Chapter 1
ကမ္ဘာပျက်ကပ်နှင့်စိတ်ထကြွခြင်း
အခန်း ၁- ထောင်ချခြင်း။
ချူးယွီနင် သည် သူမ၏လည်ပင်းတွင် ချည်နှောင်ထားသောသံကြိုးကိုဆွဲလျက် ပြတင်းပေါက်ဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားကာ အပြင်သို့ လှမ်းကြည့်လိုက်သည်။ သန့်ရှင်းသပ်ရပ်သော ရင်ပြင်တွင်၀တ်ကောင်းစားလှ ၀တ်စားထားသော လူများသည် တစ်စုံတစ်ဦးကို ကြိုဆိုရန် တစ်နေရာသို့ အလျင်အမြန် သွားနေကြစဉ် သူတို့၏ မျက်နှာများပေါ်တွင် အပြုံးများဝေဆာနေကာ ကြည့်ရသည်မှာ သတင်းကောင်းတစ်ခုရှိပုံရသည်။ စခန်းခေါင်းဆောင်သည် ရိက္ခာများ၊စွမ်းအင်ကျောက်တုံးများနှင့်အတူ ပြန်လာသည်ကို မေးရန်ပင်မလိုတော့ပေ
တစ်လခွဲပင်ကြာမြင့်သွားခဲ့ပြီဖြစ်သောကြောင့် ကောင်းယန်ကိုတွေးရင်း ချူးယွီနင် သည် သူမ၏ဒေါသများကိုမထွက်မိအောင် ထိန်းနေခဲ့ရသည်။
ကောင်းယန်သည် ချူးယွီနင်၏ ပထမဆုံးပွေ့ဖက်ခဲ့သောခြေသလုံးပင်ဖြစ်သည် ကမ္ဘာပျက်ကပ်နောက်ပိုင်းတွင် သူမသည်အသင်းဖော်အနည်းငယ်နှင့် ပြေးနေရင်း သူနဲ့မတော်တဆ ဝင်တိုက်မိခဲ့သည်။ စွမ်းအင်နိုးထပြီးပထမအဆင့်ကို ရောက်ရှိနေသူများသည် ပထမအဆင့် စွမ်းရည်ရှိသူများကို လိုက်လံရှာဖွေနေချိန်တွင် ထိုသူသည် ဒုတိယအဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်သည်။ သူ၏ ထူးချွန်ထက်မြက်သော စွမ်းရည်အပြင်လက်အောက်ငယ်သားများ အပေါ် တည်ကြည်ခိုင်မာသောကွပ်ကဲမှု ရှိပြီး သူ၏ ထူးခြားသော တိုက်ခိုက်ရေး စွမ်းရည်များကြောင့် ချူးယွီနင် သည်သူ့ကို ချက်ချင်း သတိပြုမိခဲ့သည်။
သူမတွင်အကြံကောင်းတစ်ခုပေါ်လာခဲ့သည်။ ကောင်းယန်နောက်လိုက်ပါက သူမသည် ကောင်းမွန်စွာစားသောက်နေရရုံသာမက ကောင်းယန်၏ ကိုယ်ပိုင်စွမ်းအားဖြင့်တည်ဆောက်ထားသော လုံခြုံသည့်စခန်းတွင် နှစ်အနည်းငယ်နေနိုင်ပေလိမ့်မည်။ သူ့စခန်းက ကြီးကြီးမားမားမဟုတ်ပေမယ့် စနစ်တကျရှိပြီး စွမ်းအင်ပိုင်ဆိုင်သူ အများအပြားရှိနေခဲ့သည်။ ထိုသူတို့၏ အုပ်ချုပ်မှုအောက်တွင် နေထိုင်ကြသူများသည်လည်း စကားနာခံကြသည်။ဒီလိုအခြေအနေအတိုင်းသာရှိပြီး ကမ္ဘာပျက်ကပ်မရှိခဲ့ရင် ဘယ်လောက်ကောင်းမလဲ?
အခုတော့….
ချူးယွီနင် သည်အချုပ်ခန်းထဲမှနေ၍ ကောင်းယန် ကားပေါ်ကဆင်းလာတာကို ကြည့်နေလေသည်။ သူ့နောက်တွင် မိန်းမချောလေးတစ်ယောက်ပါလာကာ သူမကခေါင်းကို အနည်းငယ်ငုံ့ထားလေသည်။ ထိုအမျိုးသမီးက သူ့နောက်ကို အနီးကပ်လိုက်နေ၍ ထိုသူကလည်း ထိုအမျိုးသမီးကို မောင်းထုတ်ဖို့ ရည်ရွယ်ချက်ရှိပုံမပေါ်ပေ။
ထို့နောက် ကောင်းယန်သည် ခေါင်းကိုမတ်ကာ သူမ(ချူးယွီနင်)ကို ကြည့်လိုက်ပြီးနောက် သူ့နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးလေးတစ်ခု ပေါ်လာပြီး သူ့နောက်မှ အမျိုးသမီးကို လက်နှစ်ဖက်ဖြင့် ပွေ့ဖက်လိုက်သည်။ထို့နောက် ရယ်မောသံများ ထွက်ပေါ်လာသည်။ လူအနည်းငယ်က ချူးယွီနင်ကို တစ်ချက်လောက်လှည့်ကြည့်ရုံသာတက်နိုင်ကြသည်။
ချူးယွီနင် လည်း သူများတွေကြည့်တာကို မရှောင်တိမ်းခဲ့ပေ။ တခြားမိန်းမကိုဖက်ပြနေသောထိုယောက်ျားသည် သူမနဲ့ ဘာမှမဆိုင်သလို သူမမျက်နှာမှာ ဘာခံစားချက်မှ မပြဘဲ အောက်ကိုသာငုံ့ကြည့်နေဆဲပင်။
သူမရဲ့ပုံစံကိုမြင်တော့ ကောင်းယန်ရဲ့ မျက်လုံးတွေ မှေးမှိတ်သွားပြီး သူ့မျက်နှာပေါ်က အပြုံးတွေရုတ်ချည်းပျောက်ကွယ်သွားလေသည်။ သူ့ပတ်ဝန်းကျင်က ပျော်ရွှင်မှုတွေက ချက်ချင်းရပ်တန့်သွားပြီး ဘယ်သူမှ မရယ်ရဲတော့ပေ။ ကောင်းယန်၏ ရင်ခွင်ထဲမှ အမျိုးသမီးသည် တစ်ခုခုကို ခံစားမိလိုက်ပုံရသည်။ သူမ လှမ်းမကြည့်ခင်မှာပင် ချူးယွီနင်က ကန့်လန့်ကာတွေကို ချလိုက်ပြီး ကုတင်ပေါ် ပြန်ထိုင်လိုက်သည်။ ဤဇွန်ဘီကမ္ဘာတွင် ကောင်းယန် ကဲ့သို့သော အစွမ်းထက်ပြီး စွမ်းရည်မြင့်သူသည် သူမကို နှစ်ကြာကြာတွဲရန် မဖြစ်နိုင်ပေ။ တကယ်တော့ သူမနှင့် ကောင်းယန်တို့တစ်သက်တာလက်တွဲနေထိုင်နိုင်မည်ဟု ထင်ရလောက်အောင် ဘာအခြေအနေမှ ရှိမနေခဲ့ပေ။ ဒါကြောင့် ခုနကအမျိုးသမီးကို မြင်လိုက်ရတဲ့အခါ သူမရဲ့ နှလုံးသားမှာ အပြောင်းအလဲတွေ မခံစားရပေ…..
ချူးယွီနင် သည် ကောင်းယန်ကို အရင်စိတ်ဝင်စားခဲ့ဖူးသော်လည်း သူ့ကို မလိုက်ခဲ့ ရုံသာမက ခံစားချက်များကိုပင် သဲသဲကွဲကွဲမဖော်ပြခဲ့ပေ။ လှပသောမျက်နှာနှင့် ပြီးပြည့်စုံသော ခန္ဓာကိုယ်ရှိသော်လည်းသူမတွင် တိုက်ခိုက်နိုင်စွမ်းမရှိပေ။ သူမသည် နောက်ဆုံးအချိန်တွင် အသက်ရှင်လိုလျှင် သူမ၏ခန္ဓာကိုယ်ကို ရောင်းချရမည်ဖြစ်သည်။
ကောင်းယန်နှင့်သူ့အဖွဲ့ရဲ့ စွမ်းရည်တွေကြောင့် အမျိုးသမီးတစ်ဦးကို သူတို့၏စိတ်ဆန္ဒကိုဖြည့်ဆည်းပေးရန်မွေးမြူဖို့က ပြဿနာမရှိပေ။ ကောင်းယန်သည် တံခါးဝတွင်ရှိသော သားကောင်မှာသူ့အလိုလို သူ့ထံရောက်လာရန်စောင့်နေသောမုဆိုးတစ်ယောက်ကဲ့သို့ အပြုံးဖြင့် ချူးယွီနင် အား ကြည့်လိုက်သည်။
ချူးယွီနင်သည် နလပိန်းတုံးမဟုတ်ပါ။ ဘယ်ယောက်ျားကမှ လွယ်လွယ်ရတဲ့ မိန်းမကိုမြတ်နိုးမှာမဟုတ်ဘူးဆိုတာ သူမကောင်းကောင်းသိသည်။ ထို့ကြောင့် သူမသည် သားကောင်ဖြစ်နေသော်လည်း လွယ်လွယ်နှင့် အရှုံးမပေးပေ။
ဤသို့ဖြင့် သူမသည် ကောင်းယန်၏ သည်းခံနိုင်စွမ်းကုန်သွားသည်အထိ အမဲလိုက်ခြင်းဂိမ်းကို ခြောက်လကြာအောင်ထိန်းထားနိုင်ခဲ့သည်။ နောက်ဆုံးမှာတော့ မှောင်မိုက်ပြီး လေထန်သောညတစ်ညတွင် မုဆိုးကသားကောင်အားဖမ်းမိခဲ့လေသည်။