Chapter 3
“…အတိတ်မေ့သွားတယ်..”
အမဲလိုက်လက်အိတ်ကို ချွတ်ရင်း လိုင်လ် မျက်မှောင်ကုတ်သည်။
သူထင်တာက အခုချိန်လောက်ဆိုရင် မိဖုရားဘေးက အပျိုတော်တွေကို အမိန့်ထုတ်ပြီး ကယ်ရတော့မည်ဟု ထင်ထားခြင်းဖြစ်သည်။
သို့သော် မထင်မှတ်ထားသော သတင်းကိုသာ ကြားလိုက်ရပြီး လိုင်လ် အရမ်း စိတ်လှုပ်ရှားသွားသည်။
“တကယ်လို့ သူသာ တကယ်အတိတ်မေ့သွားရင် ငါတော့ ဒီညအေးဆေးအိပ်လို့ရပြီ”
“သူက ငါ့ကို မမှတ်မိတော့ဆိုတော့ ငါ့အိပ်ခန်းဆောင်မှာ ဖွက်ထားတယ်ဆိုတဲ့ စိတ်ကူးယဉ်မိန်းမတွေအကြောင်း နားထောင်စရာ မလိုတော့ဘူးပေါ့”
“အရှင်မင်းကြီး ဟာသလုပ်ရမဲ့ အချိန်မဟုတ်ပါဘူး။ ဒီတခါတော့ မိဖုရားက တကယ် အတိတ်မေ့သွားတာ ထင်တယ်”
ဆစ်ခ်ရဲ့ စိုးရိမ်ကြောင့်ကြသံနဲ့တောင် လိုင်လ်က မယုံကြည်နိုင်ဖြစ်နေသည်။
မယ်ဒီရာသေကြောင်းကြံစည်တဲ့အခါတိုင်းမှာ အသက်မရှူတော့ဘူး၊ သေသွားပြီဟု အကြိမ်ကြိမ်ကြားခဲ့ရသည်မလား။
“အတိတ်မေ့တယ်… မိဖုရားက ပေါင်းဖက်ရမဲ့နေ့အတွက် မဟုတ်တမ်းတရား တောင်းဆိုမှုတွေ လုပ်ဦးမှာလား? မင်းသေချာစုံစမ်းပြီးပြီလား။ သူ့ကိုရော စစ်ဆေးပြီးပြီလား”
“ဟုတ်ကဲ့။ အရှင်မင်းကြီးလဲ လိုက်ကြည့်သင့်…”
သို့သော် လိုင်လ်ရဲ့မျက်နှာက အေးစက်လျက်။
“ကိုယ်တော်က သူ့ကို ကုနိုင်တာမှမဟုတ်တာ။ တကယ်သာ အတိတ်မေ့တာဆိုရင် ကိုယ်တော်က သူစိမ်းပဲမလား။ အဲ့တော့ လိုက်မကြည့်တာ ပိုကောင်းတယ်”
“အမ်… အရှင်..”
လိုင်လ်က ဘာမှ ထပ်မကြားချင်တော့ဘူးဆိုတဲ့ မျက်နှာနဲ့ ထွက်သွားလေသည်။ ဆစ်ခ်က ဘုရင်နောက် ပျာတိပျာယာ လိုက်ရလေသည်။
ငါးရက်အကြာရောက်ရင်.. လိုင်လ်က သူမဆီ မသွားချင်လဲ သွားရတော့မည်။
သူမတကယ် အတိတ်မေ့တာ ဟုတ် မဟုတ် သူကိုယ်တိုင် အတည်ပြုရမည်။
ငါးရက်မြောက်နေ့ကျ အိပ်သာ အိပ်နေချင်လိုက်တာပါပဲ။
လိုင်လ် စိတ်ထဲက စိတ်ပျက်စရာကောင်းတဲ့ မိဖုရားရဲ့မျက်နှာကို ဖျောက်ရင်း ဒီနေ့လုပ်ရမဲ့ အချိန်ဇယားတွေကို ဆစ်ခ်ကို တောင်းလိုက်လေသည်။
**********