Chapter 67

ရှုရီယန်ကိုင်ထားသောလက်က ဖြူဖွေးနူးညံ့၏။ လက်ကိုယ်တိုင်ကပင် အလွန်လှနေပြီဖြစ်သည်။ သို့သော် အလှဆုံးကတော့ လက်ပိုင်ရှင်ဖြစ်သည်။
ရွှေနားတောင်း၏အရောင်က သူ(မ)မျက်လုံးပေါ် ထင်ဟပ်နေ၏။
သူ(မ)၏နှုတ်ခမ်းထောင့်များက တဖြည်းဖြည်းကွေးတက်သွားကာ ပြုံးလိုက်ပြီး ကင်မရာဘက်သို့ လက်ဝှေ့ယမ်းပြလာသည်။
【! 】
[ဂျိုဂျိုက ငါ့ကိုပြုံးပြနေတယ်။ 】
[အိုးအိုး ဒီညဘယ်လိုအိပ်ရမလဲ။】
[သူ(မ)အပြုံးကြောင့် ငါသေသွားပြီ။ 】
အသံများက ဆူညံလွန်းတာကြောင့် သူ့နားစည်များပင် တုန်သွားသည်ဟု
ထန်မော် ခံစားနေရ၏။ သူက ရှုရီယန်နား’နားကပ်၍
” မင်းမိန်းမက မင်းထက်တောင် နာမည်ကြီးနေပြီ။”
ထိုစကားကြောင့် ရှုရီယန်က ပြုံးယောင်သန်းသွားကာ
” ကောင်းတာပေါ့။”
သူ(မ)၏သစ္စာအရှိဆုံးပရိသတ်က သူပင်ဖြစ်လိမ့်မည်။
သူ(မ)အတွက် ဂုဏ်ယူ၏။
သူ(မ)ကိုသဘောကျ၏။
Presenter က ပြုံး၍ပြောလိုက်သည်။
” ကျွန်တော်တို့ဆီကို ဖြည်းဖြည်းချင်းလာနေပါပြီခင်ဗျ… အားလုံးသိကြတဲ့အတိုင်းပါပဲ။ ခင်ဗျားတို့စောင့်နေတဲ့ ” ပျောက်ဆုံးခြင်း” ရဲ့ ရုပ်ရှင်အဖွဲ့သားတွေပါ။ ” ပျောက်ဆုံးခြင်း” ရုပ်ရှင်က ဆန်ခါတင်စာရင်းဝင်နေတဲ့ဆုတွေက အများကြီးပါပဲ။ အကောင်းဆုံးဒါရိုက်တာဆု၊ အကောင်းဆုံး ရုပ်ရှင်ဆု၊ အကောင်းဆုံးမင်းသမီးဆု.. ဒီည ဆုအများဆုံးရမှာ ” ပျောက်ဆုံးခြင်း” များဖြစ်နေမလား မသိပါဘူး။”
နေရာတွင်ထိုင်ရတော့မှ ချောင်ဟွေ့ သက်ပြင်းရှည်တစ်ချက် ချနိုင်တော့၏။
ဝတ်စုံရှည်ကြီးဝတ်၍ ဒေါက်ဖိနပ်စီးပြီးလမ်းလျှောက်ရတာ အလွန်ပင်အဆင်မပြေပါ။
ရှုရီယန်က ရေသန့်တစ်ဗူးကိုဖွင့်ပြီး
” သောက်လိုက်။”
ချောင်ဟွေ့လည်း ရေနှစ်ငုံခန့် သောက်လိုက်၏။
ရွှေကြက်ဖဆုပေးပွဲက အချိန် ငါးနာရီ ခြောက်နာရီခန့်ကြာတတ်၏။ အလယ်မှာ အခြားအစီအစဉ်များကြားဖြတ်တတ်ပြီး လူတွေအမျှော်လင့်ဆုံးဆုကို နောက်ဆုံးမှကြေညာတတ်၏။
ရှုရီယန်က ချောင်ဟွေ့ခေါင်းကို ပုတ်လိုက်ပြီး
” ကြောက်နေပြီလား။”
ချောင်ဟွေ့လည်း သူ(မ)နှုတ်ခမ်းများကို ဖိကိုက်လိုက်ပြီး
” နည်းနည်းလေး။နည်းနည်းလေးပါ။”
ဒီပွဲကို သူ(မ) ပထမဦးဆုံးအကြိမ်တက်ရောက်တာဖြစ်ပြီး အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုထဲလည်း ပါနေသည်မဟုတ်ပါလား။ သူ(မ)ကြောက်မနေဘူးဆိုလျှင် လိမ်လည်ရာကျနေလိမ့်မည်။
သူ(မ)က အသက်ရှူမှန်အောင်ပြင်ဆင်လိုက်ပြီး သူ(မ)ကိုယ်သူမ အားပေးလိုက်၏။ ဒီတစ်ကြိမ် သူ(မ)ဆုမရလျှင်တောင် အတွေ့အကြုံအများကြီးရသည် မဟုတ်ပါလား။
သူ(မ)၏စိတ်ကိုတည်ငြိမ်အောင်ထားနိုင်မှ ဆုရသည့်အခါ၌ တည်တည်ငြိမ်ငြိမ်စင်ပေါ်တက်ပြောနိုင်မည်ဖြစ်သည်။
ရှုရီယန်က သူ(မ)လက်ကိုကိုင်လိုက်တော့ အနည်းငယ်ချွေးစို့နေသည်ကိုတွေ့လိုက်ရ၏။
ဟုတ်ပါသည်။ သူ(မ)ကြောက်နေ၏။
” မစ္စရှု ကိုယ့်ကိုယ်ကိုယ်ယုံကြည်စိတ်ထားထား။ မစ္စရှု တကယ်လုပ်နိုင်ပါတယ်။”
ရှုရီယန်က သူ(မ)ကိုချီးမွန်းရန် ဘယ်တော့မှမတွန့်တိုခဲ့ပါ။
သူ့စကားလုံးများက မှော်ဆန်စွာဖြင့် ချောင်ဟွေ့၏စိတ်ဖိစီးမှုများကို ချက်ချင်းဖြေလျှော့ပေးလိုက်နိုင်သည်။
အချိန်က တဖြည်းဖြည်းကုန်နေ၏။
ပထမဆုံးကြေညာသည့်ဆုက ဒါရိုက်တာဆုဖြစ်သည်။ထန်မော်ရိုက်ကူးသော “ပျောက်ဆုံးခြင်း” က ဆန်ခါတင်စာရင်းထဲဝင်၏။
ဒါရိုက်တာလင်းဖန်၏ “လမ်းခွဲခြင်း” နှင့် ဒါရိုက်တာကြည်ရှောင်းရှောင်း၏
“သစ်ရွက်စိမ်း” တို့လည်း ဆန်ခါတင်စာရင်းထဲပါသည်။
…
အားလုံးပေါင်း ဒါရိုက်တာငါးယောက်၏ပုံများက screen ပေါ်တွင်ပေါ်လာ၏။
” ပျောက်ဆုံးခြင်း” ကို အခြိမ်းခြောက်နိုင်ဆုံးရုပ်ရှင်ကတော့ ” လမ်းခွဲခြင်း” ဟုပြော၍ရ၏။ မြို့ပြယဉ်ကျေးမှုဟာသကားတစ်ကားဖြစ်ပြီး box office တွင်လည်း အလွန်နာမည်ကြီးသည်။ မင်းသားနှင့်မင်းသမီးမှာ အလွန်နာမည်ရနေသော မျိုးဆက်သစ်သရုပ်ဆောင်များဖြစ်သည်။
ထိုအချိန်တွင် live room ထဲတွင်တော့ ဆွေးနွေးမှုများပြင်းထန်နေ၏။
[ရိုးရိုးသားသားပြောရရင် “လမ်းခွဲခြင်း” က တကယ်ကောင်းတာ။ ဒါရိုက်တာ လင်းရဲ့ရုပ်ရှင်အမြင်က တကယ်ကိုထူးခြားတယ်။ ကံမကောင်းတာက တော်ပါတယ်ဆိုတဲ့လင်းဖန်က ပါရမီရှင်ထန်မော်နဲ့ ယှဉ်ရတော့ သူရှုံးမှာ သေချာသွားတယ်။ကြည်ရှောင်းနဲ့ ရှန်းလျန်တို့ဆို မပြောနဲ့တော့။】
[တကယ်တော့ အဖြေက သိပြီးသားကြီးပါ။ 】
[လင်းဖန်က တကယ်တော်တယ်။ ဒါပေမဲ့ ထန်မော်နဲ့ယှဉ်လိုက်တော့ လိုသွားတာ။ 】
[ဒီတစ်နှစ်လုံး ထန်မော်က variety show တွေမှာပဲ ဝင်ပါနေတာ။ သူရုပ်ရှင်ရိုက်မယ်လို့ မပြောထားဘူးလေ။ အဲ့ဒါကြောင့် လင်းဖန်က ဒီနှစ်ကိုရွေးလိုက်တာ! 】
[ရှုရီယန်ကြောင့်ထင်တယ်။】
[အပေါ်လူပြောတာမှန်တယ်။ 】
[ဟုတ်တယ်။ ” ပျောက်ဆုံးခြင်း” ကိုရိုက်မဲ့ဒါရိုက်တာက အစက ထန်မော်မဟုတ်ဘူး။ 】
ဆုပေးမည့်သူများက အသက်ကြီးပိုင်းအနုပညာရှင်များဖြစ်၏။ ဆန်ခါတင်စာရင်းဝင်သောရုပ်ရှင်များကို ပိတ်ကားပေါ်တွင် ပြသမိတ်ဆက်ပြီးနောက် စိတ်လှုပ်ရှားချင်စရာအကောင်းဆုံးအချိန်သို့ ရောက်ရှိလာတော့၏။
ဆုကြေညာပေးမည့်သူက မိုက်ကရိုဖုန်းကိုကိုင်၍ ပရိသတ်ကိုကြည့်လိုက်သည်။ထို့နောက် လျှို့ဝှက်ချက်ကို ဖြည်းဖြည်းချင်းထုတ်ဖော်လိုက်လေသည်။
” အကောင်းဆုံးဒါရိုက်တာဆုကိုရရှိသွားသူကတော့ ” ပျောက်ဆုံးခြင်း” ရဲ့ဒါရိုက်တာ ဒါရိုက်တာထန်ပဲဖြစ်ပါတယ်။အားလုံးပဲ ဒါရိုက်တာထန်ကို လက်ခုပ်တီးဂုဏ်ပြုကြရအောင်။”
【ထင်ထားတဲ့အတိုင်းပဲ။】
[မထင်တောင်မထင်ထားဘူး။】
အဆက်မပြတ်လက်ခုပ်သံများကြားမှ ထန်မော်က စင်ပေါ်တက်လာပြီး ဆုကိုလက်ခံရယူ၏။ သူက သူ့အကျင့်အတိုင်း ခပ်တိုတိုပင်ပြောလိုက်သည်။
“အားလုံးကို ကျေးဇူးတင်ပါတယ်။ဒီဆုကိုရတဲ့အတွက် ဂုဏ်လည်းယူပါတယ်၊ ပျော်လည်းပျော်ပါတယ်။”
[ဘာခံစားမှု အံ့ဩမှုမှမပြတဲ့မျက်နှာနဲ့ ကျွန်တော်ပျော်ပါတယ်၊ ဂုဏ်ယူပါတယ်ပဲပြောသွားတယ် ဟားဟားဟား။ ဒါရိုက်တာထန်ကို ပိုတောင်သဘောကျလာပြီ! 】
[တကယ့်ဒါရိုက်တာထန်ပါပဲ! 】
[ဘာရွှေကြက်ဖဆုလဲ။ဒီကားက အော်စကာဆုတောင်ရသင့်တာ။】
Presenter ကပြုံး၍ ပြောလိုက်၏။
“ဒါရိုက်တာထန်က မျိုးဆက်သစ်ဒါရိုက်တာတစ်ယောက်ပါ။သူက တကယ့်ပါရမီရှင်။နောင်အနာဂါတ်မှာ ဒါရိုက်တာထန်အနေနဲ့ ပိုပြီးကောင်းမွန် လက်ရာမြောက်တဲ့ရုပ်ရှင်ကားတွေ ရိုက်ကူးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”
အကောင်းဆုံးဒါရိုက်တာဆုအပြီး အကောင်းဆုံးဇာတ်ညွှန်းဆုအပါအဝင် အခြားဆုများကိုလည်း ဆက်လက်ပေးအပ်၏။
ခဏနေလျှင်တော့ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကို ကြေညာမည်ဖြစ်သည်။
ချောင်ဟွေ့၏နှလုံးခုန်နှုန်းများ မြန်ဆန်လာ၏။
ပိတ်ကားပေါ်၌ ဆန်ခါတင်မင်းသမီးများ၏မျက်နှာများ အသီးသီးပေါ်လာသည်။
” ပျောက်ဆုံးခြင်း” _ ချောင်ဟွေ့
“လမ်းခွဲခြင်း” _ လျိုနန်
” သစ်ရွက်စိမ်း” ရှုပါး
…
[အိုးးးးးးး! 】
[နောက်ဆုံးတော့ ကင်မရာက ဂျိုဂျိုရဲ့အလှကို ငါ့ကိုပြပြီ။】
[မွန်းကျပ်လောက်အောင်လှတယ်။ ငွေရောင်ဝတ်စုံက သူ(မ)နဲ့အရမ်းလိုက်တာ။ရေသူမလေးကျနေတာပဲ။ 】
Presenter က သူ့လက်ထဲမှနာမည်စာရင်းကိုကြည့်ပြီး ပြုံး၍ကြေညာလိုက်၏။
” ၃၆ ကြိမ်မြောက် အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုရဲ့ ရွှေကြက်ဖဆုရှင်က… ဘယ်သူလဲဆိုတော့။ ဟားဟားဟား ကျွန်တော် မဆွဲတော့ပါဘူး။ ဟုတ်ပါတယ် ” ပျောက်ဆုံခြင်း” ချောင်ဟွေ့ပဲဖြစ်ပါတယ်ခင်ဗျာ။”
သူ(မ)တဲ့…
ချောင်ဟွေ့ အနည်းငယ်အံ့အားသင့်သွား၏။ ရုတ်တရက် ဘာမှမတုံ့ပြန်နိုင်ခဲ့။
ရှုရီယန်က ဘေးသို့လှည့်လိုက်ပြီး သူ(မ)ကိုသိုင်းဖက်လိုက်သည်။သူ(မ)၏ မျက်ဝန်းထောင့်များကို သူ့နှုတ်ခမ်းဖျားလေးနှင့် ခပ်ဖွဖွနမ်းလိုက်၏။
” ဂုဏ်ယူပါတယ် မစ္စရှု။”
ရှုရီယန်၏ကိုယ်ငွေ့ကိုခံစားမိတော့မှ သူ(မ) ဆုရသွားပြီဖြစ်ကြောင်း ချောင်ဟွေ့ နားလည်သွားသည်။
အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု!
တခြားရုပ်ရှင်အဖွဲ့သားများလည်း သူ(မ)ကို လာရောက်နှုတ်ဆက်ဂုဏ်ပြုကြ၏။
ထို့နောက် ချောင်ဟွေ့ စင်ပေါ်တက်၍ လေးလံသောအကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုရုပ်ထုကို လက်ခံရယူလိုက်သည်။
ဒါက သူ(မ)၏ပထမဦးဆုံးဆုပင်။သို့သော် နောက်ဆုံးဆုတော့ မဟုတ်စေရ။
ဆုရုပ်ထုကိုကြည့်ရင်း ” ပျောက်ဆုံးခြင်း” ဇာတ်ကားရိုက်နေစဉ်ကပုံရိပ်များ သူ(မ)ခေါင်းထဲပြန်ပေါ်လာ၏။ ဆုကို လက်နှစ်ဖက်ဖြင့်တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားရင်း သူ(မ)၏မျက်တောင်များပင်တုန်ယင်နေ၏။ သူ(မ)၏နှလုံးကတော့ မရပ်မနားခုန်နေတော့သည်။
[အလှလေးဂျိုဂျို အတော်ဆုံးပဲ! 】
[ဘယ်ရှူထောင့်ကကြည့်ကြည့် အစ်မက အရမ်းလှတာပဲ! 】
” ဖန်ယန်ရဲ့ဇာတ်ကောင်ကိုအသိအမှတ်ပြုပေးတဲ့အတွက် အင်မတန်ဂုဏ်ယူမိပါတယ်။ဒီဆုကိုရလိုက်ခြင်းက ကျွန်မမျှော်လင့်ထားတာထက် အများကြီးပိုနေပါတယ်။ ကျွန်မက ဒီလောကမှာ မျက်နှာသစ်ပဲရှိပါသေးတယ်။ကြိုးစားရမဲ့အပိုင်းတွေ အများကြီးရှိနေဦးမှာပါ။
ဇာတ်ကားမှာအတူတူပါဝင်ကြတဲ့ ရုပ်ရှင်အဖွဲ့သားအားလုံး၊ ကျွန်မကို အားပေးကြတဲ့ပရိသတ်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ နောက်ဆုံးအနေနဲ့ ကျွန်မရဲ့ခင်ပွန်းရှုရီယန်ကို ကျေးဇူးတင်ချင်ပါတယ်။သူ တစ်လျှောက်လုံး ဖေးမတွဲခေါ်ခဲ့လို့သာ ဒီလိုနေ့ဆိုတာရှိလာတာပါ။”
ချောင်ဟွေ့ ဆင်းသွားပြီးနောက် presenter က ပြုံး၍ပြောလိုက်၏။
“ချောင်ဟွေ့လည်း အနာဂါတ်မှာ သာယာဖြောင့်ဖြူးတဲ့အနုပညာခရီးလမ်းကို ဆက်လျှောက်နိုင်ပါစေလို့ မျှော်လင့်ပါတယ်။ အခုက အစပဲရှိပါသေးတယ်။ ချောင်ဟွေ့က ကျွန်တော်တို့ကို အံ့အားသင့်စရာတွေ ထပ်လုပ်ပြဦးမယ်လို့ယုံကြည်ပါတယ်။”
အကောာင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုပြီးလျှင် အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကိုကြေညာမည်ဖြစ်သည်။
အခြားဆုများကြေညာပြီးပြီဖြစ်၍ အကောင်းဆုံးသရုပ်ဆောင်ဆုများကိုကြေညာသော ဇာတ်ရှိန်အတက်ဆုံးအချိန်ရောက်လာလေပြီ။
ပထမဆုံးကြေညာသည်က အကောင်းဆုံးမင်းသမီးဆုဖြစ်၏။ဆန်ခါတင်စာရင်းမှာ
“Mission” _ကျန်းဆုလီ
” မိုးပေါ်မြေအောက်” _စုစု
“လမ်းခွဲခြင်း” _ ချိုယွဲ့
” သစ်ရွက်စိမ်း” ရဲနန်နန်
…
နောက်ဆုံးတွင် မင်းသမီးဆုရရှိသွားသူက ကျန်းဆုလီရော စုစုရောမဟုတ်ပါ။ ချိုယွဲ့လည်းမဟုတ်ပါ။
” သစ်ရွက်စိမ်း” မှ မင်းသမီးရဲနန်နန်ဖြစ်သည်။
[ “သစ်ရွက်စိမ်း” ရုပ်ရှင်အဖွဲ့သားတွေ ဒီညပွဲကို ကျိန်းသေမျှော်လင့်နေမှာပဲ။ ဂုဏ်ယူပါတယ် ရဲနန်နန်ရေ။】
[နောက်ဆုံးတော့ ရဲနန်နန်ဆုရသွားပြီ။ လက်ခုပ်တီးအားပေးပါတယ်။ 】
[မင်းသမီးဆုပြီးရင်တော့ အရေးအကြီးဆုံးဆုလာပြီ။】
[အိုးးး စောင့်ကြည့်နေမယ်။】
[အခု live room ထဲမှာ ပြည့်နေတာ ချောင်ဟွေ့ fan တွေလား အစ်ကို့ fan တွေလား။ လက်ထောင်ပြကြပါ sis တို့! 】
【ရှိပါတယ်။】
[ကျွန်မရောပဲ..]
[အစ်ကိုပျော်နေတာတွေ့ပြီး အရမ်းကျေနပ်မိတယ်။】
[သူ့ကို ၇ နှစ်လောက်အားပေးလာကြတဲ့လူတွေကတော့ သူပျော်နေတာတွေ့ရင် ကျေနပ်တယ်လို့ပြောနေကြတာပဲ။ ကျွန်မကတော့ ဘာမှမပြောဘဲအားပေးလာတာ။ ဒီညလည်း မင်းသားဆုကို သူ့အိမ်သယ်သွားနိုင်ပါစေလို့ ဆုတောင်းပါတယ်။]
ဆန်ခါတင်စာရင်းဝင် မင်းသားငါးဦးရှိ၏။
” ပျောက်ဆုံးခြင်း” _ ရှုရီယန်
” သစ်ရွက်စိမ်း”_ လျူချန်း
” မိုးပေါ်မြေအောက်” ကျန်းလွန်
…
Presenter က ပရိသတ်များကို ပို၍စိတ်လှုပ်ရှားအောင်ပြောလိုက်သည်။
” ဒီနေ့ည ရွှေကြဖဆုရှင် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကိုရတာ ဘယ်သူလို့ထင်ကြလဲခင်ဗျ။”
[ဘယ်သူဖြစ်ရဦးမှာလဲ။】
ကင်မရာက မင်းသားများ၏မျက်နှာများကို လှည့်၍ရိုက်ပြနေသည်။
ထို့နောက် ပိတ်ကားပေါ်တွင် မျက်နှာငါးခုပေါ်လာ၏။ ရှုရီယန်က အလယ်မှဖြစ်သည်။
မင်းသားတိုင်း၏ပုံက စတိုင်ကျကြည့်ကောင်းနေ၏။
သူတို့အားလုံးက တည်ငြိမ်သောအပြုံးများနှင့်ဖြစ်သည်။
ထိုမင်းသားများထဲတွင် သရုပ်ဆောင်အကောင်းဆုံး အထင်ရှားဆုံးကတော့ အလယ်က ရှုရီယန်ပင်။
ဆုကြေညာမည့်သူက ရှုရီယန်၏သူငယ်ချင်းတစ်ယောက်ဖြစ်သည်။သူက စာရင်းကိုကြည့်ပြီး ပြုံးလိုက်၏။
” ၃၆ ကြိမ်မြောက် အကောင်းဆုံးဆုရှင်က ဘယ်သူပါလိမ့်။”
ချောင်ဟွေ့ အသက်ရှူပင်အောင့်ထားမိ၏။
သူ(မ)က ရှုရီယန်၏လက်ကိုဆုပ်ကိုင်ထားသည်။အမျိုးသမီးဇာတ်ပို့ဆု ကြေညာစဉ်ကထက်ပင် သူ(မ) ပိုပြီးစိတ်လှုပ်ရှားနေ၏။
ရှုရီယန်က သူ(မ)ကျောပြင်ကိုပုတ်၍ အားပေးလိုက်သည်။
[အစ်ကိုနဲ့ရွှယ်ပါး ချစ်ပြနေကြပြန်ပြီ။ 】
【ကံကောင်းပါစေ။】
[သူတို့က ရွှေကြက်ဖဆုပေးပွဲ လာတက်တာမဟုတ်ဘူး။ လာချစ်ပြနေကြတာ။】
[ငါ့လည်း နည်းနည်းလောက်ချစ်ကြပါ။ ဟားဟားဟား 】
” ၃၆ ကြိမ်မြောက် အကောင်းဆုံးဆုရှင်ကတော့ ” ပျောက်ဆုံးခြင်း” က ရှုရီယန်ပဲဖြစ်ပါတယ်။ “
【တကယ်။】
[ဟားဟားဟား။ ” ပျောက်ဆုံးခြင်း” က ဒီနေ့ဆုတွေ ပတ်သိမ်းနေတာတာပဲ။ 】
[ကောင်းလိုက်တာ။ ဒါပေမဲ့ ကျန်းဆုလီကတော့ မရလိုက်ဘူး။】
ရှုရီယန်က သူ့အင်္ကျီလက်ကိုပြန်ခေါက်၍ စင်ပေါ်သို့ လျှောက်သွားလိုက်၏။
“ဂုဏ်ယူပါတယ် သူငယ်ချင်းဟောင်းကြီးရီယန်။”
ရှုရီယန်က သူ့သူငယ်ချင်းဟောင်းဆီမှ ဆုကို လက်ခံလိုက်၏။
ပရိသတ်များထံမှလည်း လက်ခုပ်သံများထွက်ပေါ်လာသည်။
ရှုရီယန်က ပြုံး၍
” ကုန်းရောင်ကို အားလုံးက အသိအမှတ်ပြုပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ရုပ်ရှင်အဖွဲ့သားအားလုံး ကြိုးစားကြလို့ပါ။ပရိသတ်တွေရဲ့အားပေးမှုကလည်း ကျွန်တော့်ကိုကြိုးစားဖို့ ခွန်အားတွေဖြစ်စေပါတယ်။
ခင်ဗျားတို့ရဲ့ချစ်ခင်အားပေးမှုတွေအတွက် အရမ်းကိုကျေးဇူးတင်ပါတယ်ဗျာ။ ကျွန်တော့်ရဲ့ဇနီးဖြစ်သူကိုလည်း ကျေးဇူးတင်ရှိပါတယ်။ကျွန်တော် ရုပ်ရှင်လောကထဲရောက်နေတာ ၇ နှစ်ရှိပါပြီ။ ၇ နှစ်ဆိုတာ တိုတောင်းတဲ့အချိန်ကာလတစ်ခုမဟုတ်ပါဘူး။ပွင့်ပွင့်လင်းလင်းပြောရရင် လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက သရုပ်ဆောင်အလုပ်အပေါ် ကျွန်တော် စိတ်အားထက်သန်မှုလျော့ကျခဲ့ပါတယ်။ သရုပ်ဆောင်အလုပ်က ကျွန်တော်နဲ့ မသင့်တော်တော့ဘူးလို့တောင်တွေးခဲ့ဖူးပါတယ်။
အဲ့ဒီအချိန် ကျွန်တော့်ဇနီး ချောင်ဟွေ့နဲ့ဆုံခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းက သူ(မ)က လူသစ်ပါ။ သူ(မ)ဆီမှာ ကျွန်တော်ရှာဖွေနေတဲ့ စိတ်အားထက်သန်မှုတွေ၊ ခွန်အားတွေ၊ အနုပညာအလုပ်အပေါ်ရိုးသားမှုတွေကို ပြန်တွေ့လိုက်ရတယ်။သူ(မ)ကလည်း ကျွန်တော့်လိုပါပဲ။သရုပ်ဆောင်အလုပ်ကို အင်မတန်ချစ်မြတ်နိုးပြီး မျှော်လင့်ချက်ထားတတ်တဲ့သူ။ သူ(မ)နဲ့အတူနေပြီးမှ ကျွန်တော်သရုပ်ဆောင်လောကထဲဝင်လာခါစက ခံစားချက်တွေပြန်ရလာတာပါ။
” ပျောက်ဆုံးခြင်း” က သူ(မ)နဲ့ကျွန်တော် ပထမဆုံးတွဲလုပ်တဲ့အလုပ်တစ်ခုပါ။ နောက်ဆုံးအလုပ်လုံးဝမဟုတ်ပါဘူးလို့ ကျွန်တော်ထင်ပါတယ်။မစ္စရှုနဲ့ကျွန်တော် ပိုပြီးကောင်းမွန်လှပတဲ့အနုပညာအလုပ်တွေ ဆက်လုပ်သွားနိုင်ဖို့ မျှော်လင့်ပါတယ်။”
[ငါသိနေတယ်။ ဟားဟားဟား 】
[တကယ်ချစ်ပြတဲ့အခန်းက နောက်ဆုံးတော့ရောက်လာပြီ။】
[ခင်ဗျားတို့ တစ်ယောက်ကိုတစ်ယောက် အမြဲချစ်ကြပါ! 】
[ကိုယ်နဲ့လိုက်ဖက်မဲ့ဖူးစာရှင်ကို ဒီရှုပ်ထွေးတဲ့ရုပ်ရှင်လောကမှာရှာတွေ့ဖို့မလွယ်ဘူး။ ခင်ဗျားတို့တွေ့ကြတာ ကံကောင်းပါတယ်။ 】
[ခင်ဗျားတို့ ပိုပိုပြီးအောင်မြင်လာမယ်လို့ ယုံကြည်ပါတယ်! 】
၃၆ ကြိမ်မြောက် ရွှေကြက်ဖဆုပေးပွဲအခမ်းအနားလည်း အောင်မြင်စွာပြီးဆုံးသွား၏။ ဒီအကြိမ်တွင် ဆုအများဆုံးဆွတ်ခူးရရှိသွားသည့်ရုပ်ရှင်က “ပျောက်ဆုံးခြင်း” ဟုပြောရမည်။ ” ပျောက်ဆုံးခြင်း” က ဆု ၄ ဆုရ၏။အကောင်းဆုံးရုပ်ရှင်ဆု၊ ဒါရိုက်တာဆု၊မင်းသားဆုနှင့် အမျိုးသမီးဇာတ်ပို့ဆုတို့ဖြစ်သည်။
” ပျောက်ဆုံးခြင်း” ၏ဆုရသတင်းများလည်း ရုတ်တရက် hot search ပေါ်ရောက်သွား၏။ သို့သော် ပို၍နာမည်ကြီးသော hot search က # ရှုမောင်နှံ ဆုလက်ခံခြင်း # ဟူသော ရှုရီယန်နှင့်ချောင်ဟွေ့တို့၏ ကျေးဇူးတင်စကားများဖြစ်သည်။
လောကမှာ လူတိုင်း ကိုယ်နှင့်ဝါသနာတူ အလုပ်တူ ဖူးစားရှင်ကိုတွေ့ဖို့ရာ ခဲယဉ်း၏။
သူတို့ကတော့ ကံကောင်းကြသည်။
တစ်ယောက်နှင့်တစ်ယောက်တွေ့ဆုံသွားကြ၏။
အတူလက်တွဲ၍ အလုပ်လုပ်ကြသည်။
*****
Aurora Novel Translation Team