Chapter 66

ဘွဲ့မယူခင် ရက်အနည်းငယ်တွင်တော့ ပေချန်းရုပ်ရှင်ကျောင်းဂရုထဲတွင် ဆွေးနွေးမှုများ ဆက်တိုက်ဖြစ်နေ၏။
[အစက တချို့ဆရာကြီးတွေ ခန့်မှန်းနေကြတာ ချောင်ဟွေ့က အောင်မြင်မှုလမ်းကြောင်းပေါ်တက်သွားပြီတဲ့။ ဆရာကြီးတွေက ဆရာကြီးတွေပါပဲ။ သူတို့မှန်ကြပါတယ်။ အဲ့ဒီလိုခန့်မှန်းခဲ့တာတောင် ဘယ်လောက်ကြာပြီလဲ။ အခု
ချောင်ဟွေ့ အခြေအနေက လက်တွေ့ပဲလေ။】
[မနာလိုဖြစ်တယ်ပြောရုံကလွဲပြီးဘာပြောနိုင်မှာလဲ။】
[သူ(မ)သူငယ်ချင်း ကျန့်ကျားကျားတောင် နံပါတ် ၄ အရန်နေရာလောက်ပါနေရပြီ။ ချက်ချင်း နံပါတ် ၄ နေရာနော်။ နံပါတ် ၄! 】
[တစ်ခါတလေကျတော့ အဆက်အသွယ်ကောင်းဖို့နဲ့ အခွင့်အရေးရဖို့က တကယ်အရေးကြီးတယ်။ 】
[ငါနဲ့ခင်ပေးပါချောင်ဟွေ့ရေ။ ငါက ယောင်္ကျားလေးဆိုပေမဲ့ နင်နဲ့သူငယ်ချင်းလုပ်လို့ရပါတယ်။】
[လုထင်းကတော့ ဘာမှမလုပ်ရဲတော့ဘူး။】
[ငါအရင်က ချောင်ဟွေ့ကိုမနာလိုဖြစ်တယ်။ အခု ကျန့်ကျားကျားကိုပါ မနာလိုဖြစ်နေပြီ။】
[လုထင်းနဲ့ကျန့်ကျားကျားတောင် မိုးနဲ့မြေအနေအထားပဲ။】
နောက်ပိုင်း လုထင်းတစ်ယောက် သရုပ်ဆောင်နေရာတစ်နေရာမှမရပါ။ အနုပညာလောကထဲကလူတိုင်းလည်း လုထင်းက ရှုရီယန်နှင့်ထန်မော်တို့ရဲ့ black list ဆိုတာကိုသိကြ၏။
အခုထိ ထို black list မှ ပယ်ဖျက်မခံရသေးပေ။တစ်သက်လုံးပယ်ဖျက်မခံရတာလည်းဖြစ်နိုင်၏။
မစ္စတာချောင်ကလည်း သူ(မ)ကို စွန့်ပစ်လိုက်သည်။
မစ္စတာချောင်တွင် တရားမဝင်သားသမီး၊ မိန်းမများစွာရှိ၏။ချောင်ဟွေ့နာမည်ရလာတော့ သူလည်း မျက်နှာပိုပွင့်လန်းလာ၏။ လက်တွေ့ကျသော၊ ရက်စက်တတ်သောမစ္စတာချောင်က လုထင်းကို ချက်ချင်းမေ့လျော့သွားပြီဖြစ်သည်။
လုထင်းမှာ အလုပ်လည်းမရှိပါ။ထို့ကြောင့် စိတ်ညစ်ပြီး ညဘက်တွေမှာအိပ်၍ပင်မပျော်နိုင်။
ညဘက်မအိပ်ဖြစ်တိုင်း ဂရုထဲမှာပြောနေတာတွေကို သူ(မ) တိတ်တိတ်လေး လာဖတ်တတ်၏။
အလင်းရောင်မမြင်ရဘဲ အမှောင်ထဲတွင်ပုန်းနေရသော လူရွှင်တော်တစ်ယောက်ကဲ့သို့ပင် ဂရုထဲတွင်လည်း သူ(မ) ပေါ်ပေါ်တင်တင် စကား၀င်မပြောရဲပါ။ထို့ကြောင့် ချောင်ဟွေ့၏သတင်းများကို တိတ်တိတ်လေးလိုက်ကြည့်နေရခြင်းဖြစ်သည်။
မကြာသေးခင်က ဂရုထဲတွင် ချောင်ဟွေ့အကြောင်းများ ဆွေးနွေးနေကြ၏။
ထို့ကြောင့် ချောင်ဟွေ့၏သတင်းများကို လုထင်း အများကြီးရှာစရာမလိုပါ။
ခုနကဆွေးနွေးနေကြတာတွေကိုကြည့်ပြီး ပထမဆုံးအကြိမ်အဖြစ် လုထင်း နောင်တရသွား၏။
ချောင်ဟွေ့က သဘောထားမဆိုးပါ။ မဟုတ်ပါက သူ(မ)အခုလောက်အောင်မြင်လာမည်မဟုတ်။ ချောင်ဟွေ့က သူ(မ)ကိုယ်သူ(မ)လည်း မကျေနပ်မဖြစ်တတ်။
သို့သော် လုထင်းကတော့ ချောင်ဟွေ့က သူ(မ)ထက်အေးချမ်းသည်ဟု မမြင်ခဲ့ဖူးပါ။ ထို့ကြောင့် အမြဲလိုလို ချောင်ဟွေ့ကို ကဲ့ရဲ့ခဲ့၏။
အကယ်၍ သူ(မ)သာ ချောင်ဟွေ့နှင့်သူငယ်ချင်းဖြစ်နေခဲ့လျှင် အခုလိုအခြေအနေရောက်နေလိမ့်မည်မဟုတ်။
အခုဆို ကျန့်ကျားကျားလို ချောင်ဟွေ့ချပေးသောလမ်းကြောင်းအတိုင်း လိုက်သွားရုံပင်။
သို့သော် ထိုအကယ်၍က မဖြစ်နိုင်တော့ပါ။
လုထင်း၏မျက်လုံးထောင့်မှ နောင်တမျက်ရည်စက်တွေ ကျဆင်းလာတော့၏။
…
လုထင်းနောင်တရနေစဉ်မှာ ချောင်ဟွေ့ကတော့ အလုပ်အရမ်းကြိုးစားနေရ၏။
သရုပ်ဆောင်တစ်ယောက်ဆိုသည်မှာ နှစ်ပေါင်းများစွာ ကျားကုတ်ကျားခဲကြိုးစားရသည်။နောက်မှသာ အောင်မြင်မှုအသီးအပွင့်များကို ခံစားရခြင်းဖြစ်သည်။
တစ်နှစ်ပင်ကျော်တော့မည်။ဒီနှစ်အတွက် ရုပ်ရှင်ဆုပေးပွဲလည်း နီးလာပြီဖြစ်သည်။
ဒီနှစ်နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ၃၆ ကြိမ်မြောက် ရွှေကြက်ဖအကယ်ဒမီဆုပေးပွဲ ကျင်းပမည်ဖြစ်သည်။
ရွှေကြက်ဖအကယ်ဒမီဆုပေးပွဲမကျင်းပခင်ကတည်းပင် weibo တွင် ပွဲဆူနေကြပြီဖြစ်သည်။
[ငါ့ရဲ့ကျန်းဆုလီ ကော်ဇောနီအခမ်းအနားတက်လာတာကို ကြည့်ရတော့မယ်။ 】
[စုစု! ချစ်တယ်နော်။ 】
[အားးးး အစ်ကိုက ဒီနှစ် နှစ်ဆပျော်ရမှာ။ အချစ်အတွက်ရော၊ အလုပ်အတွက်ရော။】
[ဟားဟားဟား။ ဒီနှစ် အစ်ကိုမျှော်လင့်နေတဲ့သတင်းကောင်းဆိုတာက သူ့အလုပ်နဲ့မဆိုင်ဘူးထင်တယ်နော်။ 】
[Sis တို့ရေ။ ဘယ်သတင်းကောင်းမျိုးပဲဖြစ်ဖြစ်ပေါ့။ လူတိုင်းသိပါတယ်။ ဟားဟားဟား။ 】
[ချောင်ဟွေ့အတွက်တော့ ကောဇောနီအခမ်းအနားက ပထမဦးဆုံးပဲ။ အားလုံးစောင့်ကြည့်ကြ။ 】
[သူ(မ)ရဲ့ပထမဆုံး ကော်ဇောနီအခမ်းအနားကို မျှော်နေမယ်။】
[ချောင်ဟွေ့က ကော်ဇောနီပေါ်မှာ အစ်ကိုနဲ့အတူလျှောက်လာမှာမလား။】
[ရှုပ်ရှုပ်ရှက်ရှက်တွေတော့ တွေ့ရဦးမှာပဲ။】
…
ရက်အနည်းငယ်အတွင်းပင် ၃၆ ကြိမ်မြောက် ရွှေကြက်ဖဆုပေးပွဲ
ကျရောက်လာတော့၏။
ချောင်ဟွေ့ကတော့ သူ(မ)၏သီးသန့်ခန်းထဲတွင် နေ့ခင်းပိုင်းကတည်းက မိတ်ကပ်ပြင်ပြီးပြီဖြစ်သည်။
မိတ်ကပ်သမားက သူ(မ)၏ လှပထင်ရှားသောမျက်နှာကို ကျေနပ်စွာကြည့်နေ၏။
ပြီးခဲ့သောနှစ်ကမှ variety show တွင်ပါဝင်ရသောချောင်ဟွေ့က အနည်းငယ် ငယ်နေသေး၏။ထိုသို့သောလူအများစုက ကင်မရာရှေ့မှာ ကျင့်သားမရဖြစ်နေတတ်သည်။ သို့သော် ချောင်ဟွေ့ကတော့ ထိုသို့မဟုတ်ပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိပုံရ၏။
သူ(မ)က သဘာဝအတိုင်း ကိုယ်ရောင်ကိုယ်ဝါထွက်နေသူတစ်ဦးပင်။
မိတ်ကပ်သမားက လက်စသပ်လိုက်ပြီး
“ပြီးပြီ။ ကိုယ့်ဘာသာကိုယ်ပြန်ကြည့်လိုက်ပါဦး။ ကျေနပ်ရဲ့လားလို့။”
ချောင်ဟွေ့ သူ(မ)မျက်နှာကို မှန်ထဲပြန်ကြည့်လိုက်၏။
သူ(မ)ဆံပင်များကို အနက်ရောင်လှိုင်းများသဖွယ် ပခုံးပေါ်ချထားသည်။ ငွေရောင် tube top ပုံစံဝတ်စုံကို ဝတ်ဆင်ထား၏။ လည်ပင်းတွင် သူ(မ)အား စပွန်ဆာပေးထားသောဘယက်ကို ဝတ်ဆင်ထားသည်။ထို့ပြင် စပွန်ဆာရထားသည့်ကြိုးဆွဲပုံစံနားတောင်းရှည်ကြီးတစ်ခုလည်း ဝတ်ဆင်ထား၏။
သူ(မ)က ကျေနပ်စွာပြုံးလိုက်ပြီး
“အရမ်းလှတယ်။ ကျေးဇူးပါ။”
ထိုအချိန်တွင် အစ်မကျန်းဝင်လာပြီး
“ချောင်ဟွေ့အမျိုးသား တံခါးဝမှာစောင့်နေပြီ။ ထွက်လို့ရပြီ။”
ချောင်ဟွေ့ မတ်တတ်ရပ်လိုက်ချိန်တွင် အရှေ့ကို နည်းနည်းယိုင်သွား၏။ စကပ်က အနည်းငယ်ရှည်နေသည်။ဤ၀တ်စုံက ကော်ဇောနီပေါ်တွင်လိုက်ဖက်အောင် တမင် အခုလိုပုံစံချုပ်ထားခြင်းဖြစ်သည်။ မိတ်ကပ်သမားက ချက်ချင်းထိန်းပေးလိုက်၏။
“သတိထား ညီမ။”
…
ယနေ့ ” ပျောက်ဆုံးခြင်း” အဖွဲ့သားများအားလုံး ကော်ဇောနီပေါ် အတူလျှောက်ကြမည်ဖြစ်သည်။ ထို့ကြောင့် သတင်းထောက်များက သူတို့အလာကို အပေါက်ဝတွင် ကြိုစောင့်နေကြ၏။
နာမည်ကြီးသူ၊ နာမည်မရှိသူ ရုပ်ရှင်လောကသားများက နေရာအနှံ့ပင်။ထိုအထဲတွင် သတင်းထောက်များက ” ပျောက်ဆုံးခြင်း” ၏ ခေါင်းဆောင်မင်းသားနှင့်တတိယမင်းသမီးတို့ကို လည်တစ်ဆန့်ဆန့်နှင့် မျှော်နေကြ၏။
သတင်းထောက်တွေက ခေါင်းဆောင်မင်းသမီးကျန်းဆုလီကိုမမျှော်ဘဲ တတိယမင်းသမီးကိုမျှော်တယ်တဲ့။
ဟုတ်ပါသည်။ထိုတတိယမင်းသမီးက ပိုလှလာပြီး ပိုနာမည်ကြီးလာသောကြောင့်ဖြစ်သည်။
” လာကြ။ ကားတစ်စီးလာနေပြီ။”
မည်သူစအော်လိုက်သည်မသိ သတင်းထောက်များ စုပြုံသွားကြ၏။
အနက်ရောင်ကားတစ်စီးက ဝင်ပေါက်နားတွင် ဖြည်းညင်းစွာထိုးဆိုက်လိုက်သည်။ ထို့နောက် ကားထဲမှ အနက်ရောင်သားရေဖိနပ်တစ်ဖက်ထွက်လာ၏။
” မင်းသားရှုလား။”
အားလုံးငေးကြည့်နေစဉ်မှာပင် ကားထဲမှလူက တစ်ကိုယ်လုံးထွက်လာသည်။
ရှုရီယန်မဟုတ်ပါ။
လူငယ်မင်းသား ရှရန်ဖြစ်သည်။
သူက ဘတ်ဂျက်ရုပ်ရှင်ကားတစ်ကားတွင် တတိယမင်းသားအနေနှင့် ပါဝင်ခဲ့သည်။ထို့ကြောင့် ဒီပွဲကို သူတက်လာခြင်းဖြစ်သည်။
ရုပ်ရှင်လောကထဲလျှောက်လှမ်းရသည်မှာ စိတ်ကူးထားတာထက် အများကြီးပိုခက်ခဲ၏။ idol drama ရိုက်တုန်းက ဒါရိုက်တာက သူ့ကိုသဘောကျခဲ့သည်။ ထို့ကြောင့် အခြား TV series များတွင်လည်း သူ ဆက်တိုက်ပါဝင်ရ၏။ သို့သော် ထို TV series များရော သူပါ နာမည်ကြီးမသွားခဲ့ပေ။
သူ့အခြေအနေက လုထင်းထက်တော့ ကောင်းပါ၏။ အနည်းဆုံးတော့ လမ်းကြောင်းပေါ်မှာရှိနေသေးသည်။
သို့သော် အောင်မြင်မှုအတိုင်းအတာကတော့ သူမျှော်လင့်ထားသည်ထက် အများကြီးနိမ့်ကျနေ၏။
တစ်ချိန်က သူ့မျက်နှာအားကိုးနှင့် နာမည်နည်းနည်းတော့ရလာမည်ဟု ထင်ထားခဲ့၏။ သို့သော် ရုပ်ရှင်လောကတွင် ရုပ်ချောကြည့်ကောင်းသူများလှသည်။ China opera နှင့် ပေရင်ကျောင်းမှလည်း လူသစ်များနှစ်စဥ်ထွက်ပေါ်နေ၏။
အဆက်အသွယ်ကောင်းသော ကြည့်ကောင်းသော ယောင်္ကျားလေး၊မိန်းကလေး မြောက်မြားစွာရှိနေသည်။
ပိုပြီးအရေးကြီးသည့်တစ်ချက်က ရုပ်ရည်က နာမည်ကြီးခြင်းနှင့် တိုက်ရိုက်အချိုးမကျပါ။ ရုပ်ချောလေ ပရိသတ်ကြိုက်လေ သဘောမျိုးမဟုတ်။ တစ်ခါတလေ ပြောင်းပြန်တောင်ဖြစ်နေသေး၏။
မင်းသားတစ်ယောက်အနေနှင့် စမ်းက အလွန်အရေးကြီးသည်။
ရှရန်၏ပရိသတ်က ပုံမှန်သာဖြစ်၏။
ရှရန်ထွက်လာပြီး ဒုတိယမင်းသားနှင့် ခေါင်းဆောင်မင်းသားပါ လိုက်ထွက်လာသည်။
သူတို့ရိုက်သည့်ရုပ်ရှင်ကားက သူငယ်ချင်းသုံးယောက်၏ခင်မင်မှုကိုဇာတ်အိမ်တည်ကာ ရိုက်ထားသောဇာတ်လမ်းဖြစ်သည်။ဇာတ်လမ်းအလှည့်အပြောင်းများကောင်းသည့်အတွက် ထိုကားက အနည်းငယ်နာမည်ရခဲ့သည်။
ပထမမင်းသားက အရင်ဆုံးဝင်လာ၏။ သူ့နောက်မှ ဒုတိယနှင့်တတိယ မင်းသားက လိုက်ရသည်။
ကော်ဇောနီပေါ်၌မိတ်ဆက်သောအခါတွင် presenter က ခေါင်းဆောင်မင်းသားအကြောင်း အဓိကထားပြော၏။ ရှရန်အကြောင်းကိုတော့ နာမည်သိပ်မရှိသည့်အတွက် တစ်ချိန်လုံးတွင် တစ်ခွန်းနှစ်ခွန်းလောက်သာထည့်ပြောသည်။
ထိုသို့မိတ်ဆက်ပြီးမှ ကိုယ့်နေရာကိုယ်ထိုင်ရန် ဝင်လာကြ၏။
ထိုအချိန်တွင် ပထမမင်းသားက လှမ်းပြောလိုက်သည်။
” ငါ hot search ဘုရင်မ ကိုတစ်ချက်သွားတွေ့လိုက်ဦးမယ်။”
Hot search ဘုရင်မ။
ရှရန်က မေးခွန်းထုတ်သောအကြည့်များနှင့် ခေါင်းဆောင်မင်းသားအားကြည့်လိုက်၏။
ခေါင်းဆောင်မင်းသားက သူ့ကို အံ့ဩသောအကြည့်များဖြင့် ပြန်ကြည့်လိုက်ပြီး
” မသိဘူးလား။”
ခေါင်းဆောင်မင်းသားက ဆက်ရှင်းပြလိုက်သည်။
” ချောင်ဟွေ့လေ။ သူ(မ)က ဒီနှစ်ထဲအရမ်းပေါက်သွားတာ။ hot search မှာဆို သူ(မ)နာမည်ချည်းပဲ။”
ရှရန်က မျက်လွှာအနည်းငယ်ချလိုက်ပြီး
” ဪ။”
ခေါင်းဆောင်မင်းသားက အားမရသေးဘဲ ထပ်ပြောလိုက်သည်။
” ကျန့်ကျားကျားကိုသိတယ်မလား။ သူ(မ)က ချောင်ဟွေ့ သူငယ်ချင်းဆိုတော့ အခွင့်အရေးတွေအများကြီးရနေတာ။ ပြောနေကြတာ သူ(မ)လည်း ရှေးခေတ်
ဒရာမာကားတစ်ကားမှာ တတိယမင်းသမီးနေရာကိုရမယ်ကြားတယ်။ အစက သူ(မ)ကိုဘယ်သူသိလို့လဲ။အခုဆို အနားတောင်ကပ်ဖို့မလွယ်တော့ဘူး။”
“ဟားဟားဟား။ အစက ချောင်ဟွေ့က ရှုရီယန်ကျေးဇူးကြောင့် ကံကောင်းပြီးအောင်မြင်တာလို့ လူတိုင်းထင်ထားကြတာ။ အခုတော့။”
” hot search ဘုရင်မက တကယ်စမ်းရှိတာ။ကံမကောင်းတာက ငါက သူ(မ)နဲ့ မခင်တာပဲ။”
နောက်ဆုံးစကားကိုကြားပြီးနောက် ရှရန်ခေါင်းငုံ့သွားပြီး ဘာမှပြန်မပြောတော့ပေ။
တစ်ချိန်တုန်းက သူ(မ)ကိုရဖို့ သူတစ်နှစ်လိုက်ခဲ့ဖူးသည်။ သို့သော် ကံမကောင်းစွာပင် သူ(မ)ကိုထပ်ဆုံးရှုံးခဲ့ရသည်။
ရှရန် နောင်တရနေလား။
နောင်တရခြင်းဆိုသည်မှာ လောကတွင် အသုံးမကျဆုံးအရာဖြစ်သည်။ ထို့ကြောင့် ရှရန်နောင်တမရပါ။
သူ့နှလုံးသားတစ်နေရာမှာ ဝမ်းနည်းမှုများဖြစ်ပေါ်သွားခြင်းသာဖြစ်၏။
အခုက သူရွေးချယ်ခဲ့သောလမ်းဖြစ်သည်။ထို့ကြောင့် ဘယ်လောက်ခက်ခဲခက်ခဲ သူ ဒူးထောက်နေရလျှင်တောင်မှ ပြီးဆုံးအောင်ဆက်လျှောက်ရမည်ဖြစ်သည်။
…
ထိုအချိန်တွင် ” ပျောက်ဆုံးခြင်း” ရုပ်ရှင်အဖွဲ့သားများ ရောက်လာတော့မည်ဖြစ်သည်။
ပုံမှန်အားဖြင့် နာမည်အကြီးဆုံးတွေက နောက်ဆုံးမှရောက်လာတတ်၏။
ထို့ကြောင့် ” ပျောက်ဆုံးခြင်း” ၏ အဓိကဇာတ်ကောင်များ ရောက်ရှိလာတော့မည်ဖြစ်သည်။
သတင်းထောက်များကလည်း စိတ်အားထက်သန်သောမျက်နှာများဖြင့် စောင့်ဆိုင်းနေကြသည်။
Live room ထဲတွင်လည်း ဆူညံနေ၏။
[ဂျိုဂျို လာတော့မှာလား။ 】
[ဒီ live room တစ်ခုလုံးက ချောင်ဟွေ့ fan တွေချည်းပဲလားဟ။ 】
[ ငါက ချောင်ဟွေ့ fan အစစ်။ အဲ့ဒါကြောင့် သူ(မ) ဒီနှစ်ထဲ ယောင်္ကျားယူသွားတာ။ 】
[ဟားဟားဟား။ မင်းသားကြီးရှု မင်းကို စိုက်ကြည့်နေလောက်ပြီ။သတိထား။ 】
[ရှုမျိုးနွယ်က အသက်အရမ်းကြီးနေပြီ။ ငါတို့ဂျိုဂျိုနဲ့ မတန်ဘူး။ 】
[မလုပ်နဲ့။ ရှုမျိုးနွယ်က တကယ်အိုနေလို့ သူ ကလေးအဖေ ဖြစ်ချင်နေပါတယ်ဆိုပြီးပြောဖူးတယ်။ ဂျိုဂျိုက သူ(မ)အလုပ်အပေါ်ပဲ အာရုံစိုက်ချင်သေးတယ်ဆိုလို့ သူက ချောင်ဟွေ့ဆန္ဒကို အလေးထားပြီး အမြဲအားပေးတယ်လေ။ 】
[ရှုမျိုးနွယ်က ဂျိုဂျိုကြိုက်တဲ့လူပါ။ ဂျိုဂျို့ကိုသဘောကျရင် သူ(မ)ရွေးချယ်မှုကိုလည်း လေးစားရမယ်လေ။】
ချောင်ဟွေ့ fan များ သိကြသော်လည်း သေချာမပြောသောကိစ္စတစ်ခုရှိ၏။
ရှုရီယန်နှင့်ချောင်ဟွေ့ယူစဉ်တုန်းက ရှုရီယန်က နာမည်ကြီးနေပြီဖြစ်ပြီး
ချောင်ဟွေ့ကတော့ ဘယ်သူမှမသိသေးသော လူသစ်တစ်ယောက်ဖြစ်သည်။ ထိုအချိန်က ရုပ်ရှင်လောကတွင် ရှုရီယန်နှင့်ချောင်ဟွေ့၏အဆင့်က ယှဉ်၍မရပါ။
ထိုအချိန်တုန်းက ချောင်ဟွေ့ fan များက ရှုရီယန်ကို မတိုက်ခိုက်ခဲ့။
အခု ရှုရီယန်ကို ရှုမျိုးနွယ်ဟုခေါ်နေကြသူများက မူရင်းချောင်ဟွေ့ fan များမဟုတ်ကြပေ။
လူတွေအားလုံးစောင့်မျှော်နေကြချိန်တွင် ” ပျောက်ဆုံးခြင်း” ရုပ်ရှင်အဖွဲ့သားများအားတင်ဆောင်လာသောကားက ဆိုက်ရောက်လာတော့၏။
ပရိသတ်များကြား အော်ဟစ်သံများထွက်ပေါ်လာသည်။
အော်သံများကိုထောက်ရှုခြင်းစဖြင့် ချောင်ဟွေ့ပါလာတာဖြစ်ကြောင်းသိရှိနိုင်သည်။
ချောင်ဟွေ့ fan များက လက်ဝှေ့ယမ်းကြိုဆိုနေကြ၏။
ချောင်ဟွေ့ fan များ၏အကြည့်များကြားထဲမှ ဒရိုင်ဘာက ကားပေါ်မှဆင်းလာပြီး နောက်ခန်းတံခါးကို ကူဖွင့်ပေးလိုက်သည်။
ပထမဆုံးထွက်လာတာက ” ပျောက်ဆုံးခြင်း” ၏ဒါရိုက်တာ ထန်မော်ဖြစ်သည်။
အမိုးပွင့်မတတ်အော်သံများ အဘက်ဘက်ရှိကင်မရာများမှ flash light များကြောင့် သူ မျက်မှောင်အနည်းငယ်ကုတ်လိုက်၏။
ထန်မော်အပြီး ဆင်းလာသူနောက်တစ်ဦးက suit အပြည့်ဝတ်ဆင်ထားသော ရှုရီယန်ဖြစ်သည်။ သူက ဆက်မသွားသေးဘဲ ပြုံး၍ ကားအတွင်းသို့ လက်ကိုဆန့်တန်းပေးလိုက်၏။
မရေမတွက်နိုင်သောကင်မရာရိုက်ချက်များကြားမှ ချောင်ဟွေ့၏ပုံရိပ်လေးထွက်ပေါ်လာသည်။
အော်သံများလည်း အဆမတန်ညံသွားတော့၏။
*****
Aurora Novel Translation Team