(3)
(၃)
ကိုယ့်ကိုယ်ကိုယ်မိန်းကလေးလို့သိထားပေမဲ့ မိန်းကလေးစိတ်မရှိတဲ့ ကျွန်တော်ဟာ သူငယ်ချင်းမိန်းကလေးတွေအပေါ် အရမ်းညှာပါတယ်။ မိန်းကလေးဆိုတာ အားနည်းလို့ ကာကွယ်ပေးရမယ်လို့ ကျွန်တော့်စိတ်ထဲသတ်မှတ်ထားတယ်။ ကျောင်းမှာဖြစ်ဖြစ် အိမ်ရာဝင်းအတွင်းမှာဖြစ်ဖြစ် ယောက်ျားလေးတစ်ယောက်ယောက်ဟာ ကျွန်တော့်သူငယ်ချင်းမိန်းကလေးတွေကို အနိုင်ကျင့်ခဲ့မယ်ဆိုရင် နောက်နေ့ ကျွန်တော်နဲ့ နပန်းသတ်ရတော့တာပါပဲ။
စာရပြီးသိတတ်တဲ့ ကျောင်းသားဖြစ်သလို ရန်ဖြစ်ရင်လည်း လက်သီးပြင်းတာကြောင့် မကြာခဏ အတန်းပိုင်ခေါ်ဆူခံရသူလည်းဖြစ်ပါတယ်။
မှတ်မှတ်ရရ အတန်းထဲမှာ ‘မျိုးမင်းဟိန်း’ ဆိုတဲ့ကောင်လေးနဲ့ ‘ဟိန်းဇော်’ ဆိုတဲ့ တပူးပူးတတွဲတွဲ သူငယ်ချင်းနှစ်ယောက်ရှိတယ်။ ဒုတိယတန်းရဲ့နှစ်ဝက်မှာ မျိုးမင်းဟိန်းက အတန်ခေါင်းဆောင်ရာထူး တာဝန်ပေးခံရတယ်။
အိပ်ငိုက်နေတဲ့ကျောင်းသားတစ်ယောက်ကို စာသင်ချိန်မှာ ငိုက်ရမလားဆိုပြီး ကြိမ်လုံးနဲ့ ကျွန်တော် တီးထလိုက်တာကြောင့်ပါ။ တစ်ဖက်ကျောင်းသားက တက်မတတ်ငိုသွားတော့ ကျွန်တော့်ရဲ့ အတန်းခေါင်းဆောင်ရာထူးဟာလည်း တခြားတစ်ယောက်ဆီ ရောက်သွားခဲ့ရတယ်လေ။
တစ်နေ့ အတန်ခေါင်းဆောင်ဖြစ်သွားတဲ့ မျိုးမင်းဟိန်းဟာ ကျွန်တော့်ရဲ့ မိန်းကလေးသူငယ်ချင်းတစ်ယောက်ကို ပါးရိုက်လိုက်တယ်ဆိုတာကြောင့် ကျွန်တော် သွားရှင်းခဲ့တယ်။ အမှန်က ကလေးချင်းဆော့ကြရင်း ထိမိတာဖြစ်ပါလိမ့်မယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် အရေးမကြီးပါဘူး။ ကျွန်တော်လည်း အဲကောင်ကို ကျွန်တော့်ရာထူးယူသွားလို့ ကြည့်မရနေဘူးလေ။
ဆရာမအစည်းအဝေးသွားလို့ ဆူညံနေတဲ့ အတန်းထဲမှာပဲ ရန်ဖြစ်ကြရင်း နှစ်ယောက်တစ်ယောက်ဆိုတော့ ကျွန်တော်ခံလိုက်ရတယ်။ ဟိန်းဇော်ဟာ ခဲတံနဲ့ ကျွန်တော့်နားထင်ကို ထိုးခဲ့တယ်။ အသားနာသွားတဲ့ ကျွန်တော်ဟာ ဒေါသထောင်းခနဲထွက်လာပြီး ဆရာမရဲ့ ကြိမ်လုံးနဲ့ ဟိန်းဇော်ပါးကို အားထည့် လွှဲရိုက်ပလိုက်တယ်လေ။ မျိုးမင်းဟိန်းကိုလည်း အလွတ်မပေးခဲ့ပါဘူး။ နရင်းတော့ ရအောင်အုပ်ခဲ့ပါသေးတယ်။
အကြီးအကျယ်ချကြတာမို့ ဆရာမကို ကျောင်းသားတစ်ယောက်သွားခေါ်လိုက်ဟန်တူပါတယ်။ အတန်းပိုင်ဆရာမ ဒေါ်လှလှအောင်က အသည်းအသန်ပဲ ပြေးလာခဲ့တယ်လေ။
ဆရာမရောက်တာနဲ့ ဦးအောင်တိုင်ပြီး ကျွန်တော် ငိုတော့တာပဲ။ နားထင်က ဒဏ်ရာကိုလည်းပြပြီး ပန်းနုသွေးဆန်ရတာပေါ့လေ။ တစ်ဖက်က မျက်နှာတစ်ခုလုံးရောင်ကိုင်းသွားတာပေမဲ့ ကျွန်တော်က နားထင်ကို ခဲတံနဲ့အထိုးခံရတာမို့ အန္တရာယ်များတဲ့အခြေအနေဖြစ်လို့ ဆရာမက ဦးစားပေး စစ်ဆေးခဲ့ဟန်တူတယ်။
ကံကောင်းတာက အထဲကိုပေါက်သွားပေမဲ့ သွေးမထွက်ခဲ့ဘူး။ ပြီးတော့ကျိုးသွားတဲ့ ခဲတံထိပ်က ခဲသားဟာ အထဲမှာ ကျန်မနေခဲ့ဘူး။ ဆရာမက ခဲဆိပ်တက်မှာစိုးလို့ ဒဏ်ရာပေါ် ပရုတ်ဆီလေး လူးပေးခဲ့တယ်။ အဲဒီအချိန်ကလည်း ကလေးအတော်များများ ခဲဆိပ်သင့်ပြီး ဆုံးတာများတဲ့အချိန်ဆိုတော့ သူ့အတန်း သူ့လက်အောက်က ကျောင်းသားတွေမှာ ဒီပြဿနာဖြစ်တာမို့ စိုးရိမ်နေပုံပါပဲ။ သုံးယောက်လုံးအတူ သူဆော်ကိုယ်ဆော် ဆော်ခဲ့တာပေမဲ့ ကျွန်တော်ဟာ အဆူမခံခဲ့ရဘူး။ ဒဏ်ရာက အပ်ပေါက်ရာထက် နည်းနည်းပဲ ကြီးတာမို့ အိမ်ကို မပြောဖို့တော့ ချော့မော့ မှာတာ ခံခဲ့ရပါတယ်။
ကျွန်တော်မပြောလည်း အမေက တွေ့ပါတယ်။ မေးလာတော့ မလိမ်တတ်တဲ့ကျွန်တော်ဟာ အမေ့ကို အကုန်ပြောပြလိုက်မိတယ်။ သားသမီးဇောနဲ့ ဒေါသထွက်ပြီး နောက်နေ့ကျောင်းကိုလိုက်ရှင်းဖို့လုပ်ပါတော့တယ်။ သေချာပေါက် တစ်ဖက်က ကျွန်တော့်လက်ချက်နဲ့ ဝက်ခေါင်းဖြစ်သွားတာဆိုတော့ ဟိန်းဇော်ရဲ့အမေလည်း ကျောင်းကိုလိုက်လာခဲ့တယ်။
အမေဟာလည်း တစ်ဖက်ကလေးရဲ့ မျက်နှာအခြေအနေကိုမြင်ပြီး သူပြောဖို့ပြင်လာသမျှ မျိုချလိုက်ရသလို။ တစ်ဖက်မိဘကလည်း ခဲရောင်သန်းနေတဲ့ ကျွန်တော့်နားထင်က ဒဏ်ရာကြောင့် ဘာမှမပြောနိုင်ဘဲ တဟီးဟီးနဲ့သာ ရယ်နေပါတော့တယ်။
ဒါပေမဲ့ ကျွန်တော်ဟာ အဲ့လိုကာကွယ်ပေးခဲ့တဲ့မိန်းကလေးတွေဆီကနေပဲ အနိုင်ကျင့်ခံရတာများခဲ့တယ်။ ပယ်ခံထားရတာ၊ ကျွန်တော့်ကိုဆို ရောရောနှောမပေါင်းချင်တာ၊ ကျွန်တော်နဲ့အရင်ခင်ပြီး မိတ်ဆက်ပေးခဲ့တဲ့ သူငယ်ချင်းကိုလည်း လုယူသွားတာ၊ ကျူရှင်မှာဆို အမြဲ ကျွန်တော့်နေရာက လည်ပင်းလိမ်ပြီး မော့ကြည့်ရတဲ့ အဆင်မပြေတဲ့ နေရာဖြစ်နေတာ၊ စောစောရောက်လို့ နေရာကောင်းဦးရင် ‘နင်ကဘာမို့လို့လဲ ဒါ ဒီအိမ်ရှင်ထိုင်ရမယ့်နေရာလေ ကိုယ့်နေရာကိုယ်မသိဘူးလား’ ဆိုပြီး မောင်းထုတ်ခံရတာ စသဖြင့် အမျိုးမျိုးဆက်ဆံ ခံခဲ့ရပါတယ်။
ကျွန်တော်ဟာ တစ်ဦးတည်းသော ကလေးမို့ အပေါင်းအသင်း သိပ်ကိုမက်ပါတယ်။ ချစ်ရသူတွေ ခဏခဏထွက်သွားတာကို ကြုံရတော့ ထပ်ပြီးစွန့်ပစ်ခံရမှာ အရမ်းကိုကြောက်ပါတယ်။ ကျွန်တော့်ကို မလိုအပ်တော့မှာကြောက်လို့ လိုအပ်အောင် နေရာတကာလိုက်လုပ်ပေးတတ်ပါတယ်။ အတတ်နိုင်ဆုံးအဆင်ပြေအောင် အနိုင်ကျင့်သမျှကို သည်းခံပြီး ပျော်ပျော်နေပေမဲ့ အပယ်ခံထားရတဲ့အခါ ဝမ်းနည်းလွန်းလို့ ခိုးငိုခဲ့ရတယ်။ အပယ်ခံရတဲ့ ခံစားချက် အစွန့်ပစ်ခံရတဲ့ ခံစားချက်က ကျွန်တော့်အတွက် သေရာပါ trauma ပါပဲ။
ဒီလိုနဲ့ပဲကျွန်တော်ဟာ မူလတန်းကို အ.မ.က(၁၄) သာကေတမှာ ပြီးခဲ့ပါတယ်။
***