Chapter 5
ညစဉ်ညတိုင်း မယ်ဒီရာက သူမရဲ့ လုပ်ငန်းစဉ်တစ်ခုလို ကိုယ်ရံတော်တွေ ခေါ်ပြီး လိုင်လ်ရဲ့ အိပ်ခန်းဆောင်ကို လာရှာလေ့ရှိသည်။
သူမက မိန်းမမဝင်မှန်း သေချာစေရန်ကိုယ်ရံတော်တွေကိုပင် အပေါ်ပိုင်း ဗလာကျင်းခိုင်းလေ့ရှိသည်။
ဒီကျေးဇူးကြောင့် လိုင်လ်ရဲ့ အိပ်ခန်းဆောင်တဲ့ လုပ်ကြံမည့်သူ ဘယ်သူမှ မဝင်နိုင်ပေ။ သို့သော် နှစ်နာရီ၊ သုံးနာရီ ကြာတတ်သော ရှာဖွေမှုကို စောင့်ရင်း သူကတော့ အိပ်ရေးပျက်ရလေ့ရှိသည်။
“…… သူမ တကယ် မလာတာပါလား”
လိုင်လ် အိပ်ရာထဲ လှဲရင်း မျက်မှောင်ကုတ်နှင့်တွေးနေမိသည်။ ဒီညက မယ်ဒီရာကို သူလက်ထပ်ပြီး ပထမဆုံးအကြိမ် အေးအေးချမ်းချမ်း အိပ်ရခြင်းပင်။
သူတို့နှစ်ယောက် အတူအိပ်ရသည့်အခါတိုင်း သူမက ဒေါသထွက်ရင်ထွက် မထွက်လျှင် ငိုယိုသောင်းကျန်းလေ့ရှိသည်။ သူ့အခန်းကို ရှာနေရင်းနှင့် သူ့ကို မိန်းကလေးတွေ ဖွက်ထားကြောင်း စွပ်စွဲလေ့ရှိသည်။
ဘာလို့များ ပြောင်းလဲသွားရတာပါလိမ့်။
သူမနဲ့ စေ့စပ်ထားတုန်းက သူမပုံစံက တည်တည်ငြိမ်ငြိမ်ပင်။ ဒီလို စိတ်အခေအနေမျိုး မတွေ့ခဲ့ဖူးပေ။
သူမ လက်ထပ်ပြီးနယ်စားအိမ် ပြန်သွားပြီးနောက်တွင် ဤသို့ ပြောင်းလဲခဲ့ခြင်းပင်။
ထိုအချိန်ကစ မယ်ဒီရာတစ်ယောက် လိုင်လ်နား တကပ်ကပ်လုပ်ခဲ့ခြင်းပင်။
ထိုအချိန်က သူမအား အာရုံမစိုက်နိုင်ခဲ့ခြင်းမှာ ထီးနန်းပြိုင်ဘက်ဖြစ်သော သူ့ဦးလေးကို အနိုင်ယူရန် ကြိုးစားနေရခြင်းကြောင့်ပင်။
အဲ့အတွက် သူ စိတ်မကောင်း ဖြစ်မိသော်လည်း ….
“တကယ်လို့ သူ အတိတ်မေ့သွားတယ်ဆိုရင် … သူမ.. သူ့လက်ကို ကြည့်ရင်း စိတ်လှုပ်ရှားလွန်း၍ ကျို့ထိုးခဲ့သော ကောင်မလေး… သူမ ပြန်လာမှာလား”
ဘယ်လိုပင်ဖြစ်ပါစေ။ သူ့အတွက် ဘာမှ မထူးတော့ကြောင်း တွေးမိသည်။
သူမက ဘာမှ မမှတ်မိတော့ဘူး ဆိုစေကာမူ သူမ လုပ်ခဲ့သောအရာတွေက ပျောက်ပျက်သွားမည်မဟုတ်။ မိမိနာကျင်ခဲ့လို့ သူများကို နာကျင်အောင် လုပ်ခြင်းသည် မှန်ကန်မှု မဟုတ်။
သူမက မိဖုရားခေါင်ကြီး ဖြစ်နေဦးမည်ဖြစ်သော်လည်း သူမနှလုံးသားကတော့ဖြင့် သူနှင့် လာလားမှ မသက်ဆိုင်ချေ။
****
နောက်နေ့တွေ၊ နောက်နေ့တွေလဲ မယ်ဒီရာက လိုင်လ့်အခန်းကို မလာတော့။
မယ်ဒီရာ့ရဲ့ အပျိုတော်တွေက သတင်းစကားမပျံ့အောင် ထိန်းပေမဲ့ မြို့တော်ရဲ့ သတင်းပေးတွေကြား မယ်ဒီရာအတိတ်မေ့တဲ့သတင်းက ပျံ့နှံ့နေခဲ့လေပြီ။
အထင်ရှားဆုံးက မိဖုရားခေါင်ကြီး မလုပ်တော့သော အရာများပင်ဖြစ်သည်။
ဥပမာအနေနဲ့ဆိုရရင် ဘုရင်မက ဘုရင်ကို လိုက်နှောင့်ယှက်တဲ့ မြင်ကွင်းမျိုး၊ အစေခံတွေ အပျိုတော်တွေ အခန်းထဲက နှင်ထုတ်ခံရတာ၊ ပါးရိုက်ခံရခဲ့တဲ့ မြင်ကွင်းမျိုး မတွေ့ရတော့ချေ။
“သူမ တကယ်ပဲ အတိတ်မေ့သွားတာလား”
လိုင်လ်က လမ်းလျှောက်လာရင်း မျက်မှောင်ကြုတ်ရင်း တွေးသည်။
နယ်စားမင်း ကရစ်ခ် ဘက်က ဘာလှုပ်ရှားမှုမှ မရှိတာကို ကြည့်ခြင်းအားဖြင့် နယ်စားမင်းရဲ့ သူ့သမီးအပေါ် ထားတဲ့ သဘောထားကို သိနိုင်လေသည်။ သို့သော် သူက သူ့သမီးလုံခြုံမှုအပေါ် လုံးဝစိတ်ဝင်စားမှု မရှိခြင်းတော့ မဟုတ်ပေ။
နယ်စားမင်းက သူ့သမီးနဲ့ ဘုရင်ကို အုံးစက်ရာ အတူနွှဲဖို့ ဖိအားပေးခဲ့သူပင်။ အဘယ်ကြောင့်ဆိုသော် ဘုရင်နှင့် အတူအိပ်ပြီးသော မိဖုရားက နန်းတော်တွင်းရော အပြင်မှာပါ ပို အရေးပါခြင်းကြောင့်ပင်။
ထို့ကြောင့်ပင် လိုင်လ်က မယ်ဒီရာကို ပိုမုန်းလေသည်။
“အရှင်မ!!”
ငိုချတော့မည့်ပုံပေါက်နေသော အပျိုတော်များ၏ အသံကို ရုတ်တရက် ကြားလိုက်ရလေသည်။
အရှင်မ ဆိုသော စကားသံကို ကြားကြားချင်း လိုင်လ့်မျက်နှာတခုလုံး ရှုံ့မဲ့သွားလေသည်။
လွန်ခဲ့တဲ့ သုံးရက်က ဖြစ်ခဲ့သည်ဆိုလျှင်ပင် သူမထိခိုက်ထားသည်က ခေါင်းထိထားခြင်းမဟုတ်လား။ တခြား တော်ဝင်အမျိုးသမီးများဆိုလျှင် ထိုကဲ့သို့ ဒဏ်ရာမျိုးဆိုရင် တပတ်လောက် အိပ်ရာထဲ လဲနေလောက်ပြီ ဖြစ်သည်။
“အရှင်မ ဘုရင်မဘုရား၊ မပြေးပါနဲ့ ဘုရား။ အရှင်မ ဖိနပ်တောင် မချွတ်သင့်ပါဘူးဘုရား”
“ဟမ် !!” အပျိုတော်တွေရဲ့ အော်ဟစ်သံကို ကြားပြီး လိုင်လ် တစ်ယောက် မယုံနိုင်စွာဖြင့် လှည့်ကြည့်မိသည်။
မယ်ဒီရာဆိုတာ အိန္ဒြေသိက္ခာတခွဲသားနဲ့ နေတတ်သူ။ သူမရဲ့ လက်ချောင်းတစ်ချောင်းကအစ၊ ဆံချည်မျှင်တမျှင်အဆုံး စည်းမျဉ်းဘောင်ထဲက မရွေ့ခဲ့သူ။
လိုက်နာရမဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဘယ်တော့မှ မဖောက်ဖျက်ခဲ့ဘူးသူမို့ လိုင်လ်တစ်ယောက် ကိုယ့်မျက်လုံးပင် မယုံကြည်နိုင်ဖြစ်နေရသည်။
“တိတ်စမ်း။ stalkers တွေ။ ငါတယောက်ထဲနေပါရစေ” ဘုရင်မနဲ့တူသော သူစိမ်းတစ်ယောက်က ဆိုနေသလို။
သူမက ပြေးရလွယ်ကူစေရန် သူမ စကတ်ကို မတင်ထားပြီး ခြေလှမ်းခပ်ကျဲကျဲလှမ်းနေပုံက ယောကျာ်းတစ်ယောက်လိုပင်။ မယ်ဒီရာက လိုင်လ်ရယ် ဆစ်ခ်ရယ် အစေခံအချို့ဘေးက ဖြတ်ပြေးသွားပုံမှာ သူတို့ကိုပင် မမြင်ပုံပင်။
အစေခံတွေက ဘုရင်မျက်နှာကို အသံတိတ်ကြည့်ပြီး မျက်လွှာချလိုက်လေသည်။
“သူ ရူးများနေပြီလား” လိုင်လ်စိတ်ထဲ ရှိတဲ့ တခုထဲသော အတွေးပင်။
သို့သော် ထိုအချိန်မှာပဲ မယ်ဒီရာက သူမစကတ်အစွန်ကို နင်းမိပြီး ဟပ်ထိုးလဲလေသည်။
သူမက မိဖုရားတစ်ပါးဖြစ်သည့်အပြင် တော်ဝင်အမျိုးသမီးလဲ ဖြစ်သဖြင့် ဆစ်ခ်အပါအဝင် အစေခံအားလုံး လှမ်းဖမ်းရန် ရှေ့တိုးသွားမိသည်။
သို့သော် သူတို့အားလုံး မကူနိုင်ခင်မှာပဲ သူမက ဘေးမှာ အလှထားထားတဲ့ ချပ်ဝတ်တန်ဆာကို လှမ်းဆွဲလိုက်လေသည်။
ချပ်ဝတ်တန်ဆာက မယ်ဒီရာ့ အပေါ် ကျယ်လောင်သောအသံဖြင့် ပြုတ်ကျသွား၏။ သူတို့အားလုံး ကြောက်လန့်တကြားအော်ဟစ်လိုက်မိလေသည်။
“အရှင်မ !!!”
“အားး …”
ချပ်ဝတ်တန်ဆာ ပိနေတဲ့ မယ်ဒီရာကတော့ စိတ်အနှောက်အယှက်ဖြစ်နေပုံပင်။
သူမက ခြေဗလာဖြစ်နေသည့်အပြင် သူမမျက်နှာက မိတ်ကပ်မပါပဲ သဘာဝအတိုင်း မျက်နှာဖြစ်နေသည်ကို မြင်လိုက်ရသည့် လိုင်လ့်မျက်လုံးများပြူးကျယ်သွားလေသည်။
သူမက ညအိပ်ရာဝင်ချိန်မှာသာ ခြေဗလာနဲ့နေဖူးတာ ဖြစ်ပြီး လိုင်လ်က သူမကို ခန်းမဆောင်ထဲ ခြေညှပ်နဲ့ လမ်းလျှောက်တာပင် မမြင်ဖူးချေ။
ပြီးတော့ သူမရဲ့ မိတ်ကပ်မပါတဲ့ မျက်နှာ ..
ငါ တခါမှ သူရဲ့ မိတ်ကပ်မပါတဲ့ မျက်နှာကို လက်မထပ်ခင်ရော လက်ထပ်ပြီးတော့ပါ တခါမှ မမြင်ဖူးပေ။ သူမနဲ့စတွေ့ချိန်မှာတောင် မမြင်ဖူးခဲ့ပေ။ ထိုအချိန်က သူမ အသက် ၁၂နှစ်။
“မယ်ဒီရာ?”
အပျိုတော်တွေနဲ့ အစေခံတွေက သူမကိုယ်ပေါ်က ချပ်ဝတ်တန်ဆာကို ဝိုင်းဖယ်ပေးလေသည်။ မြေကြီးပေါ် ထိုင်လျှက်နှင့်ပင် မယ်ဒီရာက ပတ်ဝန်းကျင်ကို ဝေ့ကြည့်သည်။ သူမကြည့်ရတာ ဘယ်သူ သူမကို ခေါ်လဲ စဉ်းစားနေပုံပင်။
အလိမ္မာသုံးပြီး သူမကို ဘယ်သူခေါ်မှန်း မသိသလို ဟန်ဆောင်လိုက်၏။ အခုချိန်အဖြစ်ချင်ဆုံးကတော့ တွင်းတတွင်းထဲ ပျောက်ကွယ်သွားခြင်းပင်။
“မယ်ဒီရာ”
လိုင်လ်က အသံတိုးတိုးနဲ့ ထပ်ခေါ်ရင်း သူမ သူ့ကို မသိချင်ယောင်ဆောင်ရဲလား စောင့်ကြည့်လိုက်၏။ သူမဘေူက အပျိုတော်က သူမကို လက်လှမ်းတို့သည်။
မယ်ဒီရာက လိုင်လ့်ကို ကြည်လင်သော မျက်ဝန်းများဖြင့် လှမ်းကြည့်၏။ သူ့ကို ခေါင်းစ ခြေအဆုံးကြည့်ရင်း မျက်ဝန်းများက သူ့မျက်နှာပေါ် ပြန်ရောက်လာလေသည်။
“ဘာဖြစ်လို့လဲ”
သူမမျက်ဝန်းတွေက သူ့မှတ်ဉာဏ်ထဲက မျက်ဝန်းတွေနှင့် ကွဲပြားနေလေသည်။ တလက်လက်တောက်ပနေတဲ့ မျက်ဝန်းတွေက …
“သကြားလုံးဆိုင် ပြတင်းပေါက်ကနေ ချောကလက်ကို ကြည့်နေတဲ့ ငါးနှစ်ကလေး မျက်လုံးတွေနဲ့ တူလိုက်တာ ”
သူက ဒါက တော်တော် ထူးဆန်းတဲ့ နှိုင်းယှဉ်ချက်မှန်း တွေးမိသွားသည်။ လိုင်လ်က ခပ်ကျယ်ကျယ် ချောင်းတချက်ဟန့်ပြီး ထိုအတွေးတွေကို ခေါင်းထဲက ထုတ်လိုက်လေသည်။
“ဘုရင်မ၊ သင် ဒီမှာ ဘာလုပ်နေတာလဲ”
“……”
တစိုက်မက်မက် စိုက်ကြည့်နေတဲ့ မယ်ဒီရာရဲ့မျက်နှာက ရုတ်တရက် ပြောင်းလဲ သွားလေသည်။
အမူအရာအမျိုးမျိုး ပြနေတဲ့ သူမမျက်နှာကိုကြည့်ရင်း လိုင်လ် အံ့ဩသွားမိပြန်သည်။
အခုချိန်ထိ မယ်ဒီရာက သူမမျက်နှာပေါ်မှာ အမုန်းတရားနဲ့ မကျေမချမ်းဖြစ်မှုနှစ်မျိုးပဲ ဖော်ပြတတ်သူမလား။
“အဲ့ဟာက နေရခက်လို့”
” မင်း ဘာကို ဆိုလိုတာလဲ”
လိုင်လ်က စိတ်ရှုပ်ထွေးစွာ မေးခွန်းထုတ်တော့ အပျိုတော်တွေ မျက်နှာက ထိတ်လန့်နေသလို။
လိုင်လ် လှည့်ကြည့်တော့ သူနောက်မှာက ဆစ်ခ်၊ စစ်ဗိုလ်တွေအပြင် မှူးမတ်တွေပါရှိနေလေသည်။
” မင်းတို့ သွားနှင့်ကြ။ ကိုယ်တော် မိဖုရားကို ပြောစရာရှိသေးတယ်”
“မှန်ပါ့ဘုရား”
ဆစ်ခ်နဲ့ တခြားမှူးမတ်တွေက လိုင်လ်နဲ့ မယ်ဒီရာကို အရိုအသေပေးပြီး ထွက်ခွါသွားလေသည်။
သူတို့က သူစိမ်းသာသာမို့ ဖြေရှင်းချက်ကို အပျိုတော်တွေကိုသာ မေးဖို့ လိုင်လ် ဆုံးဖြတ်လိုက်လေသည်။
“ဘုရင်မက နန်းတော်ရဲ့ ခန်းမဆောင်မှာ ပြေးနေရတယ်လို့။ ယုံတောင်မယုံနိုင်ဘူး။ ဘာတွေ ဖြစ်နေတာလဲ”
ဘုရင်မကို စည်းကမ်းဖောက်ဖျက်မှုဖြင့် ဘယ်သူမှ ကြိုးပေး၍မရပေ။ ဘုရင်ကိုယ်တိုင်ဖြစ်တဲ့ လိုင်လ်က လွဲလို့ပေါ့။
“အရှင်မ မိဖုရား နိုးလားလို့ ကျွန်တော်မျိုးမက ဆံပင်နဲ့ မျက်နှာကို အရင်တိုင်း ပြင်ဖို့ ကြိုးစားနေတာပါ။ ဒါမဲ့ ရုတ်တရက် ဘုရင်မက ဒါမျိုးတွေ မလိုဘူး ဆိုပြီး ရပ်ခိုင်းပါတယ်။ သူမက … သူမ ဒါမျိုးတွေ ဆက် သည်းမခံနိုင်တော့ဘူးဆိုပြီး တံခါးဖွင့်ပြီး ထွက်ပြေးလာ…”
“ဒါဆို ဖိနပ်တွေကရော”
“အရှင်မက သူမအတွင်းခန်းစီးဖိနပ်တွေကို ချွတ်ပစ်လိုက်တာပါ။ အရှင်မက ဖိနပ်တွေက ပြေးဖို့ မလွယ်ဘူး ဆို…”
အပျိုတော်က ဖြေဖို့ ရှက်ရွံ့နေဟန် ခေါင်းငုံရင်း ခပ်တိုးတိုးဆိုသည်။
လိုင်လ်က မျက်စိရှေ့မြင်နေရသည့်တိုင် သူမအဖြေကို မယုံနိုင်ပင်။
“ဒါအမှန်ပဲလား၊ ဘုရင်မ?”
“…”
မယ်ဒီရာကတော့ ကြွက်တွင်းထဲသာ ဝင်ပုန်းချင်လေသည်။
အမှန်အတိုင်းဆိုရရင် ဒီက အလှပြင်ပစ္စည်းတွေက သဘာဝအတိုင်းဖြစ်ပြီး ခပ်ဆင်ဆင်အရောင်တွေ ဖြစ်ပေမဲ့ ကွာလတီကတော့ မော်ဒန်အလှပြင်ပစ္စည်းများထက်ပင် ဆိုးရွားလေသည်။
မိတ်ကပ်လိမ်းလိုက်တိုင်း သူမမျက်နှာ ယားလာလေသည်။
အခုခေတ်မှာ ဆံပင်ပုံသွင်းတဲ့ ပစ္စည်းရှိပေမဲ့ ဘာလို့များ အရမ်းလေးရတာလဲ။
တော်ဝင်အမျိုးသမီးအားလုံး ထိပ်မပြောင်သွားတာပင် အံ့ဩဖို့ကောင်းလှလေသည်။
သူမ နှစ်ရက်လောက်တော့ သည်းခံနိုင်သေးသည်။ သို့သော် သူမ အပြင်လူတွေနှင့်ပင် တွေ့သည်မဟုတ်၊ ဒါကြောင့် သူမထွက်ပြေးခဲ့ခြင်းပင်။ စိတ်ပျက်စရာ အပျိုတော်တွေက သူမနောက် ပြေးလိုက်လွန်း၍ သူမ ပြေးရတာ အဆင်မပြေတော့သောကြောင့် ဖိနပ်ချွတ်လိုက်ခြင်းပင်။
“အရှင့်ရဲ့ ရှေ့မှာ ရှက်စရာကောင်းတဲ့ အပြုအမူကို ပြမိတဲ့အတွက် စိုးရွံ့မိပါတယ်။ အရှင်က သဘောထားကြီးစွာဖြင့် ခွင့်လွှတ်ပေးပါဘုရား”
သူမက အွန်လိုင်းဝတ္တုထဲက ဖတ်ခဲ့ရသည့်စာသားတွေကို ရွတ်လိုက်လေသည်။
သို့သော် ထိုစကားများ ရွတ်ရသည်မှာ အနေရခက်လှသည်။ ထို့အပြင် သူမပါးစပ်တနေရာက ယားနေသဖြင့်မျက်နှာကို ဟိုဘက်လှည့်ရင်း ဆိုလိုက်သည်။
လိုင်လ်က မျက်မှောင်ကြုတ်ပြီး “မိဖုရားက ဘာကို ကြည့်နေတာလဲ”
” အရှင့်ကို မျက်နှာချင်းဆိုင်ဖို့ ရှက်လွန်းလို့ပါ”
မြင်းကတောင် လိမ်တာ ပိုတော်ဦးမည်။ လိုင်လ်ကတော့ သူမ စကားတခွန်းမှ မယုံပါချေ။
လိုင်လ်က စိတ်မရှည်စွာနဲ့ပင် မယ်ဒီရာ့ မျက်နှာကို သူ့ဘက်ဆွဲလှည့်လိုက်လေသည်။ ခပ်ကြမ်းကြမ်းဆွဲကိုင်တာ မဟုတ်ပေမဲ့ မယ်ဒီရာ က လိုင်လ့်ကို မယုံနိုင်သလို လှမ်းကြည့်လေသည်။ သူမကြည့်ရတာ လိုင်လ်က သူမအသားထိမည်ကို မမျှော်လင့်ထားသလိုပင်။
လိုင်လ်က မယ်ဒီရာ့ကို အနည်းငယ် ရှက်ရွံ့စွာဖြင့် လှမ်းကြည့်၏။
မယ်ဒီရာက သူမနှုတ်ခမ်းကို တင်းတင်းစေ့ပိတ်ပြီး မျက်စောင်းထိုးသည်။
“ကျွန်မ မှားပါတယ်”
သူမ တောင်းပန်သည်ကို သူ တခါမှ မကြားဖူးခဲ့ပေ။
သူမက လိုင်လ့်ကိုသာ အမြဲစွပ်စွဲ အပြစ်တင်ခဲ့သည်ပင်။
သူက သူမကို ချစ်ခင်နှစ်သက်မှုမပေးလို့၊ သူက မရယ်လို့၊ သူမလာလို့….
ဘုရင်မနဲ့ ရုပ်တူသော သူတစ်ယောက်က အစားဝင်လိုက်သလိုပင်။
“ထလိုက်ဦး မိဖုရား”
လိုင်လ်က အမိန့်ပေးလိုက်သည်။ မယ်ဒီရာ ခုထိ ကြမ်းပေါ် ထိုင်နေခြင်းက သူ့ကို စိတ်အနှောက်အယှက်ဖြစ်စေလေသည်။
အပျိုတော်တွေနဲ့ အစေခံတွေက မယ်ဒီရာ့ကို ခပ်မြန်မြန်ပင် တွဲထူပြီး သူမဖိနပ်ကို ဝတ်ပေးလိုက်၏။ မယ်ဒီရာက မတ်တပ်ထပြီး ဘာမှ မဖြစ်သလို သူမ အကျီပင် ခါလိုက်သေးသည်။
အပျိုတော်တွေက သူမဝတ်ရုံကို သပ်ရပ်အောင် ပြန်ပြုပြင်ပေးနေသော်လည်း မြင်ကွင်းက ထူးဆန်းနေလေသည်။
“မိဖုရား” လိုင်လ်က လွှတ်ခနဲ ခေါ်မိသွားသည်။
မယ်ဒီရာက ချက်ချင်းမဖြေ။ မိဖုရားဟု ခေါ်ခံရသူမှာ သူမ မဟုတ်သလိုပင်။
“နှမတော် တကယ်ပဲ မမှတ်မိဘူးလား”
သူမရဲ့ လှပတဲ့မျက်နှာမှာ ဝေခွဲရခက်တဲ့ အရိပ်အယောင်အချို့ ဖြတ်ပြေးသွားလေသည်။ ရှက်ရွံ့နေတဲ့ မျက်နှာက စိတ်ရှုပ်ထွေးပြီး တောင်းပန်စကားဆိုနေသယောင်။ မယ်ဒီရာက ခေါင်းညိတ်ပြီး အတည်ပြုသည်။
သူမမျက်လုံးတွေက ဖြူစင်နေပေမဲ့ လိုင်လ်က တစ်စုံတစ်ခုက သူ့ကို လှည့်စားထားသလို ခံစားနေရလေသည်။
“အရှင် အလုပ်များနေချိန်မှာ နှောင့်ယှက်မိလို့ တောင်းပန်ပါတယ်။ တကယ်လို့ အရှင်ပြောစရာ မရှိတော့ရင် နှမတော် ပြန်လိုက်ပါဦးမယ်”
သူမက ရိုရိုကျိုးကျိုး အရိုအသေပေးပြီး ခဏစောင့်နေလေသည်။ ပြီးပြည့်စုံတဲ့ အရိုအသေပေးမှုမဟုတ်ပေမဲ့ မယ်ဒီရာက သူမအရင် ပြန်မည်ပြောသည်မှာ ရှားလှသည်။
လိုင်လ် မျက်မှောင်ကြုတ်ပြီး သွားဖို့ ခွင့်ပြုလိုက်သည်။
———————-
“အရှင်မကို ကြည့်နေတဲ့ အရှင်မင်းကြီးရဲ့ မျက်လုံးတွေက စူးရဲနေတာပဲ…”
အပျိုတော်ရဲ့ ချိန်ချိန်ဆဆစကားသံကြောင့် မယ်ဒီရာ ကျောချမ်းသွားသည်။
“ငါ အမြင်မှားတာလား”
“သေပါပြီ။ ရှင် ကျွန်မကို မုန်းနေပြီလား”
သူမလည်ချောင်းထဲမှာ စိတ်လှုပ်ရှားမှုကြောင့် အနေရခက်ချိန်မှာပင် အပျိုတော်က အဓိပ္ပါယ်မရှိသော စကားကို ထပ်ဆိုသည်။
“အရှင်မင်းကြီးကို ကြည့်ရတာ အရှင်မဖုရားကို စိတ်ပူနေသလိုပဲ”
မယ်ဒီရာက အပျိုတော်တွေကို မျက်မှောင်ကြုတ်ရင်း လှမ်းကြည့်သည်။ အပျိုတော်တွေက အိပ်မက်ကနိုးလာသူများပမာ ချက်ချင်း အပြုံးရပ်သွားကြသည်။
“ငါ စာကြည့်တိုက်သွားမယ်၊ ဘယ်သူမှ မဝင်လာစေနဲ့”
“အရှင်မ စာကြည့်တိုက် ထပ်သွားဦးမှာလား ဘုရား”
“ကျန်းမာရေးအတွက် တနေ့တခေါက်တော့ လမ်းလျှောက်ပေးရမှာပေါ့”
“စာကြည့်တိုက်က အဝေးကြီးမှာပါဘုရား”
မယ်ဒီရာက အသံတိတ်နှုတ်ဆက်ပြီး လမ်းစလျှောက်သည်။
သူမနောက်က လိုက်လာတဲ့ အပျိုတော်တွေကို ကြည့်ပြီး “စာကြည့်တိုက်ထဲ လိုက်မဝင်လာနဲ့။ ငါမခေါ်မချင်း ဘယ်သူမှ မဝင်စေနဲ့” ဟု အမိန့်ပေးလိုက်သည်။
သူမ အထဲဝင်ရင်း တွေးမိသည်က အပျိုတော်တွေကို သူမကျေးဇူးတင်ပေမဲ့ သူတို့က ငါးမိနစ်တခါလောက် သူမအဆင်ပြေလား မေးနေတတ်သည်။
သူမက အပျိုတော်တွေ ခစားတာ ခံရခြင်းကို မသက်မသာဖြစ်နေမိသည်။ သူမက အဝတ်အစားကိုယ့်ဘာသာ ဝတ်ပြီး ရေ ကိုယ့်ဘာသာ ထသောက်တာ အကျင့်ဖြစ်နေလေပြီ။
“အရှင်မ… ဒီလောက် မြန်မြန်မလျှောက်..”
သူမအတွေးလွန်ရင်း ခြေလှမ်းမြန်သွားခြင်းပင်။ သနားစရာ အပျိုတော်က သူမအနားကပ်ရင်း သတိပေးသည်။
“ငါတကယ်လို့ ခပ်ရိုင်းရိုင်းပုံပေါက်ရင် လိုင်လ်က ငါ့ကို ရာထူးက ဖြုတ်ချမှာလား။ ဖမ်းထားမှာလား”
သို့သော် ဝတ္ထုထဲက ဇာတ်ကောင်နဲ့ ဒီလုပ်ရပ်နှစ်ခုလုံးက မကိုက်ညီပေ။
သူက မယ်ဒီရာ ရဲ့ အားတစ်ရပ် မဖြစ်ခဲ့ခြင်းမှာ သူ မသိခဲ့သောကြောင့်ပင်။
လိုင်လ်က မယ်ဒီရာ စိတ်မကျန်းမာသည်ကို မသိပေ။ သူမ ကလေးဘဝတွင် ညှင်းပန်းခံခဲ့ရသည်ကိုလဲ မသိပေ။
တကယ်လို့ မယ်ဒီရာသာ အကူအညီတောင်းခဲ့ရင် လိုင်လ်က သူမကို အဆုံးထိစောင့်ရှောက်မှာ ဖြစ်သည်။
“သူ့ကြည့်ရတာ နည်းနည်းတော့ ထူးဆန်းတာပေါ့”
လိုင်လ်က သွေးမျက်ရည်စွန်းနေတဲ့ ရက်စက်တတ်တဲ့ သူဖြစ်ပေမဲ့ သူ့လူတွေအပေါ် အမြဲကောင်းနိုင်အောင် ကြိုးစားသည့် ဘုရင်တပါးပင်။
မယ်ဒီရာ သူ့ကို ဒီလောက်ထိ နှိပ်စက်ပေမဲ့ ရာထူးက မဖယ်သေးသည်မှာလဲ ထိုအကြောင်းအရာကြောင့်ပင်။
“သူမက ငါ့လူဆိုတော့ ငါ သူမကို ကာကွယ်ရမယ်မလား” ထိုအတွေးကြောင့်ပင်။
“လိုင်လ်က သူမ .. အဲ ငါ့ခင်ပွန်းဆိုတော့ ငါ တခုခုတော့ လုပ်နိုင်မှာပါ။ ”
သူမကိုအတွေးထဲက ဆွဲထုတ်လိုက်သည့်အသံမှာ သူမလမ်းလျှောက်ရင်း စည်းကမ်းဖောက်မိပြန်ကြောင်း သတိပေးသံပင်။
………………….