Extra 10
သို့သော်…
ရှုရီယန်ကတော့ အေးတိအေးစက်အမူအရာဖြင့်
“အင်း။”
ဟုတ်ပါသည်။သူ(မ)အဖြစ်က အဟုတ်ပင် ရှက်စရာကောင်း၏။
ဝေဝေတစ်ယောက် ဘယ်လိုပင်၀တ်စားဆင်ယင်ထားပါစေ သံနှင့်ထုထားသကဲ့သို့ အေးစက်မာကျောနေသောရှုရီယန်ကို စကားဆက်ပြောချင်လာအောင် မလုပ်နိုင်ခဲ့ပါ။
ရှုရီယန်က ယဉ်ကျေးပြီး လူကြီးလူကောင်းဆန်သူဟု သိထားကြသည်မဟုတ်လား။ ဘာလို့ဒီလိုတုံ့ပြန်ရတာလဲ။
“ကျွန်မ…”
နောက်ဆုံး သူ(မ)ကိုတုံ့ပြန်လိုက်သည်က တံခါးပိတ်လိုက်သောအသံပင်။
ဝေဝေ : …….
ရှုရီယန် အိပ်ရာကိုပြန်လာတော့ ရှုဟောင်က တံခါးပိတ်လိုက်သံကြောင့် နိုးလာ၏။
ထို့ကြောင့် ရှုဟောင်က မေးလိုက်သည်။
” ဘယ်သူလဲ ဒယ်ဒီ။”
ရှုရီယန်က သူ့သား၏ နှုးညံ့သောဆံပင်တို့ကိုပွတ်သတ်လိုက်ရင်း အရေးမကြီးသလို လေသံဖြင့် ပြန်ဖြေလိုက်၏။
” ဘာမှအရေးမကြီးတဲ့လူပါ။ အိပ်တော့။”
ရှုဟောင်က နှုတ်ခမ်းစူလိုက်ရင်း
” မာမီလာရင် ကောင်းမှာပဲ။”
သူစကားပြောပြီး ခဏအကြာတွင်တော့ ဟောက်သံများနှင့်အတူ အိပ်မောကျသွားတော့၏။
ခေါင်းအုံးပေါ်ခေါင်းချလိုက်ချင်း အိပ်ပျော်သွားခြင်းဖြစ်၏။
ရှုရီယန်၏မျက်ဝန်းတွင် အပြုံးရိပ်များသန်းသွားသည်။သူ့သားအိပ်နေတာ ပုံစံကျမကျတစ်ချက်ကြည့်ပြီး သူလည်း မျက်လုံးမှိတ်၍အိပ်လိုက်တော့၏။
**
နေ့ခင်းပိုင်းတွင် သူတို့သရုပ်ဆောင်သားအဖလေးဖွဲ့ လူပြန်စုမိကြ၏။
ကျန်းခဲ့က ရှုရီယန်ကို သူ့တံတောင်ဖြင့်ထိလိုက်ရင်း
” နေ့ခင်းတုန်းက အင်တာနက်ဆယ်လီ ခင်ဗျားဆီ လာတွေ့တယ်မလား။”
သူ့အိမ်နှင့်ကျန်းခဲ့အိမ်က သိပ်မဝေးပါ။ ထို့ကြောင့် သူမြင်သွားသည်က မထူးဆန်း။
ကျန်းခဲ့က နည်းနည်းထပ်ပြီးစပ်စုလိုက်၏။
” သူ(မ)ဘာလာလုပ်တာလဲ။”
” hair dryer လာငှားတာပါ။”
hair dryer လာငှားတာ…
သေချာတာက ဒီလောက်တော့မရိုးရှင်းနိုင်ပါ။
သို့သော် အရွယ်ရောက်ပြီးသူများတွင် ထုတ်မပြောဘဲ အချင်းချင်းနားလည်နိုင်သော ကိစ္စများရှိကြ၏။ အစအဆုံး ရှင်းပြနေစရာမလိုပါ။
ကျန်းခဲ့က ပြုံးလိုက်၏။
ရှုရီယန်က သူထင်ထားတာထက်ပင် လိမ္မာနေသည်။
ဒီလောကတွင် အရှုပ်အရှင်းမရှိဘဲနေနိုင်ဖို့ဆိုသည်မှာ ထင်သလောက်မရိုးရှင်းပါ။
အဘယ့်ကြောင့်ဆိုသော် ဒီလောကတွင် ပိုမိုငယ်ရွယ်လှပသောစတားများ အဆက်မပြတ်ပေါ်ထွန်းနေသောကြောင့်ဖြစ်သည်။
အမျိုးသားစတားဖြစ်စေ အမျိုးသမီးစတားဖြစ်စေ နေ့စဉ်နှင့်အမျှ သာယာချင်စရာ ကိစ္စများက ရှိနေတတ်၏။
ကိုယ့်စိတ်ဆန္ဒကို အလိုလိုက်ရန် လွယ်ကူလှသည်။သာယာမှုများကိုခုခံနိုင်ရန် မလွယ်ပါ။
သူနှင့်ရှုရီယန်က အခြေအနေမတူပေ။သူတို့အချင်းချင်းလည်း အဆက်အသွယ်သိပ်မရှိပါ။
ရှုရီယန်နှင့်မတွေ့ခင်ကတော့ ချောင်ဟွေ့နှင့်ရှုရီယန်၏ဆက်ဆံရေးက ရှိတာထက် ” လုပ်ပြ”နေသည်ဟု သူခံစားရ၏။အလွန်ချစ်ကြပြသောစုံတွဲများက ပရိသတ်၏စိတ်ဝင်စားမှု ပိုရတတ်သည်။
ဒီလောကမှစုံတွဲတော်တော်များများက ထိုသို့လုပ်တတ်ကြ၏။
အစက ရှုရီယန်နှင့်သူ့မိန်းမက ပရိသတ်စိတ်ဝင်စားအောင် “လုပ်ပြ” နေသောစုံတွဲဟုသာ ထင်ခဲ့သည်။ အခုတော့ သူ့အမြင်ပြောင်းသွားပြီဖြစ်၏။
နေ့ခင်းပိုင်းလုပ်ရသည့်အလုပ်တာဝန်များက မနက်ပိုင်းကလောက်မပင်ပန်းပါ။
ဒီနေ့နေ့ခင်းပိုင်း၏အဓိကရည်ရွယ်ချက်က ကလေးများ သဘာဝနှင့်ကျေးလက်ဒေသ ဘဝပုံစံကို ရင်းနှီးထိတွေ့မိစေဖို့အတွက်ပင်။
ထို့အတွက် ဒါရိုက်တာချမှတ်ပေးသည့်တာဝန်က ” ဟင်းသီးဟင်းရွက် ခူးရန်” ဖြစ်သည်။
ဟင်းသီးဟင်းရွက်ခူးရတာမခက်ပါ။သို့သော် လွယ်လည်းမလွယ်ပါ။ကျွမ်းကျင်သူတစ်ယောက်အဖို့တော့ လွယ်ကူ၏။
ဒါရိုက်တာက လော်စပီကာကိုကိုင်ကာ ပြုံး၍ပြောလာသည်။
” ကလေးတို့ ညနေစာအတွက်ဟင်းသီးဟင်းရွက်တွေက ကလေးတို့တာဝန်ပဲ။”
ဟင်းသီးဟင်းရွက်ခူးရတာက မပင်ပန်းပါ။ ပျော်စရာပင် ကောင်းသေး၏။ကလေးတိုင်းကလည်း ကြိုးစားလုပ်ကိုင်ကြသည်။
ရှုဟောင်အတွက်တော့ ဟင်းရွက်ပင်များကို ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်း ဖြစ်သည်။သူက ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ခေါင်းငုံ့၍ ဟင်းရွက်ပင်များကို နှုတ်ဆက်လိုက်၏။
” မင်္ဂလာပါ ဟင်းရွက်လေးတို့။ငါတို့ သူငယ်ချင်းလုပ်ကြရအောင်။”
ထို့နောက် ရှုရီယန်သင်ပြပေးသည့်အတိုင်း ဟင်းရွက်ပင်ကို မြေကြီးထဲမှဆွဲနှုတ်လိုက်၏။
[ဟားဟားဟား။ ရယ်ရလို့သေတော့မယ်။ ခုနကတင် ဟင်းရွက်ပင်လေးတွေနဲ့ သူငယ်ချင်းဖြစ်ချင်တယ် ပြောတယ်။နောက်တော့ ချက်ချင်း မြေကြီးထဲကဆွဲနှုတ်တော့တာပဲ။】
[နောက်ဆုံးတော့ စားရဖို့က ပိုအရေးကြီးတယ်လေ။ ဟားဟားဟား။ ]
ရှုဟောင်က ဟင်းရွက်တစ်ပင်နှုတ်ပြီး နောက်တစ်ပင်ထပ်နှုတ်၏။
မိနစ် ၂၀ ခန့်အတွင်းပင် ကလေးလေးယောက်က စုစုပေါင်း ဟင်းရွက်တစ်ဒါဇင်ခန့် နှုတ်ပြီးသွားလေပြီ။
” ဒီနေ့ ကလေးတွေ အရမ်းကြိုးစားကြတယ်။ညကျရင် ဟင်းရွက်ပြုတ်၊ဝက်သားကြော်၊အစိမ်းကြော်နဲ့ တခြားဟင်းတွေ စားလို့ရပြီ။”
ကလေးတွေက ပျော်ပြီး ခုံပေါက်ပြေးလွှားကြ၏။
ညစာစားတော့ သူတို့ကိုယ်တိုင်ခူးထားသောဟင်းရွက်များကို စားသောက်ကြသည်။
ဒီနေ့ညစာကိုတော့ ပရိုဂရမ်အဖွဲ့က စီစဉ်ပေးခြင်းဖြစ်၏။အားလုံးပေါင်း ဟင်းဆယ်မျိုးပါဝင်သည်။ဟင်းတိုင်းတွင်လည်း ဟင်းသီးဟင်းရွက်များ ထည့်ချက်ထား၏။
ဒီညတော့ သူတို့ဘာသာသူတို့ ချက်စားစရာမလိုတော့ပါ။အဖေအားလုံး သက်မချလိုက်ကြ၏။
သူတို့ကိုယ်တိုင်ခူးဆွတ်ခဲ့ရသည့်ဟင်းသီးဟင်းရွက်များဖြစ်သဖြင့် ကလေးများလည်း အားပါးတရစားသောက်ကြသည်။
ညနေစာစားပြီးနောက် ဒီနေ့တစ်နေ့ကုန်သွားလေပြီ။
ပရိုဂရမ်အဖွဲ့မှဝန်ထမ်းက အဓိပ္ပာယ်ပါသောမျက်နှာအမူအယာဖြင့်
” အားလုံး ဒီညအတွက် အဆင်သင့်ဖြစ်နေပါပြီလားခင်ဗျာ။”
အဆင်သင့်ဖြစ်ပြီလားတဲ့။
ကျန်းခဲ့က အသံကျယ်ကျယ်ဖြင့်မေးလိုက်၏။
” ဘာလုပ်ရမှာလဲ။ ပရိုဂရမ်အဖွဲ့က ငါတို့ကို ဘာတွေမောင်းဦးမှာလဲ။”
ဝန်ထမ်းက ကပျာကယာ လက်ကာပြလိုက်ရင်း
” မောင်းတာမဟုတ်ပါဘူး။ ကောင်းတဲ့ကိစ္စတစ်ခုပါ။ တကယ်ကောင်းတဲ့ကိစ္စတစ်ခုပါ။
ကောင်းတဲ့ကိစ္စတဲ့။ ပရိုဂရမ်အဖွဲ့က ဘာလို့ ရုတ်တရက် အရမ်းကြင်နာတတ်သွားရတာလဲ။
ယွမ်ရိက ပြုံး၍ ဝန်ထမ်း၏ပခုံးကိုဖက်လိုက်ရင်း
” ငါ့ကိုကြိုပြောပြလို့ရမလား။”
ဝန်ထမ်းက ဘာမှပြန်မပြောဘဲရယ်လိုက်၏။ထို့နောက်
” အချိန်ကျရင် သိပါလိမ့်မယ်။”
ထို့နောက် သူတို့သရုပ်ဆောင်များ ကိုယ့်အိမ်ကိုယ် အသီးသီးပြန်သွားကြ၏။
ရှုရီယန်နှင့်ရှုဟောင်တို့ အိမ်ပြန်ရောက်ပြီးနောက် သားအဖနှစ်ယောက် စကားနည်းနည်းပြောကြသည်။
သူတို့သားအဖနှစ်ယောက်က သူတို့ချင်းစကားပြောဖို့ ညတိုင်း အချိန်တစ်ခုဖယ်ထားလေ့ရှိသည်။အခု ရှုရီယန်က ရှုဟောင်ကို ဒီနေ့အတွေ့အကြုံများအားပြောပြရန် စကားလမ်းကြောင်းချပေး၏။ထိုသို့ပြုလုပ်ပေးခြင်းဖြင့် ရှုဟောင်၏ ဘာသာစကား နှင့်အတွေးစွမ်းရည်တို့ကို တိုးတက်စေသည်။
ရှုဟောင်က ဒီနေ့ကြုံခဲ့ရသောအဖြစ်အပျက်များကို ပြန်လည်စဉ်းစားလိုက်၏။
” မနက်က သားတို့ နွားချေးတွေရှိတဲ့နေရာကို အတူသွားကြတယ်။
” အင်း။”
ရှုရီယန်က ထောက်ခံလိုက်၏။ ထို့နောက် စကားဆက်စေရန် ထပ်မေးလိုက်သည်။
” အဲ့ဒီနောက်တော့ကော။”
“နွားချေးပုံက အရမ်းနံတယ်။ နွားချေးပုံထဲ အစ်မတစ်ယောက် ပြုတ်ကျသွားတယ်။”
” နောက်တော့ကော။”
” နေ့ခင်းပိုင်းရောက်တော့ အဖေနဲ့သား ဟင်းရွက်တွေအတူခူးကြသည်။ ဟင်းရွက်တွေက အရမ်းအရသာရှိတယ်။”
ဘာပဲပြောပြော သူ့သားက အသက်သုံးနှစ်ခွဲသာရှိသေးသော်လည်း သူ၏ အဖြစ်ပျက်များကိုပြောပြနိုင်သောစွမ်းရည်က အတော်ပင်ကောင်းနေပြီဟု ဆိုရပေမည်။ရှုရီယန်၏သင်ကြားပေးမှုကြောင့်သာဖြစ်၏။
တော််သောအဖေကောင်းတစ်ယောက်မရှိဘဲ ရှုဟောင် ဒီလောက်မတိုးတက်လာနိုင်ပါ။
ရှုရီယန်က သူ့သားကို အဖြူရောင်ယုန်ပုံတော်ဖီတစ်ခု ဆုချလိုက်၏။
” မနက်ကျမှစား ညဘက်စားရင် သွားမခိုင်ဖြစ်လိမ့်မယ်။”
ရှုဟောင်ကလည်း နာခံစွာဖြင့် တော်ဖီကို ထောင့်တစ်ထောင့်တွင်ဖွက်လိုက်၏။သူ ဒီတော်ဖီကို မနက်ဖြန်မနက်ကျလျှင် စားလို့ရတော့မည်ပင်။
စကားပြောကြပြီးနောက် သားအဖနှစ်ယောက် ကိုယ်လက်သန့်စင်ကြ၏။
ကိုယ်လက်သန့်စင်ပြီးလျှင်တော့ အိပ်ရာဝင်ချိန်ရောက်ပြီဖြစ်သည်။
” ကောင်းသောညပါ သား။”
” ကောင်းသောညပါ ဒယ်ဒီ။”
သားအဖနှစ်ယောက် အပြန်အလှန်နှုတ်ဆက်ပြီးနောက် သူတို့မျက်လုံးများကိုမှိတ်၍ အိပ်စက်ရန်ပြင်ဆင်ကြတော့၏။
ထိုအချိန်တွင် တံခါးခေါက်သံသုံးချက်ကို ရုတ်တရက် ကြားလိုက်ရသည်။
အိပ်ပျော်နေပြီဖြစ်သောရှုဟောင်လည်း တံခါးခေါက်သံကြောင့် နိုးလာတော့၏။
သူက အိပ်ချင်မူးတူးဖြင့် သူ့မျက်လုံးများကိုပွတ်လိုက်ရင်း
” ဒယ်ဒီ….”
ရှုရီယန်က ထလိုက်ပြီး အပေါ်အင်္ကျီဝတ်လိုက်ကာ
” သားဆက်အိပ်နေ။ ဒယ်ဒီသွားဖွင့်လိုက်မယ်။”
ရှုရီယန်၏မျက်လုံးများက အေးစက်သွား၏။
ထိုမိန်းကလေးကို နေ့ခင်းကလာတုန်းက သူ့သဘောထားကို ရှင်းရှင်းလင်းလင်းပြသခဲ့ပြီးပြီဖြစ်သည်။အခု ဒီမိန်းကလေးက နည်းနည်းလွန်လာချေပြီ။ဒီလိုညဘက်ကြီးမှာတောင် တံခါးလာခေါက်နေသေးသည်။
ရှုရီယန်က သူ့နာရီကို ငုံ့ကြည့်လိုက်၏။ညဆယ်နာရီတစ်ဆယ့်ငါးမိနစ်ရှိနေလေပြီ။
ဒီအချိန်က ကလေးတွေအတွက်တော့ နောက်ကျနေပြီဖြစ်၏။အိပ်ရာဝင်ချိန် ရောက်နေပေပြီ။သို့သော် လူကြီးတွေအတွက်တော့ မနောက်ကျသေးပါ။
အခုရော hair dryer ထပ်လာငှားတာပဲလား။
ဒါမှမဟုတ် ဖုန်းအားသွင်းကြိုးလား။
ရှုရီယန် စိတ်မရှည်တော့ပါ။
လူသစ်လေးတွေက လူ့အဖွဲ့အစည်း၏ရိုင်းစိုင်းရက်စက်တတ်မှုများကို မသိသေးဘူး ဟု သူယူဆလိုက်၏။ မသိသေးဘူးဆိုမှတော့ လူ့အဖွဲ့စည်းရဲ့ရိုင်းစိုင်းရက်စက်တတ်မှုကဘာလဲဆိုတာ သူကိုယ်တိုင် သင်ကြားပေးရတော့ပေမည်။
အေးစက်သောမျက်နှာထားဖြင့် ရှုရီယန် တံခါးကိုဖွင့်လိုက်၏။သူ တစ်ခုခုပြောဖို့တောင် ပြင်ဆင်ထားပြီးနေပြီ။ သို့သော် တံခါးဝတွင်ရပ်နေသူကိုတွေ့လိုက်ရတော့ အလွန်အံ့အားသင့်သွားတော့၏။
*****
Aurora Novel Translation Team