Chapter 4
“မရဏရထား”
မူရင်းစာရေးသူ – 江停
ဘာသာပြန်သူ – Kiiro
*******
Chapter(4)
ဂိမ်းကအခုစတင်ပြီ။
“……ဒါက အမှုနဲ့ ဘာဆက်နွှယ်မှုမှမရှိဘူးလို့ ကိုယ်မယုံဘူး။”
ဝူဖုန့်ရုန် အလိုအလျောက်ပင် ဒီမက်ဆေ့ချ်က အဓိပ္ပာယ်မရှိဘူးလို့ ခံစားလိုက်ရသည်။ ဘယ်သူက ဒုက္ခခံပြီး အာမခံရောင်းတဲ့သူကို လူသတ်သမား သွားဖမ်းခိုင်းမှာလဲ။ လူသတ်သမားက တခြားကို သွားတော့မှာသိရင် ရဲကိုဘာလို့ တိုက်ရိုက် မခေါ်လိုက်တာလဲ။ အဲဒီမှာ သက်သေတွေရှိသေးရင် ရဲတွေကိုပဲ ရှင်းပြလိုက်ပေါ့။ ပရော်ဖက်ရှင်နယ်ရဲတွေက အာမခံစုံစမ်းရေးမှူးထက် နိမ့်ကျတယ်လို့တော့ လာမပြောနဲ့နော်။ ခင်ဗျားအပျင်းပြေစေဖို့အတွက် လူတွေကို လိုက်ဆွတာထက်ပိုပြီး ဘာမှမလုပ်တတ်တော့ဘူးလား။ ဒါပေမဲ့လည်း သူ သူ့နှုတ်ခမ်းကို ကိုက်လိုက်ပြီး မေးခွန်းများက သူ့နှုတ်ခမ်းဖျားတွင်သာ တစ်၍နေကာ သူ့ဦးနှောက်က သဲလွန်စများကို စုစည်းလျက်ရှိသည်။
တကယ်လို့ အဲဒီမက်ဆေ့ချ်ကသာမှန်နေမယ်ဆိုရင် ဒီရထားပေါ်မှာ တကယ်ပဲ လူသတ်သမားက ရှိနေပြီး အဲဒီယောကျ်ားလား မိန်းမလားမသိရတဲ့သူက ခရီးသည်တွေရဲ့ လုံခြုံရေးကိုပါ ထိခိုက်လာစေနိုင်တဲ့အပြင် ရထားရဲ့ချောမွေ့နေတဲ့ လမ်းကြောင်းကိုပါ နှောင့်ယှက်လာနိုင်၏။ ဒုတိယအနေနဲ့ ကျိုးယန်လင်ကို ဓားနဲ့ထိုးခဲ့တဲ့သူက လက်နက်နဲ့အတူ ရထားပေါ်မှာရှိနေဆဲ။ ဒီလူနှစ်ယောက်၊ လူသတ်သမားနဲ့ ဓားထိုးတဲ့သူ။ သူတို့နှစ်ဦးက လူအတူတူတော့ မဖြစ်နိုင်ချေ။ ဘာကြောင့်လဲဆိုတော့ ကျိုးယန်လင်က လူသတ်သမားရဲ့ အကြံအစည်အတိုင်း အဖမ်းခံရဖို့ ရှိသောကြောင့်။ တကယ်လို့ ဘူတာရုံမှာ အထိုးခံခဲ့ရတဲ့သူက ဝူဖုန့်ရုန်သာ ဖြစ်ခဲ့မယ်ဆိုရင် သူချက်ချင်းရဲကိုခေါ်လိုက်မှာပင်။ ကျိုးယန်လင်ကို ဓားနှင့် ထိုးတာက လူသတ်သမားကို ဖမ်းမိစေနိုင်တဲ့အပြင် ရဲတွေသာ အဲဒီလူကို ဖမ်းမိရင် ကျိုးယန်လင်အပေါ် အပြစ်တင်မှုတွေလည်း ပျောက်ပြယ်သွားလိမ့်မည်။ နောက်တစ်နည်းပြောရရင်တော့ ဒီရထားထဲမှာ အန္တရာယ်များတဲ့လူနှစ်ဦးရှိနေပြီး ရန်သူက သူ အကျဉ်းထဲအကျပ်ထဲရောက်နေပြီဆိုတာကို ကောင်းကောင်းသိနေသည်။
ဖုန်းမြည်သံက ဝူဖုန့်ရုန်၏ အတွေးများကို နှောင့်ယှက်လိုက်သည်။ ကျိုးယန်လင်၏ မျက်နှာက ရုတ်တရက် မည်းမှောင်လာကာ မှိုင်းအုံ့သွားပြီး သူ ဖုန်းကို အိပ်ရာပေါ်သို့ လွှင့်ပစ်လိုက်၏။ ဝူဖုန့်ရုန်က ဘာကြောင့်လဲဆိုတာနားမလည်နိုင်ဘဲ ဖုန်းကို ကိုင်လိုက်သည်။ ၎င်းက အမည်မသိဖုန်းနံပါတ်မှ မက်ဆေ့ချ်ပင်။
မစ္စတာကျိုး ၊ ကျုပ်ရဲ့ လူတွေက ခင်ဗျားကို အမြဲမျက်စိဒေါက်ထောက်ကြည့်နေတယ်။ ဘာကိုမှ လက်လွတ်စပယ်မလုပ်ပါနဲ့။ ခင်ဗျားရဲ့ ဒဏ်ရာ လုံးဝပျောက်ကင်းသွားဖို့ ကျုပ်စိတ်ရင်းနဲ့ ဆုတောင်းပေးလိုက်ပါတယ်။
ဝူဖုန့်ရုန် စဉ်းစားစရာပင်မလိုဘဲ ဆဲရေးမိလိုက်သည်။
“F**k! ဒီကောင်က သောက်ရမ်းကို ရူးနေတာပဲ ဖြစ်ရမယ်။”
ကျိုးယန်လင်က နဂိုက စိတ်တို၍ နေသော်လည်း မျှော်လင့်ထားသည်နှင့် ကွဲလွဲစွာပင် သူဆဲသံကို ကြားရသည်က သူ့ကို ပျော်လာစေပြီး မဲ့နေသည့် နှုတ်ခမ်း၌ အပြုံးတစ်ခု ပေါ်လာခဲ့၏။
“အခု မင်း ကိုယ့်ကို ယုံပြီမလား။ ကိုယ်သာ အဓိပ္ပာယ်မရှိတာတွေ ပြောနေတာဆိုရင် မိုးကြိုးပစ်ပါစေ။”
ကျိုးယန်လင်က ကောင်းကင်ကို ညွှန်ပြရင်း ပြောလိုက်သည်။
“ကိုယ် အဲဒီလူရဲ့ စောင့်ကြည့်တာ ခံနေရပြီထင်တယ်။ ဖြစ်နိုင်တာက သူတို့အခုတောင် အပြင်ဘက်ကနေ နားထောင်နေနိုင်လောက်တယ်။ ကိုယ်တို့နှစ်ယောက် ခုနက သန့်စင်ခန်းထဲမှာလုပ်ခဲ့တာတွေတောင် သူတို့သိနေလောက်တယ်။”
ဝူဖုန့်ရုန်က ဒေါသထွက်လျက်
“ခင်ဗျားက မျက်နှာရချင်သေးတာလား….အာ။ ကျွန်တော်ကတော့ ဘယ်လိုပဲဖြစ်ဖြစ် အရှက်မဲ့ပြီးသား။”
ကျိုးယန်လင်မှာ သူ့ရဲ့ ချိုသာသည့်အသံလေးကြောင့် နှလုံးသားတစ်ခုလုံး ကုတ်ခြစ်ခံလိုက်ရသလို ဖြစ်သွားပြီး သူ့ကို အဖြေအတွက် အနမ်းပေးချင်လာသည်။ သို့ပေမဲ့ သူက ဖုန်းကို ကိုင်ထားတုန်းဖြစ်ပြီး သူ့ရဲ့ အတွေးအရှည်ကြီးကလည်း ကျိုးယန်လင်ကို အီစီကလီဝင်ပြောစေဖို့ ခက်ခဲနေစေ၏။ သူက မက်ဆေ့ချ်ကို အစကနေ အဆုံးအထိ ထပ်ခါတလဲလဲဖတ်လိုက်ပြီး ဘူတာရုံမှာဖြစ်ခဲ့သည်ကို ပြန်တွေးတောလိုက်သည်။
“အဲဒီလူက ကိုယ့်ကို လက်လွတ်စပယ် မလုပ်ဖို့ ပြောတယ်။ ဆိုလိုတာက ဘူတာရုံမှာတုန်းက ကိုယ်တစ်ယောက်ယောက်ကို ဒေါသထွက်အောင် သေချာပေါက်ကို လုပ်မိခဲ့ပုံပဲ။ ဒီလူက ကိုယ့်ကို ပြောထားတဲ့အတိုင်း မလုပ်ဘဲ ထပ်ပြီးဓားထိုးခံရမှာ ကြောက်နေတဲ့ပုံပဲ။ ဒါပေမဲ့ ကိုယ်ဘာမှမလုပ်ခဲ့ဘူးလေ။ အာ…….ကိုယ်က စောင့်ဆိုင်းနေရာမှာ စောင့်ဖို့ ခရီးဆောင်အိတ်သွားယူလာတာပဲရှိတာ။”
“ခင်ဗျား အတိအကျကို ဘယ်နေရာမှာ အထိုးခံခဲ့ရတာလဲ။ ဘယ်နားတစ်ဝိုက်မှာလဲ။ အဲဒါဖြစ်တဲ့အချိန်မှာ အနားမှာဘယ်သူရှိနေလဲ။ ထပ်စဉ်းစားကြည့်ပါဦး။”
“ကိုယ် ဆေးလိပ်တစ်ဘူးဝယ်ဖို့ သွားခဲ့ပြီး ဆိုင်ကနေ ထွက်လာတုန်းပဲ ရှိသေးတာ။” အဲဒါက ဆေးလိပ်မသောက်ရနေရာမှာ ဆေးလိပ်ယူသွားပြီး စည်းကမ်းချိုးဖောက်လို့ အပြစ်ပေးတာမျိုးတော့ မဟုတ်လောက်ပါဘူး။ ကျိုးယန်လင်က သတိရသွားပြီး
“မဟုတ်သေးဘူး။ အဲဒါမတိုင်ခင်ကတော့ ကိုယ် လုံခြုံရေးအစောင့်နဲ့ အပြန်အလှန် နှုတ်ဆက်နေခဲ့ကြတာ။ ပြီးတော့ ကိုယ် သူ့ကို ဆိုင်က ဘယ်မှာလဲ မေးခဲ့တယ်။ စကားလေးနည်းနည်းလောက်ပြောတာက သူ့ကို အချိန်သုံးဆယ်စက္ကန့်လောက်တောင် မယူပါဘူး။ သူက ကိုယ် ရဲတွေကို ရှောင်နေတာကို မကြိုက်လို့များလား။တကယ်လို့ သူသာ အဲဒါကို ရဲကိုတင်ပြခဲ့မယ်ဆိုရင် ကိုယ့်ကို ဘူတာရုံမှာ ဓားနဲ့လာထိုးဖို့ တန်မနေဘူးလေ။ ဒီတိုင်းပဲ ရဲစခန်းကို သွားပြီး ရဲလက်အပ်လိုက်မှာပေါ့ ၊ ဟုတ်တယ်မလား။”
ဝူဖုန့်ရုန်က သူ့လက်ချောင်းများနှင့် အမူအရာလုပ်ပြလိုက်ပြီး
“သုံးချက်ရှိတယ်။ ပထမအချက် ခင်ဗျားကို ဓားနဲ့ ထိုးသွားတဲ့သူနဲ့ ခင်ဗျားကို ဒီရထားစီးဖို့ လွှတ်လိုက်တဲ့သူနှစ်ယောက်က ပါတနာတွေပဲ။ ခင်ဗျားကို ဓားနဲ့ထိုးခဲ့တဲ့သူက ခင်ဗျားလူသတ်သမားကို ရှာတာကို စောင့်ကြည့်ဖို့ လွှတ်လိုက်တဲ့သူပဲ။ ဒါက ခင်ဗျားဓားထိုးခံရတာနဲ့ ၉/၂၇ လူသတ်မှုနဲ့ကြားက ဆက်နွှယ်မှုပဲ။ ဒုတိယအချက် သူက အစောကတည်းက ခင်ဗျားကို စောင့်ကြည့်နေခဲ့ပြီးတော့ ပိုင်ဟယ်ကိုမရောက်ခင်ထိ ခင်ဗျားရဲ့အပြုအမူတွေကို လိုက်မှတ်နေလိမ့်မယ်။ တတိယအချက် သူက ခင်ဗျားကို ရဲနဲ့ မဆက်သွယ်စေချင်ဘူး။ ဒီလို ခင်ဗျားကို လုံးဝ လိုက်ကာကွယ်နေတာက ဘယ်သူများလဲ။”
သို့ပေတည့် သူအဲဒါကိုပြောပြီးနောက်မှာ ၎င်းက လုံးဝကြီး မှန်နေတာတော့မဟုတ်ဘူးဟု ခံစားလိုက်ရသည်။ မက်ဆေ့ချ်၏ အသွားအလာကို ကြည့်ပုံနှင့်တင် အဲဒါက ကူညီနေပုံမရဘဲ ခြိမ်းခြောက်နေတာနှင့် ပိုတူ၏။ ဒီနည်းနဲ့ဆိုရင် ကျိုးယန်လင်သာ လူသတ်သမားကို မတွေ့ရင် သူသေလောက်တဲ့အထိ ဓားနဲ့အထိုးခံရနိုင်သည်။ ဒါက ရူးချင်စရာမကောင်းလွန်းဘူးလား။
ကျိုးယန်လင်၏ အတွေးများက ရှေ့သို့ရောက်လို့နေ၏။ သူက မှုခင်းဖြစ်တဲ့နေရာမှာ ရှိခဲ့သည်ဟု လူတော်တော်များများ မသိကြချေ။ လူသတ်သမားရယ် ၊ သူ့သူငယ်ချင်း ၊ ရဲနဲ့ ရုတ်တရက်လမ်းကြုံဖြတ်သွားတဲ့သူရယ် သူတို့အားလုံးက သူ့ကို လှည့်စားဖို့ လိုအပ်မနေပေ။ ကိုယ်ရေးကိုယ်တာနာကြည်းချက်ရှိတယ်ဆိုရင်တောင် သူ့ကို ရဲလက်အပ်လိုက်တာကမှ ပြဿနာတွေရှင်းသွားစေဦးမည်။ ဒီရထားပေါ်မှာ လူတွေရဲ့ ဦးနှောက်ကို လှည့်စားပြီး ကြောက်စရာကောင်းတဲ့ ဂိမ်းကစားဖို့ ကြံနေတဲ့သူက ဘယ်သူများဖြစ်မလဲ။
“ခင်ဗျားကို ထိုးခဲ့တဲ့သူနဲ့ ပတ်သက်ပြီး တခြားသဲလွန်စတွေရော ရှိသေးလား။”
ဝူဖုန့်ရုန် ထပ်မေးလိုက်၏။
ကျိုးယန်လင်က ဆက်ပြီး စဉ်းစားလိုက်သည်။
“ကိုယ် အဲဒီကောင်ရဲ့မျက်နှာကိုတော့ သေချာမမြင်ရဘူး။ သူက ကိုယ့်ဘေးကဖြတ်ပြီး ထောင့်ကိုသွားတာ။ သူက လေဖုန်းဦးထုပ်ဆောင်းထားပြီး လည်ပင်းမှာ ပဝါပတ်ထားတယ်။ သူ့မျက်နှာအစိတ်အပိုင်းတော်တော်များများကတော့ ကာထားတယ်။ သူက ယောကျ်ားလေးဖြစ်ပြီး အနက်ရောင်ခရီးဆောင်အိတ်ကြီးကို သယ်ထားတယ်ဆိုတာတော့ ကိုယ်သေချာတယ်။ ကိုယ့်ထက် နည်းနည်းအရပ်ပုပေမဲ့ ကိုယ့်ဆီကို အားနဲ့ ပြေးလာတာ။ ခန္ဓာကိုယ်အားကတော့ အတော်လေးကောင်းတယ်။ ဓားက အကြီးမဟုတ်ဘဲ အသေးလေး။ အဲဒါက အခွံနွှာတဲ့ဓား ဖြစ်လောက်မယ်။ အဲဒီအချိန်တုန်းက ကိုယ်က ဒဏ်ရာကို ဂရုစိုက်ဖို့ စိုးရိမ်နေတုန်း အောက်ကို ငုံ့ကြည့်လိုက်ရုံရှိသေး သူက လူအုပ်ကြားထဲ ဝင်ပြေးသွားတာ။”
“အဲဒီလူက လူသတ်သမားကို မနာလိုတာ တစ်ခုခု ရှိနေလို့များလား။ ဒါကြောင့် သူက လက်တုံ့ပြန်ရာကနေ သူ့ကိုယ်သူ ထုတ်ဖော်လိုက်မိမှာ ကြောက်ပြီး လူသတ်သမားကို ဖမ်းဖို့ ခင်ဗျားကို လွှတ်လိုက်တာများလား။”
“ကိုယ့်မှာ ဒီသက်သေရှိနေသ၍ ရဲကို သွားတိုင်တာဖြစ်ဖြစ် ဒါမှမဟုတ် မျက်မြင်သက်သေကာကွယ်မှုအနေနဲ့ လျှောက်ထားတာဖြစ်ဖြစ် လုပ်လို့ရနိုင်သေးတယ်။ သူတောင် ကိုယ့်ကို ဓားနဲ့ ထိုးခိုင်းရဲသေးတာကို လူသတ်သမားက သူ့ကို ပြန်လက်တုံ့ပြန်မှာကျတော့ ကြောက်တယ်တဲ့လား။ ဒါက သောက်ကျိုးနည်း ကိုယ့်ကို အသုံးချနေတာပဲ။”
“သူဘာလို့ ခင်ဗျားနဲ့ ဒီလိုဂိမ်းကစားချင်တာလို့ထင်လဲ။”
ကျိုးယန်လင်က ခေါင်းခါလိုက်ပြီး သက်ပြင်းရှည်တစ်ချက် ချလိုက်ကာ အိပ်ရာပေါ်တွင် ပင်ပန်းနွမ်းနယ်စွာ လှဲလိုက်သည်။
ဝူဖုန့်ရုန်က အိပ်ရာခြေရင်းမှာ ထိုင်လိုက်ပြီး ခွက်ကိုမ,၍ လက်ဖက်ရည်အေးအေးကို ဖြည်းဖြည်းချင်း သောက်လိုက်၏။ တစ်နှစ်တုန်းက ယန်ကျောင်းမြို့ ဘူတာရုံသို့ လူတစ်ယောက် လာဖူးတာကို သူမှတ်မိသွားသည်။ ထိုလူက ဖြစ်ကတတ်ဆန်း ဝတ်စားထားခဲ့ပြီး မညီမညာ မုတ်ဆိတ်မွေးများလည်းရှိနေကာ ရထားစင်္ကြံအလယ်တွင် အရက်သောက်နေရတာကို ကြိုက်နှစ်သက်လေ၏။ သူက အသက်၃၀အောက်သာရှိသော်ငြား ခေါင်းတစ်ခေါင်းလုံး ဖြူဖွေးနေခြင်းက သူ့ကို အသက် ၄၀ ၊ ၅၀ အရွယ်ဟု ထင်မှတ်သွားစေသည်။
ဝူဖုန့်ရုန်က ထိုအရက်သမားအမျိုးသားက ပြဿနာလုပ်မှာကို စိုးရိမ်တာကြောင့် သတိကြီးကြီးထားခဲ့၏။ ရလဒ်အနေနဲ့ကတော့ ညလယ်ခေါင်ကြီး သန့်စင်ခန်းထဲမှာ အဲဒီလူက ကြမ်းပြင်ပေါ်တွင် ချွေးအေးများထွက်လျက် လှဲနေပြီး သူ့ဗိုက်ကိုဖိထားရင်း အန်နေကာ သေလုဆဲဆဲ ဖြစ်နေသည်ကို တွေ့ခဲ့ရသည်။ ဆရာဝန်က အလျင်အမြန်ပင် ရောက်လာပြီး သူ့ကို ဆေးနှစ်လုံးပေးကာ နာကျင်မှုသက်သာစေသည်အထိ နှိပ်ပေးပြီး ရေနွေးလည်းပေးခဲ့၏။ အဲ့ဒီနောက်မှာတော့ သူတို့နှစ်ယောက် ရုံးက စားပွဲအသေးလေးတွင် စကားပြောခဲ့ကြသည်။
ဇာတ်လမ်းကတော့ ဒီလိုပင်။ ထိုအမျိုးသားက အစိုးရဝန်ထမ်းဖြစ်ဖို့ ငါးနှစ်အတွင်းမှာ စာမေးပွဲခုနစ်ကြိမ်ဖြေဆိုခဲ့သည့် လူလေလူလွင့်တစ်ယောက်ဖြစ်သည်။ အကြိမ်တိုင်း အင်တာဗျူးအလယ်ရောက်မှ ကျရှုံးခဲ့ရသည်။ ထို့ကြောင့် ဒီတစ်ကြိမ်မှာတော့ သူက အဝေးဖြေစနစ်ကို ရွေးချယ်ခဲ့ပြီး အင်တာဗျူးတွင် ဒုတိယနေရာရခဲ့ကာ ပထမနေရာနှင့် အတော်ကွာဟနေခဲ့၏။ အဖွဲ့က တစ်ဦးတည်းကိုသာ အလုပ်ခန့်ခဲ့တာကြောင့် သူလက်လျှော့လိုက်ပြီး သူ့ဝမ်းနည်းမှုများကို ဖြေဖျောက်ဖို့ရန် ရထားပေါ်တွင် အရက်သောက်ခဲ့သည်။ သို့ပေမဲ့ သူ မထင်ခဲ့တာက အဆုံးသတ်မှာ သူကံကောင်းသွားလိမ့်မယ်ဟု။ ဘူတာရုံကို ရောက်ခါနီးမှာ ပထမနေရာ ရသည့်သူက ထွက်သွားသည်ဟု ကြားသိခဲ့ရသည်။ သို့ဖြစ်၍ ပြောစရာပင်မလိုဘဲ ဒုတိယနေရာရသည့်သူက အလုပ်ရပြီပင်။ ဒါပေမဲ့လည်း သူကလက်လျှော့ခဲ့တာကြောင့် တတိယနေရာမှ လူက အလိုအလျောက် အောင်ပြီးသားဖြစ်သွား၏။
၎င်းက ကိစ္စကြီးမဟုတ်သော်ငြား ဝူဖုန့်ရုန်မှာ ထိုအချိန်က ရထားစောင့်ဖြစ်ကာစဖြစ်တဲ့အပြင် အတွေ့အကြုံများများစားစားလည်း မရှိသေးတာကြောင့် ထိုကိစ္စကို လေးလေးနက်နက်မှတ်ယူခဲ့၏။ ထိုလူက ဖန်ပုလင်းကို နေရာမှာတင် ရိုက်ခွဲခဲ့ပြီး သူ့လက်ဖဝါးကလည်း ဖန်ကွဲစများ စိုက်ဝင်လို့နေကာ သွေးများလည်း ထွက်နေခဲ့သည်။ မျက်လုံးများက ငိုကြွေးလျက် ပါးစပ်က ရယ်မောနေကာ စိတ်ဓာတ်ချုံးချုံးကျနေသည့် လူတစ်ဦးနှယ်။
ကံတရားက တစ်ခါတစ်ရံ ရွေးချယ်စရာမရှိဘဲ အကြောင်းအရင်းနတ္ထိနဲ့ ရှုံးကိုရှုံးနိမ့်ရမည့် လူတွေကို ကစားတတ်သည်။
ကျိုးယန်လင်က သူ့ကိုမျက်နှာချင်းဆိုင်လိုက်ပြီး ကျေးဇူးတင်သည့် အကြည့်ဖြင့် ကြည့်လိုက်ကာ နံရိုးအောက်ခြေတွင်ရှိသည့် ဒဏ်ရာကိုပုတ်ပြရင်း တီးတိုးပြောလိုက်သည်။
“ကျေးဇူး။”
ဝူဖုန့်ရုန်က စကားပြောရန်ရှိသေး နှောင့်ယှက်ခံလိုက်ရ၏။
“ကိုယ်သိတယ် မင်းမှာလည်း မင်းရဲ့ တာဝန်တွေရှိတယ်ဆိုတာ။ မင်းက အရာရှိပဲလေ။ ဒီရထားပေါ်မှာ အားလုံးက မင်းရဲ့ ဝန်ထုပ်တွေချည်းပဲ။ ရဲတွေကို ခေါ်ထားတာ ၊ ရထားတွဲကို ရှာတာ ၊ အမှုကိစ္စအကြောင်း မေးမြန်းတာ အကုန်လုံးမှာ မင်းမှန်တာကို လုပ်ခဲ့တယ်။ ကိုယ့်ကို ဒီအခြေအနေမှာ ကူညီဖို့က မလွယ်ဘူးဆိုပေမဲ့လည်းပေါ့။ ကိုယ် မင်းကို ထိခိုက်စေမှာ မဟုတ်လို့ မင်းစိတ်အေးအေးထားပါ။ အချိန်ကျတာနဲ့ ကိုယ်ထွက်သွားမှာ။ မင်းလည်း မင်းအလုပ်ကို လုပ်လို့ရပြီ။ ကိုယ်အဖမ်းခံရလို့မက ဓားနဲ့ပဲ အထိုးခံရသည်ဖြစ်စေ ဒါတွေအားလုံးက မင်းနဲ့ ဘာမှ သက်ဆိုင်လာမှာ မဟုတ်ဘူး။”
သူက ရုတ်တရက် နှစ်ယောက်ကြားက ဆက်နွှယ်မှုကို ဒီအတိုင်း ပစ်ထုတ်လိုက်သလိုပင်။ ခုနကတင် သာယာမှုအတွက် ဆွဲဆောင်နေတဲ့ပုံရိပ်က လုံးဝကို မဖြစ်ခဲ့ဖူးသည့်အလား။ ဝူဖုန့်ရုန် အနည်းငယ် ဘဝင်မကျ ဖြစ်လာ၏။
“ဘာလဲ။ ခင်ဗျားက အိပ်ရာပေါ်က ထသွားတာနဲ့ ချက်ချင်း သဘောထားကွဲလွဲချင်တာလား။”
“ကိုယ်မလုပ်ရဲပါဘူး။ အရာရှိကြီးသာ ကိုယ့်ကို အိပ်ရာထဲမှာ လိုအပ်နေမယ်ဆိုရင် သေခြင်းတရားထောင်ပေါင်းများစွာကတောင် မတားနိုင်ဘူး။”
ဝူဖုန့်ရုန်က သူ့ဦးထုပ်ကို ဆွဲချွတ်လိုက်ပြီး သူ့လက်များဖြင့် ထိုသူ့ကို ချိတ်တွယ်လိုက်သည်။ သူလှည့်လာပြီး တွားသွားတက်လာမည်ဆိုတာ ကျိုးယန်လင် နားလည်လိုက်သဖြင့် သူ့မျက်နှာနားသို့ တိုးလိုက်၏။ အခုမှသာ ဝူဖုန့်ရုန်မှာ သူ့မျက်နှာကို သေချာကြည့်ဖို့ အချိန်ရတော့သည်။ မျက်နှာကြည့်ကောင်းပုံကို ပြောရမည်ဆိုလျှင် သူက အသက်ရှူမှားရလောက်သည်အထိတော့ မဟုတ်ချေ။ မျက်နှာပုံစံက ငယ်ရွယ်ပုံပေါ်ပြီး အရိုင်းဆန်နေကာ သူ့နေရာသူမသိသည့် ပုံစံအလား။ ဝူဖုန့်ရုန်ကလည်း ရိုးသားလွန်းလှသည့်သူမဟုတ်။ သူလည်း ဆိုးဝါးတဲ့ နေ့ရက်တွေအများကြီး ဖြတ်သန်းခဲ့ရသည်။ ထိုသူ့ကို ရန်စဖို့က မလွယ်တာကြောင့် သူဒီအခိုက်အတန့်ကို ဘယ်လွတ်ချင်ပါ့မလဲ။ သူ ကျိုးယန်လင်ရဲ့ မျက်လုံးတွေကို ဖြတ်ပြီးတော့တောင် ထိုသူ့ရဲ့ ဂနာမငြိမ်ဖြစ်နေသည့် နှလုံးသားကို မြင်နေရသည်။
သေခြင်း ရှင်ခြင်း၊ အမှား အမှန်၊ ဘယ်ဟာမှ အရေးမကြီးတော့ချေ။ အခုအရေးကြီးဆုံးကတော့ အချိန်ကောင်းလေးတစ်ခု ပိုင်ဆိုင်ရဖို့ပင်။
“ကျိုးယန်လင်”
ဝူဖုန့်ရုန်က ပြောလိုက်၏။ သူ့အသံက သတိပေးမှုအပြည့်ဖြင့်
“ကျွန်တော် ခင်ဗျားကို ယုံတယ်။”
ပြောပြီးသွားသည့်အခိုက် သူ ထိုအမျိုးသားရဲ့ နှုတ်ခမ်းထူထူများကို နမ်းလိုက်၏။ အားအပြည့်ဖြင့် စုပ်ယူလိုက်ပြီး သူ့လျှာကို ထုတ်လာစေရန် မေးရိုးတစ်လျှောက် ထိုးခွဲလိုက်သည်။ ဒီလိုရဲတင်းပြီး အင်အားပြည့်ဝလွန်းသည့် အနမ်းက ချက်ချင်းပင် တုံ့ပြန်ခံရလေတော့သည်။ ကျိုးယန်လင်က သူ့နောက်ကျောကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်ပြီး သူ့ကို နံရံဆီသို့ တွန်းပစ်လိုက်၏။ ဧည့်သည်က အိမ်ရှင်အလား သူ့လျှာထိပ်ဖျားကို ပါးစပ်တွင်းသို့ ဆွဲစုပ်လိုက်သည်။ နှုတ်ခမ်းများက ဆုံတွေ့သွားကြပြီး အချင်းချင်း နာကျင်လာသည်အထိ တီးခေါက်နေကြသည့်တိုင် မရပ်တန့်ကြဘဲ တစ်ယောက်နှင့်တစ်ယောက် ပိုလို့ပင် နီးကပ်လာကြ၏။ လျင်မြန်စွာနှင့်ပင် ရမ္မက်များငြိစွန်းလာပြီး အသားက အသားပေါ်ထပ်လာသည်။ ပြွတ်ခနဲအသံများက သူတို့အချင်းချင်း၏ မျက်နှာများ ဖိဝင်သွားတော့မတတ်ပင်။ ခြောက်သွေ့နေသည့်ထင်းက မီးဟုန်းဟုန်းတောက်သွားသည့်အလား။ ရွှေအိုရောင် လေအဟုန်ကလည်း မနက်ခင်းနှင်းစက်များကို တွေ့ဆုံသွားသည့်သဖွယ်။
ကျိုးယန်လင်က သူ့နဖူးထက်တွင် ဟောဟဲလိုက်လျက်
“ကိုယ် မင်းကို လုံးဝ စိတ်မပျက်စေရပါဘူး။”
ဝူဖုန့်ရုန်က မျက်လုံးများကို မှိတ်လိုက်ပြီး သူ့ပါးစပ်ထောင့်များက ထိုသူ့နားသို့ တိုးကပ်သွားလိုက်သည်။ အောက်စီဂျင်ပြတ်လပ်နေသည့်ဟန် သူ့ပါးများက လေအေးနှင့် ထိတွေ့မိသောကြောင့် နီရဲနေသည့်အလား။ ဒါပေမဲ့လည်း သူကတော့ မလုံလောက်သေးသည့်နှယ် သူ့နှလုံးကလည်း အလောတကြီး မြန်မြန်ဆန်ဆန် ခုန်၍နေ၏။ ထိုအခိုက်အတန့်မှသာ သူ့လက်က ကျိုးယန်လင်၏ ခါးကို ဆုပ်ကိုင်ထားပြီး နီနီရဲရဲ အရာတစ်ခု ချန်ထားခဲ့သည်ကို သတိပြုမိလိုက်သည်။ ကျိုးယန်လင်က နာကျင်မှုကြောင့် မအော်ဘဲ ဝူဖုန့်ရုန်ကိုသာ သူ့ခါးတွင် ဆုပ်ကိုင်ထားခွင့်ပြုထား၏။ ထင်ထားသည်နှင့် ဆန့်ကျင်စွာပင် သူက ဝူဖုန့်ရုန်ရဲ့ လက်ဖမိုးကို ပြန်ဆုပ်ကိုင်လိုက်ပြီး နောက်တစ်ကြိမ် ထပ်နမ်းလေသည်။ ဝူဖုန့်ရုန်ရဲ့ နားများက တုန်ယင်သွားပြီး သူ့လက်ကို ပြန်ဆွဲယူလိုက်ကာ ရှက်ကိုးရှက်ကန်းဖြင့် ဘာမှမဖြစ်သလို ခပ်တည်တည်ဟန်ဆောင်နေ၏။
“ကျွန်တော့်ကို အမှုတွဲဖိုင်ပေး။ ခင်ဗျားနဲ့အတူ အဲဒီလူကိုရှာဖို့ ကူညီပေးမယ်။”
“လိုလိုမည်မည် ပြောတာပါ….အပြစ်တွေကို မျှခံသလို ဖြစ်မှာနော် ပြန်စဉ်းစားဦး။”
“ကျွန်တော် တာဝန်ယူနိုင်တယ်။”
ကျိုးယန်လင်က တွန့်ဆုတ်နေဆဲပင်။ မီးရထား၏ မနက်ပိုင်းကြေညာချက်အသံက သူတို့ထိပ်မှ ထွက်လာသည်။
“မင်္ဂလာနံနက်ခင်းပါ ၊ ခရီးသည်တို့။ အခုက မနက် ၇နာရီ ၃၀ မိနစ်ရှိပါပြီ။ လူကြီးမင်းတို့က ထန်ကျိုးဘူတာရုံက ထွက်ခွာလာတဲ့ K4133ရထားကို စီးနင်းလာတာ ဖြစ်ပါတယ်။ ဒီရထား ရဲ့နောက်ဆုံးမှတ်တိုင်က ပိုင်ဟယ်ပါ။ ခရီးစဉ်တစ်ခုလုံးက ၂၉၃၅ ကီိလိုမီတာ ရှည်ပါမယ်။ ခရီးသွားကြာချိန်ကတော့ ၃၂နာရီ နဲ့ ၁၅မိနစ်ဖြစ်ပြီးတော့ ခန့်မှန်းရောက်ရှိချိန်ကတော့ အောက်တိုဘာ ၃ရက်နေ့ ၁၃နာရီ ၅၅ မိနစ်ဖြစ်ပါတယ်။ ဒီရထားက ဝမ်ချန်၊ ရိချင်း၊ ယန်ကျောင်း နဲ့ ခန်နမုကော်ဘူတာရုံတွေမှာ ရပ်ပေးမှာပါ။ အခု မနက်စာစားချိန်ရောက်ပြီဖြစ်တာကြောင့် စားသောက်တွဲကတော့ အတွဲနံပါတ် ၇ မှာရှိပါတယ်။ စားသောက်စရာတွေ အသင့်ပြင်ဆင်ထားပေးထားမှာမလို့ ကျေးဇူးပြုပြီး စားသောက်တွဲကို သွားပေးဖို့ မေတ္တာရပ်ခံပါတယ်ရှင်။ ရထားရဲ့ ဆေးခန်းနဲ့ ရုံးခန်းတွေကတော့ အတွဲနံပါတ် ၈ မှာ ရှိပါတယ်။ လက်မှတ်ပြန်အစားထိုးချင်တယ်ဆိုရင်တော့ ကျေးဇူးပြုပြီး ရထားစောင့်တွေကိုဆက်သွယ်ပေးပါရှင်……”
ကျဉ်းမြောင်းလှသည့် ရထားရုံးခန်းထဲတွင် မီးရထားအရာရှိနှင့် အာမခံစုံစမ်းရေးမှူးတို့က အဓိပ္ပာယ်ရှိသည့် အကြည့်များ ဖလှယ်လိုက်ကြသည်။
အချိန်နှောင့်နှေးလို့ မရတော့ချေ။ ဂိမ်းက ယခု စတင်လေပြီ။
**********
Swara Webnovel Translation