Chapter 68

“ပျောက်ဆုံးခြင်း”က အစပင်ရှိပါသေးသည်။ ၃၆ ကြိမ်မြောက် ရွှေကြက်ဖဆုပေးပွဲတွင် အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု ရရှိပြီးကတည်းက ချောင်ဟွေ့၏အောင်မြင်မှုအဆင့် ခုန်တက်သွားတော့သည်။
နောက်တစ်နှစ်တွင် ကျန်းကြည်က သူ(မ)ကို ခေါင်းဆောင်မင်းသမီးအဖြစ်ရွေးချယ်ခဲ့သည်။ ရုပ်ရှင်က တကယ့်အဖြစ်အပျက်ကို အခြေခံရိုက်ကူးထားသည်။စကီဇိုဖိုးဘီးယားစိတ်ရောဂါရှိသူ ပါရမီရှင်တစ်ယောက်၏ဘဝကို ရိုက်ကူးထားခြင်းဖြစ်သည်။
ချောင်ဟွေ့က စိတ်ဝေဒနာရှင်လည်းဖြစ် ရူပဗေဒပညာတွင် ပါရမီထူးသူလည်းဖြစ်ခဲ့သော နာမည်ကျော်အမျိုးသမီးရူပဗေဒပညာရှင်တစ်ယောက်၏နေရာတွင် သရုပ်ဆောင်ရမည်ဖြစ်သည်။
ဇာတ်ကောင်က ရူပဗေဒပညာကို အရူးအမူးစိတ်ဝင်စားသူဖြစ်သည်။ သူ(မ)၏ ဘဝတစ်ခုလုံးကို ရူပဗေဒဘာသာရပ်တွင် ရင်းနှီးမြှုပ်နှံထားသူဖြစ်သည်။
သူ(မ)က သိပ္ပံပညာနှင့်သုတေသနလုပ်ရန်သာ စိတ်ဝင်စားသူဖြစ်၏။သို့သော် သူ(မ)၏နေ့စဉ်ဘဝရှင်သန်မှုကတော့ အဆင်မပြေပါ။သူ(မ)အား တစ်စုံတစ်ယောက်က စောင့်ရှောက်ရန်လိုအပ်၏။
စောင့်ကြည့်မည့်သူမရှိပါက ဓာတ်ခွဲခန်းထဲတွင်ပင် အစားမစားဘဲ သေသွားနိုင်သူဖြစ်သည်။
ထိုဇာတ်ကောင်နေရာကိုသရုပ်ဆောင်ရန်အတွက် ချောင်ဟွေ့က လက်ရှိခေတ်ပေါ် ရူပဗေပညာကို အကြမ်းဖျဉ်းသိထားရန်လို၏။
သူ(မ)၏ အထက်တန်းကျောင်းတုန်းကအဆင့်ကမနိမ့်သော်လည်း သူ(မ)ကနိုင်ငံအဆင့်အတော်ဆုံးကျောင်းသားတော့ မဟုတ်သေးပါ။ ရူပဗေဒဘာသာရပ်က သူ(မ)အတွက် နက်နဲလွန်းနေသေး၏။
ရူပဗေဒဘာသာက အလွန်စိတ်ဝင်စားဖွယ်ကောင်းသည်ဆိုသည့်အချက်ကတော့ မငြင်းနိုင်ပါ။
သာမန်လူတွေနားလည်နိုင်ဖို့ အလွန်ခက်ခဲနေခြင်းသာဖြစ်၏။
သို့သော် ထိုဇာတ်ကောင်အမျိုးသမီးရူပဗေဒပညာရှင်က သာမန်လူထဲမပါပါ။
ရူပဗေဒဘာသာရပ်အတွက်တော့ သူ(မ)က တောက်ပသောကြယ်တစ်ပွင့်ဖြစ်သည်။
နှမြောစရာကောင်းသည်က သူ(မ)၏စိတ်ရောဂါကလည်း ပြင်းထန်၏။
အရူးနှင့်ပါရမီရှင်ဆိုသည်မှာ အလွှာလေးတစ်ချပ်ပဲခြားသည်ဟုပြောကြသည်။
သူ(မ)က ပါရမီရှင်ရူပဗေဒသမားတစ်ယောက်ဖြစ်သော်လည်း တစ်ဖက်တွင်တော့ စိတ်ဝေဒနာရှင်တစ်ယောက်ဖြစ်နေ၏။နောက်ဆုံးတော့ မနက်စောစောတစ်ခုတွင် သူ(မ)ကိုယ်သူ(မ) တိတ်ဆိတ်စွာပင် အဆုံးသတ်လိုက်တော့သည်။
အမျိုးသမီးဇာတ်လိုက်အသားပေးကားအစစ်ဖြစ်သည်။အဓိကဇာတ်ဆောင်မှလွဲလျှင် သူ(မ)၏လက်ထောက်သာ အခန်းအများဆုံးဖြစ်၏။ထို့ပြင် ထို လက်ထောက်ပါဝင်ရသောအချိန်ကတောင် အားလုံးပေါင်းပါက ဆယ်မိနစ်မပြည့်ပါ။
ချောင်ဟွေ့ ထိုရုပ်ရှင်တွင်သရုပ်ဆောင်ပြီး ဇာတ်ကောင်၏ဘဝမှပြန်ထွက်ရန် တစ်လခန့်အချိန်ယူရ၏။
ထိုဇာတ်ကောင်၏ဉာဏ်ရည်ကို သူ(မ) အံ့ဩမိသည်။ သို့သော် သူ(မ)ဘဝတစ်ခုလုံးကို စိတ်ရောဂါ၏ထိန်းချုပ်ထားခြင်းခံခဲ့ရသည့်အတွက်လည်း နှမြောမိ၏။
သူ(မ)က ကံလည်းကောင်းသည်။ ကံလည်းဆိုးသည်။လွတ်မြောက်ခြင်းက သူ(မ)၏အကောင်းဆုံးပန်းတိုင်ပင်။
ရုပ်ရှင်နာမည်ကလည်း ထိုရူပဗေဒပညာရှင်၏အမည်ဖြစ်သည်။
ရုပ်ရှင်ထွက်ထွက်ချင်းပင် ချောင်ဟွေ့၏ပြောင်မြောက်သောသရုပ်ဆောင်ချက်များကို ပရိသတ်များက ချီးကျူးကြ၏။ ထိုရုပ်ရှင်က အဲ့ဒီနှစ်၏ box office ဝင်ငွေအများဆုံးရုပ်ရှင်ဖြစ်ခဲ့သည်။
ထိုဇာတ်ကာင်၏စိတ်ဖောက်ပြန်မှု၊ ရူးသွပ်မှုနှင့် သူ(မ)၏ သူမတူသော ရူပဗေဒပညာအပေါ် ရူးသွပ်မှုတို့ကို ချောင်ဟွေ့က ပေါ်လွင်အောင်သရုပ်ဆောင်ပြနိုင်ခဲ့သည်။
စိတ်ဝေဒနာက သူ(မ)ကို ဒုက္ခပေးနေသော်လည်း တစ်ဖက်တွင် ရူပဗေဒပညာကြောင့် သူ(မ)ပျော်ရွှင်ကျေနပ်ရပြန်၏။
နောက်ဆုံးတွင် သူ(မ)လက်ကောက်ဝတ်သွေးကြောကိုဖြတ်တောက်၍ ဘဝကို အပြုံးနှင့်အဆုံးသတ်ခဲ့သည်။
[သူ(မ)သရုပ်ဆောင်တာတော်လိုက်တာ။ဒီရုပ်ရှင်က ငိုချင်စရာကြီး။】
[ဒီလို တစ်ခေတ်တစ်ခါရှားပါးတဲ့ပညာရှင်မျိုးက ဒီလိုအဆုံးသတ်မျိုးနဲ့ကြုံရတာ စိတ်မကောင်းစရာပဲ။ 】
[ကျေးဇူးတင်ပါတယ်။ ပါရမီရှင်တစ်ယောက်ရဲ့ ဘဝအတက်အကျတွေကို သိခွင့်ရလို့။ 】
[ပါရမီရှင်တွေရဲ့ဘဝက အထီးကျန်ရစမြဲပဲ။】
[ဂျိုဂျိုသရုပ်ဆောင်တာ ငါတောင်အားကျသွားတယ်။】
ထိုနှစ်အတွက် ရွှေမြင်းဆုကို ချောင်ဟွေ့ရရှိ၏။ အားလုံးကလည်း
ချောင်ဟွေ့ရထိုက်ကြောင်း လက်ခံကြသည်။
သူ(မ)သရုပ်ဆောင်ချက်များက သဘာဝကျလွန်း၏။သူ(မ)ကိုယ်တိုင်လည်း ဇာတ်ကောင်၏ဘဝထဲ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားသောကြောင့်ဖြစ်သည်။ ထို့ကြောင့်လည်း ရုပ်ရှင်ရိုက်ပြီးတစ်လတိတိ ရှုရီယန်၏ ဖေးမမှု ၊ဂရုစိုက်မှုတို့အကူအညီဖြင့် ထိုဇာတ်ကောင်စရိုက်မှ ရုန်းထွက်ခဲ့ရသည်။
အားလုံးက ဘယ်နာမည်ကြီးဒါရိုက်တာနှင့် သူ(မ)ထပ်ရိုက်ဦးမလဲ စောင့်စားနေကြစဉ်
[ချောင်ဟွေ့ v: အဖေလုပ်ဖို့ အဆင်သင့်ဖြစ်ပြီလား မစ္စတာရှု။】
ပရိသတ်များ:?
ပရိသတ်များ:!
【ဝိုး】
[ချောင်ချောင် ကိုယ်ဝန်ရှိနေပြီလား။ 】
[အားးး ဂုဏ်ယူပါတယ်! 】
[နောက်ဆုံးတော့ ကလေးရောက်လာပြီ! 】
[နောက်နှစ်ဆိုရင် မင်းသားက အသက် ၃၃ ။ ကံကောင်းလို့ နောက်ဆုံးတော့ အဖေဖြစ်ခွင့်ရသွားတယ်။ 】
[ဘာလို့မှန်းတော့မသိဘူး။ ငါစိတ်ချသွားတယ်။】
[ငါရောပဲ … ဟားဟားဟား။ 】
[ငါတို့ fan တွေဘဝကလည်း မလွယ်ဘူး။ စိတ်ပူစရာတွေက အများကြီး။ 】
ရှုရီယန်ကလည်း ချောင်ဟွေ့ပိုစ့်ကို ချက်ချင်းပြန်တင်လိုက်၏။
[ရှုရီယန် v: repost မစ္စရှု: အချိန်မရွေးပဲ။ 】
ချောင်ဟွေ့ weibo မှာ ပိုစ့်တင်ပြီးပြီးချင်းပင် ရှုရီယန်က လှမ်းဖက်လိုက်ပြီး
” ပင်ပန်းသွားပြီလား။”
ချောင်ဟွေ့ ခေါင်းခါလိုက်၏။ သူ(မ)အိမ်မှာနားနေတာ လဝက်ခန့်ပင်ရှိပြီဖြစ်သည်။ဘယ်လိုလုပ်ပင်ပန်းနေမှာလဲ။ ရှုရီယန်၏ရင်ခွင်ထဲမှီလိုက်ပြီး သူ(မ)ဗိုက်ကိုပွတ်လိုက်၏။
သူ(မ)မိခင် ကိုယ်ဝန်ရတုန်းကလည်း အခုလိုစိတ်အခြေအနေမျိုး ဖြစ်ခဲ့လားမသိပါ။
စိတ်လှုပ်ရှား၏။ ကြောက်၏။ မျှော်လင့်ချက်များလည်း ပြည့်နေ၏။
ကလေးကို တွေ့မြင်ရမည့်နေ့ကို မျှော်လင့်နေမိသည်။
သူ(မ)အမေအကြောင်းတွေးမိတော့ ချောင်ဟွေ့အနည်းငယ် နာကျင်သွား၏။ ကိုယ်ဝန်ကြောင့်ဖြစ်လိမ့်မည်။အခုတစ်လော သူ(မ)စိတ်က ထိခိုက်လွယ်နေ၏။ ရှုရီယန်က သူ(မ)ကို နားလည်သည်းခံပေးသည်။
သူ(မ)က ဖုန်းထဲမှ သူ(မ)အမေပုံကိုထုတ်လိုက်ပြီး ဗိုက်ထဲမှကလေးလေးကို တိုးတိုးလေးပြောလိုက်၏။
” ဒါကလေးရဲ့ အဖွားပဲ။”
သို့သော် သူ(မ)က လောကကြီးထဲမှာမရှိတော့ပါ။
ထိုနောက် ချောင်ဟွေ့က နှုတ်ခမ်းများကွေးတက်သွားသည်အထိပြုံးလိုက်ပြီး ရှုရီယန်၏အမေပုံကိုထောက်ပြလိုက်ကာ သူ(မ)ဗိုက်ထဲမှကလေးကို မိတ်ဆက်ပေးလိုက်သည်။
” ဒါလည်း အဖွားပဲ။ ကလေးအပြင်ထွက်လာရင် တွေ့ရလိမ့်မယ်။”
ထို့နောက် မစ္စတာချောင်၏အလှည့်ဖြစ်သည်။
” ကလေးရဲ့အဖိုးကတော့ ပျောက်နေရင်လည်း ကိစ္စမရှိပါဘူး။”
ထိုစကားကြောင့် ဘေးမှာနေနေသောရှုရီယန်က မငိုနိုင်မရယ်နိုင်ဖြစ်သွား၏။
ထို့နောက် ချောင်ဟွေ့က ခေါင်းမော့ပြီး ရှုရီယန်ကိုပြောလိုက်သည်။
” ကလေးကို သူ့အဖိုးပုံပြရအောင်။”
ရှုရီယန်က သူ့ဖုန်းထဲမှ သူ့အဖေမဆုံးခင်ကရိုက်ထားသောပုံကိုထုတ်ပြလိုက်သည်။
ထိုသူ၏နှုတ်ခမ်းထောင့်နေရာတွင်ဓာတ်ပုံက အနည်းငယ်ပျက်နေ၏။ နေကြာပန်းပွင့်တစ်ပွင့်အလား ပြုံးနေသောပုံဖြစ်သည်။ဘဝမှာ တစ်ခါမှစိတ်မဆိုးဖူးသည့်လူတစ်ယောက်၏အပြုံးဟုပင်ထင်ရ၏။ သူက အဖေကောင်းတစ်ယောက်ဖြစ်သည်။သို့သော် ငယ်ငယ်ရွယ်ရွယ်နှင့် လူ့လောကမှ ထွက်ခွာသွားခဲ့သည်။
ရှုရီယန်အဖေ နေမကောင်းဖြစ်ပြီးဆုံးသွားစဉ် ရှုရီယန်က စီနီယာအထက်တန်းကျောင်းသားဘဝမှာပင်ရှိသေး၏။
ထိုနှစ်က သူ့ဘဝ၏ အခက်ခဲဆုံးနှစ်များဖြစ်ခဲ့သည်။
အပြောင်းအလဲအကြီးမားဆုံးနှစ်လည်းဖြစ်ခဲ့သည်။
သူ့ရဲ့အားကိုးရာဖခင်က သူ့ကိုထာဝရစွန့်ခွာသွားခဲ့လေပြီ။
ထိုအချိန်ကတည်းက သူက မိသားစု၏တစ်ဦးတည်းသောယောင်္ကျားလေးဖြစ်လာခဲ့သည်။
သူ ရုပ်ရှင်လောကထဲမဝင်ခင်က သူ့မိသားစုစီးပွားရေးက အခြေအနေမကောင်းပါ။ သူ့ဖခင်ဆုံးသွားပြီး သူတို့သားအမိ ငွေရေးကြေးရေးအကြပ်အတည်းများနှင့်ရင်ဆိုင်ခဲ့ရသည်။
သူ့အိမ်ကိုထောက်ပံ့နိုင်ရန်နှင့် ရှင်သန်ရပ်တည်နိုင်ရန် သူ အမြန်ကြိုးစားခဲ့ရသည်။ထိုအချိန်က သူ့ဘဝ၏ အမှောင်ဖုံးသောကာလပင်။အလင်းရောင်မမြင်ရခဲ့။
သို့သော် ထိုအချိန်ကာလများက ပြီးဆုံးသွားပြီဖြစ်သည်။
အခုတော့ ကိုယ်ပိုင်မိသားစုနှင့် ပျော်ရွှင်သောဘဝတစ်ခုကို ပိုင်ဆိုင်ထားနေရပြီ။
သူသည် ခင်ပွန်းကောင်းတစ်ယောက်ဖြစ်ပြီး အနာဂတ်တွင်လည်း ဖခင်ကောင်းတစ်ယောက်ဖြစ်လာပေလိမ့်မည်။
ဗိုက်ထဲမှကလေးကို ဓာတ်ပုံများပြပြီးနောက် ရှုရီယန်၏ရင်ခွင်ထဲမှ ချောင်ဟွေ့ ထလာလိုက်၏။
” မစ္စတာရှုပြောကြည့် သူ့နာမည်ကို ဘယ်လိုပေးကြမလဲ။”
ရှုရီယန်က နူးညံ့စွာပြုံးလိုက်ပြီး သူ့မိန်းမ၏ခေါင်းကိုထိလိုက်ရင်း မဆိုင်းမတွ ပြန်ဖြေလိုက်သည်။
“အိမ်ခေါ်နာမည်ကို တရှုလို့ပဲခေါ်ကြတာပေါ့။နာမည်အရင်းက ရှုဟောင်။”
‘တ’ဆိုသောစကားလုံးက ကမ္ဘာပေါ်မှာ အလှဆုံးစကားလုံးဖြစ်ပေလိမ့်မည်။ လောကကြီးက သူတို့အတွက် ယူဆောင်လာပေးသော အကောင်းဆုံးလက်ဆောင်တစ်ခုလည်းဖြစ်နိုင်၏။
ချောင်ဟွေ့က ထိုနာမည်လေးကို စိတ်ထဲမှ အကြိမ်ကြိမ်ခေါ်ကြည့်လိုက်သည်။ သူ(မ)ခေါ်မိလေ နာမည်က ခေါ်လို့ကောင်းလေဟု ခံစားရ၏။
သူ(မ)က မျက်တောင်တစ်ချက်ခတ်ပြီး မေးလိုက်သည်။
“တ ဆိုတဲ့အိမ်ခေါ်နာမည်က ကောင်းပါ့မလား။”
” ကောင်းပါတယ်။”
…
နောက်နှစ်မေလ ရှုရီယန်နှင့်ချောင်ဟွေ့တို့၏မင်္ဂလာသက်တမ်းသုံးနှစ်ပြည့်သည့်လတွင် သူတို့၏ အကြီးဆုံးသားဦးမွေးဖွားလာသည်။
ရှုဟောင်မွေးကာစက မွေးကင်းစအရွယ်ဖြစ်၍ အလွန်သေးငယ်၏။သို့သော် သူတို့ကို မြင်မြင်ချင်းရယ်ပြသည်။ သူက ကျန်းမာ၊တက်ကြွသော ချစ်စရာကလေးတစ်ယောက်ဖြစ်၏။
ရှုရီယန်က ကလေးထိန်းမငှားပါ။ ချောင်ဟွေ့ကိုတစ်ခါပြောဖူးခဲ့သလိုပင် သူကိုယ်တိုင် ကလေးကိစ္စများကိုလုပ်ကိုင်၏။
ချောင်ဟွေ့က ဆေးရုံမှာရက်အနည်းငယ်ဆက်နေပြီးနောက် အိမ်ပြန်လာပြီးအနားယူသည်။ ရှုရီယန်က နှစ်ချိုက်စွာအိပ်ပျော်နေသောသူ့ဇနီးငယ်နှင့်လက်ချောင်လေးများကိုက်ပြီးအိပ်ပျော်နေသောကလေးကိုကြည့်ပြီး ပီတိနှင့် ပြုံးလိုက်၏။
ထို့နောက် ချောင်ဟွေ့၏နဖူးကို ဖွဖွလေးနမ်းလိုက်သည်။
ကမ္ဘာပေါ်တွင် အလှပဆုံးသော ပျော်ရွှင်ဖွယ်အခိုက်အတန့်တစ်ခုပင်။
*****
Aurora Novel Translation Team