Extra 11
ရှုရီယန် စိတ်မရှည်တော့ပါ။တံခါးလာခေါက်သူကိုမောင်းထုတ်ပစ်ရန်စဥ်းစားနေချိန်တွင် တံခါးဝ၌ရပ်နေသူကိုမြင်လိုက်ရတော့ နဂိုကပြောမည့်စကားလုံးများကို ပြောမထွက်တော့ပါ။
ရှုရီယန်ထင်ထားသလို ဝေဝေမဟုတ်။ သူ လုံးဝမထင်ထားသူတစ်ယောက် တံခါးဝတွင်ရပ်နေလေသည်။
ချောင်ဟွေ့…
ချောင်ဟွေ့က ဒီနေရာကိုရောက်နေ၏။
သူ(မ)က အနီရောင်စီးကွမ့်ဝတ်စုံကို ဝတ်ဆင်ထားသည်။ အပေါ်က ကုတ်အင်္ကျီ အကွက်စိတ်နှင့် လှပသောညှပ်ရိုးများကိုဖော်ပြထား၏။
ဆံပင်ပုံစံကတော့ အနည်းငယ်ကပိုကရိုနိုင်နေသည်။ပွဲတစ်ခုကပြန်လာခြင်းဖြစ်ပေမည်။မျက်နှာပေါ်ကမိတ်ကပ်များကိုတောင် မဖျက်ရသေးပေ။
ရှုရီယန် ဘာမှမပြောရသေးခင်မှာပင် ချောင်ဟွေ့က ရှုရီယန်၏ရင်ခွင်ထဲပြေးဝင်သွားပြီး သိုင်းဖက်လိုက်၏။ထို့နောက် ကြင်နာစွာဖြင့်
” မစ္စတာရှု။”
သူတို့မတွေ့ရသည်မှာ လေးရက်သာရှိသေး၏။သို့သော် လေးလလောက်ကြာသွားပြီဟု ထင်ရသည်။
သူ(မ)ကိုယ်သူ(မ) ရှုရီယန်၏ရင်ခွင်ထဲတွင် မြှုပ်နှံထားခဲ့သည်။
သူ(မ) ရှုရီယန်၏ရင်ခွင်ထဲပြေးဝင်သွားသည့်ပုံက ရှုဟောင်နှင့်တစ်ပုံစံတည်းပင်။
ရှုဟောင်နှင့်ရှုရီယန်က ချောင်ဟွေ့ကိုလုရသည့်ကိစ္စအတွင် ပြိုင်ဘက်များဖြစ်ကြသော်လည်း များသောအားဖြင့်တော့ ရှုဟောင်ရော ချောင်ဟွေ့ပါ ရှုရီယန်ကို အားကိုးချင်ကြသည်။ အမေရော သားရော ရင်ခွင်ထဲပြေးဝင်ကြပုံကတောင် ဆင်တူနေကြသည်။
” မစ္စတာရှု” ဟူသော စကားလုံးလေးလုံးက ရှုရီယန်၏နှလုံးအိမ်တစ်ခုလုံးတွင် ချက်ချင်းပြည့်နှက်သွားတော့၏။
သူကလည်း ချောင်ဟွေ့၏ ခါးသွယ်သွယ်လေးကို တင်းကျပ်စွာပြန်ဖက်ထားလိုက်ပြီး သူ့မျက်နှာတစ်ခြမ်းကို ချောင်ဟွေ့ခေါင်းပေါ် မီထားလိုက်၏။
လေးရက်တာခွဲခွာခဲ့ရသောအလွမ်းများကို ဖြေနေကြသည်။
ထိုအချိန်တွင် ရှုဟောင်က သူ့အိပ်ရာပေါ်မှဆင်းပြီး ပြေးလာ၏။သူ အိပ်ချင်မူးတူးဖြစ်နေတုန်းပင်။သူက သူ့မျက်လုံးများကို ပွတ်သပ်လိုက်ပြီး
” မာမီရောက်နေတာလား။”
အမေနှင့်သားဖြစ်၍ စိတ်ချင်းဆက်သွယ်မှုရှိသည်ထင်၏။ ချောင်ဟွေ့ တံခါးခေါက်သည့်အချိန်တွင် ရှုဟောင် အိပ်ပျော်စပြုနေချေပြီ။တစ်ဖက်သို့ပင်လှည့်အိပ်လိုက်ပြီး ဆက်အိပ်ပျော်တော့မည်ဖြစ်၏။ အခု ချောင်ဟွေ့ရောက်လာတော့ သူ ချက်ချင်းနိုးသွားခဲ့သည်။အခုဆိုလျှင် သူ့ခြေထောက်သေးလေးများဖြင့် ချောင်ဟွေ့ဆီ ပြေးလာနေလေပြီ။
ချောင်ဟွေ့က ရှုရီယန်၏ရင်ခွင်ထဲမှ ခေါင်းပြူထွက်၍
” သားလေး။”
ရှုဟောင်၏အိပ်ချင်စိတ်များ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
“မာမီ! မာမီရောက်လာတယ်!”
ပျော်ရွှင်နေသောဒီဘက်နှင့်မတူစွာ တခြားတစ်ဖက်မှာတော့ ဆူညံသံတွေထွက်ပေါ်နေလေတော့သည်။
***
သရုပ်ဆောင်များအား surprise လုပ်ရန်အတွက် ပရိုဂရမ်အဖွဲ့က သူတို့၏ဇနီးများ ဒီညရောက်လာကြမည်ဆိုသည်ကို ကြိုမပြောခဲ့။ ပြင်ဆင်ထားကြဖို့သာ ပြောခဲ့၏။
ကလေးများက အိပ်ရာစောစောဝင်တတ်သည်။ ညကိုးနာရီနောက်ပိုင်းဆိုလျှင် အိပ်ရာဝင်ကြပြီဖြစ်သည်။အစကတော့ သူတို့ ဒီထက်စောရောက်ရန် စီစဉ်ထားခြင်းဖြစ်၏။ သို့သော် လမ်းမှာကားပျက်သဖြင့် သူတို့ဇနီးများရောက်လာချိန်က ၄၅ မိနစ်ခန့် နောက်ကျသွားသည်။
ကံကောင်းစွာဖြင့် ည ၁၁ နာရီမထိုးခင် သူတို့ရောက်လာနိုင်ခြင်းဖြစ်သည်။
မဟုတ်ပါက သရုပ်ဆောင်များလည်း တစ်နေ့လုံးပင်ပန်းထားသည့်အတွက် ည ၁၁ နာရီလောက်ဆို အိပ်ပျော်သွားလောက်ချေပြီ။
ဆူညံနေတာကတော့ ယွမ်မိသားစုဖြစ်၏။
အဖြစ်အပျက်က အခုလိုပင်။
ဝန်ထမ်းက ညနေအတွက်ပြင်ဆင်ထားရန်ပြောကတည်းက ပရိုဂရမ်အဖွဲ့ တစ်ခုခုစီစဉ်ထားမှန်း ယွမ်ရိသဘောပေါက်ထား၏။
နောက်ထပ်တာဝန်အသစ်တစ်ခုအတွက် ညွှန်ကြားချက်စာထွက်လာလောက်သည်။
ဒါမှမဟုတ် surprise လေးတစ်ခုဖြစ်နိုင်၏။သူတို့ကိုခိုင်းဖို့မဟုတ်ဘူးဟု ဝန်ထမ်းက ပြောထားသည့်အတွက် ကောင်းသည့်ကိစ္စတစ်ခုသာဖြစ်နိုင်သည်။
ညဘက် သူ့သားကိုအိပ်ခိုင်းပြီးနောက် သူလည်း surprise ကိုစောင့်မနေတော့ဘဲ အိပ်ဖို့ပြင်တော့၏။
ထိုအချိန်တွင် တံခါးခေါက်သံကို ကြားလိုက်ရသည်။
သူ တံခါးကို ချက်ချင်းထဖွင့်လိုက်၏။
အစကတော့ ဝန်ထမ်းတစ်ယောက်လာခေါက်သည်ဟု ထင်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် တံခါးလာခေါက်သူက မနက်ကတွေ့ခဲသောအင်တာနက်ဆယ်လီထဲမှ တစ်ယောက်ဖြစ်သည့် ရှောင်ညိုဆိုသူပင်။
ရှောင်ညိုက ဝေဝေ့လောက် မလှပါ။ဝေဝေ့လောက်လည်း နာမည်မကြီးပါ။
Weibo တွင် ဝေဝေ၏ fan အရေအတွက်က ဆယ်သန်းကျော်သွားပြီဖြစ်သော်လည်း
ရှောင်ညိုကတော့ fan တစ်သန်းသာရှိ၏။ ထို fanများထဲတွင်လည်း သူ(မ)ပိုက်ဆံပေးဝယ်ထားသော zombie fan အရေအတွက်ပါ ပါဝင်၏။ သူ(မ)က အခုမှစဖြစ်လာသော အင်တာနက်ဆယ်လီတစ်ယောက်ဟုပြော၍ရသည်။
အင်တာနက်ဆယ်လီမလေးကိုမြင်တော့ ယွမ်ရိက ပြုံးပြလိုက်၏။ စိတ်ထဲတွင်လည်း သူကိုယ့်သူဆွဲဆောင်မှုရှိသည် ထင်သွားသည်။ ထို့နောက် သူကပင် စမေးလိုက်၏။
” ဘာကူညီပေးရမလဲ။”
ယွမ်ရိက အေးအေးဆေးဆေးသမားမဟုတ်မှန်း ရှောင်ညိုမြင်ပြီးပြီဖြစ်၏။နေ့ခင်းက ယွမ်ရန၏မျက်လုံးနှစ်လုံးစလုံးက ဝေဝေ့ခန္ဓာကိုယ်မှမခွာနိုင်ဖြစ်နေတာကို သူ(မ)မြင်ခဲ့သည်။ ကင်မရာများဝန်းရံ၍ live လွှင့်နေခြင်းသာမဟုတ်ပါက ယွမ်ရိတစ်ယောက် သူရဲကောင်းဝင်လုပ်၍ ဝေဝေ့ကိုလာကူပေးမှာကျိန်းသေသည်ဟု ရှောင်ညိုတွေးခဲ့မိသည်။
သို့သော် ဝေဝေဆိုသည်မှာလည်း နယ်နယ်ရရမဟုတ်ပါ။ fan ဆယ်သန်းကျော်ရှိသော အင်တာနက်ဆယ်လီအကြီးစားတစ်ယောက်ဖြစ်၏။ ဝေဝေလိုလူမျိုးက ယွမ်ရိကို စာရင်းထဲထည့်မည်မဟုတ်။
သို့သော် သူ(မ)ကတော့ ဝေဝေနှင့်မတူပါ။သူ(မ)က အခုမှ ဆယ်လီစဖြစ်တုန်းရှိသေးသည်။ယွမ်ရိကတော့ ဒီလောကထဲရောက်နေတာ နှစ်ပေါင်းများစွာရှိပြီဖြစ်၏။
ထို့ကြောင့် ယွမ်ရိကို သူ(မ)၏ပထမဆုံးပစ်မှတ်အနေနှင့် သတ်မှတ်လိုက်သည်။
မှန်ပါသည်။ သူ(မ)၏တွက်ကိန်းမမှားပါ။သူ(မ)တံခါးသွားခေါက်တော့ ယွမ်ရိက
မလိုလားဟန်တောင်မပြ။ ပြီတီတီအမူအယာနှင့်ပင် ကြိုဆိုနေသေး၏။
သူ(မ)က အပြစ်ကင်းစင်၍ ချစ်စရာကောင်းသောဟန်ဖြင့်
“ကျွန်မအခန်းက ရေပူပေးစက်ပျက်သွားလို့။ တစ်ချက်လောက် လိုက်ကြည့်ပေးပါလား။”
ထို့နောက် သူ(မ)ကထပ်ပြောလိုက်၏။
” အစ်ကို့အတွက်အဆင်မပြေရင်လည်း ရပါတယ်။ ဒီနေ့က အရမ်းအေးနေတာဆိုတော့ ရေနွေးမရှိရင် ကျွန်မ ရေတောင်ချိုးလို့မရလောက်ဘူး။”
ထိုစကားများကြားရတော့ ယွမ်ရိသဘောကျသွား၏။
ရှောင်ညိုအကူအညီလိုနေချိန်မှာ ယောက်ျားတစ်ယောက်အနေနှင့် သူ(မ)၏အခက်အခဲများကို လိုလိုလားလားကူညီပေးရမည်မဟုတ်ပါလား။ရှောင်ညိုဘာလို့ သူ(မ)သူငယ်ချင်းတွေဆီမသွားတာလဲ၊ အခြားလူတွေဆီ ဘာလို့မသွားတာလဲ ဆိုသော အသေးအဖွဲကိစ္စတွေကိုတော့ ယွမ်ရိမတွေးတော့ပါ။
သက်သက်သူ့ဆီလာပြီးအကူအညီတောင်းတာက သူကသာ အားကိုးချင်စရာ အကောင်းဆုံးဟု ထင်မှတ်သောကြောင့်ဖြစ်ပေလိမ့်မည်။
ယွမ်ရိက လိုလားတက်ကြွနေဟန်ဖြင့်
” အစ်ကိုနဲ့အတူ သွားကြည့်ကြမယ်လေ။”
ထိုသို့ကြားရတော့ ရှောင်ညိုက ကျေနပ်စွာပြုံးလိုက်ပြီး
” ကျေးဇူပါ။ အစ်ကိုက အရမ်းသဘောကောင်းတာပဲနော်။”
ယွမ်ရိက နားလည်စွာဖြင့် အဓိပ္ပါယ်ပါပါပြုံးလိုက်၏။
သူက ရှောင်ညိုနေထိုင်ရာနေရာကို လိုက်လာခဲ့သည်။
ရွာကမကြီးပါ။ ရွာတစ်ခွင်လုံးလျှောက်ဖို့ အချိန်တစ်နာရီခန့်သာကြာမြင့်၏။
သူတို့နေကြသောနေရာက သိပ်မဝေးတာကြောင့် ယွမ်ရိအိမ်မှ ရှောင်ညို၏အိမ်သို့ရောက်ရန် ငါးမိနစ်ခန့်သာကြာ၏။
ထို့ကြောင့် ခဏနေတော့ သူ ရှောင်ညို၏အိမ်သို့ ရောက်သွားတော့သည်။
ရှောင်ညိုက တစ်ယောက်ထဲတည်းနေတာဖြစ်သည်။ အိမ်အခြေအနေအပြင်အဆင်ကတော့ သူ့အိမ်ထက် အနည်းငယ်ကောင်း၏။
အိမ်ကိုရောက်တော့ ဟန်ဆောင်ပန်ဆောင်ဖြင့် ရေချိုးခန်းထဲ အရင်၀င်ကြည့်လိုက်သည်။
“ရေနွေးပိုက်က ပျက်နေတာပဲ။” ဟု ရေနွေးပိုက်ကိုဖွင့်ကြည့်ရင်း ပြောလိုက်၏။
အစကတော့ ရေအေးတွေပဲ ရေပန်းမှကျနေခြင်းဖြစ်သည်။ သို့သော် ခဏကြာတော့ ရေနွေးများကျလာ၏။
ရေနွးပိုက်က လုံးဝမပျက်ပါ။
အစပိုင်းက ရေနွေးမကျလာတာက ဆိုလာရေနွေးစက်ကိုသုံးထား၍ဖြစ်သည်။
ထိုကြောင့် ရေအေးများအရင်ကျပြီး ရေနွေးက နောက်မှလိုက်ကျခြင်းဖြစ်သည်။
*****
Aurora Novel Translation Team