Chapter – 4
ဇာတ်လိုက်shouရဲ့ ပထမဆုံးတွေ့ဆုံမှုကို ခိုးယူခြင်း
_____________________________________
ဆိုင်လေးထဲက အရာအားလုံးက အဆင်ပြေပြေ ပြန်ဖြစ်သွားပြီ။ ဘာလို့မှန်းမသိပေမဲ့ ဒီနေ့ဆိုင်ရဲ့ရောင်းအားက အရမ်းကောင်းနေလေတယ်။ မစ္စတာကျန်းနဲ့ဇနီးက အထဲမှာဆန်ကိတ်တွေလုပ်နေကြတယ်။ ကျန်ရှင်းဆွေ့ကတော့ အပြင်ဘက်မှာ ကူပြီးငွေလက်ခံပေးနေတယ်။ အစကတော့ ဒီမှာအလုပ်ခလုပ်ဖို့ကရှုပ်နေပေမဲ့ နည်းနည်းသင်ယူပြီး နောက်ပိုင်းမှာ သူ့လှုပ်ရှားမှုတွေက ပိုမိုရင်းနှီးလာပြီ။ အရမ်းကြီးမကျွမ်းကျင်သေးပေမဲ့ ကံကောင်းစွာပဲ customerတွေကို ကောင်းကောင်းဆက်ဆံဖို့ သရုပ်ဆောင်နိုင်ခဲ့တယ်။
ပတ်ဝန်းကျင်ကသူတွေက ဆူညံနေလေတယ်။ သူကခေါင်းကိုငုံ့ပြီးတော့ ပိုက်ဆံရေရင်း အလုပ်များနေတယ်။ တခြားတစ်ယောက်အတွက်ဆန်ကိတ်ပြင်ရင်း အလုပ်များနေတဲ့အချိန် နောက်customerတစ်ယောက်အလှည့်ကို ရောက်လာခဲ့တယ်။ အနည်းငယ်နိမ့်တဲ့ ယောက်ျားတစ်ယောက်ရဲ့အသံက သူ့ခေါင်းအထက်ကနေ ထွက်ပေါ်လာခဲ့တယ် “နိဟောင်! ကျေးဇူးပြုပြီးတော့ ကောက်ညှင်းဆန်ကိတ်ဖက်ထုပ်နှစ်ခုနဲ့ မင်းတို့ဆိုင်ရဲ့ အမှတ်အသားဖြစ်တဲ့ အစားအသောက်တစ်setထုပ်ပေးပါ”
ကျန်ရှင်းဆွေ့ တောင့်ခဲသွားတယ်။
ရင်းနှီးနေတဲ့အသံတစ်ခုက သူ့နားထဲဝင်လာခဲ့တယ်။ ပုံမှန်နေ့လည်ခင်းတစ်ခုမှာ ကျန်ရှင်းဆွေ့ရဲ့နှလုံးသားက ရုတ်တရက်ကြီး တစ်ခုခုကိုလွဲချော်သွားသလိုမျိုး ခံစားလိုက်ရတယ်။ သူခေါင်းကိုမြန်မြန်မော့လိုက်တယ်။ သူ့ရှေ့ကသူက ကော်ဖီရောင်coatတစ်ထည်ကို ဝတ်ဆင်ထားပြီးတော့ နေကာမျက်မှန်တစ်လက်နဲ့ maskတစ်ခုကိုတပ်ထားတယ်။ သူ့လက်တွေက အထိန်းအချုပ်မရှိစွာပဲ တုန်ယင်လာခဲ့ပြီး အသက်ရှူသံတွေကပါ မြန်ဆန်လာခဲ့တယ်။ တကယ်လို့မင်းကတစ်စုံတစ်ယောက်ရဲ့ အမာခံဖန်ဖြစ်တာကြာပြီဆိုရင် သူ့ရဲ့အသံကြားယုံနဲ့တင် ဘယ်သူလဲဆိုတာ သေချာပေါက်ပြောနိုင်လိမ့်မယ်။
ကျန်းရှာရဲ့အသံက နောက်ကနေထွက်ပေါ်လာခဲ့တယ် “ဆွေ့ဆွေ့ရေ မုန့်ရပြီနော်”
ကျန်ရှင်းဆွေ့က မြန်မြန်ဖုံးကွယ်လိုက်ပြီးတော့ customerကိုပြန်ပြောလိုက်တယ် “အိုကေ ခဏစောင့်ပါနော်”
သူ့ရဲ့စိတ်က ဝရုန်းသုံးကားဖြစ်နေပြီ။ ပတ်ဝန်းကျင်က ဆူညံသံတွေနဲ့ အမျိုးသမီးကြီးရဲ့နှောင့်နှေးမှုက သူ့ရဲ့ရှုပ်နေတဲ့စိတ်ကို ပိုပြီးတော့ရှုပ်စေတယ်။ ရုပ်ရှင်ဧကရာဇ်ဖုက ဘယ်လိုလုပ်ပြီးတော့ ဒီလိုနေရာမျိုးကိုရောက်နေရတာလဲ? ဒါမှမဟုတ် ဒီတိုင်းအသံတူတဲ့တစ်ယောက်ယောက်ပဲလား? အဲ့ဒီအပြင် သူကဘယ်သူမလို့လဲ? သူကဒီတိုင်း ဆိုးသွမ်းတဲ့အမြောက်စာခံလေးပဲဟာကို။ ဇာတ်လိုက်တစ်ယောက်လိုမျိုး ကံကောင်းမယ်လို့ ဘယ်လိုလုပ်ပြီးမျှော်လင့်ရဲရတာလဲ?
သူ့ကိုယ်သူ စိတ်ငြိမ်အောင်ထားနေပေမဲ့လည်း စိတ်ငြိမ်အောင်ထားဖို့ကလုံးဝကို မဖြစ်နိုင်ဘူး။
ကျန်းရှာကမုန့်တွေကို ဗန်းလေးထဲထည့်ပေးတယ်။ ကျန်ရှင်းဆွေ့ကမုန့်ကို အိတ်လေးထဲထည့်ပြီး ဖုကျင်းရှောင်းလက်ထဲကို ထည့်ပေးလိုက်တယ်။ သူစိတ်ကိုအတတ်နိုင်ဆုံးလျော့ထားပြီးတော့ ပြောလိုက်တယ် “ဟုတ်ကဲ့ 67ယွမ်ကျပါတယ်ဗျ ငွေသားနဲ့လား ကတ်နဲ့လားဗျ”
ဖုကျင်းရှောင်း “ငွေသားနဲ့”
အဲ့ဒီအမျိုးသားက သူ့အိတ်ကပ်ထဲက ပိုက်ဆံအိတ်ကိုထုတ်လိုက်တယ်။ အဲ့တာကတစ်ခုလုံးနက်မှောင်နေတဲ့ အိတ်တစ်အိတ်ပါ။ brandရဲ့နာမည်ကိုတော့ကောင်းကောင်းမမြင်ရဘူး။ ပုံစံကလုံးဝကို ရိုးရှင်းတယ်။ အဲ့ဒီအထဲမှာ ကတ်တွေအများကြီးကို သပ်သပ်ရပ်ရပ်စီထည့်ထားတယ်။ သူကယွမ်တစ်ရာတန်ကို ထုတ်လိုက်ပြီးတော့ ကျန်ရှင်းဆွေ့ကိုပေးလိုက်တယ်။ သူ့ရဲ့သေးသွယ်တဲ့လက်လေးတွေဟာ ဖြူစွတ်နေပြီးတော့ သန့်ရှင်းနေတယ်။ သူ့ရဲ့ရင်းနှီးတဲ့ လှုပ်ရှားမှုတွေက ကျန်ရှင်းဆွေ့ကို တစ်ခဏလောက် တက်ကြွစေတယ်။
ဖုကျင်းရှောင်းက မျက်ခုံးတွေကိုပင့်လိုက်တယ်။ သူ့ရဲ့မျက်လုံးတွေက ကျန်ရှင်းဆွေ့ကိုကြည့်နေပြီးတော့ မေးလိုက်တယ် “ဘာဖြစ်လို့လဲ?”
ကျန်ရှင်းဆွေ့ စိတ်နဲ့လူနဲ့မြန်မြန်ပဲ ပြန်ကပ်သွားတယ်။ သူ့ရဲ့နားတွေကတော့ ရှက်ရွံ့မှုကြောင့် နီရဲနေလေပြီ။
သူဘယ်လိုလုပ်ပြီး သူစိမ်းcustomerတစ်ယောက်ရဲ့လက်ကို ကြက်သေသေပြီး စိုက်ကြည့်နေမိရတာလဲ! အဲ့ဒီအပြုအမူကလုံးဝကို ရူးနေတာပဲ။ သူက ဘယ်လိုတွေတောင် အရှက်မရှိတဲ့လူလဲ!!”
“ဘာ…ဘာမှမဖြစ်ပါဘူး!” ကျန်ရှင်းဆွေ့ပိုက်ဆံကို မြန်မြန်လက်ခံလိုက်တယ်။ သူအံဆွဲကိုဖွင့်လိုက်ပြီးတော့ အကြွေအမ်းဖို့လုပ်တယ်။ လှုပ်ရှားမှုတစ်ချို့ကြောင့် သူ့ရဲ့အင်္ကျီလက်က လျှောကျလာပြီးတော့ အပြည့်အဝမကောင်းသေးတဲ့ သူ့ရဲ့ဒဏ်ရာကို ဖော်ပြသလိုဖြစ်သွားခဲ့တယ်။ သူကအဲ့တာကိုသတိမထားမိပဲနဲ့ ဖုကျင်းရှောင်းကို ပိုက်ဆံပြန်အမ်းလိုက်တယ် “လူကြီးမင်းရဲ့အမ်းငွေပါ”
ဖုကျင်းရှောင်းက ခေါင်းငြိမ့်လိုက်ပြီးတော့ “ကျေးဇူးပါ”
အမျိုးသားက သူ့ရဲ့အမ်းငွေကို မျက်စိတစ်ချက်ဝှေ့လိုက်ပြီးတော့ ကြည့်လိုက်တယ်။ သူကယွမ်20တန်ကို ကိုင်လိုက်ပြီးတော့ ကျန်ရှင်းဆွေ့ကို ပေးရင်းပြောတယ် “မင်းပိုအမ်းမိသွားပြီ 10ယွမ်ပဲ အမ်းရမှာ”
သူအရမ်းတွေပျာယာခတ်နေလို့ အမ်းရမယ့်ငွေတောင် မှားသွားပြီ။
ကျန်ရှင်းဆွေ့ သူ့မျက်နှာကို ဘယ်မှာထားရမှန်းမသိတော့ဘူး။ သူပိုက်ဆံကိုမြန်မြန်ယူလိုက်ပြီးတော့ ဦးညွှတ်လိုက်တယ် “တောင်းပန်ပါတယ်”
သူ့နောက်က ကျန်းမျိုးရိုးစုံတွဲက သူ့ကိုကြည့်ပြီးအကဲခတ်နေကြတယ်။ ကျန်ရှင်းဆွေ့ ယွမ်10တန်ကိုမြန်မြန်ရှာလိုက်ပြီးတော့ ဖုကျင်းရှောင်းကိုပေးလိုက်တယ်။ ပြီးတော့ သတိလည်းပေးလိုက်သေးတယ် “ဖက်ထုပ်တွေကို ညမှာအများကြီးမစားပါနဲ့ အဲ့တာတွေက အစာချေဖို့မလွယ်ကူဘူး တကယ်လို့စားမကုန်ရင် ရေခဲသေတ္တာထဲထည့်ပြီး သိမ်းထားလို့ရတယ်နော်”
ဖုကျင်းရှောင်းလည်း ပိုက်ဆံကိုယူလိုက်ပြီးတော့ “သတိပေးတဲ့အတွက် ကျေးဇူးပါ”
ကျန်ရှင်းဆွေ့ စိတ်တွေလှုပ်ရှားနေတုန်းပဲ။ သေချာအောင်လည်းမေးချင်တယ် မေးလည်းမမေးရဲပြန်ဘူး။ နွေရာသီကြီးမှာ ပူသလိုလို အေးသလိုလို ဖြစ်နေရတယ်။ ဘယ်လိုလုပ်ရပါ့မလဲ ဘယ်လိုလုပ်ရပါ့မလဲ။ သူကသွားတော့မယ်။ သွားတော့မယ်ဟ!!!
သူစိတ်လှုပ်ရှားနေတုန်း သူ့ခေါင်းအထက်ကနေ အသံကြားလိုက်ရပြန်တယ် “အဲ့ဒါဆို ကိုယ်လည်းသတိပေးရအုံးမယ်”
ကျန်ရှင်းဆွေ့ တုံ့ဆိုင်းသွားပြီးတော့မှ အံအားသင့်စွာနဲ့ ခေါင်းမော့ကြည့်လိုက်တယ်။
အရပ်ရှည်တဲ့အမျိုးသားက ကောင်တာနားကိုကပ်ပြီးရပ်နေတယ်။ သူက သူ့ပစ္စည်းကို ယူလိုက်ပြီးတော့ ဖြည်းဖြည်းချင်းပြောလိုက်တယ် “တကယ်လို့မင်းဒဏ်ရာရထားရင် ဒဏ်ရာကိုဂရုစိုက်သင့်တယ် ရာသီဥတုကပူတော့ အလွယ်တကူရောင်ရမ်းနိုင်တယ်”
ကျန်ရှင်းဆွေ့နေရာမှာတင် တောင့်ခဲနေတယ်။ သူကောင်းကောင်းဂရုမစိုက်တော့ ဒဏ်ရာကကောင်းကောင်းမကျက်သေးဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ရက်အနည်းငယ်ကြာတဲ့အထိ ကျန်းမျိုးရိုးစုံတွဲက သူ့ရဲ့ဒဏ်ရာကို မတွေ့ကြဘူး။ ဒါပေမဲ့ သူ့ရှေ့ကအမျိုးသားကတော့ အခုမှတွေ့ပေမဲ့ သတိထားမိသွားပြီ။ အဲ့ဒီ့ခံစားချက်က သူနဲ့တော်တော်ကြီးကို စိမ်းသက်နေတယ်။ နွေးထွေးတဲ့ခံစားချက်လေးက သူ့နှလုံးသားထဲကိုပျော်ဝင်သွားခဲ့တယ်။ နောက်တစ်ကြိမ်အကြည့်မှာတော့ ကောင်တာပေါ်မှာ ဆေးအိတ်တစ်အိတ်ကို တွေ့ရတယ်။
သူတင်ပေးသွားတာ…
ဘာလို့မှန်းမသိပေမဲ့ အဲ့ဒီအချိန်မှာ သူ့ရဲ့တုန့်ဆိုင်းမှုတွေအကုန်ပျောက်သွားတယ်။ ထွက်သွားတဲ့အမျိုးသားရဲ့နောက်ကျောကိုကြည့်ပြီးတော့ သူပြောလိုက်တယ် “ကျေးဇူးပါ”
သူဆေးအိတ်ကိုယူလိုက်တဲ့အချိန်မှာ ဆေးအိတ်မှာအနွေးဓာတ်လေးရှိနေတုန်းပဲ။ အဲ့ဒီအမျိုးသားရဲ့ ကိုယ်အနွေးဓာတ်လေးကျန်နေသေးတာဖြစ်နိုင်တယ်။ ဖြစ်နိုင်တာက……သူ…ဖြစ်နိုင်တယ်။ တကယ်လို့ ဒီအခွင့်အရေးကို လက်လွှတ်လိုက်ရင် နောက်တစ်ခါရဖို့ မဖြစ်နိုင်တော့ဘူး။ ကျန်ရှင်းဆွေ့ အားတင်းလိုက်ပြီးတော့ သူ့ကိုကြည့်ပြီး ပြောလိုက်တယ် “လူကြီးမင်းကဘယ်သူလဲဆိုတာ ကျွန်တော်သိလို့ရမလား နောက်တစ်ခါ…ကျွန်တော်ကောင်းကောင်းကျေးဇူးတင်မှာပါ”
အမျိုးသားကခြေလှမ်းတွေကို ရပ်တန့်လိုက်ပြီးတော့ ခေါင်းလှည့်လိုက်တယ် “ရပါတယ် ကျေးဇူးတင်စရာမလိုပါဘူး”
ထူးဆန်းလွန်းတယ်……မျက်နှာကိုကောင်းကောင်းမမြင်ရပေမဲ့ နေရောင်အောက်မှာရပ်နေတဲ့သူက သူ့ရဲ့ရင်ခုန်သံတွေကို မြန်ဆန်လာစေတယ်။ အရပ်ရှည်တဲ့အမျိုးသားရဲ့ ဆွဲဆောင်မှုရှိလှတဲ့ အသက်ရှုသံက သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံထားတယ်။ သူပါးစပ်ကိုဟလိုက်ပြီးတော့ “ကိုယ်ကဘယ်သူလဲဆိုတာတော့…”
ကျန်ရှင်းဆွေ့ သူ့ကိုကြည့်လိုက်ပြီးတော့ သူ(ဖုကျင်းရှောင်း)က သူ့(ကျန်ရှင်းဆွေ့)ကို လက်ရမ်းပြနေတာကိုတွေ့လိုက်ရတယ်။ သူ့ရဲ့လေသံက လှောင်ရယ်နေတဲ့ပုံစံ နည်းတည်းပေါက်ပေမဲ့ ကျွန်တော့်ရဲ့ နှလုံးသားကို ပူနွေးသွားစေတယ် “ဒီတိုင်းဖြတ်သွားဖြတ်လာတစ်ယောက်သက်သက်ပါပဲ”
………
အဲ့ဒီ့ညမှာပဲ
ဆိုင်သိမ်းပြီးတော့ ကျန်ရှင်းဆွေ့လည်း သူ့အခန်းသူပြန်လာခဲ့တယ်။
သူခုတင်ဘေးမှထိုင်ပြီးတော့ နေ့လည်ကကိစ္စကို ပြန်စဉ်းစားနေလေတယ်။ သူတကယ် ဖုကျင်းရှောင်းရဲ့အသံကို အမှတ်မှားမှာ မဟုတ်ဘူး။ သူ့ကိုယ်သူမဖြစ်နိုင်ဘူးလို့ ပြောနေပေမဲ့လည်း အဲ့ဒီ့သူကို ရုပ်ရှင်ဧကရာဇ်ဖုလို့ ထင်နေတုန်းပဲ။ တကယ်လို့ တခြားသူဆိုရင်သာ သူ့အသံပဲကြားရယုံနဲ့ဆို အမှတ်မှားရင်မှားမယ်။ ဒါပေမဲ့သူက တခြားသူမဟုတ်ဘူးလေ။ သူက ဖုကျင်းရှောင်းရဲ့ ဖန်ဖြစ်တာ 10နှစ်ကျော်နေတဲ့သူ။
ရုပ်ရှင်ဧကရာဇ်ဖုက 19နှစ်မှာ အဆိုတော်တစ်ယောက်အနေနဲ့ ပွဲဦးထွက်ခဲ့တယ်။ သူအဲ့ဒီအချိန်တုန်းက 15နှစ်ပဲရှိသေးတာ။ လမ်းပေါ်မှာ သူ့သီချင်းကိုမတော်တဆ ကြားခဲ့ပြီးတော့ ကျန်ရှင်းဆွေ့ရဲ့ခံစားချက်တွေက မထိန်းနိုင်မသိမ်းနိုင်ဖြစ်လာခဲ့တာ။ 10နှစ်ဆိုတဲ့ မနည်းတဲ့လတွေရက်တွေကတည်းက နောက်ကနေ တကောက်ကောက်လိုက်လာတာ။ လူမသိသူမသိလေးကနေ လုံးဝနာမည်ကြီးဖြစ်လာတဲ့အထိ တစ်ဆင့်ချင်းစီပေါ့။ လူတွေကြိုက်လာတဲ့အချိန်တွေရော အင်တာနက်ပေါ်မှာ အမုန်းခံရတဲ့အချိန်တွေမှာရော နောက်ဆုံးသူတဖြည်းဖြည်းနဲ့တောက်ပလာပြီး ရုပ်ရှင်ဧကရာဇ်ဆိုတဲ့ ဂုဏ်ပုဒ်ရတဲ့အထိ တစ်လျှောက်လုံး အဲ့ဒီအမျိုးသားကို သူတစ်ခါမှ နောက်ကလိုက်တာ မရပ်ခဲ့ဘူး။
တကယ်ပဲသူလား……
ကျန်ရှင်းဆွေ့ ဆေးအိတ်ကိုကိုင်ထားပြီးတော့ မသုံးရက်ဘူး။ အဲ့ဒါကိုပဲ အထပ်ထပ်အခါခါကြည့်နေမိတယ်။
မူလစာအုပ်ထဲက ရုပ်ရှင်ဧကရာဇ်ဖုနဲ့ ကျန်အန်းရန်ရဲ့ မင်္ဂလာဆောင်တဲ့ ဇာတ်လမ်းရဲ့အဆုံးသတ်ကို စဉ်းစားနေမိတဲ့အခါမှာတော့ သူ့ရင်ထဲဆို့နင့်လာခဲ့တယ်။ ဒီကမ္ဘာရဲ့စည်းမျဉ်းတွေအရ ဆိုးသွမ်းတဲ့ အမြောက်စာခံ ဇာတ်ကောင်တစ်ကောင်အတွက် အခွင့်အရေးဆိုတာရှိလို့လား? အဓိကအကျဆုံးဇာတ်ဝင်ခန်းရဲ့ မိန်းပွိုင့်ကိုစဉ်းစားမိတဲ့အခါမှာတော့ ကျန်ရှင်းဆွေ့ အေးခဲသွားရတော့တယ်။
သူ့အရင်ဘဝရဲ့ ဇာတ်ကြောင်းအတိုင်းဆို သူကကျန်မိသားစုရဲ့ အိမ်တော်ကနေ ထွက်သွားဖို့ ငြင်းဆိုခဲ့တဲ့အတွက် အန်းရန်ကဒီဆန်ကိတ်ဆိုင်မှာပဲ နေနေတုန်းပဲ…… ဆိုလိုချင်တာက တကယ်တမ်း ဒီနေ့နေ့လည်မှာ တွေ့သင့်တဲ့သူက အန်းရန်နဲ့ ဖုကျင်းရှောင်း!!
ငါကပြန်လည်မွေးဖွားလာတဲ့အတွက် မတူညီတဲ့ရွေးချယ်မှုကို လုပ်ခဲ့တယ်။ အဲ့တာကြောင့် butterfly effectရဲ့ တောင်ပံတွေက ရိုက်ခတ်ပြီး ဒီလိုအခြေအနေဖြစ်လာတာပေါ့။ ကျန်ရှင်းဆွေ့အိပ်ရာပေါ်တက်ကာ လှဲချလိုက်ပြီး သက်ပြင်းချလိုက်တယ် “မဖြစ်နိုင်လောက်ပါဘူး……”
“ကလင်လင်…”
သူ့ရဲ့ဖုန်းမြည်လာတယ်။
သူဖုန်းကိုယူပြီးကြည့်လိုက်တယ်။ မထင်မှတ်စရာကောင်းလှစွာပဲ နှစ်800လောက် မဆက်သွယ်ဖြစ်တဲ့ သူ့ရဲ့အေးဂျင့်ဆီက ဖြစ်နေတယ်။ မမှားဘူး။ သူကလည်း entertainment company တစ်ခုနဲ့ စာချုပ်ချုပ်ထားတဲ့သူတစ်ယောက်ပဲ။ ဒါပေမဲ့သူက လူသစ်သာသာပဲရှိသေးတယ်။ ဘာလို့လဲဆိုတော့ တစ်အချက် သူကဘွဲ့ရခါစသူတစ်ယောက်၊ နှစ်အချက် သူကတစ်ချိန်လုံး အန်းရန်ကို တိုက်ခိုက်ဖို့ပဲတွေးနေခဲ့တာ။ အဲ့တာကြောင့်သူက သူ့ရဲ့ကိုယ်ပိုင်ကိစ္စတွေကို ကောင်းကောင်းလုပ်ဖို့ တစ်ခါမှမစဉ်းစားခဲ့ဖူးဘူး။
အေးဂျင့်ကပြောတယ် “ရှောင်ဆွေ့ မင်းခုတစ်လော အဆင်ပြေရဲ့လား? မင်းအကြောင်းတွေ ငါအကုန်ကြားတယ် လူတိုင်းကောင်းတဲ့အချိန်နဲ့ ဆိုးတဲ့အချိန်ရှိဖူးတာပဲ လက်မလျှော့လိုက်နဲ့ ကြားလား?”
[ရှောင်ဆွေ့ဆိုတာက ဆွေ့လေးပေါ့ ကိုယ့်ထက်ငယ်ရင်သုံးတာပါ]
“ဝမ်ကော” ကျန်ရှင်းဆွေ့ရိုးသားစွာပဲပြောလိုက်တယ် “စိတ်မပူပါနဲ့ ကျွန်တော်အဆင်ပြေပါတယ်”
[ဝမ်ကောဆိုတာ အစ်ကိုဝမ်လို့ပြောတာပါနော်]
အေးဂျင့်က သက်ပြင်းချလိုက်ပြီးတော့ ဆက်ပြောတယ် “မင်းအဆင်ပြေရင်ပြီးတာပဲ ငါ့လက်ထဲမှာ variety show တစ်ခုရှိတယ် တက်သစ်စလေးတွေ အယောက်100လောက်ပါဝင်ပြီး နောက်ဆုံးအဖွဲ့ကdebutလုပ်ရမှာ ငါ့အထင်တော့ အဲ့တာကမင်းနဲ့သင့်တော်လောက်တယ် မင်း…သွားချင်လား?”
ကျန်ရှင်းဆွေ့အဲ့ဒီ variety show ကိုစဉ်းစားမိတော့ သူ့အရင်ဘဝတုန်းက variety show တစ်ခုကိုသတိရသွားပြီး မေးလိုက်တယ် “အဲ့တာက’Star Light’လား?”
အေးဂျင့်ဖြစ်တဲ့ ဝမ်ကောက ထိတ်လန့်သွားတယ် “မင်းဘယ်လိုသိတာလဲ?”
ကျန်ရှင်းဆွေ့ မရှင်းပြပဲနဲ့ ဒီတိုင်းပဲပြောလိုက်တယ် “ကျွန်တော်အဲ့တာကို နည်းနည်းတော့ ကြားဖူးတယ် ဒါပေမဲ့ အသေးစိတ်တော့နားမလည်ဘူး”
ဝမ်ကောကဆက်ပြောတယ် “အဲ့တာက အခွင့်ကောင်းတစ်ခုဖြစ်လိမ့်မယ် မင်းရဲ့မျက်နှာနဲ့ အရည်အချင်းကိုလည်း ပြလို့ရပြီး ကံကောင်းရင် groupတစ်ခုနဲ့လည်း ပွဲဦးထွက်လို့ရမယ် ပြီးတော့မင်းမှာ တောက်ပတဲ့အနာဂတ်ရှိလာလိမ့်မယ်”
သူ့အနေနဲ့ groupတစ်ခုနဲ့ ပွဲဦးထွက်ဖို့က မဖြစ်နိုင်ဘူးဆိုတာ ကျန်ရှင်းဆွေ့သိတယ်။
အရင်ဘဝတုန်းက ဇာတ်လိုက်အန်းရန်က ဒီvariety showကိုပါဝင်ခဲ့ပြီးတော့ ကျော်ကြားလာကာ ‘Cနေရာ’နဲ့ ပွဲဦးထွက်ခဲ့တယ်။ ပြီးတော့ showကငှားခဲ့တဲ့ နည်းပြက ခုတစ်လောနာမည်ကြီးနေတဲ့ သရုပ်ဆောင်ဖုကျင်းရှောင်းပဲ။ ဒီဇာတ်ကွက်က ဝတ္ထုထဲမှာ ဇာတ်လိုက်shouနဲ့ ရုပ်ရှင်ဧကရာဇ်ဖုရဲ့ ဆက်ဆံရေးကိုတိုးတက်ဖို့အတွက် မပါမဖြစ်တဲ့ ဇာတ်ကွက်ပဲ။ ဒါပေမဲ့သူက အရင်ဘဝတုန်းက ကျန်အိမ်တော်ကနေအကန်ထုတ်ခံရပြီးတော့ hotelမှာ ချက်လက်မှတ်တစ်စောင်နဲ့ သွားနေနေတာကြောင့် ဒီvariety showထဲမှာ မပါခဲ့ဘူး။ [T/N Dreamအထင်တော့ ‘Cနေရာ’ဆိုတာ ‘Center’ ကိုပြောချင်တာဖြစ်မယ်။]
ဝမ်ကောကသူ့ကိုမေးတယ် “ဘယ်လိုလဲ သွားမှာလားမသွားဘူးလား?”
ကျန်ရှင်းဆွေ့ တုန့်ဆိုင်းနေတယ် “ကျွန်တော်စဉ်းစားလိုက်အုံးမယ်”
သူသေချာပေါက်သွားချင်တာပေါ့။ သူသွားရင် idolကြီးနဲ့တွေ့ရမှာလေ။ ဘယ်လိုပဲဖြစ်ဖြစ် သူကအခု အလုပ်လက်မဲ့ဖြစ်နေပြီးတော့ ဝင်ငွေလည်းမရှိဘူးဖြစ်နေတာ မဟုတ်သေးဘူးလေ။ ဒါပေမဲ့ အန်းရန်နဲ့ပဲဖြစ်ဖြစ် ကျန်မိသားစုနဲ့ပဲဖြစ်ဖြစ် ထပ်ပြီးအဆက်အဆံမလုပ်ချင်တော့ဘူး။ အရင်ဘဝက သေဆုံးမှုကို မျက်လုံးထဲမှာ မေ့လို့မရသေးတုန်းပဲ။ ဇာတ်လိုက်နဲ့ အဆက်အဆံလုပ်မိရင် သူ့အတွက်ဇာတ်သိမ်းမကောင်းနိုင်ဘူးဆိုတာ သူသိတယ်။ အခုသူက ဇာတ်လိုက်နဲ့ ဝေးဝေးမှာပဲနေချင်တော့တယ်။ ဒီဘဝမှာမတွေ့ရတော့ရင်တော့ အကောင်းဆုံးပေါ့။
ဝမ်ကောက သက်ပြင်းချလိုက်ပြီးတော့ “အဲ့တာဆိုလည်း ဒီနှစ်ရက်မှာကောင်းကောင်း စဉ်းစားထား ပြီးရင် ငါ့ကိုဖုန်းဆက်လိုက်”
ကျန်ရှင်းဆွေ့ သဘောတူကြောင်း အသံပြုလိုက်တယ်။
ဖုန်းချပြီးပြီးချင်းမှာပဲ အပြင်ဘက်ကတံခါးခေါက်သံထွက်လာတယ်။
ကျန်ရှင်းဆွေ့ ထထိုင်လိုက်ပြီးတော့ “ဝင်ခဲ့ပါ”
တံခါးဖွင့်လာတာကတော့ကျန်းရှာပါ။ သူမက ပြောလာတယ် “ဆွေ့ဆွေ့ ထမင်းစားဖို့ဆင်းခဲ့တော့လေ”
ကျန်ရှင်းဆွေ့ အသံပြုလိုက်ပြီးတော့ သူမနောက်ကနေလိုက်ပြီးဆင်းခဲ့တယ်။ သူစာကြည့်ခန်းကျဉ်းကျဉ်းလေးထဲမှာ နေနေရတုန်းပဲ။ အဓိကကတော့ အဲ့ဒီ့စာကြည့်ခန်းထဲမှာ အဲကွန်းမရှိဘဲ လျှပ်စစ်ပန်ကာပဲရှိတာပဲ။ ဒီလောက်ပူတဲ့နွေရာသီကြီးမှာ အဲ့တာကတော်တော်လေးကိုပူတယ်။ တော်သေးတာက အောက်ထပ်မှာ အဲကွန်းဖွင့်တဲ့အတွက် သူနေသာသေးတယ်။
ကျန်းရှာက သူ့ကိုခေါက်ဆွဲတစ်ပန်းကန်ပေးပြီးတော့ “ဒီလောက်ဆိုလောက်လား?”
ကျန်ရှင်းဆွေ့ကပြန်ဖြေတယ် “လောက်တယ်”
သူဒီတိုင်းထိုင်ပြီးမစားသေးပဲနဲ့ အရင်အခန်းထဲဝင်လိုက်ပြီး တူတွေနဲ့ပန်းကန်တွေကူသယ်ပေးလိုက်တယ်။
ကျန်းရှောင့်ယန် အပြင်ဘက်ကတံခါးကို ပိတ်ပြီးဝင်လာတဲ့အခါမှ ထမင်းစစားကြတယ်။ အရင်နေ့တွေတုန်းက ကျန်ရှင်းဆွေ့ဆိုင်မှာ နေ့လည်ပိုင်းကူပေးတာကလွဲရင် သူတို့ညစာကို အားလုံးအတူတူစားကြတယ်။
ကျန်းရှာကပြောတယ် “ငါတွက်ကြည့်တာ ဒီနေ့အခု1000လောက်ရောင်းရတယ်”
ကျန်းရှောင့်ယန်ကလည်းခေါင်းငြိမ့်ပြီးတော့ပြောတယ် “ဒီနေ့ကပိတ်ရက်ဆိုတော့ သေချာပေါက်ရောင်းကောင်းတာပေါ့”
“ငါအရေအတွက်နဲ့ ဖက်ထုပ်နဲ့အဲ့ဒီကိတ်တွေရဲ့ကုန်ကြမ်းကို အကြမ်းတွက်ကြည့်တာ ဒီနေ့အကြမ်းဖျင်း 2000လောက်မြတ်တယ်” ကျန်းရှာက တကယ်ကိုအတွက်အချက်တော်တဲ့ မိန်းမသားတစ်ယောက်ပါ “ဒါပေမဲ့ မနေ့ကနဲ့ရောင်းရတဲ့နှုန်းကတူတူလောက်ပဲကို မနေ့ကကျတော့ 3000လောက်ဝင်တယ်”
ကျန်းရှောင့်ယန်က ခေါက်ဆွဲစားရင်းပြောတယ် “သုံးတဲ့ပစ္စည်းမတူလို့ဖြစ်မှာပေါ့ အရင်နေ့တွေတုန်းက ငွေလက်ခံတာကို အန်းရန်ကကူညီပေးတာလေ အခုကဆွေ့ဆွေ့ဆိုတော့ ငါသိပ်မရှင်းဘူးလေ”
ဒီထမင်းတစ်နပ်က ဘာကိုရည်ညွှန်းလဲဆိုတာကို ကျန်ရှင်းဆွေ့နောက်ဆုံးတော့ နားလည်သွားပြီ။
“ပိုက်ဆံဖြတ်ပိုင်းတိုင်းကို စက်ထဲမှာကျွန်တော်မှတ်ထားတယ်” ကျန်ရှင်းဆွေ့ ပန်းကန်နဲ့တူကိုချရင်းပြောတယ် “တကယ်လို့တစ်ခုခုမရှင်းတာရှိရင် အမေတို့စစ်ကြည့်လို့ရတယ်”
သူစိတ်မပျော်တော့တာမြင်တော့ ကျန်းရှာကအလျင်စလိုနဲ့ “ဆွေ့ဆွေ့ အမေကအဲ့သဘောပြောတာမဟုတ်ပါဘူး မင်းကြည့်လေ ဒီနေ့နေ့လည်ဧည့်သည်တစ်ယောက်လာတဲ့အချိန်တုန်းက မင်းပိုက်ဆံမှားအမ်းလိုက်တယ်မလား အဲ့တာကမတော်တဆဖြစ်သွားတာထင်တယ် မင်းကိုခက်ခဲစေမိပြီ အရင်ကသခင်လေးလိုပဲနေလာတာဆိုတော့ ဒီလိုဘဝမျိုးမှာသေချာပေါက် မနေဖူးလောက်ဘူးလေ နောက်ကျရင်အမေပဲ ငွေလက်ခံပါ့မယ် မင်းကတော့အနောက်မှာပဲ ရှောင့်ယန်ကိုကူညီပေးလိုက်ပါ”
ဒီရက်ပိုင်းဆိုင်မှာ လူအရမ်းများနေလို့ ကျန်ရှင်းဆွေ့ကငွေလက်ခံတဲ့နေရာမှာ ကူညီပေးချင်ခဲ့တာ။ ဒါပေမဲ့ ဒီလိုမျိုးသံသယဝင်ခံရလိမ့်မယ်လို့ မထင်ထားဘူး။ သူကျန်းရှာရဲ့မျက်နှာကိုကြည့်ပြီးတော့ အန်းရန်ကိုရုတ်တရက်သတိရမိသွားတယ်။ ဇာတ်လိုက်ရဲ့လှည့်ကွက်တွေနဲ့ သရုပ်ဆောင်စကေးတွေက ဘယ်သူ့ဆီကနေလာပြီးတော့ သူ့ရဲ့မိဘတွေနဲ့ ဘယ်လောက်တောင်တူသလဲဆိုတာကို နောက်ဆုံးတော့သတိထားမိသွားတယ်။
ကျန်ရှင်းဆွေ့ ပါးစပ်ကိုလှောင်ရယ်တဲ့ပုံစံပြုံးလိုက်ပြီးတော့ ပြောလိုက်တယ် “မလိုပါဘူး”
ကျန်းရှာကအံ့အားသင့်သွားတယ်။
“ကျွန်တော်ဒီ၂ရက်လောက် အလုပ်လုပ်ရမှာမလို့ companyကအိပ်ဆောင်မှာပဲ အိပ်ဖြစ်ဖို့များတယ် အိမ်ပြန်မလာဖြစ်လောက်ဘူး” ကျန်ရှင်းဆွေ့မတ်တပ်ရပ်လိုက်တယ် “တကယ်လို့အမေတို့ တကယ်ကိုအရမ်းအလုပ်များတယ်ဆိုရင်လည်း ကျွန်တော်အကူတစ်ယောက်ငှားပေးမယ် အင်း……ကျွန်တော်ကငွေလက်ခံတဲ့နေရာမှာ တကယ်အတွေ့အကြုံမရှိဘူး အဲ့တာကို တကယ်မကျွမ်းကျင်ဘူး”
ကျန်းရှောင့်ယန်က ဒီလိုဖြစ်လာလိမ့်မယ်လို့ မထင်ထားဘူး။ သူ့ရဲ့ဇနီးကို စိန်းစိန်းဝါးဝါးကြည့်လိုက်ပြီးတော့ မြန်မြန်ပဲပြောလိုက်တယ် “ဆွေ့ဆွေ့ အထင်မလွဲပါနဲ့ မင်းအဒေါ်…မင်းအမေက အဲ့ဒီအဓိပ္ပာယ်မဟုတ်ပါဘူး မင်းကဘာလို့ထွက်သွားချင်နေရတာလဲ?”
ကျန်ရှင်းဆွေ့စားပွဲကနေ ထရပ်လိုက်ပြီးသူ့ကိုကြည့်လိုက်တယ်။ သူတို့နှစ်ယောက်ကိုအပေါ်စီးကနေကြည့်လိုက်ပြီးတော့ ပါးစပ်ဟလိုက်တယ် “အဲ့ဒီအဓိပ္ပာယ်ဟုတ်လားမဟုတ်လားဆိုတာ အဖေတို့ပိုသိမှာပါ ကျွန်တော်ကအန်းရန်လောက် မတော်တာတော့အမှန်ပဲ ဒါပေမဲ့ ကျွန်တော်ကရိုးသားတယ် ပိုက်ဆံလေးရာဂဏန်းအတွက်နဲ့တော့ ရိုးသားမှုကိုအဆုံးရှုံးမခံနိုင်ဘူး ကျွန်တော့်ကိုဘာနဲ့ အဲ့လိုဆုံးဖြတ်သလဲတော့မသိပေမဲ့ လွန်ခဲ့တဲ့အနှစ်၂၀လုံး အန်းရန်ပေါ်မှာမကောင်းခဲ့တာတွေရှိပေမဲ့ အဖေတို့အပေါ်တော့ ဘာမှအပြစ်မလုပ်ထားဘူး”
ဆန့်ကျင်ဘက်အနေနဲ့…
ကလေးမှားတာက ဒီကြေကွဲစရာအဖြစ်တွေကိုဦးတည်စေတဲ့ အဓိကအကြောင်းရင်းပဲ။ ကလေးကိုတောင်းပန်သင့်တာက…အဖေတို့ပဲ။
ကျန်ရှင်းဆွေ့အပိုတွေဘာမှမပြောတော့ပဲ ကိုယ်ကိုလှည့်လိုက်ပြီး အပေါ်ထပ်ကိုတက်ခဲ့တော့တယ်။ သူတံခါးကိုပိတ်လိုက်ပြီးတော့ ဖုန်းထုတ်ကာ သူ့အေးဂျင့်ဆီကိုခေါ်လိုက်တယ် “ဝမ်ကော ကောကိုနှောင့်ယှက်ရတာအားတော့နာပါတယ် တစ်ခုပြောချင်လို့ပါ……ကျွန်တော်အဲ့variety showကို သွားမယ်”
_______________
Word – 3814
Xiao Dream