Chapter 56 (Part-1)
နှစ်ဦးသား အသက်ရှုမဝတော့သည်အထိ အနမ်းမှာရှည်ကြာလွန်းခဲ့သည်။ နောက်ဆုံး၌ လုရွှင်က ချန်ဝေကို လွှတ်ပေးလိုက်ပြီး
“မင်းဖြစ်စေချင်သလို သိုသိုသိပ်သိပ်”
ချန်ဝေ မျက်ရည်ကျလုမတတ်။ သစ်ပင်ကိုကွယ်ပြီး ဒီလောက်အကြာကြီးနမ်းနေတာကို…ဘာကို သိုသိုသိပ်သိပ်လဲ! ခုခေတ်တက္ကသိုလ်ကျောင်းသားတွေက တအားမျက်နှာပြောင်တိုက်လွန်းတယ်!
သို့သော်လည်း ပထမအနမ်း၏အငွေ့အသက်များမပြယ်ပျောက်သေးမီ လုရွှင်က ထပ်မံနမ်းလိုက်ပြန်သည်။ အစောပိုင်းကအနမ်းမှာ နူးညံ့သိမ်မွေ့နေသည့်တိုင် ယခုမူကား လွှမ်းမိုးချုပ်ကိုင်မှု၊ ပိုင်ဆိုင်လိုမှုများနှင့်ပြည့်နှက်နေသည့်အတွက် ငြင်းဆန်နိုင်စွမ်းမရှိလှ။ လုရွှင်၏လက်တစ်က သူမ၏ပါးပြင်ကိုထိတွေ့နေပြီး ကျန်လက်တစ်ဖက်က သူ၏နှုမ်ခမ်းနှင့်လျှာကို လက်ခံနိုင်ရန် သူမ၏မေးစေ့အား ပင့်တင်ထားလေသည်။
အနမ်းတစ်ခုက ဤမျှခေါင်းမူးစေနိုင်ကြောင်းကိုချန်ဝေ ပထမဦးဆုံးအကြိမ် သဘောပေါက်ခဲ့သည်။ လုရွှင်၏ အရသာကို သူမအတိအကျမဖော်ပြနိုင်သော်လည်း သူမတစ်ကိုယ်လုံးတွင် လုရွှင်၏ရနံ့များ ဖုံးလွှမ်းနေသယောင်ခံစားနေရသည်။ သူမအား အမှတ်အသားပြုထားသည့် ပိုင်ဆိုင်မှုတစ်ခုကဲ့သို့ သူမ ရှူရှိုက်လိုက်တိုင်း သူ့ရနံ့များသာသင်းပျံ့နေခဲ့သည်။
လုရွှင်၏အနမ်းအဆုံးသတ်လိုက်သည့်အခါ၊ ချန်ဝေ၏ မျက်နှာမှာ နီမြန်းလာပြီး မျက်လုံးများလည်းဝေဝါးကာ လုရွှင်အား စေ့စေ့ပင်မကြည့်ဝံ့တော့ပေ။
“ဒါ နင်စည်းကမ်းဖောက်တာ…ငါတို့က အစမ်းကာလမှာပဲရှိသေးတယ်လေ…နင့်အပိုင်ဆိုပြီးတွက်နေတာလား”
လုရွှင်က ချန်ဝေ၏ စွပ်စွဲချက်ကိုကြားသိရသည့်အခါ ရှက်ရွံ့ပုံမပေါ်၊ ဆန့ကျင်ဘက်အနေဖြင့် ချန်ဝေကိုစိုက်ကြည့်ရင်း အေးဆေးစွာဖြင့် စကားဆိုလိုက်သည်။
“အစမ်းကာလကဘာဖြစ်လို့လဲ…အစမ်းကာလလဲ လုပ်အားခပေးရတာပဲမဟုတ်လား…အကျိုးခံစားခွင့်တချို့ယူတာ ငါမှားလို့လား”
“……” ထူးချွန်ထက်မြက်ပြီး ဥပဒေဗဟုသုတရှိတဲ့ ချစ်သူတစ်ယောက်ရှိတဲ့အခါ သင်ဘာလုပ်မလဲ…….ချန်ဝေ တွေးရင်း ; အခုနောင်တရဖို့ အရမ်းနောက်ကျနေပြီလား???
“တကယ်တော့……” လုရွှင်က ချန်ဝေကို ထပ်မံစိုက်ကြည့်လိုက်ပြီး၊ မျက်နှာလေးမှာ ညှိုးဖျော့ဖျော့၊ အသံမှာလည်းအသက်မပါတော့သည့်အတိုင်း “မင်းနဲ့တွေ့ရင် အရာအားလုံးအဆုံးသတ်သွားသလိုပဲ”
ချန်ဝေ သူ့ကို မော့ကြည့်လိုက်တော့ လုရွှင်က အကြည့်ကိုရှောင်လိုက်၏။ ခပ်ဝေးဝေးကိုငေးကြည့်ရင်း သူ့မျက်နှာမှာ နီရဲလာပြီး တဖြည်းဖြည်းနှင့် နားရွက်အထိကူးစက်သွားပြီး အသံမှာလည်း အထိန်းအကွပ်မရှိတော့သည့်ပုံ။
“မင်းကိုတွေ့တိုင်း နမ်းချင်လာတယ်”
ခဏရပ်ပြီးနောက် သူ့ကိုယ်သူ ခပ်တိုးတိုးရေရွတ်ကာ “ငါ့ကိုယ်ငါ ထိန်းရမယ်”
သူက ချန်ဝေ ကို ငုံ့ကြည့်လိုက်ပြီး သူ့ကိုယ်သူ အာရုံပြောင်းဖို့ ကြိုးစားရင်း အကြောင်းအရာကိုချက်ချင်းပြောင်းလိုက်သည်။
“မင်း ဘယ်သွားဖို့ရှိသေးလဲ”
ချန်ဝေက အချိန်ကိုတစ်ချက်ကြည့်လိုက်ပြီး
“ငါစာကြည့်တိုက်မှာ အလုပ်ဆင်းရဦးမယ်!”
အလှအပဆိုတာ တကယ်ကိုကျိန်စာပဲ…လုရွှင်ရဲ့မျက်နှာကိုကြည့်နေရင်း သူမအရာအားလုံးကို မေ့လုနီးနီးဖြစ်သွားတာ! ပုံမှန်ဆို ဒီလိုမိုက်မဲတဲ့အမှားမျိုးကို ဘယ်တော့မှ သူမ ကျူးလွန်မိမှာမဟုတ်ဘူး!
“ဒါဆို မင်းကိုလိုက်ပို့ပေးမယ်”
လုရွှင် စကားပြောပြီးနောက် မဆိုင်းမတွပဲ ချန်ဝေ၏လက်ကို ဆုပ်ကိုင်လိုက်သည်။ သူ့မျက်နှာမှာ အနည်းငယ်နီနေသေးသော်လည်း၊ ပုံမှန်အတိုင်း တည်ငြိမ်မှုကိုထိန်းကာ ချန်ဝေနှင့်အတူ လမ်းဆက်လျှောက်ခဲ့သည်။
လုရွှင်သည် စာကြည့်တိုက်တံခါးဝသို့ရောက်သည်အထိ သူမလက်ကိုဆုပ်ကိုင်ထားခဲ့ပြီး အနည်းငယ်ကြာမှ လွှတ်ပေးလိုက်သည်။
တက္ကသိုလ်A၏ စာကြည့်တိုက်တွင် စာကျက်ခြင်းနှင့် စာဖတ်ခြင်းအတွက် ဆိတ်ငြိမ်သောအငွေ့အသက်ကို ထိန်းသိမ်းရန် စည်းကမ်းချက်တချို့ထုတ်ပြန်ထားသည်။ နမ်းခြင်း၊ ပွေ့ဖက်ခြင်း၊ လှည့်ပတ်ကစားခြင်းတို့အပါအဝင် အလွန်အကျွံ ရင်းရင်းနှီးနှီး ဆက်ဆံခြင်းမပြုရန် စုံတွဲများအား တားမြစ်ထားသည်။ စာမေးပွဲရာသီတစ်ခုအပြီးတွင် စည်းမျဉ်းတချို့ကို ကနဦးအနေဖြင့်ချမှတ်ခဲ့သည်။ ဖြစ်စဉ်မှာ ကျောင်းပိတ်ခါနီးပြီဖြစ်သည့်အတွက် အတွဲတချို့သည် စားပွဲတစ်ခုတည်း၌စာလေ့လာနေသောကျောင်းသားများကို စိတ်အနှောက်အယှက်ဖြစ်စေခဲ့ပြီး ကိုယ်ထိလက်ရောက်ခိုက်ရန်ဖြစ်ပွားခဲ့သည့် သတင်းများထွက်ပေါ်ခဲ့သည်။ ထိုအချိန်မှစ၍ ကျောင်းစာကြည့်တိုက်အတွင်း စုံတွဲများ၏ရင်းနှီးသောအပြုအမူတချို့ကိုတားမြစ်သည့် တင်းကျပ်သောမူဝါဒကို အကောင်အထည်ဖော်ခဲ့သည်။ နှစ်ကြာလာသည်နှင့်အမျှ ကျောင်းကဤစည်းမျဉ်းကို တင်းတင်းကျပ်ကျပ် ကျင့်သုံးခြင်းမရှိတော့သည့်တိုင် နှစ်ရှည်လများသတိပြုမိခဲ့သောကြောင့် ကျောင်းသားများကြားတွင် ထောက်ခံသူ အများအပြား ရှိလာခဲ့သည်။ အကယ်၍စုံတွဲတစ်တွဲသည် သူတို့၏အချစ်ရေးရာကိုထိန်းချုပ်နိုင်ခြင်းမရှိပါက ချက်ချင်းရှုံ့ချခံရမည်ဖြစ်သည်။
_________
ချော်လဲပြီးလက်အဆစ်လွဲသွားလို့ လက်တစ်ဖက်တည်းနဲ့ဘာသာပြန်တာ ဒီလောက်လေးကို နှစ်ပတ်ရေးလိုက်ရတယ်။ exam နဲ့ အိမ်ပြောင်းဖို့ရှိလို့ ၂လပိုင်းမှ ပြန်လာခဲ့မယ်နော်။ ဆောတီးပါ……🙏🙏
Hannah
စောင့်နေပါမယ်😍😍