Chapter 3
“မရဏရထား”
မူရင်းစာရေးသူ –江停
ဘာသာပြန်သူ – Kiiro
*******
Chapter (3)
ကိုယ်ဘယ်သူ့ကိုမှ မသတ်ခဲ့ဘူး
ဝူဖုန့်ရုန်ဟာ မနက်ခင်းပိုင်းက စိတ်ကျေနပ်စရာ မနက်စာစားခဲ့ရတာကြောင့် စိတ်အခြေအနေကောင်း၍နေသည်။ သူ ရှေးဦးသူနာပြုအိတ်ကို တွေ့သွားပြီး ကျိုးယန်လင်ကို အိပ်ရာပေါ်တွင်လှဲရန် အချက်ပြလိုက်သည်။ ထို့နောက် ဒဏ်ရာကို ကျွမ်းကျင်စွာပင် ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်နှင့် ပိုးသတ်လိုက်၏။
နာကျင်မှုကြောင့် ကျိုးယန်လင်၏ မျက်ခုံးများတွန့်သွားရသော်လည်း ဒီအခြေအနေက သူ့ကို ပျော်ရွှင်စေသည်ကိုတော့ ဝန်ခံရပေမည်။ သူ ပိတ်ကျဲစကို ပြန်ပတ်လိုက်ချိန်တွင် သေသပ်သည့် အထုံးတစ်ခုဖြင့် ၎င်းကိုတင်းကျပ်စွာ ချည်လိုက်သည်။ လက်ချောင်းဆိုဒ်လောက်ကျယ်သည့် ဒဏ်ရာက သွေးထွက်နေသည့်သွေးကြောတစ်မျှင်အလား။
ကျိုးယန်လင်က အိပ်ရာပေါ်ကို ခေါင်းမှီချလိုက်ပြီး သူ့မျက်လုံးများကို မှေးကျဉ်းလိုက်ကာ အပြုံးတစ်ခုက ဖြစ်တည်လို့လာသည်။ ထိုသူက ကလေးတစ်ယောက်နှယ် ပြုမူနေ၏။
တကယ်တမ်းမှာတော့ သူက ဝူဖုန့်ရုန်ထက်ပင် သုံးနှစ်ကြီးသေးသည့်အပြင် သူ့ခွန်အားကလည်း မသေးလှချေ။ ဝူဖုန့်ရုန်က တိုးတိတ်စွာဖြင့် သတိကြီးကြီးထားနေလေသည်။ တကယ်လို့ ကျိုးယန်လင်သာ သူ့ကို အမှန်တကယ် တိုက်ခိုက်လာမည်ဆိုပါက သူတောင့်ခံနိုင်မည်မဟုတ်။ ဒီယောကျ်ားက နက်နက်နဲနဲကို ဖုံးကွယ်ထားတာပင်။ သူ ဝူဖုန့်ရုန်ကို မျက်နှာသာပေးနေသည်က သူမျက်နှာသာပေးချင်စိတ်ရှိနေသောကြောင့်ပင်။ တစ်နေ့မှာ သူပျော်မွေ့လို့ဝ,သွားရင် ဝူဖုန့်ရုန် စိတ်တိုပေါက်ကွဲဖို့ကလွဲပြီး ဘာမှမတတ်နိုင်ပေ။
ပြတင်းပေါက်က မြူဆိုင်းနေပြီး နှင်းတချို့က အပြင်ဘက်တွင် ကျဆင်းနေသည်။ ဝူဖုန့်ရုန်၏ မျက်လုံးများက ဗလာနတ္ထိကွင်းပြင်သို့ ကြည့်နေမိ၏။ မြောက်ဘက်သို့ ရောက်လေလေ ပိုအေးလာလေလေဖြစ်ပြီး ကောက်ပဲသီးနှံတွေလည်း နည်းပါး၍ လာတော့မည်။ အနက်ရောင်ကမ္ဘာမြေပြင်က နှင်းများဖြင့် ဖုံးလွှမ်းခံထားရပြီး နေလုံးကြီးအောက်တွင် ဖြူဖွေးတောက်ပနေသည်မှာ ကြည့်နေသူ၏ မျက်လုံးကိုပင် အလင်းစူးစေနိုင်သည့်ပမာ။
တောင်ရိုးထိပ်တွင်တော့ သစ်ပင်အိုကြီးများက မားမားမတ်မတ်ရှိနေကြကာ သစ်ပင်ထိပ်များက ပါးလွှာ၍ ပြောင်ရှင်းနေပြီး ကျီးကန်းတစ်သိုက်ကလည်း နားခိုနေကြ၏။ ရုတ်တရက် ကျီးကန်းတစ်ကောင်က သူ့တောင်ပံရှည်များကို ဖလပ် ဖလပ်ခတ်လိုက်ပြီး ကျီးကန်းအုပ်ကို အရှေ့ဘက်သို့ ပျံသန်းရန် ဦးဆောင်လိုက်သည့်အခါ နေကိုဖိနှိပ်တော့မည့် တိမ်နက်နက်များအလားပင်။
“ကိုယ်ဘယ်သူ့ကိုမှ မသတ်ခဲ့ဘူး။”
ကျိုးယန်လင်က ပြောလိုက်သည်။ သူ့ပုံက လုံးဝကို ယုံချင်စရာမကောင်းပေ။
ဝူဖုန့်ရုန်က ထိုစကားလုံးများကို တိတ်တဆိတ် ချင့်ချိန်နေ၏။ ဒဏ်ရာက အသစ်ရလာတယ်ဆိုတာ သူရှင်းရှင်းလင်းလင်းမြင်နိုင်သည်။ ဒီဒဏ်ရာကို ဖြစ်စေခဲ့သည့် ဓားက ဘယ်ဘက်မှာကျယ်ပြီး ညာဘက်တွင် ကျဉ်းသွားလိမ့်မည်။ သူအထိုးခံခဲ့ရတာက လွန်ခဲ့တဲ့နှစ်နာရီလောက်ကမှ ဖြစ်ဖို့များသည်။ မီးရထားမယ်ရဲ့ ဖော်ပြချက်အရဆိုရင် ကျိုးယန်လင်က ရထားပေါ်ရောက်ကတည်းက သွေးတွေဖုံးနေလိမ့်မည်။ သို့ပေမဲ့ သွေးစွန်းနေတဲ့လူကိုတော့ လုံခြုံရေးတွေက ပေးဝင်လိမ့်မှာမဟုတ်။ ထို့ကြောင့် စစ်ဆေးရေးပြီးသွားမှ သူဒဏ်ရာရတာဖြစ်ရမည်။
သူက ဘူတာရုံက လူတစ်ယောက်ယောက်ထံမှ တိုက်ခိုက်တာကိုခံခဲ့ရတာဖြစ်ရင်ဖြစ် မဟုတ်ရင် ရထားပေါ်က လူတစ်ယောက်ယောက်ရဲ့ တိုက်ခိုက်ခံခဲ့ရတာဖြစ်လိမ့်မည်။ ထန်ကျိုးလူသတ်မှုနေရာမှာ နစ်နာသူနှင့် တိုက်ခိုက်ရင်း ဖြစ်လာသည့် ဒဏ်ရာတော့ ဟုတ်ပုံမရ။ ဒဏ်ရာကိုပဲကြည့်ရရင်တော့ ယခုလက်ရှိဒဏ်ရာက လူသတ်မှုနဲ့ ဘာမှမဆိုင်ချေ။ သို့ပေမဲ့ သည်ဟာနဲ့တင် ကျိုးယန်လင်က ဘယ်သူ့ကိုမှ မသတ်ခဲ့ပါဘူးလို့တော့သက်သေမပြနိုင်ပေ။
ဝူဖုန့်ရုန်က အရင်ဆုံး ထိုအမျိုးသားအား သူ့ပုံပြင်လေးကို အပြီးသတ်ခိုင်းလိုက်၏။ မေးစေ့ကို မော့လိုက်ပြီး ကျိုးယန်လင်ကို သူ၏ အဓိပ္ပာယ်မရှိသည့် စကားများကို တစ်ခါတည်း အကုန်ထုတ်ပြောလိုက်သင့်သည်ဟု အရိပ်အယောင်ပြနေသလိုပင်။
ကျိုးယန်လင်က စိတ်ပါလက်ပါ ပြောပြသည်။
“ကိုယ်တကယ် အမှုဖြစ်တဲ့နေရာမှာရှိခဲ့ပေမဲ့ သူ့ကိုတော့မသတ်ခဲ့ဘူး။ အဲ့ဒါကနားလည်မှုလွဲရုံသက်သက်ပါ။”
သူ ခဏရပ်လိုက်ကာ
“အဲဒီနေ့ညက ကိုယ်က သူငယ်ချင်းတစ်ယောက်နဲ့ အင်တာနက်ကော်ဖီဆိုင်နားမှာ ညလယ်စာ သွားစားနေတာ။ ကိုယ်သောက်တာ နည်းနည်းများသွားလို့ သန့်စင်ခန်းမှာ အန်နေခဲ့တာ။ နောက်ပိုင်းအဖြစ်အပျက်တွေကတော့ ဝေဝေဝါးဝါးပဲ။ အဲဒီနောက်မှာတော့ ရဲကားတွေအသံကိုကြားလိုက်ရတယ်။ ကိုယ်က ရဲတွေနဲ့ပတ်သက်ပြီး နည်းနည်းဆင်ခြင်တတ်လို့ သူတို့နားရောက်ရင် သတိကြီးကြီးထားတတ်တယ်။ အဲဒီအချိန်မှာ ကိုယ်သိလိုက်တာက ကိုယ်က လမ်းကြားထဲက ကောင်လေးတစ်ယောက်ရဲ့ ဘေးနားမှာ လှဲနေခဲ့တယ်ဆိုတာပဲ။ ကိုယ် ချက်ချင်းပဲ သိလိုက်တယ်။ တစ်ခုခုကတော့ မှားနေပြီဆိုတာပေါ့။ ကိုယ် သူ့ရဲ့နှာခေါင်းနဲ့ ပါးစပ်ကို စစ်ဆေးကြည့်လိုက်တဲ့အချိန်မှာ သူက အသက်ရှူမနေတော့ဘူး။”
သူ အဲဒီအချိန်ကိုအမြဲမှတ်မိနေမှာပင်။
ရထားပေါ်က သန့်စင်ခန်းထဲတွင် တိုက်သည့်လေပြင်းထက် ပိုအေးစက်သည့် စက္ကန့်ပိုင်းခံစားမှုတစ်ခုဖြစ်ခဲ့လေသည်။
“အဲဒါပြီးတော့ ထွက်ပြေးခဲ့တယ်ပေါ့။
“ကိုယ့်ခေါင်းက ကယောင်ချောက်ချားဖြစ်နေခဲ့တာလေ။ ကိုယ်နောက်နေ့သတင်းတွေတွေ့တော့မှ ဘာဖြစ်ခဲ့လဲ နားလည်လိုက်တာ။ အဲဒီအချိန်ကျတော့ အကုန်လုံးက နောက်ကျကုန်ပြီး သတင်းဖြစ်သွားရောလေ။ ကိုယ်ခွင့်နှစ်ရက် ယူလိုက်ပြီးတော့ သူငယ်ချင်းကို သက်သေခံပေးဖို့ ပြောခဲ့တယ်။ ဒါပေမဲ့ သူက ဘာမှမပြောခဲ့ဘူးလေ။ နောက်တော့ သူက ဖုန်းတောင်မကိုင်တော့ဘူး။ ဒီကောင်က ကိုယ့်ကို တမင် သေတွင်းတူးပေးသွားသလိုပဲ။ ကိုယ် နည်းနည်းတော့ ရှက်မိတယ်။ ဒီအဖွဲ့နဲ့ ဆက်နွှယ်ပြီးတော့ ဆယ်နှစ်လောက် လူတွေကို ငွေအတွက်နဲ့ လိမ်လည်ခဲ့ကြတာ။ ကိုယ့်အသိတွေထဲက ၉၀ရာခိုင်နှုန်းလောက်ကလည်း ဒါမျိုးလုပ်ကြတယ်ဆိုတာကို သိပေမဲ့လည်း နောက်ဆုံးမှာတော့ ကိုယ်ဒီအခြေအနေကနေ မရုန်းနိုင်ခဲ့ဘူးလေ။”
ဝူဖုန့်ရုန်က မေးလိုက်သည်။
“ခင်ဗျားက အတိအကျဆို ဘာအလုပ်လုပ်တာလဲ။”
ကျိုးယန်လင်က လုပ်ငန်းကဒ်ကို ထုတ်လိုက်ပြီး သူ့ကိုပေးလိုက်၏။ ခေါင်းစဉ်က: လီရှင်းအာမခံကုမ္ပဏီ ၊ အာမခံလျော်ကြေးစစ်ဆေးရေးဌာန ၊မန်နေဂျာ။
“အရှင်းဆုံးပြောရရင် အာမခံငွေများများရဖို့အတွက် မသတီစရာတွေလုပ်ဖို့ တွန့်ဆုတ်မနေတဲ့ သူတချို့ရှိတယ်။ ဥပမာပြောရရင် ၊ ခိုးတာ ၊ သတ်တာ ၊ အတုလုပ်တာ ၊ ဖုံးထားတာ……မျိုးစုံပေါ့။ ကိုယ်က ဒီလိုအရာတွေ စုံစမ်းရတာ။ စုံစမ်းစစ်ဆေးတာ မပြီးမချင်း ကုမ္ပဏီက ဘာမှပေးမှာ မဟုတ်ဘူး။ တကယ်လို့ ကိစ္စက အရမ်းပြင်းထန်ပြီး တစ်စုံတစ်ယောက်သေတယ်ဆိုရင် စစ်ဆေးသူတွေက ချက်ချင်း စစ်ဆေးနိုင်တဲ့ အခွင့်အာဏာရှိတယ်။ တစ်ခါတလေ ရဲနဲ့ပါသက်သေတွေကိုလိုက်စုဆောင်းရသေးတယ်။ မင်း”Entrapment”ဆိုတဲ့ကားကို ကြည့်ဖူးမှာပေါ့။ Zeta-Jonesရဲ့ ဇာတ်ကောင်က နည်းနည်းပိုလွန်းနေတာ။ တကယ်တော့ ဇာတ်လမ်းအရဆိုတာကြောင့်မလို့ နားလည်လို့တော့ ရပါတယ်။ တကယ်က ဒီအလုပ်က အဲဒီလောက်ကြီးအန္တရာယ်မများပေမဲ့ ယေဘုယျသဘောတရားကတော့ တူတူပါပဲ။”
“ထူးခြားတာပဲ။”
“သေချာရှင်းပြရရင်တော့ အဲဒီလောက်ကြီး မထူးခြားပါဘူး။ အဖေကိုသတ်တာ၊ အမေကို သတ်တာ၊ ဖောက်ပြန်တာ၊ အဆိပ်ခတ်တာ၊ ကလေးတွေနဲ့ အမျိုးသမီးတွေ ရောင်းဝယ်ဖောက်ကားတာ…..ဒါတွေက အမြဲဖြစ်နေတဲ့ အမှုကြီးတွေပဲ။ ဒီလောက်များတဲ့ အတွေ့အကြုံတွေနဲ့မလို့ ကိုယ့်ရဲ့ ဒီနယ်ပယ်နဲ့ ပတ်သက်တဲ့ အလိုလိုသိစိတ်က မှန်တာများတယ်။ ဒီကိစ္စမှာ ကိုယ်က သေချာပေါက်ကို ထောင်ချောက်ဆင်ခံရတာ။”
ဒီအထိ ရှင်းပြပြီးချိန်မှာတော့ ကျိုးယန်လင်က စားပွဲပေါ်မှာရှိတဲ့ ရေခွက်ကို ယူသောက်လိုက်၏။ သူက သူ့ခြေထောက်များကို ချိတ်လိုက်ရင်း သက်သောင့်သက်သာအနေအထားသို့ပြောင်းလိုက်ကာ ဆက်ပြောသည်။
“ကိုယ်က ကောင်းတဲ့လူလို့တော့ မပြောနိုင်ပါဘူး။ ကိုယ်က ငွေရော အချစ်ရော လိမ်လေ့ရှိတဲ့သူမျိုး။ တုံးအတဲ့ အမျိုးသမီးငယ်လေးတွေကို ကျီစယ်ပြီး မာကျောက်ဆော့ရင်း လိမ်လည်တတ်တယ်။ ဒါပေမဲ့ လူတော့ မသတ်ပါဘူး။ ကိုယ့်မှာလည်း သိက္ခာရှိပါသေးတယ်။ ပြီးတော့ ကလေးတွေကိုလည်း စိတ်မဝင်စားသလို အဲဒီကောင်လေးကို တစ်ခါမှ မတွေ့ဖူးဘူး။ ကိုယ်က သူနဲ့ ဘာလို့တိုက်ခိုက်ရမလဲ။ ကိုယ့်ကို ချုပ်ထားပြီး ရဲဆီခေါ်သွားရင်တောင် ကိုယ်မင်းကိုတော့ အပြစ်မတင်ပါဘူး။ မင်းနဲ့ တစ်ကြိမ်အိပ်နိုင်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် အနစ်နာခံလိုက်ရတာပေါ့။”
အပြင်ဘက်မှာ ရဲက အချိန်မရွေး ဝင်လာနိုင်သည်။ သူအဖမ်းခံရဖို့ဆိုလျှင် ဝူဖုန့်ရုန်ထံမှ သတိပေးချက်တစ်ချက်သာ လိုလေ၏။ ဒီလိုအချိန်မျိုးမှာတောင် သူက အလေးအနက်မထားသေးပေ။
ရိုးရိုးသားသားပြောရရင် ဝူဖုန့်ရုန် နည်းနည်းတော့ စိတ်ပျက်လက်ပျက်ဖြစ်မိသည်။ ကျိုးယန်လင်ရဲ့ ရှင်းပြချက်မှာ ဟာကွက်များစွာ ရှိနေသည်လေ။ အရက်မူးနေတဲ့ မှတ်ဉာဏ်တစ်ပိုင်းတစ်စတွေက ကျူးလွန်သူမဟုတ်ကြောင်း သက်သေအနေနှင့် တင်ပြဖို့မဖြစ်နိုင်။ တစ်ခုခုဆိုလျှင် ဆန္ဒအလျောက် လူသတ်မှုကျူးလွန်ခြင်းဟုပင် သက်သေဖြစ်သွားနိုင်သေးသည်။
ထို့အပြင် သူက အခင်းဖြစ်ပွားရာ နေရာမှာ ရှိနေခဲ့တယ်ဆိုတဲ့ သက်သေက ရှိသေးတာကြောင့် သူ့ကို သံသယရှိသူအဖြစ် လုံးဝသတ်မှတ်နိုင်၏။ သူသာအပြစ်ကင်းပါက ဘာကြောင့် ရဲတွေဆီ ချက်ချင်း မသွားရတာလဲ။ သူအမှုဆင်ခံရမှာ စိုးနေလို့လား။ ဒီလိုက သူလိပ်ပြာလုံမနေဘူးဆိုတာ လူတွေကို ပိုမယုံကြည်သွားစေဘူးလား။ နောက်ပြီး သူ့နံရိုးနားက ဒဏ်ရာကိုလည်း မေ့ထားလို့မဖြစ်သေး။ သူ့ကို ဘယ်သူက တိုက်ခိုက်ခဲ့တာလဲ။ အဲဒါက လူသတ်သမားနဲ့များ ဆက်စပ်နေမလား။ ဘာအကြောင်းကြောင့်များ သူက ဒီရထားကို လက်မှတ်ဖြတ်ပြီး သွားရတာလဲ။ ဒီလိုအလောတကြီးထွက်ပြေးတာက သံသယတွေကိုသာပိုကြီးထွားလာနိုင်စေသည်။
“အီစီကလီလုပ်နေတာ တော်တော့။ လျှောက်ပြောနေတာလည်း တော်တော့။ ခင်ဗျားဒဏ်ရာက ဘယ်လိုရလာတာလဲ။”
ဝူဖုန့်ရုန်က မေးလိုက်၏။
သံသယအရိပ်အယောင်က ကျိုးယန်လင်၏ မျက်နှာပေါ်တွင် ဖြတ်သန်းသွားသည်။ သူစိတ်တိုနေတယ်ဆိုတာ ဝူဖုန့်ရုန် ခံစားရနိုင်သည်။
“ကိုယ်လည်း အဲဒါကို မေးတော့မလို့ပဲ။ ဘူတာရုံက လုံခြုံရေးက ဘာလုပ်နေတာလဲ။ သူတို့ ဓားတွေပါမပါတောင် မစစ်ဆေးနိုင်ကြဘူးလား။ ကိုယ် စောင့်ဆိုင်းနေရာမှာ စောင့်နေတုန်း ခရီးဆောင်အိတ်ဆွဲလာတဲ့သူက ကိုယ့်ကို တိုက်သွားတယ်လေ။ အဲဒါကို မသိသေးခင် ကုတ်အင်္ကျီပေါ်ကနေ ဓားထိုးခံလိုက်ရတာပဲ။ ကိုယ်တောင်ကြောင်သွားတယ်။ ပြီးတော့ သူတို့လက်မှတ်တွေစစ်တာပဲ။ ကိုယ် အလောတကြီး တက်လာလိုက်ရလို့ ဒဏ်ရာစည်းဖို့တောင် အချိန်မရလိုက်ဘူး။ အဲဒီလူသာ ရထားပေါ်တက်ပြီး တစ်ယောက်ယောက်ကို ဓားနဲ့ထိုးသွားရင် ဘယ်လောက်တောင် အန္တရာယ်များလိုက်မလဲ။”
“ကျွန်တော့်ကို အဲဒါမေးနေလို့ အသုံးမဝင်ဘူး။ ကျွန်တော်က ရထားလမ်းမှာ အလုပ်လုပ်တာ။ ဘူတာရုံမှာ မဟုတ်ဘူး။ ပြီးတော့ ခင်ဗျားက ဆေးပစ္စည်းတွေသယ်လေ့ရှိတာလား။”
“ဘယ်လိုပဲဖြစ်ဖြစ် ဒါက အန္တရာယ်များတဲ့ အလုပ်ပဲလေ။ အာမခံအမှုတွေ လိုက်စုံစမ်းရင်း အချိန်တိုင်း ခြိမ်းခြောက်ခံရနိုင်တယ်။ ရုံးမှာဆိုရင် ကိုယ်ကသေသင့်တယ်၊ ကိုယ့်အိမ်က ပျက်စီးသွားသင့်တယ်၊ ကိုယ့်ဘိုးဘေးဘီဘင်အုတ်ဂူတွေထိပါ မတော်တရော်ပြောထားတဲ့ အမည်မသိစာတွေ သေတ္တာလိုက် ရောက်ရောက်နေတာ။ ကိုယ်လမ်းကြားထဲမှာ တရွတ်တိုက်ဆွဲပြီး အရိုက်မခံရခင်မှာတင် ကိုယ့်ခြေထောက်တွေက ကျိုးလုနီးနီးပဲ။ ဆေးပစ္စည်းတွေ သယ်သွားတာက ကောင်းတဲ့အကျင့်တစ်ခုပဲ။”
“ခင်ဗျားက တစ်ချက်လောက် အရိုက်ခံရသင့်တယ်။”
ကျိုးယန်လင်က ထူးထူးခြားခြား လေးနက်နေပြီး သူ့ကိုမနောက်ဘဲ
“ကိုယ် မင်းဘာပြောချင်လဲဆိုတာ သိတယ်။ ပြီးတော့ ကိုယ်လည်း ဘယ်သူက ထိုးသွားတာလဲဆိုတာ တကယ်သိချင်တယ်။ ဒါပေမဲ့ မလောဘူး။ အဲဒီလူက ရထားပေါ်မှာပဲ ရှိနေသေးတယ်။ ကိုယ်က အခုအန္တရာယ်ရှိနေတုန်းပဲ။ မင်းကို တဲ့ပဲပြောတော့မယ်။ အဲဒီလူကို မင်းအရင်ဖမ်းမိတာဖြစ်ဖြစ် ကိုယ့်ဘာသာရှာတွေ့တာဖြစ်ဖြစ် ရဲလက်မအပ်ခင် အဲဒီကောင်ကို ကိုယ်ရိုက်မှာ။ မင်း ရဲတွေခေါ်လိုက်တယ်မလား။ ကိုယ် ရထားဝန်ထမ်းတွေ ရဲတွေကိုသွားရှာဖို့ ပြောနေတာ ကြားခဲ့တယ်။”
“ကျွန်တော်က အရာရှိပဲ။ ခရီးသည်တွေနဲ့အဖွဲ့သားတွေရဲ့ လုံခြုံရေးအတွက် ကျွန်တော့်မှာ တာဝန်ရှိတယ်။”
“ကိုယ် အကုန်ရှင်းပြပြီးသွားပြီ။ မင်းဘာထပ်မေးချင်သေးလဲ။”
“ခင်ဗျား ပိုင်ဟယ်ကို ဘာသွားလုပ်မှာလဲ။”
ကျိုးယန်လင်က သူ့မျက်နှာကို စေ့စေ့စပ်စပ် ကြည့်လိုက်ရင်း
“ကိုယ့်အပြစ်ကင်းမှုကို သက်သေပြဖို့ သွားမှာဆိုရင် မင်း ကိုယ့်ကို ယုံမှာလား။”
ဝူဖုန့်ရုန်က ဒါကိုပြန်ဖြေဖို့ အင်တင်တင်ဖြစ်လို့နေသည်။ အဲဒီခပ်ပြောင်ပြောင်အမူအရာနဲ့ အပြုံးက ကျိုးယန်လင်ရဲ့ ရင်ထဲကနေ ကောင်းမွန်စွာ ပြင်ဆင်ထားတဲ့ မျက်နှာဖုံးတစ်ခုဆိုတာ သူ မြင်နိုင်သည်။ တခြားသူတွေကတော့ အာမခံရောင်းသူတွေက ရှုပ်ထွေးပြီး စိတ်မချရဘဲ သစ္စာဖောက်တတ်ကြသည်ဟု တွေးမိကြပေလိမ့်မည်။ တကယ်တော့ အဲဒါကသူစိမ်းတွေနဲ့ အကွာအဝေးတစ်ခုခြားထားဖို့ သူကိုယ်တိုင် အဲဒီလိုထင်အောင်အယောင်ဆောင်ထားရုံသက်သက်ပင်။
မည်သို့ပင်ဖြစ်စေ သူတို့နှစ်ယောက်မှာက အလွန်ရင်းနှီးတဲ့ ခန္ဓာဆက်ယှက်မှုမျိုးရှိခဲ့တာကြောင့်အခြားသူတွေထက် ပိုပြီးရင်းနှီးတဲ့ဆက်ဆံရေးဟု ယူဆနိုင်သည်။ ဝူဖုန့်ရုန်မှာ နောက်ထပ်မျက်နှာဖုံးတစ်ခုကို ရှာတွေ့ဖို့အတွက်နဲ့တင် ပထမအလွှာတစ်ခုကို နှိုက်နှိုက်ချွတ်ချွတ်ရှာဖွေလိုက်ရသလိုပင်။ ဘယ်ဟာက အစစ်အမှန်ဖြစ်ပြီး ဘယ်ဟာက ဟန်ဆောင်ထားသည်ဆိုတာ ကွဲပြားနိုင်ဖို့က တကယ်ကို ခက်၏။ နောက်ဆုံးမှာတော့ ဒီလူက တကယ်ရော စိတ်ရင်းရှိရဲ့လား။ သူက ရိုးသားပြီး ပွင့်လင်းဖူးတဲ့ အချိန်အခါရော ရှိဖူးရဲ့လား။
အချိန်ခဏကြာသည်အထိ သူတို့နှစ်ဦးမှာ သဘောမတူကြောင်း ပြနေကြသည့်အလား တိတ်ဆိတ်သွားကြသည်။ နောက်ဆုံးမှာတော့ ဝူဖုန့်ရုန် မချုပ်ထိန်းထားနိုင်တော့ဘဲ သူ့ခုတင်အောက်မှ ခရီးဆောင်သေတ္တာကို ဆွဲထုတ်လိုက်ကာ လှန်လှောရှာဖွေလိုက်ပြီး ကျိုးယန်လင်အား ပုံမှန်အဝတ်တချို့ ပစ်ပေးလိုက်၏။
“ဒါတွေပြောင်းဝတ်လိုက်။”
ခေါင်းအုံးဘေးရှိ ပဝါကို ထိုအမျိုးသား၏ လည်ပင်းပေါ်သို့ ခြုံပေးလိုက်ရင်း သူပြောလိုက်သည်။
“ခင်ဗျားရဲ့ အလုပ်က ဓာတ်ပုံတွေက နေရာတိုင်းမှာ။ သံသယလုံလုံလောက်လောက်မဝင်ကြမှာစိုးလို့ ဝတ်စုံပြည့်ပါ ဝတ်ထားတာလား။ တကယ်လို့ ဘောင်းဘီတွေက မရှည်ရင် ကျွန်တော် နောက်ဘူတာရုံကျ တစ်ယောက်ယောက်ကို ကုတ်အင်္ကျီတွေ ဆင်းဝယ်ခိုင်းလိုက်မယ်။ ခင်ဗျား မနက်စာရော စားပြီးပြီလား။ ကျွန်တော် ပေါက်စီနှစ်ခု ထပ်ဝယ်လာခိုင်းလိုက်မယ်။”
ကျိုးယန်လင်က မလောပေ။ ပထမဆုံး သူ ထိုအမျိုးသားကို လှမ်းဆွဲလိုက်ပြီး အနမ်းတစ်ခုဖြင့် ရစ်တွယ်လိုက်၏။ သူ့နှုတ်ခမ်းများက ဆေးရွက်လိပ်ကြီးအရသာဖြင့် ပြည့်နှက်နေကာ မွှေးမနေ။ ဝူဖုန့်ရုန်က သူ့ကို တွန်းလိုက်ပြီး အိပ်ရာအောက်က တစ်ခုခုရှာဖို့ လှည့်ထွက်လိုက်သည်။ ဝူဖုန့်ရုန်က သင်တုန်းဓားကို ယူလာချိန်မှာတော့ ကျိုးယန်လင်မှာ ခေါင်းတစ်ခေါင်းလုံးပင် ပူထူလာတော့သည်။ သင်တုန်းဓားစက်၏ တဝီဝီအသံကို ကြားနေရခြင်းက သူ့သွေးတွေတောင် ခဲသွားတော့မလိုပင်။ သူပြုံးလိုက်ပြီး မျက်နှာလိုမျက်နှာရလုပ်ဖို့ ကြိုးစားတော့သည်။
“မင်းဘာလုပ်မလို့လဲ။ ကိုယ်တကယ် မလုပ်ခဲ့ပါဘူးဆိုနေ…..အိုက်ယား။ ကိုယ့်ကို တိတ်တိတ်နေခိုင်းဖို့ သတ်စရာမလိုဘူးလေ။ စကားနည်းနည်းလောက် အရင်ပြောရအောင်ပါ။”
ဝူဖုန့်ရုန်က သူ့ခေါင်းကိုမော့လိုက်ပြီး ထိုင်ခိုင်းလိုက်၏။
“ခင်ဗျားရဲ့ ပေါက်ကရအတွေးတွေ တော်လိုက်တော့။ ရိုးရိုးတန်းတန်း အဝတ်အစားလေးပြောင်းဝတ်လိုက်ရုံနဲ့ ခင်ဗျားကို ဘယ်သူကမှ မမှတ်မိတော့ဘူးလို့ ထင်နေတာလား။”
ကျိုးယန်လင်ရဲ့မျက်နှာမှာ ခါးသက်သွား၏။ သို့ပေမဲ့လည်း သူနာခံစွာနဲ့ တန်းတန်းမတ်မတ် ထိုင်လိုက်ပြီး ဝူဖုန့်ရုန်အား သူ့ခေါင်းကို ရိတ်ရန် ခွင့်ပြုလိုက်သည်။ ဝူဖုန့်ရုန်က ထိုသူ့ရှေ့တွင် မှန်ကို ချထားလိုက်ပြီး သွက်လက်ကျွမ်းကျင်စွာနှင့် ရိတ်တော့သည်။ ကျိုးယန်လင် သူ့ဆံပင်ပုံစံပြောင်းသွားမှာကို စိတ်မပူချေ။ သူ့မှာ ဆံပင်တစ်လက်မစာပဲကျန်နေရင်တောင် သူက ယုံကြည်ချက်ရှိရှိနေနိုင်သေးသည်။ အဲဒါက ဝူဖုန့်ရုန်ကိုယ်တိုင် သူ့ဆံပင်ကိုညှပ်ပေးလိမ့်မယ်လို့ မထင်ထားမိရုံတင်။ သူ့အတွက်တစ်စုံတစ်ဦးကဆံပင်ညှပ်ပေးခဲ့တာ နှစ်တွေဘယ်လောက်များများတောင်ကြာသွားခဲ့ပြီလဲ။
ကလေးဘဝတုန်းက သူ့အမေကပဲ သူ့ကို ထိုင်ခိုင်းပြီး ဆံပင်ညှပ်ပေးဖို့ ဂရုစိုက်ခဲ့ဖူးသည်။ နောက်ပိုင်း ကျောင်းပြီးသွားချိန်မှာတော့ သူကိုယ်တိုင်ပဲ မှန်ရှေ့မှာ ဆံပင်ညှပ်ခဲ့ရသည်။ အကြောင်းမှာ သူက ဆံပင်ညှပ်ဆိုင်တွေမှာသုံးသည့် ပစ္စည်းများ၏ အနံ့အသက်ကို မကြိုက်တာကြောင့်ပင်။ ထို့အပြင် ဆံသဆရာတွေရဲ့ ဆံပင်ကို စိတ်ကူးပေါက်ရာ အနီရောင်၊ အစိမ်းရောင်လျှောက်ဆိုးပေးတာမျိုးလည်း သူသည်းမခံနိုင်ပေ။
သူ့နောက်ရှိ ဝူဖုန့်ရုန်၏ ရောင်ပြန်က မှန်အတွင်း၌ ထင်ဟပ်လို့နေပြီး သူ့ရဲ့ အလေးအနက် ဖြစ်နေသည့် အမူအရာတစ်ဝက်ကိုသာ မြင်နေရသည်။ ဆံမြိတ်စအနည်းငယ်က သူ့မျက်ခုံးရိုးပေါ်တွင် တွဲလဲကျ၍နေ၏။ ၎င်းမျက်ခုံးရိုးက ခပ်မြင့်မြင့်နှင့် ဖြောင့်တန်းသည့်ပုံရှိပြီး မှန်ထဲတွင် မှိန်ပျပျတောက်ပနေကာ ရေခဲနှင့် နှင်းများကဲ့သို့ အေးစက်သည့် ခံစားမှုမျိုး ပေးစွမ်းနေသည်။
ကျိုးယန်လင်မနေနိုင်ဘဲ သိချင်မိ၏။ ဒီနတ်ဆိုးလိုလူသားက ဘာများလုပ်မလို့ ကြံနေပြီးတော့ သူဘာများမလုပ်နိုင်သလဲဆိုတာကိုပင်။ ဘာလို့များ ဒီလိုသက်တမ်းကြာနေပြီဖြစ်သည့် ရထားပေါ်မှာ အလုပ်လုပ်နေရပြီး တစ်ကိုယ်တော်သမားဘဝနှင့် နေနေရသလဲ။ လူတစ်ယောက်က ဒီနှင်းတောင်တွေကို ကြိုက်လို့ဆိုတာ ဖြစ်နိုင်ပါ့မလား။
ဝူဖုန့်ရုန်တွင် ဒီရှုခင်းတွေကို စိတ်ဝင်စားသည့် ပုံမျိုး မရှိနေ။ သူက အချစ်ဇာတ်လမ်းအနည်းငယ်လောက်သာ လိုအပ်နေတာဖြစ်ပြီး ကျိုးယန်လင်မှာ ထိုလူကို ဆွဲဆောင်ဖို့ရာသာ အာရုံစိုက်ထား၏။
“ခင်ဗျားရဲ့ မုတ်ဆိတ်မွေးကို မရိတ်ပစ်နဲ့ဦး။ မျက်နှာကို ကာနိုင်အောင် နည်းနည်းပဲ ပုံသွင်းလိုက်။”
ဝူဖုန့်ရုန်က ဖျောင်းဖျလိုက်ပြီး ဆံပင်အောက်နားစများကို ပြင်ရန် သင်တုန်းဓားကို ထပ်မြှောက်လိုက်သည်။
ကျိုးယန်လင် သူ့ကိုယ်သူ မှန်ထဲမှာ ပြန်ကြည့်လိုက်ပြီး ထွက်လာသည့်ပုံစံက လက်ခံနိုင်လောက်သည်ဟု ခံစားလိုက်ရသည်။
“မင်းဘယ်ကနေ ဒါကိုသင်လာတာလဲ။ မဆိုးဘူးပဲ။”
“ပြီးခဲ့တဲ့အခေါက်တုန်းက ကျွန်တော်ကောင်းကောင်းမနားရဘဲ လပေါင်းများစွာ ခရီးဝေးသွားပြီး အလုပ်လုပ်ခဲ့ရတာ။ ကျွန်တော့်ဆံပင်တွေရော မျက်နှာပေါ်က အမွေးတွေရော ရှည်လာပြီး လူရိုင်းနီးနီးတူနေလို့ မတတ်နိုင်ဘဲ ကိုယ့်ဘာသာညှပ်ရုံပဲ ရှိတော့တယ်။ အဲဒီလိုနဲ့ ဖြည်းဖြည်းချင်း ကျွမ်းကျင်သွားတာ။ ရထားပေါ်က အမျိုးသမီးအလုပ်သမားတွေအကုန်လုံးရဲ့ ဆံပင်ကို ကျွန်တော်ပဲ ဂရုစိုက်ပေးခဲ့တာ။ ကျွမ်းကျင်တဲ့ သူတွေတော့ မပါဘူးပေါ့။”
“ခင်ဗျားရဲ့ မျက်နှာပုံစံက အတော်လေး ကောင်းတယ်။ ရိုးရိုးတန်းတန်း အကုန်လုံးကို ရိတ်ချလိုက်တာပဲရှိတာ။ ဘာကိစ္စပဲလုပ်လုပ် ၊ ဗုဒ္ဓတရားတော်တွေ သင်ရတာတောင် အာမခံအမှုတွေ စုံစမ်းပြီး ငွေရှာတာထက်တော့ကောင်းပါတယ်။”
“ဒီလိုအေးလွန်းတဲ့နေ့ကြီးမှာ ကိုယ့်ကို အလိုမရှိခံရဆုံးဧည့်သည်လို့ ခံစားရအောင် လုပ်တာက မင်းကို မနာကျင်စေဘူးလား။”
“အခုရထားပေါ်က ခုန်ချလိုက်လေ။ ကျွန်တော်မတားဘူး။”
ကျိုးယန်လင်က သူ့ခါးကို ဖက်လိုက်ပြီး တို့ဟူးတုံးနှစ်တုံးကို ခိုးကိုက်လိုက်ကာ
“ကိုယ်က မင်းနဲ့ မခွဲချင်ဘူးလေ။”
ဝူဖုန့်ရုန်က ထိုနှာဘူးလူညစ်ရဲ့လက်မှ ရုန်းထွက်လိုက်၏။ အပြီးသတ်ဖို့ကကျန်သေးသည်။
မိနစ်နှစ်ဆယ်အကြာမှာတော့ သူ တဘက်ကိုယူလာပြီး ထိုသူ့ခေါင်းပေါ်တွင် ကျန်နေသေးသည့် လက်ကျန်ဆံပင်စများကို သုတ်ပြီးဖယ်လိုက်ကာ ဆံစတိုတိုများကို ကျေနပ်မှုအပြည့်နဲ့ ဖွဖွပုတ်လိုက်မိသည်။ ကျိုးယန်လင်က အဝတ်အစားများလဲလိုက်ပြီး ပဝါကို သူ့မျက်နှာအောက်ပိုင်းအား ကာရန် အသုံးပြုလိုက်၏။
မှန်ထဲသို့တစ်ခေါက်ပြန်ကြည့်လိုက်သည့်အခါ သူ့ပင်ကိုပုံစံမှ အတော်လေးပြောင်းသွားသည်။ ဝူဖုန့်ရုန်၏ မစ်ကီမောက်စ်ဆွယ်တာမှာ တကယ်ကို ကြောင်တောင်တောင်နိုင်ပြီး ထိုအဝတ်ကို ဝတ်ထားရတာက သူ့အား စာကြမ်းပိုးပုံစံ ပေါက်သွားစေ၏။ သူ ကျေးဇူးတင်စကားပြောရန်ရှိသေး ဝူဖုန့်ရုန်က သူဘာပြောမည်ကို သိနေသည့်ပုံဖြင့် ခပ်ပြတ်ပြတ် လက်ကာပြလေသည်။
“ကျွန်တော် ခင်ဗျားကို ရဲတွေစစ်ကြောရေးအတွက် မဖမ်းဘူးလို့ မပြောခဲ့ဘူး။”
ဝူဖုန့်ရုန်က လက်ပိုက်လိုက်ကာ မျက်ခုံးများပင့်လိုက်ပြီး
“ခင်ဗျား အခုထိ ခင်ဗျားပြောခဲ့တာကို သေချာမရှင်းပြရသေးဘူး။ ကျွန်တော့်ကို အရူးလုပ်လို့ မရဘူး။ ခင်ဗျား ပိုင်ဟယ်ကို ဘာသွားလုပ်မှာလဲ။”
သူက မတွေးတတ်တာမဟုတ်သလို ပါးနပ်မှုမရှိတာမဟုတ်ဘဲ ရိုးအလွန်းနေတာလည်း မဟုတ်ပေ။ အပြစ်ကင်းစင်သည်ဆိုသည့် ပြောကြားချက် တစ်ခုတည်းက သူ့ရဲ့မယုံကြည်မှုကို ယုံကြည်မှုသို့ ချက်ချင်းပြောင်းသွားစေဖို့ မလုံလောက်ချေ။ ရထားပေါ် မှာ သူမမြင်ဖူးသည့် ဘယ်လိုလူမျိုးများ ကျန်နေပါဦးမလဲ။ သူခိုးကြမ်းပိုးတွေ၊ လူကုန်ကူးတဲ့သူတွေ၊ မူးယစ်ဆေးမှောင်ခိုရောင်းချသူတွေ။ တကယ်လို့ အဲဒီလူတွေအားလုံးကသာ လက်တုံ့ပြန်ချင်ကြောင်းနဲ့ ရင်ထဲထိလောက်မယ့် ပုံပြင်တွေထိုင်ပြောပြလို့ လွတ်သွားကြမယ်ဆိုရင် အခုရထားအရာရှိက သူ့အခုလက်ရှိနေရာမှာ ရှိနေလိမ့်မည်မဟုတ်။
အချိန်တစ်ခိုက်အတွင်းမှာတင် ကျိုးယန်လင် ရုတ်တရက်နားလည်လိုက်သည်။ ဒီခံစားခွင့်တွေအားလုံး စီစဉ်ထားပုံက လုပ်ငန်းရှင်အမျိုးသားတစ်ဦးအတွက်သာ မဟုတ်ပေ။ သူ့ရဲ့ အနာကို ဆေးကုပေးတာရော၊ သူ့ခေါင်းကိုရိတ်ပေးတာ၊ တခြားသူရဲ့ အဝတ်အစားတွေကိုဝတ်ခွင့်ရပြီး တခြားသူရဲ့လက်ဖက်ရည်ကို သောက်ခွင့်ရတာရယ် ဒီအရာအားလုံးကို လက်ခံမိတာက သူအကြွေးတစ်ခုတင်သွားပြီဖြစ်တာကြောင့် သူနောင်တရလို့နေသည်။ သို့ပေမဲ့ အခုက နောင်တရဖို့ အလွန်နောက်ကျသွားလေပြီ။
သူတွေးမိသည်။ ဝူဖုန့်ရုန်က အကြမ်းဖက်မှုမတိုင်ခင် သံတမန်ပရိယာယ်ကို သုံးသွားသည်ပင်။ တကယ်တော့ ဒီလိုအရှည်ကြီးတောင် ကြိုးစားနေဖို့ မလိုချေ။ ကျိုးယန်လင် ရိသဲ့သဲ့ပြုံးလိုက်၏။ ကိုယ့်ကို တစ်ချက်လောက်ရိုက်လိုက်ရုံနဲ့တင် အကုန် ထုတ်ပြောလာနိုင်တာပဲကို။
“မင်း ကိုယ့်ကိုတစ်ချက်နမ်းရင် အကုန်ပြောပြပေးမယ်။”
ကောက်ကျစ်တဲ့လူအိုကြီးက သူ့နှုတ်ခမ်းသူ လက်ညှိုးထိုးပြလိုက်၏။
ပထမဆုံး ဝူဖုန့်ရုန်က ထိုသူရဲ့မျက်နှာကို ခပ်ဖွဖွလေး ရိုက်လိုက်သည်။ ပြင်းပြင်းထန်ထန် မဟုတ်ဘဲ ကလူ၏မြှူ၏နှင့်ပင်။ ထို့နောက် သူ့နှုတ်ခမ်းများကို မြဲမြံစွာ ကိုက်လိုက်၏။
ကျိုးယန်လင် ရုတ်တရက် မျက်လုံးများတောက်သွားပြီး သူ့ကိုဖမ်းဆုပ်ကာ သူ့လက်မောင်းများကြားသို့ ဆွဲယူလိုက်သည်။ အစီအစဉ်ကျမနေသည့် နမ်းရှုပ်မှုက အားမရမှုကို ပြသနေသည့် အမူအရာတစ်ခုအလား။ တကယ်လို့ တံခါးအပြင်ဘက်မှာသာ ကျည်ဆံရှိနေရင် သူကတော့ ဝူဖုန့်ရုန်၏ နှုတ်ခမ်းများကြားတွင် သေသွားနိုင်သည်။ ဤအခိုက်အတန့်လေးပြီးဆုံးချိန်မှာတော့ ဝူဖုန့်ရုန်၏ မျက်လုံးတစ်စုံလုံးက နီရဲ၍နေပြီး သူ့ကို ရုတ်တရက် စူးစူးဝါးဝါးကြည့်ပေးလိုက်၏။
ကျိုးယန်လင်က သူ့ကို ညင်ညင်သာသာ ပြုံးပြလိုက်ပြီး ဖုန်းကို ထုတ်လိုက်ကာ
“ဒါကို မင်းကို လိမ်နေတယ်လို့ မမြင်နဲ့တော့။ ကိုယ်က သေချာပေါက်ကို ကိုယ့်နာမည်ကို ရှင်းလင်းဖို့သွားမှာ။ ဒါပေမဲ့ ပိုင်ဟယ်ကိုသွားမှာမဟုတ်ဘူး။ ကိုယ်လိုတဲ့ဟာက ဒီရထားပေါ်မှာပဲ။”
သူက ဖုန်းထဲမှ စာတိုများကို အပေါ်အောက်ဆွဲလိုက်ပြီး ဝူဖုန့်ရုန်ကို ပြရန် ဖုန်းကို ကမ်းပေးလိုက်သည်။
“မနေ့ကမနက်ခင်းအစောက ကိုယ့်ကို လူသတ်သမားအစစ်က ထန်ကျိုးကနေ ပိုင်ဟယ်ကို သွားဖို့ ဒီရထားကို စီးလိမ့်မယ်ဆိုတဲ့အကြောင်းပြောထားတဲ့ အမည်မသိ စာတစ်စောင် ရခဲ့တယ်။”
သဘာဝကျကျပင် ၎င်းက အမည်မသိ ဖုန်းနံပါတ်မှ ပို့ထားပြီး စာကလည်း အနည်းငယ်ရှည်၏။
မစ္စတာကျိုး ၊ ကျေးဇူးပြုပြီးတော့ ခင်ဗျား အောက်တိုဘာ ၂ရက်နေ့မှာ မနက်ခင်း ၅နာရီ ၄၀မိနစ်ထွက်မဲ့ k4133ရထားကို စီးသွားပါ။ အဲဒီမှာ ၉/၂၇ လူသတ်မှုရဲ့ လူသတ်သမားအစစ်ကလည်း ခင်ဗျားနဲ့အတူ ခရီးသွားလိမ့်မယ်။ ခင်ဗျားသာ ၃၂နာရီအတွင်း လူသတ်သမားနဲ့ သက်သေကို ရှာနိုင်ရင် ခင်ဗျားရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြပြီးသားဖြစ်လိမ့်မယ်။ ဒါကို မှတ်ထားပါ။ နောက်ဆုံးဘူတာရုံမရောက်ခင် လူသတ်သမားကို ရှာရမယ်။ မဟုတ်ရင် ဒါက အလုပ်ဖြစ်မှာ မဟုတ်ဘူး။ လက်မှတ်နဲ့ ခရီးဆောင်အိတ်ကို ပြင်ဆင်ထားပြီးပြီ။ သာယာတဲ့ ခရီးလမ်းလေးဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ဝူဖုန့်ရုန် ဖုန်းကို ယူလိုက်ကာ ဒီစာကို သုံးခေါက်လောက် ထပ်တလဲလဲဖတ်လိုက်၏။ သူ့မျက်နှာအမူအရာက အာရုံစိုက်ထားဟန်။
ကျိုးယန်လင်က သူ့လက်မှတ်ဖြတ်ပိုင်းကို ထုတ်လိုက်ပြီး ဆက်ပြောသည်။
“အဲဒါပြီးတော့ ကိုယ် အိမ်တိုင်ရာရောက်ပို့ပေးတဲ့ အမြန်ချောထုပ်ကို ရခဲ့တာပဲ။ ဒီရထားလက်မှတ်ကိုလည်း နောက်ထပ်လက်ဆွဲအိတ်တစ်ခုထဲမှာ ထည့်ထားပြီးတော့ အမှုအကြောင်း အချက်အလက်တွေလည်း ထည့်ထားတယ်။အင်း…ဒါကအတော်လေး ကောင်းကောင်းမွန်မွန်ကို ကြိုတင်ပြင်ဆင်ထားတာ။ ဒီကိစ္စက လွယ်လွယ်လေး လွှတ်မထားလိုက်သင့်ဘူးလို့ ကိုယ်ထင်တယ်။ ပြီးတော့ မြို့မှာ ကြာကြာနေနေရင်လည်း တစ်ယောက်ယောက်က ကိုယ့်တံခါးကို သိပ်မကြာခင် လာခေါက်မှာပဲ။ ဒီရထားစီးတာက ကိုယ့်ကို လမ်းတစ်ခု ပေါ်သွားစေတယ်လေ။ နောက်ဆုံးကတော့ ရထားတောင် မရောက်သေးခင် ဓားထိုးခံလိုက်ရတာပဲ။ပြီးတော့ ဘာမှ ရှင်းရှင်းလင်းလင်း မဖြစ်သေးတာကြောင့် ဒါက အမှုနဲ့ ဘာဆက်နွှယ်မှုမှ မရှိဘူးလို့ ကိုယ်မယုံဘူး။”
………………………………………………………………………….
SWARA WEBNOVEL TRANSLATION