Chapter 9
အပိုင်း ၉
ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်သွားသောကြောင့် စကားမပြောနိုင်ဖြစ်နေသည့် ယူဂျင်းက နှုတ်ခမ်းတွေကိုသာ လျှာဖြင့်သပ်လိုက်သည်။
“ယုံကြည်ပေးခဲ့တယ်မဟုတ်ဘူးလား။ ကျွန်မရဲ့မှတ်ဉာဏ်တွေ…”
“ကျိန်းသေပေါက် ဘယ်ယုံပါ့မလဲ။”
လက်ပိုက်ထားပြီး မေးကိုအနည်းပင့်ထားရင်း ပြောနေသည့် သူ၏ပုံစံကား အင်မတန် အထက်စီးဆန်လှ၏။
ယူဂျင်းလည်း ဘာလုပ်လို့လုပ်ရမှန်းမသိဘဲ မျက်နှာထားက ပျက်ယွင်းသွားခဲ့သည်။
“အဲ့ဒါဆိုရင် ဘာဖြစ်လို့ ယုံကြည်သလိုလို လုပ်နေခဲ့တာလဲ။”
“မင်းက ဆင်ခြေပေးခွင့်တောင်းနေလို့ နားထောင်ပေးခဲ့တာလေ။ နေရာချင်းလဲပြီး တွေးကြည့်ရအောင်။ မင်းသာဆိုရင်ရော ဒီအခြေအနေကြီးကို နားလည်ပေးနိုင်မှာလား။ ပြီးတော့ မမှတ်မိတော့တာနဲ့ပဲ ကျူးလွန်ထားတဲ့အပြစ်က ပျောက်ကွယ်သွားပါတယ်လို့ ဘယ်ဥပဒေမှာများ ပြောထားသလဲ။”
ယူဂျင်းက အင်မတန် ခံပြင်းသလိုမျိုး ဒေါသတွေ ထွက်နေခဲ့ရာက ထို့နောက်တွင် ပခုံးလေးများ ကိုင်းကျသွားခဲ့သည်။ သူ့တွင် ပြောစရာဘာမှမရှိပေ။
သူက မျက်လွှာလေးချပြီး မှိုင်မှိုင်တွေတွေ ပြောခဲ့သည်။
“ဂျင်…ကျွန်မက ဘာလုပ်ရပ်ကို လုပ်ခဲ့လို့လဲ။ တစ်ခုခု ပျောက်သွားတယ်လို့ ပြောခဲ့တယ်ထင်တယ်။ အဲ့ဒါက ဘာများလဲ။ ကျွန်မကို အသေးစိတ် ပြောပြပေးပါ။ တစ်ခုခု စိတ်ထဲပြန်ပေါ်လာလောက်မလားမသိဘူး။”
“…”
နိုင်ငံ့ရတနာဆိုသည်မှာ တော်ဝင်မိသားစုအတွင်းတွင် ဘိုးစဉ်ဘောင်ဆက် အဆင့်ဆင့် လက်ဆင့်ကမ်းခဲ့ကြသော အဖိုးတန် သမိုင်းဝင်ပစ္စည်းဖြစ်သည့်အတွက် တန်ဖိုးကို ခန့်မှန်းသတ်မှတ်၍မရချေ။ သို့သော် နိုင်ငံ့ရတနာ နေရာတွင်မရှိရုံလေးနှင့် တစ်စုံတစ်ယောက် ဘေးအန္တရာယ် ကျရောက်ခြင်း သို့မဟုတ် တိုင်းပြည်က ပြဿနာအကြီးကြီးနှင့် ကြုံတွေ့ရခြင်းတို့ ဖြစ်လာလိမ့်မည်တော့မဟုတ်။
နဂိုကတည်းက လျှို့ဝှက်စွာ ထိန်းသိမ်းထားသည့် နိုင်ငံ့ရတနာအကြောင်း သိကြသူဟူ၍ များများစားစားပင် မရှိပေ။ ထို့ကြောင့် နှုတ်လုံအောင်သာ ကောင်းကောင်းထိန်းထားမည်ဆိုလျှင် နိုင်ငံ့ရတနာ အခိုးခံလိုက်ရသည့်အဖြစ်ကို ဖုံးကွယ်ထားနိုင်ပေမည်။
ထိုနိုင်ငံ့ရတနာကို ပြန်ရအောင်လုပ်ရန်ထက် ခါဆယ်ရ်က လက်ရှိအခြေအနေကို ပို၍စိတ်ဝင်စားစရာကောင်းသည်ဟု တွေးခဲ့သည်။
‘မိဖုရားသာ လိမ်နေတာဆိုရင်…မိဖုရားရဲ့ သရုပ်ဆောင်စွမ်းရည်က ဒီလောက်အထိ ကောင်းတာလား။’
မိဖုရားက ဟန်ဆောင်ပြုံးကို ကောင်းကောင်းပြုံးနိုင်ပါသည်။ သို့ရာတွင် မိဖုရားက အလိမ်အညာများကို စိတ်ရင်းအမှန်ပုံစံပေါက်စေရန်အတွက် ဟန်လုပ်သရုပ်ဆောင်ပြခြင်းမျိုး တစ်ခါမှမရှိခဲ့ဖူးချေ။ ခါဆယ်ရ်၏ မျက်လုံးထဲတွင် သူ၏ ဟန်ဆောင်မှုကို အတိုင်းသား တွေ့မြင်ရမည်ဖြစ်သည်။
အခြွေအရံမိန်းကလေးများအတွက် နစ်နာကြေးပေးမည်ဟူသော စကားကို ကြားလိုက်ရချိန်တွင် ကိုယ့်နားကိုယ်ပင် မယုံနိုင်ခဲ့။ မိဖုရားက တကယ်ပဲ တခြားလူတစ်ယောက် ဖြစ်သွားသလိုပင်။
စဉ်းစားကြည့်လိုက်မည်ဆိုလျှင် မိဖုရားနှင့် ဤအတိုင်းအတာအထိ အချေအတင် စကားပြောဖူးသည်မှာ ယခုက ပထမဆုံးအကြိမ်ပင်။ ဝတ်ကျေတမ်းကျေ နှုတ်ဆက်တာဖြစ်လျှင်ဖြစ် မဟုတ်လျှင် အမြဲတမ်း တစ်ဖက်က ဒေါသထွက်ပြီး တစ်ခုခုကို တောင်းဆိုသည့် အခြေအနေတွေချည်း ဖြစ်ခဲ့သည်သာ။
“ဒီမှာ၊ မိဖုရား။”
“ရှင်။”
သူ ဘာမှဆက်မပြောသောကြောင့် ယူဂျင်းက ခေါင်းကလေး မော့ကြည့်လိုက်သည်။ ခါဆယ်ရ်က သူ့ကို စမ်းသပ်ကြည့်ဖို့အတွက် ‘မိဖုရား’ ဟူသော ဘွဲ့အမည်ဖြင့် ခေါ်လိုက်မှန်း မသိခဲ့ပေ။
ခါဆယ်ရ်က လက်ထပ်ပြီးသည့်နောက်တွင် မိဖုရားဟု ခေါ်မိခဲ့တုန်းက တင်းမာသွားသည့် မိဖုရား၏ အမူအရာကို တွေးမိလိုက်သည်။
[အာနီခါလို့ခေါ်ပါ၊ အရှင်မင်းကြီး။]
“မင်း တကယ်ပဲ ဘာမှမမှတ်မိဘူးဆိုရင် စောစောက နေ့လယ်စာစားတုန်း ငါတို့ရဲ့ စာချုပ်အကြောင်း ပြောခဲ့ကြတဲ့စကားတွေက ဘာများလဲ။”
“အာ…အဲ့ဒါက…”
ယူဂျင်းခမျာ ဇောချွေးပြန်လာတော့သည်။ ကိစ္စတွေက ရှုပ်ထွေးသထက် ရှုပ်ထွေးလာသလိုပင်။ ယူဂျင်းက လက်မြှောက်အရှုံးပေးသည့် မျက်နှာထားမျိုးဖြင့် ဖြေလိုက်သည်။
“အမှန်က ဘာစကားမှန်း မသိပါဘူး။”
“ဒါဆို လုံးဝမသိဘူးပေါ့။ ငါတို့ရဲ့စာချုပ်က ဘာလဲဆိုတာကိုလေ။”
“ဟုတ်ကဲ့…”
“ဒါပေမဲ့ ငါက အဲ့ဒီစာချုပ်ကို ဖျက်ဖို့စိတ်ကူးမရှိဘူးလို့ ပြောမယ်ဆိုရင်ရော။”
“စာချုပ်သဘောတူညီချက် ရှိလို့လား။”
“မရှိဘူး။ ဒါပေမဲ့ မင်းက အာနီခါရဲ့နာမည်နဲ့ ကျိန်ဆိုထားတယ်။”
မဟာတွင် နာမည်ဖြင့် ကျိန်ဆိုသစ္စာပြုခြင်းသည် တရားဥပဒေနှင့် သက်ရောက်မှုချင်း အတူတူပင်ဖြစ်သည်။
အထူးသဖြင့် အဆင့်အတန်းကပိုမြင့်လေ အသက်ထက် ဂုဏ်သိက္ခာက တန်ဖိုးပိုကြီးလေ ဖြစ်သောကြောင့် နာမည်ဖြင့်ကျိန်ဆိုထားသည့် ကတိသစ္စာကို ချိုးဖောက်မှုသည် သေခြင်းထက်ပင်ပိုဆိုးသည့် သိက္ခာကျစရာအဖြစ်ပင်။
ယူဂျင်းနေထိုင်ခဲ့ရာ ကမ္ဘာတွင်တော့ နာမည်ဆိုသည်မှာ ဘာမှရေးကြီးခွင်ကျယ်မဟုတ်။ နာမည်ပြောင်းပြီးနေလိုက်ကြသည့် နေရာပင်။ သို့သော် ဤနေရာကား မဟာဖြစ်၏။ ယူဂျင်းအနေနှင့် ဤကမ္ဘာတွင် အာနီခါအဖြစ် နေလိုလျှင် စည်းမျဉ်းများအတိုင်း လိုက်နာရပေမည်။
သို့သော် စာချုပ်ချုပ်ဆိုခဲ့သူက ပျောက်သွားသောကြောင့် ဘာပါလို့ပါမှန်းမသိရသည့် စာချုပ်ကို ဖြည့်ဆည်းရမည်တဲ့လား။
‘ဂျင်ကတော့ သူ့အတွက် အမြတ်မရှိမဲ့စာချုပ်ကို ချုပ်လောက်မှာမဟုတ်ဘူး။ သူ့အတွက် အရှုံးဖြစ်ရမဲ့အရာဆို လုပ်စရာဘာအကြောင်းမှမရှိဘူးလေ။”
“အဲ့ဒါဆိုရင်တော့…ဘယ်တတ်နိုင်ပါ့မလဲလေ။”
“ဟမ်း…မှတ်ဉာဏ်တွေပျောက်သွားတဲ့ မင်းက အသိတရားတော့ အများကြီးရှိနေတာပဲ။”
ယူဂျင်းက မျက်မှောင်ကြုတ်လိုက်သည်။ ချီးကျူးပြီးတော့ပဲပြောပြော၊ ရွဲ့ပြီးတော့ပဲပြောပြော ထိုကဲ့သို့ စကားပြောသူများကို အင်မတန်သဘောမကျပေ။ စိတ်အခြေအနေ မကောင်းသလို ထင်ရပြီး ကောင်းသလိုလိုလည်း ရှိနေပြန်တာကြောင့် စိတ်ရှုပ်ထွေးရသည်။
ခါဆယ်ရ်က ချောင်းတစ်ချက်ဟန့်ပြီး ရယ်ချင်စိတ်ကို ထိန်းထားလိုက်သည်။ ယူဂျင်း၏ မှုန်ကုပ်ကုပ်မျက်နှာထားတွင် အတွင်းစိတ်က အတိုင်းသာပေါ်နေတော့၏။ သူသိထားသည့် မိဖုရားသာဆိုလျှင် ဘယ်သောအခါမှ လုပ်နိုင်မည်မဟုတ်သည့် မျက်နှာထားပင်။
“အရှင်မင်းကြီး။”
အပြင်ဘက်မှ အလောတကြီးဖြစ်နေသည့်အသံကို ကြားလိုက်ရသည်။
“အရှင်မင်းကြီး။ မာရီအန်းပါ။”
ခါဆယ်ရ်က တိုးတိုးရယ်လိုက်သည်။ ဒေါသတကြီးနှင့် ကမူးရှူးထိုး ဝင်လာပြီး အားလုံးကို မောင်းထုတ်လိုက်သောကြောင့် မာရီအန်းတစ်ယောက် အပြင်မှာ ဘယ်လောက်အထိ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေလိမ့်မလဲဆိုသည်ကို မျက်စိရှေ့တွင်ပင် မြင်ယောင်နိုင်ခဲ့သည်။ အခြေအနေကို ငြိမ်အောင်ထိန်းချုပ်ကိုင်တွယ်နိုင်မည့်သူကို အလောတကြီး သွားခေါ်လာခဲ့ကြသည့်ပုံပင်။
“လောလောဆယ် နားလည်ပြီ။”
ခါဆယ်ရ်က ဆိုဖာကနေ ထလိုက်သည်။ ယူဂျင်းက နားမလည်နိုင်ဖြစ်နေသည့် မျက်လုံးများနှင့် သူ့အား မော့ကြည့်လိုက်သည်။ အဲ့ဒါက ဘာစကားပါလိမ့်။
“အဲ့ဒါက ဘာစကားပါလဲ။”
“မာရီအန်းနဲ့ တွေ့မယ်လို့ ပြောခဲ့တယ်မဟုတ်လား။”
“ဟုတ်ကဲ့။”
“အခု တွေ့လိုက်မလား။ မာရီအန်းကို မှတ်မိလား။”
“မမှတ်မိပါဘူး။ ဒါပေမဲ့ အဲ့ဒါထက်…”
“ငါ့အတွက်လည်း စဉ်းစားဖို့ အချိန်လိုအပ်တယ်။ မာရီအန်းနဲ့ ဒီအတိုင်းပဲ တွေ့လိုက်မလား၊ ဒါမှမဟုတ် မင်းရဲ့ အခြေအနေအကြောင်း အသိပေးထားလိုက်တာ ပိုကောင်းမလား။”
“…အသိပေးထားလိုက်ပါ။”
“သိပြီ။”
အဲ့ဒီအတိုင်း ကျောခိုင်းထွက်ခွာသွားသည့် ဘုရင်မင်းမြတ်၏ ကျောပြင်ကို အကြောင်သား ငေးကြည့်နေရာက ယူဂျင်းတစ်ယောက် သူ့ကို အလောတကြီးခေါ်ဖို့ပြင်လိုက်သော်လည်း သူက အိပ်ခန်းဆောင်ထဲကနေ ထွက်သွားနှင့်ပါပြီ။
“အာ၊ ဘာတွေလဲ။ ဘာစာချုပ်လဲ။ ဂျင်က ဘာတွေလုပ်ခဲ့တာလဲ၊ ငါက ဘာလုပ်ရမှာလဲ ပြောသွားမှပေါ့။ စိတ်ထဲ ရှင်းရှင်းလင်းလင်း သိရအောင် ပြောပြသွားတာ ဘာတစ်ခုမှလည်း မရှိဘူးလေ။ စီရင်ချက်ချမှာကို စောင့်နေရတဲ့ ရာဇဝတ်သားလိုမျိုး စိတ်ကျဉ်းကျပ်လိုက်တာနော်။”
ယူဂျင်းက အတန်ကြာအောင် တစ်ကိုယ်တည်း ညည်းတွားနေခဲ့သည်။
~~~~~
ဘဏ္ဍာတိုက်ဆီ သွားပြီးသည့်နောက် မိဖုရားကိုသွားတွေ့ပြီး ပေါက်ကွဲသောင်းကျန်းခဲ့သည့် ကိစ္စများကြောင့် အချိန်တော်တော်ကုန်လွန်သွားခဲ့သည်။ ရဲတိုက်ကနေ အတန်ကြာအောင် ထွက်သွားခဲ့ရတာကြောင့် အလုပ်တွေက စုပုံနေနှင့်ပြီးသားပင်။ ခါဆယ်ရ်က ညစာကမန်းကတမ်းစားပြီး တစ်ချိန်လုံး ရုံးခန်းထဲမှာပဲ အလုပ်လုပ်နေခဲ့သည်။
ဆောင်တော်ထိန်းက ချဉ်းကပ်လာပြီး လျှောက်တင်ခဲ့၏။
“အရှင်မင်းကြီး။ အထိန်းတော်ချုပ်ဟောင်း မာရီအန်းက အခစားဝင်ခွင့်တောင်းနေပါတယ်။”
ခါဆယ်ရ်က သူကြည့်နေသည့် စာရွက်စာတမ်းများကို ချထားပြီး ဝင်လာခိုင်းဖို့ ပြောလိုက်သည်။ ထင်ထားသည်ထက် နောက်ကျမှ ရောက်လာခဲ့၏။ ဧကန္တ အခုအချိန်အထိ မိဖုရားနဲ့ အတူရှိနေခဲ့တာများဖြစ်မလား။
သူက ပတ်ဝန်းကျင်မှာရှိသမျှအားလုံးကို လျစ်လျူရှုပြီး မာရီအန်းတစ်ယောက်တည်းကိုသာ ရင်ဆိုင်တွေ့ဆုံခဲ့သည်။
ခဏနေတော့ ဝင်လာခဲ့ပြီး ဂါရဝပြုပြီးသည့်နောက်တွင် မော်ဖူးခဲ့သည့် မာရီအန်း၏ မျက်နှာထားကား မရေမရာရှိလှ၏။ အမြဲတစေ ဘုရင်မင်းမြတ်ထံ အခစားဝင်ဖို့ ရည်ရွယ်ချက် ကျိန်းသေရှိသည့် မာရီအန်းက အာရုံစုစည်းနိုင်ခြင်းမရှိဘဲ နားမလည်နိုင်သည့် မျက်နှာထားမျိုးနှင့် ရှိနေခဲ့သည်။
“မိဖုရားနဲ့ စကားကောင်းကောင်းပြောခဲ့ရရဲ့လား။”
“ဟုတ်ကဲ့…”
“အမြင်ကရော ဘယ်လိုရှိလဲ။”
“အရှင်မင်းကြီး။ အရေးကြီးပါတယ်။ ဒီအခြေအနေကို အလေးအနက် စဉ်းစားမှဖြစ်ပါမယ်။”
“မပြောတတ်ဘူး။ ဘာကပြဿနာဖြစ်နေတာလဲ။ မိဖုရားက လိမ်နေတယ်လို့ ထင်လား။”
မာရီအန်းတစ်ယောက် ပြန်မဖြေနိုင်ခဲ့ပေ။ အတိတ်မေ့သွားသတဲ့လား။ တကယ်ကို အဓိပ္ပာယ်မရှိသည့်အရာပင်။ သို့သော် မာရီအန်းက မိဖုရားနှင့် မျက်နှာချင်းဆိုင်ထိုင်ပြီး နှစ်နာရီနီးပါး စကားပြောခဲ့သည်။ ထိုမိဖုရားမှ ထိုမိဖုရားပင်။
သည်းမခံနိုင်လောက်အောင် ထောင်လွှားမောက်မာပြီး မလိုမုန်းထားစိတ်ကြီးသည့် မိဖုရားကိုကား ဘယ်မှာမှ ရှာ၍မတွေ့ခဲ့။ လူက တစ်ထေရာတည်း တူသော်လည်း လုံးဝတခြားလူတစ်ယောက်ပါဟုပြောလျှင် ယုံနိုင်စရာရှိသည့် အတိုင်းအတာအထိဖြစ်၏။ စကားပြောသည့်လေသံ ပြောင်းလဲသွားပြီး မျက်နှာထားကလည်း ကွဲပြားနေခဲ့သည်။
မာရီအန်းတစ်ယောက် မိဖုရားနှင့် တွေ့ပြီးသည့်နောက်တွင် သမားတော်များကို ရှာဖွေတွေ့ဆုံရင်း အလုပ်များခဲ့ရ၏။ ‘အတိတ်မေ့တဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ၊ ပြီးတော့ အတိတ်မေ့သွားတာနဲ့ လူက လုံးဝတခြားလူတစ်ယောက်လို ပြောင်းလဲသွားတတ်သလား။’ ဟူ၍ သမားတော် အမြောက်အမြားကို မေးမြန်းခဲ့သည်။ သို့သော် မည်သူကမှ ရှင်းလင်းသည့်အဖြေကို မပေးနိုင်ခဲ့ချေ။
“မိဖုရားဆိုတဲ့ဘွဲ့နဲ့ ခေါ်ကြည့်သေးလား။”
“ဟုတ်ကဲ့။”
“မိဖုရားရဲ့ တုံ့ပြန်မှုကရော။”
“…ဘာမှပြန်မပြောပါဘူး။”
“စိတ်ဝင်စားစရာမကောင်းဘူးလား။ အဲ့ဒီဘွဲ့နဲ့ပတ်သက်ပြီး မိဖုရားက ဘယ်လောက်အထိ အစွဲအလမ်းကြီးမှန်း ခင်ဗျားလည်း သိနေတာပဲ။ မိဖုရားသာ လိမ်ညာပြီး အတိတ်မေ့ချင်ယောင်ဆောင်နေတာဆိုရင် အဲ့ဒီအစွဲအလမ်းကိုပါ လက်လျှော့လိုက်ပြီဆိုတဲ့ သဘောပဲပေါ့။ သူ့အတွက် အရမ်းအရေးပါတဲ့အရာကို စွန့်လွှတ်ဖို့ဆိုတာ သိပ်ပြီးတော့ လွယ်ကူတဲ့ကိစ္စမဟုတ်ဘူး။”
မိဖုရားက ဘယ်သူ့ကိုမှ သူ့ကို မိဖုရားဟုခေါ်ရန် ခွင့်ပြုထားခြင်းမရှိပေ။ မိဖုရားဟူသည့်ဘွဲ့က အာနီခါဟူသည့် သူ၏ သရုပ်မှန်အား အစားထိုးသွားမည်ကို ခွင့်မပြုနိုင်ခဲ့ချေ။
ယခုတော့ လူတိုင်းက သတိထားနေကြပြီဖြစ်သော်လည်း လက်ထပ်ပြီးစအချိန်တွင် အခြွေအရံမိန်းကလေးများက တော်တော်အမှားလုပ်မိခဲ့ကြသည်။ အမှုမဲ့အမှတ်မဲ့ ‘အရှင်မိဖုရား’ ဟု ခေါ်လိုက်မိလျှင် ပြင်းထန်စွာ အပြစ်ပေးခံကြရသည်ပင်။ ပြင်းပြင်းထန်ထန် ကြာပွတ်နှင့်အရိုက်ခံကြရသောကြောင့် အသက်ဆုံးရှုံးလိုက်ရသည့် နန်းတွင်းအမှုထမ်းများ အမြောက်အမြား ရှိခဲ့သည်။
“ဒါဆို အရှင်မင်းမြတ်ကရော တကယ်ပဲ အရှင်မိဖုရား မှတ်ဉာဏ်တွေပျောက်သွားတယ်လို့ ထင်ပါသလား။”
“ဘယ်သိပါ့မလဲ။ ကျုပ်က လူ့စိတ်ကို ဖတ်နိုင်တဲ့သူမှမဟုတ်တာ။ ဒါပေမဲ့ လိမ်နေတာပဲဖြစ်ဖြစ်၊ တကယ်ပဲဖြစ်ဖြစ် နှစ်ခုစလုံးကတော့ မဆိုးဘူး။”
လိမ်နေခြင်းသာဆိုလျှင် ကျိန်းသေပေါက် မကြာမီ အလိမ်ပေါ်ပေလိမ့်မည်။ လူ၏ စိတ်ရင်းအမှန်ကို ဖုံးကွယ်ထားရန်ဆိုသည်မှာ ဘယ်လောက်အထိများ ဖြစ်နိုင်မည်လဲ။
အလိမ်ပေါ်ခဲ့မည်ဆိုလျှင် ထိုအခါ ပိုကြီးလေးသည့်အပြစ်ဒဏ်တပ်၍ရပေမည်။ ထိုမိန်းမကို ထိန်းကြိုးတင်းတင်းတပ်နိုင်မည်ဖြစ်သည့်အတွက် အတော်ပင်ဖြစ်၏။
အမှန်တကယ် အတိတ်မေ့သွားခဲ့သည်ဆိုလျှင်လည်း အဆင်ပြေသည်။ နဂိုမိဖုရားထက် အများကြီး ပိုသာသောကြောင့်ပင်။
ယခင်တုန်းက မိဖုရားသည် တစ်စုံတစ်ရာက သူ့အတွက် နစ်နာစရာဖြစ်လာတော့မည်ဟု ခံစားမိလာလျှင် စကားအလိမ္မာလေးနှင့် လိုရင်းကို လွှဲပြောင်းပြောတတ်ပေသည်။ ထို့ကြောင့် မိဖုရားနှင့် စကားပြောလျှင် အမြဲတစေ အဆင်မပြေမှုများနှင့်သာ အဆုံးသတ်သွားတတ်၏။ ခါဆယ်ရ်က ပထမဆုံးအကြိမ်အဖြစ် မိဖုရားနှင့် စကားကောင်းကောင်းပြောခွင့်ရသလို ခံစားခဲ့ရသည်။
“အတိတ်မေ့သွားပေမဲ့ ဘာမှမသိတော့တဲ့သူ ဖြစ်သွားတာမဟုတ်ဘူး။ အခြေခံသိသင့်တာလေးတော့ သိသေးတယ်တဲ့။”
“ဟုတ်ပါတယ်။ မိဖုရားနဲ့ စကားပြောကြည့်လိုက်တော့ အဲ့ဒီအပိုင်းမှာ ပြဿနာမရှိတဲ့ပုံပါပဲ။”
“ဒါဆို ဘာကိုစိုးရိမ်နေတာလဲ။”
မာရီအန်းက ရုံးခန်းထဲကို ဝင်လာချိန်ကတည်းကစပြီး အကျပ်ရိုက်နေခဲ့သည့်ပုံပင်။
“ကျွန်မ စိုးရိမ်ရတဲ့ကိစ္စက တစ်ခုအပြင် ထပ်ပြီးရှိသေးလို့လား။ အခု ကိစ္စတွေက ဒီလိုတောင် ဖြစ်လာပြီဆိုတော့ ရင်သွေးတော်ကို ရင်မှာထွေးပွေ့နိုင်မဲ့နေ့က တဖြည်းဖြည်း ဝေးသထက်ဝေးလာမှာကို စိုးကြောက်မိပါတယ်။”
ခါဆယ်ရ်က မသိမသာ အကြည့်လွှဲလိုက်သည်။
“အရှင်မင်းကြီး။ နောက်လဆိုရင်ပဲ အရှင်တို့ ထိမ်းမြားလက်ထပ်ခဲ့ကြတာ သုံးနှစ်တိတိပြည့်တော့မှာပါ။ နှစ်ဦးသားက သတင်းကောင်းပေးဖို့ စိတ်ကူးမရှိကြဘူးဆိုတော့ ကျွန်မပဲ စိတ်မကောင်းဖြစ်ရပါတယ်။”
“နောက်လပေါ့လေ။ နောက်လရဲ့နောက်လမဟုတ်ဘူးလား။”
“အရှင်မင်းကြီး။ အခု အဲ့ဒါကိုပါ ရောထွေးကုန်ပြီလား။”
နေ့ရက်တွေကို တိတ်တဆိတ် တွက်ကြည့်နေသည့် ခါဆယ်ရ်က ပြန်ပြောခဲ့သည်။
“နောက်လဟုတ်လို့လား။”
“တိုင်းပြည်မှာ နိုင်ငံတော်အဆင့် ထိမ်းမြားလက်ထပ်ပွဲ ကျင်းပတာက နှစ်လကြာပြီးတော့မှဆိုပေမဲ့ ဆန်းဂျယ်ရဲ့ရှေ့မှောက်မှာ လက်ထပ်စာချုပ်ကို အရင်လက်မှတ်ထိုးခဲ့တယ်မဟုတ်ပါလား။”
“အာ…”
ခါဆယ်ရ်က သက်ပြင်းချလိုက်သည်။ တကယ်ကို အဓိပ္ပာယ်မဲ့သည့်အမှားကို လုပ်မိခဲ့ခြင်းပင်။ မာရီအန်း ပြောခဲ့သည့်အတိုင်း လက်ထပ်စာချုပ်အရ လက်ထပ်ထိမ်းမြားမှုသည် နောက်လထဲတွင် တရားဝင် သုံးနှစ်ပြည့်မည်ဖြစ်သည်။
“နောက်လပဲဖြစ်ဖြစ်၊ နောက်လရဲ့နောက်လပဲဖြစ်ဖြစ် အရေးမကြီးပါဘူး အရှင်မင်းကြီး။ တကယ်ကို ဆက်ခံသူမွေးဖွားဖို့ အချိန်တန်နေပါပြီ။”
‘ဟင့်အင်း။ အဲ့ဒါက အရမ်းအရေးကြီးတယ်။’
ခါဆယ်ရ်က စိတ်ထဲမှသာ ပြန်ဖြေခဲ့သည်။ လက်ထပ်ထိမ်းမြားခြင်း ဥပဒေအရ သုံးနှစ်တာအချိန်က အင်မတန် အရေးကြီး၏။ အကြောင်းမူကား ဇနီးမောင်နှံနှစ်ဦးက လက်ထပ်ပြီး သုံးနှစ်ပြည့်သည့်တိုင် မင်္ဂလာဦးညကို ကုန်ဆုံးရသေးခြင်းမရှိလျှင် လက်ထပ်ထိမ်းမြားမှုကို ဖျက်သိမ်းနိုင်ပေသည်။
အမှန်တော့ သူတို့နှစ်ဦး၏ အိမ်ထောင်ရေးကား အစကတည်းကပင် ပြဿနာများနှင့်ဖြစ်၏။
ဘုရင်နှင့် အာနီခါတို့သည် ဘာသာရေးမြို့တော်၌ ဆန်းဂျယ်၏ ကြပ်မတ်မှုအောက်တွင် လက်ထပ်ရမည်ဖြစ်သည်။ မင်္ဂလာဦးည ကုန်ဆုံးပြီးသည့် နောက်တစ်နေ့တွင် ဆန်းဂျယ်၏ ရှေ့မှောက်၌ လက်ထပ်စာချုပ် လက်မှတ်ရေးထိုးကြရပေမည်။ ထို့နောက်တွင် ကိုယ့်တိုင်းပြည်ကိုယ်ပြန်၍ နိုင်ငံတော်အဆင့် မင်္ဂလာပွဲကို တစ်ဖန်ထပ်ပြီး ကျင်းပကြရမည်ဖြစ်သည်။
သို့သော် သူတို့နှစ်ဦးက ထိမ်းမြားခြင်းအခမ်းအနားမလုပ်ဘဲ လက်ထပ်စာချုပ် ရေးထိုးခဲ့ကြသည်။ အတုအယောင် ပြင်ဆင်ထားသည့် လက်ထပ်စာချုပ်က အမှန်တကယ် တရားဝင်ပါ့မလားဟူ၍ အငြင်းပွားနိုင်စရာရှိ၏။
နှစ်ဦးနှစ်ဖက် သဘောတူထားခဲ့ကြသည့် အလိမ်အညာဖြစ်သောကြောင့် ထိုအချက်ကို ကျော်သွား၍ရလျှင်တောင် သုံးနှစ်လုံးလုံး အတူမအိပ်ခဲ့ကြဘူးဟူသည့်အချက်က ကျိန်းသေပေါက် ပြဿနာဖြစ်လာပေလိမ့်မည်။
လက်ထပ်ခဲ့ကြသည်မှာ သုံးနှစ်နီးပါး ရှိခဲ့ပြီဖြစ်ပြီး ဘုရင်နှင့် မိဖုရားက အခုထိ မင်္ဂလာဦးညကို ကုန်ဆုံးရခြင်းမရှိသေးချေ။ ဘယ်သူ့ကိုမှ ယုံကြည်လို့မရပါလားဟုဆိုပြီး မျက်စိရှေ့တွင် ပူညံပူညံလုပ်နေသည့် မာရီအန်းတစ်ယောက် နေရာမှာတင် မေ့လဲသွားလောက်မလားတောင် မပြောတတ်ပေ။
ထိုအချက်မှာ ကျိန်းသေပေါက် ဘုရင်နှင့် မိဖုရားတို့သာ သိထားကြသည့် လျှို့ဝှက်ချက်ပင်။ နှစ်ဦးသား ချုပ်ဆိုထားကြသည့် စာချုပ်ကြောင့်ဖြစ်၏။
မိဖုရားအလိုရှိသည့် ‘ဝတ္တရားဆန်ဆန် အိမ်ထောင်ရေး’ ဆိုသည်မှာ ယင်းအဓိပ္ပာယ်ဖြစ်သည်။ တခြားသူများ၏ အရှေ့တွင်သာ ဇနီးမောင်နှံအဖြစ် ဟန်ဆောင်ကြသည့်အတွက် သူတို့နှစ်ဦးမှာ တကယ့် အကြင်လင်မယား မဟုတ်ကြပေ။
မိဖုရားက ထူးဆန်းသည့် စာချုပ်ချုပ်သည့် အတိုင်းအတာအထိ မိဖုရားအရိုက်အရာကို လိုအပ်ရခြင်းအတွက် အကြောင်းရင်း ရှိကိုရှိရပေမည်။ ခါဆယ်ရ်က ထိုအကြောင်းရင်းကို မသိပေ။
သုံးနှစ်ပြည့်၍ စာချုပ်အဆုံးသတ်သွားလျှင် ပြောပြပါမည်ဟု ပြောခဲ့သည်။ သို့သော် အမှန်အတိုင်းပြောရလျှင် အကြောင်းရင်းက အရေးမကြီးပေ။ ခါဆယ်ရ်က ဆက်ခံသူရရင်ပဲ တော်ပါပြီဟု တွေးခဲ့သည်။
‘ဧကန္တ မိဖုရားက ငါ ပြန်မလာခင် ထွက်ပြေးဖို့ တွေးခဲ့တာများလား။’
ခါဆယ်ရ် ဒီတစ်ကြိမ် ကင်းထောက်လှည့်လည်ရေးပြီးသွားလို့ ပြန်လာလျှင် သုံးနှစ်ပြည့်မည်ဖြစ်သည်။ မိဖုရားသာ ကတိဖျက်ဖို့ စိတ်ကူးရှိသည်ဆိုလျှင် ခါဆယ်ရ် ရဲတိုက်တွင် မရှိသည့်အချိန်က နောက်ဆုံးအခွင့်အရေးပင်။ တစ်နေရာရာသို့ ထွက်ခွာပျောက်ကွယ်သွားပြီး သုံးနှစ်ပြည့်ပြီးသည့်နောက်မှ ပြန်လာ၍ ထိမ်းမြားလက်ထပ်မှုကို ဖျက်သိမ်းမည်ဟု တောင်းဆိုနိုင်ပေသည်။
‘ဒါပေမဲ့ ဘာဖြစ်လို့ ကန္တာရထဲကိုလဲ။’
~~~~~
Miel’s Translations