Chapter 65

နောက်ဆုံးတော့ တံခါးပွင့်သွားခဲ့၏။
သတို့သားနှင့် သတို့သားအရံများလည်း ဝင်လာကြသည်။
ချောင်ဟွေ့၏အခန်းက သေးတော့မသေးပါ။ သို့သော် လူတစ်ဒါဇင်ကျော်လောက် ဝင်ရောက်မတ်တတ်ရပ်လိုက်သောအခါ အခန်းက ကျယ်သည်ဟုမထင်ရတော့ပေ။ ထိုအခန်းလေးထဲ၌ အားလုံး တစ်ယောက်တစ်ပေါက်နှင့် ဆူညံနေတော့၏။
သတို့သမီးဖြစ်သည့် ချောင်ဟွေ့ကတော့ အိပ်ရာပေါ်မှာ ငြိမ်ငြိမ်လေးထိုင်နေရန်သာ လိုအပ်ပါသည်။
အခန်းထဲလူစုံတော့ လင်းယန်က တက်ကြွစွာဖြင့်
“ရီယန် အိပ်ရာပေါ်က မင်းရဲ့ဘယ်သူလဲ။”
ရှုရီယန်က ချောင်းတစ်ချက်ဟန့်လိုက်ပြီး ဒူးတစ်ဖက်ထောက်၍ ထိုင်လိုက်ကာ ပန်းစည်းကို ချောင်ဟွေ့ဆီသို့ ကမ်းပေးလိုက်၏။
သူ့မျက်ဝန်းများမှာ ရေကန်ဆီသို့စီးဆင်းနေသော ရေတံခွန်တစ်ခုသဖွယ်။ ပျော့ပျောင်း၏။ အားမာန်ပါ၏။
ထန်မော်ကတော့ အရေးကြီးသည့်ကိစ္စကို မေ့ပုံမရပါ။
“မင်း ဖိနပ်ရှာရဦးမယ်မလား။”
ထိုအခါကျမှ အခြားသတို့သားအရံများလည်း သဘောပေါက်သွားတော့သည်။
” ဟုတ်တယ်။ ဖိနပ်တွေ ပျောက်နေတယ်။”
ကျန့်ကျားကျားနှင့် ကျန်းကျားနီတို့က သူတို့၏မျက်နှာများကို လက်ဖြင့်အုပ်ပြီး ရယ်လိုက်ကြ၏။
ထိုအချိန်တွင် လင်းယန်က ကျန့်ကျားကျားတို့ ရှေ့ကိုလျှောက်လာပြီး နှုတ်ခမ်းများအနည်းငယ်ကွေးသည်အထိပြုံးလိုက်သည်။သူ၏ယောင်္ကျားမာယာကို ထုတ်သုံးနေခြင်းပင်။
” ဟိတ်…ဖိနပ်တွေ ဘယ်မှာဖွက်ထားတာလဲ။”
လင်းယန်၏နာမည်ကြီးမှုကလည်း မသေးပါ။ AK တံဆိပ် အတွင်းခံဘောင်းဘီကြော်ညာဖြင့် fan များစွာ ရရှိထားခဲ့သူဖြစ်သည်။
ထို video တွင် သူက အလွန်ကြည့်ကောင်းနေပြီး သူ့ခန္ဓာကိုယ်က မိန်းကလေးများအားလုံး ရှက်သွေးဖြာသွားရလောက်အောင်အထိ လုပ်နိုင်စွမ်းရှိပေသည်။
ထို့ကြောင့် လင်းယန်၏မာယာကိုရင်ဆိုင်လိုက်ရတော့ ကျန့်ကျားကျား၏ နှလုံးခုန်နှုန်းများ မလွဲမရှောင်သာ မြင့်တက်သွားတော့သည်။
နာမည်ကြီးတစ်ယောက်ဖြစ်ထိုက်ပါတယ်။ သူ့မာယာတွေအကုန်ထုတ်သုံးလိုက်ရင် အရမ်း sexy ကျတာပဲ။
သူ(မ) မဖြစ်နိုင်တာတွေကို စိတ်ကူးယဉ်မိတော့မည်။
အရင်က သူ(မ)၏ idol သည် ရှုရီယန်တစ်ယောက်သာရှိခဲ့သည်။ အခုတော့ ဖြစ်နိုင်သည်က… သူ(မ)၏ idol က လင်းယန်နှင့် အစားထိုးသွားလေပြီ။
ကျန့်ကျားကျားက မသိချင်ယောင်ဆောင်ပြီး
” ကျွန်မ မပါဘူး။”
လင်းယန်၏နှုတ်ခမ်ထောင့်များ ပို၍ကွေးညွတ်သွားကာ
“အိုကေလေ။”
ကျန့်ကျားကျားတစ်ယောက် နားရွက်များပင်နီလောက်သွားလောက်အောင် ရှက်သွေးဖြာသွား၏။သူ(မ)က တစ်ဖက်လှည့်ပြီး မမြင်ချင်ယောင်ဆောင်၍
” ကျွန်မမသိဘူး။ ကျွန်မကို မမေးနဲ့။”
လင်းယန်က သတို့သမီးအရံများဆီမှ ပရိယာယ်သုံးစကားနှိုက်နေတုန်း ထန်မော်ကတော့ လက်တွေ့ကျကျဖြေရှင်းရန် ကြိုးစား၏။
အနားတစ်ဝိုက် ထောင့်စုံအောင် ရှာဖွေကြည့်နေခဲ့သည်။ သို့သော် ဖိနပ်နှင့် တူသောအရာပင်မတွေ့။
ထန်မော်က ရှုရီယန်ကို လှမ်းပြောလိုက်၏။
” မင်းမိန်းမ စကပ်အောက်မှာရှိလားကြည့်ကြည့်။”
လူတွအားလုံးရှေ့မှာ စကပ်အောက်လှန်ကြည့်ရမည်က မသင့်တော်ပါ။
ရှုရီယန်ကတော့ လှန်ရှာရန် ရည်ရွယ်ချက်မရှိ။
သူက ချောင်ဟွေ့လက်ကိုဆွဲကာ ပြုံး၍မေးလိုက်သည်။
” ဖိနပ်တွေက မင်းဆီမှာလား။”
ချောင်ဟွေ့ ခေါင်းခါပြလိုက်သည်။သူ(မ)မလိမ်ပါ။ဖိနပ်တွေ သူ(မ)ဆီမှာမရှိပါ။
ထိုအခါ ဘေးကထန်မော်ကို ရှုရီယန်က လှမ်းပြောလိုက်၏။
“ဒီမှာမရှိဘူး။ မင်းထပ်ရှာကြည့်ဦး။”
ထန်မော် :…
မင်းမိန်းမကို အဲ့ဒီလိုပဲယုံလိုက်တာလား။
သတို့သားအရံအနေနဲ့က ဘာလုပ်လို့ရမှာလဲ။ ဆက်ရှာရုံပဲရှိတော့တာပေါ့။
ထိုအချိန်၌ ချောင်ဟွေ့မောင်လေးရောက်လာပြီး ထန်မော်၏နား’နားကပ်၍ ပြောလိုက်သည်။
” ပြတင်းပေါက် အပြင်ဘက်မှာ။”
ခုနက သူ အခန်းအနားလာတုန်းက ကျန့်ကျားကျားနှင့်ကျန်းကျားနီတို့ပြောတာကို ကြားလိုက်ခြင်းဖြစ်သည်။ အခန်းထဲတွင် မိန်းကလေးများသာရှိ၍ သူ့အနေနှင့် အကြာကြီးနေလို့မရခဲ့။ ထို့ကြောင့် ခဏခဏ ဝင်လိုက်ထွက်လိုက်ဖြစ်နေခဲ့သည်။
သူက သတို့သမီးအရံနှစ်ယောက်ကို မတုံ့ဆိုင်းဘဲ သစ္စာဖောက်လိုက်ပြီဖြစ်သည်။
ဒီနေ့ လုပ်စရာကိစ္စတွေ အများကြီးရှိသေး၏။ သူ့အစ်မလည်း ယောင်္ကျားဖြစ်သူနှင့် မင်္ဂလာပွဲတက်ရဦးမည်။
ဖိနပ်တစ်ရံအတွက် ထိုကိစ္စများကို မနှောင့်နှေးစေချင်ပါထန်မော်က ချောင်ရဲကိုမယုံနိုင်ဘဲ ပြန်ကြည့်လိုက်၏။
ချောင်ဟွေ့၏မောင်လေးက ဒီလိုလုပ်မည်ဟု သူ မမျှော်လင့်ထားပေ။
သူ ချက်ချင်းထပြီး ပြတင်းပေါက်ကိုဖွင့်လိုက်၏။ပြတင်းပေါက်အပြင်ဘက်တွင်ဖွက်ထားသော ဖိနပ်များကို ချက်ချင်းတွေ့လိုက်ရသည်။
ထန်မော်က ဖိနပ်များကို အခန်းထဲယူလာ၏။
လင်းယန်ကတော့ အနည်းငယ်အံ့ဩသွားသည်။သူက ထန်မော် အရင်ရှာတွေ့သွားလိမ့်မည်ဟုမထင်ခဲ့ပေ။
အခန်းထဲတွင် အနုပညာလောက၌ကျော်ကြားသော အမျိုးသားဆယ်လီများနှင့်ပြည့်နေ၏။အဖွဲ့ထဲတွင် ယောင်္ကျားချော မရှားပါ။သတို့သားကတော့ အကျော်ကြားဆုံးဖြစ်၏။
ရှုရီယန်က ဖိနပ်များကိုထုတ်ပြီး ချောင်ဟွေ့ခြေထောက်ကို စွပ်ပေးလိုက်သည်။ သူ့လက်ချောင်းများက ဖြူဖွေးသွယ်လျ၏။ အချိုးအဆစ်ပြေပြစ်၏။ ချောင်ဟွေ့ခြေထောက်ကလည်း ဖြူဖွေး၏။ နူးညံ့၏။
သူ့လက်များဖြင့် ညင်သာစွာဖိပြီး ဖိနပ်ကို စွပ်ပေးလိုက်သည်။
” ဝိုး”
လက်ခုပ်သံများ အခန်းထဲညံသွားတော့၏။
…
မနက်ခင်းတစ်ခုလုံး အလုပ်တွေ ရှုပ်နေသည်။
ခဏနေလျှင်တော့ အခန်းအနားစပြီဖြစ်သည်။
ချောင်ဟွေ့နှင့်ရှုရီယန်က မြက်ခင်းပြင် မင်္ဂလာအခန်းအနားပုံစံကိုရွေးချယ်ထား၏။
ယနေ့ နေသာနေသည်။လေကလည်း မွေးပျံ့သောပန်းရနံ့များကို သယ်ဆောင်လာနေ၏။မြင်ကွင်းက လှပနွေးထွေးသည်။ချောင်ဟွေ့နှင့်ရှုရီယန်တို့၏ wedding photo များက အပေါက်ဝတွင် ဆီးကြိုနေ၏။
Wedding photo တိုင်းကလည်း ကျက်သရေရှိကာ လှပနေသည်။
မင်္ဂလာအခါတော်ပေးလုပ်သူက အနုပညာလောကတွင် ကျော်ကြားသောရွှေတံဆိပ်ဆုရထားသူတစ်ဦးဖြစ်သည်။ရှုရီယန်နှင့်လည်း ပုဂ္ဂိုလ်ရေးအရ အလွန်ရင်းနှီးသူတစ်ဦးဖြစ်၏။
သူက တစ်ချက်ရယ်မောလိုက်ပြီး
“မစ္စတာရှုနဲ့ မစ္စရှုရဲ့မင်္ဂလာဆောင်မှာ မင်္ဂလာအခါတော်ပေးအဖြစ်ပါဝင်ဆောင်ရွက်ခွင့်ရတာ ဂုဏ်ယူပါတယ်ခင်ဗျာ။မအားလပ်တဲ့ကြားထဲက မင်္ဂလာပွဲကို တက်ရောက်လာကြတဲ့ လူကြီးမင်းများအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။”
ပရိသတ်များ၏လက်ခုပ်ဩဘာသံများ ညံသွားတော့၏။
ဧည့်သည်များအားနှုတ်ဆက်ပြီး သတို့သားလည်း စင်ပေါ်သို့တက်လာသည်။
အရင်ကတည်းကချောမောသူရှုရီယန်မှာ ယနေ့ သတို့သားဘဝတွင် ပို၍ပင်ချောမောနေ၏။
မင်္ဂလာအခါတော်ပေးက ရှုရီယန်ကို နေရာဖယ်ပေးလိုက်သည်။
“ရီယန့်ဘေးမှာရပ်ရတာ ကိုယ့်ကိုယ်ကိုယ်တောင်သိမ်ငယ်သွားမိတယ်။”
ပရိသတ်များထံမှ ရယ်မောသံများ ထွက်လာ၏။
မင်္ဂလာအခါတော်ပေးလုပ်သူက ရွှေတံဆိပ်ဆုရထားသူပီပီ သူ၏ အရွန်းဖောက်မှုများက ဧည့်သည်များကြား ရယ်မောသံ မစဲစေခဲ့ပါ။ဧည့်သည်များက အလိုက်အထိုက်ပါဝင်အားပေးကြခြင်းလည်းပါ၏။
မင်္ဂလာအခါတော်ပေးက ပြုံးလိုက်ပြီး ” သတို့သားကတော့ ကျွန်တော့်ဘေးမှာ ရပ်နေပါပြီ။အခု သတို့သမီးကို စင်မြင့်ပေါကြွဖို့ ဖိတ်ခေါ်ပါတယ်။”
ဧည့်သည်များ၏မျက်လုံးများက လျှောက်လမ်းဘက်သို့ ရောက်သွား၏။
ယနေ့ နေအလွန်သာနေတာကြောင့် ရွှေအိုရောင်နေခြည်တန်းများက ချောင်ဟွေ့ကိုယ်ပေါ်သို့ အနည်းငယ်ဖြာကျနေ၏။သူ(မ)၏လှပသောမျက်နှာကို ပို၍မိန်းမဆန်စေအောင် အလင်းထိုးပေးထားသလိုပင်။
မစ္စတာချောင်၏လက်ကိုတွဲရင်း အဖြူရောင်မင်္ဂလာဝတ်စုံနှင့်ချောင်ဟွေ့က
ရှုရီယန်ဆီသို့ တစ်လှမ်းချင်းလျှောက်လာ၏။
မစ္စတာချောင်ကလည်း ကိုယ်ကိုမတ်မတ်ရပ်၍ အောင်မြင်ပျော်ရွှင်သောမျက်နှာဖြင့် လျှောက်လှမ်းနေသည်။
“သတို့သမီးကို သတို့သားဆီအပ်နှင်းပေးဖို့ မစ္စတာချောင်ကို တောင်းဆိုပါတယ်။”
ဧည့်သည်များစွာ၏ရှေ့တွင် မစ္စတာချောင်က ထိရှဖွယ်စကားတချို့ကို ဆိုလိုက်၏။ “အခုချိန်ကစပြီး ဂျိုဂျို့ကို သားလက်ထဲအပ်လိုက်ပြီ။”
အစကတော့ သူ ဘာမှမခံစားရလောက်ဟု မစ္စတာချောင်ထင်မှတ်ခဲ့သည်။သူတို့သားအဖက သိပ်မရင်းနှီးကြပါ။ သို့သော် သူ့သမီးကို အခြားသူတစ်ယောက်လက်ထဲအပ်ရတော့မည့်အချိန်တွင်တော့ သူ့ရင်ထဲခံစားသွားရ၏။
ချောင်ဟွေ့ငယ်ငယ်တုန်းက သူ ပွေ့ချီထိန်းကျောင်းခဲ့ရသည်။
သို့သော် နောက်ပိုင်း သူတို့သားအဖနှစ်ဦးကြား ရင်းနှီးမှုတဖြည်းဖြည်းနည်းပါးလာ၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူ(မ)က အရွယ်ရောက်ကြီးပြင်းလာခဲ့ပြီး ယနေ့ လက်ထပ်တော့မည်ဖြစ်သည်။
ပုံမှန်အားဖြင့် ဒီလိုအချိန်မျိုးတွင် ဖခင်များက ငိုလေ့ရှိသည်။
မစ္စတာချောင်ကတော့ မျက်ရည်မကျနိုင်ပါ။သူ၏ဖခင်မေတ္တာကို စကားလုံးများအဖြစ်ပြောင်းလဲလိုက်ပြီး
” သူ(မ)ကိုကောင်းကောင်းဆက်ဆံပေးပါ။”
” ဟုတ်ကဲ့ပါ။”
ရှုရီယန်က ချောင်ဟွေ့ဖခင်၏လက်ထဲမှ ချောင်ဟွေ့ကို လက်ခံရယူလိုက်သည်။
”ကောင်းပါပြီ။သတို့သားနဲ့သတို့သမီးတို့ အပြန်အလှန်လက်စွပ်လဲလှယ်ကြပါ။”
သူတို့၏ဘယ်ဘက်လက်သူကြွယ်တွင် ဝတ်ဆင်ထားသောလက်စွပ်များကို အပြန်အလှန်လဲလှယ်လိုက်ကြ၏။
လက်သူကြွယ်သည် နှလုံးသားနှင့်ဆက်သွယ်ထားသော လက်ချောင်းဖြစ်သည်။
သူတို့၏နှလုံးသားများကို အပြန်အလှန်ဆက်သွယ်လိုက်ကြခြင်းဖြစ်၏။
မင်္ဂလာအခါတော်ပေးက ပြုံးရွှင်စွာဖြင့်
“လက်စွပ်လဲလှယ်ပြီးပြီဆိုတော့ နောက်တစ်ဆင့်အနေနဲ့ သတို့သားက သတို့သမီးကို နမ်းရပါမယ်။”
လေပြည်လေညင်းများ တိုက်ခတ်လာ၏။
အချိန်များပင် နှေးသွားသယောင်။
နွေးထွေးသောအနမ်းတစ်ခု သူ(မ)နှုတ်ခမ်းပေါ် ကျရောက်လာ၏။
ချောင်ဟွေ့ မျက်လုံးတွေကို အလိုလိုမှိတ်သွားသည်။
ထိုအလှပဆုံးအချိန်ကို ကင်မရာများစွာက မှတ်တမ်းတင်ထားလေသည်။
…
ထိုနေ့၏ hot search က # ရှုရီယန်နဲ့ချောင်ဟွေ့ မင်္ဂလာဆောင် # ဖြစ်သည်။
နမ်းနေသောအခန်းကို gif ပုံလုပ်ထားကြ၏။
ကောင်းကင်ပြာနှင့်မိုးသားများအောက်က အလှဆုံးမြင်ကွင်းပင်။ထိုအချိန်က ချောင်ဟွေ့၏အပြုံးအလှကို ဘယ်အရာမျှယှဉ်နိုင်မည်မထင်။
သူ(မ) ပျော်နေ၏။
ဟန်ဆောင်ပျော်ခြင်းလည်းမဟုတ်ပါ။
စစ်မှန်သောပျော်ရွှင်မှု၏ အပြုံးတစ်ခုသာဖြစ်၏။
ပရိသတ်များလည်း ထို romantic ဆန်လှသောမြင်ကွင်းကို အားကျကြသည်။
[အမေရေ။ သမီးလည်း မင်္ဂလာဆောင်ချင်တယ်။】
[အစကတော့ မင်္ဂလာဆောင်ရမှာကြောက်တယ်။ ဒါပေမဲ့ သူတို့အတွဲကိုကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် လုပ်နိုင်တယ်ထင်လာတယ်။ ငါလည်း မင်္ဂလာဆောင်ချင်တယ်။ 】
[ဆက်ပြီးချစ်ခင်ကြပါ။ မရပ်တန့်ပါနဲ့။ အမြဲတန်းချစ်နေပေးပါ!】
[” ကျောင်းအတူသွားကြစို့” နဲ့စတယ်။ နောက်ပြီး ” ပျောက်ဆုံးခြင်း” နဲ့ ” မင်းနဲ့အတူကမ္ဘာပတ်ချင်တယ်”။ နောက်တော့ တရားဝင်ကြေညာပြီး wedding photo တွေရိုက်ကြတယ်။ အခုတော့ တကယ့် romantic ဆန်တဲ့ မင်္ဂလာဆောင်။ နောက်လာမှာက ” Dabi ဘယ်သွားမှာလဲ” variety show လား။ 】
[ဟားဟားဟား။ အစ်ကိုရေ အမှန်အတိုင်းပြောရရင်တော့ ချောင်ဟွေ့ဗိုက်ကိုပဲ ကြည့်ကြည့်နေတာ။】
[ချောင်ဟွေ့ခန္ဓာကိုယ်က ကြည့်ကောင်းပါတယ်။ငါတို့ဖြစ်စေချင်သလို ဆွဲမတွေးကြနဲ့။ 】
[ဒီကောလဟာလက သက်သေမရှိဘူး။ ချောင်ဟွေ့ဗိုက်မှာ အဆီတောင်မရှိဘူး။ 】
[ ငါလည်း စဉ်းစားနေတာ။ ရှုရီယန်ဘယ်တော့ ” Dabi ဘယ်သွားမှာလဲ” မှာပေါ်လာမလဲ စောင့်ကြည့်ရမယ်။】
[လောင်းချင်ကြလား။ငါကတော့ မကြာတော့ဘူးလို့ လောင်းရဲတယ်။】
[ငါလည်း မြန်မယ်လို့ ထင်တယ်။ 】
[အေးဆေးထိုင်ပြီး သူတို့ကြေညာတဲ့သတင်းကောင်းကို စောင့်ကြတာပေါ့။】
…
လိုင်းပေါ်မှ comment များကို သူတို့နှစ်ယောက်စလုံးမြင်၏။
ရှုရီယန်က ဖုန်းကိုချလိုက်ပြီး ချောင်ဟွေ့ကို ပြုံးကာကြည့်လိုက်သည်။သူကအနည်းငယ်စိုက်ကြည့်လိုက်ပြီး
“ပရိသတ်တွေကတော့ ရှုရီယန်အသေးစားလေး (ရှောင်ရှောင်ရှု) လာမှာကို မျှော်နေကြပြီ။”
ရှောင်ရှုဟုခေါ်လျှင် ရောသွားမည်စိုး၍ ရှုရီယန်က ရှောင်ရှောင်ရှုဟု သုံးနှုံးလိုက်ခြင်းဖြစ်သည်။ရှောင်ရှုဆိုသည်မှာ ရှုရီယန်၏ ညီအစ်ကိုတော်သူတစ်ဦး၏အမည်ဖြစ်သည်။
ထို့ကြောင့် ရှုရီယန်က ရှောင်ရှောင်ရှုဟုခေါ်ခြင်းဖြစ်သည်။
သူ့ဆိုလိုရင်းက ရှင်းလင်း၏။ ” ကိုယ်ကြိုးစားရမယ် မစ္စရှု။ဒါမှ ပရိသတ်တွေရဲ့မျှော်လင့်ချက် မပျက်မှာ။”
ချောင်ဟွေ့က ရယ်လိုက်၏။
ထိုအရာက ရှုရီယန်၏အတွေးများသာဖြစ်သည်။သို့သော် သူက ပရိသတ်များကို လွှဲချနေ၏။
စိတ်လှုပ်ရှားမှုများက မီးတောက်တစ်ခုလို တောက်လောင်လာသည်။
စက္ကန့်အနည်းငယ်အကြာတွင် တပ်မက်သောအနမ်းများအဖြစ် ပြောင်းလဲသွား၏။
ဒီညက ရမ္မက်များလောင်ကျွမ်းနေမည့်ညပင်။
…
ထိုနှစ်ဇွန်လထဲတွင် ပေချန်းရုပ်ရှင်ကျောင်းမှ ချောင်ဟွေ့ဘွဲ့ရသွား၏။
သူ(မ)က အခုတော့ ပေချန်းရုပ်ရှင်ကျောင်းမှ ငယ်ရွယ်သောကျောင်းသားများအတွက် ဒဏ္ဍာရီတစ်ခုလိုပင်ဖြစ်နေပေပြီ။
သူ(မ)က ဘွဲ့မရခင် နာမည်ကြီးသွားခဲ့ခြင်းဖြစ်သည်။ပြီးခဲ့သောလကမင်္ဂလာဆောင်ကလည်း သူ(မ)ကို ပို၍နာမည်ကြီးသွားစေ၏။
သူ(မ)သည် ဘဝမှာ အောင်မြင်သူတစ်ယောက်ဟုဆိုလျှင် ချဲ့ကားပြောနေခြင်းတော့မဟုတ်ပါ။
*****
Aurora Novel Translation Team