Chapter 4
မယ်ဒီရာက သလွန်တော်ပေါ်မှာ တစ်ယောက်တည်း လှဲနေသည်။
သမားတော်က သူမကို လာစစ်ဆေးပြီး မေးခွန်းတွေ အများကြီး မေးလေသည်။
သမားတော် ပြောစကားအရ သူမက မယ်ဒီရာ ကွန်စတန့် ကရစ်ခ်ဖြစ်သည်။
“မယ်ဒီရာ” ဒီနာမည်ကို သူမ မှတ်မိသည်။ မှတ်မိရခြင်းကလဲ “ဘုရင့်ရဲ့ လှပတဲ့ ဓါး” ဝတ္ထုထဲက ယုတ်မာသော ဇာတ်ကောင်နာမည် ဖြစ်သောကြောင့်ပင်။ ထိုဇာတ်ကောင်က အဓိက ဇာတ်ဆောင် ပေါ်မလာခင်ထိ အကြိမ်ကြိမ် သေကြောင်းကြံခဲ့သူဖြစ်သည်။
သူမက သေလုဆဲဆဲ မိဖုရားခေါင်ကြီးသာဖြစ်သည်။ ဘုရင်က မိန်းမတွေကို ဘာလို့ ရွံ့ရှာရသလဲဆိုတာအတွက် စာရေးဆရာ သုံးသော အကြောင်းပြချက် ဇာတ်ကောင်သာဖြစ်သည်။
“ဒါက ဖြစ်နိုင်ချေရှိတာပဲ” မယ်ဒီရာ က တွေးရင်း သလွန်ပေါ်က ကျနေတဲ့ ဇာအမိုးကို မော့ကြည့်မိသည်။
ဝိဉာဉ် ကူးပြောင်းတာ၊ အသက်ပြန်ငယ်သွားတာ … ဒါမျိုးတွေကို သူမ web novels တွေထဲ မြင်ဖူးခဲ့သည်ပင်။
သူမဖုန်းနဲ့ကွန်ပြူတာပေါ်တွင် ဖတ်ခဲ့သည်မှာ မရေမတွက်နိုင်အောင်။
“ကြည့်ရတာ ဝိဉာဉ်ကူးပြောင်းဖို့ အပျိုဖြစ်စရာ မလိုဘူးထင်တယ်”
ဘုရင့်မိန်းမဖြစ်ပြီးမှတော့ တခြားသူတွေနဲ့ အီစီကလီလုပ်ခွင့်မရတော့။ ဒါက မကောင်းတဲ့အချက်ပဲ။
နောက်ပြီး ဇာတ်လမ်းက ဘာလို့ အလယ်ခေတ်ကို အခြေခံထားရတာတုန်း။
ရှေးခေတ်နောက်ခံတွေက ရုပ်ရှင်တွေ ဝတ္ထုတွေအတွက်တော့ ကောင်းပါရဲ့။ ဒါမဲ့ ဒီမှာ ဂိမ်းတွေ၊ တီဗီတွေ၊ အွန်လိုင်း ဝတ္ထုတွေ မရှိဘူးလေ !!!
“ငါဘယ်လို အသက်ရှင်ရပါ့”
ကားစီးရင် ရထားစီးရင် ဝတ္ထုဖတ်နေကျ သူမအတွက်ကတော့ သေမိန့်ချခံရသလိုပင်။
“ငါက အွန်လိုင်းဝတ္ထုစွဲနေတာလေ!!” သူမအပြီးထိ မဖတ်ရသေးတဲ့ အွန်လိုင်းဝတ္ထုအကြောင်း စဉ်းစားမိတော့ မျက်ရည်ပင် ကျချင်လာသည်။
အလယ်ခေတ်ကို ပြန်မရောက်ခင် သူမ အွန်လိုင်းဝတ္ထုအားလုံး မဖတ်ရသေးသည်မှာ နောင်တရချင်စရာပင်။
နောက်ပြီး …. သူမစုထားတဲ့ ပိုက်ဆံအားလုံးကို မသေခင် မသုံးခဲ့ရသေးဘူးလေ။
ဒါက စိတ်တိုစရာအကောင်းဆုံးနဲ့ စိတ်အနှောက်အယှက်ဖြစ်စရာ အကောင်းဆုံး အကြောင်းရင်းပဲ။
“ငါက ဘာလို့ သေသွားရတာလဲ”
သူမရဲ့ နောက်ဆုံးမှတ်ဉာဏ်က ညစာစားပွဲမှာ သူမသူဌေးတိုက်တဲ့ အရက်နဲ့ ဝိုင်ကို နောက်ဆုံးသောက်ခဲ့ခြင်းပင်။
ငါက ၁၈ခွက်မြောက် အရက်ခွက်ကို သောက်ပြီး ရပ်တော့မလို လုပ်နေတဲ့အချိန်မှာ အဲ့ခွေးမန်နေဂျာက “အိုဆွန်းယွန်းသာ အမြဲတမ်း ဝန်ထမ်းမဖြစ်ရင် ဒုက္ခပဲ” လို့ ပြောလိုက်လို့။
သူမကို အရက်အတင်းသောက်ခိုင်းတဲ့ မန်နေဂျာမျက်နှာကို ပုံဖော်နေမိသည်။
မယ်ဒီရာက ကိုယ်ပေါ်ခြုံထားတဲ့ စောင်ကို ကန်ထုတ်လိုက်လေသည်။
ငါအဲ့နောက်တစ်ခွက်ကို ထပ်သောက်ပြီး သေရတာပဲ။ မသေခင် သူ့ဆံပင်တွေ အကုန်ဆွဲနှုတ်ပစ်ခဲ့ရမှာ။ နောက်ဆုံးတစ်ခွက်သောက်ပြီးတဲ့အချိန်မှာ ငါမျက်လုံးတွေ လေးလာပြီး ငါ လဲကျသွားတော့တာပဲ။
လုံးဝသတိမလွတ်သွားခင် နောက်ဆုံးကြားလိုက်ရတာက တခြားဝန်ထမ်းတွေရဲ့ အော်သံပဲ။ နောက်ပြီး အဲ့ခွေးမန်နေဂျာရဲ့မျက်နှာရော … “ငါသေပြီဆိုတော့ဒုက္ခမရောက်တော့ဘူးပေါ့။ ရာထူးကို သုံးပြီး ငါ့ကို အနိုင်ကျင့်တဲ့ဟာတွေ။ ငါက မိဘမဲ့ဆိုတော့ တရားစွဲမဲ့သူ မရှိဘူးဆိုပြီး ဝမ်းသာနေတာမလား… ငါ့ဦးလေးက ဒီလိုအခွင့်အရေးမျိုး လက်လွတ်ခံမှာ မဟုတ်ဘူး”
ဆိုယွန်းရဲ့ ဦးလေးက လူယုတ်မာတစ်ယောက်။
အဲ့ဦးလေးကပဲ သူမအဖေနဲ့ အမေနာမည်နဲ့ ဝယ်ထားတဲ့အိမ်ကို ယူပြီး သူမကို မိဘမဲ့ဂေဟာ ပို့ပစ်ခဲ့တာ။
ဆိုယွန်းလဲ နာမည်ရှိတဲ့ ကုမ္ပဏီမှာ အလုပ်ဝင်ရော သူမဦးလေးက ဘာမှမဖြစ်ခဲ့သလို မျက်နှာပြောင်တိုက်ပြီး ဆက်သွယ်လာသေးသည်။
“အမှိုက်နဲ့ အမှိုက်ကန်နဲ့ တွေ့ကြတာပေါ့” အမှိုက်က သူမဦးလေးဖြစ်ပြီး အမှိုက်ကန်က ခွေးမန်နေဂျာဖြစ်သည်။
ဒါက ဟိုးအဝေးကြီးက နိုင်ငံတစ်ခုက ဝမ်းနည်းစရာ ပုံပြင်တစ်ပုဒ်သာသာပဲ။ ပြီးတော့ သူမက သေသွားခဲ့ပြီမလား။
ဒါနဲ့ နေပါဦး။ အွန်လိုင်းဝတ္ထုထဲက ဇာတ်ကောင်နေရာ ရောက်နေတယ်ဆိုတာ ဘာသဘောလဲ။
မယ်ဒီရာက ဒုတိယထပ်လသာဆောင်ကနေခုန်ချပြီး သေသွားရမှာလေ။ အခု မယ်ဒီရာ့ ဝိဉာဉ်က ပျောက်ဆုံးသွားပြီး ခန္ဓာကိုယ်က အသက်ရှင်နေတုန်းပဲ။
သူမက နာမည်ခံမိဖုရားသာသာဆိုပေမဲ့ ဇာတ်လမ်းက ဒီမှာတင် လွဲနေပြီ။
အဓိက မင်းသားဇာတ်ကောင် Lyle က ကလေးဘဝမှာ အရင်ဘုရင်ရဲ့ ကိုယ်လုပ်တော်တွေကြောင့် မိန်းမရွံတတ်တဲ့ ရောဂါရှိသည်။ ဆယ်ကျော်သက်အရွယ်မှာ မယ်ဒီရာရဲ့ဒုက္ခပေးမှုကြောင့်လဲ ပါတာပေါ့။
သူက တခြားမိန်းမတွေနဲ့ မတွေ့ချင်တာမို့ မိဖုရားမှာ ကလေးရဖို့ ကြိုးစားနေသူ။ ကလေးရတာနဲ့ မိန်းမတွေနဲ့ ဆက်ဆံစရာ မလိုတော့ဘူးမလား။
သေစမ်း။ ငါအဲ့လိုလုပ်လို့ မရဘူးလေ။ ငါ့ကို ကလေးမွေးပေးရမယ် ပြောနေတာလား!!
မွေးကတည်းက တစ်ယောက်တည်း ဖြစ်နေတဲ့ ဆိုယွန်းက သမီးရည်းစားကိစ္စတွေ သိသူမဟုတ်။ အချစ်ဝတ္ထုတွေ ဖတ်သည်ဆိုပေမဲ့ ရည်းစားထားချင်သူမဟုတ်။
သူမရဲ့ အချစ်ရေးက အွန်လိုင်းဝတ္ထုတွေ၊ အချစ်ဝတ္ထုတွေ ဖတ်တာနဲ့တင် လုံလောက်ပြီဟု သတ်မှတ်ထားသူ။ တကယ့်လက်တွေ့ကျကျလေ့လာဖို့ မလိုဟုလဲ သတ်မှတ်ထားသည်။ သူမ မိဘတွေ အသက်ရှင်နေတုန်းကတော့ နည်းနည်းပါးပါး အီစီကလီလုပ်ဖူးပေမဲ့ ဒါက သူမမိဘတွေရဲ့ လုံခြုံမှုအောက်မှာ ဖြစ်သည်။
ကမ္ဘာပေါ် တစ်ယောက်ထဲ အသက်ရှင်ရမဲ့အချိန်ကျ သူမက အချစ်ရေးကို လုံဝစွန့်လွှတ်လိုက်လေသည်။ ကျောင်းလခ၊ စားဝတ်နေရေး၊ အိမ်လခတွေက ရှိသေးသည်မလား။
အချစ်ဆိုတာ ဇိမ်ခံပစ္စည်းပဲမလား။
“ငါ ဒီမှာ ဘယ်သူနဲ့မှလဲ တွဲလို့ ရမှာ မဟုတ်ဘူး။ တွဲလို့ ရတယ်ဆိုရင် ငါက ဒီကို ဇာတ်ဆောင်အနေနဲ့ဖြစ်ဖြစ် ကလေးရှိပြီးသားသူဖြစ်ဖြစ် ရောက်လာရမှာပေါ့။ သူတောင်းစားဘဝ၊ ကျွန်ဘဝမရောက်တာပဲ တော်ပါသေးရဲ့လေ။”
သူတောင်းစားဘ၀၊ ကျွန်ဘဝရောက်သွားတဲ့ ဝတ္ထုတော်တော်များများပင် သူမ ဖတ်ဖူးသေးသည်။
သူတို့က အချိန်အတော်ကြာ နှိပ်စက်ခံရ၊ ဒုက္ခခံရပြီးမှ မင်းသားနဲ့ တွေ့တာဖြစ်ရင် ဖြစ်၊ မဟုတ်ရင် သူတို့က အားကြီးတဲ့သူတွေ ဖြစ်တာမလား။
“ငါ့မှာ အဲ့လောက်အင်အားမရှိဘူး”
အခု မွေ့ယာက နူးညံအိစက်ပြီး နေလို့ တော်တော်ကောင်းတာ။
နောက်ဆုံး Medea တယောက် နိဂုံးချုပ်လိုက်သည်က သူမ မိဖုရားကိုယ်ထဲ ရောက်လာသည်မှာ ကံကောင်းခြင်းပင်။
ငါ ဒီထက်ပိုပြီး ဒုက္ခရောက်နိုင်၊ ကံမကောင်းတာ ဖြစ်နိုင်သေးတာပဲ။
အဓိကမင်းသားဇာတ်ဆောင် လိုင်လ်က သူမကို မုန်းပေမဲ့ ဘုရင်မတစ်ပါးလို ဆက်ဆံတာ ဖြစ်သည်။
ဒီလိုဆက်ဆံတာ မယ်ဒီရာက နိုင်ငံရေးအရ အရေးပါလို့ဆိုတဲ့ အကြောင်းပြချက်တခုတည်းကြောင့်မဟုတ်၊ သူကိုယ်တိုင်က လူကောင်းမို့ပင်။ သူက သူမကို မုန်းသည်ဆိုမှာ ခိုင်လုံသောအကြောင်းပြချက်ရှိသည်။ မယ်ဒီရာက သူ့ကို စိတ်ပိုင်းဆိုင်ရာ အနာတရဖြစ်အောင် လုပ်ခဲ့သည်မလား။
ဒါပေမဲ့လဲ ဆိုယွန်းကတော့ လိုင်လ်ထက်စာရင် မယ်ဒီရာကို ပိုသနားမိသူပင်။
နယ်စားမင်း ကရစ်ခ် ရဲ့ အကြီးဆုံးသမီးတော်အဖြစ် မွေးလာခဲ့တဲ့ မယ်ဒီရာက ငယ်စဉ်ကတည်းက သူမအမေရဲ့ နှိပ်စက်မှုကို ခံခဲ့ရသည်။
သူမ အမေက ဘုရင်မ ဖြစ်ဖို့ စိတ်အားထက်သန်ခဲ့သူ။
တဏ္ဍာအားကြီးတဲ့ အရင်ဘုရင်က အဲ့ရည်မှန်းချက်ကို ဖျောက်ဖို့ နယ်စားမင်း ကရစ်ခ် ကို ဆုအဖြစ်ပေးအပ်ခြင်းခံခဲ့ရသူ။
ဒါမဲ့ နည်းလမ်းက ရက်စက်လွန်းသည်။
မယ်ဒီရာ စကားစပြောတတ်ကတည်းက နန်းတွင်းဓလေ့ထုံးစံတွေကို သင်ခဲ့ရသည့်အပြင် သူမရဲ့ အစားအသောက်အားလုံးက ပုံစံခွက်ထဲပင်။
သူမရဲ့ အလှကို ထိန်းသိမ်းဖို့၊ ကျက်သရေရှိမှုနဲ့ လိုအပ်ချက်မရှိတဲ့ အလှကို ထိန်းသိမ်းဖို့ သူမ မလုပ်ရဲတာ မရှိ။ မယ်ဒီရာ အမှားလုပ်တိုင်း သူမကို ချစ်တဲ့ တယောက်ထဲသောသူဖြစ်တဲ့ အထိန်းတော်ကို နယ်စားကတော်က ကြိမ်ဒဏ်ပေးလေ့ရှိသည်။
သူမ ဝိတ်တက်လာတာပဲဖြစ်ဖြစ်၊ ကကွက်မှားတာပဲဖြစ်ဖြစ် သူမ အထိန်းတော်က သွေးအလိမ်းလိမ်းဖြစ်သည်အထိ အရိုက်ခံရလေ့ရှိသည်။
မယ်ဒီရာငိုပြီး တောင်းပန်လဲ အရာမထင်။ အဲ့လိုအချိန်တွေတိုင်း သူမအထိန်းတော်က သူမကို ပွေ့ဖက်ပြီး ချော့မော့ခဲ့မြဲပင်။
သူမရဲ့ကျရှုံးမှုတွေ၊ ရုပ်ဆိုးမှုတွေ၊ မပြည့်စုံမှုတွေအတွက် မျက်ရည်ကျတိုင်း သူမက အလှဆုံးမိန်းကလေး ဖြစ်ကြောင်း သူမ အထိန်းတော်က နှစ်သိမ့်လေ့ရှိသည်။
သို့သော် မယ်ဒီရာက လိုင်လ်ကို လက်ထပ်ပြီး ဘုရင်မဖြစ်တဲ့နေ့မှာပဲ နယ်စားကတော်က အထိန်းတော်ကို မတော်တဆ သတ်မိသွားသည်။
မယ်ဒီရာ ဒီအကြောင်းသိတော့ သူမဘဝတစ်ခုလုံးကြေမွသွားသလို။
အဲ့အချိန်မှာ လိုင်လ်က သူမကို ဝတ်ကျေတန်းကျေ နွေးထွေးမှုလေး ပြခဲ့တာပင်။
သူမဘဝထဲမှာ သူမကို နွေးထွေးပေးတဲ့ တစ်ဦးထဲသော လူအဖြစ် မယ်ဒီရာက လိုင်လ့်ကို သတ်မှတ်ခဲ့ပြီး မလုပ်သင့်တာတွေ လုပ်ခဲ့ခြင်းပင်။
ငါ အထိန်းတော် သေသွားတဲ့ အခန်းကို မှတ်မိပါသေးရဲ့။
နယ်စားကတော်က အထိန်းတော်ကို အမြဲအလိုမကျဖြစ်နေခဲ့သည်။ သူမက မယ်ဒီရာကို ဘယ်တုန်းကမှ ချစ်ခင်ကြင်နာမှုကို မပြခဲ့သည့်အပြင် မယ်ဒီရာက ဘုရင်မဖြစ်လာပြီး အထိန်းတော်ရဲ့ ကြင်နာမှုတွေပါ ရသည်ကို မြင်သည့်အခါ မနာလိုဖြစ်လာခဲ့သည်။
“နင်က ဘာကြောင့်များ ဒီလောက်ရဲတင်းရသလဲ” နယ်စားကတော်က အထိန်းတော်ကို သေသည်ထိ ကြာပွတ်နှင့်ရိုက်ခဲ့ခြင်းပင်။
“နင်နဲ့ တွေ့တဲ့ သူ့ကံကိုက ဆိုးတာ”ဟု နယ်စားကတော်က မယ်ဒီရာ အပေါ် အပြစ်ပုံချသည်။
မယ်ဒီရာခမျာ စိတ်ဒဏ်ရာနက်နက်ကို ရခဲ့ခြင်းပင်။
သူမအထိန်းတော်က သူမရဲ့ အလှအပတွေကို အမြဲ ချီးကျူးခဲ့ပေမဲ့ သူမကတော့ သူမကိုယ်ကို ရုပ်ဆိုးပြီး ကျိန်စာသင့်သူဟု သတ်မှတ်သည်။
သူမက ဘုရင် လိုင်လ်ရဲ့ မိန်းမဖြစ်လာပြီး အာဏာ၊ ရာထူး၊ ကြွယ်ဝမှုနဲ့ အလှတရားတို့ ရှိနေပေမဲ့ မယ်ဒီရာက ဘယ်တော့မှ မပျော်ခဲ့ရပေ။
လိုင်လ်ရော မယ်ဒီရာရောက အသက်ငယ်ငယ်မှာ စိတ်ဒဏ်ရာတွေ ရခဲ့ပြီး အရွယ်နှင့်မလိုက်တဲ့ အာဏာတွေ လက်ထဲရှိသူသာဖြစ်သည်။ စိတ်ဒဏ်ရာ ရခဲ့သည့်အပြင် ရက်စက်တဲ့နိုင်ငံရေးမှာ ရှင်သန်နိုင်ဖို့ ရသမျှ အာဏာလက်ထဲရောက်အောင် ကြိုးစားရသေးသည်။
ဝတ္ထုရဲ့ အရှည်ကို စဉ်းစားရင် မယ်ဒီရာရဲ့ နောက်ကြောင်းနဲ့ ဇာတ်ဝင်ခန်းက အနည်းငယ်သာပင်။
အဓိကဇာတ်ဆောင်က မြို့စားမျိုးရိုး။ သူမက မြို့စားအိမ်တော်ရဲ့ သမီး စီရီရာ။ နောက်ပိုင်း သူမက သူမအဖေ ကွယ်လွန်ပြီးနောက်မှာ သူမအိမ်နဲ့ သူမမောင်လေးကို ကာကွယ်ဖို့ ယောကျာ်း စစ်သည်တော်အဖြစ် ဟန်ဆောင်ခဲ့သူ။
ပထမတော့ သူမက သူမမောင်လေး အိုင်ယန်အဖြစ်ဟန်ဆောင်ဖို့ လုပ်ခဲ့တဲ့သူ။ ဘုရင် လိုင်လ် နဲ့ တွေ့တဲ့အချိန်မှာတော့ သူမအစီအစဉ်တွေ ကမောက်ကမဖြစ်ကုန်သည်။
“မယ်ဒီရာက အသက်ရှင်နေတယ်ဆိုတော့ သူမတို့နှစ်ယောက်က ဘယ်လိုဆက်ဖြစ်မှာလဲ”
ဘုရင်က စီရီရာကို သဘောကျလွန်းလို့ သူ့အနားမှာ ခေါ်ထားဖို့ ကြိုးစားခဲ့သူ။ သူမမြို့က လူတွေကလဲ သူမ လျို့ဝှက်ချက်ကို ဝိုင်း ထိန်းသိမ်းပေးကြလေသည်။
ဇာတ်လမ်းအလယ်ရောက်တော့ စီရီရာကို သူမလျို့ဝှက်ချက်နဲ့ ခြိမ်းခြောက်တဲ့သူတစ်ယောက်ပေါ်လာသည်။ “ငါသူမကို ကူညီနိုင်မလား…ဘာလုပ်ရမလဲကို မသိတော့ဘူး”
ငါအသက်ရှင်နေတုန်းက ငါ့ရဲ့ ရည်ရွယ်ချက်က အလုပ်မြဲအောင်လုပ်ဖို့ တခုထဲပဲ။ နောက်အိမ်ဝယ်မယ်၊ အသက်ကြီးရင် သုံးဖို့ ပိုက်ဆံစုမယ်၊ ပြီးရင် အနားယူမယ် “ငါက ပျင်းစရာကောင်းတဲ့ဘဝမှာ အပျင်းပြေအောင် ဝတ္ထုဖတ်တာ၊ အခုတော့ အဲ့ဝတ္ထုတောင် ပြီးအောင် မဖတ်လိုက်ရဘူး”
မယ်ဒီရာက တွေးရင်း စိတ်ပူပန်လာမိသည်။
ဇာတ်ကြောင်းအရဆိုရင် ဇာတ်ဆောင်က ဘုရင်က အတင်းလိုက်ကပ်လို့ ကွာရှင်းခွင့်တောင်းမည်ဖြစ်သည်။
သူမရော ကွာရှင်းခွင့်တောင်းသင့်လား။
ဒီအချိန်က တခုလပ်တွေ နေလို့ကောင်းတဲ့ အချိန်လား။
အခုချိန်က မီးလဲ မရှိ၊ စတိုးဆိုင်လဲ မရှိနဲ့။
အဝတ်လျှော်စက်လဲမရှိ၊ မီးဖိုလဲ မရှိတဲ့ခေတ်မှာ နေရရင် ဘယ်လောက်တောင်ခက်ခဲလိုက်မလဲ။
အခု သူမက ဘုရင်မခန္ဓာကိုယ်ထဲမှာ ဇိမ်ခံအသုံးအဆောင်တွေနဲ့ နေရတာ ဖြစ်သည်။ တကယ်လို့ နန်းတော်ထဲက မောင်းထုတ်ခံရရင် နယ်စားမင်းက ပြန်လက်ခံမှာလား။
အခြေအနေ ၁: သူမက ဘုံကျောင်းကို နှင်ထုတ်ခံရပြီး ကျန်တဲ့ဘဝတစ်လျှောက်လုံး သီလရှင်အနေနဲ့ နေသွားရမည်။
အခြေအနေ ၂: တကယ်လို့ နယ်စားမင်းက ပြန်လက်မခံရင် မယ်ဒီရာက သာမာန်လူဖြစ်သွားမည်။
“အင်း။ အခြေအနေကတော့ မကောင်းဘူး။ ဒီမှာပဲ အခြေအနေ ကြည့်နေရမလား”
အခန်းကလဲ သက်တောင့်သက်သာရှိပြီး ဒီနေ့တွေ့တဲ့ အပျိုတော်တွေကလဲ မယ်ဒီရာအပေါ် သစ္စာရှိပုံပဲ။
ဘုရင့်အတွက် ကလေးမွေးပေးရမဲ့ အခြေအနေကလွဲရင် အခုအခြေအနေက ပိုအဆင်ပြေသည်။
ဒီမှာက အွန်လိုင်းဝတ္ထုတွေ မရှိဘူးဆိုတော့ စာအုပ်ပဲ ဖတ်ရမယ် ထင်ပါရဲ့။ ဒါမဲ့ ဒီက ဝတ္ထုတွေက ငါ့အကြိုက်ဖြစ်ပါ့မလား။
“အား… ငါချစ်တဲ့စာရေးဆရာတွေ ..”
နင်တို့ကြောင့် ငါ့ရဲ့ ခက်ခဲတဲ့ ဘဝမှာ အနည်းငယ် အပန်းပြေခဲ့ရလို့ ကျေးဇူးတင်ပါတယ်။
ဒီအတွေးတွေ တွေးရင်း မယ်ဒီရာတစ်ယောက် အိပ်ပျော်သွားလေသည်။
………………………