Chapter 64

“ကျွန်မနဲ့မစ္စတာရှုရဲ့မင်္ဂလာဆောင်”
– ဂျိုဂျို၏အိမ်ထောင်ရေးဒိုင်ယာရီ
နာမည်ရလာပြီးနောက်ပိုင်း ဝင်ရောက်လာသည်ကတော့ အခွင့်အရေးများပင်။
အစ်မဟွမ်တောင် ထိုကမ်းလှမ်းမှုများကို ရွေးချယ်ရခက်လာ၏။ အရင်က တွေးပင်မတွေးရဲသော နာမည်ကြီးများကတောင် ချောင်ဟွေ့ကို ကမ်းလှမ်းလာကြသည်။
ဘယ်လိုလုပ်ရမလဲ။ ကောင်းလိုက်တာ။ အကုန်လုံးယူမယ်။
သို့သော် အဲ့ဒီလိုလုပ်ဖို့တော့ မဖြစ်နိုင်ပါ။
အစ်မဟွမ် ခဏလောက်တုံ့ဆိုင်းနေမိ၏။ဘယ်တံဆိပ်ကိုရွေးချယ်ရမည်မှန်း သူ(မ)မသိပါ။
ရိုးရိုးသားသားပြောရလျှင် အစ်မဟွမ်၏ အတွေးအခေါ်၊အမြင်တို့သည် ချောင်ဟွေ့၏ လက်ရှိကျော်ကြားမှုနှင့်မကိုက်ညီတော့ပါ။
အေးဂျင့်၏အရည်အချင်းသည်လည်း သရုပ်ဆောင်တစ်ယောက်၏ အနာဂါတ်အတွက် အရေးပါလှ၏။
အေးဂျင့်၏အရည်အချင်းက သရုပ်ဆောင်၏ကျော်ကြားမှုနှုန်းကို မလိုက်နိုင်လျှင် ရေတိုတွင် မသိသာသော်လည်း ရေရှည်တွင် သရုပ်ဆောင်၏အောင်မြင်မှုကို များစွာသက်ရောက်သွားနိုင်သည်။
သရုပ်ဆောင်၏အခွင့်အရေးများကိာ အချိန်တိုအတွင်းကုန်ဆုံးသွားစေနိုင်၏။
ချောင်ဟွေ့ ဘာမှမလုပ်ရသေးခင်မှာပင် ချောင်ဟွေ့၏ဖခင်က အစ်မဟွမ်နေရာကို တခြားအေးဂျင့်တစ်ယောက်နှင့် အစားထိုးလိုက်သည်။ သူ အစ်မဟွမ်ကို ရွေးစဉ်က ချောင်ဟွေ့က အဆင့် ၁၈ လူသစ်တစ်ယောက်သာဖြစ်၏။ အခုတော့ မတူတော့ပါ။ အခုဆိုလျှင် ချောင်ဟွေ့က အဆင့်အများကြီးတိုးသွားပြီဖြစ်၏။ အစ်မဟွမ်၏အရည်အချင်းက ထိုအဆင့်ကိုကိုင်တွယ်ဖို့ မလုံလောက်ပါ။
ချောင်ဟွေ့က အသိုင်းအဝိုင်းထဲ ပို၍နာမည်ကြီးလာလေ အဖေအရင်းဖြစ်သော မစ္စတာချောင်လည်း မျက်နှာပန်းပွင့်လေဖြစ်၏။အခု ချောင်ဟွေ့၏ဘဝတက်လမ်းက သူအလေးထားသော ကိစ္စတစ်ခုဖြစ်လာပြီ။ချောင်ဟွေ့၏အရှိန်ရနေသောတက်လမ်းကို သူ ထိခိုက်ခံမည်မဟုတ်ပါ။
သူအသစ်ငှားထားသောအေးဂျင့်က ဒီလောကရဲ့ ထိပ်တန်းအေးဂျင့်တစ်ယောက်ဖြစ်သည်။ သူ(မ)မျိုးရိုးနာမည်က ကျန်းဖြစ်၏။ဒီလောကမှာ ကျင်လည်နေတာကြာပြီဖြစ်သော ထက်မြက်သည့်အေးဂျင့်တစ်ဦးဖြစ်သည်။ မင်းသမီးအတော်များများနှင့် တွဲလုပ်ဖူး၏။
ချောင်ဟွေ့ကတော့ အစ်မဟွမ်ကိုမဖြုတ်ပါ။ သူ(မ)တွင် လက်ထောက်သိပ်မရှိ။ အစ်မဟွမ်သာ ဆန္ဒရှိမည်ဆိုပါက လက်ထောက်အနေနှင့်နေနိုင်၏။ သို့သော် လခတော့ နည်းမည်ဖြစ်သည်။ဘာပဲပြောပြော သူ(မ)နှင့်အစ်မဟွမ်ဆက်ဆံနေခဲ့သည်မှာ နှစ်ပေါင်းများစွာကြာလေပြီ။ သူ(မ)အနားမှာ လူသစ်တွေချည်းဝိုင်းနေတာထက် လူဟောင်းတွေကို သူ(မ) ပိုလိုလား၏။
အစ်မဟွမ်ကလည်း မဆိုင်းမတွလက်ခံသည်။
ဒီလိုအခွင့်ကောင်းမျိုးကို ဘာလို့လက်လွှတ်ခံရမှာလဲ။ ဒီလိုအခွင့်ကောင်းမျိုးက ထပ်ရဖို့မလွယ်တော့။
နောက်လများတွင် ချောင်ဟွေ့တစ်ယောက် မြေကြီးနှင့်ပင်မထိရလောက်အောင် အလုပ်များနေ၏။ လေယာဉ်စီးရလွန်းလို့ ထုံပင်ထုံနေပြီဖြစ်သည်။ အချိန်တော်တော်များများကို လေပေါ်မှာသာ ကုန်ဆုံးရ၏။
အလုပ်ပိသောဒဏ်၊ပင်ပန်းသောဒဏ်၊အလုပ်၏ဖိအားတို့ကို သူ(မ)ကောင်းစွာခံစားမိလာသည်။
အတိုင်းအတာတစ်ခုအထိကတော့ ဖိအားက သူ(မ)ကို ပိုကြိုးစားချင်စိတ်ဖြစ်စေသောအရာဖြစ်၏။
ဧပြီလကုန်ပိုင်းတွင် အစ်မကျန်းက ချောင်ဟွေ့ကို နောက်တစ်လအတွက် အလုပ်များမစီစဉ်ပေးရသေးခင်တွင် ချောင်ဟွေ့ကစ၍
” အစ်မကျန်း ကျွန်မ နောက်လ လဝက်နားမယ်။”
အစ်မကျန်းက သူ(မ)အား ချက်ချင်းစိုက်ကြည့်လာပြီး အလုပ်သဘောဆန်ဆန်လေသံဖြင့်
” ချောင်ဟွေ့က အခု အရမ်းနာမည်တက်နေတဲ့အချိန်ကိုရောက်နေတာ။ လက်ရှိရနေတဲ့အရှိန်ကိုအခွင့်ကောင်းယူပြီး ကိုယ့်အခြေအနေကို ပိုခိုင်မာလာအောင် စက္ကန့်တိုင်းကြိုးစားနေရမှာ။ အပန်းဖြေဖို့တွေးနေရမှာမဟုတ်ဘူး။”
အစ်မကျန်းက အစ်မဟွမ်ထက်အများကြီးတော်ပါသည်။ သို့သော်သူ(မ)သဘောထားက မာကျောတင်းကျပ်၏။
သူ(မ)က အလုပ်စွဲနေသူတစ်ဦးဖြစ်သည်။ အသက် ၄၀ နားအထိ အိမ်ထောင်မပြုဘဲ အလုပ်ထဲသာစိတ်နှစ်ထားသူဖြစ်၏။
အရာရာတိုင်းတွင် အားနည်းချက် အားသာချက်ရှိသည်။ သူ့လိုအေးဂျင့်မျိုးက သရုပ်ဆောင်ကို အားကောင်းကောင်းနှင့်တွန်းပို့ပေးနိုင်၏။ သို့သော် အနည်းငယ် တင်းကျပ်လွန်းသည်။
သို့သော် အစ်မကျန်းက သူ(မ)ကိုတမင်ဆူနေခြင်းမဟုတ်မှန်း ချောင်ဟွေ့နားလည်၏။
အမှန်တော့ အစ်မကျန်းကိုယ်တိုင်ကလည်း အင်မတန်အလုပ်လုပ်သူတစ်ဦးဖြစ်သည်။ တစ်နေ့လုံး စက်ရုပ်တစ်ရုပ်လိုမနားဘဲလုပ်နိုင်၏။ အားလုံးကိုလည်း အမှားအယွင်းမရှိ စီမံခန့်ခွဲနိုင်သည်။
ချောင်ဟွေ့က သူ(မ)နှုတ်ခမ်းကိုဖိကပ်လိုက်ပြီး အသာပြုံးလိုက်၏။ သူ(မ)မျက်လုံးများတွင်တော့ အရောင်တွေလင်းလက်နေသည်။
” ကျွန်မသိပါတယ်။ ဒါပေမဲ့ မေလမှာ ကျွန်မရဲ့ မင်္ဂလာဆောင်ရှိလို့ပါ။”
ပြီးခဲ့သော သုံးလကျော်အတွင်း သူ(မ)နှင့်ရှုရီယန် အတူနေထိုင်ခဲ့သည်။ အခု မင်္ဂလာရက်နီးလာသောကြောင့် သူ(မ) အားလပ်ချိန်ပိုယူရပေမည်။
အစ်မကျန်းက သုံးစက္ကန့်မျှငြိမ်သွားပြီးနောက်
” ကွန်ဂရက်ကျူလေးရှင်းပါ။”
” ကျေးဇူးပါ။”
အစ်မကျန်းက ချက်ချင်းဆုံးဖြတ်လိုက်၏။
” အဲ့လိုဆိုရင်တော့ ချောင်ဟွေ့ကို လဝက်ခွင့်ပေးမယ်။ လဝက်ကျော်ရင်တော့ ပုံမှန်အတိုင်းပြန်လှုပ်ရှားဖို့ အမြန်ဆုံးပြင်ဆင်ပေါ့။ ဒီလောကမှာ ပြိုင်ဆိုင်မှုက အရမ်းပြင်းထန်တယ်။အခု ချောင်ဟွေ့က နာမည်ရနေသေးတယ်။ ဒါပေမဲ့ အခုမကြိုးစားဘဲ အေးအေးဆေးဆေးနေလိုက်မယ်ဆိုရင်တော့ fan တွေက ခဏနေရင် မေ့သွားကြမှာပဲ။”
အစ်မကျန်းပြောသောစကားများသည် အမှန်တရားများဖြစ်၏။ ချောင်ဟွေ့ နာမည်ရလာတာ မကြာသေးပါ။ သူ(မ)အနေအထားကလည်း အနုပညာလောကထဲတွင် ခိုင်မာမှုမရှိသေးပါ။ ထို့ကြောင့် သူ(မ)မျက်နှာကို ပရိသတ်မစိမ်းအောင် ကြိုးစားနေရဆဲကာလဖြစ်နေသေးသည်။
” ကျွန်မသိပါတယ်။”
…
မေလတစ်ရက်နေ့က မကြာခင်ရောက်လာ၏။ချောင်ဟွေ့ မနက်လေးနာရီထ၍ မိတ်ကပ်ပြင်ခြင်း မင်္ဂလာဝတ်စုံလဲခြင်းများပြုလုပ်ရ၏။
သူ(မ)အတွက် အရံခြောက်ယောက်လည်း စောစောရောက်နေလေပြီ။ လေးယောက်က ငယ်သူငယ်ချင်းတွေဖြစ်ပြီး ကျန်နှစ်ယောက်ကတော့ ရုပ်ရှင်လောကမှဖြစ်သည်။
မနက်စာက ရှုရီယန်အမေလုပ်ထားသော အသားလုံးများဖြစ်သည်။ သူ(မ)အိမ်ကို မနက်စောစောလာပို့ပေးထားခြင်းဖြစ်၏။ အပေါ်တွင် နှင်းဆီပွင့်ချပ်လေးများပင် ဖြူးထားသေးသည်။
ကျန့်ကျားကျားက မနက်စာစားနေရင်း မိတ်ကပ်သမားက ချောင်ဟွေ့ကို မိတ်ကပ်ပြင်ပေးတာကိုကြည့်နေ၏။သူ(မ)က ချောင်ဟွေ့အဖော်ရစေရန် အနားမှာနေပေးနေခြင်းဖြစ်သည်။
ချောင်ဟွေ့၏မောင်လေးကလည်း မကြာခဏလာလာကြည့်တတ်၏။ သို့သော် သူလာတိုင်း အခန်းထဲတွင် မိန်းကလေးများနှင့်ရှုပ်နေ၍ မသိမသာပြန်ပြန်ထွက်သွားရသည်။
စောနေသေး၍ ဓာတ်ပုံသမားများလည်း မလာသေးပါ။
သူငယ်ချင်းတွေထဲ ချောင်ဟွေ့က အရင်ဆုံးလက်ထပ်သွားလိမ့်မည်ဟု ကျန့်ကျားကျားမထင်မိခဲ့။
သူ(မ)က စားသောက်ပြီးနောက် လုပ်စရာတစ်ခုလုပ်ရန် အခန်းအပြင်သို့ထွက်လာလိုက်သည်။
သူ(မ)က တခြားအရံမိန်းကလေးများကို မေးလိုက်၏။
” ငါတို့ ဖိနပ်တွေကို ဘယ်မှာဖွက်ထားမလဲ။”
ကျန်းကျားနီက ချောင်ဟွေ့၏ မူလတန်းကတည်းကသူငယ်ချင်းဖြစ်သည်။သူတို့ တက္ကသိုလ်အတူတူမတက်ဖြစ်ကြသော်လည်း အခုထိ အဆက်အသွယ်မပြတ်ခဲ့။သူ(မ)က သူ(မ)ပါးစပ်ကို လက်နှင့်အုပ်ပြီးပြောလိုက်သည်။
” ငါ့အကြံကတော့ သတို့သမီးအရံတွေထဲဖွက်ထားတာ အကောင်းဆုံးပဲ။”
ကျန့်ကျားကျား မျက်လုံးပြူးသွားပြီး
” ကစားကြမယ် sis တို့ရေ။”
အကြံကကောင်းပါသည်။ သို့သော် ဖိနပ်များက ကြီးလွန်းနေပြီး သတို့သမီးအရံဝတ်စုံများက ကြပ်နေ၏။ လက်တွေ့အကောင်အထည်ဖော်ရန်မလွယ်ပေ။
အဲ့ဒီမှာဖွက်ထားလျှင်တော့ သတို့သားအရံက စကပ်လှန်၍ရှာလိမ့်မည်မဟုတ်ပါ။အဲ့ဒီလောက်ကြီးတော့ မလုပ်ကြလောက်။
သတို့သမီးဝတ်စုံအောက်မှာဖွက်တာတို့ အိပ်ရာအောက်မှာဖွက်တာတို့က အရမ်းရိုးနေပြီဖြစ်သည်။
ကျန့်ကျားကျားက ဘေးဘီကိုဝေ့ဝိုက်ကြည့်လိုက်ပြီး
” ပြတင်းပေါက်အပြင်ဘက်မှာထားရင်ရော။ အပြင်ကကြည့်ရင် ဖိနပ်တွေက အိမ်ထဲမှာပဲရှိနေသလိုပဲလေ။ရှာရတာ နည်းနည်းပိုခက်သွားတာပေါ့။”
ကျန်းကျားနီက သဘောတူစွာ ခေါင်းညိတ်လိုက်၏။
ဖိနပ်များဖွက်ပြီးနောက် ကျန့်ကျားကျားနှင့်ကျန်းကျားနီတို့က ရှုရီယန်ကိုဒုက္ခပေးရန် အစီအစဉ်တချို့ စဉ်းစားလိုက်သည်။ ရှုရီယန်သာမကျော်ဖြတ်နိုင်လျှင် သတို့သမီးကိုခေါ်သွား၍ရမည်မဟုတ်ပါ။
ကျန့်ကျားကျားတို့ အဝတ်လဲခန်းထဲပြန်ဝင်လာတော့ ချောင်ဟွေ့လည်းမိတ်ကပ်လူးတာပြီးသလောက်ရှိပေပြီ။
အရံများက သူ(မ)ဘေးနားဝိုင်းလာကြ၏။
ချောင်ဟွေ့က သူတို့တွေ့ဖူးသမျှသတို့သမီးများထဲတွင် အလှဆုံးဖြစ်သည်။
ပုံပြင်ထဲက မင်းသမီးလေးလိုတစ်ယောက်လိုပင်။
သူတို့ပြန်ဝင်လာတာမြင်တော့ သူ(မ)က ပြုံးပြီးမေးလိုက်၏။
” အပြင်မှာ ဘာတွေသွားပြီးပြဿနာရှာနေတာလဲ။”
ကျန့်ကျားကျားက ပါးစပ်ကို လက်နှင့်အုပ်လိုက်ရင်း
” နောက်ကျရင်နင်သိလိမ့်မယ်။”
ချောင်ဟွေ့က တစ်ချက်ငြိမ်သွားပြီး သတိပေးလိုက်သည်။
” သူ့ကို အရမ်းတော့ ဒုက္ခမပေးနဲ့။”
ရှုရီယန်က ဒီနှစ်ဆို အသက် ၃၁ နှစ်ရှိပြီဖြစ်သည်။ ဘာပဲပြောပြော မင်္ဂလာဆောင်ဆိုသည်မှာ ပျော်စရာကိစ္စတစ်ခုဖြစ်သည်။သူ(မ)၏သူငယ်ချင်းများကြောင့် သူ အရမ်းအခက်တွေ့နေတာမျိုး မဖြစ်စေချင်ပါ။
ကျန့်ကျားကျားက ချောင်ဟွေ့ပခုံးကိုပုတ်လိုက်ရင်း
” ဒါတွေအားလုံး သူ့အတွက်ပါ။”
ချောင်ဟွေ့လည်း မငြင်းတော့ဘဲ
” အင်းပါလေ။ ဒီအချိန်ပဲလုပ်ရမှာကိုး။”
သတို့သမီးကိုယ်တိုင်ကထောက်ခံလိုက်သဖြင့် အရံအားလုံးလည်း သဘောတူသွားကြ၏။
သတို့သားက သတို့သမီးကိုလာမခေါ်ခင်အချိန်၌ သတို့သမီးနှင့်အရံများက ဓာတ်ပုံတွဲရိုက်ဖို့ အချိန်ရနေ၏။
ဓာတ်ပုံဆရာဖြစ်သူဝမ်ယွဲ့က ဆက်တိုက်ညွှန်ကြားနေသည်။
” အရံတွေက သတို့သမီးလက်မောင်းကိုတွဲထား။ လူချင်းကပ်ထား။ ဟုတ်ပြီ။ကောင်းတယ်။ကောင်းတယ်။”
” အရံတွေ ပိုပြုံးပါ။ တောက်တောက်ပပလေးပြုံး။ ဟုတ်ပြီ။ဟုတ်ပြီ။”
” အဲ့ဒီပုံအတိုင်းလေးပဲနေ။ ကောင်းတယ်။”
ဝမ်ယွဲ့က ရှုရီယန်၏မျက်နှာကြောင့်သာ မင်္ဂလာဆောင်တွင် ဓာတ်ပုံရိုက်ပေးခြင်းဖြစ်သည်။ ပုံမှန်ဆိုလျှင် သူက မင်္ဂလာဆောင်ဓာတ်ပုံရိုက်လေ့ရှိသူမဟုတ်ပေ။
မင်္ဂလာအချိန်ရောက်လာသည့်အခါတွင်တော့ သတို့သားနှင့် အရံများ ရောက်လာကြ၏။
ရှုရီယန်က ဆံပင်ကို သပ်ရပ်စွာပုံသွင်းထားပြီး နေရောင်ထဲတွင် သူ့မျက်ခုံးများကထင်းနေ၏။သူ့ဝတ်စုံတွင် ပန်းတစ်ပွင့်ထိုးထားပြီး ရှေ့ဆုံးမှလျှောက်လှမ်းလာသည်။ သူ့နောက်တွင်တော့ သတို့သားအရံများ ဖြစ်ကြသော ထန်မော်၊လင်းယန်…. စသည်ဖြင့် အနုပညာအသိုင်းအဝိုင်းမှလူတွေရှိနေသည်။
ထန်မော်က ဒီလိုကိစ္စမျိုးတွေစိတ်မပါသဖြင့် လင်းယန်ကစပြီး တံခါးခေါက်လိုက်၏။
ဒီလိုမျိုးကစားကြမည်ဆိုလျှင်လည်း လင်းယန်နှင့်အသင့်တော်ဆုံးဖြစ်သည်။ ထို့ကြောင့် လင်းယန်က ရှေ့ထွက်လာခြင်းဖြစ်၏။
ကျန့်ကျားကျားက တံခါးရှေ့သို့သွားပြီး အသံကျယ်ကျယ်တစ်ချက်ရယ်လျက် ပြောလိုက်၏။
“အန်ပေါင်းအရင်ယူလာပါ။”
ရှုရီယန်က အန်ပေါင်းများကို လိုသလောက်ပြင်ဆင်ထားပြီးဖြစ်၍ ထန်မော်ကို ကမ်းပေးလိုက်၏။ထန်မော်က တံခါးအောက်ကြားမှတစ်ဆင့် အန်ပေါင်းတစ်ခု ထိုးပေးလိုက်သည်။
သတို့သမီးအရံများက အန်ပေါင်းများကိုဖွင့်ကြည့်လိုက်၏။
ငွေတွေအများကြီးထည့်ထားတာပဲ။ နာမည်ကြီးမင်းသားဖြစ်ထိုက်ပါတယ်။ အရမ်းရက်ရောတာပဲ။
သို့သော် ကျန့်ကျားကျားက ထပ်ပြောလိုက်သည်။
“မလုံလောက်သေးဘူး။”
ထန်မော်က အန်ပေါင်းများ ထပ်ထည့်ပေးလိုက်၏။
“မလုံလောက်သေးဘူး။ အများကြီးလိုသေးတယ်။”
ထိုစဥ် လင်းယန်က ထန်မော်ကို ပြောလိုက်၏။
” အလုပ်ဖြစ်တော့မှာမဟုတ်ဘူး။ ငါလုပ်လိုက်မယ်။”
သူက ပြောပြောဆိုဆိုနှင့် တံခါးကိုထုပြီး
” အထဲက အစ်မတို့ညီမတို့ တံခါးဖွင့်ပေးပါ။”
ကျန့်ကျားကျားကလည်း ပြန်ပြောလာသည်။
” တံခါးဖွင့်စေချင်ရင် သတို့သားနဲ့အရံတွေအားလုံး ဒိုက်အခါတစ်ရာထိုးရမယ်။မလုပ်နိုင်တဲ့လူပါရင်တော့ တံခါးဖွင့်မပေးဘူး။”
ထန်မော် :…
လင်းယန်: ဒီကောင်မလေးတွေက ဆိုးချင်နေတာပဲ။
ဝူရှောင်ရှောင်က ကျန်းကျားနီနားကပ်၍ သတိပေးလိုက်သည်။
” ဒါတော့များသွားပြီ။ ဒီနေ့ လုပ်စရာတွေအများကြီးရှိသေးတယ်။ပင်ပန်းကြဦးမှာ။ သတို့သားအားကုန်သွားရင် ဂျိုဂျို ညဘက်ဘယ်လိုလုပ်မလဲ။”
ကျန်းကျားနီက အနေအေးပုံရသောဝူရှောင်ရှောင်ကိုကြည့်လိုက်၏။
သူ(မ)က စကားမပြောလျှင် အရမ်းအေးသည်ထင်ရ၏။ ကားမောင်းလျှင်တောင် အသက်မရှူဘဲမောင်းမည့်ပုံမျိုးဖြစ်သည်။
အခြားအရံများကလည်း ဝူရှောင်ရှောင်ပြောတာ သဘာဝကျသည်ဟု ယူဆကြ၏။
မင်္ဂလာဦးညကို သူတို့မဖျက်စီးလိုပါ။
ထို့ကြောင့် ကျန့်ကျားကျားက စကားကိုချက်ချင်းပြင်ကာ ပြန်ပြောလိုက်သည်။
” ကျွန်မမှားပြောတာ။ အခေါက်နှစ်ဆယ်ဆိုရပြီ။”
လင်းယန်ကလည်း ပြန်ပြောလိုက်၏။
“အဲ့ဒါဆိုလဲ စကြတာပေါ့။ လျှော့ပေးလို့မရတော့ဘူးလား။”
” မရတော့ဘူး။”
တံခါးအပြင်ဘက်တွင်မူ အလွန်မြင်ရခဲသောမြင်ကွင်းတစ်ခု ဖြစ်လာလေတော့သည်။
ချောမောသော၊ fan တွေအများကြီးပိုင်ဆိုင်ထားကြသောလူတစ်စုက ကြမ်းပြင်ပေါ်လက်ထောက်ပြီး ဒိုက်ထိုးနေကြသောမြင်ကွင်းဖြစ်သည်။
သူတို့ fan တွေကိုသာ ဒီမြင်ကွင်းကိုကြည့်ခိုင်းပါက ခေါင်မိုးပွင့်သွားမတတ် အော်ကြပေလိမ့်မည်။
ဘယ်သူကများ ဒါမျိုးလုပ်နိုင်စွမ်းရှိမည်နည်း။
ချောင်ဟွေ့ကတော့ အိပ်ရာပါ်တွင်ငြိမ်ငြိမ်လေးစောင့်နေ၏။ခဏနေတော့ သူ(မ)ဖုန်း vibrate မြည်လာသည်။ သူ(မ)မောင်လေးပို့လိုက်သော video အတိုလေးတစ်ခုပင်။
သူ(မ) ဖွင့်ကြည့်လိုက်၏။
အပြင်မှာဖြစ်နေတာတွေကို video ရိုက်ပြထားခြင်းဖြစ်သည်။
တစ်ယောက်တစ်မျိုးစီကြည့်ကောင်းနေကြသော ရှုရီယန်နှင့်သတို့သားအရံခြောက်ယောက်က အတူတူဒိုက်ထိုးနေကြလေသည်။
အနောက်တွင်တော့ အသံတွေဆူညံနေ၏။
” ဝမ်းတူး၊ ဝမ်းတူး။”
” အမြန်၊ အမြန်။”
” ဒါရိုက်တာထန် မလုပ်နိုင်တော့ဘူး။”
သူ(မ)မောင်လေးက စာတစ်ကြောင်းထပ်ပို့လာသည်။
” ယောက်ဖက တော်ပါတယ်။”
နောက်ဆုံးတွင် ရှုရီယန်က အရင်ဆုံး ဒိုက်အကြိမ် ၂၀ ထိုးပြီးသွားကာ တခြားသူများလည်း တစ်ယောက်ပြီးတစ်ယောက်ပြီးသွားကြသည်။
*****
Aurora Novel Translation Team