Chapter 2
“အရှင်မင်းကြီး ရောက်လာပြီလား”
“မရောက်လာသေးပါဘူး …” ခပ်ငယ်ငယ်အပျိုတော်လေးက ထိတ်လန့်တကြားဖြေသည်။
မယ်ဒီရာ သာ သတိကောင်းကောင်းရလာပြီး မင်းကြီးသာ သူမနဲ့ ရှိမနေတာ သိရင် သူမအနားက လူတွေ အသက်ဆုံးရှုံးရတော့မှာ။
ပြီးခဲ့တဲ့ တစ်ခေါက်က မင်းကြီးသာ ခြေတစ်လှမ်းနောက်ကျခဲ့ရင် အပျိုတော်အများကြီး လည်ပင်းပြတ်ရမှာ။
မယ်ဒီရာ ကွန်စတန့် ကရစ်ခ် ၊ နယ်စားမင်းရဲ့ အကြီးဆုံး သမီးတော်က အသက်ဆယ့်နှစ်နှစ်ကတည်းက မင်းသားရဲ့ ဇနီးလောင်း ဖြစ်သည်။
အသက်ဆယ့်နှစ်နှစ်ကတည်းက အံဩစရာ အလှတရားနဲ့ ပြည့်စုံသူမို့ အရွယ်ရောက်တော့ တစ်တိုင်းပြည်လုံးမှာ အချောအလှဆုံး မိန်းမပျိုအဖြစ် သတ်မှတ်ခံခဲ့ရသည်။
အရင် မင်းကြီး နတ်ရွာစံတဲ့အခါမှာ မင်းသားက ထီးနန်းဆက်ခံပြီး တချိန်တည်းမှာပဲ သူမကို မိဖုရားခေါင်ကြီး အဖြစ် သတ်မှတ်ခဲ့သည်။ ထိုအချိန်တွင် သူမ အသက် ဆယ့်ခြောက်နှစ်အရွယ်သာ ရှိသေးသည်။
ထိုသို့ မိဖုရားခေါင်မြှောက်ခြင်းမှာလည်း အကြောင်းရှိသေးသည်။ ငယ်ငယ်ရွယ်ရွယ်မင်းသားအနေနဲ့ ဘုရင်အဖြစ် ထီးနန်းဆက်ခံဖို့ နယ်စားမင်းရဲ့ ထောက်ခံမှုကို အပူတပြင်း လိုအပ်နေသောကြောင့်ပင်။
ငယ်ရွယ်ပြီး နုံအတဲ့ မယ်ဒီရာ ဟာ မိဖုရား ဖြစ်ဖြစ်ချင်း ပြောင်းလဲသွားပါတော့သည်။ ဖြစ်နိုင်တာကတော့ သူမမှာ ဒီအတွေးတွေ ရှိနေမှန်း နယ်စားမင်းအိမ်တော်မှာ ရှိတုန်းက ဘယ်သူမှ သတိမပြုမိတာ ဖြစ်မည်။
တစ်တိုင်းပြည်လုံးရဲ့ အလှဆုံး မိန်းမပျိုဟု သတ်မှတ်ခံရပေမဲ့ မယ်ဒီရာ ကိုယ်တိုင်ကတော့ သူ့ကိုယ်သူ ရုပ်ဆိုးသည်ဟု ထင်နေရှာလေသည်။
သူမက လှပတဲ့ မိန်းကလေးမဟုတ်ဘူး။ တကယ်လို့ လိုင်လ် နဲ့ တူတူ အိပ်ရာဝင်ပြီး လိုင်လ် က သူမကို မဖက်ဘူးဆိုရင် သူမက ရုပ်ဆိုးနေလို့များလား။ လိုင်လ် က အလုပ်များလို့ တခန်းတည်း တူတူမအိပ်နိုင်ဘူးဆိုရင် သူမနဲ့ တူတူ မအိပ်ချင်လို့။ သူမက အဝလွန်နေလို့။ ထိုသို့သော အတွေးများနဲ့ ဖြစ်သည်။
မယ်ဒီရာ က လိုင်လ် ဆီက နွေးထွေးမှုကို ငတ်မွတ်နေသူဖြစ်ပြီး သူ့ဆီက ဂရုစိုက်မှုကို ရဖို့ ဘယ်နည်းလမ်းကို မဆို သုံးဖို့ ဝန်မလေးသူဖြစ်သည်။
မိမိဘာသာ ဝသည်ဟု သတ်မှတ်ထားသော မိဖုရားက သုံးလအတွင်း အစာငတ်ခံလေသည်။
နောက်ဆုံး လိုင်လ် တစ်ယောက် သည်းမခံနိုင်တော့ အစာငတ်မခံရဟု အမိန့်ထုတ်ရတဲ့အထိပင်။ အစာငတ်မခံရတော့ မယ်ဒီရာ က စားပြီးသား ပြန်အန်လေသည်။
လိုင်လ် တစ်ယောက် မယ်ဒီရာ ရဲ့ အရိုးပေါ်အရေတင် အခြေအနေကို မြင်တော့ အတူမအိပ်နိုင်ဟု ငြင်းရတော့သည်။ သတ်မှတ်ထားတဲ့ ကိုယ်အလေးချိန်မရောက်မချင်း အတူ မအိပ်နိုင်ဟု အမိန့်ထုတ်မှသာ မယ်ဒီရာ က အစာပြန်စားသည်။
အစားလျှော့စားတာကို တားမြစ်ခံရတော့ သူ့ ပတ်လည်က မိန်းမတွေဆီ အာရုံစိုက်လာသည်။
လိုင်လ် ဖောက်ပြန်မည်ကို မယ်ဒီရာ က သေမလောက် ကြောက်ရွံ့ရှာသည်။
ဘုရင့်အနားက အပျိုတော်တွေကို သာမန် အစေခံတွေနှင့် အစားထိုးပစ်သည်။ ဘုရင့်အနား ခစားခွင့်ရသည့် အပျိုတော်တွေသည်လည်း ရုပ်ဆိုးသူများကိုသာ ခွင့်ပြုစေသည်။
နန်းတော်ထဲက အရာအားလုံးကို စိတ်တိုင်းကျ ချယ်လှယ်လို့မှ အားမရ။ လိုင်လ် ရဲ့လှုပ်ရှားမှုအားလုံးကို မျက်စိဒေါက်ထောက်ကြည့်လေသည်။
တော်ဝင်မိသားစုရဲ့ တောင်းဆိုချက်အရ သတ်မှတ်ရက်မှာတော့ လိုင်လ်က ခွန်းတုံပြန်ချင်းမပြုပဲ သူ့ခန္ဓာကိုယ်ကို အသုံးချခွင့်ပြုသည်။
မယ်ဒီရာကတော့ သူမဘဝက အမြဲအထီးကျန်ပြီး စိတ်ပျက်ဖို့ ကောင်းသည်ဟု ဆိုလေ့ရှိသည်။
သူက သူမကို လှတယ်လို့ မပြောတဲ့အပြင် နွေးထွေးတဲ့ အကြည့်တွေနဲ့လဲ ဘယ်တော့မှ မကြည့်ဘူး။ သူမရဲ့ အော်ဟစ် တောင်းဆိုမှုတွေတောင် အရာမထင်တဲ့အခါ လိုင်လ် ကို ဘုရင်အဖြစ်ကနေတောင် ဖြုတ်ချချင်မိတဲ့ အထိပဲ။ ဒါပေမဲ့ သူမက အဆုံးထိ သည်းခံနေတုန်းပဲ။
မယ်ဒီရာရဲ့ အဖေ နယ်စားမင်း ကရစ်ခ် က တော်ဝင်မိသားစုရဲ့ ခေါင်းဆောင် ဖြစ်နေတုန်းပဲ။
ဘုရင့်ရဲ့ ဦးလေး နယ်စားမင်း ရိုဝမ်ဒယ် ကလဲ ရှိတုန်းပဲမလား။
ကရစ်ခ် နယ်စားမင်းက ခုထိ ဘက်မလိုက်ပဲ ရိုဝမ်ဒယ် ကို ထောက်ခံဖို့ ငြင်းဆန်တုန်းပဲ။
“ဟင်းး ….”
မယ်ဒီရာကို ပြုစုပေးနေတဲ့ ရံရွှေတော်တွေ ရုတ်တရတ်မို့ လန့်သွားရသည်။
မျက်တောင်ကော့တွေနဲ့ ဝိုင်းရံထားတဲ့ မျက်ခွံတွေ တဖြည်းဖြည်းလှုပ်ခတ်လာပြီး ပွင့်လာသည်။
မကြာမီမှာပဲ အပြာရောင်မျက်ဝန်းတွေက သူတို့ကို ကြည့်နေလေသည်။
မယ်ဒီရာကို ကြည့်ရင်း ထိတ်လန့်မှုကြောင့် လက်ဖျားတွေ တုန်လှုပ်နေတာကို ထိန်းဖို့ ကြိုးစားနေတဲ့ အပျိုတော်က
“အရှင်သခင်မ မိဖုရားဘုရား၊ သတိရလာပြီလားဘုရား”
ထိုအချိန်မှာပဲ မယ်ဒီရာက သူမ တခါမှ မတွေ့ဖူးတဲ့ ပုံစံကို ဖော်ပြလာလေသည်။
ဘုရင်မက အပျိုတော်ကို သံသယမကင်းစွာနဲ့ ကြည့်နေလေသည်။ သူမမျက်လုံးတွေက “ရှင်ဘာတွေ ဖြစ်နေတာလဲ” ဟုဆိုနေသလို။
တစ်စုံတစ်ခုတော့ မှားယွင်းနေပြီဟု ခံစားရသော အပျိုတော်က “သခင်မ?” ဟု ထပ်ခေါ်လိုက်လေသည်။
မယ်ဒီရာက မျက်တောင်ခတ်ရင်း အပျိုတော်ကို စိုက်ကြည့်လာပြန်သည်။ သခင်မမျက်နှာက မကြာခဏ မျက်မှောင်ကြုတ်နေတတ်တာတောင် အမြဲ လှပနေသည့် မျက်နှာပင်။ သို့သော် သခင်မမျက်နှာမှာ တည်ငြိမ်တဲ့ အမူအရာမျိုး မတွေ့ရတာ နှစ်ပေါင်းများစွာ ကြာခဲ့လေပြီ။
“ဟင်… ကျွန်မလား?”
အပျိုတော်က တံတွေးတချက်မျိုချရင်း သောက်ရတော့မည့် အဆိပ်ခွက်အတွက် အဆင်သင့်ပြင်ထားလိုက်သည်။ နောက်ထပ် သခင်မရဲ့ လှပတဲ့ နှုတ်ခမ်းတွေက ထွက်ကျလာမဲ့ စကားသံတွေက “သူ့ကို လာဖို့ အကြောင်းကြားထားလား” ဆိုတဲ့ မေးခွန်းပင် ဖြစ်မည်။
အပျိုတော်က ကြောက်ရွံ့မှုကြောင့် တကိုယ်လုံး တုန်နေပြီး ဘာလို့များ အပျိုတော် လာလုပ်မိပါလိမ့်ဟု မေးခွန်းထုတ်နေမိသည်။
ဘုရင်က ဘယ်လောက်ပဲ မိဖုရားကို မုန်းနေပါစေ၊ မိဖုရားရဲ့ မဟုတ်က ဟုတ်က နည်းလမ်းတွေကြား အသက်ပျောက်ရသည်မှာ ရံရွှေတော်တွေပင်။
“ဟင် … အရှင်မ?”
မယ်ဒီရာက သလွန်တော်ပေါ်က အလောတကြီး ထလိုက်သည်။ အပျိုတော်တွေက အလောတကြီး တွဲထူဖို့ ကြိုးစားလိုက်သည်။ သခင်မက စောနလေးတင်မှ ခေါင်းထိထားသည်မလား။
မယ်ဒီရာက တွဲထားတဲ့ လက်တွေကို ဖြုတ်ချပစ်ပြီး သူမ ဆံပင်တွေကို စမ်းလိုက်သည်။
ထိတ်လန့်တဲ့မျက်နှာနဲ့ အော်ဟစ်လိုက်တာက “ဆံပင်ရှည်တွေ !!”
နောက်ပြီး သူမရဲ့ ဂါဝန်ရှည်ကို မပြီး ရေရွတ်လိုက်တာက “ဒါဘာအကျီကြီးလဲ …. တော်တော်ကြီးနေတာပဲ”
ထို့နောက် သူမလက်တွေက သူမဗိုက်နဲ့ ခါးကို စမ်းမိပြီး ” ဗိုက်ခေါက်တွေ မရှိတော့ဘူး? ငါက ပိန်ပိန်လေး? ဒါဘာတွေဖြစ် …”
သူမ ဘေးပတ်ပတ်လည်ကို လိုက်ကြည့်လိုက်တော့ သူရဲကောင်းရုပ်ပုံတွေ၊ နတ်ဘုရားပုံတွေနဲ့ လှပစွာ တန်ဆာဆင်ထားတဲ့ မြင့်မားတဲ့ နံရံတွေ မျက်နှာကြက်တွေ။
ကြီးမားလှတဲ့ အိမ်ခန်းဆောင်? ဒါက အိပ်.. အိပ်ခန်းမဟုတ်သေးဘူး?
ပတ်ချာလည်မှာလဲ ရှေးခေတ်ဝတ်စုံနဲ့ မိန်းမပျိုတွေ… သူမ မျက်လုံးတွေ မူးဝေလာပြန်သည်။
အဆုံးမှာတော့ သူမ မေ့လဲသွားတော့သည်။ အဖြစ်အပျက်တွေက ယုံနိုင်ဖွယ်မရှိ။
“ဘုရင်မ !!!” အော်ခေါ်သံတွေ ဘုရင်မ အိပ်ဆောင်ထဲ ညံသွားတော့သည်။
***********