(4)
(၄)
အလယ်တန်းကျောင်းသားဘဝဟာ သတ်တမ်းတစ်လျှောက် အဆိုးဆုံးနဲ့ စိတ်ဒဏ်ရာအရဆုံး အချိန်ကာလဖြစ်ခဲ့တယ်။
တစ်မြို့နယ်လုံးရဲ့ နာမည်ကြီး အလယ်တန်းကျောင်းမှာတက်ခဲ့တာမို့ ဆုရကျောင်းဖြစ်တာနဲ့အညီ စာအသင်အပြကောင်းသလို စည်းကမ်းလည်းတအားကြပ်ပါတယ်။ ပထမဆုံး ကျွန်တော့်အတွက် စိတ်ဒဏ်ရာကတော့ ရင်ဖုံးအဖြူနဲ့ကျောင်းစိမ်းထဘီပါပဲ။ လေးတန်းအထိ ရှပ်အဖြူနဲ့ ကျောင်းစိမ်းဘောင်းဘီကိုသာ ဝတ်ဆင်ခဲ့တာမို့ ကျောင်းစိမ်းရင်ဖုံးနဲ့ထဘီကို ချက်ချင်းပြောင်းဝတ်ရချိန်ကျ အတော်လေးကို ရုန်ရင်းဆန်ခတ်ဖြစ်ခဲ့ရပါတယ်။
ကိုယ့်မြန်မာနိုင်ငံရဲ့ ကျောင်းဝတ်စုံကိုစော်ကားတာမဟုတ်ပေမဲ့ ကျွန်တော်အတော်လေးကို မဝတ်ချင်ခဲ့ဘူး။ အဆင်လည်းမပြေခဲ့ပါဘူး။ ကိုယ့်ရဲ့ မိန်းကလေးမဆန်ဘဲ ဗလတောင့်နေတဲ့ ရင်အုပ်ကျယ်ကျယ်ခန္ဓာကိုယ်နဲ့လည်း ကြည့်ရတာ လိုက်ဖက်မနေခဲ့ဘူးလေ။
ဒီနေရာမှာ ကြားဖြတ်ပြောရရင် ပုံပန်းသွင်ပြင်အရ ခွဲခြားဆက်ဆံမှု(Character discriminating)က အဲကစတယ် မြင်ပါတယ်။ အချို့သော မိန်းကလေးစိတ်မရှိကြတဲ့ ယောက်ျားလျာ(Tomboy) လေးတွေဟာ ကျောင်းတွေမှာဆိုရင် မိန်းကလေးစိတ်ပေါက်နေတဲ့ အခြောက်(Gay)လေးတွေနဲ့နည်းတူ အနှိမ်ခံရခြင်း၊ ခွဲခြားဆက်ဆံခံရခြင်းနဲ့ ကျောင်းတွင်းအနိုင်ကျင့်မှု(school bullying) တွေကို ခံစားရပါတယ်။
ဒါပေမဲ့ ယောက်ျားလျာလေးတွေဟာ မိန်းမလျာလေးတွေလောက် အရေးတယူ ထုတ်ဖော်ပြောခြင်းလည်း မခံရသလို ယနေ့အချိန်အထိ ပြတ်ပြတ်သားသား ရပ်တည်ပေမဲ့သူလည်း မရှိကြသေးပါဘူး။
နိုင်ငံတကာမှာ လိင်စိတ်ခံယူမှု ကွဲပြားတဲ့ကလေးတွေကို နှစ်သက်ရာ အမျိုးအစားကျောင်းဝတ်စုံတွေ ရွေးချယ်ဝတ်နိုင်ဖို့ စီစဉ်ပေးထားပေမဲ့ ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ လိင်နှစ်မျိုးအတွက်ပဲ အဓိက ဆုံးဖြတ်ပြီး တစ်ချက်လွှတ်အမိန့်နဲ့ ထားထားပါတယ်။ ဒါဟာ ကလေးရဲ့စိတ်ကို နှစ်ခါသေစေတယ်။
မင်းဘာကြီးပဲဖြစ်နေပါစေ၊ မင်းရဲ့လိင်စိတ်ခံယူမှုဘယ်လိုရှိနေပါစေ မင်းရဲ့မွေးရာပါ လိင်အင်္ဂါဟာ မိန်းမဆို မိန်းမအဝတ်အစားကိုသာ မင်းဝတ်ရပါမယ်။ ယောက်ျားဆိုရင် ယောက်ျားအဝတ်အစားကိုသာ မင်းဝတ်ရပါမယ်။ ဒါတွေဟာ မြန်မာပေါကားထဲက ယောက်ျားလျာဟာ ယောက်ျားနဲ့တွေ့ချိန် လိင်မှုမှာသာယာပြီး မိန်းမဖြစ်သွားသလို၊ မိန်းမလျာဟာလည်း မိန်းကလေးတစ်ယောက်နဲ့တွေ့ချိန် လိင်မှုသာယာပြီး ယောက်ျားလေးဖြစ်သွားတဲ့ အပေါစားဇာတ်ဝင်ခန်းနဲ့ တူပါတယ်။
မင်းဘာကြီးပဲဖြစ်နေပါစေ မင်းရဲ့လိင်အင်္ဂါအရ မင်းကယောက်ျားပဲ၊ မိန်းမပဲ စသည်ဖြင့် လူအဖြစ်ဆုံးဖြတ်တာမဟုတ်ဘဲ လိင်အင်္ဂါနဲ့ ဆုံးဖြတ်နေတာမျိုးပေါ့။
ကျွန်တော်တို့ကျောင်းဟာ စည်းကမ်းတအားကြပ်ပါတယ်။ အဝတ်အစားကစ အနေအထိုင်အပါအဝင် အစစအရာရာမှာ သတ်မှတ်ချက်တွေရှိပါတယ်။ လိမ္မာတဲ့ကျောင်းသားဖြစ်တဲ့ ကျွန်တော့်အတွက်တော့ ဒီစည်းကမ်းတွေဟာ ပြဿနာမဟုတ်ပါဘူး။ တစ်ခုတည်းသော ပြဿနာက ခွဲခြားဆက်ဆံခြင်းနဲ့ ရုပ်ပျက်ဆင်းပျက် စနောက်ခြင်းတွေပါ။
ကျွန်တော်ဟာ ငယ်စဉ်က တအားပိန်ပါတယ်။ ကျွန်တော့်ရဲ့ ပုံမှန်မဟုတ်တဲ့ ခန္ဓာကိုယ်အခြေအနေက နေမကောင်းခဏခဏ ဖြစ်စေပါတယ်။ ကျန်းမာရေးမကောင်းတတ်ပေမဲ့ ကျွန်တော်က ရပ်ကျော်ရွာကျော်အောင် အဆော့မက်တာကြောင့် ကိုယ်လက်လှုပ်ရှား အားကစားလုပ်သလိုဖြစ်ပြီး အရပ်ရှည်ရှည်နဲ့ အရိုးမာပါတယ်။
ဒါပေမဲ့ trauma တွေကြောင့် စိတ်ကျရောဂါ ခံစားရအပြီး ကိုယ်လက်လှုပ်ရှားမှုနည်းလာကာ အချိန်တိုင်း စိုးရိမ်ကြောင့်ကြခြင်းအချို့နဲ့ ဖြတ်သန်းနေခဲ့ရတယ်။ စိတ်မကျန်းမာတဲ့အခါ ခန္ဓာကိုယ်ကပါ ရောဂါဝင်လာပါတော့တယ်။
အစာအိမ်အူပြွန်စို့တယ်။ အစာအိမ်လေအောင့်တယ်။ အကြောအားနည်းတယ်။ သွေးပေါင်တွေကျလာတယ်။
ဆေးတွေသွင်းပြီး ဆေးတွေသောက်ရတာကြောင့် ဆေးအရှိန်နဲ့ ကျွန်တော့်ရဲ့ခန္ဓာကိုယ်ဟာ ဖောလာခဲ့တယ်။ ကိုယ်လက်လှုပ်ရှားမှု နည်းပါးလာတာနဲ့ အစားအစာကို စိတ်ဆင်းရဲတိုင်း ကန့်သတ်(limit) မထားဘဲ စားတတ်တာကြောင့် သုံးတန်းနှစ်မှာပဲ ကျွန်တော့်ရဲ့ အဝလွန်ခြင်း လမ်းကြောင်းဟာ စတင်ခဲ့ပါတော့တယ်။
ငါးတန်း(အလယ်တန်း)မှာ ကျွန်တော်ဟာ အသက် ၁၀နှစ်နဲ့ ပေါင်၉၀ ဖြစ်လာခဲ့တယ်။ ရင်အုပ်ကျယ်ကျယ်၊ ဖင်ရှူးရှူး၊ အရပ်ရှည်ရှည်၊ လူကောင်ဝဝနဲ့ ကျွန်တော်ဟာ ဝတ်ထားတဲ့ ကျောင်းစိမ်းဝတ်စုံကလွဲရင် ဘယ်နေရာမှာမှ မိန်းကလေးနဲ့ တူမနေခဲ့ပါဘူး။ ဒါကပဲ လူအများအတွက် စနောက်ပြောစရာဖြစ်လာခဲ့သလို ဆရာမတချို့ရဲ့ အမြင်မကြည်စရာလည်း ဖြစ်လာခဲ့တယ်လေ။
ကျွန်တော်မတတ်နိုင်ပါဘူး။ ကျွန်တော်လည်း ဒီလိုပုံစံဖြစ်ချင်ခဲ့တာမဟုတ်ပါဘူး။ ငါက မိန်းကလေးလို့ သိထားခဲ့တဲ့သူဖြစ်တဲ့အတွက် မိန်းကလေးလို နေထိုင်ချင်စိတ်ရှိမနေရင်တောင် ပတ်ဝန်းကျင်က မိန်းကလေးသူငယ်ချင်းတွေလိုမျိုးတော့ လှလှလေးဖြစ်ချင်ခဲ့ပါတယ်။ ဒါမှ ကျွန်တော့်ကို မစ မနောက်ကြတော့ဘဲ အရေးပေးဆက်ဆံကြမှာလို့ တွေးမိတာကြောင့်လည်း ပါတာပေ့ါ။
မခံနိုင်တော့လို ဆရာ/ဆရာမကို သွားတိုင်ရင်လည်း ‘ဒါလေးစတာ အသားပဲ့ပါသွားတာမှမဟုတ်တာ’ ဆိုတဲ့ စကားတွေသာ ပြန်ကြားခဲ့ရတယ်။ ဘယ်သူမှ အရေးတယူနဲ့မဖြေရှင်းပေးကြသလို အားနာပါးနာလေး မာန်မဲတာတောင် မလုပ်ပေးကြပါဘူး။ Child Psycho ဟာ ဒီနေရာမှာလည်း အဖက်လုပ်ခြင်း ခံရပုံ မရှိတဲ့ပုံပါပဲ။
ငါးတန်းနှစ်ကြုံတွေ့ခဲ့ရတဲ့အဆိုးဆုံးအရာကတော့ ဝလို့ဖောင်းနေတဲ့ရင်ဘတ်ကိုကြည့်ပြီး အတွင်းခံရှင်မီး မဝတ်ပါဘူးဆိုလို့ မိဘခေါ်အပြောခံတဲ့အဖြစ်ပါပဲ။ အမေ ရောက်လာပြီး တရိုတသေရှင်းပြပေမဲ့ လက်မခံဘဲ နောက်နေ့ အတွင်းခံဘော်လီမပါရင် ကျောင်းမလာနဲ့လို့ပြောလာတာကြောင့် ကျွန်တော့်မှာ ရင်သားမရှိပါဘဲ ပူလောင်အိုက်စပ်နေတဲ့အခန်းထဲ အင်္ကျီ နှစ်ထပ်ဝတ်ရင်း ကျောင်းတက်ခဲ့ရပါတယ်။
မှတ်မှတ်ရရ ကျွန်တော့်ကို အဲ့လိုပြောတဲ့သူဟာ ကျွန်တော်တို့ ၅တန်းက ဆရာမတွေမဟုတ်ဘဲ ၆တန်းဆောင်က အပေါက်ဆိုးတယ်လို့ သတင်းမွှေးတဲ့ ဆရာမဖြစ်နေတာပါ။
ကံကြမ္မာရေစက်က ကုန်ပုံမရပါဘူး။ ၆တန်းနှစ်မှာပဲ ထပ်ပြီး ထိုဆရာမနဲ့ပဲ အကြီးအကျယ်ပြဿနာတစ်ခု ဖြစ်ခဲ့ပါတယ်။
ထိုအချိန်က အရှက်ရမှုနဲ့ဝမ်းနည်းကြောက်ရွံ့မှုဟာ နှလုံးသားထဲ သေရာပါမို့ တစ်ရေးနိုးထမေးရင်တောင် အဖြစ်ပျက် အလုံးစုံပြောပြနိုင်တဲ့အထိ ခေါင်းထဲစွဲထင်ရစ်ခဲ့တယ်။
၆တန်းနှစ်ကျောင်းတက်ရတော့ ၅တန်းတုန်းကအမှတ်နဲ့ အေခန်း၊ ဘီခန်း၊ စီခန်း ခွဲတဲ့အခါ ကျွန်တော်က သေချာပေါက် အေခန်းပါ။ ကံကောင်းတာက ထိုအပေါက်ဆိုးတယ်ဆိုတဲ့ဆရာမဟာ အေခန်းအတန်းပိုင်ဖြစ်မှာလို့ သတင်းထွက်ခဲ့ပေမဲ့ လက်တွေ့မှာ ဘီခန်းအတန်းပိုင်သာ ဖြစ်သွားခဲ့ပါတယ်။ သင်္ချာဘာသာရပ်အနေနဲ့ ကျွန်တော်တို့အတန်းမှာပါ စာသင်ရပေမဲ့ အတန်းပိုင်မဟုတ်တာကြောင့် အများကြီးသက်သာခဲ့ပါတယ်။
ပုံမှန်လေးပဲ နေ့ရက်တွေကို အေးဆေးစွာဖြတ်သန်းနေရင်း တစ်ရက် ကျွန်တော်ကျောင်းလာချိန်တဲ့အခါ အဆောင်တံခါးပေါက်ဝမှာ ကျွန်တော်တို့အတန်းပိုင်နဲ့ ထိုဆရာမက ထိုင်နေခဲ့တယ်။ အဆောင်ထဲဝင်ပြီး ကိုယ့်အခန်းဆီသွားချင်ရင် ထိုတံခါးကိုဖြတ်ရမှာဆိုတော့ ကျွန်တော်ဟာ ဆရာမတွေကို နှုတ်ဆက်နေကြအတိုင်း ခါးလေးကိုင်းလို့ ဆရာမမင်္ဂလာပါလို့ နှုတ်ဆက်ပြီး ဝင်လာလိုက်တယ်လေ။
ဒါပေမဲ့ ကျွန်တော်တံခါးဝကို ဖြတ်ဖြတ်ချင်းမှာပဲ ထိုဆရာမဟာ ကျွန်တော့်ကို လက်ညှိုးထိုးပြီး
“သူပဲ… သူပဲကျွန်မပြောတာသူပဲ”
လို့ ထအော်ခဲ့တယ်။ ရုတ်တရက် ဘာကြောင့် အဲ့လိုပြောမှန်းလည်းမသိ၊ ကျွန်တော့်ကို ပြောတာလို့လည်း မထင်တာကြောင့် ဘာသိဘာသာပဲ ကျွန်တော်ဟာ ကိုယ့်အခန်းဆီ ကိုယ်ဝင်လာခဲ့တယ်။
သိပ်မကြာပါဘူး။ ကျွန်တော်လွယ်အိတ်ချပြီး အိမ်စာစာအုပ်ထပ်ဖို့ ရှာနေတဲ့အချိန်မှာပဲ ကျွန်တော်တို့ အတန်းပိုင်နဲ့တကွ ထိုဆရာမဟာ ကျွန်တော့်ဆီ ရောက်ချလာပါတော့တယ်။ အယောက် ၆၀ ကျော်တဲ့ အတန်းသားအားလုံးရှေ့မှာ ကျွန်တော့်ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ဒေါနဲ့မောနဲ့…
“ဒီကောင်မပေါ့ မနေ့က ကျွန်မပြောတာတောင် စောက်ဂရုမစိုက်တာ…ဒီမိန်းမလေဒီကောင်မ”
ကောင်မဆိုတဲ့နာမ်စားနဲ့ အနှိုင်းခံလိုက်ရတဲ့အပြင် ရုတ်တရက်ကြီးဆိုတော့ ကျွန်တော်ဟာ ဘာမှမပြောနိုင်ဘဲ နေရာမှာတင် ဆွံ့အနေမိတယ်။ ဘာဖြစ်လို့ဖြစ်မှန်းမသိတဲ့ အပြင် ဘာလုပ်မိမှန်းလည်း မသိတာကြောင့် ကျွန်တော် မတ်တတ်ရပ်ပြီး ယဉ်ယဉ်ကျေးကျေးပဲ ပြန်မေးမိပါတယ်။
“ဆရာမ သမီး ဘာလုပ်မိလို့လဲဟင်”
ခေါင်းထဲ ဘယ်လောက်ပဲ စဉ်းစားစဉ်းစား ဘာအမှားလုပ်မိမှန်း စဉ်းစားလို့မရခဲ့ဘူး။ မရိုမသေပြုမိခဲ့တာလည်း မရှိဘူးမို့ စိတ်ထဲမှာ ခုနက သူတို့ရှေ့က ဖြတ်လာတာကိုများ မကြိုက်တာလားလို့ သွားတွေးမိတယ်။ ဒါပေမဲ့ အဲဒီတုန်းက ကျွန်တော်မှ အဲ့လိုမဝင်ရင် အတန်းထဲ ဘယ်လိုလုပ်ရောက်မလဲ။ ရိုရိုသေသေ ခါးကိုင်းနှုတ်ဆက်ပြီးမှ ဖြတ်လာတာမို့ စိတ်ဆိုးစရာ ဘာအပြုအမူမှ မလုပ်ခဲ့မိတာ သေချာသိတယ်။
“နင်မနေ့က ငါးတန်းဆောင်ပေါ်တက်တယ်မလား … ဟမ်…”
ဒီစကားမှာ ကျွန်တော်လန့်သွားတယ်။ ဟုတ်တယ်… ကျွန်တော်မနေ့က ၅တန်းနှစ်က ဆရာမတွေကိုလွမ်းတာရယ်ကြောင့် ၅တန်းပေါ်တက်ဖို့ကြိုးစားခဲ့တယ်။
ကျွန်တော်တို့ကျောင်းမှာ စည်းကမ်းရှိတယ်။ အတန်းကြီးကျောင်းသားတွေဟာ ကိုယ်တက်ခဲ့တဲ့အတန်းငယ် အဆောင်တွေဆီ ပြန်သွားခွင့်မရှိဘူး။ ဒီစည်းကမ်း ဘာကြောင့်ထုတ်ထားလဲ ကျွန်တော်မသိသလို ဘယ်တုန်းက ထုတ်ထားမှန်းလည်း ကျွန်တော်မသိဘူး။
ကျွန်တော်က တက်ဖို့ကြိုးစားခဲ့ရုံလေး။ တကယ်မတက်ခဲ့ပါဘူး။ ပြီးတော့ အဲ့တုန်းက ကျွန်တော်တစ်ယောက်တည်း မဟုတ်ဘူး။ အနားမှာ သူငယ်ချင်း ကောင်မလေးတစ်ယောက်ပါတယ်။ ကျွန်တော်တို့ဟာ လှေကားထစ် တစ်ဝက်မှာတင်ရပ်ပြီး ပြန်ဆင်းခဲ့ကြတယ်။
ကျွန်တော့်ကို ဒါကြောင့် ဆူတာဆိုရင် ကျွန်တော်အပေါ်ထိမသွားခဲ့ကြောင်း သက်သေလိုက်ပေးဖို့ သူငယ်ချင်းကောင်မလေးကို ကြည့်လိုက်မိတယ်။ ဒီကိစ္စဟာ သူမလုပ်ခဲ့သလိုမျိုး မသိချင်ယောင်ဆောင် နေပါတော့တယ်။ ကျွန်တော့်အကြည့်တွေကို မျက်လုံးလွှဲနေရင်းပေါ့။
ကျွန်တော်သာ အဲနေရာမှာဆို ထပြီး ကူညီပြောပေးမိမှာမှန်ပေမဲ့ တစ်ဖက်က ဒီလိုဆိုတော့ ကျွန်တော်လည်း ပြောမနေတော့ပါဘူး။ ကိုယ်တိုင်ရှင်းပြဖို့လုပ်ရတယ်။
“မဟုတ်ဘူးဆရာမ။ သမီး သွားခဲ့ပေမဲ့ မတက်ခဲ့…”
“ငါ့ကိုအခုမှ ဘာမှလာရှင်းပြမနေနဲ့ ငါ့မျက်လုံးနဲ့တပ်အပ်မြင်တာ နင်ဘာမှ လာရှင်းပြစရာမလိုဘူး။ ငါ ခေါ်နေတာတောင် စောက်ဂရုမစိုက်ဘူးဟုတ်လား။ ကောင်မ…ဟမ် နင့်ကိုနင် ဘာထင်နေလဲ … အခုမှ ဘာမှလာရှင်းပြမနေနဲ့…”
ကျွန်တော်စကားတောင် မဆုံးလိုက်ပါဘူး။ အော်ကြီးဟစ်ကျယ်ပါပဲ။ လက်ညှိုးငေါက်ငေါက်ထိုးပြီးကို အော်ဟစ်ပြောဆိုနေခဲ့တာပါ။
အမေ့မှာ အကျင့်တစ်ခုရှိတယ်။ ကျွန်တော့်ကို ကျောင်းပို့ပြီးရင် ပြတင်းပေါက်ကနေတစ်ဆင့် ကျွန်တော် အခန်းထဲဝင် ကိုယ့်စာသင်စားပွဲနေရာမှာ ထိုင်တာကို ကြည့်ပြီးမှ အိမ်ပြန်တတ်တာမျိုး။
အော်ကြီးဟစ်ကျယ် ပြောနေသံကြားတော့ အမေဟာမပြန်သေးဘဲ ဘာများဖြစ်လို့လဲဆိုပြီး ပြတင်းပေါက်ကနေ ပြန်လာကြည့်လေတယ်။
အမေ့မျက်နှာကို ပြတင်းပေါက်မှာ မြင်လိုက်ရချိန်၊ အတန်းထဲက (၆၀)သော အတန်းဖော်တွေရဲ့ အဓိပ္ပာယ်စုံပါဝင်နေတဲ့ အကြည့်တွေကို ခံစားလိုက်ရချိန်၊ မနက်ခင်းကျောင်းတက်ချိန်မို့ အခန်းရှေ့စင်္ကြံကနေတစ်ဆင့် ဖြတ်သွားတဲ့ကျောင်းသားတွေဆီက စပ်စုလိုတဲ့ပုံစံကိုတွေ့လိုက်ရချိန် ကျွန်တော့်ခေါင်းတစ်ခုလုံး ဗလာကျင်းသွားတယ်။
အရမ်းကို ရှက်ပြီး ကြောက်လွန်းလို့ ဒူးတွေတဆတ်ဆတ်တုန်ကာ မျက်ရည်တွေ စီးကျလာမိတယ်။ ကျွန်တော်ငိုမိတယ်။ ရှိုက်ကြီးတငင်ပါပဲ။ ရှိုက်သံတွေကြားက ကျွန်တော် ရှင်းပြမိတယ်။ ဆရာမက ရှင်းပြခွင့်မပေးတဲ့အပြင် ကျွန်တော်ပြောသမျှကို လက်မခံခဲ့ဘူး။
ကျွန်တော်ဘာလုပ်ရမလဲ မသိတော့ဘူး။ ရှက်လွန်းလို့ ပျောက်ကွယ် သွားချင်မိတော့တာပဲ။ ကိုယ့်ကိုယ်ကိုယ် နံရံနဲ့ခေါင်းနဲ့ပြေးတိုက်ပြီး သတ်သေလိုက်ရင် ငါ မဟုတ်တာ နားထောင်ပေးမှာလားဆိုတဲ့အထိ အတွေးရောက်သွားတယ်။
အခုပြောနေချိန်သာ ကြာနေတာ တကယ်တမ်းက အဲအရာတွေအကုန်လုံးဟာ စက္ကန့်ပိုင်း၊ မိနစ်ပိုင်းအတွင်း ဖြစ်သွားခဲ့တာတွေချည်းပါ။
ပြတင်းပေါက်က မြင်နေရတဲ့အမေ့မျက်နှာလည်း ကောင်းမနေတော့ဘူး။ သူ့ကလေးမှားတယ်လို့ သူထင်နေတော့ ဘာမှဝင်ပြောလို့လည်းမရဘူး။ ဒါပေမဲ့ အမေဟာ ကြားကနေ အတတ်နိုင်ဆုံး ဝင်တောင်းပန်ပေးဖို့ ကြိုးစားရှာပါတယ်။
“ဆရာမ သူ ဘယ်အချိန်က အဲ့ကို သွားခဲ့တာလဲဟင်”
အမေမေးတော့မှ ထိုဆရာမက ကျွန်တော့်အမေရှိနေမှန်း သတိထားမိသွားပုံပေါ်ပါတယ်။ မိဘရှေ့မှာ သူ့ကလေးကို လက်ညှိုးထိုးပြီး ရိုင်းရိုင်းပြောထားတာကို သတိရသွားပုံလည်းပေါ်တယ်။ လက်ညှိုးထိုးထားတာကိုချရင်း သူ့မူအတိုင်း ခါးထောက်လိုက်ပြီး
“ကျောင်းဆင်းချိန်ကလေ။ ကျောင်သားတွေတောင် ကုန်လုနီးပါးဖြစ်နေပြီ ခိုးတက်တာ”
လေသံကတော့ မာနေဆဲပါပဲ။
သူ့အဖြေမှာတင် အမေဟာ သဘောပေါက်သွားပါတော့တယ်။ ဒါဆို… ဒီဆရာမက လူမှားပြီးစွပ်စွဲနေတာပဲ။
အမေက ကျွန်တော့်ကို ကျောင်းတက်ကျောင်းဆင်း အမြဲ အကြိုအပို့လုပ်တယ်။ ကျောင်းဆင်းတာနဲ့ ကျွန်တော်က ဘာကိစ္စနဲ့မှ ကျောင်းမှာနေတာမဟုတ်ဘူး။ အမေ့ဆီချက်ချင်းပြေးပြီး အမေနဲ့အတူ အိမ်ပြန်တာပဲ။ ဒီကျောင်းဝတ်စုံရင်ဖုံးတွေကို ကျွန်တော်မြန်မြန်ချွတ်ရဖို့က ပိုအရေးကြီးတာမို့ ကျောင်းဆင်းတာနဲ့ အိမ်ကိုပြန်ချင်တဲ့ဇောပဲ ကျွန်တော့်မှာရှိတယ်။
“ကျောင်းဆင်းချိန်ဆို ကျွန်မကိုယ်တိုင် အမြဲလာကြိုနေတာပါ ဆရာမရယ်။ ကျွန်မ အဆောင်ပေါက်ဝအထိ ကြိုခေါ်တာမို့ သူဘယ်မှမသွားနိုင်ပါဘူး”
အမေက ဝမ်းသာအားရ သက်သေလိုက်ပေးပေမဲ့ ထိုဆရာမက သူမှန်တယ်လို့ စွတ်ထင်နေတော့ မလျော့ပါဘူး။
“အမလေး… ကျွန်မကိုယ်တိုင်မြင်တာ။ ကျွန်မခေါ်တာတောင် သူကအဖက်လုပ်တာ မဟုတ်ဘူး”
“မနေ့က ကျောင်းဆင်းခေါင်းလောင်းထိုးတာနဲ့ ကျွန်မကလေးကို အဆောင်ပေါက်ကနေ တစ်ခါတည်း ကြိုသွားတယ်ဆိုတာ မြန်မာစာသင်တဲ့ ဆရာမသေးသေးလေး မြင်ပါတယ်”
အမေပြောလိုက်မှ ဆူညံသံတွေကြောင့် လာကြည့်တဲ့ မြန်မာစာဆရာမဟာ သူမြင်လိုက်ကြောင်း ပြောပါတယ်။ သူမှားနေမှန်း အသိသာကြီးဖြစ်ခဲ့ပေမဲ့ ထိုဆရာမက တစ်ခွန်း ပြန်မတောင်းပန်ခဲ့ပါဘူး။ မျက်စောင်းထိုးလို့ နှာမှုတ်ပြီး ခြေဆောင့်ထွက်သွားပါတယ်။
ကျွန်တော်ကတော့ ဘာမှမကြားနိုင်စွာပဲ စားပွဲထက် မျက်နှာအပ်လို့ ငိုပဲငိုနေမိတယ်။ အမေက အခန်းထဲထိဝင်လာပြီး လာချော့ပေးပါတယ်။ ကျွန်တော်အိမ်ပြန်ဖို့ အခါခါပြောနေမိတယ်။ ကျွန်တော် ကျောင်းမတက်ချင်တော့ဘူး။ မတက်နိုင်တော့ဘူးလို့ အမေ့ကို ငိုယိုပြီးပြောမိတယ်။ အမေကလည်း ကျွန်တော့်ကို ပြန်ခေါ်သွားချင်ပေမဲ့ ထိုဆရာမက ဘာမှမပြော မဖြန်ဖြေပေးဘဲ ဆောင့်အောင့်ထွက်သွားတာကြောင့် အခုနေကျွန်တော့်ကို ခေါ်ထုတ်သွားရင် သူ့ကို သိက္ခာကျအောင်လုပ်တယ် စော်ကားတယ်ဆိုပြီး နောက်နေ့ကျောင်းတက်တဲ့အခါ မဲမှာကို စိုးရိမ်မိပုံပါပဲ။
ကျွန်တော့်ကို ချော့မော့ပြီး ‘နေ့လယ်ထမင်းစားချိန် မေမေထပ်လာကြည့်မှာမို့ အဲ့အချိန်မှ အဆင်မပြေသေးရင် ပြန်ကြမယ်’ လို့ ပြောလာတယ်။
ကျွန်တော် လုံးဝကို စိတ်ဓာတ်ကျနေမိတာ။ စာသင်ဖို့လည်း စိတ်မပါတော့ဘူး။ အတန်းဖော်တွေရဲ့ အကြည့်တွေကြောင့် နောက်ကျောလည်းမလုံသလို ခံစားရနေရတယ်။ မျက်လုံးပေါင်းများစွာက ကျွန်တော့်ကို စောင့်ကြည့်နေကြသလိုပဲ။ မျက်ရည်တွေ စီးကျနေပေမဲ့ ဘယ်သူမှ ကျွန်တော့်ကို နှစ်သိမ့်မပေးခဲ့ကြဘူး။
နေ့လယ်ထမင်းစားနားချိန်မှာ အမေဟာ တကယ်ပဲပြန်လာခဲ့တယ်။ အကြော်ထုပ်လေးတစ်ထုပ်ကို ဆွဲပြီးတော့ပေါ့။
အမေဟာ သူမရှိချိန် ကျွန်တော့်ကို မဲနေမှာစိုးလို့ အကြော်စုံတစ်ထောင်ဖိုး ဝယ်လာပြီး မျက်နှာလုပ်ခဲ့တာပါ။ ကျွန်တော်တို့မမှားခဲ့ဘဲနဲ့ အမေဟာ သူပဲတောင်းပန်ခဲ့တယ်။ အကြော်လေး ဆရာမတို့စားဖို့ပါလို့ပေးတော့။ အဲဆရာမဟာ ချက်ချင်းပဲ ငြင်းထုတ်တယ်။ သူမှားစွပ်စွဲထားမိလို့ လိပ်ပြာမလုံဘဲ မစားတာလား။ သူမှားပြောတာကို ဖော်ချလိုက်လို့ စိတ်ဆိုးပြီး မစားတာလားတော့ မသိပါဘူး။
တစ်ခုခုဆို ပါတိတ်တွေ မုန့်ပုံးတွေနဲ့ ကန်တော့ကြတဲ့ခေတ်မှာ တစ်ထောင်ဖိုးပါတဲ့ အကြော်စုံအထုပ်လေးဟာ နေရာမရှိတာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
နောက်မှပြန်သိရတာက အဲနှစ်က၅တန်းတက်မယ့် အသစ်လေးတွေထဲမှာ ကျွန်တော်နဲ့ အပြင်ပန်းပုံစံဆင်တဲ့ ကလေးတစ်ယောက်ပါခဲ့တယ်တဲ့။ အသားဖြူတာနဲ့ အသားညိုတာပဲကွာမို့ နောက်ကျောကကြည့်ရင် ခွဲမရဘူးလို့ ပြောကြပါတယ်။
၅တန်းတွေက အတန်းကြီးတွေထက် နောက်ကျမှ ကျောင်းဆင်းရတယ်။ ကလေးမလေးက ၅တန်းဆိုတော့ သူ့အဆောင်မှာ သူရှိနေမှာပေါ့။ နေဝင်ချိန် ဝိုးတဝါးမှာ အောက်ထပ်ကနေ အပေါ်ဆောင်ကို ပင့်ကြည့်ရင်း ကလေးမကိုမြင်ပြီး ကျွန်တော်လို့ ထင်သွားပုံရတယ်။
သူက လူတစ်ယောက်ကိုခေါ်ရင် နာမည်ခေါ်တာမျိုး၊ သမီးရေ သားရေ ခေါ်တာမျိုး မခေါ်တတ်ဘူး။ ‘ဟဲ့ကောင်မ’ မဟုတ်ရင် ‘ဟိုမိန်းမ’ လို့ နာမ်စားသုံးခေါ်တာမျိုး။
ကလေးမလေးက သူ့နာမည်ခေါ်တာလည်း မဟုတ်တော့ ဘယ်လှည့်ကြည့်ပါ့မလဲ။ စကားလုံးရိုင်းရိုင်းတွေသုံးတော့ ကျောင်းသန့်ရှင်းရေးလုပ်တဲ့သူကို ခေါ်တယ်ထင်ပြီး ဂရုမစိုက်ဘဲ ထွက်သွားပါလေရော။
အဲ့တော့ ကျွန်တော်က သူ့ကို မထိမဲ့မြင်လုပ်တယ်ဆိုပြီး သက်သက်မဲ့ အပြောခံလိုက် ရတယ်ပေါ့လေ။
ဒီအဖြစ်အပျက်ဟာ နှစ်စမှာတင် ဖြစ်ခဲ့တာမို့ ကျွန်တော့်ရဲ့ ခြောက်တန်း ကျောင်းသားဘဝဟာ တစ်နှစ်ပတ်လုံး တခြားသူကိုမပြောပြနိုင်တဲ့ စိတ်ဒဏ်ရာအသစ်တွေနဲ့ ဖြတ်သန်းခဲ့ရပါတော့တယ်။
***