဒီရံရွေတော်မိန်းကလေးတွေ သေကုန်ကြမှာလား။ သေတောင်သေသွားကြပြီထင်ပါရဲ့။ ဂျင် အာနီခါ။ နင်ကတော့ ပျောက်မသွားခင်အထိမှာတောင် အပြစ်ကျူးလွန်ခဲ့တာပါလား။’
ယူဂျင်းက မှိုင်မှိုင်တွေတွေ မျက်နှာထားနှင့် သက်ပြင်းချလိုက်သည်။ ယခင်က တစ်ခါမှမတွေ့ဖူးသည့်လူတွေဖြစ်သော်လည်း စိတ်မသက်မသာ ဖြစ်ရ၏။
သူတို့မှာ ဝတ္ထုထဲတွင် တစ်ခါမှ ပေါ်မလာရဘဲ သေသွားကြသည့် ဇာတ်ရံများပင်။ ပြီးခဲ့သည့် ရက်ပိုင်းမတိုင်ခင်အထိ ယူဂျင်းသည်လည်း ဇာတ်ရံဘဝဖြင့် နေခဲ့ရသည်။
“သူတို့တွေက ဘယ်လိုနစ်နာကြေးမျိုး ရကြမှာလဲ။”
“နစ်နာကြေးဆိုတာက ဘာစကားလဲ။”
“သူတို့ ပြန်မလာတော့ဘူးဆိုရင် မိသားစုကို နှစ်သိမ့်တဲ့အနေနဲ့ပေးတဲ့ ပိုက်ဆံလိုအရာမျိုးပေါ့။”
ခါဆယ်ရ်က အော်ရယ်လိုက်သည်။
“သူတို့က ရာဇဝတ်သားတွေလေ။ ဘုရင့်အမိန့်ကို အာခံပြီးတော့ ကန္တာရထဲသွားပြီး ဘုရင့်ကြင်ရာတော်ကို အန္တရာယ်ကျရောက်အောင် လုပ်ခဲ့ကြတာ။ ပြန်လာကြရင်တောင် သေဘေးကနေ ပြေးလွတ်ဖို့ ခက်မှာပဲ။”
“ဒါပေမဲ့ သူတို့က အမိန့်ကို လွန်ဆန်လို့မရတဲ့နေရာမှာ ရှိကြတဲ့သူတွေပါ။”
“အခု ရံရွေတော်မိန်းကလေးတွေအတွက် မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ်အတွက် စိုးရိမ်ရမှာကို။”
~~~~~
Miel’s Translations